အပိုင်း ၆၅
Viewers 16k

Chapter 65

တရားဝင် စစ်ကြေငြာခြင်း

 

"ကျွန်တော်ကြားဖူးသလိုပဲ... ဒါပေမယ့် သိပ်မသေချာဘူး..."

ငယ်ရွယ်သော သွေးစုပ်ဖုတ်ကောင်တစ်ယောက်က ပြောလာသည်။


"ကျွန်တော်လည်းကြားဖူးတယ်..."

နောက်တစ်ယောက် ထပ်ပြောလာသည်။

"ဒါပေမယ့် သူတေသနအခြေစိုက်စခန်းမှာ တင်းကြပ်တဲ့ လုံခြုံရေးရှိပြီး ကျွန်တော်တို့ရဲ့ အစွမ်းတွေနဲ့ လှုပ်ရှားမှုတွေကို ဖိနှပ်ထားရုံတင်မကဘူး အခြားဘာကိုမှလည်း ပြောလေ့မရှိဘူး... စမ်းသပ်ချက်တွေအတွက်ကတော့... ကျွန်တော်တို့ နိုးမနေတဲ့အချိန်မှာ လုပ်ကြတာ.."

မရေမရာခံစားချက်က ထိုလူ့ကိုဖြူဖျော့သွားစေသည်။

"ဒါပေမယ့် ကျွန်တော်တစ်ခါက သတိထားမိတာ သူတို့ရဲ့ လုပ်ငန်းစဉ်ကို တင်ပြရင် အမြဲတမ်း တည်နေရာတစ်ခုတည်းကိုပဲ ဆက်သွယ်ကြတာ... သေချာတယ် သူတို့တစ်နေရာရာမှာ မှတ်တမ်းတွေရှိလောက်တယ်..."


"ဘယ်နေရာမှာ မှတ်တမ်းတွေ ရှာရမှာလဲ..."


မည်သည့် ဆက်နွယ်ချက်မဆို အဆင်ပြေလေသည်။ သူတို့ ထိုမှတ်တမ်းများကိုသုံးပြီး အဖွဲ့အစည်း၏ ဇစ်မြစ်ကို ရှာလိုက်နိုင်ပေသည်။


"ထိန်းချုပ်ခန်းကို ကျွန်တော်သိတယ်...."

သွေးစုပ်ဖုတ်ကောင်ထဲမှ တစ်ယောက် အော်ပြောလိုက်ပြီး ပြိုကျနေပြီဖြစ်သော အခန်းကို ညွှန်ပြလိုက်သည်။

"ကျွန်တော်က စကြဝဠာကွန်ရက်ကို အချိန်အကြာကြီး စစ်ဆေးဖူးတော့ သူတို့ရဲ့ စနစ်ကို ဟက်နိုင်တယ်.."


ကောင်းလိုက်တာ...

"ဒါဆို ရှင့်ကို အလုပ်ရှုပ်မိစေတော့မှာပဲ... သွားကြတာပေါ့..."


ထိုသွေးစုပ်ဖုတ်ကောင် ခေါင်းငြိမ့်လိုက်ကာ ထိုသို့ချီးမွန်းခံရ၍ စိတ်လှုပ်ရှားနေသည်။ သူ ယောင်စစ်နောက်ကို ကော့တော့ကော့တော့နှင့် လိုက်သွားသည်။ သူမဘယ်သူလဲ မသိသော်လည်း သူမထံမှချီးကျူးခံရသည်မှာ အလွန်ဝမ်းသာပီတိဖြစ်ဖွယ်ကောင်းနေပေသည်။


အခြားသွေးစုပ်ဖုတ်ကောင်များလည်း သူတို့နောက် လိုက်လာကြသည်။ နှာခေါင်းပေါက်လောက်သာရှိသော အခန်းကျဉ်းလေးထဲတွင် လူများကြပ်သိပ်နေပြီး အထဲသို့ ဝင်ခွင့်မရခဲ့သော သွေးစုပ်ဖုတ်ကောင်များပင် ရှိနေသည်။


ခုဏက ရှေ့ထွက်လာခဲ့သောလူက အတော်လေး ပညာတတ်ပုံပေါ်လေသည်။ ကိရိယာများကို စစ်ဆေးပြီးနောက် တစ်စုံတစ်ခုကို နှိပ်လိုက်သည်။ ရုတ်တရက် အခန်းတစ်ခုလုံး မီးလင်းလာပြ စခရင်များက နေရာအနှံ့ထွက်ပေါ်လာသည်။


ထိုသွေးစုပ်ဖုတ်ကောင်က ထိုင်ခုံတစ်ခုံကို ဆွဲယူပြီးထိုင်ကာ ကုဒ်များကို စတင်ရိုက်ခါနီးတွင် တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ထိုင်ခုံကို ယောင်စစ်ထံ ပေးလိုက်သည်။ အနည်းငယ် စိတ်လှုပ်ရှားဟန် စွက်နေသော အသံလေးဖြင့်

"ကျေး... ကျေးဇူးပြုပြီး ထိုင်ပါဦး..." ဟုပြောလာသည်။


"ရှင်ပဲထိုင်လိုက်ပါ... ဒီကုဒ်တွေကို ကိုင်တွယ်ဖို့ ရှင့်ကိုပဲ ကျွန်မတို့အားလုံးက အားကိုးရမှာ..."

ယောင်စစ်သူ့ကို ထိုင်ခုံပေါ် ပြန်ဖိချလိုက်သည်။


ထိုသွေးစုပ်ဖုတ်ကောင်က နောက်ထပ် တစ်စက္ကန့်ပင် အချိန်မဖြုန်းတော့ပဲ သဲကြီး မဲကြီး စာရိုက်လေတော့သည်။ အနာဂတ်နည်းပညာအကြောင်း ဉာဏ်ပင်မမှီသော ယောင်စစ်တစ်ယောက် သူမ သိပင်မသိသော စာလုံးများဖြင့် ပြည့်နှက်နေသော မှန်သားပြင်ကို ငေးသာကြည့်နေလိုက်သည်။


သို့သော် မကြာမီတွင် ယုံကြည်ချက်အပြည့်ဖြင့် ဟက်နေသော သူ၏မျက်နှာက ပြောင်းလဲသွားတော့သည်။ အပြစ်ရှိသော ပုံသဏ္ဌာန်လေးပြောင်းလဲသွားတော့သည်။


"ဘာဖြစ်လို့လဲ..."


"ဒီ... ဒီဆက်သွယ်ရေး ပစ္စည်းက တစ်ဖက်သတ်ပုံစံပဲ သူတို့ ဒီကနေအချက်အလက်တွေပဲ ပေးနိုင်တာ... အဲ့ဒီ့အပြင် သူတို့က စကြဝဠာကွန်ရက်မဟုတ်ပဲ အခြားကွန်ရက်ကိုသုံးတာ... သူတို့အခြားတစ်ဖက်ကို ဆက်သွယ်တိုင်း အချက်အလက်တွေအကုန်ဖျက်ပစ်ခံရပြီး ခြေရာခံဖို့ မဖြစ်နိုင်အောင် လုပ်လိုက်တာပဲ... အခြားတစ်ဖက်ရဲ့အကောင့်က မတည်မြဲဘူး အမြဲတမ်းပြောင်းလဲနေတာ... အကောင့်အသစ်ကို အခြေခံဖို့ တိကျတဲ့ပုံစံတစ်ခုရှိသင့်တယ်ဆိုပေမယ့် အခြားသူတွေ မသိလောက်မယ့် ပုံမျိုးပဲ... ကျွန်တော် အလိုအလျောက်ဖျက်ဆီးတဲ့ ပုံစံကိုပိတ်ဖို့ စနစ်ထဲ ဖောက်ဝင်လို့ရပေမယ့် အခြားတစ်ဖက်က သိသွားမှာ စိုးရိမ်မိတယ်... ကျွန်တော်မလုပ်နိုင်လောက်ဘူး..."

သူ ဒေါသထွက်နေသော မျက်နှာနှင့် ပြောလာသည်။


"အဲ့ဒါက ငါတို့သူတို့ကို မရှာနိုင်ဘူးဆိုတဲ့ သဘောလား..." 


"ဟုတ်... ဟုတ်ပါတယ် ကျွန်တော် တကယ်တောင်းပန်ပါတယ်..."


"ရှင့်အပြစ်မဟုတ်ပါဘူး... အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်..."

ယောင်စစ် ကြိုးကိုင်သူကို ရှာရန် ဤမျှလွယ်မည်ဟု တစ်ခါမျှမတွေးဖူးပေ။ အထူးသဖြင့် သုတေသနအခြေစိုက်စခန်း၏ စွမ်းရည်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီးချိန်တွင် ဖြစ်သည်။ လူယုတ်မာကောင်လုပြောသည့်အတိုင်းဆိုလျှင် ၎င်းက Euphoria၏ အပိုင်းငယ်လေးတစ်ခုဖြစ်ပေသည်။ ထိုကဲ့သို့ ကြီးမားလှသော အဖွဲ့အစည်းက ၎င်းတို့၏ ဆက်သွယ်ရေးတွင် အမှားအယွင်းလုံးဝရှိမည် မဟုတ်ပေ။


သို့သော် သူတို့မည်သည်ကိုမှမသိလျှင် ခရီးက အောင်မြင်သည်ဟု မပြောနိုင်ပေ။ သူမ စိတ်ထဲတွင် ကြုံတွေ့ခဲ့ရသော ပုံရိပ်များကထု ပြန်တွေးမိပြီး မထိန်းနိုင်အောင် တုန်ရီမိသွားသည်။


"ငါတို့ အခုရှိသမျှအကောင့်တွေကို မက်ဆေ့ခ်ျပို့မယ်ဆိုရင် သူတို့ လက်ခံမိလောက်တယ်မလား..."

ယောင်စစ် မေးလိုက်သည်။


ထိုသွေးစုပ်ဖုတ်ကောင်က အဆက်မပြတ် ခေါင်းငြိမ့်ပြလာသည်။

"ဟုတ်ကဲ့... ရ.. ရပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို ခြေရာခံလို့တော့ ရမှာမပါဘူးနော်..."


"ရတယ်... သူတို့မှာရှိသမျှ လိုင်းတွေအကုန်ဖွင့်လိုက်... ငါ Euphoria အဖွဲ့အစည်းကို ပြောစရာစကားရှိတယ်..."


"အ..အကုန်လုံးလား... ရစေရမယ်..."

သူ နောက်သို့လှည့်၍ စက်ပေါ်အဆက်မပြတ် ရိုက်နှိပ်နေပြီး ခဏအကြာတွင် သူမဘက် လှည့်လာသည်။

"ပြီးသွားပြီ..."


သူမရှေ့တွင် အလင်းတစ်ချက်လက်သွားပြီး သူမ၏ ခန္ဓာကိုယ်က ဖန်သားပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသည်။ ယောင်စစ် ရှေ့သို့လျှောက်လှမ်းသွားကာ အသက်ပြင်းပြင်းရှူ၍ စတင်ပြောဆိုလာသည်။


"Euphoria ကလူတိုင်း နားထောင်ကြစမ်း... ငါက အနီရောင်ဂြိုလ်ပေါ်က ပဉ္စမမျိုးဆက်သွေးစုပ်ဖုတ်ကောင် ယောင်စစ်ပဲ... နင်တို့ရဲ့ လုပ်ရပ်တွေက ငါ့မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ချိုးဖောက်နေတယ်.. နင်တို့ဘာတွေကြံနေပြီး နင်တို့ဘာသာ ဘယ်သူကြီးတွေဖြစ်ဖြစ် ငါဂရုကိုမစိုက်ဘူး... ဒါပေမယ့် ငါ့ရဲ့ ပဉ္စမျိုးဆက်ဆိုတဲ့ ဂုဏ်နဲ့တိုင်တည်ပြီး နင်တို့ကို တရားဝင်စစ်ကြေငြာတယ်... ငါတို့ နင်တို့ကိုရှာတွေ့ရင် သွေးစုပ်ဖုတ်ကောင်တွေအပေါ် ကျုးလွန်ခဲ့တဲ့အရာတိုင်းကို အဆပေါင်းများစွာ ပြန်ပေးဆပ်စေရမယ်... နင်တို့ရဲ့အကြောင်းပြချက်က ဘယ်လောက်မြင့်မြတ်နေပါစေ ငါတို့ လက်လျော့မှာမဟုတ်ဘူး... စကြဝဠာတစ်ခုလုံးဆိုရင်တောင်မှ ရှင်းထုတ်ပစ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး..."


သူမ၏ အမူအယာက လေးနက်ကတည်ငြိမ်နေဆဲဖြစ်သော်လည်း သူမ၏နောက်ထပ်စကားများက ခြိမ်းခြောက်နေဟန်ပေါ်နေသည်။

"နင်တို့မှာအခုလက်ရှိရှိနေတဲ့ ငြိမ်းချမ်းနေမှုလေးကို တန်ဖိုးထားနေလိုက်တော့... မကြာခင် ငါတို့တစ်မျိုးနွယ်လုံးရဲ့ အမျက်ကိုခံစားရစေရမယ်... မှတ်ထားလိုက် ငါ့စကားတွေက သတိပေးတာလည်းမဟုတ်ဘူး ခြိမ်းခြောက်တာလဲမဟုတ်ဘူး... ငါတို့လာခဲ့မယ်..."