အပိုင်း ၈၇၀
Viewers 53k

အခန်း ၈၇၀

နယ်သာရီနှင့်ပုစွန်ပိစိ လေအလင်းအင်ပါယာသို့ရောက်ရှိလာခြင်း


လေအလင်းအင်ပါယာတွင်


ငရဲစွမ်းအင်များသည် ကောင်းကင်ယံကိုဖုံးလွှမ်းနေကာ အဝေးမှတိမ်မဲများ လိမ့်တက်လာသည်။


မြို့ရိုးပေါ်ရှိ မြို့စောင့်များသည် တဖြေးဖြေးရောက်ရှိလာသည့် တိမ်မဲများကိုကြည့်ပြီး မျက်လုံးများတွင်အကြောက်တရားများပြည့်နှက်နေကြပြီး တစ်ကိုယ်လုံးတုန်ရီနေကြလေသည်။ 


၎င်းသည် သူတို့ကိုရင်းနှီးနေသောတစ်စုံတစ်ရာကိုသတိရသွားစေသည်။


ထိုနတ်ဆိုးများသူတို့မြို့ကိုကျူးကျော်ဝင်ရောက်လာသောအခါ ကမ္ဘာပျက်ကပ်နှင့် တူညီသောမြင်ကွင်းတစ်ခုဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့အပြင် ၎င်းသည် ယခုအခြေအနေလောက်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်မဟုတ်ပေ။


ကောင်းကင်ပေါ်ရှိ တိမ်မဲများသည် နတ်ဆိုးလက်သည်းများနှင့်တူညီနေပြီး ထိုတိမ်မဲများက လူတွေကို ဖိအားများဖြင့် မွန်းကြပ်နေစေသည်။


မြို့အပြင်ဘက်ရှိ ကျက်တီးမြေတွင် နတ်ဆိုးစစ်တပ်မကြီးမသေးတစ်ခုရှိနေသည်။ သို့သော် ထိုစစ်တပ်သည်အလွန်ကြောက်ရွံ့ဖွယ်ကောင်းနေပေသည်။


အချို့သောအစောင့်များသည် ၎င်းတို့၏အိပ်မက်ဆိုးဟောင်းများ အသက်ပြန်ဝင်လာသည်ဟုထင်၍ ခြေထောက်များပျော့ခွေသွားကြသည်။


မြို့တံခါးသည် တကျွီကျွီမြည်၍ တဖြေးဖြေးခြင်းပိတ်လာသည်။ နောက်ဆုံးတွင် ပိတ်သွားကာ မြို့ကိုလုံးလုံးလျားလျားချိတ်ပိတ်သွားပေသည်။


ထိုနတ်ဆိုးစစ်တပ်နှင့် ရင်ဆိုင်ရခြင်းသည် လူတိုင်းကိုအကူအညီမဲ့သွားစေသည်။


ရှောင်မုန့်သည် မြို့ရိုးပေါ်တွင်ရှိနေကာ မျက်နှာတင်းမာနေလျက်ရှိသည်။ သူ၏ဒဏ်ရာများကို ပြန်လည်ကုသပြီးခြင်းမရှိသေးသော်လည်း သူသည်အင်ပါယာမြို့တော်၏စောင့်ရှောင့်သူဖြစ်သည့်အလျောက် ယခုကဲ့သို့အလွန်အရေးကြီးသောအခြေအနေတွင် သူမားမားမတ်မတ်ရပ်နေရမည်ဖြစ်ပေသည်။


အမှန်တကယ်ပြောရမည်ဆိုလျှင် သူအနည်းငယ်စိတ်ဓာတ်ကျနေသည်။ ထိုနတ်ဆိုးများထွက်ပေါ်လာခြင်းသည် မည့်သည်ကိုဆိုလိုသည်မှန်း သူနားလည်နေသည်။


အရင်တစ်ခေါက်က ဆိုင်ရှင်ပုသာရုတ်တရက်ပြန်ရောက်မလာပါက လေအလင်းအင်ပါယာသည် အချိန်တိုအတွင်းပျက်ဆီးသွားမည်ဖြစ်သည်။


သို့သော် ယခုအချိန်တွင်


နတ်ဆိုးများ ဒုတိယအကြိမ်ကျူးကျော်လာချိန်၌ ဆိုင်ရှင်ပုဘယ်ရောက်နေလဲ သူတို့မသိကြပေ။


သူတို့ ဒီနတ်ဆိုးတွေကိုဘယ်လိုတားဆီးရတော့မှာလဲ....


ဒါမှမဟုတ် သူတို့ပြောသင့်တာက နတ်ဆိုးတွေကိုတားဖို့ ဘာကိုသုံးရမလဲလို့များလား...


....


ထိုအချိန်တွင် ဖန်ဖန်ဆိုင်ငယ်လေး၌


လေဟာနယ် ရုတ်တရက် စုတ်ပြဲသွားသည်။


ခဏအကြာတွင် ရေခဲတမျှအေးစက်သော ငရဲကမ္ဘာသင်္ဘောထွက်ပေါ်လာကာ ဖန်ဖန်ဆိုင်ငယ်လေးအပေါ် တွင်ဆင်းသက်လာသည်။


စားသောက်ဆိုင်အပြင်ဘက်ရှိ တန်းဆီနေကြသောသူများအားလုံး ကြောက်လန့်သွားကြသည်။


ကွမ်းရှောင်ယီသည် သိချင်စိတ်အပြည့်ဖြင့် စားသောက်ဆိုင်ထဲမှထွက်လာလိုက်သည်။ သင်္ဘောကိုမြင်သောအခါ သူ့မျက်နှာအမူအပြောင်းလဲသွားတော့သည်။


သို့သော် ထိုသင်္ဘောထဲမှ ရွှေရောင်ပုစွန်ပိစိထွက်လာသည်ကိုမြင်သောအခါ သူမ၏မျက်လုံးများတောက်ပလာလေသည်။


"ပုစွန်ပိစိ.. အဲ့တာ ဆိုင်ရှင်ပုရဲ့ ပုစွန်ပိစိ..."

ရှောင်ယီ ဝမ်းသာအားရအော်ဟစ်လိုက်သည်။


ပုစွန်ပိစိလည်း ရှောင်ယီကိုမြင်သွားပုံပေါ်ပြီး သူမ၏ပတ်ပတ်လည်တွင် ပျံသန်းနေပေသည်။


စားသောက်ဆိုင်ထဲရှိ လူများစွာအံ့အားသင့်သွားကြသည်။ သူတို့ ထိုရွှေရောင်ပုစွန်ပိစိကိုတစ်ခါမှမမြင်ဖူးကြပေ။


ရှောင်ရှောင်လုံသည် ပျော်ရွှင်နေသောမျက်နှာဖြင့် မီးဖိုချောင်ထဲမှထွက်လာသည်။


ပုစွန်ပိစိသည် ဖန်ဖန်ဆိုင်ငယ်လေးတွင်နေခဲ့ဖူးသဖြင့် သူတို့၎င်းကိုသိသည်မှာမဆန်းပေ။ ထို့အပြင် ရွှေရောင်ပုစွန်သည် မှတ်မိလွယ်ပေသည်။


ပုစွန်ပိစိသည် ရှောင်ယီခေါင်းပေါ် ဆင်းလာပြီး ခပ်တိုးတိုးအော်ဟစ်လိုက်သည်။


"နင်ဆိုင်ရှင်ပုကိုတွေ့ဖို့လာတာလား..."


ရှောင်ယီ အပြုံးလေးဖြင့်မေးလိုက်သည်။ ခဏအကြာတွင် သူမဆက်ပြောလိုက်သည်။


"အိုး... ဆိုင်ရှင်ပု ဆိုင်ထဲမှာမရှိတာကဆိုးတာပဲ... သူ အာကာသအာနမ်ဂိုဏ်းကိုသွားတယ်လေ..."


ပုစွန်ပိစိသည် မျက်လုံးများကို ခဏမျှလှိမ့်လိုက်သည်။


ရုတ်တရက်


လူတိုင်းသည် ရှေးဟောင်းပုံစံအနက်ရောင်သင်္ဘောပေါ်မှ ဖြေးဖြေးချင်းဆင်းလာသော လှပသောခန္ဓာကိုယ်တစ်ခုကိုကြည့်လိုက်ကြသည်။


ထိုပုံရိပ်လေးတွင် အလွန်လှပသော မျက်နှာလေးနှင့် အလွန်ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်တို့ရှိနေသည်။ သူမ၏ ရှည်လျားဖြောင့်ဆင်းသောခြေတံတစ်စုံသည် လူတိုင်း၏စိတ်ကိုဖမ်းစားလိုက်သည်။


လူတိုင်း မှင်သက်မိသွားကာ သူမကိုငေးကြည့်မိကြသည်။ ထိုအမျိုးသမီးသည် ပန်းချီကားထဲမှခုန်ထွက်လာသော သူနှင့်တူနေသည်။


တုနှိုင်းမမှီနိုင်အောင်လှရက်လွန်းပေသည်။


ခေါင်းပေါ်တွင် ပုစွန်ပိစိကိုတင်ထားသော ရှောင်ယီသည် အနည်းငယ် အံ့ဩမိနေသည်။


နယ်သာရီ၏ရှေ့တွင် မတ်တတ်ရပ်နေရခြင်းသည် ကလေးမလေးကို သေးငယ်သွားသယောင်ခံစားရစေသည်။ ထိုအမျိုးသမီးသည် အလွန်အေးစက်ကာ မာနကြီးလှပေသည်။


နီယန်သည်လည်း နယ်သာရီထက်မနိမ့်သော အလှလေးတစ်ယောက်ဖြစ်သည်။ သို့သော် ရှောင်ယီသည် နယ်သာရီရှေ့တွင်ရပ်နေရသော်လည်း သူမကိုယ်သူမနိမ့်ကျသည်ဟုမမြင်ပေ။ သူမကြီးလာလျှင် နီယန်လောက်လှလာမည်ဟု ယုံကြည်ပေသည်။


နယ်သာရီက ငရဲကမ္ဘာသင်္ဘောကိုပြန်သိမ်းလိုက်ကာ ရှောင်ယီခေါင်းပေါ်ရှိပုစွန်ပိစိကိုကြည့်လိုက်သည်။ သူမ၏ နူးညံ့သောလက်ကိုမြှောက်လိုက်ကာ လက်ချောင်းများကိုချိတ်လိုက်သည်။


ပုစွန်ပိစိသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ နယ်သာရီပခုံးပေါ်ပြန်ရောက်သွားသည်။


"ပုဖန်ဘယ်မှာလဲ..."


နယ်သာရီ တည်ငြိမ်စွာမေးလိုက်သည်။


"ပု... ဆိုင်ရှင်ပု... တံခါးဆီသွားတယ်..."


ရှောင်ယီ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။


နယ်သာရီ၏ လှပသောပုံရိပ်သည် ရှောင်ယီဘေးမှဖြတ်သွားကာ စားသောက်ဆိုင်ထဲဝင်သွားသည်။ ရင်းနှီးနေသော အပြင်အဆင်နှင့်လေထုသည် နယ်သာရီ၏မျက်လုံးများကို စူးစမ်းချင်စိတ်များဖြင့်ပြည့်သွားစေသည်။


ပုဖန်ရဲ့စားသောက်ဆိုင်တွေအကုန်လုံး ဒီလိုပုံစံတွေချည်းပဲလား...


"ပုဖန်ဒီမှာမရှိဘူးလား... ကြည့်ရတာ ငါတို့ထပ်သွားဖို့လိုသေးတာပဲ..."


နယ်သာရီပြောလိုက်သည်။


"ရှင်... ရှင် ဆိုင်ရှင်ပုကို ဘာလို့တွေ့ချင်ရတာလဲ..."


ရှောင်ယီသတ္တိများစုစည်း၍ မေးလိုက်သည်။


နယ်သာရီ အံ့အားသင့်သွားသည်။ နယ်သာရီတစ်ဖက်သို့ခေါင်းစောင်းလိုက်သောအခါ သူမ၏ရှည်လျားဖြောင့်ဆင်းသော အနက်ရောင်ဆံနွယ်များက ရေတံခွန်ငယ်လိုဝဲဖြဲသွားတော့သည်။


"ငါတွေ့ချင်တာမဟုတ်ဘူး.. ဒီအကောင်လေးက တွေ့ချင်နေတာ..."


နယ်သာရီ ပုစွန်ပိစိခေါင်းကိုပွတ်ပေး၍ ခံစားချက်မဲ့စွာပြောလိုက်သည်။


ဘုန်း


သို့သော် လူတိုင်း နယ်သာရီ၏ တုနှိုင်းမဲ့အလှကြောင့်မှင်သက်နေချိန်တွင် လေအလင်းအင်ပါယာမြို့တော်မှ ကျယ်လောင်သည့်ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။


ကြောက်မက်ဖွယ်ပေါက်ကွဲမှုသည် လူတိုင်း၏မှတ်ဉာဏ်ထဲရှိ ဆိုးရွားသည်အမှတ်တရများကိုသတိရသွားစေသဖြင့် ကြောက်ရွံ့မှုများဖြင့်တုန်ရီသွားကြသည်။


အရင်တစ်ခါ သူတို့မြို့ထဲကို နတ်ဆိုးတွေကျူးကျော်လာတုံးကလဲ ဒီလိုတစ်ပုံစံတည်းခံစားရတာပဲ...


သူတို့နောက်တစ်ကြိမ် ထပ်ပြီး ကျူးကျော်ခံရပြန်တာလား....


လူတိုင်း လေအေးတစ်ချက်ရှူသွင်းမိသွားကြသည်။ ထို့နောက် ထွက်ပြေးဖို့ကြိုးစားကြတော့သည်။ ချက်ချင်ပင် စားသောက်ဆိုင်သည် အလွတ်ဖြစ်သွားသည်။


ယခုအချိန်တွင် နယ်သာရီတစ်ယောက်တည်းသာစားသောက်ဆိုင်ထဲ၌ မတ်တတ်ရပ်နေပေသည်။


ရှောင်ယီသည် ဖြူဖျော့သွားကာ စိတ်ပျက်အားငယ်သွားတော့သည်။


"နတ်ဆိုးတွေနောက်တစ်ကြိမ်ကျူးကျော်လာပြန်ပြီလား... ဒီတစ်ကြိမ်ဆိုင်ရှင်ပုက ဒီနေရာမှာမရှိဘူး.... ငါတို့ဒီအန္တရာယ်ကိုဘယ်လိုကျော်ဖြတ်ရပါ့မလဲ..."



ဘုန်း


ဖုန်မှုန့်များ မြင့်တက်လာသည်။ ဖုန်လုံးများကြားတွင် အနီရောင်အစက်နှစ်စက်ကိုမြင်နိုင်ပေသည်။


ပုဖန်နှင့် ဆံပင်အဝါနှင့်လူငယ်လေး အောင်းပိုင် အံ့အားသင့်သွားကြသည်။


ခဏအကြာတွင် ကင်းမြီးကောက် အမြီးကြီးသည် အောင်းပိုင်၏ခေါင်းထံဦးတည်၍ လွှဲရမ်းလာသည်။


ကြောက်မက်ဖွယ်ဖိအားကြီးသည် ထိုနေရာရှိစိတ်ဝိဉာဉ်စွမ်းအင်များကို လှုပ်ခါသွားစေသည်။


အောင်းပိုင်၏ မျက်လုံးများက အာရုံစူးစိုက်နေသည်။ ခဏအကြာတွင် သူသည်ရွှေရောင်အလင်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအချိန်တွင် အတော်ဝေးဝေးနေရာသို့ရောက်နေပြီဖြစ်သည်။


"မင်းကဘာလဲ..."


အောင်းပိုင် အေးစက်စက်ပြောလိုက်သည်။


အခြားတစ်ယောက် ကောင်းကင်ပေါ်မှပြန်ကျလာလျှင် တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုရှာသင့်ပေသည်။ သို့သော် သူသည် အောင်းပိုင်ကို စကားတစ်ခွန်းမှမပြောပဲ တိုက်ခိုက်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် သင့်တော်ခြင်းမရှိချေ။


အရူးကောင်...


အောင်းပိုင်၏ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းများတောက်ပလာပြီး အော်ရာများမြင့်တက်လာသည်။


ဘုန်း


လေဟာနယ်တုန်လှုပ်သွားသည်။


အောင်းပိုင်၏ခန္ဓာကိုယ်သည် လေထဲတွင်နောက်ဆုတ်၍ အားယူကာ ခုန်လိုက်သည်။ သူသည် ဖုန်မှုန့်များကြားမှခုန်ထွက်လာသော ကြီးမားသည့် နတ်ဆိုးကင်းမြီးကောက်နှင့် တိုက်ခိုက်လိုက်သည်။


ကြောက်မက်ဖွယ်လေလှိုင်းများပြန့်ကျဲသွားကာ ဖုန်မှုန့်များနှင့်ကျောက်တုံးများကိုပျံဝဲသွားစေသည်။


လေများတိုက်ခတ်နေသော်လည်း ပုဖန်၏မျက်လုံးများသည် စူးရှနေဆဲဖြစ်သည်။ 


ကောင်းကင်ယံတွင် အလင်းတန်းတစ်ခုနှင့် နတ်ဆိုးကင်းမြီးကောက်တစ်ကောင်တိုက်ခိုက်နေသည်။ တစ်ယောက်သည် မဟာအာကာသအဆင့်ဖြစ်ကာ တစ်ယောက်သည် တန်ခိုးရှင်အဆင့်တွင်ဖြစ်သည်။


နှစ်ယောက်စလုံးကအလွန်သန်မာသဖြင့် သူတို့၏တိုက်ပွဲသည် လွယ်လွယ်နှင့်ပြီးဆုံးနိုင်မည်မဟုတ်ပေ။


ရွှေရောင်အလင်းတန်းပြန့်ကျဲသွားသည်။


အောင်းပိုင် မြေပြင်ပေါ်ပြုတ်ကျလာသည်။ မြေပြင်အက်ကွဲသွားကာ အဆက်မပြတ်လှုပ်ခာသွားသည်။


သူခေါင်းမော့လိုက်ပြီး မျက်လုံးများကတောက်ပနေသည်။ ခဏအကြာတွင် သူ့လက်ထဲ၌ ရွှေရောင်ဆေဘာဓားနှစ်ချောင်းပေါ်လာသည်။


ဓားစွမ်းအင်များ တိုးပွားလာတော့သည်။


ပုဖန်သည် ထိုနှစ်ကောင်တိုက်ခိုက်နေသည်ကိုကြည့်ပြီး နှုတ်ခမ်းများပင်မဲ့သွားသည်။


ထို့နောက် ကြေးနန်းတော်ဆီသို့လှည့်ထွက်သွားလိုက်သည်။


ချိုင့်ဝှမ်းအတွင်းတွင် လေထဲရှိအစားအသောက်အနံ့များပိုမိုသိပ်သည်းလာလေသည်။ ထူထပ်သိပ်သည်းလွန်းသည်မှာ ပုဖန်ကိုပင် စိတ်လှုပ်တရှားဖြစ်သွားစေသည်။


အချိန်ခဏအတွင်း ထိုလျှို့ဝှက်အစားအစာကိုမြင်နိုင်တော့မည် ဟုပင်ခံစားနေရသည်။


ပုဖန်သည် တောနက်ထဲသို့ဆက်လျှောက်သွားကာ သူ့အနောက်ဘက်ရှိတိုက်ပွဲကို အကြည့်တစ်ချက်ပင်စွန့်ကြဲမနေပေ။


ခဏအကြာတွင် သူသည် သစ်ပင်ကြီးများဝန်းရံနေသော သစ်တောထဲမှထွက်နိုင်သွားသည်။


ပုဖန်ရှေ့တွင် ကျယ်ပြောလှသောမြေကွက်ကြီးတစ်ခုနှင့် ကြီးမားလှသောရေကန်ကြီးတစ်ခုရှိနေသည်။


ရှေးဟောင်းပုံစံ အနက်ရောင်သင်္ဘောနှစ်စင်းသည် ကြေးနန်းတော်ကို ဆွဲ၍ ရေကန်အလယ်တွင်မျောပါနေသည်။ ထိုအချိန်တွင် ထိုသင်္ဘောနှစ်စင်းသည် ရေစီးအတိုင်းမျောပါနေကြခြင်းသာဖြစ်သည်။


ထိုမြင်ကွင်းသည် ပုဖန် ကျောက်စိမ်းသင်္ကေတအတွင်းမှမြင်ဖူးခဲ့သော မြင်ကွင်းဖြစ်သည်။


ရှေးဟောင်းပုံစံ အနက်ရောင်သင်္ဘောနှစ်စင်းနှင့် ဟောင်းနွမ်းနေသောကြေးနန်းတော်တစ်ခု...


အရာရာတိုင်းကို ရင်းနှီးနေပုံပေါ်နေသည်။


၎င်းတို့သည် သူ စမ်းချောင်းဝါမြစ်အတွင်းတွင်တွေ့မြင်ခဲ့ဖူးသည့် လှေနှင့်နန်းတော်ဖြစ်ပေသည်။


အဲ့တာတွေက ဘာလို့ ပုန်းကွယ်နဂါးတိုက်ကြီးပေါ်ရောက်နေရတာလဲ...


ထို့အပြင် ၎င်းတို့သည် ပုန်းကွယ်နဂါးတိုက်ကြီးပေါ်ရှိ စိတ်ဝိဉာဉ်စွမ်းအင်အပါးလွှာဆုံးဖြစ်သော တောင်ပိုင်းဒေသတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။


မြေအောက်ကမ္ဘာသည် တောင်ပိုင်းဒေသ၏အောက်တွင်ရှိပြီး ၎င်းတွင်ထူထဲသောစိတ်ဝိဉာဉ်စွမ်းအားများရှိနေသည်မှာ အလွန်ထူးဆန်းလှပေသည်။


ပုဖန် ရေကန်ဘေးတွင်မတ်တတ်ရပ်ပြီး လှိုင်းလုံးများမြင့်တက်နေသောနေရာကိုကြည့်၍ အသက်ပြင်းပြင်းရှူလိုက်သည်။


ရေကန်အတွင်းရှိရေများသည် သွေးကဲ့သို့နီရဲနေသော်လည်း နံဟောင်ခြင်းမရှိပေ။ ၎င်းသည် စမ်းချောင်းဝါမြစ်နှင့် ဆင်တူလေသည်။


သူနှင့်အဝေးရှိ အောင်းပိုင်နှင့်နတ်ဆိုးကင်းမြီးကောက်တို့၏တိုက်ပွဲသည် ပြီးဆုံးသွားပြီဖြစ်သည်။


တိုက်ပွဲတွင် ရလဒ်ထွက်မလာသော်လည်း နှစ်ယောက်စလုံးက သူတို့ရှာဖွေနေသော အခွင့်အရေးများကြောင့် ရပ်တန့်ရန်ဆုံးဖြတ်လိုက်သည်။


"လူသားတစ်ယောက် ဒီကိုဘယ်လိုကြောင့်လာနိုင်ရတာလဲ.."


ဧရာမနတ်ဆိုးကင်းမြီးကောက်ကြီးသည် ဆူညံအက်ကွဲနေသောအသံဖြင့်ပြောလိုက်သည်။


ပုဖန်သည် နတ်ဆိုးကင်းမြီးကောက်ကိုခဏမျှကြည့်လိုက်သည်။ သို့သော် စိတ်ဝင်စားစရာဘာမှရှာမတွေ့ပေ။ 


ဒီတစ်ကောင်ကလည်း သူအရင်တစ်ခေါက်ကဒယ်အိုးနဲ့ထုခဲ့တဲ့ကောင်ထက် နည်းနည်းလောက်ပဲ သန်မာတာပဲ...


ပုဖန်သည် နတ်ဆိုးကင်းမြီးကောက်အသားကိုစားဖူးပြီဖြစ်၍ ကင်းမြီးကောက်များအပေါ်တွင်စိတ်ဝင်စားမှုမရှိတော့ပေ။


"အဲ့ဒီ့လူသားက အရမ်းအားနည်းတယ်လေ.. မင်းဘာတွေကြောက်နေရတာလဲ..."


အောင်းပိုင်က ခနဲ့လိုက်ပြီး သူ၏လေသံတွင် မထီမဲ့မြင်ပြုမှုများကအတိုင်းသားပါဝင်နေသည်။


ထိုသူသည် စိတ်ဝိဉာဉ်လှေကားတစ်ထစ်သာရှိသော လူသားတစ်ယောက်သာဖြစ်ပေသည်။


မဟာအာကာသအဆင့်မှာရှိတဲ့ နတ်ဆိုးကင်းမြှီးကောက်က သူ့ကိုစိတ်ထဲထားနေရတာလဲ...


"ကြောက်နေတယ်.. ငါ့ကိုပြောတာလား... မင်းလိုနံစော်နေတဲ့ပုစွန်ကောင်ကို ငါ့ရဲ့လက်မနဲ့သေတဲ့အထိညှပ်ပစ်မယ်ကွ..."


နတ်ဆိုးကင်းမြီးကောက် အော်ဟစ်လိုက်သည်။


သို့သော် အောင်းပိုင်ပြောသည့်အတိုင်းပုဖန်က တကယ်အားနည်းသောကြောင့် နတ်ဆိုးကင်းမြီးကောက်ကသူ့ကိုစိတ်ထဲပင်မထည့်ချေ။


မဟာအာကသအဆင့်နဲ့ တန်ခိုးရှင်အဆင့်ရှိတဲ့သူတို့ကအခွင့်အရေးရဖို့ ဒီလိုအင်းဆက်ကောင်မျိုးနဲ့တိုက်ခိုက်ရမှာတဲ့လား...


အောင်းပိုင်သည် ရေကန်အစွန်းကိုသွားကာ သွေးနီရောင်ရေများကိုကြည့်လိုက်ပြီး သူ့မျက်နှာအလွန်တင်းမာသွားသည်။


"ဒီရေမှာတိုက်စားနိုင်စွမ်း ဒါမှမဟုတ် အဆိပ်လည်းရှိမနေဘူး.. ဒါပေမယ့် အန္တရာယ်ရှိတဲ့အော်ရာရှိနေတယ်... ကြောက်ဖို့ကောင်းပြီးစွမ်းအားကြီးတဲ့တစ်ခုခုက ရေကန်ထဲမှာရှိနေတယ်...."


အောင်းပိုင်ပြောလိုက်သည်။


နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်မှကျင့်ကြံသူ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ပုစွန်ကောင်၏စကားများကိုအလေးမထားပေ။


ပုဖန်သည် အခြားနှစ်ယောက်ကိုစိတ်ထဲမထားချေ။ သူသည် ဆိပ်ကမ်းအသေးလေးသို့သာ တိုက်ရိုက်သွားလိုက်သည်။


ဆိပ်ကမ်းတွင်လှေငယ်လေးတစ်စင်း ရပ်ထားသည်။ ထိုလှေသည် သူတို့ရေကန်ကိုဖြတ်ရန်အတွက်ပေးထားသောအရာဖြစ်သည်။


"တကယ့်ကိုနိမ့်ကျတဲ့ အင်းဆက်ကောင်ပဲ... ရေကန်ကိုဖြတ်ဖို့ လှေအပျက်ကိုတောင်သုံးမို့လုပ်နေသေးတယ်..."


နတ်ဆိုးကင်းမြီးကောက် သရော်လိုက်သည်။ ထို့နောက် ကင်းမြီးကောက်တက်တူးရှိသော ကြီးမားကြမ်းတမ်းသည့် သူ၏ လူသားပုံစံပြောင်းလိုက်သည်။


ဒီကမ္ဘာမှာသူတို့ကိုပျံသန်းဖို့တားမြစ်ထားပေမယ့် ရေကန်ကိုဖြတ်ရတာလွယ်ပါတယ်...


ခြေတစ်လှမ်းလှမ်းလိုက်ပြီး မဟာအာကသအဆင့် နတ်ဆိုးကင်းမြီးကောက်သည် သူ၏စွမ်းအင်များကိုအသုံးပြုကာ ရေကန်ပေါ်လမ်းလျှောက်ပြီးဖြတ်သွားရန် ကြိုးပမ်းလိုက်သည်။


သို့သော်


ပလုံ


အောင်းပိုင်၏မျက်လုံးများပြူးကျယ်သွားသည်။ သူသည် နတ်ဆိုးကင်းမြီးကောက်က ရေကန်ပေါ်ခြေတစ်လှမ်းလှမ်းလိုက်သော်လည်း သူ့ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်မထိန်းနိုင်ခင်တွင် ရေထဲသို့နစ်မြုပ်သွားသည်ကိုမြင်လိုက်ရသည်။


ခဏချင်းပင် နတ်ဆိုးကင်းမြီးကောက်ကျသွားသောနေရာကို များစွာသောအရိပ်များ ရောက်ရှိလာသည်။


ဝုန်း ဝုန်း


နတ်ဆိုးကင်းမြှီးကောက်သည် ၎င်း၏အစစ်အမှန်ပုံစံကိုပြောင်းလိုက်သည်။ ကင်းမြီးကောက် လက်မများဖြင့် ရေကန်စပ်ကိုညှပ်လိုက်ကာ သူ့ခန္ဓာကိုယ်ကို ရေထဲမှထွက်လာနိုင်ရန်ကြိုးပမ်းလိုက်သည်။ သွေးနီရောင်ရေများသည် နေရာအနှံ့သို့လွင့်စင်နေသည်။


"ဒီရေကန်က လူတွေကိုပျံသန်းခွင့်တားမြစ်ထားပြီး ကျင့်ကြံခြင်းအဆင့်ကိုပါဖိနှိပ်ထားတာလား..."


နတ်ဆိုးကင်းမြီးကောက် ကျင့်ကြံသူကြောက်လန့်သွားမိသည်။ သူရေကန်ထဲကျသွားသည်နှင့် ကြောက်မက်ဖွယ်အော်ရာတစ်ခုကသူ့ကိုဆွဲချနေသည်ကို ခံစားမိလိုက်သည်။ နေရာတိုင်းမှ သတ်ဖြတ်လိုသောအော်ရာများက သူ့ထံရောက်ရှိလာသည်။


သူ၏ အစစ်အမှန်ပုံစံကိုပြန်ပြောင်းလိုက်ကာ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို ရေထဲမှဆွဲထုတ်လိုက်သည်။


တစ်ယောက်ယောက်က ရေကန်ကိုဖြတ်သန်းဖို့ ဆိပ်ကမ်းအသေးလေးနဲ့ လှေလေးတစ်စင်းကိုထားခဲ့လဲဆိုတာကို မအံ့ဩတော့ပါချေ။


အောင်းပိုင်သည် နတ်ဆိုးကင်းမြီးကောက်၏အဖြစ်အပျက်များကိုတွေ့သော်လည်း ဘာမှမပြောခဲ့ချေ။ သူသည် ပုဖန်နှင့်လှေငယ်လေးရှိရာနေရာသို့ သွားလိုက်သည်။


အောင်းပိုင်သည် လှေပေါ်သို့ခုန်တက်လိုက်သည်။


ထိုအချိန်တွင် ပုဖန်သည်လှေပေါ်တွင် တိတ်တဆိတ် ခြေချိတ်ထိုင်နေလေသည်။


နတ်ဆိုးကင်းမြီးကောက်သည်လည်း သူ၏လူသားပုံစံကိုပြန်ပြောင်းလိုက်ပြီ လှေငယ်လေးပေါ်သို့တက်လိုက်သည်။


ယခုအချိန်တွင် သူတို့သုံးယောက်လုံး လှေပေါ်တွင်ရှိနေကြပြီဖြစ်သည်။


ငြိမ်သက်နေသော လှေငယ်လေးက ရုတ်တရက် ထွက်ခွာသွားသည်။ လှေငယ်လေးသည် ဆိပ်ကမ်းမှဝေးရာအရပ်သို့ ဖြေးဖြေးချင်းထွက်သွားတော့သည်။


လှေငယ်လေးပေါ်တွင် နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်မှကျင့်ကြံသူနှင့် အောင်းပိုင်တို့၏ မျက်နှာများဖြူဖျော့သွားပေသည်။


၎င်းတို့၏ အစစ်အမှန်စွမ်းအင်များဖိနှိပ်ခြင်းခံလိုက်ရပြီဖြစ်သောကြောင့် ကာယစွမ်းအက်ပေါ်တွင်သာမှီခိုရတော့မည်ဖြစ်သည်။


ဒီ သွေးရေကန်ကြီးကတကယ် ထူးဆန်းတာပဲ...


လှေငယ်လေးသည် ဖြေးဖြေးချင်းထွက်ခွာနေပြီး ရှေးဟောင်း အနက်ရောင်သင်္ဘောများထံဦးတည်၍သွားနေသည်။


ထိုအချိန်တွင် ရေကန်ထဲမှ အရိပ်များထွက်ပေါ်လာကာ ၎င်းတို့၏ခေါင်းများပိုပြသလိုက်သည်။


၎င်းတို့သည် အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်တို့ကို စိတ်လွတ်လုနီးပါးကြောက်လန့်သွားစေ၍ သူတို့နှစ်ယောက်၏မျက်နှာများ ပိုမိုဖြူဖျော့လာတော့သည်။