Chapter 181 (Extra 1)
[ side Cp.1 ရေခဲတောင်လေးနှင့်ကွတ်ကီးလေး -လီနန် VS ကျန်းရို့]
လီနန် သည် ကျန်းရို့ ကို ချစ်နေမိသည်ဟု စိတ်ထဲက ထင်နေရခြင်းမှာ လင်းရွှမ် နှင့် လင်းယောင်ယောင် ၏ ခွေးစာများကို အချိန်အတော်ကြာ ကြုံဖူးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ လင်းယောင်ယောင် သည် သေးသွယ်ပြီး ပျော့ညံ့သော်လည်း ရက်စက်၍ အနည်းငယ် ကြောက်စရာကောင်းသည်ဟု သူခံစားရသည်။ သူမ လက်ရာအစားအသောက်ကလည်း တစ်ကယ်ကို အရသာရှိသည်။ ထို့ကြောင့်လည်း သူ နေ့တိုင်း မက်မွန်သီးရောင်ဇာ့ခ်များအား မွေးမြူရန်အတွက် စိတ်ပူနေရခြင်းဖြစ်၏။
သူသည် 168 ကို မွေးမြူသူဖြစ်ခဲ့သော်လည်း ထိုပိုးကောင်က ချစ်စရာကောင်းသည်ဟု မမြင်မိပေ။ထို့ကြောင့် 168ကို တွေ့ရမှာကြောက်သော်လည်း သေးသေးသွယ်သွယ် မိန်းကလေးကို သူတစ်ကယ်တွေ့ရသောအခါ သူမ လုပ်ထားသည့် အစားအစာများက အရသာရှိပြီး သူမသည် သူ၏စံပြမိန်းကလေးပုံစံဟု ခံစားခဲ့ရသည်။ သူမကိုလည်း ကာကွယ်လိုသောဆန္ဒများ ဖြစ်လာရ၏။ ကလေးမလေးက လင်းယောင်ယောင်လို အများကြားထဲမှာ ထင်းနေသူမဟုတ်သော်လည်း၊သူမကို ဝိုင်းကြိုက်နေသူတွေ မရှိသဖြင့် သူ့အတွက် ကံကောင်းပေသည်။ ဗိုလ်ချုပ်၏ဘဝသည် မည်မျှ ခက်ခဲကြမ်းတမ်းသည်ကို သူမြင်ဖူးသည်။ လင်းရွှမ်သည် သူမအား သူ့ဘေးမှာထားရန်အတွက် မက်မွန်သီးရောင်ဇာ့ခ်နှင့် သွေးစပျစ်နွယ်ပင် 012 ကို မကြာခဏ တိုက်နေရသည်။ ဆွေမျိုးများနှင့် သူငယ်ချင်းများစွာကလည်း ဇနီးဖြစ်သူကို ချစ်နေကြသဖြင့် သူ အတော်လေး အာရုံနောက်နေရပေသည်။
တိုးတက်လာသော မက်မွန်သီးရောင်ဇာ့ခ်များ၏ ပထမအသုတ် (အမြင့်ဆုံးအဆင့်ကန့်သတ်ချက်မှာ SS ပေါင်းသည့်အဆင့်) က ပေါက်ဖွားလာသောအခါ လင်းယောင်ယောင် ၏ အတန်းဖော် သူငယ်ချင်း ကျန်းရို့သည် ထိုအထဲမှ တစ်ကောင်ကို တာဝန်ပေးအပ်ခြင်းခံရသည်။ ကျန်းရို့ က ထိုအကောင်လေးကို ပေပေဟု နာမည်ပေးလိုက်သည်။
ထိုအချိန်မှစ၍ ဗိုလ်မှူးကြီး လီနန် သည် မက်မွန်သီးရောင်ဇာ့ခ် ပေပေကို စတင်မွေးမြူပေးရသည်။
တစ်ကယ်ပဲ တာဇာကြယ်ကွင်းပြင်မှာ ဘယ်သူက ဇာ့ခ်တွေလာမွေးမြူခိုင်းရတာလဲ...
သို့သော်လည်း၊ ထို့အတွက်ကြောင့် သူ့ကောင်မလေးနှင့် နေ့စဉ် စကားစမြည်ပြောခွင့်ရလာသည်။
"နန်နန်...ပေပေ ဒီနေ့ ဘယ်လိုလဲ၊ စားရဲ့လား...ဟိုတစ်ခါ ကျွန်မ ပြင်ပေးတာတွေကိုများ အစ်ကိုခိုးစားနေတာလား"
လီနန် က မျက်မှောင်ကြုတ်ကာ
"ရှောင်ရို့... ပေပေ ဆိုတဲ့ နာမည်ကို ပြောင်းလို့ရမလား"
"မရဘူး"
"ဒါပေမယ့် ဒီလိုဆို လူတွေက သူနဲ့ကျွန်တော့်ကို ညီအစ်ကိုတွေလို့ အမှတ်မှားကြလိမ့်မယ်"
["နန်" သည် တောင်ဘက်ဆိုသည့်စကားနှင့်သံတူကြောင်းကွဲဖြစ်ပြီး "ပေ" သည် မြောက်ဘက်ဆိုသည့် စကားနှင့် သံတူကြောင်းကွဲဖြစ်သည်။]
ကျန်းရို့ က ရယ်ပြီး "ဒါက ဘယ်လိုဖြစ်ရတာာလဲ... ပေပေက အရမ်းချစ်စရာကောင်းတယ်လေ...အစ်ကိုက တစ်ကယ်တမ်းကျ သူ့ရဲ့ မွေးမြူသူနဲ့ ချီးကျုံးသမားပဲ"
လီနန်: "..."
"ဒါမှမဟုတ်လည်း အစ်ကို သူ့ရဲ့ပါးပါး မဖြစ်ချင်ဘူးလား"
ကျန်းရို့ သည် ပေပေ ရှေ့မှာ သူမကိုယ်သူမ မားမားဟု သုံးလေ့ရှိသည်ကို ဗိုလ်မှူးကြီး လီနန် သတိရမိသည်။
ထိုအခါ၊သူ့ဇနီးဆီမှ attention ရသူတိုင်းကို သိသိသာသာ မလိုလား သော်လည်း သူမ နှစ်သက်သည့်အရာများအား လိုက်လုပ်ပေးနေသည့် ဗိုလ်ချုပ်ကြီး လင်းရွှမ်ကို ရုတ်တရက် နားလည်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အိမ်ကိုချစ်ခြင်းသည် ကျီးကန်းတို့ကိုလည်း ချစ်ခြင်းပင်ဖြစ်သည်။
ကိုယ်ကြိုက်နှစ်သက်သူ တစ်ယောက်က ကိုယ့်ကို လာရိုက်လျှင်တောင် ပျော်နေတတ်ကြသည်မှာ လူ့သဘာဝပင်။
[Side CP 2: မက်ခါကျောင်းပန်းပွင့်လေးနှင့် မက်ခါကျောင်းမြက်ပင်လေး -ချောင်းမင်ယောင် VS ယဲ့ရှီ]
အတန်းတစ်ခုတည်းမှာ သူတို့ပထမဆုံးစတွေ့စဉ်က ချောင်းမင်ယောင် သည် ယဲ့ရှီအတွက် ကြည့်မရဆုံး ကောင်လေးပင်။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးထက် ဘာလို့ပိုလှနေရတာလဲ....
နောက်ပိုင်း တစ်ယောက်နှင့်တစ်ယောက် သိလာပြီးနောက် သူက သူမ ထင်သလောက် မိန်းကလေးမဆန်ဘူးဆိုသည်ကို သိလိုက်ရ၏။ သူစိမ်းတွေရှေ့မှာ အေးစက်စက် ဟန်ဆောင်တတ်သော်လည်း သူငယ်ချင်းများရှေ့မှာ အူတူတူအတတနှင့် ရယ်စရာပြောတတ်ပြီး ပျော်ပျော်နေတတ်သူပင်။ အတူတူ တိုက်ပွဲများ တိုက်ကြသောအခါ သူတို့ ရှုံးနိမ့်ကြလျှင် မကြာခဏ စကားများရန်ဖြစ်ရသော်လည်း တဖြည်းဖြည်းနှင့် အကောင်းဆုံး တိုက်ခိုက်ရေး မိတ်ဖက်များ ဖြစ်လာခဲ့သည်။
မကြာသေးမီက၊ ယဲ့ရှီ သည် ချောင်းမင်ယောင် ၏ နှစ်ပေါင်းများစွာ အတန်းဖော် အဖြစ် ခင်မင်ခဲ့သူ၊တိုက်ပွဲဝင်သူငယ်ချင်း တစ်ယောက်အနေနှင့် သူ၏ အပြောင်းအလဲများကို ခံစားခဲ့ရသည်။သူက သူမကို ခိုးခိုးကြည့်လာ၏။သူမကလည်း သူ ခိုးကြည့်နေသည့် သဘောကျမိသလိုရှိသည်။ သူ သူမကို ကြည့်လာစေဖို့ သူမဖက်ကလည်း အမျိုးမျိုး အာရုံစိုက်အောင် လုပ်တတ်လာသည်။
လင်းယောင်ယောင် နှင့် လင်းရွှမ် တို့၏ အချစ်က သူမတို့ကို ပြောင်းလဲစေသည်ဟု ထင်မိသည်။ထို့ကြောင့် သူမတို့လည်း နွေဦးနှင့်တူသော အချစ်ထံပါးမှာ ကျဆုံးခဲ့ခြင်းလား...
သို့သော် သူမနှင့် ချောင်းမင်ယောင် က တစ်ကယ်ကို အဆင်မပြေပေ။မိသားစုနောက်ခံချင်းလည်း အဆင်မပြေသလို၊နှစ်ယောက်သားကလည်း ပုံစံချင်း လိုက်ဖက်မှုမရှိသလို ကိုယ်ရည်ကိုယ်သွေး၊စိတ်ဓာတ်ချင်းကလည်း မလိုက်ဖက်ပေ။
မရေမတွက်နိုင်သော မိန်းကလေးများ၏ အထင်ကြီးလေးစားမှုကို ခံရပြီး ကမ္ဘာပေါ်တွင် မိမိကိုယ်ကို ယုံကြည်မှုအရှိဆုံးမိန်းကလေးဖြစ်သည့် စစ်သည်ယဲ့ သည် သူမ တစ်ကယ်နှစ်သက်သူတစ်ဦးနှင့် တွေ့ဆုံသောအခါ နိမ့်ပါးသွားသလို ခံစားရသည်။ထို့ကြောင့် သူမ ချောင်းမင်ယောင် စိတ်ကို နားလည်သော်လည်း နားမလည်ဟန်ဆောင်ထားသည်။ ထို့အပြင် သူ့ခံစားချက်တွေကိုလည်း ပြန်၍လက်တုံ့ပြန်ခြင်းမရှိပေ။ "သူငယ်ချင်း" ဆက်ဆံရေးကို ထာဝရထိန်းသိမ်းထားမည်ဟုသာ သူမ တွေးနေမိသည်။ဤသို့ဖြင့်၊ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့၏ မင်္ဂလာပွဲကို ရောက်လာခဲ့၏။
ထိုနေ့မှာ ချောင်းမင်ယောင်က ဝိုင်အများကြီးသောက်ကာ သူက ကြွားလုံးထုတ်ရင်း "ညီမယောင်ယောင် နဲ့သာ ငါက blind dateလုပ်မယ်လို့ ကတိပေးခဲ့ရင် ဒီနေ့ ဒီလိုမျိုး ဖြစ်လာစရာအကြောင်းမရှိဘူး"
သူလည်း နောင်တရနေပုံရသည်။သို့သော်၊ သူသည် လင်းယောင်ယောင် အပေါ်ကို ဘယ်တုန်းကမှ တခြားအတွေးများတွေးသူမဟုတ်ပေ။သူလည်း စိတ်ဆင်းရဲနေပုံရသည်ဟု ယဲ့ရှီ ထင်မိ၏။ ထို့ကြောင့် နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းသော တခြားမိန်းကလေးများကို စိတ်မဝင်စားဘဲ သူမလို ယောက်ျားဆန်သူကို ကြိုက်နေရသည့်အတွက် စိတ်ရှုပ်နေပုံပင်။ထို့ကြောင့် သူမကိုယ်သူမ အပြစ်ရှိသလိုခံစားရသည်။သူမက ရည်ရွယ်ချက်ရှိရှိ မလုပ်သော်လည်း သူ့အတွက် ဒေါသဖြစ်စေကာ တစ်ခုခုနှင့် ပတ်သက်နေခြင်း ဖြစ်ပေမည်။
ထို့ကြောင့် သူမလည်း သူနှင့်အတူ ဝိုင်တွေအများကြီးသောက်လိုက်သည်။ဤဝိုင်များသည် လင်းယောင်ယောင် ပြုလုပ်ထားသော ဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ အယ်လ်ကိုဟောပါဝင်မှုက အလွန်ပြင်းထန်သဖြင့် အားလုံးမူးသွားကြသည်။ထို့နောက် ရီစရာကောင်းသည်က...သူတို့ အတူတူ အိပ်မိကြသည်။သို့သော်၊ဘာမှ မဖြစ်ခဲ့ပေ။ အရက်သောက်ထားသော်လည်း သိက္ခာမဲ့စွာ မရှုပ်မိကြဘဲ တစ်ယောက်ကိုတစ်ယောက် ခေါင်းအုံးအဖြစ်သာ သဘောထားပြီး အိပ်ခဲ့ကြခြင်းဖြစ်သည်။သို့သော်၊အတူတူ တစ်အိပ်ရာတည်း အိပ်မိသွား၍ အရင်ကလို တစ်ယောက်ကိုတစ်ယောက် ဂရာမစိုက်ချင်ယောင်၊မသိချင်ယောင် ဆောင်၍မရတော့ပေ။ ထိုအချိန်မှစ၍ ချောင်းမင်ယောင် သည် သူမထံမှ စတင်ပုန်းကွယ်နေတော့သည်။
ယဲ့ရှီ ဒေါသထွက်သွားခဲ့သည်။
'ငါက ဘာဖြစ်နေလို့လဲ...ငါက ကပ်ဆိုးကြီးလား... သူက ယောက်ျားနဲ့ကို လုံးဝမတူဘူး...ချစ်နေရဲ့သားနဲ့ ဝန်မခံရဲဘူး'
သူမ၏ တည်ရှိမှုသည် သူ့ဘဝအတွက် ဒုက္ခဖြစ်စေသည်ဟု ခံစားမိသောကြောင့် ယဲ့ရှီ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။ ကျောင်းမှထွက်ပြီး ယိလန်သို့ပြန်ခဲ့သည်။ ယဲ့ဟွေ သည် သူမက ဖခင်၏ပိုင်ဆိုင်မှုကို သိမ်းပိုက်ရန် ပြန်လာသည်ဟု တွေးပြီး အလွန်သတိထားနေလေသည်။ သို့သော်လည်း သူမသည် ယိလန်တွင် တစ်ပတ်သာ နေခဲ့သည်။ မိခင်၏ ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာကြောင်း အတည်ပြုပြီးနောက် ရှားပါးပစ္စည်း အများအပြားကို လင်းယောင်ယောင် ထံ ပေးပို့ခဲ့၍ ကျေးဇူးတင်ကြောင်းပြောပြီးနောက် သူမသည် ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့သည်။ အရက်သောက်ခြင်း၊ မိန်းကလေးများနှင့် ရှုပ်ပွေခြင်း၊ လူထုခေါင်းဆောင် အနေဖြင့် မစ်ရှင်များလုပ်ခြင်း၊ ခရီးသွားခြင်းနှင့် ပျော်ရွှင်ဖွယ်အချိန်များကို ကုန်ဆုံးခြင်း စသည်ဖြင့်...သူမ၏ မိဘတွေတောင် သူမ ဘယ်ရောက်သွားမှန်းမသိကြေပ။
သို့သော်လည်း ချမ်းသာသော လူငယ်လေး ချောင်းမင်ယောင် သည် တစ်နှစ်ခွဲအကြာတွင် ကြယ်ပင်လယ်ဓားပြများ၏ ပိုင်နက်တစ်ခု၌ သူမကို တွေ့ဆုံခဲ့သည်။ သူမသည် လျှို့ဝှက်အေးဂျင့်အဖြစ် အလုပ်လုပ်ရန် ကြယ်ပင်လယ်ဓားပြအဖွဲ့ထဲသို့ ခိုးဝင်ခဲ့ခြင်းဖြစ်သည်။ သူသည် သူမ၏ကြယ်ပင်လယ်ဓားပြအဖော်မှ ပြန်ပေးဆွဲထားသော ဓားစာခံဖြစ်သည်။
ယဲ့ရှီ အံ့သြသွားသည်။
"နင် ဘာလို့ အချည်ခံထားရတာလဲ...နင့်ရဲ့ ခွန်အားနဲ့ဆို သူတို့ နင့်ကို ဖမ်းနိုင်မှာမဟုတ်ဘူး"
ချောင်းမင်ယောင် ရှက်သွားသည်။
"ဒီ ကြယ်ပင်လယ်ဓားပြ အဖွဲ့က အကြီးအကဲရဲ့ သမီးက အရမ်းလှတယ်...မင်းလည်း သူမလိုမျိုး ပုံစံကို ကြိုက်တယ်မလား"
သူဌေးကြီး၏သမီးသည် သူမ၏ သူငယ်ချင်းလိုခင်သူ ညီမငယ်ဖြစ်သည်။ထိုညီမနှင့်ခင်မင်ရင်းနှီးနေသော်လည်း သူမတို့က ချစ်သူရည်းစားဆက်ဆံရေးမဟုတ်ပေ။အမှန်တော့၊ချောင်းမင်ယောင်သည် သူရဲဘောကြောင်သူ မဟုတ်ဘဲ သူမလို ရှက်နေခြင်းပင် ဖြစ်ရမည်။
ယဲ့ရှီ သူ့ကို ကြည့်လိုက်သည်။ သူက တမင်သက်သက်အဖမ်းခံရပြီး သူမကို ရှာရန်အတွက် အရဲစွန့်၍ လာခြင်းဖြစ်သည်။ သူမ မထိန်းနိုင်ဘဲ သူ့ကို အခန်းထဲသို့ ပြန်ဆွဲခေါ်သွားသည်။ ချောင်းမင်ယောင် ငြင်းဆန်နေသေးသော်လည်း သူ့ပုံစံက အလိုတူအလိုပါသဘောမျိုးပင်။
" အား...နူးညံ့သည့် အသားအရည်နှင့် ချောမောလှပသော ချောင်းမင်ယောင်က တစ်ကယ့်ကို အကြည့်မခွာနိုင်အောင် ချောတာပဲ..."
သို့သော်လည်း သူမက လျှို့ဝှက်အေးဂျင့်ဖြစ်ကြောင်းကို ကြယ်ပင်လယ်ဓားပြ အဖွဲ့အစည်းမှ ရှာဖွေတွေ့ရှိခဲ့၍ သူမ၏ လျှို့ဝှက်မစ်ရှင်မှာ မအောင်မြင်ခဲ့ပေ။သို့သော် သူမ၏ အအောင်မြင်ဆုံး မစ်ရှင်ဖြစ်ကြောင်း သူမ ခံစားခဲ့ရသည်။ အကြောင်းမှာ သူမသည် အလှလေးချောင်း နှင့် အတူအိပ်ခွင့်ရခဲ့၏။
ချောင်းမင်ယောင် သည် ဘာကြောင့် သူမဆီ လာရမှန်း ယဲ့ရှီ သိနိုင်သော်လည်း.....သူမကို တွေ့တွေ့ချင်း ချောင်းမင်ယောင်သည် သူ၏ ဝိညာဉ်ရေး သိုလှောင်လက်စွပ်ထဲမှ ဝှက်ထားသည့် အရောင်မရှိ အနံ့မရှိသော XXX ဆေးကို ဖွင့်ခဲ့မှန်း သူမ မသိလိုက်ပေ။
[Side CP 3- လက်ဖက်ရည်ချိုချိုနှင့် ကော်ဖီပြင်းပြင်း-ဝေ့ယွမ် VS စုချင်းဟယ်]
ဝေ့ယွမ် သည် သူ့ဝမ်းကွဲ လင်းယောင်ယောင် ကို မှတ်မိပြီးသည့်နောက်ပိုင်း.. အထူးသဖြင့် သူ့ဦးလေး ဝေ့လင်းကို ပြန်ကယ်လာပြီးနောက် သူ့ပခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးများ ပိုမို ပေါ့ပါးလာသည်ကို ခံစားခဲ့ရသည်။
လင်းယောင်ယောင် သည် သူ့ကို အချိန်အတော်ကြာ ဖြည့်စွက်စာများ ကျွေးမွေးခဲ့ပြီးနောက် သူ၏ စိတ်စွမ်းအားနှင့် ကိုယ်လုံးကိုယ်ပေါက်သည် SS အဆင့် နှင့် S အဆင့်အထိ အသီးသီး တိုးတက်လာခဲ့သည်။ သို့သော် သူသည် သာမာန်ပါရမီရှင်များစာရင်းတွင် မပါဝင်ခဲ့ပေ။
သို့သော်၊အဘိုးဝေ့နှင့် ဝေ့လင်းတို့နှစ်ဦးစလုံးက သူ့ကို ဝေ့မိသားစု၏ အမွေဆက်ခံသူအဖြစ် ဆက်လက်လေ့ကျင့်ရန် သဘောတူခဲ့ကြသည်။သို့သော် သူကတော့ ဤကိစ္စကို သိပ်စိတ်မ၀င်စားချေ။ သူ့၏ ဝမ်းကွဲညီနှစ်ယောက် ကြီးပြင်းလာပါက၊ တစ်ယောက်ယောက်က ဝေ့မိသားစုကို ထိန်းသိမ်းနိုင်မှသာ ဤဝန်ထုပ်ဝန်ပိုးကို အမှန်တစ်ကယ် စွန့်လွှတ်နိုင်မည်ဖြစ်သည်။ထိုသို့ ဝန်ထုပ်များမပေါ့မီ သူ ချစ်ဖို့ လုံးဝမကြံစည်ခဲ့ပေ။
သို့သော်၊ ခြွင်းချက်ဆိုတာ အမြဲတမ်းရှိသည်။ ဥပမာ... သူ၏ ဖူးစာဖက်နှင့် တွေ့သည်မှာ ကြာပြီဖြစ်သော်လည်း သတိမထားမိခဲ့ခြင်းမျိုး...
သူမသည် ဆေးဝါးဌာနတွင် ထိပ်တန်းအရည်အချင်းရှိသူဖြစ်ပြီး ထိပ်တန်းအရာရှိကျောက်၏မြေးဖြစ်သော်လည်း သူနှင့်ရင်းနှီးရန်အတွက် သူမသည် အစားအသောက်ကုထုံးကို သင်ယူခဲ့သည်။ထို့နောက် ကုထုံးအာနိသင်ကို စမ်းသပ်ရန် သူ့ကို လာတောင်းဆိုသည်။
ဝေ့ယွမ် ကလည်း မငြင်းချင်သည့် အတွက် ထပ်ခါတလဲလဲ မြည်းပေးခဲ့သည်။ သို့သော်၊ သူမက နောက်ထပ်အကြိမ်ပေါင်းများစွာ ရောက်လာသဖြင့် ထက်မြက်သည့် သူကပင် တစ်ခုခုမှားနေသည်ကို သဘာဝကျကျ သတိထားမိခဲ့၏။
သူသည် အစပိုင်းတွင် သူမကို အတင်းရှောင်နေခဲ့သည်။အကြောင်းမှာ သူက သူမနှင့် မထိုက်တန်ပေ။ သူမသည် အသက် 19 နှစ်အရွယ် မာစတာအဆင့် ဆေးဝါးပညာရှင်တစ်ဦးဖြစ်ပြီး အစားအသောက် ကုထုံးဆိုင်ရာ သုတေသနအနည်းငယ်ကိုလည်း ပြုလုပ်နိုင်ခဲ့သည်။ လင်းယောင်ယောင် ၏ ထက်မြက်သော တောက်ပမှုအောက်တွင်ပင် သူမ၏ကိုယ်ပိုင်အစွမ်းဖြင့် ဆေးဝါးဆိုင်ရာကုထုံးပိုင်းတွင် ခိုင်မာစွာရပ်တည်နိုင်ခဲ့သည်။ သူကမူ၊ သာမန်အရည်အချင်းရှိသော သာမန်လူတစ်ဦးမျှသာဖြစ်ပြီး သူ၏အားနည်းချက်များကိုလည်း ကြိုးစားဖြည့်ဆည်းနေရဆဲဖြစ်သည်။
သို့သော် စုချင်းဟယ်က ထိုသို့မတွေးပေ။သူမသည် အလွန်ရှည်လျားသော အိပ်မက်တစ်ခု မက်ခဲ့ဖူးသည်။ အိပ်မက်ထဲတွင် သူမသည် လုံးဝခြားနားသော ဘဝတစ်ခုရှိခဲ့သည်။ သူမ၏ အောင်မြင်မှုများသည် ယခုလက်ရှိ လင်းယောင်ယောင် ထက်ပင် ပိုမိုတောက်ပနေသည်။ အိပ်မက်ထဲက လင်းယောင်ယောင် သည် သူမ၏ ပြိုင်ဘက်ဖြစ်ပြီး ရှောင်မင် ကို သဘောကျနေ၏။
သူမ အစပိုင်းတွင် အံ့အားသင့်သွားခဲ့ရသည်။ သူမသည် လင်းယောင်ယောင် ၏ အောင်မြင်မှုများကို ငြီးငွေ့လာပြီး နေ့စဥ် တွေးနေမိ၍ ညတိုင်း အိပ်မက်မက်နေခြင်းလား ....သို့သော်၊ လင်းယောင်ယောင် က သူမအပေါ် အလွန်ကောင်းသလို သူမကလည်း ယောင်ယောင်ကို အလွန်ပင်ခင်မင်သည်။
သူမ၏ အိပ်မက်ထဲတွင် သူမသည် ဆေးဖက်ဝင်ကုထုံးအဆင့်ကို မြင့်မားအောင် ပြုလုပ်ခဲ့ပြီး ဒုတိယမင်းသား ရှောင်မင် နှင့် တွဲခဲ့၍ အင်ပါယာ၏ ဧကရီရာထူးကိုပင် ရရှိခဲ့သည်။
ထိုသို့သောအိပ်မက်သည် အဓိပ္ပါယ်မဲ့သလို ခံစားမိသည်။အကြောင်းမှာ၊သူမသည် အိမ်မက်ထဲတွင် ရှောင်မင် နှင့်တွေ့တိုင်း သူ့ကို အလွန်အမင်းအောက်ကျို့ဆက်ဆံနေရသလိုမျိုး ဖြစ်ကာ သူမအပေါ်လည်း ရှောင်မင်က နိုင်စားလွန်း၏။
သူမသည် ထိုကဲ့သို့သောအချစ်ကို ပျော်ရွှင်မှုဟု လုံးဝ မထင်ရခြင်းမှာ သူမသည် စစ်မှန်သောချစ်ခြင်းမေတ္တာကို မြင်ဖူးထားသောကြောင့် ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် တစ်ယောက်ကိုတစ်ယောင် အမြဲကူညီဖေးမကာ ကောင်းပေးကြ၏။အိမ်မက်ထဲက ရှောင်မင်လို တစ်ကိုယ်ကောင်းသမား၊ထီးနန်းကိုသာ တပ်မက်မောသူ မဟုတ်ပေ။
ကံကောင်းစွာပင်၊ အိပ်မက်မက်နေရသော်လည်း တစ်ကယ့်အဖြစ်လို လက်တွေ့ကျကျ ဖြစ်တည်နေ၏။ ရှောင်မင် သည် အင်ပါယာကို သစ္စာဖောက်ပြီး လူတိုင်းကို သူ့အကျိုးအတွက် အသုံးပြုခဲ့ပြီးနောက်၊ မကြာမီ တာဇာကြယ်ပွင့်မဟာမိတ်ရှိ ဧကရာဇ် မက်ရှဲက သူ့ကို မညှာမတာ သတ်ပစ်ခဲ့သည်။သို့သော်လည်း လင်းရွှမ် သည် ရှောင်မင် ၏ ယုတ်မာခြင်းကို ခံခဲ့ရပြီး၊ လင်းယောင်ယောင် လည်း ရူးသွပ်သွားကာ လင်းမိသားစုလည်း ပြိုလဲသွား၍ ဝေ့မိသားစုသည် ဝေ့လင်း ကို ဘယ်တော့မှ ပြန်မကယ်နိုင်ခဲ့ပေ။
ထို့နောက် သူမသည် ဝေ့ယွမ် နှင့်အတူ လူသားမျိုးနွယ်အား ရက်စက်ရမ်းကားနေသော တာဇာကြယ်ကွင်းပြင်ကို ပုန်ကန်ခဲ့သော်လည်း ဇာ့ခ်များက အဆုံးမရှိဆက်လက်ရောက်ရှိလာကြသည်။ အဆုံးတွင် ဝေ့ယွမ်သည် ဇာ့ခ်ဘုရင်မ၏ တိုက်ခိုက်မှုကို တားဆီးခဲ့ပြီး သူမရှေ့တွင် သေဆုံးသွားခဲ့သည်။ သူ့နောက်ဆုံးစကားက သူမကို ဇွဲမလျှော့ဖို့သာ ထပ်တလဲလဲ မှာခဲ့၏။
xxxxxx