Chapter 182 (Extra 2)
အိပ်မက်ထဲတွင် သူမ၏ ဘဝကိုသာ နောက်ပြန်ရစ်နိုင်လျှင် ရှောင်မင် ကဲ့သို့ တစ်ကိုယ်ကောင်းဆန်သော သူနှင့် နေရခြင်းထက် သာမန်လူတစ်ယောက်ဖြစ်လိုသည်ဟု တွေးကာ ဝမ်းနည်းစွာ ငိုယိုခဲ့သည်။ သူမသာ ငြိမ်းချမ်းပြီး စိုးရိမ်စရာများကင်းစင်၍ သာယာဝပြောသည့်ကမ္ဘာကို ရှာနိုင်ခဲ့လျှင် ဝေ့ယွမ်ကို သူမ သဘောကျမှာ သေချာသည်။ သူမသည် သူ့အတွက် ဘာမှမလုပ်ပေးခဲ့သော်လည်း၊သူကမူ သူမကို ကယ်တင်ရန် အသေခံခဲ့သည်။ သူကသာ စစ်မှန်သော အမျိုးကောင်းသားဖြစ်၏။
စုချင်းဟယ် ဤအိပ်မက်အကြောင်းကို ဘယ်သူ့ကိုမှ မပြောဖူးသော်လည်း ဝေ့ယွမ် ကို ထိုအချိန်ကစပြီး သူမ စိတ်ထဲမှာ အနည်းငယ် ကွဲပြားသွားသလို ခံစားလိုက်ရ၏။ ဝေ့ယွမ်သည် သူမထံမှ ပုန်းရှောင်လာသောအခါ သူမ စိတ်ဓာတ်မကျခဲ့ပေ။
တဖြည်းဖြည်းနှင့် ဆေးဝါးဌာန၏ ထိပ်တန်းကျောင်းသား စုချင်းဟယ် က တိုက်ပွဲကွပ်ကဲမှုဌာန၏ ထိပ်တန်းကျောင်းသား ဝေ့ယွမ် ကို သဘောကျကြောင်း စစ်ပညာရေးအကယ်ဒမီတစ်ခုလုံး သိလိုက်ရသည်။ သူမသည် သေဆုံးသည့်နေ့အထိ ယုံကြည်သောအရာကို ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်ပေ။
ဝေ့ယွမ်က နောက်ဆုံး သူမကို မေးလာ၏။
"စုချင်းဟယ်...မင်းက ကိုယ့်ဆီကနေ ဘာကို ကြိုက်တာလဲ"
သူမက ရှက်ပြုံးလေးနှင့်
"ရှင်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ကြိုက်တယ်"
သူမကို ဘယ်လိုငြင်းရမလဲဆိုသည်ကို စိတ်ထဲမှာ ရုန်းကန်နေရသော်လည်း သူမ၏ ယုံကြည်မှုကို မထိခိုက်စေချင်ပေ။ ဝေ့ယွမ် အံ့အားသင့်သွားပြီး သက်ပြင်းချကာ "ကိုယ်က မင်းအချစ်နဲ့ မထိုက်တန်ဘူး...ကိုယ်က သာမန်လူပဲ"
စုချင်းဟယ် - "မဟုတ်ဘူး၊ မဟုတ်ဘူး...ရှင်က အကောင်းဆုံးပဲ…ကမ္ဘာပေါ်မှာ အကောင်းဆုံး"
သူမ၏ မျက်လုံးထဲမှာသာ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးသူဟု ဝေ့ယွမ် ထင်မြင်မိသည်။သို့သော်လည်း၊ သူမကို လုံးဝ မငြင်းနိုင်ခဲ့ပေ။ဤသည်က သူတို့နှစ်ဦးအတွက် ပျော်ရွှင်ဖွယ်ရာ အဖြစ်လည်းဖြစ်၏။
[Side CP.4- မာနကြီးသော မိန်းကလေးနှင့် ဝါရင့် အထူးတပ်ဖွဲ့ဟောင်း-"လင်းယောင်ယောင်" VS ယန်လဲ့]
"လင်းယောင်ယောင်" သည် ရိုးရှင်းသောအကြောင်းပြချက်တစ်ခုကြောင့် ယန်လဲ့ နှင့် အတူရှိနေရန် 21 ရာစုကမ္ဘာမြေသို့ ပြန်သွားရန် ရွေးချယ်ခဲ့သည်။ သူမဘဝတွင် တွေ့ဖူးသမျှလူတွေထဲမှာ ယန်လဲ့က သူမကို ဂရုစိုက်ဆုံးသူပင်။ သူက သူမကို ရတနာတစ်ပါးလို ဆက်ဆံသည်။ အရေးကြီးသည့်အချိန်တွင် သူမကို ကာကွယ်နိုင်ပြီး၊ သာမန်အချိန်များတွင် သူမနှင့်အတူ ရှိနေနိုင်ကာ သူမကို ခဏလေးတောင် မထားခဲ့ပေ။ သူမ၏ မွေးစားမိဘများ၊ အဘိုး၊ အကြီးဆုံးအစ်ကို၊ သူငယ်ချင်းများ သို့မဟုတ် ကြယ်တာရာခေတ်တွင် သူမမတွေ့ဖူးသော မိသားစုဝင်အရင်းများပင်... မည်သူကမျှ သူမအား ဤကဲ့သို့ မဆက်ဆံခဲ့ကြချေ။
အကယ်၍ ရှေးကမ္ဘာမှ လင်းယောင်ယောင်သည် သူမနှင့်လူချင်းမလဲခဲ့ပါက၊ သူမသည် ထိုကမ္ဘာရှိ ရှောင်မင် ကိုသာ ကြိုက်မည်ဖြစ်သည်။ သူမကို ကြိုက်သော ရှောင်ကျန်းကမူ လုံးဝ အားကိုးစရာမရှိပေ။ နောက်ဆုံးတွင် သူမ၏ အစ်ကိုကြီးအား သွယ်ဝိုက်၍ သတ်ပစ်ခဲ့သူဖြစ်သည်။ လင်းမိသားစုလည်း ပြိုပျက်သွားကာ သူမသည် ရူးသွပ်မိုက်မဲစွာ နေထိုင်ခဲ့သည်။ နောက်ထပ် အနှစ် 300 လောက်နေနိုင်လျှင်တောင် ထိုဘဝမျိုးမှာ ရှင်သန်နေရခြင်းက သေရသည်ထက် ပိုကောင်းသည်။ သူမ၏ ရှုထောင့်မှကြည့်လျှင် သူမသည် ရှေးခေတ်ကမ္ဘာမြေကြီးတွင် ဘဝကို ပြန်လည်ရေးသားရန် အခွင့်အရေးရခဲ့သည်။ ဘဝက တိုတောင်းလျှင်တောင် ထိုက်တန်နေပြီဖြစ်၏။
"လင်းယောင်ယောင်" သည် သူမ၏ခန္ဓာကိုယ်နှင့် ယန်လဲ့ ၏ ခန္ဓာကိုယ်တို့ကို ထိန်းညှိရန်အတွက် ဤခေတ်တွင် ရရှိနိုင်သော ဆေးဖက်ဝင်ပစ္စည်းများ ပေါင်းစပ်ထားသည့် ဆေးဖော်မြူလာကို အားကိုးခဲ့သော်လည်း ပစ္စည်းများနှင့် ဗီဇကန့်သတ်ချက်များကြောင့် အသက် 120 အထိသာ သက်တမ်းတိုးနိုင်သည်။သူတို့နှစ်ဦးသည် ကျန်းမာရေးကို တတ်နိုင်သမျှ ရှည်လျားစေပြီး အသက်ကြီးလာသောအခါ နာကျင်မှုမရှိဘဲ နေထိုင်ကြမည်ဖြစ်သည်။
နှစ်ပေါင်းသုံးရာမှ ငါးရာခန့် အတူနေနေရသည်က ပင်ပန်းလွန်းသည်။ အနှစ်တစ်ရာဆိုသည်က အတော်အသင့်ဖြစ်၏။ အချစ်တွေ မကုန်ခင် သေခြင်းတရားနှင့် နောက်ဆုံး ခွဲခွာကြရလိမ့်မည်ဖြစ်သည်။ သေချာသည်မှာ သူမ ပြန်သွားပြီးနောက် ယန်လဲ့သည် သူမကို အလွန်အလေးထားလာခဲ့သည်။ သူမ နောက်တစ်ကြိမ်ပျောက်ဆုံးသွားပြီး အနာဂတ်သို့ပြန်သွားမည်ကို စိုးရိမ်သောကြောင့် သူမအား စောင့်ကြည့်နေခဲ့သည်။
အရှင်သခင်အင်ပါယာနှင့် အဆက်အသွယ်ဖြတ်ပြီးနောက် "လင်းယောင်ယောင်" သည် သူမအတွက် စိုးရိမ်စရာမရှိသလို နောင်တရစရာမရှိတော့ကြောင်း ခံစားခဲ့ရသည်။ပြန်ရောက်ပြီး မကြာခင်မှာ သူမ ယန်လဲ့နှင့် လက်ထပ်ခဲ့၏။
တိုက်ခိုက်သတ်ဖြတ်ရာတွင် ကျွမ်းကျင်သည့်အပြင်၊ အေးစက်သောဤလူသည် အပျော်အပါးကိစ္စများနှင့် ပတ်သက်၍ ဘာကိုမှမသိခဲ့ပေ။ သူက အချစ်ဇာတ်လမ်းကို မည်သို့ဖန်တီးရမည်ကို မသိ၊ သူမ၏ အတွေးများကို မခန့်မှန်းနိုင်သလို၊ သူမနှင့်လည်း မျိုးဆက်ကွာဟချက်က ကြီးမားသည်။သို့သော်လည်း၊ သူမ လိုချင်တာမှန်သမျှ သူမအား ဖြည့်ဆည်းပေးသည်။
သူမ၏ မွေးနေ့ရောက်သည်နှင့် ယန်လဲ့က ဘာလက်ဆောင်လိုချင်လဲဟု မေးခဲ့သည်။ "လင်းယောင်ယောင်" က ကောင်းကင်က ကြယ်များကို လိုချင်သည်ဟု ပြောခဲ့သည်။ တစ်ကယ်တမ်းမှာ၊ သူမသည် သူနှင့်အတူ ကြယ်များကို တစ်ကြိမ်တစ်ခါလောက် ကြည့်ချင်တာ ဖြစ်သည်။သို့သော်၊သူက သူမအတွက် ကောင်းကင်ထဲမှ ဥက္ကာခဲကြီးယူဖို့ အဝေးကြီးကို ခရီးထွက်ခဲ့သည်။ဥက္ကာခဲသည် ကမ္ဘာ့လေထုကို ထိုးဖောက်ဝင်ရောက်ချိန်မှာ ပြုတ်ကျခဲ့သည့် ဥက္ကာပျံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ထိုအရာက တစ်ကယ့်ကြယ်စစ်စစ် ဖြစ်ပေတော့သည်။
ချစ်သူများနေ့တွင်၊ "လင်းယောင်ယောင်" သည် ယန်လဲ့အား သူမကို လပေါ်သို့ ခေါ်သွား၍မရသလို လမင်းဆီက အမှတ်တရလက်ဆောင်များသွားမယူနိုင်သဖြင့် လမင်းကိုလိုချင်သည်ဟု ပြောခဲ့၏။ထိုမျှမကသေး၊ဤခေတ်က ကြယ်တာရာခေတ် မဟုတ်ပေ။ ထို့ကြောင့် သူမတောင်းဆိုချက်က နောက်ပြောင်လိုခြင်းသက်သက်ပင်။
ထိုအချိန်မှစ၍ ယန်လဲ့သည် သူ့ဦးနှောက်ကို အတင်းထုတ်သုံး၍ အခန်းတံခါးကိုပိတ်ကာ အိမ်ထဲတွင် ပုန်းနေလိုက်သည်။သူမကို သူ့အခန်းထဲ တစ်လခန့် မဝင်စေဘဲ သူကိုယ်တိုင်ကလည်း အပြင်ထွက်ခဲသည်။သို့ဖြစ်၍၊ သူသည် အာကာသယာဉ် တည်ဆောက်နေသည်ဟုပင် သူမ ထင်နေမိ၏။
သို့သော်၊ သူက အဖြစ်မှန်ကို ထုတ်ပြလာသောအခါ၊ "လင်းယောင်ယောင်" အံသြသွားခဲ့သည်။ သူမအတွက် လရောင်ကို သေချာမြင်နိုင်ပြီး လမင်း၏အေးရိပ်ရစေရန် ကိရိယာတစ်မျိုး အခန်းထဲတွင် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။ညဘက်ရောက်၍ အခန်းထဲမှာ မီးမှိန်မှိန်လေးဖွင့်လိုက်သည်နှင့် လရောင်က အခန်းထဲကို ဖြာကျလာမည်ဖြစ်ကာ အတော်လေး ရင်ခုန်စရာကောင်းသည်။
နောက်ပိုင်းမှာ သူမ ကိုယ်ဝန်ရှိလာသည်။ သားဦးလေးကို မွေးဖွားချိန်မှာ ကိုယ့်ကိုယ်ကို သေပြီဟုတောင် ထင်ခဲ့ရ၏။ သူမသည် မွေးခန်းထဲတွင် ငိုယိုအော်ဟစ်ကာ သူ့လက်မောင်းတွင် သွားရာများပြည့်သွားသည်အထိ ကိုက်ခဲ့သည်။ တစ်ရက်နှင့်တစ်ညကြာ နာကျင်ရပြီးနောက်၊ ခွဲမွေးလိုက်ရာ မွေးပြီးချင်း မေ့လဲသွားခဲ့သည်။ လူသတ်သမားများကိုပင် မကြောက်သော ယန်လဲ့သည်လည်း မူးလဲသွားခဲ့သည်။ထိုစဉ်ကစ၍၊ သန္ဓေတားပစ္စည်း(ကွန်ဒုံး)သုံးရခြင်းကို တစ်ခါမှ မကြိုက်သူသည် စတင်၍ သုံးလာခဲ့သည်။
အချိန်ကြာလာသောအခါ၊"လင်းယောင်ယောင်"သည် သမီးလေးတစ်ယောက် ထပ်လိုချင်လာ၏။ သူမသည် ဤရှေးခေတ်ကို ရောက်လာခဲ့ပြီး အတွေးအမြင်မှာလည်း ယိုယွင်းလာသည်။ သားနှင့်သမီး နှစ်ယောက်စလုံးရှိခြင်းက မိသားစုကို သာယာစေသည်ဟု ထင်မိသည်။ထို့ကြောင့် သူမသည် ဒရာမာဇာတ်ကားထဲမှ လှည့်ကွက်တစ်ခုကို သုံးပြီး သူ့ရော်ဘာများအားလုံးကို ထိုးဖောက်လိုက်ရာ ဒုတိယကလေးတစ်ယောက် ကိုယ်ဝန်ရှိခဲ့သည်။
သို့သော်၊ဤတစ်ခေါက်ကလည်း သား မွေးခြင်းဖြစ်သည်။ သူမသည် ဤတစ်ကြိမ်တွင် မူးမေ့လဲမသွားသော်လည်း ယန်လဲ့ မေ့လဲသွားပြန်သည်။
သားအကြီးဆုံးနှင့် ဒုတိယကလေး ကြီးပြင်းလာပြီးနောက် အချိန်များလျင်မြန်စွာ ကုန်သွားခဲ့သည်။ မကြာခင်မှာပင် သားကြီးသည် အိမ်ထောင်ပြုရမည့်အရွယ်သို့ပင် ရောက်လာ၏။ သို့သော် သူမနှင့် ယန်လဲ့သည် ဆေးဖြင့် ကုသထားသောကြောင့် အသက်သုံးဆယ်ကျော်အရွယ်သာ ပုံပေါ်၍ နုပျိုနေခဲ့၏။
ထို့နောက်၊ အကြီးဆုံးသား၏ သားသမီးများနှင့် ဒုတိယမြောက်သားတို့သည် လက်ထပ်ရမည့်အရွယ် ရောက်လာခဲ့သည်။ သို့သော်၊ သူမနှင့် ယန်လဲ့သည် အသက်လေးဆယ်ကျော်ခန့်သာ ထင်နေရသေးသည်။
နောက်ပိုင်းတွင်၊ "လင်းယောင်ယောင်" သည် ယန်လဲ့နှင့်အတူ နက်ရှိုင်းသော တောင်တန်းများနှင့် သစ်တောအိုများဆီသို့သွားကာ ရိုးစင်းပြီး ဆင်းရဲနွမ်းပါးသော ပုံမှန် ဘဝကိုသာ ဖြတ်သန်းခဲ့သည်။ သူမစိတ်ထဲမှာ အရာရာကို ကျေနပ်နေသလို ဖြစ်ပြီး အချိန်တွေ နှေးကွေးသွားပြန်၏။
သူမ၏ အကြီးဆုံးသားနှင့် ဒုတိယသားငယ်တို့ သေသွားသောအခါတွင် သူမနှင့် ယန်လဲ့တို့သည် အရေတွန့်၍ ခြောက်သွေ့နေသော နှုတ်ခမ်းများနှင့် ချိုသာသော အနမ်းများကို အပြန်အလှန်ဖလှယ်လိုက်ကြသည်။
"သွားရတော့မှာလား"
သူမ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ယောင်ဝါးဝါးဖြင့် မေးလိုက်သည်။
" ကိုယ်က မင်းနဲ့ အတူရှိမယ်"
သူက ညင်သာစွာ တုံ့ပြန်သည်။ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သူမထက် ပိုကောင်းသဖြင့် သူသည် နောက်ထပ်နှစ်အနည်းငယ်ကြာအောင် ရှင်သန်နိုင်သေးသည်။သို့သော်၊ လမ်းမှာ သူမတစ်ယောက်တည်း အထီးကျန်မှာကို သူ ကြောက်သည်။ သူမနောက်လိုက်ဖို့ နောက်ကျ၍ သူမအား ရှာမတွေ့မှာကိုလည်း ကြောက်သည်။သူမ အသိစိတ်တွေ လွင့်ထွက်လာသလို ခံစားလိုက်ရပြီး သူ၏ အသံကို တိုးလျလျသာ ကြားရတော့သည်။
"နောက်ဘဝ... နောက်ဘဝ အထိ ကိုယ်တို့ အတူရှိမယ်မလား"
သူမ စကားမပြောနိုင်ဖြစ်နေရ၍ သူ့လက်ဖဝါးကို လက်ညိုးဖြင့်သာ ကုတ်လိုက်သည်။ ဤသည်မှာ သူမ မောပန်းနွမ်းနယ်နေသော်လည်း အရှုံးပေးဖို့ ဝန်လေးနေသည့် အမူအရာဖြစ်ပြီး အဓိပ္ပါယ်မှာ...
'လာလိုက်စမ်းပါ... ဘယ်သူ့ကိုမှ မကြောက်ဘူး' ဟု ဆိုလိုခြင်းပင်။ထိုအချိန်မျိုးမှာ သာမာန်အားဖြင့် သူသည် သူမကို အပြုံးဖြင့် နမ်းမည်ဖြစ်သည်။သို့သော်၊ယခုမူ သူက ပြုံးပြီး မျက်ရည်တွေနှင့် နမ်းနေရင်း
"ဒါဆို မင်းကို ကတိပေးတယ်...နောက်ဘဝမှာ မင်းကို ဘယ်တော့မှ လက်မလွှတ်ဘူးဆိုတာကို"
"လင်းယောင်ယောင်" သည် မြင်နိုင်၊ကြားနိုင်သည်ဟု ခံစားမိသော်လည်း သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သိပ်မကြာခင်မှာ၊ယန်လဲ့လည်း သူမ ခန္ဓာကိုယ်ကို မှီပြီး အိပ်ပျော်သွားသည်။
အချိန်မည်မျှကြာသည်ကို မည်သူမှ မသိလိုက်။
"လင်းယောင်ယောင်" သည် သူမတစ်ဖန်မွေးဖွားလာသကဲ့သို့ ခံစားခဲ့ရသည်။ သူမသည် ယခင်ဘဝက အမှတ်ရစရာများကို မှတ်မိနေဆဲဖြစ်ပြီး ကြယ်တာရာခေတ်မှာပင် မွေးဖွားလာခဲ့သည်။ သို့သော် သူမ မွေးဖွားလာသည်က၊ အရှင်သခင် အင်ပါယာတွင်မဟုတ်သလို၊ သူမ ကောင်းစွာသိသော ကြယ်တာရာခေတ်လည်းမဟုတ်ပေ။
ကံမကောင်းစွာပင်၊ သူမ မွေးပြီးပြီးချင်းမှာ မိဘမဲ့ဖြစ်ခဲ့သည်။သူမ၏ အုပ်ထိန်းသူမှာ သူမထက် အသက်ဆယ့်ရှစ်နှစ်ပိုကြီးသည့် မွေးစားအစ်ကိုကြီးဖြစ်ကာ သူသည် ယခင်ဘဝက ယန်လဲ့နှင့် ရုပ်ချင်းဆင်တူသည်။
ဒီဘဝမှာ ပြန်ဆုံတွေ့ကြဖို့ သဘောတူခဲ့ကြပေမယ့် ဒီတွေ့ဆုံမှုက မြန်လွန်းတယ် မဟုတ်လား…
သူမ အရင်သေသည်မှာ သေချာသော်လည်း ယန်လဲ့ က ဘာလို့ သူမ ထက် အသက်ပိုကြီးရတာလဲ... ထို့အပြင် ယခု ယန်လဲ့နှင့် တူသူသည် အရင်ဘဝက မှတ်ဉာဏ်များကို မမှတ်မိပေ။
ယခုဆို၊ သူမသည် နို့သောက်နေဆဲ ကလေးတစ်ယောက်သာရှိသေးသည်။ သူမ၏ မွေးစားအစ်ကို/ခင်ပွန်းကို ဘယ်လိုမျိုး ဖျားယောင်းလို့ရမှာလဲ...
လင်းယောင်ယောင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
ဆယ်ကျော်သက်အရွယ် ယန်လဲ့ သည် အေးခဲနေသော မျက်နှာဖြင့် နို့မသောက်ချင်သော ညီမလေးကို နို့ဘူးလေးဖြင့် နို့တိုက်နေ၏။နို့ကို သေသေချာချာ မသောက်သည့် သူမကို စိတ်လည်း တိုလာပြီဖြစ်၏။ ထို့ကြောင့် သူက သူမ၏ နုနယ်သောပါးပြင်ကို ပုတ်လိုက်သည်။
လင်းယောင်ယောင်သည် သူမနှင့် ခန္ဓာကိုယ်ချင်း ဖလှယ်ခဲ့သော လင်းယောင်ယောင်ထံမှ သင်ယူရန် ဗျူဟာတစ်ခုကို သတိရသွားခဲ့သည်။ အစ်ကိုဖြစ်သူကို သွေးဆောင်ဖို့ ငယ်ရွယ်စဉ်မှာ စတင်ရမှာဖြစ်သည်။
ထို့နောက်၊ လင်းယောင်ယောင် က နို့အမြှုပ်များကို ထွေးထုတ်လိုက်ပြီး ယန်လဲ့အား သွားဖုံးလေးပေါ်အောင်ပြုံးပြကာ အစ်ကိုဖြစ်သူ၏ မျက်နှာပေါ်သို့ နို့ရနံ့ရှိသော တံတွေးများ ထွေးလိုက်၏။
ဤဘဝမှာ မောင်နှမများကနေ ချစ်သူတွေအထိ ဘယ်လိုဖြစ်လာကြသလဲဆိုသည်မှာ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်ပေသည်။
xxxxx