အခန်း၁၇၃
Viewers 12k

Chapter 173



တစ်စုံတစ်ယောက်က သူတို့ကို တိတ်တိတ်လေးသတိပေးသည့်အခါမှ သူတို့ အတော် ထိန်းသိမ်းနိုင်သွားသည်။


 "စစ်နတ်ဘုရားမှာ ပိုင်ရှင်ရှိတယ်...  အဲဒါ နတ်ဘုရားမ လင်းယောင်ယောင်ပဲ...ငါ‌တော့ တပ်ပြန်ခေါက်ပြီ"


ထိုအခါ လူတိုင်းသည် ထူးဆန်းစွာ တိတ်ဆိတ်သွားပြီးနောက်၊ စောနက အော်ဟစ်နေကြသူများမှာ သူတို့မဟုတ်သလို ဖြစ်သွားသည်။


 "ငါ မက်ဆေ့ချ်ကို မတော်တဆမှားပြီး ပို့လိုက်တာပါ...အဲဒါက အသံ မှတ်သားမှု စနစ်ရဲ့ အမှားပါနော်"


"အဲဒါက virtual keyboard ကြီးက ကြောင်သွားလို့ပါ"


 "ဟေ့ ငါဘာမှမပြောဘူးနော်"


 "ငါ့အကောင့် အခိုးခံရလို့ပါ"


 ရလဒ်အနေနဲ့ နောက်အခိုက်အတန့်မှာ သူတို့တွေကို နောက်ထပ် တစ်ချက်ရိုက်ခတ်လိုက်ပြန်သည်။ 


လင်းရွှမ် သည် သူ၏ပုံမှန်မာနကြီးပြီး လျစ်လျူရှုသောအမူအရာကို ဖယ်ရှားကာ လူအများရှေ့တွင် ဒူးထောက်၍ လင်းယောင်းယောင်းအား လေးနက်စွာ လက်ထပ်ခွင့်တောင်းခဲ့သည်။


 "... သေသည်အထိ ငါတို့ အတူရှိနေမယ်"ဆိုသည့်စကား ရိုးရိုးရှင်းရှင်းနှင့် ရင်ခုန်စရာကောင်းပြီး လင်းရွှမ် က ရိုးသားစွာပြောနေခြင်းကို လူတိုင်းမြင်နိုင်သည်။


 အသက်အန္တရာယ်နှင့် သေခြင်းတရာဘေးတွင် တည်ငြိမ်အေးဆေးစွာ ရပ်တည်နိုင်သူဖြစ်ပြီး သေမင်းကို လျစ်လျူရှုထားနိုင်သော်လည်း သူ၏ ချစ်လှစွာသော မိန်းကလေးအား မျက်နှာကလေးအောက်ကျို့၍ လေးနက်စွာ လက်ထပ်ခွင့်တောင်းနေလေသည်။ 


လင်းရွှမ် နှင့် လင်းယောင်ယောင် နှစ်ယောက်လုံးက တော်ကြသည်။ သူတို့နှစ်ယောက်  မကြိုက်လျှင်တောင် သူတို့ကို လုယူချင်သူများက တောင်တစ်ခုစာလို အပုံလိုက်ရှိနေကြသည်။ယခုချိန်မှာတော့ သူတို့ချစ်ရသူနှင့် အတူပေါင်းဖက်ရမည်ဟု ဆိုလာသောအခါ သာမာန်လူတွေလိုပင် ပျော်ရွှင်၊ စိတ်လှုပ်ရှား၊ စိတ်အားထက်သန်နေကြ၏။


 ဒါ အချစ်မဟုတ်ရင် ဘာဖြစ်မလဲ…


 အေးစက်ပြီး လေးနက်သော လင်းရွှမ်သည် နွေးထွေးပြီး၊ ရိုမန့်တစ်ဆန်ကာလာသည်။ စစ်နတ်ဘုရားတောင်မှ နူးညံ့သည့်ဘက်ခြမ်းရှိသည်။


လင်းယောင်ယောင် သည် ဝမ်းသာအားရ ငိုကြွေးနေသော်လည်း လင်းရွှမ် ၏ ချိုမြိန်ပြီး ကြောက်စရာကောင်းသော တင်းတင်းဖက်ထားခြင်းကြောင့် ချက်ချင်းပင် ကြည်နူးစိတ်များပြန်ဖြစ်သွားသည်။


သူတို့နှစ်ယောက် မျက်လုံးထဲမှာ တစ်ယောက်ကိုတစ်ယောက်အတွက် နေရာလွတ်ကြီး တစ်ခုရှိနေသလို အတင်းစိုက်ကြည့်နေကြသည်။သူတို့ကို ကြည့်ပြီး ပရိသတ်များသည် သူတို့၏   နှလုံးသားများကို စော်ကားခြင်းခံရသည်ဟု ခံစားရသော်လည်း မျက်တောင်မခတ်နိုင်ကြသေးပေ။  သူတို့သည် အရေးမပါသော အပြင်လူများသာဖြစ်သော်လည်း၊လင်းရွှမ် အပြောအရ အလွန်အရေးကြီးသော သက်သေများဖြစ်သည်။


လင်းယောင်ယောင် သည် စစ်နတ်ဘုရား လင်းရွှမ် ကို တက်ကြွစွာနှင့် ကယောင်ကတန်း နမ်းချင်နေသည့် မြင်ကွင်းကို မြင်လိုက်ရသော်လည်း မေးစေ့ကိုသာ နမ်းလိုက်ရာ မှတ်ချက်ဧရိယာသည်...


 "ဟားဟားဟားဟား"


"နတ်ဘုရားမ ယောင်ယောင် အတွက် စိတ်မကောင်းဖြစ်ရတယ်ကွာ...နေစမ်းဦး...  နတ်ဘုရားမရဲ့ ကိုယ်လုံးကိုယ်ပေါက်က တိုးတက်လာပြီဟာကို ဘာဖြစ်လို့ အရပ်မရှည်လာတာလဲ"


 "အရပ်ကွာခြားချက်က ရီရတယ်"


စခရင် အပြည့်ပေါ်နေသော ပန်းရောင်ပူဖောင်းများဖြင့်၊ သူတို့နှစ်ဦးကြားရှိ နူးညံ့သောအနမ်းကို "တစ်နှစ်တာလုံး၏ အချိုမြိန်ဆုံးသောအနမ်း" အဖြစ် ချီးကျူးခံခဲ့ရသည်။


 နမ်းပြီးနောက် လင်းရွှမ် သည် လင်းယောင်ယောင် နားကို ကပ်၍ တစ်ခုခုပြောနေတာကို လူတိုင်းတွေ့လိုက်ကြသော်လည်း သူဘာပြောမှန်း မသိကြပေ။ထို့နောက် အားလုံးက စိတ်အားထက်သန်တက်ကြွနေဆဲဖြစ်သော သူတို့၏နတ်ဘုရားမ လင်းယောင်ယောင် မှာ သူမ၏ ပါးပြင်နှင့်နားရွက်ဖျားများ နီလာသည်ကို တွေ့လိုက်ရသည်။   


 “အင်ပါယာကြီးတစ်ခုလုံး မြင်သွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”


သူမ ကြောင်စီစီ ထအော်လာသည်။ထိုသို့ပြောပြီးနောက် သူမ၏ နားမလည်ဟန်ဖြစ်နေသော ဟန်ပန်လေးကိုလည်း မြင်တွေ့ရသည်။ သူမ ပါးစပ်ကို အလျင်အမြန် အုပ်လိုက်ပြီး ဗိုလ်ချုပ် လင်းရွှမ် ၏ ရင်ခွင်ထဲကို အတင်းတိုးဝှေ့၍ဝှက်ထားလိုက်သည်။


 ထို့နောက် လင်းရွှမ် သည် မိန်းကလေး၏ သေးသွယ်သောခါးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ရွှင်မြူးစွာပြုံးရင်း


"မင်း ကိုယ့်ကိုလက်ထပ်မယ်လို့ ကတိပေးထားတာကို အင်ပါယာကြီးတစ်ခုလုံးသိတယ်... စကားကို ပြန်ပြင်ပြောခွင့်မရှိဘူး"


 ထိုအခါ ကလေးမလေး၏ နူးညံ့သိမ်မွေ့သော အသံက ထွက်ပေါ်လာ၏။


 "နောင်တရတယ်...ရှင်က နတ်ဆိုးကြီးပဲ"


 ပရိသတ်များသည် သူတို့၏ နှလုံးသားများမှာ အခုန်မြန်လာသည်ကို ခံစားရပြီး ရုတ်တရက် ချန်နယ်ပြောင်းရန် ကြိုးစားလာကြသည်။ ဤခွေးစာသည် အလွန်ကြီးမား၍ နည်းနည်းများလွန်းသည်ဟု သူတို့ ခံစားရ၏။


 တစ်ဖက်တွင်၊ အောင်မြင်စွာ လက်ထပ်ခွင့်‌ေတာင်းခဲ့သော ဗိုလ်ချုပ် လင်းရွှမ် သည် သူ၏ လှပသော ကောင်မလေးကို ပျော်ရွှင်စွာ ပွေ့ဖက်ထားသည်။ လူဘယ်နှစ်ယောက်က တိတ်တဆိတ် မွန်းကြပ်နေသလဲ ဆိုသည်ကိုတော့ သူ ဂရုမစိုက်ပေ။


လင်းမိသားစုသည် လင်းရွှမ် ၏ လက်ထပ်ခွင့် ကမ်းလှမ်းချက်နှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာ ကြိုသိခဲ့သည်။ ဖန်သားပြင်ပေါ်ရှိ ပန်းရောင်ပူဖောင်းများသည် ရှန်းယွင်ကျင်း ၏စိတ်ကူးဖြစ်သည်။ နောက်ဆုံးတော့ သူမလည်း အမေလို ပြုမူခဲ့၏။


ဝေ့မိသားစုက ဤကိစ္စကို ကြိုမသိသော်လည်း လင်းမိသားစုက သူတို့ဆီ တရားဝင် အလည်လာခဲ့သည့်အတွက် ရိပ်မိလေသည်။သူတို့ လင်းမိသားစုဘက်မှ  လင်းရွှမ် ၏ ဆုပေးပွဲ အခမ်းအနားအပြီးမှာ တစ်ခုခုဖြစ်လာမှာမို့လို့ လင်းယောင်ယောင် ကို အရင်မပြောထားဖို့ တောင်းဆိုကြသည်။ ဆုပေးပွဲအခမ်းအနားအား လူသိရှင်ကြား ထုတ်လွှင့်မည်ဖြစ်ကြောင်း ဝေ့မိသားစုကိုလည်း ကြိုတင် အသိပေးထားသည်။ လင်းယောင်ယောင် ၏ တစ်သက်တာတွင် အရေးကြီးသောကိစ္စ မဟုတ်ပါက၊ လင်းမိသားစုသည် ဝေ့မိသားစု၏ အိမ်ကို အလည်အပတ် တိတ်တဆိတ် ရောက်လာမည် မဟုတ်။ထို့အပြင် သူတို့အား လင်းယောင်ယောင် ထံမှ လျှို့ဝှက်ထားရန် လျှို့ဝှက်စွာ တောင်းဆိုပြီး ဆုပေးပွဲ အခမ်းအနားမှာလည်း အရေးကြီးသည်ဟု ပြောနေခြင်း ဖြစ်သည်။


ဝေ့မိသားစုသည် လင်းရွှမ် ၏ ဆုပေးပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ပြီးနောက် အားလုံးသည် တစ်ပြိုင်နက် တိတ်ဆိတ်သွားကြသည်။ ဝေ့လင်း နှင့် ချမ့်ယောင် တို့သည် ဤလူငယ်နှစ်ဦး၏ ချစ်ကြည်နူးသော ပုံရိပ်ကို တာဇာကြယ်ပွင့်နယ်မြေတွင် အကြိမ်များစွာ တွေ့ခဲ့ဖူးသည်။ လင်းရွှမ် သည် ထိုအချိန်က လင်းယောင်ယောင် ကို သူ၏ "ဇနီးလောင်း" အဖြစ် လူတိုင်းအား အမြဲလိုလို မိတ်ဆက်ပေးခဲ့သည်။


 သူတို့ တရားဝင် စေ့စပ်ထားတာ မဟုတ်ကြောင်း နောက်ပိုင်းမှာ သူတို့ သိသွားသော်လည်း ဝေ့မိသားစုဘက်က သဘောတူညီမှု ရရှိခဲ့သည်။  လင်းရွှမ် သည် သူတို့၏ သမီးဖြစ်သူနှင့် ချစ်ကြိုက်မိသောကြောင့် တာဇာကြယ်ပွင့်နယ်မြေတွင် သူတို့ကို ရှာဖွေကယ်ဆယ်ရန် စွန့်စားခဲ့သည်။ကန့်ကွက်ဖို့ သူတို့မှာ ဆန္ဒ လုံးဝမရှိချေ။


 အဘိုးဝေ့ က ရယ်မောပြီး


 "လင်းမိသားစုရဲ့ ကောင်လေးက ပုံမှန်အားဖြင့် ရိုးရိုးသားသားပါပဲ... ဒါပေမယ့် သူက ဝေ့မိသားစုထဲက ကောင်မလေးတစ်ယောက်ကို‌ ကောင်းကောင်း လုယူနိုင်ခဲ့တာပဲ...ယောင်ယောင်လေးက သူ့ကို မငြင်းနိုင်ဖို့ အပီကြိုးစားထားတယ်"


 အဘွားဝေ့က ပြုံးပြီးပြောသည်။


 "သူတို့ စေ့စပ်ထားလည်း ယောင်ယောင် က ဝေ့မိသားစုရဲ့ သမီးဖြစ်နေတုန်းပဲလေ... သူမဟာ သူတို့ လင်းမိသားစုနဲ့ မသက်ဆိုင်ပါဘူး... ဒါပေမယ့် ငါတို့မိသားစုမှာလည်း စစ်နတ်ဘုရား သားမက်တစ်ယောက် ရှိလာတယ်ဆိုတော့ လုံးဝမထိခိုက်ပါဘူး"


ဝေ့လင်း နှင့် ချမ့်ယောင် တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ဝေ့လင်းက ပြောလိုက်သည်။


 "ကိုယ်တို့က သူ့မိဘတွေပဲ...၊ ဒါပေမယ့် ကိုယ်တို့ သူမကို ကောင်းကောင်းပံ့ပိုးမပေးခဲ့ရဘူး... အိမ်ထောင်ရေးကိစ္စကလည်း ယောင်ယောင် ရဲ့ ဆန္ဒပေါ်မှာပဲ လုံးလုံးမူတည်တယ်...ဘာပဲဖြစ်ဖြစ်   အခုက စေ့စပ်ထားတာ..ယောင်ယောင် က အသက် 20 မပြည့်သေးဘူး... အိမ်ထောင်ပြုရမယ့်အသက် မရောက်ခင် ခြောက်နှစ်ကျော် လိုသေးတယ်ဆိုတော့ သူမ စိတ်ပြောင်းသွားနိုင်တဲ့ အခွင့်အရေး ရှိပါသေးတယ်...ဝေ့မိသားစုဟာ ယောင်ယောင် ရဲ့ ကျောထောက်နောက်ခံအဖြစ် အမြဲရှိနေမှာ... လင်းရွှမ် သူမကို ဆိုးဆိုးရွားရွား ဆက်ဆံရဲရင် ငါတို့မိသားစုက အနိုင်ကျင့်ဖို့ မလွယ်ဘူးဆိုတာကို ပြရမယ်"


 ယောက္ခမဖြစ်သူ ချမ့်ယောင်က သူ့သားမက် လင်းရွှမ်ကိုကြည့်ရင်း၊ ပိုကျေနပ်သွား၏။ 


 "လင်းရွှမ် က စိတ်ရင်းမှန်နဲ့ ယောင်ယောင် ကို ကောင်းကောင်း ဆက်ဆံလိမ့်မယ် ထင်ပါတယ်… မဟုတ်ရင် သူ့အောင်မြင်မှုတွေကြောင့် သူ့ကို လက်ထပ်ဖို့ မိန်းကလေးတွေ ဘယ်လောက်တောင် စောင့်နေသလဲ...သူတို့ထဲက ကြိုက်တဲ့သူကို သူ ယူနိုင်တယ်လေ"


ဝေ့ကျော နှင့် ဝေ့ယို ဆိုသည့် ကလေးနှစ်ဦးပင်လျှင် သူတို့ အမြင်အချို့ကို ပြောခဲ့ကြသည်။


ဝေ့ကျော က အရင် ပြောသည်။


  "အစ်မက တော်တော်မိုက်တာပဲ...  လွယ်လွယ်နဲ့ ပါသွားတယ်… အဲဒီလူကြီးက ငါတို့အပေါ် ရက်စက်ပေမဲ့ သူက ငါ့အစ်မကိုတော့ ကောင်းပေးပါသေးတယ်"


ဝေ့ယိုက ရယ်လျက်…


  "ညီမလေးက အရမ်းတော်တယ်၊ ခဲအိုကလည်း အရမ်းတော်တယ်...အမေ၊ ဘာဖြစ်လို့ ညီမကို မမွေးစားတာလဲ"


ချမ့်ယောင်: "..."


 ဆုပေးပွဲအပြီးတွင် လင်းယောင်ယောင် သည် လင်းရွှမ် ကို ဆက်လက် ဖက်တွယ်ထားရန် အချိန်မရှိပေ။ ရှန်းယွင်ကျင်း သည် သူမအား လင်းမိသားစု၏ အိမ်ဟောင်းသို့ ပြန်ခေါ်သွားခဲ့သည်။ လင်းရွှမ် သည် စစ်တပ်တွင် ဗိုလ်ချုပ်ရာထူးတိုးပြီးနောက်၊သူသည် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အရည်အချင်းရှိသော လက်အောက်ငယ်သားများ၏ ရာထူးတိုးမြှင့်ခြင်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရသည်။


 ဥပမာအားဖြင့်၊ ချန်ပင်း ၏ရာထူးကို တပ်စုမှူးတစ်ဦးအဖြစ်မှ အဓိကဗိုလ်ချုပ်ကြီးအဖြစ်သို့ ရာထူးတိုးခဲ့သည်။ ချန်ပင်း သည် လင်းရွှမ်၏ အရည်အချင်းပြည့်ဝသော အရာရှိဖြစ်လာမည်ဖြစ်သောကြောင့် အနာဂတ်တွင် တပ်သားအသစ်တစ်ဦးကိုလည်း ချန်ပင်း နေရာမှာအစားထိုးဖို့ လေ့ကျင့်ပေးရမည်ဖြစ်သည်။တခြားသူတွေမှာလည်း အသီးသီးရာထူးတိုးကြသည်။


လင်းယောင်ယောင် သည် မနက်ဖြန်ကျလျှင်  ဝေ့မိသားစုထံ တရားဝင်သွားရောက်လည်ပတ်ရန်၊ လက်ထပ်ခွင့်တောင်းပြီး လက်ထပ်မည့်ရက်ကို ဆွေးနွေးရန် ရှန်းယွင်ကျင်းထံမှ သိရှိခဲ့သည်။


 ထို့နောက် ရှန်းယွင်ကျင်း သည် လင်းရွှမ် နှင့် တန်းပြီးလက်ထပ်ရန် မျှော်လင့်ထားကြောင်း သူမအား အသေးစိတ်ရှင်းပြခဲ့သည်။ သို့သော် ဝေ့မိသားစု သို့မဟုတ် သူမသာ သံသယရှိပါက အရင်ဦးစွာစေ့စပ်ထားနိုင်သည်။


ကြယ်တာရာခေတ်၏ လူ့သက်တမ်းမှာ ယေဘူယျအားဖြင့် နှစ် ၃ဝ မှ ငါးရာအထိရှိပြီး လက်ထပ်ထိမ်းမြားမှုအတွက် တရားဝင်အသက်သည် ၂၅ နှစ်ဖြစ်သည်။ လင်းယောင်ယောင် သည် အသက် 25 နှစ်မပြည့်သေးသောကြောင့် ယေဘုယျအားဖြင့်ပြောရလျှင် သူမသည် စေ့စပ်ရန်သာလုပ်ရမည်ဖြစ်သည်။ ဤစည်းမျဉ်းသည် လူငယ်များအား စိတ်အားထက်သန်စွာ လက်ထပ်ပြီး ကွဲကွာခြင်းမှ တားမြစ်ဖို့ လုပ်ထားခြင်း ဖြစ်သည်။ အသက်ငယ်ရွယ်သူများသည် လက်ထပ်ချင်စိတ်ရှိကြသော်လည်း အိမ်ထောင်ရေးတွင်ပါလာသော တာဝန်ဝတ္တရားများနှင့် တာဝန်အမျိုးမျိုးကို မခံနိုင်ကြချေ။


 စေ့စပ်ရေးကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ချိန်းတွေ့ခြင်းထက် ပိုမို လေးနက်သော “အစမ်းလက်ထပ်ခြင်း” ဟု မှတ်ယူနိုင်သည့် တရားဝင် အပိုင်းတစ်ခု ရှိသည်။ သို့သော် တရားဝင်လက်ထပ်ခြင်းကဲ့သို့ ကန့်သတ်ချက်များ အများအပြားမရှိပေ။


လင်းယောင်ယောင် အသက် 25 နှစ် ပြည့်သွားသည့်အခါမှာ သူတို့နှစ်ဦးသည် စေ့စပ်ကြောင်းလမ်းမှုကို ရပ်စဲခြင်းမရှိပါက၊ တရားဝင်လက်ထပ်ခြင်းအဖြစ် အလိုအလျောက် မြှင့်တက်သွားမှာဖြစ်၏။သူမ အသက် 25 နှစ်မပြည့်မီတွင် သူတို့၏ စေ့စပ်ထားချိန်အတွင်း ကလေးရှိလာလျှင် အိမ်ထောင်ရေးသို့ အလိုအလျောက် တိုးမြင့်သွားမည်ဖြစ်သည်။


 နှစ်ဖက်စလုံးမှ အသက် 25 နှစ်အထက်ရှိပါက၊ စေ့စပ်ရာတွင် သူတို့ကိုယ်တိုင် "အစမ်းလက်ထပ်ခြင်း" ကာလကို ညှိနှိုင်းနိုင်သည်။ ဤကာလသည် အနည်းဆုံး သုံးနှစ်ထက် မကျော်လွန်ရဘဲ သက်တမ်းကုန်ဆုံးသည့်အခါ တရားဝင်လက်ထပ်ခြင်းအဖြစ် အလိုအလျောက် ပြောင်းလဲသွားမည်ဖြစ်သည်။ ယင်းက အိမ်ထောင်ရေးအပေါ် လူအများ၏ သံသယများကို ဖြေလျှော့ပေးနိုင်သည်။


 ကြယ်တာရာခေတ်တွင်၊ လူတိုင်း၏ အသက်သည် ပိုရှည်လာသော်လည်း အချစ်သည် အချိန်အားဖြင့် တွက်ကြည့်ပါက၊ရှည်ကြာလွန်းသည်ဖြစ်ရာ အလွယ်တကူ ကုန်ဆုံးသွားသည်။  လူမှုရေးတည်ငြိမ်မှု သေချာစေရန်အတွက် ကွာရှင်းခြင်းအတွက် လိုအပ်သော ဒဏ်ငွေများမှာ အထူးသဖြင့် အိမ်ထောင်ရေးကို သစ္စာဖောက်သည့်သူက ငွေပိုပေးရ၏။


 ထို့ကြောင့် လူအနည်းငယ်ကသာ သေချာမသိဘဲ စောစီးစွာ လက်ထပ်ကြမည်ဖြစ်သည်။ထို့ကြောင့် "အစမ်းကာလ" သည်လည်း အလွန်လိုအပ်ပါသည်။ ရှစ်ဆယ်ရာခိုင်နှုန်းသောလူများသည် စေ့စပ်ရန် ပထမဆုံးရွေးချယ်ကြပြီး သင့်လျော်ပါက တရားဝင်လက်ထပ်ရန် ဆုံးဖြတ်ကြသည်။ စေ့စပ်ပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပလျှင် ယေဘူယျအားဖြင့် မင်္ဂလာပွဲကို နောက်တစ်ကြိမ် ကျင်းပတော့မှာ မဟုတ်ပေ။ ဆွေမျိုးများနှင့် သူငယ်ချင်းတွေကို အတူတူဖိတ်၍ ညစာစားရုံမျှနှင့်  လုံလောက်သည်။


အကယ်၍ လူတို့သည် အသက် 18 နှစ်ပြည့်ပြီးသော်လည်း အသက် 25 နှစ်အောက် ရှိလျက်နှင့် တန်းပြီးတိုက်ရိုက်လက်ထပ်လိုပါက၊ မိဘ၏ သဘောတူညီချက်နှင့် လက်မှတ်အားလုံး မရရှိလျှင် အိမ်ထောင်မပြုနိုင်ကြပေ။ မကျေနပ်ပါက မည်သည့်ဘက်မှမဆို စေ့စပ်ကြောင်းလမ်းမှုကို အချိန်မရွေး ရပ်စဲနိုင်သည်။


လင်းယောင်ယောင် သည်  ကြယ်တာရာခေတ်တွင် ဤမျှရှုပ်ထွေးသော အိမ်ထောင်ရေးစနစ်ကို တခါမှ မလေ့လာဖူး‌ေပ။


ရှန်းယွင်ကျင်း သည် သူ့သမီးမှာ ချစ်စရာကောင်းပြီး အပြစ်ကင်းလွန်းသည်ဟုသာ တွေးမိသည်။  ခြားနားချက်အကြောင်း သူမကို သင်ပေးသော်လည်း ဆုံးဖြတ်ချက်ချရန် သူမကို အတင်းအကြပ် မပြောခဲ့ပေ။  စကားပြောပြီးနောက် နေရာပေးရန်အတွက် လင်းယောင်ယောင် ကို တစ်ယောက်တည်း ထားခဲ့သည်။


လင်းယောင်ယောင် သည် ဤကိစ္စကို အချိန်အတော်ကြာ တွေးနေသော်လည်း ပထမဆုံး စေ့စပ်ဖို့ သို့မဟုတ် တိုက်ရိုက်လက်ထပ်ဖို့ကိစ္စကို မတွေးတတ်ပေ။

 သူမအတွက်၊ သူမ၏နှလုံးသားသည် လင်းရွှမ် ကိုသာ ချစ်ခဲ့သဖြင့် "အစမ်းလက်ထပ်ခြင်း" မလိုအပ်ပေ။


လအနည်းငယ်အကြာတွင် သူမသည် အသက်ဆယ့်ကိုးနှစ် ပြည့်တော့မည်ဖြစ်သည်။ အစောကြီးလက်ထပ်လျှင် ချည်နှောင်ခံရမှာကို သူမကြောက်တာ အမှန်ပင်။ အချုပ်အနှောင်များစွာမရှိဘဲ ချိုမြိန်သော လွတ်လပ်မှုကို ခဏတာ ခံစားချင်သေးသည်။ထို့ကြောင့် လင်းယောင်ယောင် သည် သူမ၏ ကိုယ်ပိုင် ဦးနှောက်နှင့်  မိခင်နှစ်ဦးကို တိုင်ပင်ရန် ဆုံးဖြတ်ခဲ့သည်။



xxxxxx