အခန်း၁၇၁
Viewers 12k

Chapter 171

(ဆုပေးပွဲမှာ လက်ထပ်ခွင့်တောင်းခြင်း)



မကြာခင်မှာ၊ဆုပေးပွဲကျင်းပမည့်နေ့ ရောက်လာသည်။ထိုရက်က ပိတ်ရက်မဟုတ်ပေ။ ကံကောင်းထောက်မစွာ၊ လင်းယောင်ယောင် သည် ယခု ဆရာကြီး ချိုက်ယူဟုန် အဆင့်နှင့် ယှဉ်နိုင်သော အစားအသောက်ကုထုံးတွင် ဂရန်းမာစတာအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ သူမသည် အစားအသောက်ကုထုံးဌာနတွင် လွတ်လပ်မှုများစွာရှိသည်။ semester တစ်ခုစီတိုင်း၏ အဆုံးတွင် စာမေးပွဲဖြေရန်သာလိုအပ်ပြီး အခြားအချိန်များတွင် သူမလုပ်ချင်သမျှကို လုပ်နိုင်သည်။


သို့သော်လည်း သူမသည် မဟာမာစတာအဆင့်သို့ ရောက်ရှိသွားသည်ဆိုသောအချက်ကို လူသိရှင်ကြား မထုတ်ပြန်ခဲ့ပေ။ ဆရာကြီး ချိုက်ယူဟုန်နှင့် သူမ၏ အရေးအကြီးဆုံး ဆွေမျိုးများနှင့် သူငယ်ချင်းများသာ ထိုအကြောင်းကို သိထားကြသည်။ထို့အပြင် လက်ရှိ အင်ပါယာတွင်၊ဂရန်းမာစတာအဆင့် အစားအသောက်ကုထုံးပညာရှင် ချိုက်ယူဟုန် ရှိသည်။ သူ့အလုပ်က စစ်ပညာရေး အကယ်ဒမီ၏ သင်ကြားရေးပိုင်းအပြင် သုတေသနများနှင့် ရာထူးကြီးပိုင်းထဲက လူကြီးများအတွက် လစဉ် ဖြည့်စွက်စာ ကျွေးရသည်။ သူမ၏ အဆင့်အမှန်ကို အများသိအောင် ထုတ်ဖော်လိုက်မည်ဆိုလျှင် သူမပါ ဒုက္ခခံရနိုင်၏။ သူမက မာစတာအဆင့် အစားအသောက်ကုထုံးပညာရှင်ဟု ရာထူးတိုးကြောင်း ကြေညာထားရုံနှင့်တင် လူအများက သူမကို အံ့သြပြီး သဘောကျနေပြီဖြစ်သည်။


စုချင်းဟယ် သည်လည်း မာစတာဖြစ်၍ ကျောင်းစာများတွင် သူမနှင့် အလားတူလွတ်လပ်မှုရှိသည်။လင်းယောင်ယောင် မှာလည်း နောက်ထပ် လုပ်ပိုင်ခွင့်တစ်ခုရှိသည်။ သူမ ဆန္ဒရှိပါက၊ဖြေဆိုဖို့ ကျန်ရှိနေသေးသော အဓိကအကဲဖြတ်မှုစာမေးပွဲများကို ကြိုတင်ဖြေဆိုနိုင်သည်။စာမေးပွဲများ စောစောအောင်လျှင် စောစော ဘွဲ့ရနိုင်သည်။ သို့သော်လည်း လင်းရွှမ် နှင့် အခြားမိသားစုဝင်များက သူမအား စောစီးစွာဘွဲ့ရဖို့ ပြောလာခြင်းမရှိပေ။သူမသည် ကျောင်းသားဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့သာ မျှော်လင့်ကြသည်။


လင်းရွှမ် ၏ ဆုပေးပွဲအခမ်းအနားကို အင်ပါယာတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်နေကြောင်း လင်းယောင်ယောင်  မသိခဲ့ပေ။ သူမ သိသည်က ဤအချိန်သည် လင်းရွှမ် အတွက် အလွန်အရေးကြီးကြောင်းကိုပင်။ထို့ကြောင့် ရိုးရှင်းသော ဒေါက်မြင့်ဖိနပ်လေးနှင့် သိမ်သိမ်မွေ့မွေ့လေး ဖြစ်သွားစေရန် ရွှေနှင်းဆီရောင် ဂါဝန်လေးကို အထူးဝတ်ဆင်ထားသည်။ ထို့နောက် ရှန်းယွင်ကျင်း သည် သူမ၏ဆံပင်ပုံစံကို ပြောင်းဖို့ နှင့်မိတ်ကပ်ဖုံဖုံလေး လိမ်းရန် အဆင့်မြင့်စတိုင်လ်စတူဒီယိုတစ်ခုသို့ ဆွဲခေါ်သွားခဲ့သည်။ ရှန်းယွင်ကျင်းက လည်း ပြေပြစ်ပြီး ဂုဏ်သိက္ခာရှိစွာပင် ဝတ်ဆင်ထားသည်။


 စစ်ဌာနချုပ်ရှိရာသို့ သွားနေသည့် အမြန်ကားပေါ်တွင် ရှန်းယွင်ကျင်း ၏ စိတ်ရှုပ်နေဟန်တူပြီး တွေးနေပုံရသော  မျက်လုံးများက လင်းယောင်ယောင် အား အနည်းငယ် တုန်လှုပ်သွားစေသည်။ ရှန်းယွင်ကျင်း သည် သူမထံမှ တစ်စုံတစ်ရာကို ဖုံးကွယ်ထားသည်ကို သူမခံစားလိုက်ရသောကြောင့် ရှန်းယွင်ကျင်း အား သံသယမျက်လုံးဖြင့် အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေမိတော့သည်။


လင်းမိသားစု၏မိဘများသည် သူမနှင့် လင်းရွှမ် ၏ဆက်ဆံရေးကို မသိဟန်ဆောင်လေ့ရှိသော်လည်း ယခုအခါ အင်ပါယာတစ်ခုလုံးက ယင်းအကြောင်းကို သိရှိသွားပြီဖြစ်သည်။  ရှန်းယွင်ကျင်း သည် မည်သည့်ထင်မြင်ချက်ကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိသဖြင့် သူမ ထိတ်လန့်သွားခဲ့သည်။  


အမေက ခွင့်ပြုမှာလား...


ရှန်းယွင်ကျင်း သည် သူ့သမီးလေး၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို နမ်းချင်သော်လည်း သူမ၏ မိတ်ကပ်ပျက်သွားမှာကို ကြောက်မိသည်။ ထို့ကြောင့် အနီရောင် လပန်းပွင့်နားကပ်မ၀တ်ထားသည့် ချစ်စရာ နားကပ်လေးတွေကိုသာ ညှစ်ပြီး 


"သမီး အရမ်းလှတာပဲ… ကံကောင်းလိုက်တာ...သမီးအစ်ကိုက အရမ်းစောလွန်းနေတယ်မလား"


လင်းယောင်ယောင် ၏ နားရွက်များ နီရဲလာသော်လည်း ရှန်းယွင်ကျင်း ၏ နောက်ပြောင်သော စကားလုံးများမှ နှစ်သက်လက်ခံသည့် အရိပ်အယောင်ကို သူမ ကြားနေရဆဲပင်။  သူမသည် ရှန်းယွင်ကျင်း ကို အသံတိုးတိုးဖြင့် သတ္တိရှိရှိ မေးလိုကသည်။ 


"အမေက ဘယ်တုန်းက သိတာလဲ"


လင်းရွှမ် က လူသိရှင်ကြား လက်ထပ်ခွင့်တောင်းမည် ဆိုသည်ကို  ရှန်းယွင်ကျင်း သိထားသည်။ မိခင်တစ်ယောက်အနေနှင့် သူမလည်း သားဖြစ်သူကို ကူညီရပေမည်။


သူမ ငယ်စဉ်ကတည်းက ချစ်ခဲ့သော သမီးကို သားဖြစ်သူနှင့် လက်မထပ်စေချင်သောကြောင့် စိတ်ကမပြတ်မသား ဖြစ်နေရ၏။ကံကောင်းစွာနှင့် လင်းယောင်ယောင် သည် သူမ၏ ဘိုးဘေးတို့ကို တရားဝင်အသိအမှတ်ပြုပြီး တစ်ပတ်အတွင်း ဝေ့မိသားစုထံ ပြန်သွားမည်ဖြစ်သည်။ အကယ်၍ လင်းရွှမ် ၏ လက်ထပ်ခွင့်တောင်းခြင်း မအောင်မြင်ပါက၊ လင်းယောင်ယောင် သည် သူမနှင့် သွေးသားရင်းဖြစ်သော ဝေ့မိသားစုထံ ပြန်သွားပေမည်။ သို့သော်လည်း လက်ထပ်ခွင့် တောင်းခြင်းအောင်မြင်ပါက လင်းယောင်ယောင် သည် လင်းမိသားစုတွင်သာ ဆက်ရှိနေမည်ဖြစ်သည်။ထို့နောက် မွေးစားသမီးမှ ချွေးမလောင်းအဖြစ်သို့ ပြောင်းလဲသွားရမည်ဖြစ်သည်။


ရှန်းယွင်ကျင်း ခဏလောက်စဉ်းစားပြီး "တစ်ကယ်တော့ သမီးအဖေနဲ့ အမေက သမီးနဲ့မတွဲခင်ကတည်းက သိခဲ့တာပဲ"


လင်းယောင်ယောင် အံ့သြသွားသည်။ 


"ဟမ် ဘယ်တုန်းက ဘယ်လို သိတာလဲ"


ရှန်းယွင်ကျင်း: "အင်း...သမီးအစ်ကို X-312 မစ်ရှင်မှာ ဒဏ်ရာရသွားတုန်းက...သမီး ပြန်လာတာကို စောင့်မယ်... မဟုတ်ရင် ဆေးကုသခန်းထဲကို ဝင်မှာမဟုတ်ဘူး ဆိုတုန်းကလေ"


လင်းယောင်ယောင် ၏မျက်နှာတစ်ခုလုံး နီရဲနေပြီဖြစ်သည်။ လင်းမိသားစု၏မိဘများသည် ဤမျှစောစီးစွာသိထားမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထိုအချိန်တွင် သူမသည် လင်းရွှမ် ကို အတင်းငြင်းနေဆဲပင်။


 သူမ မိဘတွေက ဘယ်လိုသိတာလဲ...


ရှန်းယွင်ကျင်း သည် သမီးဖြစ်သူက စိုးရိမ်နေသည်ကို ရိပ်မိပြီးပြုံး၍ ဆက်ပြောလိုက်သည်။


 "အဲဒီတုန်းက သံသယဖြစ်စရာလို့ ထင်ခဲ့တာ...မောင်နှမတွေဖြစ်ရက်နဲ့ ဆေးကုသခန်းထဲမဝင်ခင် ဘာလို့ သမီးနဲ့ စကားပြောချင်ရတာလဲ...  နေ့တစ်ဝက် ဒါမှမဟုတ် တစ်ရက်လောက်ကြာမှ ပြောလည်းရတာပဲ...ဒါနဲ့ စောင့်ကြည့်ကင်မရာကနေ ကြည့်ဖို့ စာကြည့်ခန်းထဲကို ဝင်လိုက်တာ...ပြီးတော့ အမေ စိုက်ထားတဲ့ ဂေါ်ဖီထုပ်လေးကို အမေ မွေးထားတဲ့ ဝက်က ခိုးသွားတာကို တွေ့လိုက်ရတာပေါ့...  ဒေါသထွက်လွန်းလို့ သမီး အဖေကို ပြောလိုက်တယ်… လင်းရွှမ် ဆေးကုသခန်းထဲက ထွက်လာတာနဲ့ နေ့တိုင်း သမီး အဖေရဲ့ စစ်တပ်သုံး ကြာပွတ်နဲ့ သူ့ကို ဆော်တာ... သူ့နောက်ကျောတစ်ခုလုံး အရေခွံတွေကွာပြီး ခြေထောက်ကျိုးလုမတတ် ဖြစ်နေပေမယ့် သူက သမီးကို မစွန့်လွှတ်ပါဘူး...အမေတို့လည်း ပြောလို့မရဘူး...  သူ့ကိုလွှတ်ထားလိုက်ရတယ်...သမီး ဆန္ဒမရှိရင် သမီးအဖေက သူ့ကို ရှေ့တန်းကြယ်ပွင့်မှာ အချိန်အကြာကြီး ထားခိုင်းပြီး ပြန်မလာနိုင်အောင် လုပ်မယ်လို့တောင် တွေးခဲ့တာ"


သူမသည် ဤစကားများကို အကြာကြီး မြိုသိပ်ထားခဲ့ရ၏။ယခုအချိန်မှာတော့ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ တည်ငြိမ်နေပြီဖြစ်၍ သူမနှင့် လင်းထျန်းယွဲ့ တို့သည် မိဘများအဖြစ် လင်းယောင်ယောင်ကို ဂရုမစိုက်ဘူးဟု မြင်သွားမှာစိုးမိသည်။ 


လူတစ်ယောက်ကို မကြိုက်လျှင် ထိုလူ သေခါနီးမှာတောင် မျက်မှောင်တစ်ချက်ကြုတ်မှာမဟုတ်ပေ။ကိုယ်ချစ်ခင် နှစ်သက်သည့် လူတစ်ယောက်ဆိုပါက၊ အစားနည်းနည်းပဲစားသည်ဟု ကြားလျှင်တောင် မျက်မှောင်ကြုတ်မိလိမ့်မည်ဖြစ်သည်။


လင်းယောင်ယောင် သည် ဤစကားကို ပထမဆုံးကြားလိုက်သောအခါ သူမ၏ မျက်နှာပေါ်မှာ တုန်လှုပ်ရှက်ရွံ့သောအမူအရာများရှိနေသော်လည်း ခဏအကြာတွင် သူမသည် စိတ်ဆင်းရဲကာ အပြစ်ရှိပုံပေါက်လာသည်။


 ဆေးကုသခန်းမှထွက်ပြီး သုံးရက်အကြာတွင် ဖခင်ဖြစ်သူက လင်းရွှမ် ကို ရိုက်နှက်ကြောင်း သူမ ကြားရသောအခါ၊ထိုစဉ်က ဒေါသထွက်ပြီး  အဘိုးအိမ်သို့သွားနေခြင်းဖြစ်၍ မသိခဲ့သောကြောင့် နောင်တရမိသည်။


လင်းထျန်းယွဲ့ သည် ဖခင်တစ်ယောက်အနေဖြင့် လင်းရွှမ် ကို ရိုက်သောအခါ တိုင်းတိုင်းဆဆသာ လုပ်ခြင်းဖြစ်သည်။ တစ်ကယ်က သူ ထိခိုက်နစ်နာအောင် ဘာမှ မလုပ်ပေ။ သို့သော် အသွေးအ‌သားနှင့်ဖြစ်၍ မည်သူမဆို နာကျင်ကြပေမည်။


မမျှော်လင့်ဘဲ၊ လင်းမိသားစု၏မိဘများသည် မွေးစားသမီးဖြစ်သူကြောင့် သားအရင်းအပေါ် ရက်စက်ခဲ့‌ကြသည်။  လင်းရွှမ် သည် ထိုအချိန်က ဆေးကုသခန်းမှ ထွက်လာခဲ့ပြီး သုံးရက်ကြာအောင်အထိ သူမကို အိမ်ဟောင်းမှာ လာမတွေ့ခဲ့ခြင်း ဖြစ်သည်။ လင်းရွှမ် သူ့အကြောင်းကို တစ်ခါမှ မပြောဖူးအောင် နှုတ်လုံလွန်းလှ၏။


ပြန်တွေးကြည့်လိုက်မှ လင်းထျန်းယွဲ့နှင့် ရှန်းယွင်ကျင်းတို့က ဘာကြောင့် သူမကို ဖုံးကွယ်ထားခဲ့သလဲဆိုသည်ကို လင်းယောင်ယောင် နားလည်သွားပြီ ဖြစ်သည်။ထိုမျှမကဘဲ၊သူမ လင်းရွှမ် ကို မကြိုက်လျှင် မျက်နှာမပျက်ရအောင် တမင်သက်သက် သူမအား ပွင့်ပွင့်လင်းလင်းမပြောဘဲ ထားခြင်းဖြစ်လေသည်။


လင်းယောင်ယောင် ၏ မျက်လုံးများထဲမှ မျက်ရည်များကျလာကာ ရှန်းယွင်ကျင်း လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။


  "အမေနဲ့ အဖေက သမီးအပေါ်အရမ်းကောင်းပေးတယ်..အားလုံးကို ချစ်တယ်"


ရှန်းယွင်ကျင်း က ကလေးမလေး၏ ကျောကို ပွတ်သပ်ပြီး 


"စိတ်မပူပါနဲ့...အမေတို့က သမီးအတွက်  ဆက်ပြီး ကောင်းပေးမယ်...နောက်ဆို သမီး အားရွှမ်နဲ့ ရန်ဖြစ်ရင် သမီးအမေက သမီးဘက်က ခြွင်းချက်မရှိ ရပ်တည်ပေးမှာ သေချာတယ်"


စကားဆုံးသည်နှင့် သူတို့သည် စစ်ဒေသဌာနချုပ်၏ အဆောက်အအုံသို့ ရောက်ရှိနေပြီဖြစ်သည်။သားအမိနှစ်ယောက်၏ နိုင်ငံသားကဒ်များကို အတည်ပြုပြီးနောက် အပေါ်ထပ်ရှိ ခန်းမသို့ သွားလိုက်ကြသည်။ ထို့နောက် စစ်သားများက သူမတို့ကို ပထမတန်း၏ အလယ်မှာရှိသည့် မိသားစု ထိုင်သည့်ဧရိယာမှာ ထိုင်ခိုင်းလိုက်ကြသည်။


လင်းကျန့်ဟိုင် နှင့် လင်းထျန်းယွဲ့ တို့သည် စစ်ဌာန၏ ပထမတန်းတွင် ထိုင်နေကြပြီးဖြစ်ကာ ရှန်းယွင်ကျင်း နှင့် လင်းယောင်ယောင် တို့ကို ခေါင်းညိတ်ပြလိုက်ကြသည်။


အလယ်ဗဟိုတွင် ဆုပေးပွဲအတွက်  ဧရာမစင်မြင့်ကြီးတစ်ခုရှိသည်။


လင်းရွှမ် ကတော့ မပေါ်လာသေးပေ။ MC သည် စစ်တပ်ထဲဝင်လာကတည်းက  စွမ်းဆောင်အောင်မြင်ခဲ့သော လင်းရွှမ် ၏ အောင်မြင်မှုအမျိုးမျိုးကို ဖတ်ကြားနေသည်။  စင်မြင့်နောက်ကွယ်ရှိ ကြီးမားသော ဟိုလိုဂရပ်ဖစ်စခရင်သည် ထိုအောင်မြင်မှုများ၏ ဗီဒီယိုအတိုများကို ပြသထားပြီး၊ အများအားဖြင့် စစ်သင်္ဘောမှ ဗီဒီယိုမှတ်တမ်းများနှင့် သူ့ရဲဘော်များ၏ မက်ခါများမှလည်း ပြသထားသည်။ ထိုဗီဒီယိုများတွင် လင်းရွှမ် သည် သည်းကြီးမည်းကြီး တိုက်ပွဲဝင်လျက်ရှိသည်။


စစ်တပ်မှာနေစဉ်၊ ဆယ်နှစ်ကျော်ကာလအတွင်း လင်းရွှမ် သည်  စစ်ပွဲပေါင်း 520 ကို အနိုင်ရခဲ့ပြီး ဆေးကုသခန်းထဲကို 134 ကြိမ်ဝင်ခဲ့ရသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပိုမိုအားကောင်းလာပြီး တိုက်ပွဲတစ်ခုပြီးသွားတိုင်း အရင်တိုက်ပွဲကလို ကြိုးစားကာ အသက်ရှင်ဖို့ ရုန်းကန်နေစရာ မလိုတော့ပေ။ လွန်ခဲ့သည့် 2နှစ် သို့မဟုတ် 3နှစ်အတွင်းတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ဆေးကုသခန်းထဲသို့ ဝင်ခဲ့ရသည့် အကြိမ်အရေအတွက်က တဖြည်းဖြည်း လျော့နည်းလာသည်။ ဗီဒီယိုထဲတွင် အနိမ့်ဆုံးအဆင့် စစ်သားမှ အင်ပါယာ၏ ကြယ်တစ်ပွင့် ဗိုလ်ချုပ်အထိ သူ၏ တိုးတက်မှုကို ပြသခဲ့သည်။  


လင်းယောင်ယောင် သည် မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို အမှတ်ရနေမိသည်။ ဘွဲ့ရပြီးကတည်းက သူ့အစ်ကိုအကြီးဆုံးက တစ်နှစ်ပတ်လုံး ရှေ့တန်းရောက်နေမှန်း သူမသိသည်။ သူက အိမ်ပြန်လာခဲပြီး ရံဖန်ရံခါ ပြန်လာလျှင်လည်း သူ့မျက်နှာမှာ အေးစက် လေးနက်ပြီး ကြင်နာမှုကင်းမဲ့သော အကြည့်များ ရှိနေ၏။သို့သော်၊သူသည် သွေးတွေ အများကြီး ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာ အများကြီးရထားကာ သူ၏အေးစက်သော မျက်နှာနောက်မှာ ဤသို့ ခံစားရမည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။


စားနပ်ရိက္ခာမရှိ၍ အလွန်ဗိုက်ဆာသောအခါ လင်းရွှမ် နှင့် သူ၏ရဲဘော်များသည် လက်ကောက်ဝတ်များကိုသာ ဖြတ်ပြီး ကိုယ့်သွေးများကို သောက်ကြရသည်။ သို့မဟုတ် ဘာမှမပြုပြင်ရသေးသော အဖျက်စွမ်းအင်များရှိနေသည့် ဇာ့ခ်အသားများကို အစိမ်းမျိုချကြသည်။


လင်းယောင်ယောင် သည် သူမ၏ နှလုံးသားကို တစ်ယောက်ယောက်က လာညှစ်ထားသလို တင်းကျပ်ကျပ်ကြီးဖြစ်လာရ၏။ ဤဗီဒီယိုကိုကြည့်ရှုပြီးနောက်၊ "အရှုံးမရှိသော စစ်နတ်ဘုရား" ဟူသောစကားလုံး၏ နောက်ကွယ်တွင်အခက်အခဲများနှင့်အတားအဆီးမည်မျှရှိခဲ့သည်ကို သူမနားလည်ခဲ့သည်။


သို့သော် လင်းရွှမ် သည် ဘယ်သောအခါမှ မရှုံးခဲ့ပေ။ အဆုံးစွန်သော  အခြေအနေတွင် သူသည် အန္တရာယ်များကို အသေးအဖွဲများအဖြစ်သို့ ပြောင်းလဲကာ အောင်ပွဲရသည်အထိ ဆက်လက်ရှင်သန်နေခဲ့သည်။


သူသည် တိုက်ပွဲများစွာမှ ဒဏ်ရာများစွာ ရရှိခဲ့သည်။ ဗီဒီယိုထဲတွင် တိုက်ပွဲမှတ်တမ်းအချို့ကိုသာ ပြသထားသည်။  ၎င်းတို့ထဲတွင် လင်းရွှမ်၏ 520 မြောက် တိုက်ပွဲ အောင်ပွဲသည် တာဇာကြယ်ကွင်းပြင်ကို ကျူးကျော်ဝင်ရောက်ခြင်း ဖြစ်သည်။သူ၏ 133 ကြိမ်မြောက် ဆေးကုသခန်းထဲသို့ ဝင်ရောက်မှုသည် ယခင်က X-312 ကြယ်ပွင့်မှ ပြန်လာချိန်ဖြစ်သည်။ ဆေးကုသခန်းထဲသို့ 134 ကြိမ်မြောက်ဝင်ရောက်မှုသည် တာဇာကြယ်ပွင့်နယ်မြေမှဧကရာဇ် မက်ရှဲ ကိုရှုံးနိမ့်ပြီးနောက်ဖြစ်သည်။ သူသည် အာကာသကူးပြောင်းခြင်းကို အတင်းအနိုင်ယူကာ အင်ပါယာသို့ ပြန်လာခဲ့သည်။


ထိုအချိန်တွင် လင်းရွှမ် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး နိုးမလာခင် အမည်မသိဂြိုလ်ပေါ်မှာ တစ်ညတာလုံး မေ့မြောနေခဲ့သည်။နိုးလာပြီးနောက် သူသည် အာကာသခလုတ်ရှိ အလင်းခလုတ်တစ်ခုအား ထုတ်ကာ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ထံသို့ အချက်ပြမှုတစ်ခု ပေးပို့ကာ တာဇာကြယ်ကွင်းပြင်၏ အဓိကအချက်များအား အစီရင်ခံခဲ့သည်။ ဆေးကုသခန်းထဲတွင် တစ်ရက်သာ လှဲပြီးနောက် သူသည် အပြင်ထွက်ရန် တောင်းဆိုခဲ့ပြီး မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ နှင့် ဆူးတပ်ဖွဲ့ တို့ကို စုစည်းကာ တာဇာကြယ်ကွင်းပြင် သို့


အမြန်ပြေးသွားခဲ့သည်။


 ဤဗီဒီယိုအပိုင်းသည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ ရှေးဦးသူနာပြုစုသောအဖွဲ့မှ မြင်နေရသော သူ၏ သွေးများဖြင့် ဖုံးလွှမ်းနေသည့် မြင်ကွင်းကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။


လင်းရွှမ် က သူ့အကြောင်းကို တစ်ခါမှ မပြောဖူးပေ။ တာဇာကြယ်ပွင့်နယ်မြေ တွင် သူ့ကို ထပ်မံတွေ့သောအခါ၊ သူသည် အေးဆေးတည်ငြိမ်ပြီး သူမကို နူးညံ့သိမ်မွေ့စွာ ပြောဆိုခဲ့သည်။


လင်းယောင်ယောင် သည် မျက်ရည်ကို ထိန်းမထားနိုင်ဘဲ တစ်စက်ကျသွားသည်။ထိုအခါ ရှန်းယွင်ကျင်း က သူမကို လက်ကိုင်ပုဝါ အမြန်ပေးပြီး နှစ်သိမ့်ပေးလေသည်။


 "အဆင်ပြေပါတယ်... သူက အရေထူနေပါပြီ... ထိခိုက်လည်း ကြီးကြီးမားမား မဟုတ်ပါဘူး"


လင်းထျန်းယွဲ့ ၏ သီးသန့်ဝိညာဉ်ရေးရာ လက်ထောက်ကုထုံးပညာရှင် ရှန်းယွင်ကျင်း သည် လင်းထျန်းယွဲ့ အပြင်းအထန်ဒဏ်ရာရထားသည်ကို အခါခါ မြင်ခဲ့ရသောကြောင့် သူမသည် ကျင့်သားရလာခဲ့သည်။ စစ်သားတစ်ယောက်သည် သူ့ဘဝနှင့် အလုပ်ကို အမြဲတမ်း လဲလှယ်ခဲ့သည်။သူတို့ အသက်ရှင်လာခြင်းကိုက ကံကောင်းနေပြီ ဖြစ်သည်။


လင်းယောင်ယောင် သည် မျှော်စင်တစ်ခုတွင် နေထိုင်သည့် ကလေးမလေး ဖြစ်နေဆဲဖြစ်သည်။ သူမ၏ ချစ်သူသည် သေမင်း၏တံခါးကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖြတ်ကျော်သွားသည်ကို ပထမဆုံးအကြိမ်အဖြစ် သူမမြင်လိုက်ရခြင်းဖြစ်၏။


လင်းရွှမ် သည် ဤပြကွက်များကို ထုတ်လွှင့်ရန် မူလက သဘောမတူခဲ့ပေ။ထုတ်လွှင့်လျှင်လည်း တတ်နိုင်သမျှ တိုတိုလေး ဖြစ်အောင် ချုံ့ရန် သို့မဟုတ် သွေးများလွန်းသော ဇာတ်ကွက်များကို မရွေးချယ်ရန် တောင်းဆိုခဲ့သည်။ သို့သော် ချန်ပင်းက နားမထောင်ခဲ့ဘဲ မတည်းဖြတ်ရသော ဗားရှင်းကိုသာ ပြသရန် တောင်းဆိုခဲ့သည်။ ဤသည်မှာ သနားစရာကောင်းသောဘက်ခြမ်းကိုပြ၍ မျက်ရည်ခံထိုးလိုခြင်း မဟုတ်ဘဲ လင်းရွှမ်၏ ဤဘက်ခြမ်းကို လင်းယောင်ယောင် သိစေရန်ဖြစ်သည်။


လောဝမ်ဟွေ့ သည် ချန်ပင်း ၏ အချစ်ကို နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့ခြင်းမှာ သူသည် စစ်သားဖြစ်ခြင်းကြောင့်ဖြစ်သည်။  ဆိုလိုသည်က၊ သူတို့ နှစ်ယောက်၏ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ သက်တောင့်သက်သာရှိမှာမဟုတ်ပေ။ ချစ်သူ ပြန်မလာနိုင်ဘူးလားဆိုသည်ကို သူမ အမြဲတမ်း စိတ်ပူကာ စောင့်ဆိုင်းမနေချင်ပေ။


 အကယ်၍ လင်းယောင်ယောင် သည် လင်းရွှမ် ၏ လက်ထပ်ခွင့်ကို လက်ခံရန် ဆန္ဒရှိနေပါက၊ သူမသည် နောင်တွင်လည်း နောင်တရမည်မဟုတ်ပေ။ ထိုမှသာ သူတို့ကို ဘယ်အရာကမှ ခွဲထုတ်နိုင်မည်မဟုတ်ဘဲ အမြဲနားလည်မှုရှိစွာ လက်တွဲနိုင်မည်ဖြစ်လေ၏။


လင်းရွှမ် သည် လင်းယောင်ယောင် မျက်ရည်ကျနေသည်ကို စင်ပေါ်မတက်ခင် စင်နောက်မှ ကြည့်နေခဲ့၏။ သူလည်း စိတ်မကောင်းဖြစ်ပြီး မျက်လုံးများက နီရဲနေသည်။ စစ်မြေပြင်မှာ အကြိမ်ကြိမ် ဒဏ်ရာအပြင်းအထန်ရစဥ်ကပင် တစ်ခါမှ သူ  မျက်ရည်မကျခဲ့ဖူးပေ။


 သူက ချန်ပင်း ကို အေးတိအေးစက်နှင့် ‌ပြောလိုက်သည်။


 "ဆုပေးပွဲ အခမ်းအနားကို ဘယ်တော့စမှာလဲ...အဲဒါတွေ ထပ်လုပ်ဖို့ မလိုဘူး"


လင်းရွှမ် သည် သူ့ချစ်သူကို စိတ်မကောင်းဖြစ်စေချင်ဘဲ ဝန်လေးနေမှန်း  ချန်ပင်းက သိသောကြောင့် စခရင်ကို အမြန်ပြန်‌ပြောင်းဖို့နှင့် စကားအမြန်ဖြတ်ရန် ဆက်သွယ်ရေးကိရိယာကို အသုံးပြု၍ စင်ပေါ်ရှိ MC ကို တိုက်တွန်းခိုင်းရသည်။


ကံကောင်းထောက်မစွာ၊ ဧည့်ပရိတ်သတ်များအားလုံး ရောက်ရှိလာပြီးဖြစ်သည်။အင်ပါယာတစ်ဝှမ်းရှိ စစ်ရုပ်သံလိုင်းများ၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း စတင်နေပြီဖြစ်သည်။


 MC မှ လင်းရွှမ် ၏ အောင်မြင်မှုများကို တိုတိုတုတ်တုတ် နိဂုံးချုပ်ပြီးနောက် ဆုချီးမြှင့်ပွဲ တရားဝင်စတင်ကြောင်း ကြေညာခဲ့ကာ  ဂုဏ်ထူးဆောင် လင်းရွှမ် အား စင်မြင့်ပေါ်တက်ရန် ဖိတ်ကြားခဲ့သည်။


လင်းရွှမ် သူ့ခံစားချက်တွေကို ရှင်းပစ်လိုက်သည်။ထိုအခါ သူ၏ ချောမောပြီး တင်းမာသော မျက်နှာသည် အရင်ကလို ဘာမှမထူးခြားတော့ပေ။သူသည် အချိုးကျသော ခန္ဓာကိုယ်နှင့် သပ်ရပ်လှပနေသည့် သာမာန် ကြယ်တစ်ပွင့်ပါသော ယူနီဖောင်းကို ၀တ်ဆင်ထားပြီးဆွဲဆောင်မှု အပြည့်ရှိသည်။


 MC က လူတိုင်းကို မတ်တပ်ရပ်ခိုင်းပြီး အင်ပါယာ၏ ပထမထိပ်တန်းအရာရှိ လင်းကျန့်ဟိုင် ကို လင်းရွှမ်အား ဆုချီးမြှင့်ဖို့ စင်ပေါ်သို့ ဖိတ်ကြားခဲ့သည်။


အရာရှိသုံးယောက်သည် ဦးထုပ်များ၊ပုံခုံးထောက်များနှင့် ကြယ်တစ်ပွင့် ဗိုလ်ချုပ်ကို ကိုယ်စားပြုသော ဆုတံဆိပ်များကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။


လင်းကျန့်ဟိုင် သည် စင်မြင့်အောက်ရှိ အဓိကထိုင်ခုံမှ ထလာပြီး စင်မြင့်ပေါ်ရှိ အဖြူရောင် ဆွဲကြိုးကို လှမ်းကိုင်လိုက်သည်။ လေးနက်သောအမူအရာဖြင့် သူသည် အရာရှိများထံမှ ဦးထုပ်၊ပုခုံး‌ထောက်များနှင့် ဆုတံဆိပ်များကို လက်နှစ်ဘက်ဖြင့်ယူကာ လင်းရွှမ် အား တစ်ခုပြီးတစ်ခု ဝတ်ဆင်ပေးလိုက်သည်။ယခုအချိန်တွင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးသည် အဘိုးနှင့်မြေး မဟုတ်ဘဲ ထိပ်တန်းအရာရှိနှင့် သူ၏ ဆက်ခံသူ ဖြစ်သွားကြတော့သည်။


လင်းကျန့်ဟိုင် သည် လင်းရွှမ် ကို အားပေး စကားအနည်းငယ်ပြောပြီး  အဓိကထိုင်ခုံသို့ ပြန်သွားခဲ့သည်။



xxxxx