Chapter 179
(ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲ)
အင်ပါယာတစ်ခုလုံးက ပြည်သူများသည် ဤမျှသာယာလှပသည့် မင်္ဂလာပွဲအတွက် မျှော်လင့်ချက်အပြည့်ရှိနေကြလေသည်။အင်ပါယာ၏ မြင့်မြတ်သော အာဏာရှိသူ အသိုင်းအဝိုင်းတွင်၊ ခိုင်မာသော အထောက်အထားမရှိကြ၍ မင်္ဂလာဆောင်ဖိတ်စာ မရရှိကြသူများသည် ဤမင်္ဂလာပွဲ၏ ဖိတ်စာရရှိရန်မျှော်လင့်လျက် အမျိုးမျိုး ကြံဆနေကြရလေသည်။
လင်းယောင်ယောင်၏ ဘဝသည် ယခင်ကနှင့် များစွာကွာခြားခြင်းမရှိပေ။ သူမသည် အစားအသောက်ကုထုံးအတန်းတွင် အတန်းဖော်များနှင့်အတူ သီအိုရီအတန်းကို တက်ရောက်ပြီး လက်တွေ့အတန်းအတွက် အစားအသောက် ကုထုံးသုတေသနအခြေစိုက်စခန်းသို့ သွားရသည်။ သူမသည် ဆရာ ချိုက်ယူဟုန် အတွက် အရသာရှိသော အစားအစာအချို့ကိုလည်း ပြုလုပ်ပေးကာ တစ်ခါတစ်ရံငြင်းရခုန်ရသေး၏။
လပေါင်းများစွာ ဇွဲလုံ့လဖြင့် လေ့ကျင့်ပြီးနောက် ချိုက်ယူဟုန်သည် နောက်ဆုံးတွင် ဂရန်းမာစတာအဆင့် အစားအသောက်ကုထုံးပညာရှင်မှ ဂန္ထဝင် အစားအစာကုထုံးပညာရှင်အဖြစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။ အစားအသောက် ကုထုံးသုတေသန အခြေစိုက်စခန်းတွင် ဂရန်းမာစတာအဆင့် အစားအသောက်ကုထုံး ပညာရှင်များမှာလည်း ထိပ်တန်းအဆင့် အစားအသောက်ကုထုံးပညာရှင် နှစ်ဦး၊ သုံးဦးလည်း ရှိခဲ့သည်။
မစ္စတာချိုက်၏ သူငယ်ချင်းဟောင်းဖြစ်သော ပြိုင်ဘက် အဘိုးကြီးကျန်း သည်လည်း အခြားသော မာစတာအဆင့် ဆေးဝါးပညာရှင်များထံမှ သင်ယူခဲ့သည်။ သူသည်လည်း ဒဏ္ဍာရီအဆင့် ဆေးဝါးပညာရှင်အဖြစ်သို့ အောင်မြင်စွာတက်လှမ်းနိုင်ရန် တာဇာကြယ်ပွင့်နယ်မြေမှ ပိုမိုအဆင့်မြင့်သော ပါဝင်ပစ္စည်းများကို မှီခိုအားထားခဲ့သည်။ သူ အဆင့်မြင့်သည့်အချိန်က မစ္စတာချိုက်ထက် တစ်ပတ်သာနောက်ကျသည်။
အရှင်သခင် အင်ပါယာတွင် အစားအသောက်ကုထုံးများသည် လျင်မြန်စွာ ရေပန်းစားမှုဖြစ်လာပြီး ဆေးဝါးကုထုံးနှင့် ပြိုင်ဆိုင်လာရသည်။
ယခုဆို လင်းယောင်ယောင် သည် မာစတာအဆင့် အစားအသောက် ကုထုံးပညာရှင်တစ်ဦးဖြစ်လာသည်ဟူသောအချက်ကို တမင်ဖုံးကွယ်ထားရန်မလိုအပ်တော့သော်လည်း သူမသည် တမင်တကာ လူသိရှင်ကြားထုတ်ဖော်ခဲ့ခြင်း မရှိခဲ့ပေ။ လူများစွာသည် ဖြည့်စွက်အစားအစာများ ပြုလုပ်ခိုင်းရန် သူမနှင့်နီးစပ်သူများကို ချဉ်းကပ်ကြသည်။အကယ်၍ စိတ်ပိုင်းဆိုင်ရာနယ်ပယ် ချို့ယွင်းနေသူ သို့မဟုတ် ပျက်စီးနေသူများက သူမအား တောင်းဆိုလာပါက ထိုသူတို့အတွက် ဖြည့်စွက်အစားအစာများကို စေတနာနှင့် နည်းပေးလမ်းပြလုပ်မည်ဖြစ်သည်။ သို့သော် တစ်ယောက်၊နှစ်ယောက် မကသဖြင့် သူမအတွက် ခက်ခဲနိုင်လေသည်။ကံကောင်းစွာဖြင့် လင်းရွှမ် ၏ အာဏာကြောင့် တော်ရုံလူများမှာ သူမအား တောင်းဆို၍ မရချေ။
ပါဝင်ပစ္စည်းများကို နှစ်ဆပေးခိုင်းခြင်းမှလွဲ၍ သူမကိုတောင်းဆိုလာသူများအား တစ်ပြားတစ်ချပ်မျှ ကောက်ခံခြင်းမရှိပေ။ ပါဝင်ပစ္စည်း အပိုတောင်းရခြင်းမှာ သူမ၏ လုပ်အားခအတွက် အခကြေးငွေဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကို ကုသရာတွင် အထူးထိရောက်၍ အလွန်အရသာရှိသော ဖြည့်စွက်အစားအစာများကို ပြုလုပ်နိုင်သည့် အမျိုးသားအဆင့် အစားအသောက်ကုထုံးပညာရှင် လင်းယောင်ယောင် အတွက်၊ ဤအခကြေးငွေမှာ သိပ်မများပြားပေ။
သူမ နှင့်ထိုသို့ ရင်းနှီးသွားသူများသည် လင်းနှင့် ဝေ့မိသားစုကို ရအောင်ပေါင်းပြီး စီးပွားရေး ဖလှယ်မှုများ လုပ်ရန် ကြိုးစားကြ၏။သို့သော်လည်း၊လူတိုင်းက လင်းနှင့်ဝေ့မိသားစုကို ချဥ်းကပ်၍မရချေ။
လင်းမိသားစုသည် စစ်တပ် အသိုင်းအဝိုင်းတွင် ထင်ရှားသော ထိပ်တန်းမိသားစုဖြစ်လာပြီး ဝေ့မိသားစုသည်ကလည်း ဒုတိယနေရာကယူထားသည်။ လင်းနှင့် ဝေ့မိသားစုများ၏ အရှိန်အဝါမှာ ပူးပေါင်းလိုက်ပါက အတော်ပင် အားကြီးလှပေသည်။
လင်းယောင်ယောင် ၏ တစ်ခုတည်းသောစိုးရိမ်မှုသည် အပတ်တိုင်း "မင်္ဂလာဝတ်စုံ" ဗားရှင်းအမျိုးမျိုးကို စမ်းကြည့်ရခြင်းဖြစ်သည်။ရှေးခေတ်က ဖီးနစ်သရဖူများနှင့် တရုတ်ရိုးရာဝတ်စုံများမှ အလယ်ခေတ်ရှိ အဖြူရောင် မင်္ဂလာဆောင်ဂါဝန်ကြီးများအထိ၊ ထိုမျှမကသေး ရှုပ်ထွေးလှသည့် အရှင်သခင် အင်ပါယာ၏ မင်္ဂလာဝတ်စုံမှ Green Star မဟာမိတ်မှာ ရေပန်းစားသည့် ပန်းမင်္ဂလာဝတ်စုံများအထိ ဝတ်ကြည့်ရသည်။ ၎င်းတို့အားလုံးသည် အဆင့်မြင့်ဒီဇိုင်နာတို့က သေချာ အသေးစိတ်ပြုလုပ်ထားပြီး အကောင်းဆုံးပစ္စည်းများကိုလည်း အသုံးပြုထားကြသည်။သူမ ဝတ်ကြည့်ရသော ဝတ်စုံများသည် အသေးစိတ်ဒီဇိုင်းများ ပြောင်းလဲခြင်းဖြစ်သည်။
ထို့နောက် သူတို့သည် ကြယ်တာရာခေတ်၏ ဟိုလိုဂရပ်ဖစ်ပုံဗားရှင်းဖြင့် မင်္ဂလာဓာတ်ပုံအမျိုးမျိုးကို ရိုက်ကူးခဲ့ကြသည်။
စစ်ယူနီဖောင်းနှင့် လေ့ကျင့်ရေးယူနီဖောင်းများသာ ဝတ်ဆင်လေ့ရှိသော ဤလူကြီးသည် ဆံပင်နှင့် မျက်နှာကို ဂရုတစိုက်ဖီးလိမ်းပြင်ဆင်ထားကာ တန်ဖိုးကြီး ၀တ်စုံများကို ရုတ်တရက် ၀တ်ဆင်ထားသဖြင့် မြင်သမျှလူများကို ခလုတ်တိုက်လဲစေသည်အထိ ချောမောလှသည်။
လင်းရွှမ် ၏ မျက်လုံးထဲတွင် အဝတ်အစားအသစ်များ ဝတ်ဖို့ခဲယဉ်းသော လင်းယောင်ယောင် သည် မျက်လုံးမခွာနိုင်အောင်ပင် လှပလွန်းလှသည်။
ယနေ့ သူတို့ဝတ်ခဲ့သည့် ပထမဆုံးမင်္ဂလာဝတ်စုံက လင်းယောင်ယောင် ယခင်က နေထိုင်ခဲ့သော 21 ရာစု ကမ္ဘာမှ လူကြိုက်အများဆုံး မင်္ဂလာဝတ်စုံပုံစံဖြစ်သည်။ အဖြူရောင် ဇာမင်္ဂလာဝတ်စုံဝတ်ထားသည့် သူမကိုကြည့်လိုက်ရင်း မင်္ဂလာဝတ်စုံကို သူ့လက်ဖြင့် ဆွဲစုတ်ပစ်ချင်စိတ်ကို အတင်းမြိုသိပ်ထားရသည်။
သူ့မျက်လုံးများသည် နက်နဲပြီး ကောင်မလေး၏ နူးညံ့သော ပါးပြင်များကို ဂရုတစိုက် ပွတ်သပ်လိုက်၏။
"မင်္ဂလာပွဲနေ့ကို အမြန်ရောက်ချင်နေပြီ"
အဖြူနှင့် အနက်ရောင် ရောထားသည့် အနောက်တိုင်းဝတ်စုံကို ၀တ်ဆင်ထားသည့် လင်းရွှမ်အား ကြည့်လိုက်လျှင် ဆွဲဆောင်မှုအားကောင်းလွန်းသဖြင့် လင်းယောင်ယောင် ၏ မျက်လုံးများက တောက်ပနေရသည်။ သူမလည်း မျက်ခုံးများ ကောက်ကွေးသွားသည်အထိ ပေါ့ပါးစွာ ပြုံးကာ
"ညီမလေးလည်း မျှော်လင့်နေမိပြီ... အစ်ကိုကြီးက အရမ်းချောတော့ ညီမလေးအပိုင်ဖြစ်ဖို့ မစောင့်နိုင်တော့ဘူး"
နိုဝင်ဘာ ၆ ရက်....
ကြာရှည်စွာစောင့်မျှော်ခဲ့ရသည့် စစ်နတ်ဘုရား လင်းရွှမ် နှင့် ရှေးခေတ်ဟင်းလျာများကို လက်ရာမြောက်အောင် ချက်ပြုတ်တတ်သည့် အရန်ကုထုံးပညာရှင် လင်းယောင်ယောင် တို့၏ ခမ်းနားသည့်မင်္ဂလာပွဲမှာ နောက်ဆုံးတော့ ရောက်ရှိလာလေပြီ။
ဧကရာဇ်မြို့တော်၏ စစ်ဘက်ဆိုင်ရာချန်နယ် နှင့် Star Network ၏ အကြီးဆုံး ဗီဒီယိုပလက်ဖောင်း သည် ဤခမ်းနားသော မင်္ဂလာပွဲတစ်ခုလုံးကို ပူးတွဲထုတ်လွှင့်ကြသည်။
လင်းယောင်ယောင် သည် တရုတ်ရှေးဟောင်းအစားအစာချက်ပြုတ်နည်း ဗီဒီယိုမျိုးစုံကို ဖန်တီးခဲ့စဉ်က သူမ၏ မျက်နှာကို လူရှေ့သူရှေ့မှာ တစ်ခါမှ မပြခဲ့ဖူးပေ။ သူမ၏ ပရိုဖိုင်သည် Star Network မှ စနစ်ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ စစ်နတ်ဘုရားဖြစ်သော လင်းရွှမ် သည်လည်း အများရှေ့တွင် ပေါ်လာခဲသည်။တစ်ခါတစ်လေမှ သတင်းစာထဲမှာ ပါလာတတ်၏။သူ လက်ထပ်ခွင့်တောင်းစဉ်အချိန်ကလည်း ပေါ်တောင့်ပေါ်ခဲ ပေါ်လာခြင်းဖြစ်ပေသည်။
လင်းယောင်ယောင် သည် လှပပြီး လင်းရွှမ် ကလည်း ချောမောသည်ကို လူတိုင်းသိကြသော်လည်း ပရိတ်သတ်အများစုမှာ ရုပ်ရည်ကြောင့်မဟုတ်ဘဲ သူတို့၏ ထူးခြားသောအောင်မြင်မှုများကြောင့် ဆွဲဆောင်ခံရကြသည်။ သူတို့နှစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို တစ်ခါမှ မမြင်ဖူးကြပေ။
သို့သော်လည်း မင်္ဂလာပွဲမှာ လင်းယောင်ယောင် ၏ နူးညံ့သိမ်မွေ့သည့် အလှနှင့် လင်းရွှမ် ၏ ပြီးပြည့်စုံပြီး ချောမောသည့် မျက်နှာကို လက်တွေ့ဆန်ဆန် ဟိုလိုဂရပ်ဖစ်ရုပ်ပုံမှတစ်ဆင့် အနီးကပ်တွေ့လိုက်ရသည့်အခါ အားလုံးက
"အိုး..."
"ငါ့နတ်သမီးက စားဝတ်နေရေးအတွက် သူမ မျက်နှာလေးနဲ့တောင် လုပ်စားလို့ရပေမယ့် ဟင်းချက်နေတာပဲ"
"ငါ့နတ်ဘုရားကလည်း မျက်နှာလေးနဲ့တောင် လုပ်စားလို့ရပေမယ့် သူ့ရဲ့ ခွန်အားကို အားကိုးနေတာပဲ"
လူတိုင်းသည် သူတို့၏နတ်ဘုရားမ/နတ်ဘုရား၏ မျက်နှာမှ တုနှိုင်းမရသည့် သက်ရောက်မှုကို ခံစားရကြသည်။ သို့သော် သူတို့မှာ စွဲလမ်းခွင့်တော့မရှိ၊နတ်ဘုရားမကို နတ်ဘုရားက ပိုင်ပြီး နတ်ဘုရားကို နတ်ဘုရားမက အပိုင်သမ်းတော့မည် ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ နတ်ဘုရားနှင့် နတ်ဘုရားမတို့၏ မဂ်လာပွဲမှာ ကောင်းကင်ဘုံ၌ ပြုလုပ်သော ပွဲထက်ပင် စိတ်ဝင်စားစရာကောင်းပြီး ခမ်းနားမှုများ ပြည့်နှက်လျက်ရှိသည်။သူတို့နှစ်ယောက်၏ ပရိသတ်များမှာ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြသည်။သူတို့ အိမ်ထောင်ပြုလျှင်တောင် ဤမျှလောက်ပျော်မှာမဟုတ်ပေ။ မူလက ပရိတ်သတ်မဟုတ်သူများပင်လျှင် ပရိသတ်များဖြစ်လာကြသည်။
သူတို့ကို မသိကြသော၊သို့မဟုတ် မနာလိုဖြစ်ကာ မုန်းတီးနေကြသူများပင် ပရိသတ်များကို shareလုပ်နေခြင်းသောကြောင့် မြင်ပါများ၍ သူတို့အတွဲကို ရင်းနှီးလာကြသည်။ သူတို့စိတ်ထဲမှာလည်း တိတ်တခိုးလေး အားကျနေကြလေ၏။
လင်းရွှမ် နှင့် လင်းယောင်ယောင် တို့၏ မင်္ဂလာပွဲအခမ်းအနားကို Star Network မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ အခမ်းအနားအား အွန်လိုင်းတွင် တစ်ပြိုင်နက် ကြည့်ရှုသူ သောင်းနှင့်ချီရှိခဲ့သည်။ စာရင်းဇယားအရ တစ်ရက်တည်းမှာကြည့်ရှုသူ ပရိသတ် သန်းဆယ်ချီရှိခဲ့၏။
ထို့နောက်တွင်၊ အိမ်ထောင်ရေးနှင့်ပတ်သက်၍ အမြဲသတိထားခဲ့ကြသော ကြယ်တာရာခေတ်မှ လူများသည် လာမည့်လအနည်းငယ်နှင့် လာမည့်နှစ်များအတွင်း စေ့စပ်မှုနှုန်း မြင့်တက်လာကြည်။ အများစုမှာ မစေ့စပ်ဘဲ တိုက်ရိုက်လက်ထပ်ရန် ရွေးချယ်ကြပြီး လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှစ၍ အရှင်သခင် အင်ပါယာတွင် လက်ထပ်မှုနှုန်းအမြင့်ဆုံး ဖြစ်လာခဲ့သည်။
အကြောင်းပြချက်က အတော်လေး ရူးနှမ်း၏။
သူတို့သည် ဤဘဝတွင် နတ်ဘုရား/နတ်ဘုရားမကို လိုက်ရန်မျှော်လင့်ချက်မရှိသော်လည်း၊ သူတို့ လက်ထပ်ပြီး ကလေးယူပါက နတ်ဘုရားနှင့်နတ်ဘုရားမတို့၏ ကလေးနှင့်တစ်ရွယ်တည်း ဖြစ်စေခြင်းပင် ဖြစ်သည်။ကလေးချင်း လက်မထပ်ရလျှင်တောင် သူငယ်ချင်း၊ အတန်းဖော် သို့မဟုတ် ဂျူနီယာ ဖြစ်နိုင်သေးသည်။
သတို့သားက အလွန်ချောမောပြီး သတို့သမီးလေးက လှပသည်။သတို့သား၊သတို့သမီးအရံများကလည်း အကောင်းဆုံး အမျိုးသားအဖွဲ့နဲ့ သတို့သမီးအရံအဖွဲ့ကလည်း ထူးချွန်သည်။
012 နှင့် 168 တို့သည် အလွန်ကြောက်စရာကောင်းသော ပုံပန်းသဏ္ဍာန်ရှိသော်လည်း ပန်းကြဲနေပုံလေးက အာရုံစူးစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ လင်းယောင်ယောင် နှင့် လင်းရွှမ်တို့ကမူ ထိုအဖြစ်ကို သတိမပြုမိကြချေ။
ကြယ်တာရာခေတ်တွင် ရိုးရှင်းသောမင်္ဂလာဆောင်ကို လိုချင်ပါက၊ လက်မှတ်ထိုးပြီး စာချုပ်ကို မှတ်ပုံတင်ရန်သာ လိုအပ်သည်။ သို့သော်၊ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့၏ ကျော်ကြားမှုကြောင့် သူတို့ မင်္ဂလာပွဲမှာ ရိုးရိုးရှင်းရှင်းဆောင်ဖို့ လုံးဝ မဖြစ်နိုင်ပေ။ မင်္ဂလာပွဲလုပ်ရုံတင်မကဘဲ ဧကရာဇ်မင်းမြတ်နှင့် ယှဉ်နိုင်အောင် ခမ်းနားရမည် ဖြစ်လေသည်။လုပ်ထုံးလုပ်နည်းများသည် အလွန်ခက်ခဲပြီး ရှုပ်ထွေးသည်။
ပထမဦးစွာ လင်းရွှမ် သည် ဝေ့မိသားစု၏အိမ်သို့ သတို့သမီးကို လာခေါ်ရသည်။ လက်ခံရေးအဖွဲ့တွင် A အဆင့်အထက် 2,999 မက်ခါများပါ၀င်သည်။ မက်ခါအားလုံးကို ပန်းများနှင့် ဖဲကြိုးများဖြင့် အလှဆင်ထားသည်။
ဦးဆောင်လာသည့် မက်ခါသည် အမြင့်ဆုံးနှင့် အမိုက်ဆုံးဖြစ်သော လင်းယွင် ဖြစ်သည်။လင်းယွင်ကို ဧကရာဇ်မြို့တော်ရှိ အကောင်းဆုံးမက်ခါမာစတာ လုပ်ထားသည့် အခွံအသစ်ကို ရရှိခဲ့သည်။ သူ၏ ချစ်စ်ကိုလည်း အဆင့်မြှင့်ထား၏။ ယခုအခါ လင်းယွင် သည် SSS အတန်းအစား မက်ခါ တစ်ဦးဖြစ်ပြီး သတို့သားကို သယ်ဆောင်လာခြင်း ဖြစ်ပေသည်။
ကြိုဆိုသော မက်ခါ အဖွဲ့သည် ဝေဟင်မှ ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့ပြီး နောက်ဆုံးတွင် ေဗျာက်အိုးများ တဒိုင်းဒိုင်းဖောက်၍ ကြိုဆိုကြ၏။
ထို့နောက်လင်းရွှမ် သည် ချန်ပင်း၊လုလင်းနှင့် လီနန်တို့ကို ခေါ်ကာ ဝေ့မိသားစုမှ ပြုလုပ်ထားသည့် အတားအဆီးများကို ကျော်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ဝေ့မိသားစု၏ အဓိကနေအိမ်အပြင်ဘက်ရှိ လင်းယောင်ယောင် ယာယီနေထိုင်သည့် အိမ်အပြင်ဘက်နားသို့ ရောက်ရှိလာကြသည်။
ထိုမျှတင်မပြီးသေး၊ လင်းရွှမ် ကို လင်းယောင်ယောင် ၏ အစ်ကိုသုံးယောက်ဖြစ်သည့် ဝေ့ယွမ်၊ ချောင်းမင်ယွမ် နှင့် ချောင်းမင်ယောင် တို့ကလည်း တားဆီးကြပြန်သည်။ သူတို့က လင်းရွှမ် အား တစ်မိနစ်အတွင်း တန်ပြန်တိုက်ခိုက်မှုများ မတိုက်ရန်နှင့် တာတို အာကာသ တယ်လီပို့ခြင်းကို အသုံးမပြုရန် ပြောကြသည်။ ဤသို့ဖြင့်၊သူသည် ဝေ့ယွမ်၊ချောင်းမင်ယွမ်နှင့် ချောင်းမင်ယောင် တို့၏ ခံစစ်စည်းများကို ဖြတ်ကျော်ပြီး ဝေ့မိသားစု၏ အဓိကအိမ်တံခါးပေါက်သို့ ဝင်ရမည်ဖြစ်၏။
ဝေ့ယွမ် နှင့် ချောင်းမင်ယောင် တို့၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ကိုယ်လုံးကိုယ်ပေါက်မှာ အနည်းငယ် တိုးတက်လာကာ လင်းယောင်ယောင် ၏ ဟင်းများကြောင့် အတော်စွမ်းအားကြီးလာသော်လည်း သူတို့သည် ကျောင်းသူကျောင်းသားများ ဖြစ်၍ တိုက်ပွဲအတွေ့အကြုံ နည်းပါးနေဆဲဖြစ်သည်။ သို့သော်၊ ချောင်းမင်ယွမ် သည် တပ်တွင်းရှိ အဓိက စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းအားမှာလည်း လင်းရွှမ်ထက် အနည်းငယ်သာ နိမ့်ပါး၏။
အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များ ရုတ်တရက် ထိတ်လန့်သွားကြသည်။ သူတို့ဘက်က လင်းရွှမ်အပေါ် ရက်စက်လွန်းပေသည်။လင်းရွှမ်သည် တန်ပြန်တိုက်ခိုက်လို့လည်း မရ၊တာတို တယ်လီပို့စွမ်းရည်ကိုလည်း မသုံးဘဲ သုံးယောက်၊တစ်ယောက် တိုက်ရမည်ဟု ဆိုသည်။ဤသည်က စစ်နတ်ဘုရားကို တမင်သက်သက်ညစ်နေခြင်းပင်။
ကံမကောင်းစွာနှင့် လင်းရွှမ် လုံးဝမလှုပ်ရှားခဲ့ဘူးဆိုလျှင်တောင် သူ၏ စွမ်းအား နှင့်အရှိန်က ချောင်းမင်ယွမ် တို့အဖွဲ့နှင့် လုံးဝမယှဥ်သာပေ။သူတို့၏ ပေါင်းစပ်တိုက်ခိုက်မှုသည် လင်းယွင်၏ အခွံကိုပင် မထိနိုင်ပေ။
လင်းရွှမ် သည် စိတ်အေးလက်အေးဖြင့် ဝေ့ယွမ် နှင့် အခြားသူများ၏ ခံစစ်စည်းကို ဖြတ်ကျော်ရန် ဆယ့်တစ်စက္ကန့်သာကြာလိုက်သည်။
timer ရှိ ဆယ့်တစ်စက္ကန့်ဆိုသည့် ဂဏန်းကို ကြည့်လိုက်ရင်း ပရိသတ်များသည် လင်းယောင်ယောင် ၏ Star Network အစားအသောက်ပလပ်ဖောင်း ID က "Eleven" ဖြစ်သည့်အကြောင်း စဉ်းစားလိုက်ကြသည်။ဤသည် ရိုမန့်တစ်ဆန်ပြီး ကြည်နူးစရာကောင်းလှသည်။
လင်းယောင်ယောင် သည် Star Network ၏ ဖြည့်စွက်ကုထုံးပြိုင်ပွဲတွင် ပါဝင်ခဲ့စဉ်က ပထမပြိုင်ပွဲတွင် ဖြည့်စွက်ကုထုံးပြိုင်ပွဲ ပလပ်ဖောင်းကို သူမ၏ အချစ်စစ်ပရိသတ်တစ်ဦးမှ ဝင်ရောက်ဟက်ခ်ခဲ့ပြီး ပလက်ဖောင်း၏မဲပေးစနစ်အား ဆယ့်စက္ကန့်ကြာ တန့်သွားအောင်လုပ်ခဲ့သည်။ ထို့နောက် သူမအတွက် နောက်ထပ် တစ်မဲတိတိ တိုးလာခဲ့၏။
...
သူတို့ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသလို ခံစားရသည်။
စစ်နတ်ဘုရား လင်းရွှမ် သည် ထိုအချိန်ကတည်းက နတ်ဘုရားမ ယောင်ယောင် ကို စတင်ကြိုက်ခဲ့တာလား..
ယခုဆို လင်းရွှမ် သည် ခံစစ်စည်းကို ဖြတ်ကျော်ပြီးနောက် ဝေ့မိသားစု၏ အဓိကနေထိုင်ရာ တံခါးပေါက်သို့ ဝင်ခဲ့ပြီ ဖြစ်သည်။
လင်းရွှမ် နှင့်အဖွဲ့သည် မက်ခါများကို ဖယ်ထုတ်လိုက်ပြီး ဝေ့မိသားစု၏အိမ်ရှိ တံခါးများတစ်ခုပြီးတစ်ခုဖြတ်ကျော်ကာ နောက်ဆုံးတွင် လင်းယောင်ယောင် ရှိသည့် အဆောက်အအုံငယ်လေး၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။ ဤတွင် လင်းရွှမ် သည် ယောက္ခမ ဝေ့လင်းထံမှ နောက်ဆုံးစမ်းသပ်ခံခဲ့ရပြီး အနီးကပ် တိုက်ခိုက်ရေးစွမ်းရည်ဖြင့် တိုက်ခိုက်ရသည်။
လင်းယောင်ယောင် သည် သူမ၏မိခင် ချမ့်ယောင် နှင့် သတို့သမီးအရံသုံးယောက်ဖြစ်သည့် စုချင်းဟယ်၊ ကျန်းရို့ နှင့် လီလစ် တို့နှင့်အတူ အပေါ်ထပ် အခန်းထဲက ထွက်လာပြီး အောက်ထပ် ခန်းမထဲရှိ တိုက်ပွဲကို ကြည့်နေသည်။
လင်းရွှမ် ၏ ကိုယ်လုံးကိုယ်ပေါက်သည် SSS အဆင့်သို့ တိုးလာခဲ့ပြီး ဝေ့လင်း သည်လည်း တိုက်ပွဲအတွေ့အကြုံ ပိုကြွယ်ဝကာ SS+အဆင့်ရှိသူဖြစ်၍ နှစ်ယောက်လုံး လိုက်ဖက်ညီလှသည်။
ရပ်တန့်ခဲ့ရသော်လည်း ဝေ့လင်းသည် ဤတိုက်ပွဲအပြီးတွင် လင်းရွှမ်၏ အင်အားကို ပို၍ပင် အသိအမှတ်ပြုခဲ့သည်။ လင်းရွှမ် သည် ဝေ့လင်း ၏ လင်းယောင်ယောင် အပေါ်ထားသော ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရသည်။ဝေ့လင်းက လင်းယောင်ယောင် နှင့် မတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း သမီးဖြစ်သူကို ချစ်ကြောင်း ကွဲပြားစွာ ဖော်ပြခဲ့သည်။
သမီးဖြစ်သူကို ဆိုးဆိုးရွားရွား ဆက်ဆံဝံ့လျှင် ဝေ့လင်းသည် သူတို့ချင်း စိတ်ဓာတ်ခွန်အား ကွာခြားမှုကြောင့် ကြောက်မှာမဟုတ်ကြောင်း လင်းရွှမ်အား သတိပေးလိုက်ခြင်းဖြစ်ပေသည်။
xxxxxxx