အပိုင်း ၆၃
Viewers 16k

Chapter 63

Euphoria (ဝမ်းသာပီတိ)

"နေဦး.."

လုဟန်ကျီ ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်သည်။

"မင်းတို့သူ့ကိုခေါ်သွားလို့မရဘူး... သူက တစ်ဦးတည်းသော အနာဂတ်ကိုကြိုတင်သိရှိနိုင်တဲ့ အစွမ်းရှိတဲ့သူပဲ... သူကဘယ်လောက်အဖိုးတန်တဲ့ နမူနာလည်းဆိုတာကို မင်းတို့မသိပါဘူး..."


"ယီးကို နမူနာပစ္စည်းပါလားကွ..."

ပိုင်ရိ ပေါက်ကွဲသွားသည်။

"သူတို့ကို စမ်းသပ်မှုလုပ်ဖို့ မင်းကို ဘယ်သူကခွင့်ပြုထားလို့လဲ..."


"မင်းဘာသိလို့လဲ.."

သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာပြီး အော်ဟစ် လာသည်။

"အောင်မြင်မှုမလာခင် စွန့်လွှတ်မှုဆိုတာ အရင်လာတယ်ကွ... မင်းတို့ သွေးစုပ်ဖုတ်ကောင်တွေ စကြဝဠာကိုအုပ်ချုပ်တာ အတော်ကြာနေခဲ့ပြီ... အခြားမျိုးနွယ်စုတွေ အိုမင်းပြီးသေဆုံးနေတဲ့အချိန် ဖျားနာပြီးသေဆုံးနေတဲ့အချိန် မင်းတို့မျိုးနွယ်ကို ဘယ်သူက မသေမျိုးဖြစ်နေခိုင်းလို့လဲ... ငါ့ရဲ့ သုတေသနက မျိုးနွယ်စုတိုင်းအတွက် အကျိုးရှိတာ... ငါတို့ မင်းတို့မျိုးနွယ်စုရဲ့ မသေနိုင်စွမ်းရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ရင် ကျန်တဲ့မျိုးနွယ်စုတွေအကုန်လုံးလည်း ထာဝရအသက်ရှင်သွားကြတော့မှာကွ..."


"ဒါက ခင်ဗျား ကျုပ်တို့မျိုးနွယ်တွေကို ပြန်ပေးဆွဲရတဲ့ အကြောင်းပြချက်ပေါ့လေ..."

ပိုင်ရိ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မေးလိုက်သည်။


"အဲ့တာဘာများမှားလို့လဲ... ရှိသမျှမျိုးနွယ်စုတွေအားလုံး မသေမျိုးဖြစ်သွားရင် စကြဝဠာကြီးထဲမှာ နောက်ထပ်စွန့်လွှတ်ရမယ့်အရာတွေ ရှိတော့မှာမပါဘူး..."

သူ အဆက်မပြတ်တုန်ရီလာကာ သူ၏ဒဏ်ရာများကိုပင် မေ့သွားပုံ ပေါ်နေသည်။

"စွန့်လွှတ်ရမယ့်အရာတွေ မရှိတော့ရင် စစ်ပွဲတွေဆိုတာလည်း ရှိလာတော့မှာမဟုတ်ဘူး... အဲ့လိုဆိုရင် စကြဝဠာတစ်ခုလုံးလည်း ဝမ်းသာပီတိဖြစ်ရတဲ့ အခြေအနေရောက်သွားမှာပဲ.. ဒါငါတို့ရဲ့ အန္တိမပန်းတိုင်ပဲ..."


"ကျုပ်တို့မျိုးနွယ်ကလူတွေကို စမ်းသပ်ပစ္စည်းတွေအဖြစ်သုံးပြီး ဝမ်းသာပီတိဖြစ်ကြမယ်... နောက်နေတာမလား..."

ပိုင်ရိ အော်ပြောလိုက်သည်။

"ဒါတွေကို အနီရောင်ဂြိုလ်ကသိသွားတာနဲ့ ဖြစ်မယ့် အကျိုးဆက်ကို ထည့်မတွေးတော့ဘူးလား..."


"သူတို့ဘာများ လုပ်နိုင်မှာ မလို့လဲ...'

သူ နှာမှုတ်လိုက်ပြီး သူ၏အကြည့်များက တည်ငြိမ်နေကာ နောင်တရဟန်ပင်မရှိပေ။

"စကြဝဠာတစ်ခုလုံးရဲ့ အကျိုးအတွက်၊ မျိုးနွယ်စုတိုင်းရဲ့ အနာဂတ်အတွက် ငါ့အသက်အပါအဝင် ငါ့မှာရှိသမျှ အရာအားလုံးကို စွန့်လွှတ်ဖို့ ပြင်ဆင်ပြီးသားပဲ... မင်းတို့သွေးစုပ်ဖုတ်ကောင်တွေဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့ မျိုးနွယ်ပဲလေ... မသေမျိုးတွေဖြစ်ကြပေမယ့် မသေမျိုးဖြစ်နိုင်တဲ့ လျှို့ဝှက်ချက်ကို အခြားမျိုးနွယ်တွေဆီ မဝေမျှချင်ကြဘူး... မင်းတို့မှာ စကြဝဠာထဲက ပဋိပက္ခတွေကို တားဆီးနိုင်စွမ်းရှိကြပေမယ့် အမြဲတမ်းဘေးထွက်ပြီးပဲနေနေကြပြီး ဘာအကူအညီမှမပေးခဲ့ဘူး... နှစ်ပေါင်းများစွာ မျိုးနွယ်စုမျိုးစုံက စစ်ပွဲတွေဆင်နွှဲနေခဲ့ကြပြီး မဟာမိတ်အဖွဲ့က ပြိုကွဲသွားလိုက် ပြန်စည်းလုံးသွားလိုက်ဖြစ်နေခဲ့ကြတာ... လူတွေ ဘယ်လောက်တောင်သေကြေပျက်ဆီးခဲ့ကြလဲ... အဲ့အချိန်တွေမှာ မင်းတို့ ကြားဝင်ဖျန်ဖြေပေးဖို့တောင် တွေးဖူးကြလား... မင်းတို့လုပ်သမျှက ဘာမှမသိသလို ထိုင်ကြည့်နေကြတာပဲရှိတာ... ငါက ဘာကိစ္စမင်းတို့မျိုးနွယ်ကို စမ်းသပ်နမူနာပစ္စည်းတွေအဖြစ် အသုံးမချရမှာလဲ... မင်းတို့က ငါတို့ကိုအကြွေးတင်နေတာ... စကြဝဠာတစ်ခုလုံးကို အကြွေးတင်နေတာလေ..."


"ယီးပဲ..." 

ယောင်စစ် ထိုလူကို ကန်ထည့်လိုက်သည်။

"နင့်ရဲ့ ရွံစရာကောင်းတဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်နေတာကနေ ရပ်လိုက်စမ်းပါ... နောက်ဆုံးတော့ နင်က ငါတို့ကို မနာလိုဖြစ်ပြီး သေရမှာကြောက်နေတာပဲ.." 

သူမ မဲ့ပြုံးပြုံးလိုက်သည်။

"အခြားမျိုးနွယ်စုတွေ သေလမ်းရှာကြတာ ငါတို့သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဘာဆိုင်လဲ... မျိုးနွယ်စုတွေက သူတို့လောဘနဲ့သူတို့ အချင်းချင်းတိုက်ခိုက်နေကြတာလေ... ငါတို့ကို ဘာကိစ္စဆွဲထည့်နေရတာလဲ... သွေးစုပ်ဖုတ်ကောင်တွေက နင့်မိဘတွေမလို့လား... ငါတို့က ဘာကိစ္စ စိုးရိမ်တကြီးနဲ့ နင်တို့ကို စောင့်ရှောင့်ပေးနေရမှာလဲ... နင်တို့မျိုးနွယ်ကရော သွေးစုပ်ဖုတ်ကောင်တွေအတွက် ဘာများလုပ်ပေးလို့လဲ... လုဟန်ကျီ နင့်ရဲ့အကြောင်းပြချက်တွေကို နင့်ဘာသာနင်ထိန်းစမ်းပါ... အခြားမျိုးနွယ်တွေကို ဆွဲထည့်မနေစမ်းပါနဲ့..."


"နင်ပြောတာမှန်တယ် သွေးစုပ်ဖုတ်ကောင်တွေက မသေမျိုးတွေ... ဒါငါတို့မျိုးနွယ်ရဲ့ အင်အားလေ လူတိုင်းနဲ့ သက်ဆိုင်လို့လား... ငါတို့ကို မဝေမျှလို့ အပြစ်တင်ရအောင် နင်ကဘာလဲ... နင့်ကိုယ်နင် ကိုယ်ကျိုးမဖက်တဲ့ ဘုန်းကြီးတစ်ပါးလိုပြောနေတော့တာပဲ... နင့်ကိုယ်နင် အဲ့လောက် မေတ္တာတရားကြီးမားနေတယ်ထင်ရင် ဘာလို့ ဒီလောက်ကြီးတဲ့ သုတေသနအခြေစိုက်စခန်းကြီးဆောက်ထားသေးလဲ... ဘာလို့ နင့်ပိုက်ဆံတွေကို အခြားအခြေအနေဆိုးနေတဲ့ မျိုးနွယ်စုတွေကို လှူမပေးလိုက်ရတာလဲ..."


"နင့်ရဲ့ လော့ဂျစ်အရဆိုရင် စကြဝဠာထဲကို မဝင်လာသေးတဲ့ အခြားမျိုးနွယ်စုတွေလဲရှိတယ်လေ.. အဲ့တာကရော သူတို့အမှားလား... ကြည့်စမ်းပါဦး ကြည့်စမ်းပါဦး.. နင့်ရဲ့အစွမ်းနဲ့ အရင်းအမြစ်တွေကို မဝေမျှပေးဘူးပဲ... နင်ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်လိုက်လဲ..."


"ပါးစပ်ပိတ်... ပါးစပ်ပိတ်စမ်း..."

လုဟန်ကျီ အော်ဟစ်လိုက်ပြီး သူ၏ ရည်ရွယ်ချက်အစစ်အမှန်များ ထွက်ပေါ်လာသဖြင့် ဒေါသပုန်ထလာတော့သည်။

"အဲ့လိုမဟုတ်ဘူး... အဲ့လိုမဟုတ်ဘူးလို့..."


"တော်လောက်ပြီ... နင်က အခြားလူတွေရဲ့ အောင်မြင်မှုကို မနာလိုမပျော်မရွှင်ဖြစ်နေတာပဲ.."

ယောင်စစ် ရက်ရက်စက်စက် ဆက်ပြောလိုက်သည်။

"နင်က သကြားလုံးမရတဲ့ ကလေးတစ်ယောက်သာသာပဲရှိတာ... လုဟန်ကျီ နင်က သူရဲကောင်းမဟုတ်ဘူး.. ဘယ်သူရဲကောင်းက သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ သုတေသီတွေကို စတေးလို့တုန်း... အဆုံးမှာတော့ နင်က နင့်ရဲ့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်တဲ့လောဘနဲ့ ရွံစရာကောင်းတဲ့ ဆန္ဒတွေအတွက် အခြားသူတွေကို စတေးနေတဲ့ လူတစ်ယောက်သပ်သပ်ပဲ..."


"အမှိုက်မ..."

ထိုလူ စိတ်လွတ်သွားကာ သူမကိုထိုးနှက်ချင်နေသော်လည်း မထိုးနှက်နိုင်၍ ပို၍စိတ်တိုလာဟန် ပေါ်နေသည်။

"အလိမ်အညာတွေ... ဒါတွေအားလုံးက အလိမ်အညာတွေ.. မင်းကဘယ်သူလဲ... ငါ့လုပ်ရပ်တွေကို ဝေဖန်ရဲရအောင် မင်းကဘယ်သူမလို့လဲ..."


"ငါဘယ်သူလဲ..."

ယောင်စစ် ထိုလူကို တည့်တည့်စိုက် ကြည့်လိုက်သည်။

"ငါ့လူတွေကို အနိုင်ကျင့်ပြီး ငါဘယ်သူလဲလို့ မေးရဲတယ်လား... နားထောင်စမ်း..."

သူမ အသက်ပြင်းပြင်းရှူပြီး စကားတစ်လုံးဆီ ပီပီသသပြောလိုက်သည်။

"ငါက အနီရောင်ဂြိုလ်ရဲ့ အရှင်သခင်ရဲ့မျိုးဆက် ပဉ္စမမြောက်မျိုးဆက်သွေးစုပ်ဖုတ်ကောင် ယောင်စစ်ပဲ.. နင်ပဲဖြစ်ဖြစ် နင့်မျိုးနွယ်ပဲဖြစ်ဖြစ် သွေးစုပ်ဖုတ်ကောင်တွေက ဒီနေရာမှာဖြစ်ပျက်ခဲ့တဲ့ အရာတိုင်းကို ရှင်းလင်းပစ်စေရမယ်...."


"ပဉ္စမမြောက်မျိုးဆက်... မဖြစ်..မဖြစ်နိုင်ဘူး... ပဉ္စမမြောက်မျိုးဆက် သွေးစုပ်ဖုတ်ကောင်ဆိုတာ ရှိမှမရှိတော့တာ..."

သူ၏မျက်လုံးများ ပြူးကျယ်လာကာ သူ၏အပြုအမူများကလည်း အရူးတစ်ယောက်နှင့် တူညီလုနီးပါး ရူးသွပ်နေသည်။

"မဟုတ်ဘူး... မင်းကမဖြစ်နိုင်ဘူး... ငါ ဒါကို မျိုးနွယ်စုတိုင်းအတွက် လုပ်ပေးနေတာ.. ငါ စကြဝဠာတစ်ခုလုံးအတွက် လုပ်ပေးနေတာ... တစ်နေ့ အနာဂတ်မှာ စကြဝဠာတစ်ခုလုံး ဝမ်းသာပီတိဖြစ်တဲ့ အခြေအနေကို ရောက်လာမှာ.. အဖွဲ့အစည်းရဲ့ အစီအစဉ်က ဘယ်တော့မှမမှားဘူး..."


"အဖွဲ့အစည်း ..."

ယောင်စစ် အံ့ဩသွားကာ သူ၏ကော်လာကို ဆောင့်ဆွဲလိုက်သည်။

"နင်ဘာပြောတာလဲ... ဘာအဖွဲ့အစည်းလဲ..."


သူ၏အမူအယာက ပိုမိုဂယောင်ချောက်ခြားဖြစ်လာသည်။ သူရူးသွပ်သွားဟန်တူကာ အားပါးတရရယ်မောလိုက်သည်။

"ဟားဟားဟားဟားဟား.... ဒီသုတေသနအခြေစိုက်စခန်းက အရာအားလုံးလို့ထင်နေတာလား.. သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကို မျက်စိကျနေတာ ငါတစ်ယောက်တည်းမဟုတ်ဘူး..."


"သူတို့ကဘယ်သူတွေလဲ... နင်ပြောနေတာ ဘာအဖွဲ့အစည်းလဲ..."


"Euphoria က နောက်ဆုံးကျရင် အခြေကျသွားပြီး စကြဝဠာတစ်ခုလုံး ပြန်လည်မွေးဖွားလာတော့မှာ...  ဟားဟားဟား..."


"ပိုင်ရိ နင့်အစွမ်းသုံးလိုက်..."


သူဘာမှမပြောမှတော့... သူမကိုယ်တိုင်ပဲ ကြည့်ရတော့မှာပေါ့


"အာ...အိုး..."

ပိုင်ရိ ကြောင်တက်တက်နှင့် ပြန်ဖြေလာသည်။ သူ၏အစွမ်းကို ဆင့်ခေါ်ခါနီးတွင် သူ၏ သူငယ်အိမ် ကျုံ့ဝင်သွားကာ ယောင်စစ်ကို နောက်သို့ဆွဲလိုက်သည်။

"သတိထား..."


ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လုဟန်ကျီ သူ့ခန္ဓာကိုယ်တွင်ချည်ထားသော အသေခံဗုံးကို ဖောက်ခွဲကာ သူ့ကိုယ်သူ အစိတ်စိတ်အမြွှာမြွှာပေါက်ကွဲသွားစေသည်။


သူမသေမီ သူ့အပေါ်တွင် [Euphoria] ဟူသော စာလုံး ပေါ်ထွက်လာသည်။


Euphoria... အဲ့တာ အဖွဲ့အစည်းဆိုတာရဲ့ နာမည်မလား...


ယောင်စစ်နှလုံးသား ဆောင့်ခုန်သွားကာ သူမစိတ်ထဲရှိ ထူးဆန်းသော ခံစားချက်က အနည်ထိုင်သွားသည်။