အပိုင်း ၆၂
Viewers 16k

Chapter 62

အိမ်ပြန်ပြီးထမင်းစားပြီးပြီလား


ယောင်စစ် သူမခန္ဓာကိုယ်တွင်းတွင် မရင်းနှီးသော စွမ်းအင်များမြင့်တက်လာသည်ကိုခံစားရပြီး ဒေါသအဖြစ် အပြင်ဘက်သို့ပေါက်ကွဲထွက်လာသည်။ မိဘမဲ့တစ်ယောက်အနေဖြင့် သူမ အခြားသူများကြုံခဲ့ရသည်ထက် ပိုသောကိစ္စရပ်များစွာကို ကြုံခဲ့ရသဖြင့် သူမ၏ စိတ်ပိုင်းဆိုင်ရာက အတော်လေးသန်မာကာ ပူပင်ကြောင့်ကြမဲ့စွာနေတတ်သည်။ ဤတစ်ကြိမ်က သူမလူတစ်ယောက်ကို သတ်ပစ်ချင်သည်အထိ ခံစားရသော အကြိမ်ဖြစ်သည်။


အတွေးတစ်ချက်ဖြင့် သူမကိုယ်တွင်းမှ စွမ်းအင်များထွက်ပေါ်လာကာ မီးနံရံကိုနှစ်ဆပိုမိုကြီးမားလာစေသည်။ ၎င်း၏ အနီရောင်မီးပွားများက အပြာရောင်အဖြစ်ပြောင်းလဲသွားပြီး ခဏအကြာတွင် အပြာရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ် ပြေးတက်သွားသည်။


နဂါးကြီးက ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ယံကို မီးပင်လယ်အဖြစ်ပြောင်းလဲပစ်ကာ လူကြီးမင်းလုထံ တည့်တည့်ပြေးသွားခဲ့သည်။


"မီးနဂါး... SSSအဆင့်အစွမ်းထဲမှာ အဲ့အစွမ်းလုံးဝမရှိပါဘူး ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းဘယ်သူလဲ..."

လူကြီးမင်းလု မယုံကြည်နိုင်ဖြစ်နေဆဲဖြစ်သည်။ သူ သူမ၏မီးအစွမ်းက ထိုမျှအထိ တိုးတက်လာမည်ဟု လုံးဝမတွေးခဲ့ဖူးချေ။ နောက်သို့ အတုန်တုန်အရီရီဆုတ်သွားပြီး စိတ်ညှို့ခံထားရသော သွေးစုပ်ဖုတ်ကောင်များကို အော်လိုက်သည်။

"ရေအစွမ်းနဲ့သွေးစုပ်ဖုတ်ကောင်တွေ ဘယ်မလဲ... မြန်မြန်လာ တိုက်ခိုက်ကြစမ်း..."


ခဏချင်းပင် ရေအစွမ်းရှိသူသွေးစုပ်ဖုတ်ကောင်သုံးယောက်က ၎င်းတို့၏အစွမ်းများကို မီးနဂါးကြီးထံဦးတည်လိုက်သည်။ ကျယ်လောင်သောမြည်သံကြီးနှင့်အတူ အခြေစိုက်စခန်းတစ်ခုလုံးရေလွှမ်းသွားသော်လည်း မီးနဂါးကြီးက လူကြီးမင်းလုထံပြေးဝင်နေဆဲဖြစ်သည်။


"သူမကို မြန်မြန်တားကြစမ်း..."

သူ အကြောက်ကြောက်အလန့်လန့်အော်လိုက်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်၍ မီးနဂါးကြီးကသူ့ရှေ့တွင် ရောက်နေပြီဖြစ်သည်။ ရေများက ၎င်း၏တိုက်ခိုက်မှုကို အားပျော့သွားသော်လည်း ကြောက်မက်ဖွယ်အပူဓာတ်ကျန်ရှိနေဆဲဖြစ်သည်။


လူကြီးမင်းလု နောက်သို့ယိုင်ထွက်သွားပြီး အစောင့်လေးယောက်နောက်တွင် ပုန်းကွယ်ရင်း နာနာကျင်ကျင်အော်နေသည်။ မီးနဂါးကြီးက အောက်သို့နိမ့်ဆင်းကာ အစောင့်လေးယောက်ကို ဝါးမျိုလိုက်သည်။ ၎င်းသည် လူကြီးမင်းလုကို သေသည်အထိ မီးလောင်ခံရခြင်းမှကွယ်ပေးလိုက်သော်လည်း သူ၏အဝတ်အစားများအားလုံးက လောင်ကျွမ်းသွားပြီဖြစ်သည်။


ယောင်စစ် ရှေ့သို့ဖြေးဖြေးချင်းလျှောက်လာလိုက်သည်။ လက်တစ်ဖက်ရမ်းလိုက်ပြီး နောက်ထပ်မီးနဂါးထွက်ပေါ်လာပါ လူကြီးမင်းလုထံပြေးဝင်သွားပြန်သည်။


"မင်း.. မင်း.. မင်း မလာစမ်းနဲ့.."

လူကြီးမင်းလု သူ၏ မီးလောင်နေသော အဝတ်များကို ဖရိုဖရဲဆုပ်ကိုင်ကာ သူ၏ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်သည်။ နောက်ထပ်တစ်ကြိမ် နားကန်းလုမတတ်ဆူညံသော အချက်ပေးသံတစ်ခုထွက်ပေါ်လာပြန်သည်။

"သူမကိုမြန်မြန်တားကြစမ်း... မင်းတို့စမ်းသပ်ခံကောင်တွေ မြန်မြန်တားလိုက်ကြစမ်း..."


သွေးစုပ်ဖုတ်ကောင်များ၏ သွေးကြောများဖောင်းကြွလာပြီး သူတို့၏မျက်လုံးများက နာကျင်မှုကြောင့် ရဲရဲနီနေသည်။ ခဏချင်း သူတို့အားလုံး လူကြီးမင်းလု၏ပတ်ပတ်လည်တွင် လူသားတံတိုင်းကြီးနှယ်ဝန်းရံလိုက်ကြသည်။


ယောင်စစ် ထိုလူကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ထိုးချပစ်လိုက်ချင်လာသည်။ ထိုလူ့ရှေ့တွင် ကာကွယ်ပေးနေဟန်ပေါ်သော သွေးစုပ်ဖုတ်ကောင်များကိုကြည့်၍ သူမတစ်ကိုယ်လုံး ဒေါသမီးတို့တောက်လောင်လာလေသည်။ သူမကိုယ်တွင်းရှိ မီးတောက်တို့ ပွက်ပွက်ဆူလာကာ သူမကိုနစ်မြုပ်သွားစေသည်။ သဘာဝမကျစွာ ထိုစွမ်းအင်က ထပ်မံထွက်ပေါ်လာပြန်သည်။

"ဘေးကို ဖယ်ကြစမ်း..."


ရုတ်တရက် သူမ အခြေစိုက်စခန်းတစ်ခုလုံး ဖိအားတစ်ခုအောက်ကျရောက်သွားသည်ကို မရေမရာအာရုံခံလိုက်မိသည်။ ၎င်းက တစ်ချိန်တည်းတွင်း ရင်းနှီးနေဟန်ရှိသော်လည်း မရင်းနှီးနေဟန်လည်း ပေါ်နေသည်။ သွေးရောင်ရဲနေသော မျက်လုံးများ၊ နာကျင်နေသောအမူအယာများဖြင့် သွေးစုပ်ဖုတ်ကောင်များက ရုတ်တရက်ကြီး မေ့ကြောနှိပ်မိလိုက်ဟန်ဖြင့် ခံစားချက်မဲ့သည့်ပုံစံဖြစ်လာကာ ဒူးထောက်ကျသွားကြသည်။


"ဘာဖြစ်နေတာလဲ... မင်းဘာတွေလုပ်လိုက်တာလဲ..."

လူကြီးမင်းလု အတုံးအရုံးဒူးထောက်ကျနေကြသေူ သွေးစုပ်ဖုတ်ကောင်များကိုကြည့်၍ အနီးဆုံးတစ်ယောက်ဆီပြေးကာ လှုပ်လိုက်သည်။

"မြန်မြန်လေး သူမကိုတားလိုက်လေ မြန်မြန်လေး..."


သွေးစုပ်ဖုတ်ကောင်များက အမူအယာမဲ့စွာဆက်လက်ဒူးထောက်နေကြပြီး သူ၏စကားများကို ဂရုပင်မစိုက်ပေ။ လူကြီးမင်းလု မတ်တတ်ထကာ ပိုမိုရူးသွပ်လာဟန်ဖြင့် ထူးဆန်းသောအသံကို ထပ်မံဖွင့်လိုက်ပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ သွေးစုပ်ဖုတ်ကောင်များက အမူအယာမဲ့စွာ ရှိနေကြဆဲဖြစ်သည်။


ယောင်စစ် မီးနဂါးအစား အလင်းစွမ်းအင်ကိုသုံးကာ မိုးကြိုးပစ်သံကဲ့သို့သော မြည်သံကြီးဖြင့် လူကြီးမင်းလု၏ ညာဘက်လက်ကို ပစ်ချလိုက်သည်။ စူးရှရှအော်မြည်သံတစ်ခုက လေထုကိုထိုးခွင်းကာ ထွက်ပေါ်လာပြီး သူ၏မူလကဖြူစွတ်နေသော လက်ဖျားကို သွေးနှင့် အသားစတို့ စွန်းပေသွားစေလေသည်။


"ဒီပစ်ချက်က လော့ယင်းအတွက်..."

ယောင်စစ် သူမအစွမ်းကို သုံးနေရင်း ဖြေးဖြေးချင်း ရှေ့သို့လျှောက်လာသည်။ သူမနောက်ထပ်အစွမ်းတစ်ခုကိုပြောင်းသုံးလိုက်ကာ ထောင်ချီသောရေခဲချွန်များက ထိုလူဆီပြေးထွက်သွားပြန်သည်။


"ဒီတစ်ချက်က တူလေးကုအတွက်..."


ဤတစ်ကြိမ်တွင် သူမ မြေအစွမ်းကိုသုံးလိုက်သည်။


"ဒါက မြေအစွမ်းရှိ သွေးစုပ်ဖုတ်ကောင်တွေတိုင်းအတွက်..."


ဤတစ်ကြိမ်တွင် ရွှေအစွမ်းကိုသုံးလိုက်ပြန်သည်။


"ဒီအချက်က ရွှေအစွမ်းရှိ သွေးစုပ်ဖုတ်ကောင်တွေတိုင်းအတွက်..."


ဤတစ်ကြိမ်တွင်...


အစွမ်းအကုန်လုံးနီးပါးကို အသုံးပြုပြီးသွားသောအခါ ယောင်စစ် ထိုသူ့နားရောက်သွားပြီဖြစ်သည်။ သူမ သူမ၏အစွမ်းအပြည့်ကိုမသုံးခဲ့သဖြင့် ထိုလူအသက်ရှင်နေဆဲဖြစ်ကာ မူလက မောက်မာဝံ့ကြွားလှသောလူက ယခုတွင် သွေးတို့ရွှဲစိုကာ ညစ်ပတ်နေသော လူတစ်ယောက်ဖြစ်သွားခဲ့သည်။ သူ၏မျက်နှာတစ်ခြမ်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများရနေပြီး သွေးများကအဆက်မပြတ် ယိုစီးကျနေသည်။ သူသွေးစုပ်ဖုတ်ကောင်မဖြစ်သည်မှာ ကံဆိုးလွန်းလှပေသည်။


ထို့နောက် ယောင်စစ် ခြေထောက်မြှောက်လိုက်ကာ ထိုလူ၏ပေါင်ကြားတည့်တည့်ကို ကန်ထည့်လိုက်သည်။

"ဒီတစ်ချက်က ငါ့အတွက်...."


အား....


ထိုလူက ဘောလုံးတစ်လုံးလိုကွေးသွားကာ နာကျင်မှုကြောင့် ပင့်သက်ရှိုက်နေပြီး သူ့မျက်နှာ ဖြူဖျော့သွားသည်။


"အခုငါ့ကိုပြောလိုက်စမ်း... နင်လော့ယင်းကိုမဖမ်းခင်က ဖမ်းခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် ဘယ်မှာလဲ..."


"မင်း... ဘယ်တော့မှ... ရှာမတွေ့စေရဘူး..."


"ပိုင်ရိ..."

ယောင်စစ် သူမနောက်ရှိ လူကိုလှည့်ကြည့်လိုက်သည်။


"ဒီမှာပါ..."

ထိုအချိန်က ပိုင်ရိတစ်ယောက် ဘုမသိဘမသိဒူးထောက်နေခြင်းဖြစ်သည်။ သူမခေါ်လိုက်သောအခါတွင် မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်နှာတွင် ဘာဖြစ်နေလဲမသိဟန်ပင် ပေါ်နေသေးသည်။


"သူ့စိတ်ကို ဖတ်လိုက်..."

သူမ လူကြီးမင်းလုကို လက်ညှိုးထိုးပြလိုက်သည်။


"အာ.. အာ.. ဒါပေမယ့် ကျွန်တော့်အစွမ်းက မရ..."


"ဖတ်လိုက်..."


"ဟုတ်ကဲ့..."

ပိုင်ရိ သူ့အစွမ်းကို ချက်ချင်းအသက်သွင်းလိုက်သည်။


ခဏအကြာတွင် မျှော်လင့်ထားသည့်အတိုင်း လူကြီးမင်းလု၏ခေါင်းပေါ်တွင် စာလုံးများပေါ်လာသည်။


[လုဟန်ကျီတစ်ယောက် သူနှစ်ပေါင်းများစွာ ကြိုးစားလုပ်ဆောင်လာခဲ့သည့် အလုပ်များကို ကျုးကျော်သူလေးနှစ်ယောက်တည်းနဲ့ လာဖျက်ဆီးသွားမည်ဟု မထင်ထားခဲ့မိပေ။ ဒီအကျင့်မကောင်းတဲ့ သွေးစုပ်ဖုတ်ကောင်တွေက သူလုပ်နေတဲ့အလုပ်က ဘယ်လောက်တောင် မြင့်မြတ်လဲဆိုတာမသိပါဘူး။ အခုဖြစ်ပျက်နေတာတွေက ကြောက်ဖို့ကောင်းပေမယ့်လည်း သူ့လက်ထဲမှာ အထူးစွမ်းအင်နဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကျန်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် လုဟန်ကျီက စိတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ထားတာဆိုတော့ သူ့ရဲ့ အတွေးတွေကို ဖတ်လို့ရမှာမပါပါဘူး။ ဒါပေမယ့် သူကယောင်စစ်ရဲ့အစွမ်းကိုမှမသိတာ။ စာတန်းထိုးနတ်ဘုရားရဲ့ အကူအညီနဲ့ဆိုရင် ယောင်စစ်က ပထမထပ်က ဖောက်ထွင်းမြင်ရလုနီးနီးဖြစ်နေတဲ့ တံခါးနောက်က စွမ်းရည်ပျက်စီးခြင်းစက်ပေါ်မှာရှိနေတဲ့ ကုရှုချန်းကို ရှာတွေ့နိုင်မှာပါ။

စာကြွင်း : စာတန်းထိုးနတ်ဘုရားက လူကြီးမင်းလုကို သေတွင်းတူးဖို့ ကူညီပေးထားပါတယ်]


"ဟမ့်... အစွမ်းတွေဖြုန်းနေတာရပ်လိုက်စမ်းပါ မင်းတို့ရှာမတွေ့..."


"သူက ဖောက်ထွင်းမြင်နိုင်တဲ့အခန်းထဲမှာပဲ..."

လုဟန်ကျီ စကားမဆုံးမီ ယောင်စစ်က ဖောက်ထွင်းမြင်နေရသော သိုလှောင်ခန်းကို လက်ညှိုးထိုးပြလိုက်သည်။


"ဘာ... မင်း ဘယ်လိုလုပ်ပြီး..."


ယောင်စစ် လေအစွမ်းကို အသက်သွင်းလိုက်ပြီး ကျယ်လောင်သော ထုခွဲအသံနှင့်အတူ ဖန်တံခါးများကို ကွဲသွားစေပြီး မြေအောက်ခန်းငါးရှိ ဓာတ်ခွဲခန်းနှင့်တူသော အခန်းတစ်ခုကို ထွက်ပေါ်လာစေသည်။ တစ်ချိန်လုံး စမ်းသပ်ခံနေရသော ကုရှုချန်းက အခန်းအလယ်တွင် ချိတ်ဆွဲထားခြင်းခံရပြီး သူ၏တစ်ကိုယ်လုံးက သွေးများဖြင့် ဖုံးလွှမ်းနေသည်။


"ရှူချန်း.."

လော့ယင်း သူမ၏ဒဏ်ရာများကိုပင် သတိမရတော့ပဲ ကုရှုချန်းဆီ ပြေးလေတော့သည်။ ဒဏ်ရာကိုမမှုပဲ အားလုံးကိုကာကွယ်ရန် ရှေ့ကမားမားမားမတ်မတ်ရပ်နေခဲ့သော ကောင်မလေးက ယခုတွင် သူမျက်နှာပေါ်၍ မျက်ရည်စီးကြောင်းတို့ ကျဆင်းနေပြီဖြစ်သည်။ သူမရှေ့ရှိ အမျိုးသားကိုဖက်ရန် တုန်ရီနေသော လက်များကို ဆန့်တန်းလိုက်သော်လည်း ထိုလူနာကျင်သွားမည်ဆို၍ တုံ့ဆိုင်းသွားဟန်ပေါ်လေသည်။  သူမ သူ့ကို  ချည်နှောင်ထားသောပစ္စည်းများမှ လျှင်မြန်စွာဖယ်ထုတ်ပေးလိုက်ပြီးမှသာ အော်ခေါ်လိုက်တော့သည်။

"ရှုချန်း... ရှုချန်း..."


ကုရှုချန်းသည် သွေးများဖြင့် ရွှဲရွှဲစိုနေပြီး တစ်ချို့သွေးကွက်များက ခြောက်နေပြီဖြစ်ကာ ဒဏ်ရာများက သွေးတို့ ထွက်နေဆဲဖြစ်သည်။ သူ့ရင်ဘတ်ပေါ်တွင် ထင်ရှားလှသော အသားစကြီးတစ်ခုရှိနေပြီး သူ၏အရေပြားအရောင်နှင့်ပင် လုံးဝကွဲပြားနေပြီဖြစ်သည်။ လော့ယင်း  သူ့ဘေးတွင် အဆက်မပြတ်အော်ခေါ်နေခဲ့သော်လည်း ကုရှုချန်းသတိပြန်လည်လာရန် အချိန်အချို့ကြာခဲ့သေးသည်။


"ယင်း..."

သူတောင့်ခဲသွားကာ သူ့မျက်နှာတွင် စိုးရိမ်စိတ်တို့ ဖြတ်ပြေးသွားသည်။

"ဒီမှာဘာလုပ်နေတာလဲ.. မင်း..."


"စိတ်မပူပါနဲ့... အကုန်လုံး အဆင်ပြေသွားပါပြီ..."

ပိုင်ရိ ရှင်းပြလိုက်သည်။ သူ ယောင်စစ်ကို စိတ်ရှုပ်ထွေးနေဟန်ကြည့်ကာ ပြောလိုက်သည်။

"ဥက္ကဋ္ဌက ငါတို့ကိုကယ်လိုက်တာပါ..."


"ဥက္က.."

ကုရှုချန်း ယောင်စစ်ထံ အကြည့်ရောက်သွားသောအခါ သူ၏မျက်လုံးများ ပြူးကျယ်လာသည်။

"သခင်... နေပါဦး.. ဘယ်အချိန်ရှိပြီလဲ... "

သူ အတွေးထဲနစ်မြုပ်သွားဟန်ပေါ်ကာ ဆက်ပြောလာသည်။

"အိမ်ပြန်ပြီး ထမင်းစားပြီးပြီလား..."


လော့ယင်း "..."


ပိုင်ရိ "..."


ယောင်စစ် "..."


နင်မှတ်မိမယ်ထင်သားပဲ... တကယ်ကို အမှတ်ပြည့် တာဝန်သိတဲ့ တူလေးပဲ..