Chapter 177
"ငါလည်း လာမယ့်နွေရာသီမှာ အားမယ်လို့ အာမမခံနိုင်ပေမယ့် မင်္ဂလာပွဲကို တက်ဖို့ အကောင်းဆုံးကြိုးစားကြည့်လိုက်မယ်...နောက်ပြီး ငါ့မင်္ဂလာပွဲကို ဒီနှစ်ကုန်မှာ လုပ်ဖြစ်မယ် ..အဲ့ဒီအချိန်ကျရင် ပိုးပေါက်စုပ်ဝဲ အာကာသချန်နယ်လည်းဖွင့်ပြီး လောက်ပြီဆိုတော့ ငါ့မင်္ဂလာပွဲကို တက်ရောက်ဖို့ အရှင်သခင် အင်ပါယာကို လာဖို့ ကြိုဆိုပါတယ်"
လီလစ် အံ့ဩသွားသည်။ သူမသည် နောက်နှစ်မှာ 25နှစ်ပြည့်မည် ဖြစ်ပြီး ထိုအသက်အရွယ်က လက်ထပ်ဖို့ အနိမ့်ဆုံး သတ်မှတ်ထားသော အသက်အရွယ်ဖြစ်သဖြင့် သူမကိုယ်သူမ စိတ်ကူးယဉ်ရူးမိုက်မိပြီဟု ထင်ခဲ့မိသည်။ သို့သော်၊လင်းယောင်ယောင်က သူမထက်ပင် ရူးမိုက်နေသေးတော့သည်။ ယောင်ယောင် အသက်က နှစ်ဆယ်မပြည့်သေးသော်လည်း သူမသည် မစေ့စပ်ဘဲ တိုက်ရိုက်လက်ထပ်တော့မည် ဖြစ်လေသည်။
"ရတာပေါ့.…ငါလာခဲ့မယ်… ပြီးတော့ ငါ နင့်ရဲ့သတို့သမီးအရံဖြစ်ချင်တယ်"
လင်းယောင်ယောင် က ပြုံးပြီး "ကောင်းပြီလေ...ဖြစ်ရမှာပေါ့"
စုချင်းဟယ် နှင့် ကျန်းရို့ တို့သည် သူမ လက်ထပ်တော့မည်ကို သိလိုက်သောအခါယခုလို တောင်းဆိုခဲ့ကြသည်။ တစ်ယောက်က စိတ်လှုပ်ရှားနေပြီး အခြားတစ်ယောက်က သတို့သမီးအရံဖြစ်နိုင်မလားဆို၍ မေးလာခြင်းဖြစ်သည်။သူမ လက်ထပ်တော့မည်ဆိုသည်ကို 168 သိသွားပြီးနောက် အလွန်စိတ်လှုပ်ရှားနေပြီး တက်ရောက်ချင်ကြောင်း စိတ်လှုပ်ရှားစွာ ပြောလာလေသည်။168သည် အိမ်ထောင်ရေးမှာ လူသားများအတွက် အလွန်အရေးကြီးကြောင်း ကာတွန်းများကြည့်ထား၍ သိထားသည်။ ထို့အပြင် လူသားများ၏ မင်္ဂလာပွဲများကိုပင် တမင်လေ့လာကြည့်ထားခဲ့သည်။
"ယောင်ယောင်...ငါ ပန်းကြဲပေးချင်တယ်"
012 သည် ဤအရာမျိုးကို 168 ဆီမှကြားရမည်ဟု မမျှော်လင့်ထားပေ။
"ငါလည်း လုပ်ချင်တယ်"
လင်းယောင်ယောင်: "အင်း...ကောင်းတယ်"
168 သည် 4S အဆင့်နှင့် အကန့်အသတ်မရှိ နီးကပ်နေသဖြင့် ကြောက်စရာကောင်းသည်။ 012 သည် လည်း SS အဆင့်ရှိသော ဂြိုလ်သားအိမ်မွေးတိရစ္ဆာန် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော်လည်း ချစ်စရာ အကောင်နှစ်ကောင်သည် သူမအတွက် ပန်းများကြဲပေးမည့်ပုံကို တွေးကြည့်ရုံဖြင့် အတော်အံ့ဩစရာကောင်းပေမည်။
တာဇာကြယ်ပွင့်နယ်မြေရှိ နေ့ရက်များသည် ရိုးရှင်းပြီး ပျော်ရွှင်စရာ ကောင်းသော်လည်း လင်းယောင်ယောင် သည် လင်းရွှမ် ကို စတင်သတိရလာသည်။ရှေးဆိုရိုးစကားအတိုင်း လင်မယားနှစ်ယောက် ခွဲခွာရသည့်နေ့မှာ ဆောင်းဦးရာသီ 3ခုဆက်တိုက် ကြုံရသလိုမျိုး အတော်ကြာညောင်းပေသည်။
သူမနှင့် လင်းရွှမ် တို့သည် များသောအားဖြင့် ခွဲနေရသည်က များသည်။ ကြယ်တာရာခေတ်တွင် အချင်းချင်း ဟိုလိုဂရပ်ဖစ်ပုံများနှင့် ဆက်သွယ်နိုင်ပြီး Star Network တွင်လည်း တွေ့ဆုံနိုင်သည်။ သူတို့အတူတူ အရှင်သခင် အင်ပါယာမှာရှိစဉ်က သူမသည် လွမ်းရသည်ဆိုသော ခံစားချက်ကို တစ်ကယ်မခံစားခဲ့ရချေ။သို့သော်လည်း ယခုအခါ သူမတို့သည် ကြယ်ပွင့်ဒေသနှစ်ခုက ကြားတွင် ခြားသွားသောကြောင့် Star Network ကို အသုံးပြု၍ မရချေ။ ထို့ကြောင့် သူတို့စကားတစ်ခွန်းမှ မပြောဖြစ်သည်မှာ အတော် ကြာပြီဖြစ်၏။သို့ဖြစ်၍၊ တာဇာကြယ်ပွင့်နယ်မြေသို့ ရောက်ပြီး နှစ်ပတ်အကြာတွင် သူမသည် အရှင်သခင်အင်ပါယာသို့ ပြန်ချင်စိတ်များ ဖြစ်လာရတော့သည်။
သူမ သည် 168 နှင့်အတူ အရှင်သခင် အင်ပါယာသို့ ပြန်လိုပါက ဤနေရာတွင် တပ်စွဲထားသော အရှင်သခင် အင်ပါယာမဟာမိတ်အဖွဲ့ခွဲ၏ ခေါင်းဆောင် လီနန်ထံမှ သဘောတူညီချက်ကို ရယူရမည်ဖြစ်သည်။
"မရဘူး...မစ္စလင်း လူသားကြယ်ပွင့်နယ်မြေကို မပြန်ရဘူးတဲ့... သူလာခေါ်တာကို စောင့်ဖို့ ဗိုလ်ချုပ်က အမိန့်ပေးခဲ့ပါတယ်"
ထိုအခါ သူမ တစ်ခုခုမှားနေပြီဆိုသည်ကို ရုတ်တရက် သိလိုက်ကာ တုန်လှုပ်သွားပြီး "လင်းရွှမ် ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားသလား...အဲဒါ ဘာလဲဆိုတာ ရှင်သိလား"
လီနန်၏ ပါးစပ်သည် ခုံးကောင်ထက်ပင် ပိုလုံနေသေးသည်။ လင်းရွှမ် သည် အရှင်သခင်အင်ပါယာရှိ ဧကရာဇ်မိသားစု၊ ဘုရင့်တပ်ဖွဲ့နှင့် အရှင်သခင်အင်ပါယာရှိ မြင့်မြတ်သော တပ်မဟာတို့ကို တိုက်ခိုက်နေကြောင်း လင်းယောင်ယောင် အား လုံးဝမပြောပေ။လင်းရွှမ် အားကူညီရန် 168 ရှိပါက တိုက်ပွဲသည် ပိုမိုချောမွေ့လွယ်ကူနိုင်သော်လည်း ထိုအခါ သူမကိုလည်း အန္တရာယ်ဖြစ်စေမည်ဖြစ်သည်။လင်းယောင်ယောင် ၏ SSS အဆင့် စိတ်စွမ်းအား၊ S အဆင့် ကိုယ်လုံးကိုယ်ပေါက်နှင့် ဘေးထွက်ဆိုးကျိုးမရှိသော ဖြည့်စွက်စာများနှင့်အတူ သူမကိုယ်တိုင်က SS အဆင့်ရှိ ဂြိုလ်သားအိမ်မွေးတိရစ္ဆာန်အပင်လည်းရှိနေသဖြင့် သူမကို ဖန်လုံအိမ်ပန်းပွင့်ကဲ့သို့ ကာကွယ်ရန် မလိုအပ်ဟု လီနန် ထင်မိသည်။ သို့သော် ဤသည်မှာ ဗိုလ်ချုပ်၏ ချစ်ခြင်းမေတ္တာကို ဖော်ပြသော နည်းလမ်းဖြစ်သည်။ သူသည် မုန်တိုင်းကို သူ့ဘာသာသူ ကြံ့ကြံ့ခံရန် ရွေးချယ်ခဲ့ပြီး သူ့ချစ်သူအား အကောင်းဆုံးအရာများကို ပေးဆောင်လိုသူဖြစ်သည်။
သူသည် ဤသံယောဇဉ်မျိုး၏ နူးညံ့မှုကို အစပိုင်းတွင် နားမလည်သော်လည်း မကြာသေးမီက နူးညံ့ပြီး ချစ်စရာကောင်းသော အစားအသောက်ကုထုံးပညာရှင်နှင့် တွေ့ဆုံခဲ့ပြီးနောက် အနည်းငယ် နားလည်လာသည်။သူမ ဟင်းချက်ဖို့လိုအပ်သော မည်သည့်အသားမျိုးမဆို သူကိုယ်တိုင် သတ်ပေးချင်မိသည်။လက်အောက် ငယ်သားများနှင့်တောင် မထားရက်ခဲ့နိုင်ပေ။
လီနန်က တင်းမာစွာကြည့်လိုက်သည်။
"168 ကို အရှင်သခင် အင်ပါယာကို သွားခိုင်းရင် ကျွန်တော် မစ္စလင်းကို တားလို့ မရဘူး... ဒါပေမယ့် မစ္စလင်း ကိုယ်တိုင် လိုက်သွားမယ်ဆိုရင် ကျွန်တော့် ပေါ့ဆမှုဖြစ်လိမ့်မယ်... ဗိုလ်ချုပ်က နွေရာသီအားလပ်ရက်ပြီးရင် မစ္စကို သေချာပေါက် လာခေါ်ပါလိမ့်မယ်...အခု စောစောကြိုပြီး သွားမယ်ဆိုရင် ကျွန်တော့်လစာ တစ်နှစ်စာကို နုတ်ပါလိမ့်မယ်..."
လင်းယောင်ယောင် က "ရပါတယ်…သူက ရှင့်ရဲ့လစာ တစ်နှစ်စာနုတ်ရင် ကျွန်မက ရှင့်ကို နှစ်နှစ်စာပေးမယ်"
လီနန်သည် လုံးဝ မတုန်မလှုပ်ပေ။
လင်းယောင်ယောင် စိတ်ဆင်းရဲသွားသည်။ ထိုအချိန်တွင်၊ ကျန်းရို့ သည် ကွပ်ကဲရေးအခန်းထဲသို့ သူမလုပ်ထားခဲ့သော ဖြည့်စွက်အစားအစာများစွာ ထည့်ထားသည့် ထမင်းဘူးနှင့်အတူ ဝင်လာလေသည်။
တံခါးကိုဖွင့်လိုက်သောအခါ လင်းယောင်ယောင်နှင့် လီနန်တို့ စကားပြောနေသည်ကို တွေ့လိုက်ရ၏။ထိုအခါ သူမ တောင်းပန်ပြီးနောက် လှည့်ထွက်သွားသော်လည်း လင်းယောင်ယောင် က သူမကို အတင်းဖမ်းထားလိုက်သည်။
ထို့နောက် ကျန်းရို့ က ခေါင်းငုံ့ပြီး လီနန် ကို သူမချက်ထားသည့် ဖြည့်စွက်စာများ လာကျွေးခြင်းဟု အသံတိုးတိုးနှင့် ရှင်းပြသည်။ သူမလိုချင်သော ပါဝင်ပစ္စည်းများမှာ အမဲလိုက်ရန် ပိုခက်ခဲသော ပင်လယ်သားရဲများဖြစ်ပြီး လီနန်က သူတို့ကို လိုက်လံရှာဖွေပေးခဲ့ခြင်းပင်။ ထို့ကြောင့်လည်း၊သူမက ဖြည့်စွက်အစားအစာအဖြစ် ချက်ပြုတ်ပြီးနောက်၊ ဟင်းလျာတစ်ဝက်ကို လက်ဆောင်လာပေးတတ်၏။
လင်းယောင်ယောင် ၏ အကြည့်များသည် သူတို့နှစ်ဦးကြားတွင် အပြန်ပြန်အလှန်လှန် ရောက်ရှိနေကြသည်။
"အိုး...နင်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ခံစားချက်တွေရှိနေကြတယ်မလား"
ကျန်းရို့က စိုးရိမ်တကြီးနှင့် သူမကိုယ်သူမ ကာကွယ်ပြောဆိုနေသော်လည်း အမြဲတမ်း အေးစက်ရိုးသားသည့် လီနန်က ထူးထူးခြားခြား နှုတ်ဆိတ်နေပြီး သူ့နားရွက်များကလည်း သိသိသာသာနီနေ၏။
လီနန်ကိုမြင်သောအခါ၊ ကျန်းရို့ တစ်ခုခုကို သဘောပေါက်သွားပြီး နူးညံ့သိမ်မွေ့သော မျက်နှာမှာလည်း နီရဲလာကာ ထမင်းဘူးကို အမြန်ချလိုက်၍ ထွက်ပြေးသွားခဲ့သည်။
လင်းယောင်ယောင် ပြုံးပြီးပြောလိုက်သည်။
"လီနန်...ရှင့်လစာကို လင်းရွှမ် ဖြတ်လည်း ကျွန်မနဲ့မဆိုင်တော့ဘူး... ရှင့်ကြောင့် ကျွန်မသူငယ်ချင်း ထွက်ပြေးသွားပြီ"
လီနန်: "..."
လီနန်က ဘာမှ တိုက်ရိုက်မပြောသေးသဖြင့်၊ လင်းယောင်ယောင် က သူမ မေးခွန်းကို ဟုတ်၊မဟုတ် ဖြေပေးဖို့ ပြောလိုက်သည်။သို့သော်၊ သေချာတွေးကြည့်လိုက်လျှင် လင်းရွှမ် က သူမကိုသာ လွှတ်လိုက်ပြီး သူက အရှင်သခင် အင်ပါယာမှာ နေခဲ့ရသည့် အကြောင်းရင်းနှင့် သူမကို ပြန်သွားခွင့်မပြုရသည့် အကြောင်းရင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။သူမကို အန္တရာယ် မဖြစ်စေချင်သော သူ့စေတနာကို နားလည်သော်လည်း သူ့ကိုပါ စိတ်ပူနေမိပြီး သူတစ်ယောက်တည်း မတိုက်ခိုက်စေချင်ပေ။ရွေးချယ်စရာအမျိုးမျိုးကို ချိန်ဆပြီးနောက်၊ သူမသည် 168 ကို အရှင်သခင် အင်ပါယာသို့ ပြန်ပို့ရန် ဆုံးဖြတ်ခဲ့သည်။အရှင်သခင် အင်ပါယာသို့ရောက်သောအခါ၊ မီနီအသွင်ပြောင်းပြီး ပုန်းနေရန်လည်း သူမ 168 အား ပြောခဲ့သည်။ ထို့နောက် လင်းရွှမ် ထံသို့ ဆက်သွယ်ရေး အချက်ပြမှုများကို ပေးပို့ရန် သူမ ပေးသော ဆက်သွယ်ရေးစက်ကို အသုံးပြုဖို့လည်း မှာလိုက်၏။တာဇာကြယ်ပွင့်နယ်မြေတွင်၊ သူမကဲ့သို့ SSS အဆင့် တိုက်ခိုက်ရေးသမားနှင့် အစားအသောက်ကုထုံး ပညာရှင်တစ်ဦးတည်းဖြင့် ခံတပ်ကိုထိန်းထားရန်လုံလောက်သည်။
ကျန်ရှိသော SS အဆင့်ရှိ မက်မွန်သီးရောင်ဇာ့ခ်အနည်းငယ်ကပင် သူမ ခေါ်လာသော အစားအသောက် ကုထုံးပညာရှင်များ ပြုလုပ်သော အစားအစာကို လက်ခံလာကြသည်။ သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးက 168 လောက် မမြင့်သော်လည်း ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်၏ အသိဉာဏ်ရှိပေသည်။ ထို့ကြောင့် အရသာရှိသော အစားအစာကို စားလိုပါက လူကို မစားဘဲ စကားကို နားထောင်ရန် လိုအပ်ကြောင်း သူတို့သိသည်။သူတို့ခုခံလိုက်ပါက၊ ဆိုးဆိုးရွားရွား အရိုက်ခံရမည်ဖြစ်ကာ အသားများလည်း လှီးဖြတ်ခံရမည် ဖြစ်သည်။
မူလက အချို့သူများသည် ဘော့စ်168 မရှိခြင်းကို အခွင့်ကောင်းယူ၍ မက်မွန်သီးရောင်ဇာ့ခ် အချို့သည် ပုန်ကန်ရန်ကြိုးစားကြသည်။ သူတို့အားလုံးက မက်မွန်သီးရောင်ဇာ့ခ်များ ဖြစ်သော်ငြား ဘော့စ်ဖြစ်သူ 168က အသားစားခွင့်ရပြီး သူတို့က သက်သတ်လွတ်အစာနှင့် စွပ်ပြုတ်သာ စားရ၏။ မကြာခဏ၊ ကိုယ်အလေးချိန်လျှော့ချရန်ဟုဆိုကာ အသားကို အလှီးခံရသည်။
ရက်တွေကြာလာသည်နှင့်အမျှ လင်းရွှမ် နှင့် 168 တို့သည် နောက်ဆုံးတွင် လင်းယောင်ယောင် ၏ နွေရာသီအားလပ်ရက်မကုန်ဆုံးမီ တာဇာကြယ်ပွင့်နယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်။
သို့သော်၊သူတို့ရောက်လာချိန်က အေးအေးလူလူ အနားယူဖို့ အချိန်ကျနေသည့် ညသန်းခေါင်ချိန်ဖြစ်နေ၏။ 168 သည် တာဝေး အာကာသ ကူးပြောင်းမှုအတွက် စွမ်းအင်များစွာ သုံးစွဲခဲ့သည်။သို့သော်လည်း၊ ကြိုတင်သိုလှောင်ထားသည့် ဖြည့်စွက်စာများ စားပြီးလျှင် အသက်ပြန်ရှင်လာမည် ဖြစ်သည်။ထို့ကြောင့် လင်းရွှမ် လည်း သူ့အခြေအနေကို ပြန်လည်ချိန်ညှိဖို့ 168 နောက်သို့ လိုက်သွားသည် ။
168 သည် မူလက လင်းယောင်ယောင် ကို ရှာပြီး ချစ်ခင်စွာ ပွေ့ဖက်ချင်သော်လည်း လင်းရွှမ် က ရက်စက်စွာပင် တားမြစ်ခဲ့သဖြင့် သူမ၏ မောင်နှမများနှင့်တွေ့ပြီးအနားယူရန် အထီးကျန်ဆန်စွာ ပြန်သွားခဲ့ရသည်။
သူသည် အခြားအခန်းတွင် ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်၍ ဆေးများကုသပြီးနောက် ကပ္ပတိန်၏ သီးသန့်ဧည့်ခန်းထဲသို့ ဝင်လိုက်သည်။ ထို့နောက် သူ့ကောင်မလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့ရသည်။သူ သေချာကြည့်လိုက်သောအခါ သူမ၏ အိပ်ပျော်နေသော မျက်နှာသည် အလွန်ချစ်စရာကောင်းနေလေသည်။သူလည်း သူမကို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်၏။
အိပ်ပျော်နေသော လင်းယောင်ယောင် သည် ရင်းနှီးသော ရနံ့ကို ခံစားရပြီးနောက် လင်းရွှမ်မှန်းသိကာ သူ့ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ထိုအခါ လင်းရွှမ် ၏ အေးစက်သော မျက်နှာသည် ရုတ်တရက် နူးညံ့လာပြီး သူက သူမ၏ ဆံပင်များကို နမ်းလိုက်ရင်း
"သွားအိပ်ရအောင် ကလေးလေး"
အင်ပါယာနှင့် တာဇာကြယ်ပွင့်နယ်မြေအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု အချို့ကပြောကြသည်။ Narai ဖက်ဒရေးရှင်းနှင့် မဟူရာကြယ်ပွင့်နယ်မြေ တို့သည် ယခု အရှင်သခင် အင်ပါယာမှ ဆုတ်ခွာသွားကြသည်။ ထို့ကြောင့် သူ့ကို ကြယ်ကမ္ဘာတစ်ခုလုံး၏ ဘုရင်အဖြစ် မှတ်ယူနိုင်သည်။သို့သော် လင်းရွှမ် အတွက်မူ သူချစ်ရသည့် ကောင်မလေးကို သူ့ရင်ခွင်ထဲမှာ ထည့်ထားမှသာ ကမ္ဘာကြီးတစ်ခုလုံး အပိုင်ရသည့် ခံစားချက်မျိုးကို ခံစားရလေ၏။
xxxxx