အပိုင်း ၆၄
Viewers 15k

Chapter 64

သွေးမျိုးဆက်ဖိနှိပ်မှု


"ဥက္ကဋ္ဌ အဆင်ပြေရဲ့လား.."

ပိုင်ရိသူမကိုကြည့်လိုက်ပြီး သူမအဆင်ပြေဟန်မြင်မှ သက်ပြင်းချလိုက်တော့သည်။

"ဟားဟားဟားဟား... ကျွန်တော်ဖြင့် ဥက္ကဋ္ဌသရုပ်ဆောင်ဒီလောက်ကောင်းမယ်မထင်ဘူး.. တော်တော်လေးကိုမိုက်တာပါ... အမှတ်တစ်ရာမှာ တစ်ရာ့တစ်မှတ်ပေးလိုက်မယ်... တစ်မှတ်က ကြွားလုံးထုတ်တာ မိုက်လွန်းလို့လေ..."

သူ သူမ၏ ပခုံးကို  ပေါ့ပေါ့ပါးပါး ပုတ်ပေးလိုက်သည်။

"ခင်ဗျား လူယုတ်မာလုကို ကြောက်သွားအောင် လုံးဝခြောက်လှန့်နိုင်လိုက်တာပဲ... တကယ့်ကိုမဆိုးဘူး .. ကျွန်တော်တောင်ယုံမိမလိုဖြစ်သွားသေးတာပါ ဥက္ကဋ္ဌ ရယ်..."


"ပိုင်ရိ.."

ကုရှုချန်း ကြိုးစားပန်းစားမတ်တတ်ရပ်လိုက်ပြီး သတိပေးလိုက်သည်။

"စကားပြောတာ ကြည့်ပြောစမ်း..."


"ငါဘာလုပ်မိလို့လဲ..."


တူလေးကုက သူ့ကိုလျစ်လျူရှုကာ ယောင်စစ်ဘက် လှည့်လာသည်။

"ကျေးဇူးတင်ပါတယ်... သခင်မလေး..."


"ရပါတယ်... ဘာမှကိုမဟုတ်ပါဘူး..."

ယောင်စစ် သူ့ကို သေသေချချာကြည့်လိုက်သည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် လော့ယင်းသူ့ကို အောက်ချပေးလိုက်ချိန်မှစ၍ အလိုအလျောက်ကုသနိုင်စွမ်း စတင်အလုပ်လုပ်လာလေသည်။ အစက သူ၏ အလိုအလျောက်ကုသနိုင်စွမ်းက ဆေးအချို့ကြောင့် နှောင့်နှေးနေရခြင်းဖြစ်ရပေမည်။


"ဟေး ဟေး ဟေး... သရုပ်ဆောင်မနေပါနဲ့တော့.."

ပိုင်ရိ သူတို့နှစ်ယောက်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

"သူမက လူယုတ်မာလုကို ညာနေတာမဟုတ်ဘူးလား... ရှုချန်း မင်းကဘာလို့သူ့ကို သခင်မလေးလို့ ခေါ်နေရတာလဲ..."


ကုရှုချန်း သူ့ကို လျစ်လျူရှုလိုက်ပြီး ယောင်စစ် ကိုသာ ဆက်ကြည့်နေလိုက်သည်။

"သခင်မလေး... သူတို့ကဘာလို့.."

သူ ဒူးထောက်နေဆဲဖြစ်သော ထိန်းချုပ်ခံထားရသည့် သွေးစုပ်ဖုတ်ကောင်များကို လက်ညှိုးညွှန်ပြလိုက်သည်။


"ငါလည်း မသိဘူး.."

ယောင်စစ် စိတ်ရှုပ်နေသေ မျက်နှာဖြင့် ခေါင်းခါလိုက်သည်။

"ငါ... ငါဒေါသထွက်နေတုန်းဖြစ်သွားတာပဲ..."

သူမ သူမကိုယ်တွင်းမှထွက်ပေါ်လာသော မရင်းနှီးလှသည့် အင်အားကို စဉ်းစားမိလိုက်သည်။


"အဲ့တာ... သခင်မလေးရဲ့ သွေးမျိုးဆက်ဖိနှိပ်မှုနေမှာ..."

လော့ယင်း၏ မျက်လုံးများတောက်ပလာကာညင်သာစွာရှင်းပြလိုက်သည်။ သူမ၏ မျက်လုံးများတွင် ထိုင်ရှိခိုးမတတ် ကိုးကွယ်လိုသော အမူအယာဖြစ်နေပြီး အကြီးအကဲများလုပ်တတ်သည့် အမူအယာနှင့် တစ်ထပ်တည်းတူညီနေသည်။  

"သခင်မလေးရဲ့ ဖိနှိပ်မှုကို... ကျွန်မ... ကျွန်မ ခံစားမိလိုက်တယ်..."


သွေးမျိုးဆက် ဖိနှိပ်မှုသည် ၎င်းတို့၏ သွေးမျိုးဆက်မှလာသော သူ့အလိုလိုဖြစ်တည်လာသည့် စွမ်းအင်တစ်ခုဖြစ်ကာ သွေးစုပ်ဖုတ်ကောင်များ မခုခံနိုင်သည့် အရာမျိုးဖြစ်သည်။


"နပေါဦး..."

ခဏအကြာတွင် ပိုင်ရိ သူတွေးမိသည့်အရာကြောင့် တုန်ရီသွားလေသည်။ သူ၏ ခြေထောက်များက မယုံကြည်နိုင်မှုကြောင့် အားနည်းသလိုဖြစ်သွားကာ ယောင်စစ်အနားမှ အတုန်တုန်အယင်ယင် နောက်ဆုတ်သွားသည်မှာ သူမကသရဲတစ်ကောင်အလားပင်။

"အဲ့ဒီ့ ကြောက်စရာကောင်းတဲ့ ဖိနှိပ်မှုကြီးက မင်းရဲ့သွေးမျိုးဆက် ဖိနှိပ်မှုလား... မင်းထုတ်လွှတ်လိုက်တာ.. မင်းကတကယ်ကြီး.."


"ညာပြောတာလေ..."

ယောင်စစ် သူ၏ နှောင့်နှေးနေသော တုန့်ပြန်မှုကြောင့် မျက်စံသာလှန်လိုက်ပြီး လော့ယင်းဘက်လှည့်လိုက်သည်။

"ညီမလေးလော့ယင်း... နင်ပြောသလိုဆို သွေးမျိုးဆက်ဖိနှိပ်မှုက လူယုတ်မာကောင်လုရဲ့ သူတို့အပေါ်လွှမ်းမိုးမှုကို ဖယ်ထုတ်နိုင်တယ်ဆိုတော့ ... သူတို့ကို နှိုးလို့ကော ရလောက်လား.."


"ရ.. ရပါတယ်.."

လော့ယင်း အဆက်မပြတ်ခေါင်းငြိမ့်လိုက်ပြီး သူမမျက်နှာပင် သွေးရောင်ရဲလာသည်။ ထို့နောက် သူမဆက်ပြောလာသည်။

"လုပ်နိုင်တာပေါ့.. သခင်မလေးဆိုရင် လုပ်နိုင်တယ်... သူတို့က အရမ်းကိုမတန်တဆကြီးမားလှတဲ့ နာကျင်မှုတွေကြောင့် သူတို့ရဲ့ စိတ်နှလုံးကို ပိတ်လိုက်ကြတာ... အခု သခင်မလေးက သူတို့ကို နိုးထလာဖို့ သင်ပေးရမှာ..."


"ကောင်းပြီလေ ကြိုးစားကြည့်တာပေါ့..."


ယောင်စစ် ထိုအစွမ်းကို ခဏမျှအာရုံခံလိုကိပြီး အမှန်တကယ်ပင် ထိုရင်းနှီးနေသော အားတစ်ခုက အပြင်သို့ထွက်လာသည်။ ၎င်းက သူမအခြားသူများ၏အစွမ်းနှင့်တွေ့၍ သူမ၏အစွမ်း အသက်ဝင်လာသည့် ခံစားချက်နှင့်မတူသော်လည်း အတော်လေး ရင်းနှီးကျွမ်းဝင်သလို ခံစားရသည်။ ထို့နောက် သူမ ကမ္ဘာမြေပေါ်တွင် အိပ်မပျော်သွားမီက ဆံပင်အဝါနှင့်အနက်လူနှစ်ယောက်ကြားရှိ တိုက်ပွဲတွင် ခံစားမိခဲ့သည့် ခံစားချက်နှင့် တူညီကြောင်း သိလိုက်ရသည်။ ယခု သူမခံစားမိသည့်အရာသည်တော့ သူမ၏ သွေးမျိုးဆက် ဖိနှိပ်မှုသာဖြစ်ပေသည်။


သူမ ခန္ဓာကိုယ်အတွင်းရှိ ထိုအင်အားကိုထုတ်လွှတ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်းပင် ထိုစွမ်းအင်က အခြေစိုက်စခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ယခုလက်ရှိ သူမဘေးပတ်ပတ်လည်မှ သွေးစုပ်ဖုတ်ကောင်များအားလုံး ဒူးထောက်ကျသွားပြီး ကုရှုချန်းနှင့် လော့ယင်းပင် အလိုအလျောက်ဒူးထောက်ကျသွားသည်။ စိတ်လွတ်နေဆဲဖြစ်သော ပိုင်ရိတစ်တစ်ယောက်သာ မိုးတိုးမတ်တတ်ကျန်နေခြင်းဖြစ်သည်။


သူ၏မျက်လုံးများ ပြူးကျယ်လာကာ သူမကို မယုံကြည့်နိုင်မှုကြောင့် ပါးစပ်အဟောင်းသားဖြင့်ကြည့်လာသည်။

"မင်း.. မင်းကတကယ်ကြီး... မင်းက..."

သူစကားမဆုံးလိုက်မီ မျက်ဆန်လန်သွားကာ မေ့လဲသွားလေသည်။


ကုရှုချန်း "..."


လော့ယင်း "..."


ယောင်စစ် "..."


သူမ သူ့ကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူမရှေ့ရှိ သွေးစုပ်ဖုတ်ကောင်များကိုကြည့်ကာ မျက်လုံးမှိတ်လိုက်ပြီး စိတ်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သူမစိတ်အတွင်းတွင် တစ်ယောက်ချင်းစီကို တိုက်ရိုက်အာရုံခံ၍ ရသဖြင့် သူမ သူတို့နှင့် ချိတ်ဆက်၍ စွမ်းအင်များ ပို့လွှတ်လိုက်သည်။ ၎င်းကအလွန် ဆန်းကျယ်လှသော ခံစားချက်ဖြစ်ပြီး လူတိုင်း၏ အတွေးများကို အတားအဆီးမရှိပဲ ပွင့်ပွင့်လင်းလင်းသိရှိနေနိုင်သည်။ သူမ လော့ယင်းပြောသလို သူတို့ကိုနှိုးလိုက်ရန် ကြံရွယ်လိုက်ချိန်တွင် ထိုသူတို့၏ အတွေးများထွက်ပေါ်လာကာ သူမ၏စိတ်ကို ဝါးမျိုသွားသည်။ 


မှတ်ဉာဏ်များတစ်ခုပြီးတစ်ခု သူမစိတ်အတွင်းတွင်ပေါ်လာပြီး သူမကိုယ်သူမ ထိုမှတ်ဉာဏ်တစ်ခုချင်းဆီတွင် ရှင်သန်နေသယောင် ခံစားလိုက်ရသည်။ ထိုခံစားမှုက ကြည်လင်ပြတ်သားနေကာ သူမကိုယ်တိုင်က သူမမြင်နေရသော သားကောင်၏ ခံစားချက်ကို ကိုယ်တိုင်တွေ့ကြုံခံစားနေသလို ဖြစ်နေသည်။ရေခဲကဲ့သို့အေးစက်သော ဓာတ်ခွဲခန်း၊ စွမ်းအင်များ ဖိနှိပ်ခံထားရသော ခံစားချက်၊ အလင်းပြန်နေသော ခွဲစိတ်ဓား၊ မရပ်တော့ဘူးထင်ရသည့် လျှံထွက်လာသော သွေးများနှင့် အဆိုးဆုံးအရာက သူမ၏ ကိုယ်အင်္ဂါများကို သူမခန္ဓာကိုယ်မှ ဖြတ်ထုတ်နေခြင်းဖြစ်သည်။


တစ်ကြိမ်ပြီးတစ်ကြိမ်... တစ်ကြိမ်ပြီးတစ်ကြိမ်


ဒဏ်ရာများ ပျောက်ကင်းသွားပါက ထပ်မံ ဖြတ်တောက်ခံရပြန်သည်။


အဆုံးမရှိတော့ဘူးဟုပင် ထင်နေသည်။


နာကျင်မှုများကပင် ထုံသွားခဲ့လေပြီ။


သူတို့သေချင်သော်လည်း သေ၍ရမနေပေ။


ဝမ်းနည်းမှု၊ စိတ်ဓာတ်ကျမှု၊ အကြောက်တရား၊ နာကျင်မှုနှင့် သေချင်စိတ်..


သူမ၏ အတွေးများက ထိုမကောင်းသော ခံစားချက်တို့ ဝါးမျိုခံလိုက်ရသည်။ အလွန်နာကျင်လွန်း၍ အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။ သူမ ထိုအချက်ပေးအသံများက အဘယ့်ကြောင့် သွေးစုပ်ဖုတ်ကောင်များထံ နာကျင်နာကျင်မှုများ ယူဆောင်လာရကြောင်း နားလည်လိုက်ပေသည်။ ထိုအသံက သွေးစုပ်ဖုတ်ကောင်များကို ခွဲစိတ်သည့်အချိန်တိုင်း ဖွင့်လေ့ရှိသော အသံဖြစ်နေ၍ဖြစ်သည်။


မှတ်ဉာဏ်များစွာက ဆက်လက်ပြသနေသော်လည်း ယောင်စစ် အံတင်းတင်းကြိတ်၍ ရပ်တန့်ရန် ကြိုးစားလိုက်သည်။ ထိုမှသာ သူမ စိတ်မလွတ်သွားမည်ဖြစ်သည်။


သူမ၏ သွေးမျိုးဆက်ဖိနှိပ်မှုကို အသုံးပြု၍ သူတို့၏စိတ်များကို ဤနေရာတွင် ဖြစ်ပျက်ခဲ့သော အရာအရာများအားလုံးကို မေ့ပစ်ရန်အမိန့်ပေးလိုက်သည်။ သူတို့ အဖမ်းခံရသည်ကိုသာ မှတ်မိပြီး ယင်းနောက်ပိုင်း အရာများကို မှတ်မိတော့မည်မဟုတ်ပေ။ ၎င်းက မခွဲစိတ်ခင် မေ့ဆေးပေးသည့် ပုံနှင့်တူနေသည်။ ထိုမှတ်ဉာဏ်များကို ဆက်မှတ်မိနေပါက ထိုသူများအားလုံး ရူးသွပ်သွားကြပေလိမ့်မည်။


မှတ်ဉာဏ်တွေဖျက်ပစ်လိုက်... အခုပဲ နိုးထကြတော့...


ထိုသို့ပြောပြီး မျက်လုံးပြန်ဖွင့်လိုက်သည်။ သူမကိုယ်သူမ ရေထဲကငါးတစ်ကောင်လို ခံစားလိုက်ရပြီး ချွေးများဖြင့် ရွှဲနစ်နေကာ အမောတကောဖြစ်နေသည်။


"သခင်မလေး..."

ကုရှုချန်းနှင့် လော့ယင်းတို့ သူမဆီ အလောတကြီးပြေးလာကြသည်။


"ငါအဆင်ပြေတယ်..."

ယောင်စစ် ပြောလိုက်ကာ အသက်ပြင်းပြင်းရှူပြီး ခပ်မြန်မြန် ပြန်လည်ကုသလိုက်သည်။


"သခင်မလေးက သွေးမျိုးဆက်ဖိနှိပ်ခြင်းကို ပထမဆုံးသုံးဖူးတာမလို့ ဖြစ်တာနေမှာပါ..."


"အိုး... ဘာဖြစ်တာလဲ..."


"ငါ..."


"ငါဘယ်မှာလဲ...."


သွေးစုပ်ဖုတ်ကောင်များ နိုးထလာကြကာ စိတ်ရှုပ်ထွေးနေကြသည်။


"ငါအဖမ်းခံလိုက်ရတာလား..."


"ဟုတ်သားပဲ စမ်းသပ်ချက်..."


"ဒါ အဲ့ဒီ့ သုတေသနအခြေစိုက်စခန်းပဲ..."


"မင်းဘယ်သူလဲ... ဒီ...အား.. ဒါက..."


"ငါတို့ အကယ်ခံလိုက်ရပြီလား..."


"အဆင်ပြေသွားပြီ... အရာအားလုံး အဆင်ပြေသွားပြီ..."


သူတို့အားလုံး ဒူးထောက်လျက်ဖြစ်နေကြသော်လည်း အသက်မဲ့နေသော မျက်လုံးများတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ လွှမ်းခြုံသွားကြသည်။ သူတို့အားလုံး ယောင်စစ်ကို ကြည့်လိုက်ကြကာ သူမ၏ ညွှန်ကြားချက်များကို စောင့်နေလိုက်ကြသည်။


"ဟိုင်း..."

ယောင်စစ် သွေးမျိုးဆက် ဖိနှိပ်ခြင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး လက်ဝေ့ယမ်းပြလိုက်သည်။

"ရှင်တို့အားလုံးနိုးလာလို့ ဝမ်းသာပါတယ်... ဒါပေမယ့် တစ်ယောက်ယောက်များ Euphoria အကြောင်းသိကြလား... အဲ့တာ ဘယ်လို အဖွဲ့အစည်းမျိုးလဲ..."


လူအုပ်ကြီးက အချင်းချင်း မျက်စပစ်လိုက်ကြပြီး အချို့က အတွေးထဲနစ်မြှုပ်သွားကာ တုံ့ဆိုင်းနေဟန်ဖြင့် ပြောလာသည်။