အခန်း၁၇၆
Viewers 15k

Chapter 176

(မွေးနေ့ပွဲ)


ထိုအချိန်တွင် ဝေ့မိသားစုသည် အဘိုးဝေ့အတွက် မွေးနေ့ပွဲကျင်းပပြီး ဧကရာဇ်မြို့တော်၏ တန်ခိုးအာဏာရှိသည့် အသိုင်းအဝိုင်းတစ်ခုလုံးကို ဖိတ်ကြားခဲ့သည်။


 ဝေ့မိသားစု၏ နေအိမ်သည် ပင်လယ်နှင့် နီးစပ်ပြီး မွေးနေ့ပွဲကျင်းပရာ နေရာသည် တောင်ထိပ်တွင် ပင်လယ်ရှုခင်းကို ခံစားနိုင်သော အိမ်ကြီးတစ်ခုထဲတွင် ဖြစ်သည်။


ပထမထပ်ရှိ ဧည့်ခန်းသည် အလွန်ကျယ်ဝန်းပြီး အမြင့် 20 မီတာကျော်ရှိသဖြင့် ထောင်ပေါင်းများစွာသော ဧည့်သည်များကို ဧည့်ခံနိုင်သည်။  အလှဆင်မှုမှာ ရိုးရှင်းပြီး ဇိမ်ခံ အသုံးအဆောင်များကို နည်းနည်းသာ သုံးထားသည်။ ဒုတိယထပ်တွင် အထူး VIP အခန်းရှိပြီး ပထမထပ်ထက် အနည်းငယ်သေးငယ်၍ ဧည့်သည် ၃၀၀ သာ တည်းခိုနိုင်သည်။


တတိယထပ်က ကောင်းကင်ဥယျာဉ်ဖြစ်သည်။ မီတာရာနှင့်ချီမြင့်သော ကောင်းကင်ဥယျာဉ်အလယ်တွင် လှည့်ပတ်ကြည့်ရှုနိုင်သည့် ဝရန်တာတစ်ခုကို တည်ဆောက်ထားသည်။ တောင်ထိပ်တွင်ရှိသဖြင့် ထိုဝရန်တာသည် အတော်လေး မြင့်မားလှသည်။


ဤပွဲ၌ လှပသောအဝတ်အစားများဖြင့် လှပသော အလှတရားများ လွှမ်းခြုံစိုးမိုးထားသည်။ဤမွေးနေ့ပွဲ၏ ရည်ရွယ်ချက်ကို လူတိုင်းသိသော်လည်း ဝေ့မိသားစု၏သခင် ဝေ့ချုံးရှန် သည် ဧကရာဇ်မြို့တော်၏ ထိပ်တန်းအာဏာရှိသူများရှေ့တွင် တရားဝင်ကြေငြာမည်ဖြစ်သည်။  နာမည်ကြီး မီဒီယာနှင့် သတင်းပလက်ဖောင်းများကိုလည်း ဖိတ်ခေါ်ထားကြသည်။


 #ဗိုလ်ချုပ်ကြီးဝေ့ရဲ့ မွေးနေ့ပွဲ #

# ဝေ့လင်း နဲ့ ချမ့်ယောင် ပြန်လာပါပြီ#

# လင်းယောင်ယောင်က ဝေ့လင်းရဲ့ သမီးလေး # ဝေ့မိသားစုရဲ့ ချစ်စရာ အကောင်းဆုံး စုံတွဲ #နှင့် အခြား အကြောင်းအရာများသည် ကမ္ဘာပေါ်မှာ ရေပန်းစားသော ရှာဖွေမှုများဖြစ်လာကြ၏။ ယခင်က # ဆုပေးပွဲအခမ်းအနားတွင် လင်းရွှမ် လက်ထပ်ခွင့်တောင်းခြင်း# သည် လူကြိုက်များလွန်းသော်လည်း ယခုဆို ထိပ်ဆုံးမှာ မရပ်တည်နိုင်တော့ပေ။


လင်း နှင့် ဝေ့မိသားစုများသည် လွန်ခဲ့သည့် နှစ်ရက်က Star Network ခေါင်းစဥ်များစွာကို လွှမ်းမိုးထားခဲ့သည်။သို့သော် ပွဲရှိလူများသည် အတင်းအဖျင်းပြောရုံသာမက အစားအသောက်အတွက်ပါ ပြောနေကြသည်။


အစားအသောက်နှင့် အဖျော်ယမကာများသည် ကျွမ်းကျင်သော အစားအသောက် ကုထုံးပညာရှင်များမှ ပြုလုပ်ထားပြီး ကိုယ်တိုင် ယူ၍စားသောက်ရသည်။ အများစုမှာ ရှေးတရုတ် အစားအစာများဖြစ်သည်။ ၎င်းတို့ထဲတွင် မကြာသေးမီက ရေပန်းစားနေသည့် ဇာ့ခ်အသားဟင်းလျာများ၊ တာဇာကြယ်ပွင့်နယ်မြေ၏ ထူးခြား အစွမ်းထက်သော ပင်လယ်သားရဲ အသားဟင်းများကိုပင် ရရှိနိုင်သည်။


လင်းယောင်ယောင် သည် VIP အခန်းအတွင်းရှိ ဟင်းပွဲများထဲမှ တစ်ခုဖြစ်သည့် ဂန္တဝင် ဗုဒ္ဓဘုရား တံတိုင်းကျော်ခြင်း ဟင်းလျာကိုချက်ပြုတ်ရန် တာဝန်ယူထားခဲ့သည်။ ဧည့်သည်တိုင်းသည် ထိုဟင်းလျာကို ပန်းကန်သေးသေးတစ်လုံးဖြင့်သာ ယူနိုင်သည်။


ပထမထပ်တွင်လည်း ဗုဒ္ဓဘုရား တံတိုင်းကျော်ခြင်း ဟင်းလျာများရှိသည်။ထိုဟင်းများကိုမူ၊ လင်းယောင်ယောင် ကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်ဘဲ ကျွမ်းကျင်သော အစားအစာ ကုထုံးပညာရှင်တို့မှ ပြုလုပ်ထားသည်။


ထို့အပြင် လင်းယောင်ယောင် ၏ အစားအသောက် သင်ကြားရေး ဗီဒီယိုများတွင် ပေါ်လာသည့် မရေမတွက်နိုင်သော ဟင်းပွဲများလည်း ရှိကြသည်။  အရင်က သူတို့သည် ထိုဟင်းများကို ကြည့်ရုံသာတတ်နိုင်ပြီး မြည်းခွင့်မရှိခဲ့။  ယနေ့၊ သူတို့သည် နောက်ဆုံးတွင် ထိုအရသာတို့ကို မြည်းစမ်းနိုင်လောက်အောင် ကံကောင်းသွားကြသည်။


 ဤဟင်းလျာများကို လင်းယောင်ယောင် ကိုယ်တိုင် သင်ကြားပို့ချပေးသော အလယ်တန်းနှင့် အထက်တန်းအဆင့် အစားအသောက် ကုထုံးပညာရှင်များမှ ပြုလုပ်ထားသည်။ ကုသရေးအာနိသင်က သေချာပေါက် အဆင့်မမြင့်သော်လည်း အရသာက ကောင်းသည်။


ဤအရသာများကို စားသုံးနိုင်လောက်အောင် ကံကောင်းသော ဧည့်သည်များအားလုံး နောက်ဆုံးတွင် လင်းယောင်ယောင် ကဲ့သို့သော သမီးလေးတစ်ဦးရှိခြင်း၏ အဓိပ္ပါယ်နှင့် ထိုအမျိုးသမီးနှင့် လက်ထပ်ရခြင်း၏ လင်းရွှမ် ၏ ကံကောင်းမှုကို အမှန်တစ်ကယ် သိရှိလာခဲ့သည်။


ထိရောက်မှု မြင့်မားသော ဖြည့်စွက် အစားအစာများကို ရေရှည်အသုံးပြုခြင်းသည် စိတ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကိုလည်း တိုးတက်စေသည်။ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် ကောင်းကင်ထက်တွင် တောက်ပနေသော အရည်အချင်းရှိသူများ ဖြစ်၍ကျန်မိသားစုများသည်  သူတို့၏ စိတ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို မြှင့်တင်ရန် ဤပွဲမှ ဟင်းလျာများကို အားကိုး၍ရသွားပြီဖြစ်၏။ 


စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြိုလဲသွားခဲ့သော လင်းကျန့်ဟိုင် ပင်လျှင် B အဆင့် စိတ်စွမ်းအားအထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။ထို့အပြင် ဝေ့ချုံးရှန် သည် မူလ SS အဆင့်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ မျိုးရိုးဗီဇအရ နာမကျန်းဖြစ်နေသော မစ္စဝေ့သည် ကျန်းမာရေး ပိုကောင်းလာခဲ့သည်။


လင်းယောင်ယောင် သည် သူမ၏ ဘိုးဘေးများကို အသိအမှတ်ပြုပြီး မိသားစုထံသို့ ပြန်သွားကာ လင်းမိသားစု၏ မွေးစားသမီးမှ ဝေ့မိသားစု၏ သမီးအဖြစ်သို့ ပြောင်းလဲမည်ဆိုလျှင်ပင်၊ သူမနှင့် လက်ထပ်လိုသူတိုင်းသည် ဧကရာဇ်မြို့တော်ကိုပင် တန်းစီ၍ နှစ်ပတ်ပတ်နိုင်အောင် များပြားနေမည်ဖြစ်သည်။


သို့သော်၊ သူမက သူ့မိသားစုကို ပြန်မသွားခင် ကြယ်တာရာခေတ်၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည့် လင်းရွှမ် နှင့် တွဲပြီးသားဖြစ်လေသည်။ 


လင်းရွှမ် ရှိလျှင် လင်းမိသားစု၏ ဂုဏ်သိက္ခာသည် အနှစ်လေးငါးရာ ပိုရှည်ကြာနိုင်သည်။ သို့သော် လင်းယောင်ယောင် အနေဖြင့်လည်း လင်း နှင့် ဝေ့မိသားစုများ၏ ခွန်အားကို နောက်ထပ် မျိုးဆက်နှစ်ခု သို့မဟုတ် 3 ခုအထိ မြှင့်တင်နိုင်မည်ဖြစ်သည်။


 မွေးနေ့ပွဲ၏ ဇာတ်ဆောင်မှာ အဘိုးဝေ့ဖြစ်သော်လည်း အဖမ်းစားခံရဆုံးမှာ လင်းယောင်ယောင် နှင့် လင်းရွှမ် ၊ ထို့နောက် ဝေ့လင်း နှင့် ချမ့်ယောင် ၊ ချစ်စရာကောင်းသော အမြွှာ ဝေ့ကျော နှင့် ဝေ့ယို တို့ဖြစ်သည်။


သို့သော်၊ အဘိုးဝေ့က လုံးဝစိတ်မဆိုးဘဲ သူ့မျက်နှာမှာ အမြဲတမ်း ရွှင်မြူးနေသည်။


လင်းရွှမ် နှင့် လင်းယောင်ယောင် က ဘယ်တော့ စေ့စပ်မည်ဆိုသည်ကို အားလုံးက အသိချင်ဆုံးပင်။ သူတို့နှစ်ဦးက မစေ့စပ်ဘဲ တိုက်ရိုက်လက်ထပ်ဖို့ စီစဉ်နေမှန်းကို ကောင်းကောင်းသိသူတွေလည်း ရှိကြသည်။ မင်္ဂလာဆောင်မည့်ရက်ကိုလည်း အလွန် သိချင်နေကြသည်။


လင်းယောင်ယောင် က ဘယ်လိုဖြေရမှန်း မသိသဖြင့် လင်းရွှမ် က ဖြေလိုက်သည်။


"နောက်တစ်နှစ်ခွဲအတွင်းမှာပါပဲ"


ထိုကဲ့သို့ ဝင်ပြောလိုက်ခြင်းက စစ်နတ်ဘုရားသည် သူ၏ညီမဖြစ်သူကို ဇနီးသည်အဖြစ်သို့ ပြောင်းလဲရန် အလွန်စိတ်အားထက်သန်နေကြောင်း ပြသနေသည်။


 သို့သော်၊ သူတို့မှာလည်း ထိုသို့သော စေ့စပ်ထားသူမျိုးရှိပါက အမြန် အိမ်ထောင်တစ်ခုအား အခြေချချင်ကြမည်ကို လူတိုင်းနားလည်နိုင်သည်။


လင်းယောင်ယောင် နှင့် အမြွှာညီအကို နှစ်ယောက်သည် အဘွား‌ဝေ့၊ချမ့်ယောင်တို့နှင့်အတူ လိုက်လံနှုတ်ဆက်ကြရင်း ဝေ့မိသားစု၏ ဆွေမျိုးများနှင့် တွေ့ဆုံပြီး လက်ဆောင်များစွာ ရရှိခဲ့သည်။


လင်းယောင်ယောင် ကိုလည်း လင်း မိသားစုမှ ဝေ့မိသားစု၏သမီးဖြစ်ကြောင်း  အားလုံး လက်ခံသွားခဲ့သည်။ ယခု သူမသည် ဝေ့လင်း နှင့် ချမ့်ယောင်၏ သမီးလေးဖြစ်ခြင်းကြောင့် ဒုတိယအမည် ဝေ့ယောင်ယောင် အဖြစ်လည်း နာမည်တွင်ခဲ့သည်။  ဤအမည်ကို ဝေ့မိသားစု၏ မျိုးရိုးစဉ်ဆက်၌ နာမည်များ ရေးရာတွင်သာ အသုံးပြုထားသော်လည်း သာမန်ဘဝတွင် သူမ၏ ယခင်လင်းမျိုးရိုးအမည်ကိုပင်ဆက်လက်ခေါ်ဝေါ်နိုင်သည်။ ဤသို့ဖြင့်၊ လင်းယောင်ယောင် သည် ယနေ့ပွဲ၌ သူမ၏ အရေးကြီးဆုံးတာဝန်ကို ပြီးမြောက်ခဲ့သည်။


သို့သော် ဤရှေးတရုတ်အစားအစာ ဖြည့်စွက်ကုထုံးပညာရှင်ဖြစ်သော သူမထံသို့ အဆင့်အတန်းမြင့်သော အမျိုးသမီးများ ရောက်ရှိလာကြသည်။ သူတို့က သူမအား အကူအညီတောင်းစရာရှိသည်ဟု ဆိုကြ၏။


လင်းရွှမ် သည်လည်း သူ့အနီးသို့ ချဉ်းကပ်လိုသူများဖြင့် ဝိုင်းရံခြင်းခံထားရသည်။ သို့သော် ထိုသူတို့သည် သူ၏ အေးစက်သောမျက်နှာကြောင့် ထိတ်လန့်သွားပြီး ထွက်ပြေးခဲ့ကြသည်။ အကြောင်းမှာ သူတို့က စကားအနည်းငယ်လောက်ပြောနေကြချိန်မှာ လင်းရွှမ် သည် စကားတစ်ခွန်း၊နှစ်ခွန်းသာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသောကြောင့်ပင်။


လင်းယောင်ယောင် သည် ဤလူမှုရေးကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် မပါးနပ်သော်လည်း ကံကောင်းထောက်မစွာဖြင့် လင်းရွှမ် သည် သူမအား အမြန်ကယ်ဆယ်နိုင်ခဲ့သည်။ သူက သူမကို လာနှုတ်ဆက်ပြီး  တတိယထပ် ကောင်းကင်ဥယျာဉ်ဆီ ဆွဲခေါ်သွားပေးခြင်းဖြစ်သည်။


ကောင်းကင်ဥယျာဉ်သည် ပွဲခန်းမ၏ အစိတ်အပိုင်းအဖြစ် မှတ်ယူနိုင်ပြီး သစ်သီးများ၊ သရေစာများနှင့် အချိုရည်များကိုသာ စားစရာအဖြစ် ပေးသည်။ လူငယ်အများစုက ဤနေရာကို အတော် နှစ်သက်ကြသည်။


 တစ်ချို့က ဝိုင်တစ်ခွက်ကိုင်ပြီး လက်ရန်းကို မှီ၍ ကြယ်ရောင်စုံ ကောင်းကင်၊ တောက်ပသည့် လနှင့် ညပင်လယ်ကို လှမ်းကြည့်နေကြသည်။  ပင်လယ်လေ၏ အနံ့သင်းသင်းလေး၊ အဝေးက လှိုင်းပုတ်သံနှင့် အနီးနားရှိ တွင် ပိုးကောင်သံများလည်း ကြား‌ရ၍ အတော်လေးစိတ်ကူးယဉ်ဆန်၏။


 ဤနေရာတွင် လူအများအပြားရှိပြီး အများစုမှာ ဝေ့ယွမ် အပါအဝင် လင်းယောင်ယောင် ၏ ရင်းနှီးသော သူငယ်ချင်းများဖြစ်သည်။


လင်းယောင်ယောင် သည် လင်းရွှမ် နောက်ကို တည်တည်ငြိမ်ငြိမ် လိုက်သွားကာ သူမ၏ သူငယ်ချင်းများကို အနည်းငယ် ရှက်ရှက်ဖြင့် နှုတ်ဆက်ရသည်။


ဝေ့ယွမ် သည် ညီမဖြစ်သူအား နှမြောစိတ်ဖြင့် စိတ်ထဲမှာ တိတ်တဆိတ် သက်ပြင်းသာချနိုင်သည်။


ချောင်းမင်ယောင် သက်ပြင်းချလိုက်ပြီး သူမ၏ ရှက်ရွံ့သောအကြည့်ကို ထူးဆန်းစွာကြည့်နေသည်။ ဤရှက်နေသည့် အကြည့်က သူမ၏ ချစ်သူရှေ့မှာမို့ တမင်ဖြစ်နေသလား မပြောတတ်ပေ။


လင်းယောင်ယောင် သည် ချောင်းမင်ယောင်ကို ကြည့်ကာ နှုတ်ခမ်းကို ထော်ပြ၍ ယဲ့ရှီ ဘက်သို့ ညွှန်ပြလိုက်သည်။ယဲ့ရှီသည် သပ်ရပ်သော ယောက်ျားဝတ်စုံကို ၀တ်ဆင်ထားပြီး ပါးလျသော အသားအရေ၊ ဖြူဖွေးသော ခြေတံရှည် ရှိသည့် မိန်းကလေး တစ်ယောက်နှင့် အလွန်ပျော်ရွှင်စွာ စကားပြောနေသည်။


ချောင်းမင်ယောင်  တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ယဲ့ရှီကို ခဏတာ စိုက်ကြည့်နေပြီးနောက် ရင်သားကြီးသော မိန်းကလေးကို စိတ်မသက်မသာ စိုက်ကြည့်နေသည်။


 "အင်း၊ ဒီတစ်ခါ သူမနဲ့တွဲတဲ့ မိန်းကလေးက မဆိုးပါဘူး... အနည်းဆုံးတော့ လှတာပဲလေ... ဒါပေမယ့် သူမက ဦးနှောက်မရှိဘူးလား...ယဲ့ရှီကိုတောင် ကြိုက်ရဲတယ်ဆိုတော့"


လင်းရွှမ် သည် လင်းယောင်ယောင် က အသိမိတ်ဆွေများကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်နေသည်ကို စိတ်ရှည်စွာစောင့်ဆိုင်းပြီးနောက် သူမ၏ လက်ကိုဆွဲ၍ ကောင်းကင်ဥယျာဉ်အလယ်သို့ လျှောက်သွားခဲ့သည်။


ဝေ့မိသားစု၏ ဝရန်တာသည် လူတိုင်းအတွက် မဖွင့်ထားပေ။ ဝေ့မိသားစုဝင် သို့မဟုတ် အထူးခြားဆုံး ဧည့်သည်များအတွက်သာ ဖြစ်သည်။ထို့ကြောင့်  လင်းရွှမ် နှင့် လင်းယောင်ယောင် သည် အတားအဆီးမရှိ တက်နိုင်သည်။ လောလောဆယ် ထိုအပေါ်မှာ တစ်ယောက်မှ မရှိနေပေ။


လှည့်ပတ်နေသော မီးရောင်များ ရှိနေသည့် ဝရန်တာပေါ်သို့ တက်ရန် လှေကားထစ်ကို နင်းလာစဉ် အမြင့်က အတော် မြင့်လာသည်။ လင်းယောင်ယောင် သည် ပြုတ်ကျမည်ကို စိုးရိမ်နေပြီး လင်းရွှမ် ၏လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထား၏။


လင်းရွှမ် သည် စိတ်လှုပ်ရှားနေသော မိန်းကလေးကို သူ့ဆီသို့ ဆွဲခေါ်သွားလိုက်လျှင် လင်းယောင်ယောင် က လန့်ဖျပ်ပြီး အော်ပြောသည့်အခါ သူမကို ပွေ့ထားလိုက်သည်။ ပြုတ်မကျရန်အတွက် သူမသည် သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် အတင်းဖက်ထားရ၏။ 


လင်းရွှမ် သည် ရင်ခွင်ထဲမှ သူမအနီးကိုတိုးလာသည်။ထိုအခါ ထက်မြက်ပြီး ယောက်ျားဆန်သော ရောင်ဝါသည် သူမစိတ်ကို သက်တောင့်သက်သာ ဖြစ်စေသည်။


 "မင်းဟာ ကိုယ့် မင်းသမီးလေး ဆိုတော့ သူများတွေ ဝိုင်းကြည့်နေတာကို မကြိုက်ဘူး"


သူမသည် သူ့အသံတိုးတိုးကြောင့် နားရွက်များ ပူလာရုံသာမက နှလုံးခုန်သံမှာလည်း တဆတ်ဆတ်ခုန်နေရသည်။ 


"ဘယ်မိန်းကလေးက မင်းသမီး မဖြစ်ချင်ဘဲ နေမှာလဲ..."


သူမသည် လင်းနှင့် ဝေ့မိသားစုများ၏ မင်းသမီးငယ်လေးဖြစ်ကြောင်း လူတိုင်းက ပြောကြသော်လည်း တစ်ကယ်တော့ လင်းမိသားစု၏ မိဘများသည် သူမနှင့်အတူ အချိန်ကုန်ခဲ့သည်။ ဝေ့မိသားစုနှင့်သာ အတွေ့များသည်။ဝေ့မိသားစုက သူမကို ကောင်းကောင်း ဆက်ဆံသော်လည်း အလွန်အမင်းကြီး မရင်းနှီးသေးပေ။သို့သော်၊သမီးနှင့်မြေးဖြစ်သူ အနေဖြင့် အသက်ကြီးရင့်သူများကို ရိုရိုသေသေနှင့်အလိုက်အထိုက် ဆက်ဆံခဲ့၏။


သူမကို မင်းသမီးလေးလို ဆက်ဆံသူက လင်းရွှမ် ဖြစ်ပြီး သူမစိတ်တိုင်းကျရင်ဖွင့်နိုင်သည်။


 "ဒါဆို အစ်ကိုကြီးက ညီမလေးရဲ့ သီးသန့်သူရဲကောင်းပဲ"


သူမက အသံတိုးတိုးလေးဖြင့် တီးတိုးပြောသောအခါတွင် သူတို့နှစ်ဦးသည် စင်မြင့်ထိပ်သို့ ရောက်လာကြသည်။ ဝရန်တာကိုအဝိုင်းပုံစံ လုပ်ထားကာ အောက်တွင် စွမ်းအင်သုံးကိရိယာတစ်ခု၊ သတ္တုရိုင်းများဖြင့် ဆိုင်းထားသည်။


ဝရန်တာသည် အချင်းငါးမီတာသာရှိသည်။နူးညံ့သော စကျင်ကျောက်ထိုင်ခုံတစ်ခုကို နေရာတွင် ချထားသည်။ထို့နောက် သူက သူမကို ထိုင်ခုံပေါ် ထိုင်စေလိုက်ရင်း ပြောလာသည်။


 "ဒီနေရာက ရှုခင်းတွေက ထူးခြားလိုက်တာ...ဒီမှာ လူတွေရှိနေသရွေ့တော့ အောက်ကလူတွေက ခွင့်မပြုဘဲနဲ့ တက်လို့မရဘူး...ဒီမှာ ကြိုက်တာလုပ်လို့ရတယ်"


လင်းယောင်ယောင် ချက်ချင်းပင် သူ့ကို ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။


"မလုပ်နဲ့ မတော်တဆ ကျသွားရင် ဘယ်လိုလုပ်မလဲ"


ဝရန်တာပတ်လည်တွင် အကာအကွယ် ခြံစည်းရိုးများ မရှိပေ။ ဤအလှတရားသည် အန္တရာယ်များလှ၏။


ဝရန်တာအောက်တွင် ဒြပ်ဆွဲအားဆန့်ကျင်သံလိုက်စက်ကွင်းကို တပ်ဆင်ထား၍ ပြုတ်ကျလျှင်ပင် အမြန်နှုန်းသည် အလွန်နှေးကွေးနေမည်ဖြစ်သော်လည်း အောက်မှာ ပန်းခြံဖြစ်၍ အထိနာနိုင်၏။


 "ဪ...ဒီမှာ စားပွဲသေးသေးလေး တစ်ခု ထားပြီး နှစ်ယောက်တည်း အတူ စားဖို့ စဉ်းစားမိတယ်လို့ ပြောမလို့ပါ"


လင်းရွှမ် စားသုံးလေ့ရှိသော အစားအစာများကို လင်းယောင်ယောင် ကိုယ်တိုင်ပြုလုပ်ထားသည်။ သူသည် စစ်ဘက်ဆိုင်ရာဌာနတွင် အလုပ်လုပ်နေချိန်၌ပင် သူမသည် အကောင်းဆုံးပါဝင်ပစ္စည်းများကို အသုံးပြုကာ သူ့အတွက် နေ့လယ်စာဘူးကို ကြိုတင်ပြင်ဆင်ပေးခဲ့သည်။


လင်းရွှမ် ၏ ကိုယ်လုံးကိုယ်ပေါက်အား SSS အဆင့်သို့ အဆင့်မြှင့်တင်ထားပြီးဖြစ်၍ သူ၏ စွမ်းအင်လိုအပ်ချက်မှာလည်း အလွန်တိုးမြင့်လာခဲ့သည်။ သာမာန်အစားအစာက သူ့ဗိုက်ကိုပြည့်စေပြီး သူ၏ နေ့စဉ်လှုပ်ရှားမှုများကို ထိန်းထားနိုင်သော်လည်း သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အကောင်းဆုံးအခြေအနေ မဖြစ်စေပေ။ အားလပ်ရက်မှာတောင် သူက နေ့တိုင်း နာရီပေါင်းများစွာ လေ့ကျင့်ခန်း လုပ်နေသေးသည်။သူသည် လင်းယောင်ယောင် နှင့် မတွေ့ဆုံခင် အခြေအနေက အခက်ခဲဆုံးအချိန်၌ ဇာခ့်အသားများကိုတောင် မျိုချနိုင်ခဲ့၏။ သို့သော်၊ ချွေတာနေရင်း ဇိမ်ခံပစ္စည်းများ ပြောင်းသုံးရန် လွယ်ကူသော်လည်း ဇိမ်ခံနေရင်းမှ ရုတ်တရက် ချွေတာ၍ မရပေ။ ယနေ့ညပွဲ၌ အစားအသောက်သည် ဧည့်သည်အများစုအတွက် အလွန်အရသာရှိပြီး ရှားပါးသော်လည်း သူ့အတွက်မူ အနည်းငယ်သာ စား၍မြိန်သည်။


 ကံကောင်းစွာဖြင့်၊ သူမ၏ အာကာသခလုတ်ထဲတွင် အဆင်ပြေပြေနှင့် သယ်ဆောင်ရလွယ်ကူသော ဖြည့်စွက်စာများ အမြဲရှိသည်။ ထို့ကြောင့်၊လင်းရွှမ်၏ စကားသည်  မသဲကွဲသော အဓိပ္ပါယ်အနည်းငယ်ရှိသော်လည်း လုံးဝရိုးသားသည်။ တစ်ကယ်တမ်းက၊သူမ၏ ရှက်ရွံ့နေပြီး ချစ်စရာကောင်းသော တုံ့ပြန်မှုကို သူမြင်ချင်၍ ဖြစ်သည်။


သူမ ကတော့ မသိဘဲ ပို၍ပင် စိတ်ဆိုးလာပြီး သူ့လည်ပင်းကို အဖြူရောင်သွားများဖြင့် ရက်စက်စွာကိုက်ပစ်သည်။


ထိုအခါ လင်းရွှမ် က


 "နည်းနည်းလေး ပြင်းပြင်းကိုက်လိုက်...ဒါမှ မင်း ကိုယ့်ကို ဘယ်လောက် လေးလေးနက်နက် ချစ်တယ်ဆိုတာ လူတိုင်းမြင်ရအောင်လို့"


နောက်ဆုံး သူမ ကြယ်ရောင်စုံ ကောင်းကင်ကြီးကို တိတ်တဆိတ် မော့ကြည့်ရင်း 'ဒီလူကြီးက ဘာဖြစ်နေတာလဲ...ကျေးဇူးပြုပြီး ဘုရားသခင်ကြီးရယ် ကြည့်မနေဘဲ အစ်ကိုကြီးကို ဆုံးမပေးပါ'


ထို့နောက် သူမသည် ခေါက်ထားသော ထမင်းစား စားပွဲလေးကို အာကာသခလုတ်ထဲမှ ထုတ်ယူကာ  သရေစာအနည်းငယ်အပြင် မက်မွန်သီးရောင် ဇာ့ခ်အသားပါသော ဟင်းချိုကိုလည်း နေ့လည်စာဘူးထဲမှ ထုတ်ယူလိုက်သည်။


 ညစာ အလုံအလောက်မစားထားသော လင်းရွှမ် သည် စတင်စားမည် ပြုသောအခါ လင်းယောင်ယောင် သည် အနည်းငယ် ပျော့ပျောင်းသောလက်ကြီးအား ဆုပ်ကိုင်ထားကာ သူမ၏ နူးညံ့သောနှုတ်ခမ်းဆီသို့ ဆွဲယူပြီး လက်ချောင်းတစ်ချောင်းချင်းစီကို ညင်သာစွာ နမ်းလိုက်သည်။ ထို့နောက် သူမ သူ့ကို မော့ကြည့်ကာ သူမ၏ လှပသော မက်မွန်ပန်းမျက်လုံးများက တောက်ပြောင်လျက် ပြောလိုက်သည်။ 


"အချစ်...အဆာပြေ စားချင်တာလား...ညီမ‌လေးကို စားချင်တာလား..ဟမ်"


ထို့နောက် ကောင်မလေးသည် နီမြန်းနေသော နှုတ်ခမ်းများရှေ့တွင် လက်ညိုးကို တင်ထားကာ ပန်းနုရောင် လျှာဖျားကို ရွှတ်ခနဲ ထုတ်၍ လျက်လိုက်သည်။


 တင်းမာသော မျက်နှာထားရှိသည့် ဗိုလ်ချုပ်ကြီးသည် ရုတ်တရက် မျက်နှာပြောင်းသွားကာ သူ့မျက်လုံးများ နက်မှောင်လာ၏။ သူသည် ဆွဲဆောင်နေသော နတ်သမီးလေးကို သူ့ရင်ခွင်ထဲသို့ ကြမ်းတမ်းစွာ ဆွဲသွင်းကာ သူမ၏ နူးညံ့သော မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး အတင်းနမ်းရန်ပြင်လိုက်၏။သို့သော်လည်း၊ အချိန်အတော်ကြာ ပြင်ဆင်ထားသည့် လင်းယောင်ယောင်က သူမ ပါးစပ်ကို ဖုံးထား၍ ပုံစံက ရုတ်တရက်ပြောင်းသွားပြီ


 "အာ့ အစ်ကိုကြီး ဗိုက်ဆာတယ်...ညီမလေး မုန့်စားချင်တယ်"


လင်းရွှမ် သည် စွမ်းအင်နှင့် သွေးများ သူ့ရင်ထဲမှာ ပြည့်နှက်နေပြီး ဤမကောင်းသည့် မိန်းကလေးကို ပညာပြလိုစိတ်များ ဖြစ်နေရသည်။


ချစ်သူများပိုင်ဆိုင်သည့် ချိုမြိန်သော အချိန်များမှာ အကုန်မြန်တတ်ကြသည်။ သို့သော်၊ လင်းရွှမ် အတွက်တော့ နေ့ရက်တိုင်းဟာ ချိုမြိန်ပြီး နာကျင်စရာ ပြည့်နေသည်ဟု ဆိုရပေမည်။


 အတိုချုပ်ပြောရလျှင် အချိန်သည် မြှားတစ်စင်းကဲ့သို့ ပျံတက်သွားပြီး နှစ်လအကြာသောအခါ ဇူလိုင်လ၏အစသို့ ‌ရောက်လာခဲ့သည်။  ရှောင်မင် သည် အရှင်သခင်အင်ပါယာနှင့် Narai ဖက်ဒရေးရှင်းကြားရှိ ကြယ်ပွင့်ဇုန်သို့ ထွက်ပြေးခဲ့သည်။သူ့အထင်က အင်ပါယာရှိလူများ၏ ထိန်းချုပ်မှုကနေ နောက်ဆုံးတော့ ဘေးကင်းပြီဟု တွေးမိ၏။သို့သော်၊မဟူရာကြယ်ပွင့်နယ်မြေကိုရောက်သည့် ပထမဆုံးနေ့မှာ ရှောင်ရု ပို့လိုက်သည့် လူသတ်သမားနှင့် ရင်ဆိုင်ခဲ့ရသည်။


ကျန်းမာရေးညံ့ဖျင်းပြီး နိုင်ငံရေးကိစ္စများကို ဂရုမစိုက်သော ဧကရာဇ်မင်းမြတ်သည် ဤအချိန်ရောက်သည်အထိ သူ၏သားလိမ္မာများက မည်သို့သော လုပ်ရပ်များ ပြုလုပ်ခဲ့သည်ကို မသိခဲ့ပေ။ ထို့အပြင် သူသည်  ပူးတွဲစစ်ရေး ဝန်ကြီးဌာနက အဆိုပြုသော “စည်းမျဥ်းခံဘုရင်စနစ်” ကို တင်ပြရာတွင် သူသည် များစွာ မကန့်ကွက်ခဲ့ပေ။ သူ၏  တိုက်ပွဲဝင်စိတ်ဓာတ်မှာ ပျောက်ဆုံးသွားခဲ့သည်။ စိတ်ပျက်စရာများစွာကြောင့် သူ့သားသမီးမြေးများ၏ ဘဝနှင့် သေဆုံးခြင်းကိစ္စကို ဂရုမစိုက်ချင်ပေ။ တစ်ကယ်တော့ သူကိုယ်တိုင်လည်း မပျော်ရွှင်‌ရပေ။


ဧကရာဇ်မြို့တော်၏ကောင်းကင်... သို့မဟုတ် အရှင်သခင်အင်ပါယာ၏ကောင်းကင်သည် ပြောင်းလဲတော့မည်။


ဇူလိုင်လအစတွင် နွေရာသီအားလပ်ရက်ကိုစတင်ခဲ့သော လင်းယောင်ယောင် သည် လင်းရွှမ် ၏အကြံကြောင့် တာဇာကြယ်ကွင်းပြင်ကိုရွေးချယ်ခဲ့သည်။ သုံးလကျော် ကွဲကွာနေသော သူမ၏ သူငယ်ချင်း 168 ၊ 012 တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ခဲ့သည်။  သူမသည် တာဇာကြယ်ကွင်းပြင်ရှိ အစားအစာများကိုလည်း အလွန်လွမ်းဆွတ်နေခဲ့ရသည်။


ထို့အပြင် ယခုတစ်ကြိမ်တွင် သူမနှင့်အတူ ရင်းနှီးသော သူငယ်ချင်းများလည်း လိုက်လာကြသည် - ဝေ့ယွမ်ချောင်းမင်ယောင်၊ ယဲ့ရှီ၊ စုချင်းဟယ်၊ ကျောက်ချင်းယွင်နှင့် ကျန်းရို့တို့အပြင်အစားအသောက် ကုထုံးဌာနရှိ သူမ၏ အတန်းဖော်အများစု တို့ပင်။


အားလုံးက တာဇာကြယ်ပွင့်နယ်မြေရှိ ဇာ့ခ်မွေးမြူရေးစခန်းနှင့် ပင်လယ်သားရဲအသားများကြွယ်ဝသော ပင်လယ်များကို သွားရောက်လည်ပတ်ချင်ကြသည်။ သူတို့သည် ဒဏ္ဍာရီလာ မက်မွန်သီးရောင် ဇာ့ခ်ဧကရီ 168 ကို သိခွင့်ရရန်လည်း မျှော်လင့်နေကြ၏။


ယခုတစ်ကြိမ်တွင် လင်းရွှမ် သည် တာဇာကြယ်ပွင့်နယ်မြေသို့သာ စေလွှတ်ခဲ့သော်လည်း လင်းယောင်ယောင် နှင့်အတူ မလိုက်ပါနိုင်ပေ။သူ့မှာ အရေးကြီးသော စစ်ရေးကိစ္စများ ရှိနေဆဲဖြစ်ပြီး ချန်ပင်း သည်လည်း အားလပ်ရက်ယူထားသောကြောင့် အလုပ်များနေခြင်းပင်။သူက ဧကရာဇ်မိသားစုကို အာဏာအလဲအလှယ်လုပ်ပြီး ထီးနန်းမပြောင်းရန်အတွက် အလုပ်များနေခြင်းကို သူမတောင် မသိခဲ့ပေ။  


ထို့ကြောင့်လည်း၊ မည်သည့် မတော်တဆမှုမှ မဖြစ်ပွားစေရန်အတွက် လင်းရွှမ် သည် လင်းယောင်ယောင် ကို တာဇာကြယ်ပွင့်နယ်မြေသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာမှာ ရှိလျှင် 168 လည်းရှိ၍ သူမ အန္တရာယ်မဖြစ်နိုင်ချေ။


နွေရာသီအားလပ်ရက်က နှစ်လအကြာတွင်ကုန်ဆုံးသောအခါ၊ ဧကရာဇ်မြို့တော်၏ အခြေအနေသည်တည်ငြိမ်လုနီးပါးဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် သူက ယောင်ယောင်ကို ပြန်သွားခေါ်နိုင်သည်။ စိတ်ကြိုက်လက်လုပ်မင်္ဂလာဝတ်စုံနှင့် အခြားသော တရုတ်ရှေးဟောင်းမင်္ဂလာဝတ်စုံများမှာလည်း အဆင်သင့် ဖြစ်နေနိုင်ပေ၏။




xxxxx