အခန်း၁၇၈
Viewers 12k

Chapter 178

(သတို့သမီးအရံများနှင့်ပန်းကြဲမိန်းကလေးများ)


လင်းယောင်ယောင် နှင့် သူမ၏ သူငယ်ချင်းများသည် မကြာမီတွင် အရှင်သခင် အင်ပါယာ၏ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့နှင့် ဆူးတပ်ဖွဲ့တို့ စခန်းချရာနေရာရှိ တာဇာကြယ်ကွင်းပြင်သို့ ရောက်ရှိခဲ့သည်။


လင်းယောင်ယောင် သည် တာဇာကြယ်ကွင်းပြင်တွင် အချိန်အတော်ကြာ တပ်စွဲခဲ့သူ လီနန် ထံမှ 168 သည် သူမနှင့်ဝေးကွာနေချိန်အတွင်း အထီးကျန်ခြင်းမရှိကြောင်း သိရသည်။ အခြားသော မက်မွန်သီးရောင်ဇာ့ခ်များသည် 168 ၏ မိတ်ဆွေများ၊ မီနီယမ်များနှင့် ဘုံစားနပ်ရိက္ခာအရံများ ဖြစ်လာသည်။ ထို့အပြင် သူမ ထွက်သွားသည့်အချိန်တွင် 168 နှင့် လီလစ်တို့၏ ဆက်ဆံရေးသည် လျင်မြန်စွာကောင်းမွန်လာခဲ့သည်။ နှစ်ယောက်စလုံးမှာ အမျိုးမျိုးသော စစ်ပွဲများကို ဆင်နွှဲဖို့ စိတ်အားထက်သန်ကြ၏။ ထို့နောက် သူမ လေ့ကျင့်ပေးထားသော အစားအသောက်ကုထုံးပညာရှင်များအား သူတို့အတွက် အစားအစာပြုလုပ်ပေးခဲ့သည်။


 168 သည် လင်းယောင်ယောင် နှင့် 012 ၏ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို သတိပြုမိသည်နှင့် တစ်ပြိုင်နက် မီနီပုံစံအဖြစ်သို့ ပြောင်းလဲသွားကာ လင်းယောင်ယောင် ရှေ့သို့ အာကာသခုန်ခြင်းနည်းစနစ်ကို သုံး၍ခုန်ကာ သွားလိုက်သည်။


ထိူအခါ လင်းယောင်ယောင် သည် 168 ၏ ရင်းနှီးသော မျက်နှာကို ချက်ချင်းတွေ့လိုက်ရသည်။ 012 ကလည်း သူ၏အကိုင်းအခက်နှင့် အရွက်များအား ယိမ်းနွဲ့ရင်း ပြေးလာကာ 168 ကို စိတ်လှုပ်ရှားစွာ ဖက်လိုက်သည်။


 "အသားလေးက နူးညံ့နေတာပဲ...ဒီအတောအတွင်း အရမ်းကို အစားကောင်းတွေ စားခဲ့မှာပဲဆိုတာ သေချာတယ်… "


 168 က ချက်ချင်းစိတ်မကောင်းဖြစ်ပြီး 


"အများကြီးစားခဲ့ပေမယ့် မင်းလုပ်တာမဟုတ်ဘူးဆိုတော့ အရသာက မကောင်းဘူး...ကလေးက မင်းကို အရမ်းလွမ်းတယ်…မင်းတို့နှစ်ယောက်ကလည်း ကလေးဆီကို အခုမှပဲ လာလည်တော့တယ်"


 168 ၏ IQ သည် ယခုအခါ သာမန်လူသားများနှင့် လုံးဝယှဉ်နိုင်နေပြီဖြစ်သည်။ လက်ရှိ 168 ကို လှည့်စားဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့‌ေပ။


လီလစ်သည် 168 နှင့် နီးစပ်ခဲ့သည်။ သူမသည် ချစ်ခြင်းမေတ္တာသက်သက်ကြောင့်သာဖြစ်ပြီး မကောင်းသောရည်ရွယ်ချက်မရှိသဖြင့် 168 နှင့်  သူငယ်ချင်းမိတ်ဆွေများ ဖြစ်လာသည်။လီလစ် သည် သူမ၏ မက်ခါဖြင့် ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဥ်သို့ အမြန်ပြန်လာခဲ့ပြီး မြင်မြင်ချင်းပင် သူမသည် လင်းယောင်ယောင်ထံသို့ အမြန်ပြေးသွားခဲ့သည်။


လင်းယောင်ယောင် သည် အရှင်သခင် အင်ပါယာမှ သူမ၏ သူငယ်ချင်းများစွာကို ခေါ်ဆောင်လာခဲ့၍ သူငယ်ချင်းများ စုဝေးလိုက်ကြသည်။ ထို့နောက် တာဇာကြယ်ပွင့်နယ်မြေ၏ အထူးအစားအစာများစွာဖြင့် လေထုသည် လျင်မြန်စွာ သက်ဝင်လှုပ်ရှားလာသည်။


168 ၏ နှစ်မီတာမြင့်သော "မီနီ" ပုံစံသည် တစ်ကယ်ကို နူးညံ့ပြီး ချစ်စဖွယ်ကောင်းသည်။ ထို့အပြင်၊ 168သည် လင်းယောင်ယောင်၊012 တို့နှင့် အလွန်ရင်းနှီးသောကြောင့် ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ၊စုချင်းဟယ်၊ကျန်းရို့ နှင့် အခြားသူများကလည်း 168 ကို အလွန်ကြိုက်နှစ်သက်လာကြသည်။  အထူးသဖြင့် စုချင်းဟယ်နှင့် ကျန်းရို့ တို့မှာ 168ကို အတော်ချစ်နေကြ၏။


သို့သော် လီလစ်သည် ယဲ့ရှီ၏ ချောမောသော အမူအရာကြောင့် သဘောကျသွားသည်။နှစ်ယောက်သား ဝမ်းသာအားရ ပြောဆိုနေကြသည်။ ဘာပဲဖြစ်ဖြစ် သူမ၏ စေ့စပ်ထားသူ ဂျက်စတင် ရှိမနေသဖြင့် ဤမျှ  ချောမောသော မိန်းမပျိုနှင့် စကားလေးတောင် မပြောရလျှင် နှမြောစရာကောင်း၏။အရသာရှိသော အစားအစာကို စားနေစဉ်၊ ချောင်းမင်ယောင်သည် စေ့စပ်ထားသူ အမျိုးသမီးနှင့် စကားပြောနေသည့် ယဲ့ရှီကို ဒေါသတကြီး စိုက်ကြည့်နေသည်။


လင်းယောင်ယောင် က ဝေ့ယွမ်၏ လက်ကို ကိုင်လိုက်ပြီး 168 ကိုပြောလိုက်သည်။


 " 168…ဒါက ငါ့အစ်ကို"


168 က မျက်လုံးကြီး ကိုးလုံးမှိတ်တုတ်မှိတ်တုတ် ဖြင့် အံ့အားသင့်သွားသလိုဖြင့် ပြောလိုက်၏။


"မင်းမှာ အစ်ကိုကြီးတစ်ယောက် ရှိတယ်လေ... လင်းရွှမ် မလား... သူ အဝေးမှာ ရှိနေတုန်း ဖောက်ပြန်နေတာလား"


168၏ ဦးနှောက်ကို 012 သည် မှော်ဆန်သော အယူအဆ ထည့်သွင်းထားခြင်းဖြစ်သည်။ လင်းယောင်ယောင် ၏အစ်ကိုသည် သူမ၏ချစ်သူဖြစ်သောကြောင့် 168 မှာ လူသားများကြား ဆက်ဆံရေးကြားတွင် အနည်းငယ်ရှုပ်ထွေးနေခဲ့ခြင်းဖြစ်သည်။


ဝေ့ယွမ် က သူ့ပါးစပ်ကို အုပ်ပြီး ချောင်းဆိုးလိုက်ရင်း


 "မဟုတ်ဘူး… မဟုတ်ဘူး...ငါက သူ့အစ်ကိုဝမ်းကွဲပဲ"


သူသည် ဝမ်းကွဲအစ်ကိုအရင်းတစ်ယောက်ဖြစ်သော်လည်း လင်းယောင်ယောင် နှင့် ဝေ့ယွမ်ကို  အထင်အမြင်လွဲမှားနေကြောင်း လင်းရွှမ် သိပါက သူ တစ်ခါမနာလိုဖြစ်ပြန်ပေဦးမည်။


168 ၏ ခံယူချက်သည် များစွာပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် လင်းရွှမ် သည် လင်းယောင်ယောင် နှင့် အခြားသူများကို စေလွှတ်သော်လည်း လုံးဝပေါ်မလာသဖြင့် 168 အနည်းငယ် ဝမ်းနည်းနေရသည်။


168 သည် တာဇာကြယ်ပွင့်နယ်မြေ တွင် စစ်မှန်သော ဇာ့ခ်ဧကရီ ဖြစ်လာခဲ့သည်။ လူတိုင်းက သူမ လိုချင်သမျှပေးပြီး နေ့တိုင်းချော့ကြ၏။ယခုအချိန်တွင် လင်းရွှမ် သာလျှင် သူမ၏ ပိုးချည်မျှင် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေသူဖြစ်သည်။


ထင်ရှားသည်မှာ လင်းရွှမ် သည် ဤနေရာတွင် မရှိသော်လည်း သူ၏ သြဇာသည် နေရာတိုင်းတွင် ရှိနေသည်။အထူးသဖြင့် ဤ တာဇာကြယ်ကွင်းပြင်တွင် လင်းရွှမ်က ဘုရင်ဖြစ်သည်။ အရင်ကတော့ သူသည် အာကာသထဲကို ခုန်ကူးသွားနိုင်အောင် ပိုးပေါက်စုပ်ဝဲကိုဖွင့်ပေးနိုင်သော 168 ကို အားကိုးခဲ့ရသော်လည်း ယခင်ကတည်းက သူက စွမ်းအားရှိသူဖြစ်ပေ၏။ သို့သော်၊ သူ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားသည် 4S အဆင့်သို့ တိုးလာသောကြောင့် အာကာသ ကူးပြောင်းမှုကိုလည်း ပြုလုပ်နိုင်သည်။  လင်းရွှမ် ၏ အာဏာကို မည်သူမျှ စိန်ခေါ်ဝံ့ခြင်းမရှိတော့ပေ။


တာဇာကြယ်ပွင့်မဟာမိတ်၏ ကျန်ရှိသောတပ်ဖွဲ့များသည် ဤနည်းဖြင့်သာ ရှင်သန်ရန် နည်းလမ်းရှိသောကြောင့် ဆန္ဒအလျောက် လက်နက်ချခဲ့သည်။ မဟုတ်ပါက၊ ယခင်က သူတို့ လူသားမျိုးနွယ်ကို ပေးခဲ့သည့်အတိုင်းပင်တန်ပြန်အကျိုးပြန်ဖြစ်လာပြီး ဇာ့ခ်များအတွက် ရိက္ခာများ ဖြစ်လာနိုင်သည်။


အရိုးခေါင်းကြယ်ဓားပြအဖွဲ့မှာလည်း ပြိုကွဲသွားခဲ့သည်။ မူလက အရှင်သခင် အင်ပါယာ အဖွဲ့ဝင်တို့သည် လင်းရွှမ် ၏ ညသိမ်းငှက်တပ်ဖွဲ့ နှင့် တွဲခဲ့ပြီး Narai ဖက်ဒရေးရှင်းနှင့် မဟူရာကြယ်ပွင့်နယ်မြေ မှ လူသားမျိုးနွယ်များသည်လည်း ညသိမ်းငှက်တပ်ဖွဲ့ကို ကူညီနေသည်။ 


Anti- တာဇာကြယ်ပွင့်မဟာမိတ် အစိုးရတပ်ဖွဲ့များနှင့် လူမျိုးရေးတန်းတူညီမျှရေးအဖွဲ့အစည်းတို့သည် တာဇာမဟာမိတ်အဖွဲ့၏ ကျန်နယ်မြေများကို ပိုင်းခြားထားသည်။ သူတို့သည်  တာဇာကြယ်ပွင့်မဟာမိတ် (လက်နက်ကိုင်တပ်ဖွဲ့များ) နှင့် လွတ်လပ်သော အဖွဲ့ချုပ်(အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး) ကို ထူထောင်ခဲ့သည်။ တာဇာ ကြယ်ပွင့်မဟာမိတ်အဖွဲ့မှလူများသည် ဤတပ်ဖွဲ့များထဲမှတစ်ခုသို့ဝင်ရောက်ရန် လွတ်လပ်စွာရွေးချယ်နိုင်သည်။


လင်းရွှမ် ၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက်၊ ဟုန်ကျဲယု နှင့် ပိုင်ရွှင်း ဦးဆောင်သော တာဇာကြယ်ပွင့်မဟာမိတ်သည် ပို၍ နှိမ့်ချစွာ ဆက်ဆံခဲ့ကြသည်။ ဘရမ်မိသားစု ကြီးစိုးသော လွတ်လပ်သော အဖွဲ့ချုပ်သည် လင်းရွှမ် နှင့် ခင်မင်ရင်းနှီးစွာ ဆက်သွယ်ခဲ့သည်။


တာဇာကြယ်ပွင့်မဟာမိတ်၊ လွတ်လပ်သော အဖွဲ့ချုပ်နှင့် လင်းရွှမ် ၏ အရှင်သခင် အင်ပါယာမဟာမိတ်အဖွဲ့ခွဲတို့သည် ဖြည့်စွက်အစားအစာအတွက် အရင်းအမြစ်များနှင့် နည်းပညာများကို ဖလှယ်ခဲ့ကြပြီး ခြေသုံးချောင်းအနေအထား ဖွဲ့စည်းခဲ့သည်။


အရှင်သခင် အင်ပါယာမဟာမိတ်အဖွဲ့ခွဲ သည် တည်ငြိမ်သော အာကာသ အကူးအပြောင်း လမ်းကြောင်းကို တည်ဆောက်ရာတွင် ဦးဆောင်နေသော်လည်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုံးဖွဲ့စလုံး အတူတကွ လုပ်ဆောင်ကြသည်။ သုံးလ၊လေးလအတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားသည်။


စားဝတ်နေရေး ခက်ခဲလာသည့်အခါ မည်သူမဆို လုယက်ဆိုးသွမ်းသူများ ဖြစ်လာနိုင်၏။ သို့သော်၊ လင်းရွှမ် က အချိန်အတော်ကြာ အုပ်ချုပ်မှုပျက်ကွက်ခဲ့လျှင်တောင် သူတို့မှာ တစ်ခြား ရည်ရွယ်ချက်တွေ မထားဝံ့ကြချေ။သို့မဟုတ်လျှင်၊ လင်းရွှမ်တစ်ခေါက်ပြန်လာသည့်အခါ နောက်ထပ် အကျိုးခံစားခွင့်များ ထပ်တောင်းနိုင်မှာ မဟုတ်ပေ။


ထို့အပြင်၊ လင်းရွှမ် စေ့စပ်ထားသူ ‌လင်းယောင်ယောင် သည် တာဇာကြယ်ပွင့်နယ်မြေတွင် မကြုံစဖူးလေးစားမှုတို့ကို ရရှိခဲ့သည်။ လင်းရွှမ်ကလည်း သူမအား အလွန်အလေးထားသည်ကို လူသိများကြသည်။သူမသည် တာဇာကြယ်ပွင့်နယ်မြေတွင် ရေထဲမှ ငါးကဲ့သို့ လူးလာကူးသန်းနေခဲ့သည်။ ဝေ့ယွမ် နှင့် အခြားသူငယ်ချင်းများက ဤနေရာသည် အတွေ့အကြုံအတွက်လည်း ကောင်းမွန်သလို၊ ခွန်အားမြှင့်တင်ရန်နှင့် ပါဝင်ပစ္စည်းများ စုဆောင်းရန်အတွက် သင့်တော်သည်ဟု ထင်ကြသည်။


လင်းယောင်ယောင် ခေါ်လာသော အစားအသောက်ကုထုံး ပညာရှင်များနှင့် ကျောင်းသားများသည်လည်း အလွန်ရေပန်းစားသည်။အဘယ်ကြောင့်ဆိုသော် တာဇာကြယ်ပွင့်နယ်မြေသည် အစားအသောက်ကုထုံး ပညာရှင်များ အလွန်နည်းပါးပြီး၊ အထူးသဖြင့် အရသာရှိသော ဖြည့်စွက်အစားအစာများကို ပြုလုပ်နိုင်သော အစားအသောက် ကုထုံးပညာရှင်များမရှိသလောက် ရှားပါးသည်။


ထိုအထဲမှာ 168 က အပျော်ရွှင်ဆုံးပင်။သူမသည် နေ့တိုင်း အစားကောင်း၊အသောက်ကောင်းများ စားနေရ၏။လီလစ် သည် စားရေးသောက်ရေး အဆင်ပြေနေသည့်အတွက် အိမ်ကိုပင် မပြန်လာသဖြင့် သူမ၏ စေ့စပ်ထားသူ ဂျက်စတင်မှာ ဌာနခွဲကို နေ့စဥ်နေ့တိုင်း လာရသည်။


လီလစ် နှင့် ဂျက်စတင်တို့သည် နှစ်ပေါင်းများစွာကတည်းက စေ့စပ်ခဲ့ကြခြင်းဖြစ်သည်။ လီလစ် သည် လာမည့်နှစ်တွင် အသက် 25 နှစ် ပြည့်သောအခါ သူမသည် တရားဝင်လက်ထပ်ခွင့် ရှိသည်။


 "ယောင်ယောင်...လာမယ့်နွေရာသီမှာ ဂျက်စတင် နဲ့ ငါ့ရဲ့ မင်္ဂလာပွဲကို လာခဲ့...ငါ နင့်ကို ဖိတ်တယ်"

  

လီလစ် က လင်းယောင်ယောင် ကို အလွန်မျှော်လင့်စွာ မေးလိုက်သည်။


ထောင်ချီရှိသည့် ပိုးချည်စပျစ်နွယ် မျိုးနွယ်သည် ထောင်ချီရှိသည့်ဝိဥာဥ်ပန်းပွင့် မျိုးနွယ်စု၏ အဖော်မျိုးနွယ်ဖြစ်သည်။ ထို့ကြောင့် လီလစ် သည်  ထောင်ချီရှိသည့်ဝိဥာဥ်ပန်းပွင့် မျိုးနွယ်စုနှင့် နီးစပ်ချင်းပြီး သူမ၏ မင်္ဂလာပွဲတွင် ထောင်ချီရှိသည့်ဝိဥာဥ်ပန်းပွင့် မျိုးနွယ်စုထံမှ ကောင်းချီးပေးခံရခြင်းကို ဂုဏ်ယူနေမည်ဖြစ်သည်။


ယခုမှ လင်းယောင်ယောင်သည် လီလစ် အား သူမ၏ မင်္ဂလာပွဲအကြောင်း အသိပေးခြင်း မပြုခဲ့သည်ကို သတိရမိသည်။ သူမ ခဏလောက်စဉ်းစားလိုက်သည်။


လင်းယောင်ယောင် : "လီလစ်...နင်နဲ့ ဂျက်စတင် နဲ့ဆို စေ့စပ်ထားတာကြာနေပြီဆိုပေမယ့် နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် ကျီစယ်ပြီး ပလူးနေကြတယ်မလား...ငါ့ကိုပဲ လာပြောင်နေတာ မရှက်ဘူးလား"


လီလစ် မှာ ဒူးပေါ် မြှားနှင့်အပစ်ခံရသလို ခံစားလိုက်ရ၏။သို့သော်သူမတို့က ပလူးနေခြင်းမဟုတ်ပေ။သူမကသာ ဂျက်စတင်ကိုအတင်း ကန်ကျောက်၍ ခုတင်ပေါ်က ကန်ချခြင်းသာ။သို့သော် ကံကောင်းသည်က သူမ၏အချစ်ကလေးက အတော်သည်းခံရှာသည်။ 


လင်းယောင်ယောင် : "အစ်ကို ဝေ့ယွမ် ရော မနာလိုဖြစ်ရင် ချစ်သူတစ်ယောက် ရှာသင့်တယ်"


 ဝေ့ယွမ်က မလုံမလဲနှင့်  ထမင်းစားဖို့ အာရုံစိုက်ပြီး စကားဆက်မပြောလာတော့‌ေပ။


လင်းယောင်ယောင် : " အလှလေးချောင်းနဲ့ စစ်သည်ယဲ့ နင်တို့နှစ်ယောက်က ငါ့ရှေ့မှာဆို နေ့တိုင်း လာပြီးချစ်ပြကြတယ်မလား"


ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့က တညီတညွတ်တည်းပြောကြသည်။


 "ငါ ဘယ်တုန်းက သူ့ကို ချစ်ပြလို့လဲ"


 ထို့နောက် တစ်ယောက်ကိုတစ်ယောက် မဲ့ကာရွဲ့ကာ ကြည့်ကြပြီး သူတို့က ထိုသို့ဆက်ဆံရေးမဟုတ်ကြောင်း အတင်းငြင်းနေကြလေ၏။


လင်းယောင်ယောင်: "ချင်းဟယ် နင်လည်း နင် ကြိုက်နေတဲ့လူရှိနေတာ ငါသိတယ်"


စုချင်းဟယ် က ဝေ့ယွမ် ဘက်ကို  ထိတ်လန့်တကြား စိုက်ကြည့်ပြီး ပြာပြာသလဲပြောသည်။


 "အဲ့ဒီလို မရှိပါဘူး"


ထို့နောက် သူမ ကျန်းရို့ ကို ကြည့်ပြီး "နင် ငြင်းလည်း ဘာမှ အသုံးမဝင်ဘူး… အဲဒီလူအတွက် နေ့တိုင်း ဖြည့်စွက်စာ ကျွေးနေတယ်မလား...သူ ဝတောင်လာတယ်"


ကျန်းရို့ ၏မျက်နှာမှာ နီရဲသွားရ၏။


 "သူက မဝပါဘူး... နောက်ပြီး သူ့မျက်နှာက အရမ်းကြည့်ကောင်းတယ်... သူက ဝနေရင်တောင် ကြည့်ကောင်းပြီးသားပါ"


 ဝေ့ယွမ်က ရုတ်တရက် မချိပြုံး ပြုံးပြီး "ဘာလို့ ငါ့ပတ်ဝန်းကျင်မှာ အချစ်နံ့တွေ ရှိနေရတာလဲ"


သို့သော်၊သူလည်း ထိုအထဲမှ တစ်ယောက်ဆိုသည်ကို မသိသေးပေ။


စင်ဂယ်လေးများဖြစ်သည့် 168 နှင့် 012 တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြပြီး လူတွေက ဘာကြောင့်အချစ်အကြောင်းကို ငြီးငွေ့စရာကောင်းအောင် ပြောနေရသလဲဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ သူတို့သည် ခေါင်းကိုငုံ့ကာ အားကြိုးမာန်တက် စားသောက်ကြသည်။ 168 သည် 012 အား ဇာ့ခ်တောင်ပံကြော်တစ်ဖဲ့ကို ပိုးချည်မျှင်ဖြင့်ရစ်ပတ်၍ ထည့်ပေးလိုက်ပြီး 012 ကလည်း စပျစ်နွယ်ပင်နှင့် ပင်လယ်သားရဲအသားလုံးအား ထိုးဖောက်ကာ 168 အားပေးလိုက်သည်။သူတို့နှစ်ယောက်မှာ ထူးထူးခြားခြား လိုက်ဖက်ညီပြီး လှပလျက်ရှိသည်။


လင်းရွှမ် သည် လီနန်နှင့်အတူ ထမင်းစားခန်းအပြင်ဘက်တွင် ရပ်ကာ သူတို့၏ အားကောင်းသော အကြားအာရုံဖြင့် နားထောင်လျက်ရှိသည်။ထို့နောက် သူက လင်းယောင်ယောင်၏ အာရုံကို ဖမ်းစားနိုင်သော နှစ်သက်ဖွယ် ကောင်းသော မျက်လုံးများဖြင့်ကြည့်ပြီး ကျန်လူများကို ဘာမှမထူးခြားသလို ချောင်းကြည့်လိုက်၏။ ချက်ချင်းပင် သူ၏ လူယုံ လီနန်ကို သဘောကျသော မျက်လုံးများဖြင့် ပြန်ကြည့်လိုက်ပြီးနောက်၊ "မင်း အနည်းဆုံး သုံးကီလိုဂရမ်လောက် ပိုဝလာတယ်...မင်း လေ့ကျင့်မှု အားကောင်းအောင် လုပ်ရမယ်"


 မထင်မှတ်ဘဲ၊တိုတောင်းသော နွေရာသီအားလပ်ရက် နှစ်လတာအတွင်း ရေခဲတောင်ဟု လူသိများသော လီနန်သည် သူ့ဘော့စ်ကို အတုယူကာ အစားအသောက်ကုထုံး ပညာရှင် ကောင်မလေးကို ရသွားခဲ့၏။ သူမသည် လင်းယောင်ယောင် ၏ အတန်းဖော်လည်းဖြစ်သည်။


 "အဟမ်း... ဟုတ်ကဲ့ ဗိုလ်ချုပ်ကြီး"


တာဇာကြယ်ပွင့်နယ်မြေ ရှိ အားလပ်ရက်ခရီးသည် မကြာမီကုန်ဆုံးသွားကာ လူတိုင်းသည် အရှင်သခင် အင်ပါယာသို့ ပျော်ရွှင်စွာပြန်လာခဲ့ကြသည်။သူတို့ ပြန်ရောက်သောအခါ ထွက်သွားတုန်းကနှင့် မတူတော့ဘဲ အခြေအနေများစွာ ပြောင်းလဲသွားခဲ့သည်။


အရှင်သခင်အင်ပါယာ၏ စစ်အာဏာရှင်စနစ်နှင့် မြို့တော်ရှိ အ‌ေခြအနေများသည် ကမ္ဘာမြေကို တုန်လှုပ်သွားစေခဲ့သည်။ နှစ် 5,000 သက်တမ်းရှိသော အရှင်သခင် အင်ပါယာ၏ အကြွင်းမဲ့ ဘုရင်စနစ်သည် ယခုအခါ ဖွဲ့စည်းပုံအခြေခံဖြင့်ဖွဲ့စည်းထားသော စည်းမျဉ်းခံ ဘုရင်စနစ်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ မူလဧကရာဇ်က နန်းစွန့်၍ ဧကရာဇ်အသစ်မှာ လွန်ခဲ့သည့်တစ်လက တရားဝင်ထီးနန်းဆက်ခံခဲ့ပြီး တတိယမင်းသား ရှောင်ကျန်း ဖြစ်သည်။


 ဧကရာဇ်တစ်ဦးအနေဖြင့် ရှောင်ကျန်း သည် အမြင့်မြတ်ဆုံးသော စည်းစိမ်နှင့် ဂုဏ်အသရေကို ခံစားနိုင်သော်လည်း သူ့မှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုစုရေးအာဏာ သို့မဟုတ် တရားစီရင်ရေးအာဏာ တစ်ခုမှ မရှိပေ။သူသည် အာဏာမရှိသော အရုပ်တစ်ရုပ်သာ။


တစ်ချိန်တည်းမှာပင်၊ အရှင်သခင် အင်ပါယာကောင်စီကိုဖွဲ့စည်းခဲ့သည်။  ပထမအကြိမ် ကောင်စီအဖွဲ့ဝင်များ ရွေးကောက်ပွဲသည် လွန်ခဲ့သော နှစ်ပတ်က ပြီးဆုံးခဲ့သည်။


 ပါလီမန်တွင် အဓိက တပ်ကြီးခြောက်ခုနှင့် တော်ဝင်မိသားစုဝင်တို့၏ ယုံကြည်ရသော ပုဂ္ဂိုလ်များကို ထည့်သွင်းထားသော်လည်း ပါလီမန်၏ ထက်ဝက်မှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အရပ်သားအဖွဲ့ဝင်များဖြစ်သည်။


အောက်တိုဘာလကုန်တွင်၊ တာဇာကြယ်ကွင်းပြင် နှင့် အရှင်သခင် အင်ပါယာ၏ အာကာသလမ်းကြောင်းကို တရားဝင်ဖြတ်သန်းရန် ဖွင့်လှစ်မည်ဖြစ်သည်။ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့၏ မင်္ဂလာပွဲကိုလည်း ကြီးကျယ်ခမ်းနားသော ပရိသတ်များ တက်ရောက်ဖို့ ဖိတ်ကြားထားကာ နိုဝင်ဘာလ အစောပိုင်းတွင် ရက်ရွေးထားခဲ့သည်။




xxxxxxx