Chapter 175
(ရှောင်မင်၏ အိမ်မက်)
ရိုးရိုးသားသားပြောရလျှင် ဝေ့လင်း၏တောင်းဆိုမှုသည် ပုံမှန်အိမ်ထောင်ရေး သဘောတူညီချက်ထက် ပိုတောင်းဆိုထားသည်။ စေ့စပ်ပွဲတစ်ခုတွင် မည်သူမဆို အချိန်မရွေး တစ်ဝက်တစ်ပျက် နောင်တရခွင့်ရှိသော်လည်း ဤအိမ်ထောင်ရေးသဘောတူညီချက်ဖြင့် လင်းရွှမ်အား နောက်ကြောင်းပြန်ပိုင်ခွင့်ကို လုံးဝကန့်သတ်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ သဘောတူညီလိုက်သော်လည်း လင်းယောင်ယောင် သည် ဝေ့လင်းနှင့် ချမ့်ယောင်တို့ သက်သာရာရသွားစေရန်သာ သဘောတူခြင်းဖြစ်ပြီး သူမတို့ဘယ်တော့မှ မခွဲခွာနိုင်ဟု ယုံကြည်သည်။ သို့သော် မဆိုင်းမတွဘဲ လင်းရွှမ်က သဘောတူသည်ကို မြင်သောအခါ သူမ စိတ်ထဲတွင် အလွန်ပျော်ရွှင်နေမိသည်။
လင်းရွှမ် နှင့် လင်းယောင်ယောင် တို့၏ အိမ်ထောင်ရေးသည် ဤနည်းဖြင့် ပြေလည်သွားသည်။ ဤသည်မှာ စေ့စပ်ပွဲမဟုတ်ဘဲ အိမ်ထောင်တစ်ခုပင်။
ကြယ်တာရာခေတ်တွင် တိုက်ရိုက်လက်ထပ်ရန် ရွေးချယ်သူများသည် အကျိုးစီးပွားများ ပေါင်းစပ်ထားသော အိမ်ထောင်တစ်ခု သို့မဟုတ် တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက် ချစ်ကြပြီး အစမ်းလက်ထပ်ချိန်ကို မလိုအပ်ဘူးဟု ဆုံးဖြတ်ထားကြသူများပင်။
လင်းရွှမ် သည် သူ၏ ဆုပေးပွဲ အခမ်းအနားတွင် လူသိရှင်ကြား လက်ထပ်ခွင့်မတောင်းပါက၊ လူအများစုက စီးပွားရေးအိမ်ထောင်ဟု သေချာပေါက် စဉ်းစားကြလိမ့်မည်။ သို့သော် လင်းရွှမ် ၏ လက်ထပ်ခွင့်တောင်းခြင်းနှင့် သူမ၏ တုံ့ပြန်မှုကို မြင်ပြီးနောက်၊ အချစ်အိမ်ထောင်ရေးဟု ထင်သွားကြပေလိမ့်မည်။
ဆွေမျိုး မိတ်သင်္ဂဟ အနည်းစုကို ပြောပြရုံမှလွဲ၍ ဤကိစ္စရပ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ယင်းအစား ရက်အနည်းငယ်အတွင်း ကျရောက်မည့် အဘိုးဝေ့၏ မွေးနေ့ပွဲ၌ အတူတကွ ကြေညာရန် ရွေးချယ်ခဲ့သည်။
သို့သော်၊အာဏာရှိသူအသိုင်းအဝန်းထဲမှာ လုံးဝလျှို့ဝှက်ချက်ဆိုသည်မှာ မရှိပေ။
လင်းယောင်ယောင် နောက်ကို အဆက်မပြတ်လိုက် သတင်းယူနေသော ရှောင်မင် နှင့် ရှောင်ကျန်း တို့သည် ရေပန်းစားသော အင်တာနင်ပေါ်က ရှာဖွေမှုများနှင့် လင်းရွှမ် ၏ ဆုပေးပွဲ အခမ်းအနားမှ လက်ထပ်ခွင့်တောင်းခြင်းတို့ကို ကြုံတွေ့ခဲ့ရလျှင် သူတို့မှာ ချုပ်တည်းနိုင်စွမ်းမရှိတော့ပေ။ဤကာလအတွင်း သူ့အား ဧကရာဇ် ထောက်လှမ်းရေးဗျူရိုမှ မကြာခဏ စုံစမ်းစစ်ဆေးခံရသော်လည်း သူ့အတွက် အရေးမကြီးတော့။သူသည် ရှုံးနိမ့်ခြင်းမရှိသော အောင်မြင်မှုကို အမြဲတောင်းဆိုနေခဲ့သည်။ယခု သူ့ရည်မှန်းချက်များက မအောင်မြင်နိုင်တော့ပေ။ထုံးစံအတိုင်း၊ သူရှုံးနေပြီဖြစ်ပြီး ရလဒ်ကိုလည်း လက်ခံနိုင်စွမ်းမရှိတော့ချေ။
ရှောင်မင် သည် လက်တွေ့ကမ္ဘာနှင့်ဝေးကွာသော မြင်ကွင်းများကို အိပ်မက်မက်ခဲ့သည်။ ၎င်းကို သူကိုယ်တိုင် တွေ့ကြုံဖူးသလို ရင်းနှီးသော်လည်း လက်တွေ့နှင့် လုံးဝ ကွဲပြားသည်။ ထိုအိပ်မက်ထဲတွင် သူသည် စုချင်းဟယ် ၏နှလုံးသားကို ဖမ်းစားပြီး ထပ်တန်းအရာရှိ ကျောက်ပိုဟိုင် ၏ အာဏာကို ယူခဲ့သည်။
လင်းယောင်ယောင် သည် သူ့ကို အဆုံးမသတ်ဘဲ နှောင့်ယှက်နေဆဲဖြစ်သည်။ သူက လင်းယောင်ယောင် ကို ငြင်းလိုက်သည့်အတွက် သူမသည် ညီဖြစ်သူ ရှောင်ကျန်း နှင့် စေ့စပ်ဖို့ သဘောတူလိုက်သည်။ လင်းရွှမ် သည် အားကြီးသောရန်သူဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် သူနှင့် ရှောင်ရု တို့သည် ယိလန် နှင့် မိုလန်ရှိ အဖြစ်အပျက်များကို ပူးတွဲအစီအစဥ်ရေးဆွဲခဲ့သည်။ သူတို့အောင်မြင်ခဲ့ပြီး လင်းမိသားစုသည် ညှိုးနွမ်းပြီး ပြိုလဲသွားခဲ့သည်။ဤသည်က သူမျှော်လင့်ထားသည့်အတိုင်း တစ်ကယ်ကို လှပသော အိပ်မက်တစ်ခုပင်။ ထို့နောက် သူအလွန်တပ်မက်သော ပလ္လင်ပေါ်တွင် ထိုင်ကာ အင်ပါယာ၏ ထိပ်တွင် ရပ်တည်နေခဲ့၏။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သော အရာတို့သည် အိမ်မက်ထဲတွင် ရုတ်ချည်း ပြောင်းလဲသွားရသည်။
ရာဇပလ္လင်သို့ သူရောက်ရန် အသုံးချထားသော ဇာ့ခ်တို့သည် အရှင်သခင် အင်ပါယာတွင် သောင်းကျန်းခဲ့ကြ၏။ သူသည် လင်းရွှမ် ကိုသတ်ရန်အတွက် မက်မွန်သီးရောင်ဇာ့ခ်ကိုအသုံးပြုခဲ့ပြီး မက်ရှဲ သည်လည်း သူ့ကိုအလွယ်တကူသတ်ရန်အတွက် တူညီသော မက်မွန်သီးရောင်ဇာ့ခ်ကိုအသုံးပြုခဲ့သည်။ ထို့နောက် အင်ပါယာသည် ရှည်လျားသောစစ်ပွဲတစ်ခု ဖြစ်သွားသည်။
ရှောင်မင် သည် ယခင်က ဤအိပ်မက်ကို အကြိမ်များစွာ မက်ဖူးပြီး သူ ထီးနန်းရပြီးနောက် အိပ်မက်သည် ပြီးဆုံးသွားတတ်သည်။ အပြင်လောကမှာလည်း အိမ်မက်ထဲကနှင့်ကွဲပြားစွာ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် သူ့အစီအစဉ်ကို အကြိမ်ကြိမ် ပျက်ပြားစေခဲ့သည်။
သို့သော် ယခုတစ်ကြိမ် သူ့အိပ်မက်ထဲတွင် တစ်ကယ့်အဖြစ်လို ခံစားနေရသည်။ သူ့အိပ်မက်ထဲမှာ မက်မွန်သီးရောင်ဇာ့ခ်က သူ့ကိုစားလိုက်သည့်အချိန်မှာ သူရုတ်တရက်နိုးလာခဲ့၏။ သူ့အသားကို နက်နက်နဲနဲ ဖောက်ထားသည့် ခံစားချက်မျိုး၊ သူ့အတွင်းအင်္ဂါတွေကို ချွန်ထက်သည့် သွားများနှင့် အကိုက်ခံရပြီး အရိုးတွေအားလုံး ခုတ်ထစ်ခံရသည်။သူ ဆံပင်များထောင်လာရသည်အထိ ကြောက်ရွံ့ထိတ်လန့်သွားသည်။
ကံကောင်းထောက်မစွာ၊ ဤသည်မှာ အိပ်မက်တစ်ခုမျှသာဖြစ်သည်။
သို့သော်လည်း ရှောင်မင် ၏ မူလရည်ရွယ်ချက်သည် ဤအိမ်မက်ကြောင့် ပျောက်ကွယ်သွားသည်။ သူ အသက်ရှင်ချင်သည်။ သူ့ဘဝက ဘယ်လောက်ပဲ ခက်ခဲပင်ပန်း ပင်ပန်းဆင်းရဲစွာနေခဲ့ရစေကာမူ၊ နာနာကျင်ကျင်ကြီး မသေချင်ပေ။လင်းယောင်ယောင် နှင့် လင်းရွှမ် ယခုဆို လက်ထပ်ကြတော့မည်ဖြစ်၏။
သူ၏ အမေက ရှောင်ရု ၏အမေကိုသတ်ခဲ့သည်။ ရှောင်ရု သည် ယိလန် နှင့် မိုလန်၌ ဇာ့ခ်များလွှတ်ရာတွင် ယခင်က သူနှင့်လက်တွဲခဲ့ဖူးသောကြောင့် ယခုအခါ လင်းရွှမ် ကလည်း ရှောင်ရုကို ပစ်မှတ်ထားလာတော့သည်။ရှောင်ရု သည် လင်းရွှမ်၏ လက်တုံ့ပြန်ခြင်း မခံရမီ သူ့ကိုလည်း လွှတ်ထားမည်မဟုတ်ပေ။
ရှောင်မင် သည် ထီးနန်း သို့မဟုတ် ပြည်သူတို့၏ ကောင်းချီးကို အိပ်မက်မမက်တော့ပေ။ ပုံမှန်အတိုင်းပဲ နေချင်တော့သည်။ သူသည် ရှောင်ရု သို့မဟုတ် လင်းရွှမ် လက်ထဲသို့ မကျချင်၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် တစ်သက်လုံး အကျယ်ချုပ်ချထားခြင်းလည်း မခံချင်ပေ။
အတန်ကြာသောအခါ၊ ရှောင်မင် သည် စိတ်ဓာတ်ကျခြင်းမှ နိုးထလာသည်။ သူသည် အရေးကြီးသောပစ္စည်းများကို ထုပ်ပိုးပြီး အာကာသခလုတ်များစွာတွင် ထည့်ထားလိုက်သည်။ သူသည် အမည်မသိ ဂြိုလ်တစ်ခု သို့မဟုတ် နဂါးများ၊ ငါးများရှိနေသော ကြယ်ကွင်းတစ်ခုကို ရှာဖွေချင်ခဲ့သည်။ အလွန်မသတီစရာကောင်းပြီး မသိနိုင်သည့် အန္တရာယ်တွေရှိနိုင်သော်လည်း အနည်းဆုံးတော့ သူ့မှာ လွတ်လပ်မှုရှိနေမှာပင်။သို့သော်လည်း၊ သူ့လှုပ်ရှားမှုတိုင်းကို လေးလေးနက်နက် စောင့်ကြည့်နေမှန်း သူ မသိခဲ့ပေ။
လုလင်း က ရှောင်မင် အခြေအနေကို လင်းရွှမ်အား ချက်ချင်း သတင်းပို့လိုက်သည်။
"သူ့ကို တားဖို့ တစ်ယောက်ယောက်ကို လွှတ်ရမှာလား"
လင်းရွှမ် အေးစက်စွာပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါတို့လူတွေက သူ့ကို ဧကရာဇ်မြို့တော်ကနေ ချောချောမွေ့မွေ့ ထွက်သွားအောင် ကူညီပေးကြမှာ... ပြီးတော့ သူ့တည်နေရာကို ရှောင်ရု ဆီကို သင့်တော်တဲ့ နည်းလမ်းနဲ့ ပို့ပေးပါ"
လင်းရွှမ် သည် ရှောင်ရု နှင့် ရှောင်မင် ထံမှ ရာဇ၀တ်မှုမြောက်သည့် အထောက်အထားများကို တင်ပြခဲ့သော်လည်း သူတို့နှစ်ဦးစလုံးသည် မင်းသားများဖြစ်ကြသည်။ ထို့ကြောင့် အကြီးအကဲခေါင်းဆောင်များသည် သူ့စကားကို နားထောင်ရုံဖြင့် မဖြစ်နိုင်ပေ။ အထောက်အထားရှိလျှင်ပင် အတုအပဖြစ်နိုင်ချေရှိသည်ဟု ယူဆကြ၏။ တစ်ကယ်တော့ သူ့လက်ထဲမှာ ပိုအဆင့်မြင့်သည့် နည်းပညာများ ရှိနေကြသဖြင့် ပို၍မယုံကြည်ကြပေ။။
ထို့ကြောင့် သူ ပေးပို့သော မသမာမှု၏ အချက်အလက်များကို စုံစမ်းစစ်ဆေးရန်မှာ ဧကရာဇ်မြို့တော်၏ ဉာဏ်ရည်မြင့်စနစ်သည် နည်းပညာအရ လုံလောက်သောအဆင့်အထိ မမြင့်မားခြင်း မရှိပေ။ စိစစ်ရန် အလွန်ခက်ခဲပြီး အချိန်ကြာမြင့်နိုင်သည်။
သို့သော် ရှောင်မင် သည် ဤကဲ့သို့ လွတ်မြောက်ရန် ကြိုးစားသောအခါတွင်၊ သူ၏ ရာဇ၀တ်မှုကို ဝန်ခံခဲ့ခြင်းဖြစ်သည်။
သူ့မှာ အပြစ်မရှိဘူးဆိုရင် ဘာကြောင့် ထွက်ပြေးနေမှာလဲ...
အရှင်သခင် အင်ပါယာသည် လူသားချင်းစာနာမှုဝါဒကို လိုက်နာပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်သည်။
သို့သော် ရှောင်မင် သည် သူ့ကိုယ်ပိုင်အကျိုးစီးပွားအတွက် အင်ပါယာပြည်သူ တစ်ဘီလီယံကျော်၏အသက်ကို သတ်ရန် မတွန့်ဆုတ်ခဲ့သဖြင့် ထိုပြစ်ဒဏ်သည် ပေါ့ပါးလွန်းသည်ဟု လင်းရွှမ် ခံစားရသည်။
ရှောင်မင် သည် ယခုတစ်ကြိမ် လုပ်ကြံရန် မအောင်မြင်သောကြောင့် "သတ်ဖြတ်ရန် ကြိုးပမ်းခြင်း" ဟုသာ မှတ်ယူနိုင်သည်။သို့သော်လည်း သူသည် လင်းယောင်ယောင် အကြောင်းကို တွေးနေဆဲဖြစ်ပြီး သူ့ကိုလည်း ပစ်မှတ်ထားနေဆဲဖြစ်ကြောင်း သိပြီးနောက် လင်းရွှမ် သူ့ကို အသက်ရှင်ခွင့်မပြုနိုင်ခဲ့ပေ။
ရှောင်ရု သည် ရှောင်မင် လွတ်မြောက်သွားကြောင်းကို သိလျှင် အခြေအနေက ကွဲပြားသွားမည်ဖြစ်သည်။ ရှောင်ရု သည် ထီးနန်းရရန်အတွက် နှစ်ပေါင်းများစွာ ရှောင်မင် အပေါ်သည်းခံခဲ့သည်။ ယခင်က ရှောင်မင် နှင့် လက်တွဲခဲ့ဖူးသော်လည်း သူတို့နှစ်ယောင်သည် ပုဂ္ဂိုလ်ရေးအရ အငြိုးအတေးများရှိကာ မတည့်ကြချေ။
ရှောင်ရု ၏မိခင်ကိုသတ်ခဲ့သူက ရှောင်မင် ၏အမေ မေလင်း ဖြစ်၍ ယခုထိ မုန်းတီးနေဆဲပင်။ ထို့နောက်တွင်တော့ မေလင်း ကွယ်လွန်သွားခဲ့ပြီး သူမက ရှောင်မင် အတွက် လမ်းခင်းပေးခဲ့သည်။ရှောင်ရု သည် ထို့အတွက်ကြောင့် သူ့မှာ အခွင့်အရေးရှိနေသရွေ့ ရှောင်မင် ကို ဘယ်တော့မှ သနားညှာတာမှာ မဟုတ်ပေ။
အတိုချုပ်ပြောရလျှင် လင်းရွှမ် ၏ လှုပ်ရှားမှုသည် ရှောင်မင် အတွက် လွတ်မြောက်ရန် အခွင့်အလမ်းကို ဖန်တီးထားပုံရသော်လည်း၊ ရှောင်ရု သည် ရှောင်မင် ကို ဖယ်ရှားရန် အခွင့်အရေး ဖန်တီးပေးခဲ့ခြင်း ဖြစ်ပေသည်။
ရှောင်ရု နောက်မှာ မြင့်မြတ်သော တပ်မဟာ၏ ပံ့ပိုးမှုရှိသည်။ သူက ယိလန် နှင့် မိုလန် ၏ကိစ္စများကို ရှောင်မင် ခေါင်းပေါ်တင်ပြီး ရှင်းပစ်ဖို့ စိတ်ကူးကြည့်မိသည်။သို့သော်၊ ရှောင်မင် ကို မသတ်နိုင်ခဲ့လျှင် သဲလွန်စများ ကျန်နေခဲ့မှာ သေချာ၏။
“သူ့အမေအတွက် လက်စားချေဖို့”ဆိုသည့် အကြောင်းပြချက်က၊ ဘယ်လောက်ပဲ ခိုင်မာပါစေ တော်ဝင်မိသားစုက ညီဖြစ်သူအား သတ်ခဲ့သောမင်းသားကို ရာဇပလ္လင်ပေါ်မှာ ဘယ်တော့မှ ထိုင်ခွင့်မပြုချေ။အကယ်၍ အခြားသူများသာ ထိုရာထူးတွင်ရှိနေပါက ရှောင်ရု ရှုံးနိမ့်သွားမည်ဖြစ်ပြီး ဝေးလံခေါင်သီသောကမ္ဘာပေါ်တွင် တစ်သက်လုံး နေအိမ်အကျယ်ချုပ်ချထားခံရမည်ဖြစ်သည်။
လင်းရွှမ် အထင်က နောက်ဆုံးမင်းလောင်းမှာ တတိယမင်းသား ရှောင်ကျန်း ဖြစ်နိုင်သည်ဟု တွေးမိ၏။ သူသည် ယခင်က ဘာမျှမလုပ်ဆောင်ခဲ့ဘဲ ရည်မှန်းချက်မရှိခဲ့သော်ငြား၊ မကြာသေးမီကမှ ကိစ္စများစွာကို စီစဉ်ခဲ့သည်။သူသည် လင်းယောင်ယောင် ကို ချစ်ခဲ့သည်မှာ သုံးလေးနှစ်ရှိပြီဖြစ်သည်။သို့သော်လည်း၊ ဤ လင်းယောင်ယောင်သည် အရင်လင်းယောင်ယောင် မဟုတ်တော့ကြောင်းကို ရယ်စရာကောင်းလောက်အောင်ပင် ထိုကောင်လေး သတိမထားမိခဲ့ပေ။
ရှောင်ကျန်းက ယောင်ယောင် ကို သဘောကျတာကြောင့် လင်းရွှမ် သူ့ကို သဘောမတွေ့သော်လည်း လူတွေကို ထိခိုက်စေအောင် ဘာမှ မလုပ်သည့်အတွက် သူ့ကို အရေးယူမှာ မဟုတ်ပေ။သို့ဖြစ်၍၊ ရှောင်ကျန်း၏ ဘုရင်ဖြစ်မည့် လမ်းကြောင်းကိုပိတ်ဆို့နေသော အတားအဆီးများဖြစ်သည့် ရှောင်ရု နှင့် ရှောင်မင် ကို လက်တုံ့ပြန်ဖို့ ကြံစည်ခြင်းဖြစ်ပေသည်။ထိုအခါ ရှောင်ကျန်း နှင့် သူ့မိခင် နောက်ကွယ်ရှိ ဘုရင့်တပ်ဖွဲ့တို့သည် လင်းမိသားစုကို အကြွေးတင်သွားမည်ဖြစ်သည်။ထိုအခါ ရှောင်ကျန်း သူ့အား အရှုံးပေး၊မပေးဆိုသည်ကို ဂရုမစိုက်ပေ။
စစ်ရေးကိစ္စ ဘာမှနားမလည်သော ဧကရာဇ်ကလည်း အင်ပါယာအတွက် အားကိုးရသူ စစ်နတ်ဘုရားကို အာခံရဲမှာမဟုတ်ပေ။ထိုမျှမကသေး၊ဘုရင့်တပ်ဖွဲ့တစ်ခုလုံးကတောင် သူ့ကို မော်တောင်မကြည့်ရဲကြချေ။သူ၏ ချစ်သူ လင်းယောင်ယောင်ကိုလည်း သူကိုယ်တိုင် ကောင်းကောင်းအကာအကွယ်ပေးနိုင်သည်။သူသည် ကြယ်တာရာခေတ်တွင် အင်ပါယာကို အကျိုးပြုနေသည့် အထူထဲခိုင်မာဆုံးသော တံတိုင်းကြီးဖြစ်သည်။သာမန်ကြေးတံတိုင်း၊အုတ်တံတိုင်း မဟုတ်ပေ။
ထိုကြောင့် ရှောင်ကျန်း က သူ့အိမ်ကြီးမှာ အရက်သောက်၊မူးရူးပြီး ဥာဏ်ရည်မြင့် စက်ရုပ်နှစ်ကောင်ကို ဖျက်ဆီးလိုက်သည့် အခါ သူ တွေးမိသည်မှာ... “အို...သူလုပ်နိုင်တာ ဒီလိုအပြစ်တင်တတ်တာပဲလေ"
လင်းရွှမ် နှင့် လင်းယောင်ယောင် တိုက်ရိုက် လက်ထပ်တော့မည့်သတင်းကိုကြားသောအခါ ရှောင်မင် သည် စိတ်ဓာတ်ကျခြင်းမှ ရုတ်တရက်နိုးထလာပြီး အခြားနည်းလမ်းတစ်မျိုးကို ရှာလာသည်။
သို့သော် ရှောင်ကျန်းကမူ စိတ်ဓာတ်ကျလာပြီး ဧကရာဇ်ရာထူးအတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်ဖို့ ရာတွင် ချမ်းသာပြီး တန်ခိုးအာဏာကြီးမားသူများကို တက်ကြွစွာ မိတ်ဖွဲ့လိုခြင်း မရှိတော့ပေ။သူသည် မူလကတည်းက အာဏာအတွက် တိုက်ပွဲဝင်ခြင်းကို မကြိုက်နှစ်သက်သလို ထိုရာထူးအတွက်လည်း ရည်မှန်းချက်မရှိပေ။လင်းယောင်ယောင် ကို ကာကွယ်နိုင်မည်ဟု ထင်သောကြောင့်သာ ရုတ်တရက် အစွဲအလမ်းကြီးစွာ လိုချင်တပ်မက်လာခြင်းဖြစ်သည်။ သူ့အိပ်မက်ထဲမှာ လင်းယောင်ယောင် က သူနှင့်စေ့စပ်ဖို့ သဘောတူလိုက်၏။ထို့ကြောင့် လက်ရှိဘဝမှာလည်း သူ ဧကရာဇ်ဖြစ်လာပါက၊သူမကိုလည်း ဧကရီရာထူးပေးချင်မိသည်။
ထိုအဖြစ်ကို တွေးလိုက်သောအခါ ရှောင်ကျန်း အားအင်တွေပြည့်လာရပြီး သူ မကြိုက်ခဲ့သည့် အရာများကိုလုပ်ဖို့ စိတ်အားထက်သန်လာ၏။သို့သော်၊အိမ်မက်က အခုတော့ လုံးလုံးကြေကွဲသွားခဲ့ပြီဖြစ်သည်။ လင်းယောင်ယောင် သည် သူ့အဖေတောင် မနာလိုဖြစ်ရလောက်အောင် အစွမ်းထက်သူ လင်းရွှမ် ကို ရွေးချယ်ခဲ့သည်။
သူ ဧကရာဇ်ဖြစ်လာလျှင်တောင် လင်းရွှမ်ကို မတိုက်နိုင်သလို၊ လင်းရွှမ်ဆီက မိန်းကလေးတစ်ယောက်ကို မလုယူနိုင်သဖြင့်.....
သူ ဘာလို့ ထီးနန်းအတွက် တိုက်ပွဲဝင်ရမှာလဲ...
သို့သော် အဖြစ်မှန်မှာ ရှောင်ကျန်း သည် မဖြစ်မနေ တိုက်ပွဲဝင်ရခြင်းဖြစ်သည်။ သူသည် လူများစွာအတွက် ဘုရင့်တပ်ဖွဲ့ တစ်ခုလုံး၏ အကျိုးစီးပွားကို ကိုယ်စားပြုသူဖြစ်သည်။ ယခု စစ်မတိုက်ချင်ဘူးဆိုလျှင် သူ့ကို ထောက်ခံဖို့ လာသည့်လူများနှင့် နောက်ကွယ်က အင်အားစုတွေကို စော်ကားသလို ဖြစ်ပေလိမ့်မည်။သူ မတိုက်ချင်သော်လည်း တိုက်ကိုတိုက်ရမည်ဖြစ်သည်။
လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် ယခုအခါတွင် လက်မထပ်ရသေးသော စုံတွဲများဖြစ်သည်။ ထို့ကြောင့် သူသည် လင်းယောင်ယောင် ကို ကြိုက်နိုင်သော်လည်း အခြားသူများရှေ့တွင် ထိုအချစ်ကို မပြသနိုင်တော့ပေ။သို့မဟုတ်ပါက၊ အရှင်သခင် အင်ပါယာကိုကယ်တင်ခဲ့သည့် သူရဲကောင်း လင်းရွှမ်သည် သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်လာပေမည်။
ရှောင်ကျန်း ၏ ရာထူးတက်နိုင်ခြေသည် ရုတ်တရက် ပို၍ကြီးမားလာသောကြောင့် ဧကရာဇ်ဘုရင်စနစ်၏ အာဏာရှင်စနစ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းမျဉ်းခံဘုရင်စနစ်သို့ ပြုပြင်ပြောင်းလဲဖို့ကို ဘုရင့်တပ်ဖွဲ့မှ ပြင်းထန်စွာ ဟန့်တားထားသည်။
ရှောင်မင် သည် အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့ပြီး ရန်သူနှင့် ပူးပေါင်းခဲ့၍ သစ္စာဖောက်မှုဖြင့် တရားဝင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
ရှောင်ရု သည်လည်း စတင်လှုပ်ရှားလာသည်။
xxxxx