Chapter 180 [End]
(ခမ်းနားကြီးကျယ်သောမဂ်လာပွဲ)
သို့သော်လည်း စမ်းသပ်ပြီးနောက် လင်းရွှမ် ၏ စွမ်းအားသည် သူ့ထက် မနိမ့်ကျသဖြင့် ဆက်မတိုက်တော့ဘဲ အချိန်မီရပ်လိုက်ပြီး
"သူမကို ဂရုစိုက်ပါ"
သူက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး "ကျွန်တော် ဂရုစိုက်ပါ့မယ်...အဖေ"
ဝေ့လင်းသည် ခေါင်းညိတ်ကာ အပေါ်ထပ်ရှိ ဇနီးနှင့်သမီးကို မော့ကြည့်လိုက်သည်။ချမ့်ယောင် သည် ဂုဏ်ယူနေသည့် သမီးဖြစ်သူကို လေးလေးနက်နက် ပွေ့ဖက်ထားရင်း မျက်ဝန်းထဲတွင် မျက်ရည်များရစ်ဝဲနေသည်။ လင်းယောင်ယောင် မှာလည်း စိတ်ခံစားချက်များ ကူးစက်ခံရပြီး မျက်လုံးများပါ နီရဲလာရသည်။
ထို့နောက် ဝေ့လင်း နှင့် ချမ့်ယောင် တို့သည် သမီးဖြစ်သူကို လင်းရွှမ် ထံ ပေးအပ်ခဲ့သည်။
လင်းရွှမ် သည် လင်းယောင်ယောင် ကို အပြင်သို့ ခေါ်သွားကာ လှပသော သတို့သမီးလေးကို စေ့စေ့ကြည့်နေသည်။ တစ်ချိန်လုံး အေးစက်ကာ အမူအရာမရှိခဲ့သော သူ့မျက်နှာသည် ပျော်ရွှင်ချိုသာသော အပြုံးတစ်ပွင့် ပွင့်လာခဲ့သည်။လင်းယောင်ယောင် ၏ ကြည်လင်လှပသော မျက်နှာပေါ်ရှိ အပြုံးမှာလည်း တောက်ပပြီး ချစ်စရာကောင်းသည်။ သူမ မျက်လုံးထဲမှာ လင်းရွှမ်သာလျှင် ရှိနေ၏။
ဤအခိုက်အတန့်တွင် လူတိုင်းသည် ကောင်းကင်ဘုံ၌ ပြုလုပ်သည့် မင်္ဂလာပွဲတစ်ခုဟု ခံစားမိသည်။ အခမ်းအနားမှူးက လက်ထပ်ရေးဗျူရိုမှ တစ်စုံတစ်ဦးကို လာဖို့ဖိတ်ခေါ်ပြီး လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် လက်ထပ်ခွင့်ဖောင်ပေါ်တွင် လက်ဗွေရာများ နှိပ်လိုက်ကြသည်။
ဝေ့လင်း နှင့် ချမ့်ယောင် တို့သည်လည်း သမီးဖြစ်သူ စောစီးစွာအိမ်ထောင်ပြုသည်ကို သဘောတူသည့်အနေဖြင့် လက်ထပ်ခွင့်ဖောင်ပေါ်တွင် လူသိရှင်ကြား လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် ဝေ့လင်း၊ ချမ့်ယောင်၊ အဘိုးဝေ့နှင့် အဘွားဝေ့တို့က လင်းရွှမ်နှင့် လင်းယောင်ယောင် တို့နှင့်အတူ လက်ဖက်ရည်သောက်ကာ စာအိတ်အနီ များ ပေးလိုက်သည်။
ထို့နောက် လင်းယောင်ယောင် ခေတ္တနေထိုင်သည့် အဆောက်အဦးငယ်လေးမှ ထွက်သွားကြသည်။ လင်းရွှမ် က လင်းယောင်ယောင် ကို ပွေ့ချီသွားခြင်း ဖြစ်ပေသည်။
ဝေ့မိသားစု၏ ပင်မအိမ်တံခါးဝမှ ထွက်သွားသောအခါ လင်းရွှမ်သည် သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ မက်ခါ လင်းယွင်နှင့် လင်းယောင်ယောင် ၏ မက်ခါ လင်းပိုကို အတူတူယှဉ်တွဲထားလိုက်ကြ၏။ စုံတွဲပုံသဏ္ဍာန်ရှိသော မက်ခါနှစ်ခုသည် လူတိုင်း၏အာရုံကို ဆွဲဆောင်ခဲ့သည်။ ပိုအံ့သြစရာကောင်းသည်က မက်ခါနှစ်ခုသည် လျင်မြန်စွာ ပုံပျက်သွားပြီး နှစ်ယောက် ပေါင်းစပ်ထားသည့် မက်ခါဖြစ်လာအောင် ချိတ်ဆက်လိုက်ခြင်းပင်။
လင်းရွှမ် သည် လင်းယောင်ယောင် ကို ပွေ့ထားကာ အသည်းပုံအလှဆင်ဖဲပြားများနှင့် ပန်းများဖြင့် အလှဆင်ထားသော ပန်းရောင်အလင်းလေး ထွန်းထားသည့် လှေခါးကို နင်းကာ မက်ခါ အသစ်ပေါ်သို့ တက်လိုက်သည်။ထို့နောက် မက်ခါအသစ်သည် လက်ခံရေးအဖွဲ့ကို ဦးဆောင်ကာ တော်ဝင်မြို့တော်တစ်ခုလုံးကို လှည့်ပတ်၍ လင်းမိသားစု၏ အိမ်ဟောင်းသို့ ပြန်သွားခဲ့သည်။
လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့သည် လက်ထပ်ခွင့်ဖောင်ပေါ်တွင် သဘောတူကြောင်း လူသိရှင်ကြား လက်မှတ်ရေးထိုးပြီးနောက်...သတို့သားနှင့်သတို့သမီးက အဘိုးလင်း ၊မိဘများနှင့် နောက်ထပ် လက်ဖက်ရည်သောက်ပွဲ လုပ်ရပြန်သည်။ ထို့နောက် တစ်ဖန် အနီရောင်စာအိတ်များလည်း ရလာပြန်၏။
ထို့နောက် အင်ပါယာ၏ ပထမခန်းမတွင် ကျမ်းကျိန်ခြင်းနှင့် လက်စွပ်လဲလှယ်ခြင်းများ၊မိုးကောင်းကင်နှင့် မြေကြီး၊ မိဘများ၊ သတို့သား၊သတို့သမီး အချင်းချင်း ဦးညွှတ်၍ ဧည့်ပရိသတ်များအား ဝိုင်များ တိုက်ကြသည်။
ပြီးလျှင်၊လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် လူအများရှေ့တွင် အချိန်အတော်ကြာအောင် နမ်းလိုက်သောအခါတွင် လူတိုင်းသည် ပျော်ရွှင်မှုများ ကူးစက်သွားသလို ခံစားရလေသည်။ ချစ်သူမရှိသူများက ချစ်သူလိုချင်ကြသည်။ ချစ်သူရှိသူများက စေ့စပ်ချင်ကြပြီး၊ စေ့စပ်ထားသူတွေက လက်ထပ်ချင်ကြသည်။အိမ်ထောင်သည်များကလည်း သူတို့၏ အနူးညံ့ဆုံးအချိန်ကို ပြန်သတိရကြသည်။
ဤလုပ်ထုံးလုပ်နည်းများသည် ရှေးခေတ်က မင်္ဂလာဆောင်ထုံးတမ်းများအား စံနမူနာယူထားခြင်းဖြစ်သည်။ ထို့အပြင် ကြယ်တာရာခေတ်၏ မင်္ဂလာပွဲပုံစံနှင့် ပေါင်းစပ်ထားသဖြင့် အလွန်ဆန်းသစ်ပြီး စိတ်ဝင်စားဖို့ကောင်းသည်ဟု အားလုံးထင်ကြ၏။
အခမ်းအနားအပြီးတွင် လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် ၀တ်စုံများ ထပ်မံလဲလိုက်ပြန်သည်။ ဧည့်သည်က များလွန်းသောကြောင့် စားပွဲတိုင်းတွင် လိုက်ဧည့်ခံမပေးနိုင်ကြပေ။ ဧည့်သည် ထိုင်ရာနေရာတစ်ခုစီတွင်သာ စကားစမြည်ပြောဆိုကြပြီး စားပွဲတစ်ခုချင်းစီကို ဧည့်မခံလိုက်ရချေ။ သို့သော်လည်း၊ဧည့်သည်များလွန်းသည်ဖြစ်၍ နှုတ်ဆက်ချိန်က အတော်ကြာသွား၏။
ပြီးလျှင်၊ပင်မစားပွဲကို ပြန်သွားပြီး မိဘဆွေမျိုးများနှင့် သူငယ်ချင်းများနှင့်အတူ ဝိုင်းထိုင်ကြကာ အရသာရှိသည့် ညစာကို စားကြသည်။ ညစာစားပြီးနောက်၊ ကြယ်တာရာခေတ်မင်္ဂလာဆောင်များအတွက် မရှိမဖြစ်လိုအပ်သော အစီအစဉ်မှာ မက်ခါအခန်းဆွေးနွေးမှုများပြုလုပ်ရန် မက်ခါ လေ့ကျင့်ရေးခန်းမကိုငှားရမ်းခြင်းဖြစ်သည်။ဤသည်မှာ နှစ်ဖက်စလုံး၏ ဆွေမျိုးများနှင့် အသက်တူရွယ်တူ သူငယ်ချင်းများ အချင်းချင်း သိရှိပြီး ခင်မင်ရင်းနှီးရန် အချိန်ပေးခြင်းဖြစ်သည်။သတို့သမီးနှင့် သတို့သားသည်
ပထမပိုင်းကိုသာ အတူကစားမည်ဖြစ်ပြီး ဆွေမျိုးများနှင့်သူငယ်ချင်းများက ဒုတိယပိုင်းကို ကစားမည်ဖြစ်သည်။
လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် လင်းယွင် နှင့် လင်းပိုတို့အား ပေါင်းစပ်ထားသော မက်ခါဖြင့် ရောက်လာသောအခါ လူတိုင်းက ကစားရန် ငြင်းဆိုကြသည်။ သူတို့လို အင်အားကြီး ဇနီးမောင်နှံများနှင့်ကစားလျှင် သူတို့ရှုံးမှာ သေချာသည်။ လင်းယောင်ယောင် တွင် SSS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားရှိသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် S အဆင့်သာရှိသော်လည်း မက်ခါထိန်းချုပ်မှုစွမ်းရည်ကို လင်းရွှမ် သင်ကြားပေးခြင်းဖြစ်သည်။ ထို့ကြောင့် သူမကို နိုင်ဖို့ မဖြစ်နိုင်ပေ။လင်းရွှမ် ကိုလည်း အစကတည်းက နိုင်သူမရှိခဲ့ပေ။
ယခု သူတို့ နှစ်ယောက် ပေါင်းပြီး ကစားပါက၊အတော် ကြောက်စရာကောင်းမှာသေချာသည်။ထို့ကြောင့် တစ်ယောက်ယောက်က လင်းရွှမ်နှင့် လင်းယောင်ယောင်တို့သာ တိုက်သင့်ကြောင်းပြောသော်လည်း လင်းရွှမ် က ငြင်းဆိုခဲ့သည်။
"မဟုတ်ဘူး... ငါတို့က အပြင်လူကိုပဲ တိုက်ချင်တာ"
ကွင်းထဲကို တစ်မိနစ်ကျော်ကြာအောင် ဘယ်သူမှ မဝင်ဖြစ်သောအခါ လင်းရွှမ် က မက်ခါကို အသက်သွင်းပြီး လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာလိုက်၍ အားလုံး ပျော်ပျော်ရွှင်ရွှင် ဆော့ကစားကြဖို့ မက်ဆေ့ချ်ချန်ထားလိုက်၏။
လေ့ကျင့်ရေးကွင်းမှ ထွက်သွားသည်နှင့် လင်းရွှမ်သည် တိုက်ခိုက်ရေး ကိုယ်ပျောက်မုဒ်ကို ချက်ချင်းဖွင့်လိုက်သည်။ အကြောင်းမှာ စစ်ဘက်ဆိုင်ရာချန်နယ်နှင့် Star Network ၏ တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းမှ ဒရုန်းကင်မရာများကို ခြေရာဖျောက်ဖို့ ဖြစ်သည်။ ထို့နောက် သူ၏ ဦးတည်ရာမှာ ရာထူးတိုးပြီးနောက် ပေးအပ်ခြင်းခံရသော အိမ်အသစ်ဖြစ်သည်။ သူတို့အတွက် မင်္ဂလာအခန်းလည်း ဖြစ်ပြီး လင်းမိသားစု၏ နေအိမ်ဟောင်းအနီးတွင် တည်ရှိသည်။
တစ်နေကုန် အလုပ်ရှုပ်နေခဲ့သော ကြင်စဦးဇနီးမောင်နှံသည် နောက်ဆုံးတွင် နှစ်ယောက်တည်း အတူရှိချိန်ကို ပိုင်ဆိုင်ရ၏။ ဤညသည် လူဆိုးကြီး လင်းရွှမ် ကြာရှည်စွာ စောင့်မျှော်ခဲ့သော ညတစ်ည ဖြစ်သည်။သူသည် မက်ခါထဲတွင်ရှိစဉ် လင်းယောင်ယောင်အား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားများ ပြန်လည်ရရှိရန် ဆေးဟင်းရည် နှစ်မျိုးကို ကျွေးခဲ့သည်။ သူက အရင် ဦးစွာသောက်ပြီး သူမအား နမ်းကာ အတင်းတိုက်ခြင်းဖြစ်သည်။ ထို့နောက် သူက ပြုံးပြီးပြောသည်။
"ကိုယ့်မှာ ဆေးဟင်းရည် နှစ်ဆယ့်ရှစ်ပန်းကန် ကျန်သေးတယ်...မင်း အိပ်ငိုက်ပြီး ပင်ပန်းနေရင် ကျွေးမယ်လေ"
လင်းယောင်ယောင် ရင်တွေတဆတ်ဆတ်တုန်နေရ၏။ သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းရွှမ် အတွက် ဤဆေးဖက်ဝင်ဟင်းချိုကို ပြင်ဆင်ခဲ့သည်။ ထိုအချိန်က သူသည် မင်္ဂလာပွဲအတွက် ပြင်ဆင်နေပြီး စစ်ရေးကိစ္စများဖြင့် အလုပ်များနေသည်ဟု ဆိုသည်။ ထို့ကြောင့် သူ့အတွက် အရေးပေါ်သုံးရန် ပွဲ30စာ ပြုလုပ်ခဲ့၏။
နောက်ဆုံးတွင် ဤလူယုတ်မာ လင်းရွှမ် က သူမအား အနိုင်ကျင့်ဖို့ မသောက်ဘဲ စုထားခြင်းပင်။သူမ ကိုယ်သေတွင်းကိုယ် တူးနေသလို ခံစားလိုက်ရ၏။
ဤအိမ်ကြီး၏ အပြင်ပိုင်းဗိသုကာပုံစံသည် ရှေးခေတ်တရုတ်စတိုင်ဖြစ်သော်လည်း အတွင်းပိုင်းကို အဆင့်မြင့်နည်းပညာများဖြင့် ပေါင်းစပ်ထားသည်။
ထို့နောက် လင်းယောင်ယောင်ကို ရှေးခေတ် အိမ်အကူဝတ်စုံများ ၀တ်ဆင်ထားသည့် စက်ရုပ်အိမ်ဖော်များက ဝန်းရံထားသည်။ထို့နောက် သူမသည် နှင်းဆီပန်းဆီဖြင့် ရေချိုးရန် ရေချိုးခန်းသို့သွားပြီးနောက် စက်ရုပ်အိမ်ဖော်များအား သူမ၏ နောက်ဆုံးမင်္ဂလာဝတ်စုံဖြစ်သည့် အနီရောင်ဖီးနစ်မင်္ဂလာဝတ်စုံကို ဝတ်ဆင်စေခဲ့သည်။တစ်ဖက်မှာတော့ လင်းရွှမ် ကလည်း ရေမိုးချိုးပြီး အနီရောင်တောက်တောက် ၀တ်စုံကို ၀တ်ထားသည်။
နောက်တစ်ခုမှာ.. မင်္ဂလာဦးညဖြစ်ပေသည်။
လင်းယောင်ယောင် သည် အစပိုင်းတွင် ကြောက်ရွံ့ပြီး ကြောက်လန့်နေသော်လည်း လင်းရွှမ် က သူမ၏ အနီရောင် ပုဝါစကို ရုတ်သိမ်းလိုက်သောအခါ သူမလည်း ဤအခိုက်အတန့်ကို ရွှင်လန်းစွာ စောင့်မျှော်နေမှန်း ရုတ်တရက် နားလည်လိုက်သည်။ သူသည် အချိန်နှင့် နေရာကို ကျော်ဖြတ်ပြီးနောက် သူမ တွေ့ဆုံခဲ့သော ချစ်ရသူဖြစ်သည်။ သူမကို ပျော်ရွှင်စေရန်အတွက် မင်္ဂလာပွဲသည် ရှေးခေတ်၊ခေတ်သစ်စတိုင်များနှင့် အခြားနိုင်ငံများရှိ မရှိမဖြစ်အလိုအပ်ဆုံး ထုံးတမ်းစဉ်လာများကို စုစည်းထားခြင်းဖြစ်သည်။ ကြယ်တာရာခေတ်က လူများ၏ အမြင် သို့မဟုတ် 21ရာစုမှ လူများအတွက် အဓိပ္ပါယ်မဲ့သော်လည်း သူမအတွက်မူ အသင့်တော်ဆုံးဖြစ်သည်။
ရုတ်တရက်၊ အခြား "လင်းယောင်ယောင်" သည်လည်း အဘယ်ကြောင့် ဤဘဝမှာမနေဘဲ သူမ၏ ကိုယ်ရံတော် ချစ်သူဆီ ပြန်ဖို့ ရွေးချယ်ရသည်ကို အပြည့်အဝနားလည်သဘောပေါက်သွား၏။
ထိုလူသည် စိတ်အားထက်သန်နေသော်လည်း စိတ်ကိုအတင်း ချုပ်တည်းထားသည်။ သူသည် သူမအား ရှေးဟောင်းပုံစံ အနုပညာလက်ရာများ ထွင်းထားသော အိပ်ယာဘောင်နှင့် အကောင်းစားမွေ့ယာပေါ်တွင် ညင်သာစွာ ဖိထားပြီးနမ်းလိုက်သည်။ထို့နောက် သူ့လက်ကြီးများနှင့် သူမ၏ မင်္ဂလာဝတ်စုံ၏ တစ်လွှာချင်းစီကို ညင်သာစွာ ချွတ်နေလေ၏။
လင်းရွှမ် သည် ဤအခိုက်အတန့်ကို အချိန်အတော်ကြာ စောင့်မျှော်နေပြီး ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားသော်လည်း သူမ နာကျင်မည်ကို ကြောက်နေဆဲပင်။နောက်ဆုံးအဝတ်တစ်လွှာကို ကြယ်သီးမဖြုတ်ခင်မှာ ကောင်မလေး၏ ခါးမှာ လက်တင်လိုက်ပြီး
"ကလေး အဆင်ပြေရဲ့လား"
အဆင်သင့်မဖြစ်သေးလျှင် သူ စောင့်နိုင်သည်။မည်သို့ပင်ဆိုစေ၊သူ စောင့်နေခဲ့ရသည်မှာ အတော်ကြာပြီဖြစ်၏။ ပထမဆုံး သူမကို ဝန်ခံသောအခါက မူးချင်ယောင်ဆောင်ကာ အတင်းနမ်းခဲ့သည်။နောက်ပိုင်းတွင် သူမကိုလက်ထပ်ခွင့် တောင်းဆိုသောအခါ သူမ မငြင်းနိုင်လောက်အောင် အချိန်ကောင်းကို ရွေးချယ်ခဲ့သည်။ ယခု လက်ထပ်ပြီးဖြစ်သော်လည်း သူမ သဘောမတူပါက သူမအား စိတ်လိုလက်ရ စောင့်ရပေတော့မည်။သူသည် သူမ၏ ခန္ဓာကိုယ်ကို လိုချင်ရုံသာမက သူမ၏ နှလုံးသားနှင့် သူမ၏ အထိန်းအကွပ်မဲ့ ချစ်ခြင်းများကိုလည်း လိုချင်သည်။
သို့ရာတွင်၊လင်းရွှမ် ဝမ်းသာအားရဖြစ်စေသော အရာမှာ လင်းယောင်ယောင် သည် သူ့လည်ပင်းကို သူမ၏ လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားကာ နူးညံအိစက်သော နှုတ်ခမ်းများနှင့်အရင်နမ်းလာခြင်းပင်။
32နှစ်ကြာ ငတ်မွတ်နေပြီးနောက်တွင် တစ်နှစ်တာမျှ မြင်သော်လည်း မစားနိုင်သော ဗိုလ်ချုပ်ကြီး လင်းသည် နောက်ဆုံးတွင် ကလေးမလေးကို သူ့ဗိုက်ထဲသို့ မြိုချလိုက်သည်။ သူစားသမျှ အစားအစာတွေထက် သူမက ပိုအရသာရှိ၍ သူ့ကို စိတ်လှုပ်ရှားစေ၏။
လင်းယောင်ယောင် သည် အနည်းငယ် စိတ်ဆင်းရဲပြီး သူမအဖြစ်က ကြေကွဲဖွယ်ကောင်းသည်ဟုပင် ဆိုနိုင်သည်။ မနက်ဖြန်ကျလျှင် သူမ၏ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြန်လည်ကောင်းမွန်လာစေရန်အတွက် သူမအား ဖြည့်စွက်ဆေး ဟင်းချို တစ်မျိုးမျိုး သောက်ရမည်ဖြစ်သည်။ S-အဆင့် နှင့် SSS-အဆင့် အကြားက ကိုယ်လုံးကိုယ်ပေါက် ကွာဟချက်သည် အမှန်တစ်ကယ်ပင် အတော် သိသာသည်။
ဧကရာဇ်မြို့တော်၏ဆောင်းဦးနှောင်းပိုင်းညသည် ရေခဲတမျှ အေးမြသည်။
သို့သော် ဗိုလ်ချုပ်ကြီးလင်း၏ မင်္ဂလာဦးအခန်းတွင် နွေဦးရောက်နေပြီး လှိုင်းလုံးများက တိုက်ခတ်နေသည်။လှိုင်းများမှာ တစ်လုံးပြီးတစ်လုံး မဆုံးနိုင်အောင် ရှိလေတော့သည်။
╭(╯3╰)╮ ヽ(ˋ▽ˊ)ノ
.......Main story ပြီးပါပြီ Extra နဲနဲကျန်ပါဦးမယ်ရှင် ..
xxxx