အပိုင်း ၈၇၁
Viewers 53k

အခန်း ၈၇၁

သွေးကျောက်ပုစွန်လား.. ကျောက်ပုစွန်လား...


ကျောက်ခရမ်းအကြီးအကဲ၏ ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်သည်ကောင်းကင်ယံကိုဖြတ်ကျော်ကာ ဥက္ကာပျံတစ်ခုကဲ့သို့ မိုင်ပေါင်းတစ်သောင်းကိုဖုံးအုပ်ထားပေသည်။


တောင်ပိုင်းဒေသသည် ပုန်းကွယ်နဂါးတိုက်ကြီး၏ အစွန်အဖျားတွင်ရှိသော မြေရိုင်းလွင်ပြင်သာဖြစ်သည်။ ထိုဧရိယာထဲတွင် စိတ်ဝိဉာဉ်စွမ်းအားများပါးလွှာကာ စစ်အင်အားလည်းနည်းပါးလေသည်။


ကျောက်ခရမ်းအကြီးအကဲအတွက် ထိုသို့သောလူများသည် အရူးများသာဖြစ်သည်။ သို့သော် သူတို့သည် ဤနေရာမှာပို၍ကြီးမားသော လောကကကြီးအတွင်းသို့မထွက်ခွာပါက ရူးနှမ်းမှုများမှမလွတ်မြောက်နိုင်ပေ။


 အာကာသနတ်သမီးသည် ဤကျေးလက်ဒေသကျက်တီးမြေမှလာသည်မှန်း သူသိသည်။ ထို့အပြင် အာကာသနတ်သမီးသည် ဤကျက်တီးမြေမှထွက်ခွာရန်အခွင့်အရေးရခဲ့ပြီး ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှ ပျိုးထောင်ခံရခြင်းသည် သူမအတွက်အခွင့်အရေးကြီးတစ်ရပ်ဖြစ်ခဲ့သည်။


သူမ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကနေထွက်လာပြီး ဒီကိုနေရာကိုဘာကြောင့်လာရတာလဲ....


သူမရဲ့ အနာဂတ်ကို သူမဘာသာဖျက်ဆီးနေတာပဲ...


လေထဲတွင်ရွေ့လျားနေပြီး သူ့မြင်ကွင်းထဲ၌ အောက်ဘက်ရှိ စစ်ပွဲမီးတောက်များကိုတွေ့လိုက်ရသည်။


ထူထဲသောငရဲစွမ်းအင်များသည် တိမ်လွှာများအဖြစ်ပြောင်းလဲသွားကာ အရာရာတိုင်းကိုဖုံးလွှမ်းနေသည်။


ရူးသွပ်နေသော နတ်ဆိုးကင်းမြှီးကောက်များသည် တောင်ပိုင်းဒေသရှိ ရူးနှမ်းလှသောလူများကိုသတ်ဖြတ်ကာ လှည့်လည်သွားလာနေကြသည်။


ကျောက်ခရမ်းအကြီးအကဲသည် ဤနေရာရှိလူများကိုသနားဖို့ကောင်းသည်ဟုခံစားမိ၍ ကောင်းကင်ကိုအပြစ်တင်၍ သက်ပြင်းချလိုက်သည်။


ပုန်းကွယ်နဂါးကောင်းကင်ဝင်ပေါက်၏အဓိပ္ပါယ်သည် ဤနေရာများကို ပျက်သုဉ်းခြင်းအကျဉ်းထောင်ရဲ့ကျူးကျော်မှုမှကာကွယ်ရန်ဖြစ်သည်။


သို့သော် ကောင်းကင်ဖြတ်ကျော်အတိဒုက္ခသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှမကောင်းဆိုးဝါးများကိုမတားဆီးနိုင်ကြောင်း ကျောက်ခရမ်းအကြီးအကဲရှင်းရှင်းလင်းလင်းသိနေသည်။


ထိုမကောင်းဆိုးဝါးများသည် ဤကမ္ဘာကြီးကို အမြဲတမ်းကျူးကျော်ချင်နေကြသည်။ ထိုသို့သာဖြစ်သွားပါက အခြေအနေများသည် ၍ ကြောက်မက်ဖွယ်ကောင်းလာမည်ဖြစ်သည်။


ယခုအချိန်တွင် သူလုပ်နိုင်သည့်အရာမှာ သူ၏မိသားစုကိုကာကွယ်ရန်နှင့် သူ၏ကျင့်ကြံဆင့်ကိုမြှင့်တင်ရန်ဖြစ်သည်။ ထိုမှသာ သူသည်အနာဂတ်တွင် ခိုလှုံနိုင်ရန် နေရာတစ်ခုရှာနိုင်မည်ဖြစ်သည်။


"ဒီတော့... ငါက ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကို ဖျက်ဆီးပစ်သင့်တာပေါ့..."


ကျောက်ခရမ်းအကြီးအကဲ၏မျက်လုံးများသည် မကောင်းသောရည်ရွယ်ချက်များဖြင့်တောက်ပသွားသည်။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်ကိုဖြတ်သန်းပြီး ပုံရိပ်ယောင်စိတ်ဝိဉာဉ်နွံအိုင်သို့ဦးတည်လိုက်သည်။


သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ကျောက်ခရမ်းအကြီးအကဲသည်လေ အလင်းအင်ပါယာမှ ပုံရိပ်ယောင်စိတ်ဝိဉာဉ်နွံအိုင်သို့ရောက်ရန် အချိန်အကြာကြီးမလိုပေ။


ခဏအကြာတွင် သူ့မြင်ကွင်းထဲ၍ရေအိုင်တစ်ခုပေါ်လာသည်။ နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်က ထိုနေရာသို့မတိုက်ခိုက်သေးသဖြင့် ထိုနေရာသည် လေအလင်းအင်ပါယာနှင့်မတူပဲအေးချမ်းနေသည်။ ထို့ကြောင့် စစ်ပွဲမီးတောက်သည် သူထင်ထားသလောက်မကြာမြင့်သေးသည်ဟု ပြောနိုင်လေသည်။


ဝုန်း ဝုန်း


အဝေးတစ်နေရာမှ ရေနွေးငွေ့များမြင့်တက်လာကာ သူ့မျက်နှာကို ရိုက်ခတ်လာသည်။


ပုံရိပ်ယောင်စိတ်ဝိဉာဉ်နွံအိုင်သည် အဆုံးမဲ့ပင်လယ်၏အနီးတွင်ရှိသည်။ ပင်လယ်ရေလှိုင်းများ၏အငံဓာတ်သည် ကျောက်ခရမ်းအကြီးအကဲကိုမျက်မှောင်ကြုတ်စေသည်။


နောက်ဆုံးတွင် သူသည် မြွေလူသားမြို့တော်သို့ရောက်ရှိလာပြီဖြစ်သည်။


လေအလင်းအင်ပါယာမြို့တော်နှင့်ယှဉ်လျှင် မြွေလူသားမြို့တော်သည် အနည်းငယ်အကြမ်းထည်ဆန်သော်လည်း ခုခံအားပိုကောင်းလေသည်။


ကျောက်ခရမ်းအကြီးအကဲရောက်ရှိလာသည်နှင့် သူ၏မျက်လုံးများ တောက်ပလာသည်။


ဒီမှာပဲ... ဒီနေရာမှာရှိနေတာ....


ခေါင်းမော့လိုက်သည်။ သူ့လက်ဖဝါးပေါ်တွင် အက်ကွဲကြောင်းတစ်ခုထွက်ပေါ်လာပြီး တောက်ပနေသောမျက်လုံးတစ်လုံးထွက်ပေါ်လာသည်။


"ဟုတ်တယ်.... ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ရဲ့အော်ရာက ဒီမြို့ကြီးထဲမှာရှိတယ်...."


မျက်လုံးသည် စိတ်လှုပ်ရှားနေပုံပေါ်ပြီး သူ၏အသံသည် အက်ကွဲနေပြီးပဲ့တင်ထပ်နေသည်။


"ဒီမြို့ကြီးထဲမှာတဲ့လား..."


ကျောက်ခရမ်းအကြီးအကဲသည် သူ့အောက်ရှိ မြွေလူသားမြို့တော်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။


ခဏအကြာတွင် သူသည် မြွေလူသားမြို့တော်ထဲသို့ခုန်ဆင်းလိုက်ရန်ဆုံးဖြတ်လိုက်သည်။


ကျောင်ခရမ်းအကြီးအကဲခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်တွင် ထူးဆန်းသည့်စွမ်းအင်လှိုင်းများထုတ်လွှတ်နေသော အဝေးရှိတစ်နေရာကိုကြည့်လိုက်သည်။


သူ့လက်ဖဝါးပေါ်ရှိမျက်လုံးသည် အဆက်မပြတ်လည်လာတော့သည်။


"အဲ့ဒီ့အော်ရာ... ဒါ...ဒါက သွားတော့... အဲ့ဒီ့မတည်ငြိမ်တဲ့ပေါက်ကွဲမှုဆီသွားစမ်း... မြန်မြန်လေး..."


နတ်ဆိုးမျက်လုံးက ကြောက်လန့်တကြားအော်လိုက်သည်။


ကျောက်ခရမ်းအကြီးအကဲ စိတ်ရှုပ်ထွေးသွားသည်။ 


ဒီနတ်ဆိုးမျက်လုံးအတွက် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုဖျက်ဆီးဖို့ထက်အရေးကြီးတာရှိသေးတာလား....


ဘာပဲဖြစ်ဖြစ် နတ်ဆိုးမျက်လုံးကသူ့ကို အဲ့နေရာကိုသွားဖို့ပြောရင် သူသွားရမှာပေါ့...


ရှေ့သို့လှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာရွေ့လျားစေလိုက်သည်။



သွေးနီရောင်ရေများရှိသောရေကန်သည် လှိုင်းအနည်းငယ်သာရှိပြီးတည်ငြိမ်နေသည်။


ပုဖန်သည် လှေ၏အစွန်းတစ်ဘက်တွင် ခြေချိတ်ထိုင်နေကာ အသက်ပုံမှန်ရှူနေသည်။


အောင်းပိုင်အဖြစ်ပြောင်းလဲသွားသော ရွှေပုစွန်နှင့် အသားထူထူကင်းမြီးကောက်တို့ နှစ်ကောင်သည် လှေ၏အခြားဘက်ခြမ်းတွင်ထိုင်နေကြသည်။


သူတို့နှစ်ယောက်လုံး ကြောက်နေပုံပေါ်သည်။ ရေကန်အတွင်းမှမြင့်တက်လာသော လေပူဖောင်းများကိုကြည့်ပြီး နှစ်ကောင်စလုံးသက်ပြင်းရှိုက်မိလိုက်သည်။


ဒီရေကန်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်တာပဲ...


သွေးရေတွေကလည်း သူတို့ကို မပျံသန်းနိုင်စေရန်လုပ်ထားပြီး သူတို့၏ကျင့်ကြံခြင်းအဆင့်များကိုလည်း ဖိနှိပ်ထားသည်။


ထိုအချိန်တွင် သူတို့၏ ကိုယ်ခန္ဓာကြံခိုင်မှုမှလွဲ၍ မည်သည့်စွမ်းအင်ကိုမျှသုံးလို့မရပေ။ စွမ်းအင်ကြိအသုံးပြုရသည့် ကျင့်ကြံသူများအနေဖြင့် ယခုအခြေအနေသည် ညှင်းပန်းနှိပ်စက်နေသည်နှင့်တူနေသည်။


လှေငယ်လေးသည် လှုပ်လီလှုပ်လဲ့ဖြင့် ရှေးဟောင်းပုံစံသင်္ဘောများထံသို့ တဖြေးဖြေးချင်း လွင့်မျောနေသည်။


ဗွမ်း ဗွမ်း


လှေပတ်ပတ်လည်တွင် ပူဖောင်းများစွာထွက်ပေါ်လာသည်။ခဏအကြာတွင် အရိပ်များစွာကသူတို့ကို ဝိုင်းအုံလာကြသည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်သည် လေအေးတစ်ချက်ရှုလိုက်သည်။ သူတို့သည် ထိုအရိပ်များလာနေသည်ကိုကြောက်နေကြသည်။


ထိုသတ္တဝါများသည် သူတို့ကို အန္တရာယ်ရှိသော ခံစားချက်ကိုပေးစွမ်းနေသည်။ သူတို့သာရေကန်ထဲပြုတ်ကျသွားခဲ့ပါက ထိုအရိပ်များကသူတို့ကိုချက်ချင်းသတ်ပစ်လိုက်မည်ဖြစ်သည်။


ဆွစ်


သွေးရေများ လွင့်စင်သွားကာ ရက်စက်ကြမ်းကြုတ်သော စိတ်ဝိဉာဉ်သားရဲတစ်ကောင်ထွက်ပေါ်လာသည်။


အောင်းပိုင်၏ဝိဉာဉ်နှင့်ခန္ဓာကိုယ်တစ်ခုလုံးတသိမ့်သိမ့်တုန်ရှိသွားသည်။ထိုသားရဲများသည် ရက်စက်ကြမ်းကြုတ်သော စိတ်ဝိဉာဉ်သားရဲများဖြစ်ကြသည်။


သွေးကျောက်ပုစွန်...


ထိုသွေးကျောက်ပုစွန်များသည် လက်သုံးဖက်စာမျှလောက်မကြီးသော်လည်း ၎င်းတို့၏လက်မများသည် ကျဉ်းမြောင်းချွန်ထက်သော သွားများဖြင့်ပြည့်နေသည်။ လူများသည် ၎င်းတို့ကိုကြည့်လျှင် အေးစိမ့်စိမ့်ခံစားသွားရစေသည်။


သွေးကျောက်ပုစွန်တွေက မျိုးတုန်းခါနီးနေပြီလေ.. ဘယ်လိုလုပ် ဒီလိုဝေးလံခေါင်းပါးတဲ့ တောင်ပိုင်းဒေသမှာပေါ်လာရတာလဲ...


အောင်းပိုင် စိတ်ရှုပ်သွားသည်။


သူရေထဲပြုတ်ကျမသွားခဲ့သည့်အတွက် အလွန်ကံကောင်းသည်ဟုခံစားလိုက်ရသည်။ သူသာပြုတ်ကျသွားပါက ထိုသွေးကျောက်ပုစွန်များက သူ့ကိုဝန်းရံကာ အရှင်လတ်လတ် အရေခွံခွာပေလိမ့်မည်။ 


သွေးကျောက်ပုစွန်များသည် အုပ်စုလိုက်နေထိုင်ကြသည်။ တစ်စုံတစ်ယောက်က သူတို့၏ပိုင်နက်ကိုကျူးကျော်ပါက ထိုလူကိုဖြေးဖြေးချင်း အစိတ်စိတ်အမြွှာမြွှာပိုင်းဖြတ်ပြီး သတ်ပစ်လေ့ရှိသည်။ 


အဆုံးမဲ့ပင်လယ်တွင် သွေးပုစွန်များလာသည်နှင့် သက်ရှိတိုင်းဝေးဝေးပြေးရမည်ဟူသော ဒဏ္ဍာရီရှိပေသည်။


သို့သော်


ပုစွန်ဘိုးဘေးသည် ထိုသွေးကျောက်ပုစွန်မျိုးနွယ်စုများကို အဆုံးမဲ့ပင်လယ်ထဲသို့နှင်ထုတ်ခဲ့ပြီးပြီဖြစ်ကာ ထိုမျိုးနွယ်စုသည် အမြစ်ပြတ်သုတ်သင်ခြင်းခံခဲ့ရပြီးဖြစ်သည်။ သို့သော် တောင်ပိုင်းဒေသရှိဤရေကန်ထဲတွင် သွေးကျောက်ပုစွန်များစွာရှိနေသည်။


အောင်းပိုင်၏မျက်နှာသည် ဖြူဖျော့သည်ထက်ဖြူဖျော့လာသည်။


"နံစော်နေတဲ့ပုစွန်ကောင် .. မင်းကပုစွန်ဖြစ်ပြီး သူတို့ကလဲပုစွန်တွေလေ... သူတို့ကမင်းရဲ့ဆွေမျိုးဆိုတော့ သူတို့ကိုထွက်သွားဖို့ပြောလို့ရလား..."


နတ်ဆိုးကင်းမြီးကောက်က တုန်တုန်ရီရီဖြင့်ပြောလိုက်သည်။


နတ်ဆိုးကင်းမြီးကောက်သည် ထိုသွေးကျောက်ပုစွန်များအကြောင်းမသိသော်လည်း အန္တရာယ်အငွေ့အသက်ကိုခံစားနေရဆဲဖြစ်သည်။ မတိုင်မီ သူရေကန်ထဲပြုတ်ကျသွားစဉ်က ထိုအကောင်များကသူ့ကို အန္တရာယ်ရှိသည့်ခံစားချက်ကိုပေးနေပြီး သေခြင်းအငွေ့အသက်များကိုခံစားလိုက်ရသဖြင့် သူ့ကို သူ၏အစစ်အမှန်ခန္ဓာကိုယ်အဖြစ်အသွင်ပြောင်းသွားစေပြီး ရေကန်ထဲကအမြန်ခုန်ထွက်ခဲ့ရခြင်းဖြစ်သည်။


"အရူးကောင်.. မင်းကဝက်လားကွ... ငါကရွှေပုစွန် သွေးကျောက်ပုစွန်မဟုတ်ဘူးကွ... ငါတို့သာစကားပြောလို့ရရင် သူတို့လက်မကြီးတွေကိုဒီလိုပြနေပါ့မလား... အဲ့တာဆိုမင်းမှာလဲ လက်မတွေရှိတော့ ဘာလို့များသူတို့ကိုစကားမပြောကြည့်ရတာလဲ..."


အောင်းပိုင် မျက်ဆန်လှန်လိုက်ပြီး နတ်ဆိုးကင်းမြီးကောက်လူကြီးကိုအော်လိုက်သည်။


နတ်ဆိုးကင်းမြီးကောက် ကြောင်အသွားသည်။


လက်မတွေရှိတာနဲ့ပဲ သူတို့ကအမျိုးတွေလိုဆိုလိုတာလား...


ဒီထူးထူးဆန်းဆန်းပုစွန်ကောင်က ဘယ်လိုလုပ် ဒီလိုချိတ်ဆက်တွေးမိသွားတာလဲ...


လှေငယ်လေးပေါ်တွင် ပုဖန်သည် သွေးကျောက်ပုစွန်များကိုသတိပြုမိလိုက်သည်။ သူ၏တည်ငြိမ်နေသောစိတ်နှလုံးသည်ပင် တုန်ရီသွားကာ မျက်လုံးဖွင့်လိုက်ပြီး လှေပတ်ပတ်လည်တွင်ရှိသော သွေးကျောက်ပုစွန်များကိုကြည့်လိုက်သည်။ သူကြည့်လေလေ ပိုပြီးစိတ်လှုပ်ရှားလာလေလေဖြစ်သည်။


"ကျောက်ပုစွန်ကြီးတွေလား..."


ပုဖန်ကြောင်အသွားမိသည်။ ဤကန်ထဲ၌ ကျောက်ပုစွန်များရှိမည်ဟု မတွေးမိခဲ့ဖူးပေ။


ထိုသွေးကျောက်ပုစွန်များအကြောင်းတွေးမိလိုက်သည်နှင့် သူ့မျက်လုံးများပိုမိုတောက်ပလာသည်။ သူတံတွေမြိုချလိုက်ပြီး သူ၏အာဒမ်ပန်းသီး(လည်စိ)သည် အထက်အောက်ရွေ့လျားသွားပေသည်။


ကျောက်ပုစွန်အစပ်လား.. ကျောက်ပုစွန်စတူးလား.. ကျောက်ပုစွန်အလွတ်လား... အရသာဆယ့်သုံးမျိုးလောက်လုပ်စားလို့ရတယ်... စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ...


မူလကပုဖန်သည် သူထိုကဲ့သို့စားကောင်းသောက်ဖွယ်ရာများကိုစားခွင့်ရမည်ဟုမတွေးခဲ့ဖူးပေ။ သို့သော် ဤရေကန်ထဲ၌ ကျောက်ပုစွန်များစွာရှိမည်ဟု မည်သူကသိမည်နည်း။ ထိုကျောက်ပုစွန်များသည် လှပသော ပါဝင်ပစ္စည်းများဖြစ်ကြသည်။


ထိုကျောက်ပုစွန်များက အလွန်ကြီးမားနေပုံပေါ်သော်လည်း ပုဖန်၏စားချင်စိတ်အပေါ်သက်ရောက်မှုမရှိပေ။ သူသည် သွားရည်ယိုနေပြီဖြစ်ကာ ချက်ပြုတ်ဖို့ယားယံနေပြီဖြစ်သည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်တို့ ပုဖန်၏ မျက်နှာအမူအယာကိုမြင်လိုက်ရသောအခါ ပို၍ကြောက်ရွံ့သွားကြသည်။


ဒီလူသား ကြောက်လွန်းလို့စိတ်လွတ်သွားတာလား... ဒါဘယ်လိုမျက်နှာအမူအယာမျိုးလဲဟ...


ဒီသွားရည်ယိုနေတဲ့မျက်နှာ... သူဘာလုပ်ဖို့စီစဉ်နေတာလဲ... သူတို့သုံးယောက်လုံး ဒီသွေးကျောက်ပုစွန်တွေကြောင့်သေသွားနိုင်တယ်ဆိုတာမသိဘူးလား....


သူတို့ပတ်ပတ်လည်မှာ သွေးကျောက်ပုစွန်တွေအများကြီးရှိနေတာလေ ဒီလှေငယ်လေးက ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲ... သွေးကျောက်ပုစွန်တစ်ကောင်သာခုန်တက်လာရင် ဒီလှေလေးကမြုပ်သွားပြီး သွေးကျောက်ပုစွန်တွေကလူတွေမပြောနဲ့ လှေလေးကိုတောင်ဝါးမျိုပစ်လိမ့်မယ်....


ဒီရေကန်က ‌ေ-ာက်ရမ်း ထူးဆန်းတာပဲ...


သူတို့ပျံသန်းလို့မရတာကနားလည်လို့ရပါတယ်... ဒါပေမယ့် သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်တွေကိုဖိနှိပ်ထားတာကဘာလုပ်တာလဲ... အဲ့အပြင် သူတို့ရဲ့စွမ်းအင်တွေကိုသုံးပြီး ရေကန်ကိုဖြတ်လို့မရရင် ဘာကိစ္စကြောင့် ရေကန်ထဲမှသွေးကျောက်ပုစွန်တွေအများကြီးရှိနေရတာလဲ...


သူတို့က သွေးကျောက်ပုစွန်တွေရဲ့ ကြီးမားတဲ့လက်မကြီးတွေကို စွမ်းအားမရှိပဲရင်ဆိုင်ရတော့မယ်... ဒါက ကျောက်ပုစွန်တွေကိုအစာကျွေးဖို့မိုင်ထောင်ပေါင်းများစွာကနေ ဒီနေတကူးတကလာရတာနဲ့မတူဘူးလား...


"ဟေ့လူသား မင်းမပြုံးနဲ့တော့... မင်းအပြုံးကြီးကကြောက်ဖို့ကောင်းနေတယ်... ဒီအချိန်မှာ သွေးကျောက်ပုစွန်တွေကငါတို့ကိုစားချင်နေတာ... ငါတို့ကသွေးကျောက်ပုစွန်တွေကိုစားချင်နေတာမဟုတ်ဘူးကွ... နည်းနည်းပါးပါးကြောက်နေတဲ့မျက်နှာလေးတော့ပြပါဦးလား..."


အောင်းပိုင်သည် ထိုကောင်လေးက ငတုံးဖြစ်နိုင်တယ်ဟုတွေး၍ ကိုယ့်ကိုကိုယ်နှစ်သိမ့်နေလိုက်သည်။


ပုဖန်သည် ထိုသွေးကျောက်ပုစွန်များကို ဘယ်လိုမျှားရမလဲဟူ၍ အတွေးများနေရင်း အောင်းပိုင်ကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။


လှေငယ်လေးသည် ဆက်လက်ရွေ့သွားချင်သော်လည်း ရေပြင်ပေါ်သို့ခုံးတက်နေကြသော သွေးကျောက်ပုစွန်များက လုံးဝမလှုပ်ပေ။ သူတို့၏မျက်လုံးများသည် လှေပေါ်ရှိ အဆီပြည့်နေသောအသားသုံးတုံးကိုကြည့်ပြီး လည်နေကြသည်။


ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ခဏအကြာတွင် သူ့နှုတ်ခမ်းထောင့်ကွေးညွတ်သွားကာ စနစ်၏သိုလှောင်အိတ်ထဲတွင် ဂရုတစိုက်ထည့်ထားသော ငါးမျှားတံကိုထုတ်ယူလိုက်သည်။


ငါးမျှားကြိုးကိုချိတ်ထားပြီးပြီဖြစ်၍ သူလုပ်ရန်လိုသည်မှာ သွေးစိုနေသောစိတ်ဝိဉာဉ်သားရဲကို ငါးမျှားချိတ်တွင်ချိတ်ရန်သာဖြစ်သည်။ ငါးစာချိတ်ပြီးနောက်တွင် သူသည် ကြိုးကိုဝေ့ယမ်းလိုက်ကာ သူနှင့်သိပ်မဝေးသောနေရာသို့ပစ်လိုက်သည်။


ဗွမ်း ဗွမ်း


ရုတ်ချည်းပင် သွေးကျောက်ပုစွန်များ ဗြောင်းဆန်သွားတော့သည်။


ထိုအကောင်များသည် သွေးနံ့ရသွားပုံပေါ်ကာ ငါးမျှာချိတ်ထံသို့အလျှင်အမြန်ဦးတည်၍ ထိုအသားပိုင်းကိုကိုက်ရန်ကြိုးစားကြလေသည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်လူတို့ ကြောင်အသွားကြသည်။ ထိုလူသားဤကဲ့သို့လုပ်မည်ဟု သူတို့လုံးဝမတွေးမိခဲ့ကြချေ။


ခဏနပေါဦး...


ဒီလူသား ဘာ‌ေ-ာက်လုပ်တွေလုပ်ချင်နေတာလဲ... သူဘာတွေလုပ်နေတာလဲ...


ကျောက်ပုစွန်တွေကိုဖမ်းမှာလား...


သူသေချင်နေတာပဲ...


သူလှေပေါ်မှာပဲနေနေသင့်သည်။ ထိုသွေးကျောက်ပုစွန်များသည် သူတို့လှေပေါ်ရှိနေသမျှကာလပတ်လုံးမတိုက်ခိုက်ရဲသည့်ပုံပေါ်သည်။


ဒါပေမယ့်... ဒီလူသား သွေးကျောက်ပုစွန်တွေကိုဘာကိစ္စကြောင့်ဖမ်းချင်နေရတာလဲ...


အဲ့ကောင်တွေကိုစားစရာများထင်နေတာလား..


ထိုလူသား တန်ခိုးရှင်သွေးကျောက်ပုစွန်တစ်ကောင်ကိုဖမ်းမိသည်နှင့် သူတို့၏ကျင့်ကြံခြင်းအဆင့်များဖိနှိပ်ခံထားရသည်ကိုထည့်မပြောပဲနှင့်ကို သူတို့သုံးယောက်လုံး ထိုသွေးကျောက်ပုစွန်၏လက်များကြားတွင် မကျွတ်လွတ်သောဝိဉာဉ်များဖြစ်သွားမည်မှာ သေချာလှပေသည်။


ပုဖန်သည် အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်လူတို့၏ ကြောက်လန့်တကြားအမူအယာများကို ဂရုပင်မစိုက်ချေ။ 


သူကျောက်ပုစွန်ဖမ်းတာ သူတို့ကိုအနှောင့်အယှက်ဖြစ်စေလို့လား... ဘာပဲဖြစ်ဖြစ် သူကျောက်ပုစွန်အစပ်ချက်ပြီးတာနဲ့ သူတို့နှစ်ယောက်အတွက် လုံးဝကိုဝေစုမရစေရဘူး...


ဝီး


ရုတ်တရက် သူ့ငါးမျှားကြိုးတင်းလာသည။ သူ့ငါးမျှားချိတ်မှာတစ်ခုခုတော့ချိတ်မိနေပြီဖြစ်သည်။


ပုဖန်၏မျက်လုံးများတောက်ပလာသည်။ ခဏအကြာတွင် သူသည် အားသုံး၍ ဆွဲမလိုက်သည်။


ဗွမ်း ဗွမ်း


သွေးကျောက်ပုစွန်သည် ပတ်ပတ်လည်ကို သွေးနီရောင်ရေများဖြန်းပက်နေသည်။


အမှန်တကယ်တွင် ပုဖန်သည် ငါးမျှားကြိုးကိုဆွဲပြီးသည့်နောက်တွင် သွေးကျောက်ပုစွန်တစ်ကောင်ဖမ်းမိခဲ့သည်။ ၎င်းသည် လေထဲတွင် တန်းလန်းဖြစ်နေကာ ၎င်း၏ ခြေထောက်များနှင့် ကြီးမားသည့်လက်မများကို ဝေ့ယမ်းနေသည်။


ဒီကျောက်ပုစွန်ရဲ့အခွံအောက်မှာအသားတွေအများကြီးရှိမယ့်ပုံပဲ...


ပုဖန်၏မျက်လုံးများတောက်ပလာသည်။


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်လူကြီးသည် အလွန်ကြောက်လန့်နေကြကာ အချင်းချင်းဖက်မိလုနီးပါးဖြစ်နေသည်။


ဒီ‌ေ-ာက်ကျိုးနည်းလူသား... သူကတကယ့်ကို ရူးနေတာပဲ...


သူကသူတို့နဲ့အတူတူမြေမြှုပ်ခံချင်နေတာ... ဟုတ်တယ်မလား...


ပုဖန်ဖမ်းလိုက်သော သွေးကျောက်ပုစွန်ကြီးသည် ပထမကကြောင်အသွားသော်လည်း ခဏအကြာတွင် ၎င်း၏မျက်လုံးများမှ အလင်းရောင်များအလင်းရောင်များထွက်ပေါ်လာပြီး ကျဉ်းမြောင်းသော်လည်း ကြီးမားချွန်ထက်နေသာ လက်မကြီးကိုဖွင့်လိုက်သည်။


ကန့်သတ်ချက်အချို့ရှိနေ၍ ထိုသွေးကျောက်ပုစွန်သည် လှေငယ်လေးကိုမတိုက်ခိုက်နိုင်ပေ။


သို့သော် တစ်စုံတစ်ယောက်ကသေမှာမကြောက်ပဲ သူ့ကိုလှေပေါ်ဖမ်းခေါ်လာလျှင် သွေးကျောက်ပုစွန်သည် တုံ့ဆိုင်းမှုမရှိပဲအကုန်လုံးကိုသတ်ပစ်မည်ဖြစ်သည်။


အဖမ်းခံရသောသွေးကျောက်ပုစွန်သည် ၎င်း၏လက်မကြီးများကိုမြှောက်လိုက်သောအခါ ကြောက်မက်ဖွယ်သတ်ဖြတ်လိုသောအော်ရာထွက်ပေါ်လာသည်။ ထိုအော်ရာသည် သူတို့သုံးယောက်လုံးကို တစ်စစီစုတ်ဖြဲတော့မလိုပင်ဖြစ်နေသည်။


လေထဲရှိ သွေးကျောက်ပုစွန်ကြီးက ၎င်း၏လက်မကြီးများကိုဟလိုက်ကာ ညှပ်လိုက်ရန်လုပ်နေပြီး အော်ဟစ်လိုက်သောကြောင့် အောင်းပိုင် ဖြူဖျော့သွားသည်။ အဆုံးမဲ့ပင်လယ်ရှိ ရွှေပုစွန်မျိုးနွယ်စု၏ တတိယမင်းသားဖြစ်သောသူသည် ပုစွန်တစ်ကောင်၏ခြောက်လှန့်ခြင်းခံရမည်ဟု တစ်ခါမှမတွေးဖူးချေ။


ဒီလူက သွေးကျောက်ပုစွန်ကိုလေထဲကို ဒီတိုင်းလေးဆွဲတင်လိုက်တာပဲ...