အခန်း၁၇၂
Viewers 12k

Chapter 172

အပိုင်း. 1(အစမ်းလက်ထပ်ခြင်း)


MC က ပရိသတ်အားလုံးကို ထိုင်ခိုင်းလိုက်သည်။ ထို့နောက် လင်းရွှမ် မိန့်ခွန်းပြောမည့်အချိန်ဖြစ်သည်။သူ၏ စကားများနှင့် မျက်နှာ အမူအရာတိုင်းကို ဤဆုချီးမြှင့်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် အင်ပါယာတစ်ခုလုံးက မြင်တွေ့ရမှာဖြစ်သည်။ Star Network သို့ access မလုပ်နိုင်သော လူနေထိုင်နိုင်သော ဂြိုလ်ဖြစ်ပါက နောက်ပိုင်းတွင် ထုတ်လွှင့်မည်ဖြစ်၏။


လင်းရွှမ် ၏ အသံသည် နက်နဲသိမ်မွေ့သည်။ သူ့ကို ကူညီပေးခဲ့သည့် ဆွေမျိုးများနှင့် ရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်ကြောင်း၊သူ့ကို ယုံယုံကြည်ကြည် အားပေးကြသည့် အင်ပါယာက ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ သူ့အသံက နားထဲမှာ ကြည်နူးစရာ ကောင်းသော်လည်း သူ့အတွက် လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်နေရသလို ဖြစ်နေကာ အေးစက်ပြီး တောင့်တောင့်ကြီး ဖြစ်နေသည်။ 


သို့သော်ငြား၊သူက အေးတိအေးစက်ကြီးဖြစ်ကြောင်း လူတိုင်းသိကြသည်။ သူသည် စကားအပြောအဆို မကျွမ်းကျင်ဘဲ နာမည်ကျော်ကြားမှုနှင့် အခြားသူများ၏ ထင်မြင်ချက်များကို ဘယ်သောအခါမှ ဂရုမစိုက်ပေ။ သူသည် ဆုတံဆိပ်များ၊ကြယ်တစ်ပွင့် ဗိုလ်ချုပ်ရာထူးနှင့် ထိုက်တန်ကြောင်း ကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့်သာ အမြဲတမ်း သက်သေပြခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည် လင်းရွှမ်၏ လုပ်ဆောင်‌ချက်များဖြင့် ကြယ်တစ်ပွင့် ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်လာပါက နိမ့်ကျသည်ဟု ယူဆနေကြ၏။စစ်တပ်၏ ဖွဲ့စည်းပုံကို ကောင်းစွာနားလည်သူများနှင့် အာဏာအထက်အသိုင်းအဝန်းရှိ သူများက ဤရာထူးသည် ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်ကြသည်။ သူသည် အရှင်သခင် အင်ပါယာသမိုင်းတွင် အသက် 31 နှစ်ဖြင့် အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်နေပြီဖြစ်၏။  သူ့အဖေက ကြယ်သုံးပွင့်ဗိုလ်ချုပ်ဖြစ်ပြီး သူ့အဘိုးက ကြယ်လေးပွင့်ဗိုလ်ချုပ်ပင်။ အင်ပါယာက လင်းရွှမ် အား အဖေဖြစ်သူနှင့် ရာထူးအတူ ပေးထားဖို့ ခွင့်မပြုခဲ့ပေ။


သူသည် နောက်ဆို စစ်မြေပြင်သို့ ဘယ်တော့မှ ခြေမချ လျှင်တောင် ယခုသူစွမ်းဆောင်ထားသော လုပ်ဆောင်ချက်များဖြင့် ထိပ်တန်းအရာရှိအထိ တိုးမြှင့်၍ရကြောင်း အားလုံးနားလည်ကြသည်။  စစ်နတ်ဘုရား တည်ရှိနေသမျှ ကာလပတ်လုံးလင်းမိသားစုသည် သူတို့၏ ဂုဏ်ကျက်သရေကို နှစ်ပေါင်းရာနှင့်ချီ၍ ထိန်းသိမ်းထားမည်ဖြစ်သည်။


ယခုအနေအထားတွင် မည်သည့်မင်းသားကပဲ ပလ္လင်ပေါ်တွင် ထိုင်နေပါစေ၊ လင်းမိသားစုကို အလွယ်တကူ မတိုက်ခိုက်နိုင်ပေ။  သို့မဟုတ်ပါက၊ ထိုဧကရာဇ်မင်းကို ဘယ်သူကမှ လေးစားတော့မည် မဟုတ်ပေ။


လင်းရွှမ် သည် များသောအားဖြင့် ဘဝကို ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းလိုသည်ကို ထို ဧကရာဇ်မိသားစုက နားမလည်ပေ။  ဧကရာဇ် မိသားစုဝင်များသည် လင်းမိသားစုအား လျှို့ဝှက်ပစ်မှတ်ထားပြီး တန်ပြန်တိုက်ခိုက်ရန် တမင်တကာ ကြံစည်လာနိုင်သည်။သို့သော် လက်ရှိဧကရာဇ်မင်း သို့မဟုတ် မင်းသားသုံးပါးပင်လျှင် စစ်နတ်ဘုရား လင်းရွှမ် လောက် နာမည်ကြီးကြခြင်း မဟုတ်ပေ။ပို၍ စိတ်ပျက်စရာကောင်းသည်က လင်းရွှမ်သည် သူတို့ဖြစ်စေချင်သလို ဧကရာဇ်မိသားစုအား သွားရောက်မထိပါး၊မစွက်ဖက်သလို ထီးနန်းရဖို့လည်း မကြိုးစားခြင်းကိုပင်။


သို့သော် မကြာမီ လူတိုင်းသည်သူတို့ အတွေးလွန်နေကြသည်ကို သိရှိလာကြသည်။ လင်းရွှမ် ၏ ယခုအကြိမ် လူထုဆုပေးပွဲ အခမ်းအနားမှာ အကြံအစည် တစ်ခု ရှိခဲ့သော်လည်း ဧကရာဇ်မိသားစုအတွင်းရှိ အချို့သောလူများကို တန်ပြန်တိုက်ခိုက်ရန် သို့မဟုတ် သတိပေးရန်မဟုတ်ပေ။ ထို "သေးငယ်သော လုပ်ရပ်များ" အတွက် သူ့ဦးနှောက်နှင့်မတန်ရာမအပ်စပ်ပေ။ 


လင်းရွှမ် သည် သူ၏ ကိုယ်ရေးကိုယ်တာ မိန့်ခွန်း တစ်စိတ်တစ်ပိုင်းကို ပြောကြားပြီးနောက်တွင် သူ၏ အသံသည် ရုတ်တရက် ပြောင်းလဲသွားသည်။  


"ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ နောက်ထပ်ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုရှိပါသေးတယ်...ကျေးဇူးပြုပြီး လူကြီးမင်းတို့က သက်သေဖြစ်ဖို့ ကူညီပေးပါ"


ထို့နောက် သူသည် မိသားစုဝင်များ ထိုင်သည့်နေရာ၏ ပထမတန်းအလယ်ဗဟိုရှိ လင်းယောင်ယောင်ကို ရင်ဆိုင်ပြီး သူ၏အာကာသခလုတ်မှ အနက်ရောင် သေတ္တာငယ်လေးကို ထုတ်ယူလိုက်သည်။ အနီရောင် ဖလန်နယ် အခံလေးပေါ်တွင် သူ ပြုလုပ်ထားသော ရွှေရောင်ဖျော့ဖျော့အိပ်မက်ကြယ် ကျောက်လက်စွပ်တစ်ကွင်းကို တွေ့ရသည်။


 အေးစက်ပြီး လေးနက်သည့် ဗိုလ်ချုပ်ကြီးသည် စင်မြင့်ပေါ်မှာ ရုတ်တရက် ဒူးတစ်ဖက်ထောက်လိုက်သည်။ ထို့နောက် သူ၏ ချောမောသောမျက်နှာသည် ရုတ်တရက် ပျော့ပျောင်းလာကာ အေးစက်သော မျက်လုံးများက လင်းယောင်ယောင်၏ မျက်နှာကို မြဲမြံစွာပိတ်လှောင်ထားသည်။ 


 "ယောင်ယောင် ကိုယ့်ကို လက်ထပ်ပါ....မင်းသဘောတူရင် မင်းကို တစ်ဘဝလုံးကာကွယ်ပေးမယ်... ကိုယ်တို့ သေတဲ့အထိ မခွဲဘဲနဲ့ ကိုယ့်ဘဝရဲ့ကျန်တဲ့နေ့ရက်တိုင်းကို မင်းနဲ့အတူ ကုန်ဆုံးချင်တယ်"


တစ်ချိန်တည်းမှာပင် ခန်းမတစ်ခုလုံးရှိ မီးရောင်များသည် နွေးထွေးသော အဝါရောင်ဖျော့ဖျော့ရှိ မှိတ်တုတ်မှိတ်တုတ် ဆလိုက်မီးများအဖြစ်  ပြောင်းလဲသွားသည်။ အတောက်ပဆုံးသော မီးများထဲမှ တစ်ခုသည် လင်းယောင်ယောင် အပေါ်၌ လှည့်ပတ်နေပြီး လင်းရွှမ် မှာလည်း စင်မြင့်ပေါ်ရှိ မီးမောင်းများက ဝိုင်းရံထားသည်။ ဤခန်းမကျယ်ကြီးထဲတွင် သူတို့ နှစ်ယောက်တည်း ရှိနေသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်


ရင်ဆိုင်ကြသည်။


စင်မြင့်နောက်ဘက်ရှိ ဟိုလိုဂရပ်ဖစ်စခရင်ကို ပုံဖော်ထားသည်မှာ အလွန်တောက်ပပြီး လှပသော အနီရောင်နှင်းဆီပန်းဖြစ်ကာ ရှေးခေတ်က ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုလျက်ရှိသည်။ နှင်းဆီပန်းနီနီများကို အသဲပုံ လုပ်ထားခြင်းဖြစ်သည်။ နှင်းဆီပန်းများတစ်ဝိုက်တွင် ဖယောင်းတိုင်မီးများကလည်း ထပ်ပြီးဝန်းရံထား၏။ သေသေချာချာ ရေတွက်လျှင် နှင်းဆီကိုးရာကိုးဆယ့်ကိုးပွင့် နှင့် ဖယောင်းတိုင် ကိုးဆယ့်ကိုးတိုင်ရှိသည်ကို တွေ့ရလိမ့်မည်။


လင်းယောင်ယောင် သည် စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံမှ ထလိုက်သည်။


လင်းရွှမ် ဒူးထောက်နေသည်ကို သူမ မြင်လိုက်သောအခါ တစ်ကိုယ်လုံး ထူပူသွားသော်လည်း သူ လက်ထပ်ခွင့်တောင်းမည်ဟု မမျှော်လင့်ထားပေ။ယခုလို ကြယ်တာရာခေတ်တွင် ဒူးထောက်၍ လက်ထက်ခွင့်တောင်းခွင့်ခြင်းသည် ရေပန်းမစားတော့သလို လက်ထပ်လက်စွပ်လည်း မလိုအပ်ကြောင်း သူမ သိထားသည်။ ယခုလို အသေးစိတ်စီစဉ်ထားခြင်းက မည်မျှ အလေးအနက်ထားကြောင်း အားလုံးသိကြပေမည်။


 သို့သော် လင်းရွှမ် သည် သူမနှင့် အရင်းနှီးဆုံး ခေတ်၏ ထူးခြားသော ဓလေ့ဖြစ်သောကြောင့် ယင်းဓလေ့တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက်မှ လက်ထပ်လက်စွပ်ကို သူကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  


အချိန်တိုအတွင်း ပြီးမြောက်မှာ မဟုတ်နိုင်ပေ။ အလုပ်တွေရှုပ်နေတာကြောင့် သူမကို လျစ်လျူရှုခဲ့သည်ဟုထင်ခဲ့သော်လည်း သူမအတွက် အံ့အားသင့်စရာ ကြီးကြီးမားမားအစီအစဉ်များ ပြုလုပ်ခြင်းဖြစ်ပေ၏။


လင်းရွှမ် က သူမကို နူးညံ့စွာကြည့်ပြီး အေးစက်သည့်လေသံနှင့် ဆက်ပြောသည်။


 "မင်းသဘောမတူရင်... မင်းသဘောမတူမချင်း နေ့တိုင်း လက်ထပ်ခွင့်တောင်းတယ်...ပြီးတော့ ဒီလိုပွဲကြီးတွေမှာဆိုလည်း အလွတ်မပေးဘဲ လက်ထပ်ခွင့်တောင်းမှာပဲ"


ဤသည်က အချိုမြိန်ဆုံး အချစ်ရေးခြိမ်းခြောက်မှုဖြစ်သည်။


လင်းယောင်ယောင် သည် အလွန်တုန်လှုပ်သွားပြီး ငိုချင်လာရသည်။  သူ့ နောက်ဆုံးစကားကို ကြားသောအခါ သူမ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။


ပန်းရောင်ဖျော့ဖျော့ အလင်းရောင်များ ၊အနီရောင် အသည်းပုံ ပူဖောင်းများသည် သူမ၏ ထိုင်ခုံဘေးဘက်မှ ထွက်လာခဲ့သည်။


ရှန်းယွင်ကျင်း သည် ထိုင်ခုံမှထ၍ သူမအတွက် စင်မြင့်ဆီသို့သွားရန် လမ်းကြောင်းဖွင့် ပေးလိုက်သည်။


လင်းယောင်ယောင် သည် ထိုလူကို သူမနှလုံးသားထဲမှာ ထည့်ထားပြီးသားဖြစ်၍ သူ့ဒဏ်ရာတွေကို မြင်ရသောအခါ အလွန်စိတ်မသက်မသာဖြစ်နေမိသည်။ သူ နောက်ထပ် မစ်ရှင်များရှိလာလျှင်လည်း သူမ သူနှင့်အတူ  တိုက်ပွဲဝင်ချင်ခဲ့သည်။ သူနှင့် အတူမရှိနိုင်လျှင် မစ်ရှင်ကပြန်လာဖို့ စောင့်ရမည်ဖြစ်၏။


လင်းရွှမ် သည် ဘယ်တော့မှ ဒဏ်ရာအပြင်းအထန်ရလာမှာ မဟုတ်သလို၊ဆေးကုသခန်းထဲ မဝင်ရဘူးဟု သူမ အာမ မခံနိုင်ပေ။ဆေးကုသခန်းမှ နိုးလာတိုင်း သူမကို ပထမဆုံးတွေ့ရမည့်သူဖြစ်ကြောင်းသာ သူမ လုပ်နိုင်သည်။


လင်းရွှမ် ၏ ဂရုတစိုက်ပြင်ဆင်ထားသော လက်ထပ်ခွင့်တောင်းခြင်းအစီအစဉ်နှင့် ရင်ဆိုင်ရသောအခါ သူမ ဘယ်လိုမှ မငြင်းရက်နိုင်တော့‌ေပ။ သူမရင်ထဲက ရှုပ်ထွေးပွေလီသော ခံစားချက်များကို ထိန်းမနိုင်သိမ်းမရဖြစ်နေရသည်။ သူမ ထထွက်သွားပြီး ပန်းရောင်အလင်းတန်း တစ်လျှောက် လှမ်းလာကာ လင်းရွှမ် ရှိရာ ဇာတ်ခုံပေါ်ကို ရောက်လာခဲ့သည်။


ထို့နောက် သူမ ဘယ်ဘက်လက်ကို လင်းရွှမ် ဆီသို့ ဖြန့်လိုက်သည်။  အလှပဆုံး မျက်နှာပေါ်မှာ အပျော်ရွှင်ဆုံး၊ အတောက်ပဆုံး အပြုံးလေးနှင့် ပြောလိုက်၏။


 "လက်ခံပါတယ်"


ချက်ချင်းပင်၊ လင်းရွှမ် ၏ နှုတ်ခမ်းများသည် စွဲမက်ဖွယ် မျဉ်းကွေးတစ်ခု ဖြစ်သွားကာ ပြုံးလိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများထဲတွင်  ကြယ်ပွင့်များ ရှိသလိုမျိုး တလက်လက် ဖြစ်နေသေးသည်။သူ့ပုံစံက အေးဆေးတည်ငြိမ်ပုံပေါက်သော်လည်း အမှန်မှာမူ သူ့လက်ဖဝါးမှ ချွေးများ စိမ့်ထွက်ကာ ကြောက်ရွံ့နေခဲ့၏။ သူမျှော်လင့်ထားသည့် အဖြေကို ရလိုက်သောအခါ၊ သူ့နှလုံးခုန်သံများ ခုန်တက်သွား၍ နောက်ဆုံး သူ သက်ပြင်းချနိုင်ခဲ့သည်။ထို့နောက်  သူက ထပြီး လှပသော အိပ်မက်ကြယ်ကျောက်လက်စွပ်ကို မိန်းကလေး၏ သွယ်လျသောလက်သူကြွယ်တွင် ဝတ်ဆင်ပေးလိုက်သည်။


လင်းယောင်ယောင် သည် ဝမ်းသာအားရ လက်ကိုဆန့်ကာ လက်စွပ်ကို ကြည့်လိုက်ရာ ကွက်တိဖြစ်နေကြောင်း တွေ့ရ၏။ ရွှေရောင်ဖျော့ဖျော့အိပ်မက်ကြယ်ကျောက်သည် သူမ၏ လက်သည်းခွံခန့်ရှိပြီး လှပပြောင်လက်သော စိန်ပုံစံ သွေးထားခြင်းဖြစ်သည်။  တောက်ပ၊ ကြည်လင်ပြီး လှပသည်။  လက်စွပ်၏ ကိုယ်ထည်သည် ရိုးရှင်းပြီး သူမနှင့် လင်းရွှမ် ၏အမည်များ၏ အစဖြစ်သော "X&Y" ဟု ရေးထိုးထားသည်။


လင်းယောင်ယောင် သည် လင်းရွှမ် ၏ ရင်ခွင်ထဲသို့ ပျော်ရွှင်စွာ တိုးဝင်လိုက်ပြီး ခြေဖျားထောက်၍ သူ့မေးစေ့ကို နမ်းလိုက်သည်။သူမသည် သူ့ကို ထပ်တူ ချစ်ခင်မြတ်နိုးကြောင်း ပြသရန် နမ်းခြင်းလည်းဖြစ်သည်။မည်သို့ပင်ဖြစ်စေ ပရိသတ်အများစုသည် စစ်တပ်မှ အမှုထမ်းများဖြစ်ပြီး သူမတို့၏အဘိုးသည် သူတို့၏ ဘော့စ်ဖြစ်၍ သူမ သိပ်ရှက်မနေပါပေ။


 တော်ဝင်မိသားစုမှ ကိုယ်စားလှယ်တွေကိုတော့ သူမ ပို၍ပင် အိုဗာလုပ်ပြချင်သေးသည်။သို့မဟုတ်လျှင် ရှောင်မင် နှင့် ရှောင်ကျန်း တို့က သူမအား နောက်တစ်ကြိမ် နှောင့်ယှက်လာနိုင်သည်။


လင်းရွှမ် ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ တောက်ပလာသည်။  သူ့မျက်လုံးများက လခြမ်းပုံ မှေးမှိတ်သွားကာ ခေါင်းငုံ့ပြီး လင်းယောင်ယောင်၏ နူးညံ့သော မေးစေ့ကို လက်ဖြင့် ကိုင်ထားလိုက်ပြီး နူးညံ့သော ချယ်ရီနှုတ်ခမ်းများကို ညင်သာစွာ ဖိနမ်းလိုက်သည်။ ဤအနမ်းကိုကြည့်ပြီး သူမတို့၏ နက်နဲသော ချစ်ခြင်းမေတ္တာကို မည်သူမဆို ခံစားနိုင်ကြသည်။ကလေးမလေး အတော် တက်ကြွနေခြင်းမှာ သူ၏ ဆုပေးပွဲကို အင်ပါယာတစ်ခုလုံးအား တိုက်ရိုက်ထုတ်လွှင့်နေမှန်း သူမ မသိခြင်း‌ကြောင့်ဟု လင်းရွှမ် သေချာသိလိုက်သည်။


ရှန်းယွင်ကျင်း သူမ မျက်နှာကို ပရိသတ်မြင်မှာစိုး၍ လက်ဖြင့် အုပ်ထားလိုက်သည်။သို့သော်၊သူ့သမီးကိုတော့ တိုက်ရိုက် ထုတ်လွှင့်နေကြောင်းကို သတိပေးရန် မေ့သွားခဲ့သည်။


 တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များမှာတော့ ဒီအချိန်မှာ အားလုံး အတူတူ စိတ်ထဲကနေ အော်ဟစ်နေကြသည်။


-အား....အား...အား!


ယခင်က လင်းရွှမ်၏ Weibo မှာ တင်လိုက်သည့်ကိစ္စကြောင့် ဖန်များစွာတို့သည် အသည်းကွဲနေကြတော့သည်။ သို့သော်လည်း လင်းရွှမ် နှစ်သက်သော မိန်းကလေးသည် ရှေးတရုတ်အစားအစာကုထုံးပညာရှင် လင်းယောင်ယောင် လိုမျိုး အလွန်ရေပန်းစားပြီး ချောမောလှပသော မိန်းကလေးဖြစ်ကြောင်း သိရှိလာသောအခါ ဘယ်သူမှ သူတို့ နှစ်ယောက်မှာ မလိုက်ဖက်ဟု မပြောနိုင်တော့ပေ။


နောက်ပိုင်းတွင် လူအများအပြားသည် သူတို့နှစ်ဦး၏ ပရိသတ်များဖြစ်လာကြသည်။ သူတို့ နှစ်ယောက်၏ Weibo ပင်မစာမျက်နှာကို နေ့တိုင်းသွားကြည့်ပြီး သွားရည်ယိုနေကြတော့၏။


ထိုအချိန်အတွင်း လင်းယောင်ယောင် က အစားအသောက် သင်ကြားရေးဗီဒီယိုအချို့သာ ပို့စ်တင်ခဲ့ခြင်းမှာ ဝမ်းနည်းစရာဖြစ်သည်။အရင်က သူမ၏ အစားအသောက်ဗီဒီယိုကို လူတိုင်းက ကြိုက်ကြသည်။ အစားအသောက်ကို မစားနိုင်လျှင်တောင်မှ လက်တွေ့ကျသည့် ရနံ့ကိုရနေသောကြောင့် ခံစား၍ရသည်။  သို့သော်၊ လူတိုင်းက သူတို့ကို အစားအစာများဖြင့် ကျေနပ်အောင် မလုပ်နိုင်တော့သလို ခံစားရသည်။ သူတို့အားလုံးက သကြားပါသော ခွေးအစာအတွက် အော်ဟစ်နေသော လူအုပ်စုကြီးပင် ဖြစ်လေသည်။


လင်းရွှမ် သည် အလုပ်များနေပြီး Weibo မှာ ဘယ်တော့မှ ပြန်မပေါ်လာတော့ပေ။ အင်ပါယာ၏ ဗိုလ်ချုပ်ကြီး လင်းရွှမ် သည် စစ်မှုရေးရာများနှင့် အလုပ်ရှုပ်နေကြောင်း လူတိုင်းနားလည်နိုင်သည်။ ဗိုလ်ချုပ်သည် သူ့အချစ်ကို ပြသလေ့မရှိသည့်အတွက် ပျင်းရိဖွယ်ကောင်းသည်။ သို့သော်၊ သူသည် သူတို့၏ နတ်ဘုရားမ လင်းယောင်ယောင် ကို အလွန်ချစ်ခင်မြတ်နိုးသူဖြစ်သည်။


သို့သော်၊သူတို့ အတွေးလွန်ပြီးခံစားနေကြသလားဟုလည်း တွေးလာသူအနည်းငယ် ရှိသည်။ လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် သာမာန် မောင်နှမ ဆက်ဆံရေးများလား...  နှစ်ယောက်စလုံးက ချစ်နေကြပေမယ့် သူတို့ချစ်နေတာက တစ်ခြားတစ်ယောက်စီကိုလား...


 သူတို့၏ ချစ်သူအစစ်အမှန်ကို မဖော်ထုတ်ချင်ကြသေးသည့်အတွက် လူတိုင်းအား နားလည်မှုလွဲမှားနေကြခြင်းကို အခွင့်ကောင်းယူခြင်းလည်းဖြစ်နိုင်သည်။  တစ်ချို့ကလည်း သူတို့နှစ်ယောက်က တစ်ကယ်အတွဲတွေဖြစ်ရင်တောင် သူတို့နှစ်ယောက်ကြားမှ အပြန်အလှန်ဆက်ဆံမှုက ပြဇာတ်တစ်ခုလိုဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်း ဆိုကြသည်။ သူတို့ဆက်ဆံရေးမှာ စီးပွားရေးအိမ်ထောင်ရေးသက်သက်ဟု ဆိုလိုခြင်းပင်။


လင်းယောင်ယောင် သည် ဝေ့မိသားစု၏ သမီးဖြစ်ကြောင်း ဗဟုသုတအနည်းငယ် ရှိသူတိုင်းသိသည်။ လင်းနှင့် ဝေ့ မိသားစု၏ ခိုင်မာသောပေါင်းစပ်မှုသည် အိမ်ထောင်ပြုခြင်းဖြင့်သာ ခိုင်မြဲလာမည်ဖြစ်သည်။


 တစ်ယောက်ကိုတစ်ယောက် တစ်ကယ်မချစ်လျှင် နေ့တိုင်း ချစ်ပြတတ်ဖို့ မလုပ်ခြင်းက သဘာဝပင်ဖြစ်၏။


အထက်ဖော်ပြပါ ထင်မြင်ချက်များကို အသိအမှတ်ပြုသူက သိပ်မများပေ။  CP(couple)ပရိသတ်အများစုကလည်း သူတို့တွေကို ဝေဖန်ကြသည်။ သို့သော် ဤကဲ့သို့သော မှတ်ချက်မျိုးကို စတင်သူက 


"ဒါဆို သက်သေပြဖို့ ဘာကိစ္စလိုတာလဲ.. အဲဒါက အချစ်စစ်ပဲ"


 လူများစွာကလည်း ဒေါသတကြီး ပြန်ဖြေသည်။


 "ငါ့နတ်ဘုရားက အမြဲတမ်း မှန်တာကိုပဲ ပြောတယ်...သူတို့က လက်ထပ်တော့မှာ နင်တို့ကို ဘာမှ ဂရုစိုက်စရာမလိုဘူး"


 "ငါ့ရဲ့ နတ်သမီး ယောင်ယောင် က အရမ်းလှပြီး အရည်အချင်းရှိသူပါ...သူမက လင်း နဲ့ ဝေ့မိသားစုရဲ့ မင်းသမီးလေး... အိမ်ထောင်မပြုရင်တောင် ဘာမှ မလိုပါဘူး"


သို့သော်၊ထိုအရာတွေက သူတို့၏ ထင်မြင်ယူဆချက်သက်သက်ပင်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ကြောင်း သက်သေ မရှိကြပေ။ တစ်ကယ်တော့ သူတို့နှစ်ဦးသည် ချစ်သူဖြစ်ကြောင်း တရားဝင် လူသိရှင်ကြား အသိအမှတ်မပြုဖူးချေ။


သူတို့တစ်ကယ်နားလည်မှုလွဲခြင်း ဖြစ်နိုင်သည်။ ယနေ့အချိန်အထိ လင်းရွှမ်၏ ဆုပေးပွဲအခမ်းအနားကို နိုင်ငံတစ်ဝှမ်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။တစ်ချို့မီဒီယာများက ကြိုတင်သတင်းမရခဲ့ပေ။လင်းရွှမ် သည် လူသိရှင်ကြား ကြေညာဖို့ ရွေးချယ်ခဲ့သော်လည်း လူသိရှင်ကြား ကြေငြာရသည်ကို မကြိုက်ခဲ့ချေ။


အစောပိုင်းအဆင့်တွင် လင်းရွှမ် ၏ ယခင်တိုက်ပွဲမှတ်တမ်းများနှင့် ဒဏ်ရာများကို ကုသနေသည့် ဗီဒီယိုကို ပြသနေသောအခါ လူအများက မထိန်းနိုင်ဘဲ ငိုကြွေးကြသည်။ သူ၏အေးစက်သည့်ပုံစံကို မကြိုက်တဲ့လူတစ်ချို့ကတောင် ချက်ချင်းပရိသတ်တွေဖြစ်လာကြ၏။သူက အများကြီး ပေးဆပ်ခဲ့သည်မှာ ထင်ရှားသည်။ အင်ပါယာ၏ ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ ဘေးကင်းရေးကို ကာကွယ်ခဲ့သည်။ သို့သော်လည်း၊ သူ ဤအကြောင်းကို တမင်တကာ မပြောဖူးခဲ့ပေ။


လင်းရွှမ် စင်မြင့်ပေါ် ပေါ်လာသောအခါ လူတိုင်းက စခရင်ကိုကြည့်ကာ အတော်စွဲလမ်းသွားကြသည်။  


အို ဘုရား... ဒီလူက ဘယ်လိုဖြစ်လို့များ ဒီလောက်တောင် ချောရတာလဲ… မျက်နှာကို အားကိုးရသည့် ဖျော်ဖြေရေးနယ်ပယ်က နာမည်ကြီး မော်ဒယ်တွေထက်တောင် ပိုလှနေသေးသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖြောင့်စင်းချပ်ကပ်သော စစ်ဝတ်စုံသည် ဆွဲဆောင်မှုရှိသည်။ ပရိတ်သတ်များစွာသည် ရှက်ရွံ့နေကြသော်လည်း တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်း ကောမန့်ပေါ်တွင် လှောင်ပြောင်ဝန်ခံနေကြသည်။


 "မစ္စတာ စစ်နတ်ဘုရားရေ… ငါ့ကို လက်ထပ်ပါ!"


 "ငါ့ယောက်ျား"


 "ကျွန်မ ဘဝကြီးကို ရှင့်ကို ပေးချင်လိုက်တာ"


 "ဟာ သူ အရမ်းချောတာပဲ...သွားရည်‌ေတာင်ကျတယ်"




xxxxxx