အပိုင်း ၃၇ ( Genius Slacker 20 - end )
Viewers 10k

မိဘများနှင့် စကားပြောပြီးနောက် ချန်အန်းရှိူ့သည် သူ့မိဘများက ယန်ကျင်းဇီနှင့် စကားပြောဆိုပြီးသားမှန်း သူ သိလိုက်ရသည်။ ယန်ကျင်းဇီက သူ့ကို လုံးဝ မပြောပြခဲ့ဘူး!


ယန်ကျင်းဇီ၏မိဘများက သူတို့၏ဆက်ဆံရေးကို သိထားပြီးပြီဖြစ်ကြောင်း သူ သိလိုက်ရစဉ်က သူ စိတ်မဆိုးခဲ့ပေ။ သို့သော် ယခု သူ နည်းနည်းစိတ်ဆိုးသွားပြီ။


ဒီနေ့အတွက် ဘယ်အနမ်းမှ ထပ်မရဘူး!


ယန်ကျင်းဇီ လုံးဝ ထိတ်လန့်ခြင်းမရှိ။


သူသည် နမ်းရုံဖြင့် ကျေနပ်နိုင်သူ မဟုတ်တော့ပေ။ ယခု သူ့တွင် ပို၍မြင့်မားသော မျှော်မှန်းချက်များ ရှိနေပြီဖြစ်သည်။


ထိုနေ့က ချန်အန်းရှိူ့ကို နမ်းခွင့် မရတော့သော ယန်ကျင်းဇီသည် ချန်အန်းရှိူ့အား နှစ်ရက်အကြာ၌ အပျော်စီးသင်္ဘောတစ်စီးပေါ် ခေါ်သွားကာ ချန်အန်းရှိူ့ ခန်းခြောက်သွားသည့်အထိ စားသုံးခဲ့‌သည်။


သူတို့သည် အမျိုးစုံသော ပျော်ရွှင်ဖွယ် အသုံးအဆောင်ပစ္စည်းများနှင့် အကပါတီများစွာ ပါရှိသော အလွန်ဇိမ်ကျသည့် အပျော်စီးဇိမ်ခံသင်္ဘောကြီးပေါ်တွင် ခရီးသွားနေသော်လည်း သူတို့နှစ်ဦးကတော့ သူတို့၏ဇိမ်ခံစုံတွဲအခန်းထဲတွင်သာ နေပြီး အပြင်သိပ်မထွက်ကြ။


သူတို့သည် အပြင်မထွက်ချင်ကြဘဲ ပင်လယ်ဘက်ကို မျက်နှာမူထားသော သူတို့၏အခန်းထဲတွင်သာ နေချင်ကြသည်။ ပင်လယ်ကို ကြည့်ရင်း သူတို့ နှစ်သက်သော အရာများကိုသာ လုပ်ချင်သည်။


ရံဖန်ရံခါတွင် သူတို့က အပြင်ထွက်ကာ ပွင့်လင်းစွာဖြင့် လက်တွဲထားကြလိမ့်မည်—ဤအပျော်စီးဇိမ်ခံသင်္ဘောပေါ်ရှိ ခရီးသည်အားလုံးနီးပါးသည် အခြားနိုင်ငံများမှဖြစ်ပြီး ဘယ်သူမှ သူတို့ကို မသိပေ။


သူတို့သည် ဤခရီးအား ပျားရည်ဆမ်းခရီးအဖြစ် တကယ်ပင် သဘောထားခဲ့သဖြင့် သူတို့ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်များအကြောင်းကို မေ့သွားခဲ့သည်။


သူတို့ မမှတ်မိသော်လည်း သူတို့၏မိဘများကတော့ မေ့မသွားချေ။


တစ်နေ့ သူတို့၏ဖုန်းများ တစ်ချိန်တည်း မြည်လာသောအခါ သူတို့သည် အခန်းထဲ၌ ကလေးများအတွက် မသင့်တော်သော တစ်စုံတစ်ခုကို လုပ်ဆောင်နေခဲ့ကြသည်။


အဖေယန်နှင့်အမေယန်တို့က ယန်ကျင်းဇီကို ဖုန်းခေါ်ပြီး အဖေချန်နှင့်အမေချန်တို့က ချန်အန်းရှိူ့ကို ဖုန်းခေါ်ခဲ့သည်။


မိဘစုံတွဲနှစ်တွဲလုံးက ဖုန်းထဲတွင် အလွန်စိတ်လှုပ်ရှားနေကြပြီး ကလေးနှစ်ယောက်၏ အောင်မြင်မှုများအကြောင်း ဆက်ပြောကြသည်။


သူတို့၏ရမှတ်များသည် အမှတ်ပြည့်နီးပါး ဖြစ်သော်လည်း ချန်အန်းရှိူ့သည် တရုတ်စာတွင် အမှတ်ပိုများကာ ယန်ကျင်းဇီထက် တစ်မှတ်ပိုမြင့်သည်။


အဖေယန်နှင့်အမေယန်တို့ ပျော်ရွှင်နေသည် : " သားရေ၊ မင်းက အရမ်းဉာဏ်ကောင်းတယ်။ မင်းက တကယ့်ဉာဏ်ကြီးရှင်ပဲ! "


အဖေချန်သည် စိတ်လှုပ်ရှားမှုအား သူ့အသံထဲတွင် ဖုံးကွယ်မထားနိုင်သော်လည်း သူ ပြောသော စကားက ပို၍ လက်တွေ့ကျသည် : " မင်းရဲ့အောင်မြင်မှုတွေက ပြည်နယ်ရဲ့ ထိပ်ဆုံးဆယ်ခုထဲ ပါကိုပါလိမ့်မယ်။ ပထမ မဟုတ်ရင်တောင် ဒုတိယလောက် ဖြစ်နိုင်တယ်... "


အဖေချန်သည် စကားပြောနေရင်း သူ့အသံတောင် အနည်းငယ် တံတွေးသီးသွားခဲ့သည်။


မိဘတစ်ယောက်အနေဖြင့် သူတို့၏သားသမီးများ အလားအလာကောင်းသည်ကို မလိုချင်ဘဲ နေပါ့မလား?


သူသည် သူ့သားက ယန်ကျင်းဇီနှင့် တွဲသွားတွဲလာ လုပ်နေသည်နှင့်ပတ်သက်၍ အနည်းငယ် ဆန့်ကျင်ခဲ့သော်လည်း ဤအချိန်တွင် ထိုကိစ္စမှာ ကြီးကြီးမားမား မဟုတ်ကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။


ချန်အန်းရှိူ့သည် ပြည်နယ်တွင် ပထမနေရာရခဲ့ပြီး ယန်ကျင်းဇီသည် ပြည်နယ်တွင် ဒုတိယဖြစ်သည်။


သတင်းများထွက်လာပြီးနောက် များမကြာမီတွင် အမှတ် ၁ အထက်တန်းကျောင်းရှေ့၌ အောင်လံတံခွန်များ လွှင့်ထူလိုက်ပြီး ပြည်တွင်းမီဒီယာကပင် ပြည်နယ်အဆင့် ချန်ပီယံနှင့် ပြည်နယ်အဆင့် ဒုတိယရသူတို့ကို အင်တာဗျူးချင်သဖြင့် ကျောင်းကို ရောက်လာခဲ့ကြသည်။


သို့သော်ငြား ချန်ပီယံနှင့်ဒုတိယရသူတို့က ထိုနေရာတွင် ရှိမနေခဲ့ကြပေ။ သူတို့က အတူတူ ခရီးထွက်သွားကြတယ်!


သတင်းထောက်များသည် အစပိုင်းတွင် အနည်းငယ် စိတ်ဓာတ်ကျသွားကြသော်လည်း လျင်မြန်စွာ ပြန်လည်ဝမ်းမြောက်လာကြသည်—ချန်ပီယံနှင့်ဒုတိယရသူတို့က ညီအစ်ကိုကောင်းများ ဖြစ်ပြီး ဒါက သေချာပေါက် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်သည်။


သတင်းထောက်သည် ပထမဆုံးအနေဖြင့် ချန်ပီယံ၏မိဘများကို တွေ့ဆုံမေးမြန်းခဲ့သည်။


အဖေချန်က အေးစက်သော မျက်နှာထားနှင့် ဖြေသည် : " ဟုတ်တယ်။ သူတို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်။ သူတို့ တစ်ခုံတည်း အတူတူထိုင်တာ နှစ်နှစ်ကြာပြီ။ "


အမေချန်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း သူ(မ)က ပြုံးနေခဲ့သည် : " သူတို့ရဲ့ဆက်ဆံရေးက တကယ်ပဲ အရမ်းကောင်းတယ်။ ယန်ကျင်းဇီက ညစာစားဖို့ ကျွန်မတို့အိမ်ကို ခဏခဏ လာတတ်တယ်။ "


သတင်းထောက်က အဖေယန်နှင့်အမေယန်တို့ကို ဆက်လက်အင်တာဗျူးသည်။


အဖေယန်က နားရွက်တက်ချိတ်မတတ် ပြုံးနေခဲ့သည် : " ကျွန်တော့်သားက ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းတာ! သူ အရင်က နှောင့်နှေးသွားခဲ့သေးတယ်... မင်းက ချန်အန်းရှိူ့နဲ့သူရဲ့ဆက်ဆံရေးအကြောင်း မေးနေတာလား? သူတို့က အဆင်ပြေတယ်! ကျွန်တော့်သားမှာ အရမ်းကောင်းတဲ့ အမြင် ရှိတယ်။ "


အမေယန်သည် တအားရယ်မောလွန်းနေသဖြင့် သူ(မ)၏မျက်လုံးများ ပျောက်ကွယ်လုမတတ်ပင် : " သူတို့တွေက အရမ်းအဆင်ပြေတယ်။ အားလပ်ရက်တွေမှာတောင် သူတို့က တနေကုန် အတူတူ ရှိနေတတ်တယ်! "


သတင်းထောက်သည် ဆရာနှစ်ဦးအား ထပ်မံ တွေ့ဆုံမေးမြန်းခဲ့သည်။


ဝတုတ်တုတ် ဆရာလျိုက ဆိုသည် : " သူတို့နှစ်ယောက်က Jiao နဲ့ Meng ပဲ။ သူတို့က အရမ်းပူးကပ်နေကြတာ။ "


ထို့ကြောင့် ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ ပြန်မလာကြသေးသော်လည်း 'ချန်ပီယံနှင့် အဆင့် ၂ တို့သည် ညီအစ်ကိုကောင်းများ — အတူတကွ သင်ယူပြီး တိုးတက်လာကြခြင်း' ဟူသော သတင်းများ ရှိနေပြီးသားဖြစ်သည်။


ယန်ကျင်းဇီက ထိုသတင်းကို ရယ်စရာကောင်းသည်ဟု ထင်သည်။ သူတို့နှစ်ယောက်က အမြဲတမ်း နှစ်ယောက်တည်း အတူရှိနေပြီး စာလေ့လာမှုအပေါ် အာရုံစိုက်နေကြသည်ဟု သတင်းထောက်က ပြောထားသည်... စိတ်မကောင်းပါဘူး။ သူတို့နှစ်ယောက်တည်း ရှိနေသောအခါ သူတို့၏သင်ခန်းစာများအပေါ် အာရုံမစိုက်နိုင်တာမျိုး ခဏခဏ ဖြစ်လေ့ရှိသည်။ သူက သူ၏ လှုပ်ရှားမှုသေးသေးလေးများဖြင့် စာကျက်ဖို့ပဲ အာရုံစိုက်ရန် ကြိုးစားနေသော ချန်အန်းရှိူ့ကိုတောင်မှ တချိန်လုံး စိတ်ဆိုးစေတတ်သည်။


သေချာပေါက် ဒါက အတိုင်းအတာ ထားရသောကိစ္စမှန်း သူလည်း သိသည်။


အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများသည်လည်း သတင်းက ရယ်ရသည်ဟု ထင်ကြသည်။


ဒီသတင်းထောက်တွေက စကားပြောကောင်းလွန်းတယ်!


ယန်ကျင်းဇီနဲ့ချန်အန်းရှိူ့မှာ ဆိုးရွားတဲ့ဆက်‌ဆံရေး ရှိတာ ဒီလောက် သိသာနေတာကို!


သို့သော်ငြား ဖြစ်ရပ်မှန်များ မည်သို့ပင် မှန်ကန်စေကာမူ အဆိုပါလူနှစ်ဦးဖြစ်သည့် ချန်အန်းရှိူ့နှင့်ယန်ကျင်းဇီတို့သည် ထူးမခြားနားစွာပင် အွန်လိုင်းပေါ်၌ ရေပန်းစားသော သတင်းခေါင်းစဉ်တစ်ပုဒ် ဖြစ်လာသည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲ ရလဒ်များ ထွက်လာတိုင်း ပြည်နယ်အသီးသီးများမှ ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ချန်ပီယံများသည် လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ကြလိမ့်မည်။


အာရုံစူးစိုက်မှုအများဆုံးရသူများသည် မကြာခဏဆိုသလို ပို၍ထူးခြားသောသူများ ဖြစ်တတ်သည်။


ချန်အန်းရှိူ့ကိုယ်တိုင်က တော်တော် ထူးခြားနေပြီဖြစ်သည် — သူက ရုပ်ရည်ချောမောပြီး 'ညီအစ်ကိုကောင်း' အဖြစ် ယန်ကျင်းဇီနှင့် ပူးတွဲအမြင်ခံရပြီးနောက် ပို၍ပင် ချောမောလာသည်။ သူတို့နှစ်ယောက်စလုံးက ချောမောလှသည်။


အင်တာနက်ပေါ်မှ လူများသည် အချောဆုံးချန်ပီယံနှင့် အချောဆုံးဒုတိယအဆင့်ကို ချက်ချင်းအာရုံစိုက်ခဲ့ကြသည်။ သူတို့နှစ်ယောက်၏ ဓာတ်ပုံများက နေရာအနှံ့မှာ တချိန်တည်း ရှိနေသည်။


လူတိုင်း အာရုံစိုက်နေကြသော ကိစ္စတစ်ခု ရှိသည်။ ဤအချောဆုံးဒုတိယအဆင့်သည် အနည်းငယ် ရင်းနှီးနေမှန်း သူတို့ ရုတ်တရက် သဘောပေါက်သွားကြသည်။


လွန်ခဲ့သော တစ်နှစ်ကျော်ကျော် တစ်စုံတစ်‌ဦးက အမှတ် ၁ အထက်တန်းကျောင်းမှ စာခိုးချခဲ့သော ကျောင်းသားတစ်ယောက်အကြောင်း ပို့စ်တင်ခဲ့သည်... ပို့စ်ထဲမှာ နာမည်ပါလာတဲ့ ကျောင်းသားက ယန်ကျင်းဇီလားလို့?


ယန်ကျင်းဇီကို နာမည်ဖျက်ခဲ့စဉ်အချိန်က ကျွမ်းကောင်းဟန် အင်တာနက်ပေါ်တွင် တင်ခဲ့သော ယန်ကျင်းဇီ၏ ဓာတ်ပုံများမှာ နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာကြသည်။


ထိုပို့စ်တွင် ပါသော အကြောင်းအရာကို ဘယ်သူမှ မယုံခဲ့ကြချေ။ အဆုံးသတ်မှာတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲ အဆင့်များက စာခိုးချရန် မလိုအပ်ပေ။ သို့သော် ယန်ကျင်းဇီ၏ ထိုဓာတ်ပုံများက အရူးအမူးဖြန့်ဝေခြင်းခံရကာ ယန်ကျင်းဇီ၏နောက်ခံကလည်း ဖော်ထုတ်ခံရသည်။


" ငါ့မောင်ငယ်လေးက အရမ်းချောတယ်! "


" သူက ရုပ်ချောရုံတင်မကဘဲ ထိပ်တန်းကျောင်းသားတစ်ယောက်လည်း ဖြစ်တယ်! "


" ထိပ်တန်းကျောင်းသားဖြစ်ရုံတင်သာမက သူဌေးသားလည်း ဖြစ်သေးတယ်! "


" ငါ လုပ်နိုင်တယ်! ငါ လုပ်နိုင်တယ်လို့! "


" အာ သေတော့မှာပဲ! ငါ့မောင်ငယ်လေးရဲ့ ဆိုရှယ်မီဒီယာကို ငါ သိချင်တယ်! "


" မောင်ငယ်လေးမှာ ဆိုရှယ်မီဒီယာ မရှိဘူး! 55555 "


" သူငယ်ချင်းတို့ရေ! ငါ့ယောက်ျားစီမှာ ဆိုရှယ်မီဒီယာ မရှိပေမယ့် ငါ့မှာ သူ့အဖေရဲ့ ဆိုရှယ်မီဒီယာ weibo အကောင့် ရှိတယ် @ယန်ကျင်းဇီရဲ့အဖေ "


……


ယန်ကျင်းဇီတွင် ဆိုရှယ်မီဒီယာအကောင့် မရှိသည်မှာ အမှန်ပင်။ သူ့စိတ်က ချန်အန်းရှိူ့ပေါ်မှာသာ ရှိကာ စာလည်းကျက်ရသေးသဖြင့် သူ့တွင် weibo အတွက် အချိန်မရှိပေ။


မူလက အဖေယန်တွင်လည်း weibo မရှိခဲ့ပါ။ သူသည် ကုမ္ပဏီကို စီမံခန့်ခွဲရင်း အလုပ်များနေပြီး ဒါကို လုပ်ဖို့ အချိန်မရှိခဲ့ချေ။


သို့သော်ငြား ပြည်နယ်ဆိုင်ရာ ထိပ်တန်းရမှတ်ရသူများ စာရင်းထဲ ယန်ကျင်းဇီ ပါသွားပြီး မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများက နောက်မှလိုက်လာကြသောအခါ အဖေယန်သည် စိတ်လှုပ်ရှားသွားကာ သူ့အတွက် weibo စာရင်းသွင်းရန် သူ့လက်ထောက်ကို ချက်ချင်းခိုင်းခဲ့ပြီး ယန်ကျင်းဇီနှင့်ပတ်သက်သော တစ်စုံတစ်ခုကိုလည်း တင်ခဲ့သည်။


အချိန်အတိုင်းအတာတစ်ခုအထိ အဖေယန်၏ weibo သို့ မရေမတွက်နိုင်သောလူများ ရောက်လာကြကာ သူ့ကို အဖေယန် သို့မဟုတ် ယောက္ခထီးဟု ခေါ်နေခဲ့ကြသည်။


အဖေယန်သည် သူ့သားကို ထုတ်ကြွားရန် weibo ပေါ်တွင် ပို့စ်တင်လိုက်ပြီးနောက်မှာတော့ ဤအဖြစ်အပျက်ကို သူ သတိထားမိသွားသည်။ သူ အနည်းငယ် စိတ်ရှုပ်သွားကာ အခြား weibo ပို့စ်တစ်ခုအား လျင်လျင်မြန်မြန် တင်ခဲ့သည် : "ငါ့သားမှာ လက်တွဲဖော်ရှိပြီးသားဖြစ်ပြီး မင်းတို့နဲ့ အတူရှိနိုင်တော့မှာမဟုတ်ဘူး။ ငါ့ကို အဲ့လိုမခေါ်ကြပါနဲ့။ "


အင်တာနက်အသုံးပြုကြသူများ : " ဟားဟားဟားဟားဟား! "


" အဖေယန်ရေ အရမ်းအတည်ကြီးတွေဖြစ်နေပြီ! "


" နေဦး! မင်းတို့ စိတ်ပူနေတာတွေ မှားမနေဘူးလား? မောင်ငယ်လေး ရွှယ်ပါ့မှာ လက်တွဲဖော် ရှိနေပြီ! "


" ရွှယ်ပါ့မှာ ခွေးပေါက်လေးအချစ် ရှိနေတာလား? T.T "


" ရွှယ်ပါ့က စောစောစီးစီး ချစ်ဖို့ သတ္တိရှိတယ်ပေါ့! "


" ငါ အထက်တန်းကျောင်းတက်တုန်းက ငါ့ရဲ့နှလုံးသားနဲ့ စိတ်ဝိညာဥ်ကို မြှုပ်နှံထားခဲ့ရတာ ပြီးတော့ အထက်တန်းကျောင်းမှာ ရည်းစားရှိတဲ့သူတွေထက် အမှတ် ၁၀၀ ကျော် နိမ့်နေသေးတယ်။ ထင်ထားတဲ့အတိုင်း ငါက တော်တော်တုံးအတာပဲ။ "


" တော်တော်လေး သိချင်နေပါတယ်။ မောင်ငယ်လေးရေ မင်းရဲ့ပစ်မှတ်က ဘယ်သူလဲ? "


...


အဆုံးမှာတော့ လူအချို့က ပြောကြသည် : " ယန်ကျင်းဇီကိုချစ်ဖို့ ဘယ်သူက မင်းတို့ကို ပြောလို့လဲ? အခု မင်းတို့ အသဲကွဲနေကြပြီမလား? ငါကတော့ မတူဘူး။ ငါက လက်တွေ့ပိုဆန်ပြီး အဲ့လိုမိသားစုကောင်းကောင်းက လူတွေအကြောင်း မစဉ်းစားဘူး! ငါက ချန်အန်းရှိူ့ကို ကြိုက်တယ်။ "


" ငါလည်း ချန်အန်းရှိူ့ကို ကြိုက်တယ်။ အဲ့ဒီ့တည်ကြည်လေးနက်တဲ့အကြည့်က ငါ့ဟင်းပွဲပဲ! "


" ဟုတ်တယ် ငါ့အန်းရှိူ့က မဆိုးဘူး! "


" ချန်အန်းရှိူ့က စာမေးပွဲမှာ ပထမ! "


" ငါ ငါ့စိတ်ကို ပြောင်းပြီး ချန်အန်းရှိူ့ကိုပဲ ချစ်တော့မယ်! "


...


ချန်အန်းရှိူ့၏မှတ်တမ်းက အရမ်းကောင်းပြီး သူ့ကို သဘောကျသူများစွာ ရှိသော်ငြား မိသားစုနောက်ခံဘောနပ်စ် မရှိသဖြင့် ဘယ်သူကမှ သူ့ကို ယောက်ျားလို့ မခေါ်ကြပေ။


အထက်တန်းကျောင်းပြီးခါစ ‌ကလေးတစ်ယောက်ကို ယောက်ျားဟု ခေါ်ရသည်မှာ နည်းနည်းတော့ ရှက်ဖို့ကောင်းနေဆဲ ဖြစ်သည်။


သို့သော် အင်တာနက်အသုံးပြုသူများ မမျှော်လင့်ထားခဲ့သည့်အရာမှာ ပစ်မှတ်ပြောင်းလဲတော့မည့်အကြောင်း သူတို့ မှတ်ချက်များ ရေးပို့ခါစအချိန်တွင် အဖေယန်က မှတ်ချက်များထဲမှတစ်ခုကို အတည်ကြီး ရီပလိုင်းပြန်သွားသည် : "ချန်အန်းရှိူ့မှာလည်း လက်တွဲဖော် ရှိတယ်။"


အင်တာနက်အသုံးပြုသူများ : "??" ချန်အန်းရှိူ့မှာ တကယ် လက်တွဲဖော် ရှိတာလား?


ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! အထက်တန်းကျောင်းသားတွေက စာကို သေသေချာချာ မလုပ်ဘဲ ရည်းစားထားနေကြတယ်!


ပိုဆိုးတာက သူတို့တွေက ရည်းစားရှိတာတောင် အမှတ်တွေ တအားကောင်းနေကြတာပဲ!


အဂ်တာနက်အသုံးပြုသူများ ချဉ်သလိုခံစားလိုက်ရသော်လည်း အဖေယန်သည် အင်တာနက်ပေါ်တွင် စိတ်ပါလက်ပါဖြင့် သူ၏သားဖြစ်သူကို ကြွားနေဆဲပင်။


ပြီးခဲ့သည့်နှစ်နှစ်အတွင်း သူ၏ နေ့တိုင်း လုပ်သော အနှစ်သက်ဆုံးအရာမှာ အခြားသူများ၏ရှေ့တွင် သူ့သားကို ထုတ်ကြွားရခြင်းဖြစ်သည်။


သို့သော် သူ ပိုပိုပြီးကြွားလေလေ သူ့ပတ်ဝန်းကျင်က လူများ ပိုပိုပြီးစိတ်မရှည်လေလေ ဖြစ်လာသဖြင့် သူ့ကို စိတ်ဓာတ်ကျစေသည်။


ဒါပေမယ့် အခုကျ မတူတော့ဘူး!


သူ သူ့သားကို ကြွားလို့ရမယ့် ပိုကျယ်တဲ့ 'စင်မြင့်' သူ့မှာ ရှိလာပြီ!


အဖေယန်သည် သားဖြစ်သူကို နေ့တိုင်း အင်တာနက်ပေါ်တွင် ကြွားနေခဲ့ကာ အဆုံးမှာတော့ သူက မိနစ်တိုင်း သန်းချီသော ပရိသတ်များနှင့် အင်တာနက်ဆယ်လီ ဖြစ်လာသည်။


အင်တာနက်က အလွန်သက်ဝင်လှုပ်ရှားနေခဲ့ပြီး နောက်ဆုံးမှာတော့ ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့က သူတို့ခရီးကို အဆုံးသတ်ပြီး အိမ်ပြန်လာကြသည်။


ထို့နောက် စေတနာ့ဝန်ထမ်း လျှောက်လွှာကို ဖြည့်ရန် အချိန်ကျလာသည်။


သူတို့နှစ်ဦးသည် တူညီသော ကျောင်းတွင် စာရင်းသွင်းခဲ့ကြသော်လည်း သူတို့၏ စေတနာ့ဝန်ထမ်း ရွေးချယ်မှုများမှာ တူညီခြင်းမရှိ။ ယန်ကျင်းဇီက အိမ်တွင် သိပ်မနေဘဲ သူတို့ စာရင်းသွင်းထားသော ကျောင်း တည်ရှိရာ B မြို့သို့ ချန်အန်းရှိူ့အား ခေါ်သွားသည်။


ယနေ့ခေတ်တွင် B မြို့၌ အိမ်တစ်လုံး ဝယ်ရန် အရည်အချင်းပြည့်မီဖို့က မလွယ်ကူသော်လည်း အဖေယန်သည် ငယ်ရွယ်စဉ်ကပင် B မြို့တွင် အိမ်တစ်လုံး ဝယ်ထားခဲ့၏...


အစပိုင်းတွင် သူ့ကိုယ်ပိုင်သီးသန့်ပိုက်ဆံနှင့် အိမ်တစ်လုံး ဝယ်ချင်ခဲ့သော ယန်ကျင်းဇီသည် မဝယ်ဖြစ်ဘဲ အဆုံးသတ်သွားသော်လည်း အဖေယန်က သူ့ကို အိမ်တစ်လုံး ပေးခဲ့သည်။


သူနှင့်ချန်အန်းရှို့တို့သည် B မြို့၏ သာယာဝပြောသော မြို့နယ်နမိတ်အတွင်း သူတို့အတွက် အိမ်တစ်လုံး ရှိလာပြီး တရားဝင် ကောလိပ်ကျောင်းသားများ ဖြစ်လာသည်။


ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့သည် အလွန်ကြိုးစားလေ့လာကြသည့်အပြင် သူတို့၏ဦးနှောက်များမှာလည်း မညံ့ကြပေ။ အဆုံးတွင် သူတို့သည် ဘွဲ့ကြိုအဆင့်သာ ရှိသေးသော်လည်း သူတို့နှစ်ယောက်စလုံး ပရော်ဖက်ဆာအချို့၏ မျက်နှာသာပေးမှုကို ခံနေရပြီဖြစ်ကာ ကြီးမားသော ပရောဂျက်များတွင် ပါဝင်ရန် ဖိတ်ကြားခံခဲ့ရသည်။


သူတို့သည် ပို၍ ပို၍ ကောင်းမွန်စွာ ပြောင်းလဲတိုးတက်နေကြသည်။ သူတို့နှစ်ဦးသည် ဘွဲ့ကြိုလေ့လာမှုများမှ စောစောဘွဲ့ရခဲ့ပြီး ဆက်လက်၍ ဘွဲ့လွန်ပရိုဂရမ်တစ်ခုကို ကိုင်စွဲကာ သုတေသနလုပ်နေကြရင်း... နောက်ဆုံး သူတို့ရဲ့တည်နေရာတွေကိုတောင် လျို့ဝှက်ထားဖို့အထိ လိုအပ်လာတယ်!


အဖေယန်သည် သူ့တွင် ကြွားလုံးထုတ်စရာ ပစ္စည်းမရှိတော့မှန်း ရှာတွေ့သွားသောအခါ ဝမ်းနည်းသွားပြီး သူ့သား၏အလုပ်ကိုလည်း လူသိရှင်ကြား ပြောပြ၍ မရပေ။


ကံကောင်းထောက်မစွာဖြင့် မကြာ‌သေးမီနှစ်များအတွင်း သူသည် သူ့သားကိုသာမက အမျိုးမျိုးသော အခြားအရာများကိုပါ ကြွားခဲ့သည်။ ထို့အပြင် သူက တကယ့်ကိုပဲ အရမ်း အရမ်း ချမ်းသာသည်လေ... သူသည် အမှန်တကယ်ပင် သူ့ကိုယ်သူ Nation's Dad အဖြစ် ကြွားဝါပြသနိုင်ခဲ့ပြီး မရေမတွက်နိုင်သော လူများစွာက သူ့ weibo တွင် နေ့တိုင်း သူ့ကို အဖေ ဟု လာခေါ်ကြသည်။


အဖေယန်သည် တကယ့်ကိုပင် လူများစွာ၏ အိပ်မက်ဖခင်ကြီး ဖြစ်သည်။ သူ့တွင် ပိုက်ဆံရှိရုံမက သူ၏သားသမီးများကိုလည်း အလိုလိုက်သည်။ ဒီလိုအဖေမျိုးကို ဘယ်သူက မလိုချင်ဘဲနေမှာလဲ?


တစ်စုံတစ်ယောက်က သူ့ကို အဖေဟု ခေါ်သောအခါ အဖေယန်သည် အစပိုင်း၌ အနည်းငယ် အဆင်မပြေဖြစ်သော်လည်း တဖြည်းဖြည်းနှင့် သူ ကျင့်သားရသွားပြီး အတင့်ရဲသော အကြံဉာဏ်ပင် ရလာခဲ့သည်။


တစ်နေ့မှာတော့ Nation's Dad အဖေယန်က weibo တွင် ပို့စ်တင်ခဲ့သည် : " ငါ အ‌ရမ်းအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ ငါ အနာဂတ်မှာ သူဌေး မဖြစ်ချင်တော့ဘူး။ ငါ အင်တာနက် ဆယ်လီတစ်ယောက် ဖြစ်ချင်တယ်! "


အင်တာနက်အသုံးပြုသူများ အားလုံး စိတ်ရှုပ်ထွေးသွားကြသည် : " အဖေ ဘာဖြစ်တာလဲ? "


" အဖေရေ မင်းရဲ့အကောင့် အခိုးခံရတာလား? "


" အဖေ နှစ်ခါပြန်စဉ်းစားပါဦး! သူဌေးက အင်တာနက်သုံးစွဲတဲ့သူတွေကို ဂရုစိုက်နိုင်ပေမယ့် အင်တာနက်သုံးစွဲတဲ့သူတွေက သူဌေးကို ဂရုမစိုက်နိုင်ဘူး အဖေရေ! "


......


အင်တာနက်အသုံးပြုသူများသည် အဖေယန် နောက်ပြောင်နေသည်ဟု ထင်သဖြင့် မှတ်ချက်များ ရေးသားခဲ့ကြသော်လည်း အဖေယန် ပြောခဲ့တာကတော့ အမှန်ပင်။


သူက သူ တည်ထောင်ခဲ့သော ကုမ္ပဏီကို တကယ် ဂရုမစိုက်ပေ။


သူသည် ပိုင်ဆိုင်မှုများထဲမှ အချို့ကို ရောင်းချပြီး ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အိမ်ရာမြေကွက်များအတွက် လဲလှယ်ဝယ်ယူခဲ့ကာ ပိုင်ဆိုင်မှုအချို့ကိုတော့ စီမံခန့်ခွဲရန်အတွက် အေးဂျင့်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။


သူကိုယ်တိုင်ကလည်း အငြိမ်းစားယူပြီး အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်ရေးအပေါ် အာရုံစူးစိုက်ပြီး ပရဟိတလုပ်ငန်းများ စတင်လုပ်ကိုင်နေသည်။


သူသည် ကျောင်းပြင်ပမှ ကလေးများ စာလေ့လာနိုင်အောင် ထောက်ပံ့ပေးရန်အတွက် ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ခဲ့ပြီး ကလေးများက သူတို့၏မိဘအရင်းများကို ရှာဖွေရာတွင် ကူညီပေးနိုင်ရန်နှင့် မိဘများ သူတို့၏သားသမီးများကို ရှာဖွေရာတွင် ကူညီပေးနိုင်ရန် အထူးအဆင့်မြင့် မိသားစုရှာဖွေရေး ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း တည်‌ထောင်ခဲ့သည်။


သူသည် ဤလူများ၏ DNA စစ်ဆေးခြင်းများအတွက်ပင် ပေးဆောင်ခဲ့ပြီး နှိုင်းယှဉ်ရန်အတွက် သူ၏နမူနာများကို ချန်ထားခဲ့၏။


သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ၏ပျောက်ဆုံးနေသောသမီးဖြစ်သူကို ရှာဖွေနေကြောင်း အင်တာနက်ပေါ်တွင် သတင်းများပင် တင်ခဲ့လေသည်။


အဖေယန်နှင့်အမေယန်တို့သည် သူတို့၏အစောပိုင်းနှစ်များအတွင်း သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပြီး သူတို့သည် သူ(မ)ပျောက်ဆုံးသွားသည့်အချိန်မှစ၍ သူတို့၏သမီးကို လိုက်လံရှာဖွေနေခဲ့သည်။


သူတို့သည် သူတို့၏ပျောက်ဆုံးနေသောသမီးလေးကို ရှာဖွေနိုင်ရန် ပိုက်ဆံလုံလုံလောက်လောက်ရှိရန်အတွက် ကုမ္ပဏီ ပိုပိုကြီးလာအောင် အလုပ်အလွန်ကြိုးစားခဲ့ကြခြင်းဖြစ်သည်။


ကံမကောင်းစွာဖြင့် သူတို့ သူ(မ)ကို ရှာမတွေ့ခဲ့ဘဲ ထို့နောက် သူတို့တွင် ယန်ကျင်းဇီ ရှိလာခဲ့သည်။


သို့သော် သူတို့ သူတို့၏သမီးလေးကို ရှာဖွေနေခြင်းအား မရပ်သေးပေ။


အဖေယန်သည် အင်တာနက်ပေါ်တွင် သူ့သမီးလေးကို ရှာနေကြောင်း သတင်းများတင်ခဲ့သည်။ လူတော်တော်များများက သဲလွန်စများ ပေးခဲ့သော်လည်း သူတို့ သူ(မ)ကို ရှာမတွေ့သေးပါဘူး။


တဖြည်းဖြည်းနဲ့ အဖေယန်က မျှော်လင့်ချက်တောင် သိပ်မထားနိုင်တော့ဘဲ အဲ့အချိန်မှာ သူ သူ့သမီးလေးကို ရှာတွေ့သွားတယ်!


ယန်ကျင်းဇီ၏အစ်မဖြစ်သူသည် အခိုးခံလိုက်ရပြီး ရောင်းစားခံခဲ့ရသည်။


ထိုအချိန်က သူ(မ)သည် သုံးနှစ်အရွယ်သာ ရှိသေးပြီး အလွန်ချစ်စရာကောင်းသော်လည်း သူ(မ)သည် မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် ကျေးလက်တောနယ်သို့ သူ(မ)ကို ရောင်းရန် ဆန္ဒမရှိသလို တွက်ခြေလည်းမကိုက်သဖြင့် နောက်ဆုံးတွင် သူ(မ)သည် မြို့တွင်းရှိ အလွန်သာမန်ဆန်သောစုံတွဲတစ်တွဲထံတွင် ရောင်းစားခံခဲ့ရသည်။


ထိုစုံတွဲသည် အစတုန်းက သူ(မ)အပေါ် ကောင်းခဲ့ကြသော်လည်း နောက်ပိုင်းမှာတော့ သူတို့တွင် သူတို့၏သွေးသားရင်းကလေးတစ်ယောက် ရှိလာခဲ့ပြီး သူ(မ)အား ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြသည်။ သို့သော် သူတို့က သူ(မ)ကို အလကား မကျွေးမွေးထားချင်ကြသဖြင့် သူ(မ)သည် သူ(မ)၏မိဘများစီမှ စွန့်ပစ်ခံခဲ့ရပြီး သူတို့က သူ(မ)ကို ကောက်ယူကာ ကျွေးမွေးပြုစုထားသောကြောင့် သူ(မ) ကျေးဇူးပြန်ဆပ်ရမည်ဟု သူတို့က သူ(မ)ကို ဆက်တိုက်ပြောနေခဲ့သည်။


မိန်းကလေးက ထိုအခြင်းအရာကို သံသယမဝင်ခဲ့ပါဘူး။ အဆုံးမှာတော့ သူတို့၏သမီးများကို စွန့်ပစ်မည့် ယောက်ျားဝါဒီ လက်ကိုင်ထားသော မိသားစုများ အများကြီး အမှန်တကယ် ရှိနေသည်... ပြီးတော့ ဤအကြောင်းအရင်းကြောင့်ပဲ သူ(မ)၏မိဘအရင်းများကို ရှာရန် သူ(မ) ဘယ်တုန်းကမှ မတွေးခဲ့မိချေ။


သူ(မ) အမှတ်ကောင်းကောင်းများ ရခဲ့ပြီး ချေးငွေနှင့် တက္ကသိုလ်တက်ခဲ့သည်။ ဘွဲ့ရပြီးနောက် သူ(မ)သည် သူ(မ)၏မွေးစားမိဘများကို ပိုက်ဆံပေးနေခဲ့ကာ သူတို့၏ကြီးပြင်းလာစေမှုအတွက် ပြန်ပေးဆပ်ခဲ့သည်။


ယခုအခါ သူ(မ)သည် အိမ်ထောင်ကျသွားပြီဖြစ်ပြီး ကလေးများလည်း ရှိ၍ အသက်လေးဆယ်နီးပါး ရှိနေပြီဖြစ်ကာ သူ(မ)၏မွေးမိဘများကို ရှာဖွေမည့်အကြံက ရုတ်တရက် ထွက်ပေါ်လာရခြင်းမှာ သူ(မ)၏မွေးစားမိဘများနှင့် လုံးဝ ရေစက်ဖြတ်တောက်လိုက်ပြီးပြီဖြစ်သောကြောင့်ပင်။


မွေးစားမိဘများ၏ ဒုတိယမြောက်ကလေးက လက်ထပ်တော့မည်ဖြစ်ပြီး သူ(မ)ကို အိမ်အတွက် ငွေပေးချေခိုင်းသည်။ သို့သော် သူ(မ)သည် သူတို့၏မိဘအုပ်ထိန်းမှုအတွက် နှစ်ဆပြန်ပေးဆပ်ပြီးပြီဖြစ်သဖြင့် အိမ်အတွက် ငွေပေးဖို့ သူ(မ) ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။


သူ(မ)ရဲ့မွေးစားမိဘတွေက အလျင်စလိုနဲ့ သူတို့ သူ(မ)ကို အတိုးနဲ့ ပြန်ဝယ်လာတုန်းက သုံးခဲ့တဲ့ငွေကို တကယ်ကြီး သူ(မ)ကို ပြန်ပေးခိုင်းခဲ့တယ်လေ!


ထိုအခါမှသာလျှင် သူ(မ)က သူ(မ)၏မွေးစားမိဘများထံမှ ကောက်ယူခြင်းခံရသော စွန့်ပစ်ခံကလေးမဟုတ်ဘဲ ပြန်အဝယ်ခံလိုက်ရခြင်းဖြစ်ကြောင်း သူ(မ) သိလိုက်ရသည်...သူ(မ)ကို ချစ်တဲ့ မိဘတွေ သူ(မ)မှာ အမှန်တကယ် ရှိလား?


စိတ်လှုပ်ရှားနေသော အခိုက်အတန့်တ‌စ်ခဏအတွင်း သူ(မ)သည် အဖေယန် ဦးစီးသော လူများကို ဆွေမျိုးများ ရှာဖွေရာတွင် ကူညီပေးသည့် ဝက်ဘ်ဆိုဒ်သို့ သွားကာ သူ(မ)၏ကိုယ်ပိုင် DNA အချက်အလက်ကို ချန်ထားခဲ့သည်။


ထို့နောက် သူ(မ) သူ(မ)၏မိသားစုကို ရှာတွေ့ခဲ့ပြီး သူ(မ)၏မိသားစုက အရမ်းချမ်းသာနေသေးသည်။


အဖေယန်နှင့်အမေယန်တို့သည် သူတို့၏သားသမီးများကို အရမ်း အရမ်း ချစ်ခင်သော မိဘများ ဖြစ်ကြသည်။ ထိုသို့မဟုတ်လျှင် သူတို့ ယန်ကျင်းဇီကို ပြုစုစောင့်ရှောက်နေစဉ်က သူတို့တွင် သတ်မှတ်ထားသော အဓိကအချက် မရှိဘဲ နေလိမ့်မည် မဟုတ်ပေ။


သူတို့တွင် ယန်ကျင်းဇီအတွက် သတ်မှတ်ချက် မရှိလေရာ နှစ်ပေါင်းများစွာ ပျောက်‌ဆုံးနေသော သူတို့၏သမီးလေးဆိုလျှင် ပြောနေစရာပင်မလို။


အဖေယန်နှင့်အမေယန်တို့က ပျော်လွန်းလို့ ဝမ်းသာအားရ ငိုကြတယ်!


သူ့အစ်မကို ရှာတွေ့ပြီ... ယန်ကျင်းဇီက အထူးတလည် ခွင့်တောင်းပြီး ချန်အန်းရှိူ့ကို ခေါ်လာသည်။


သူနှင့်ချန်အန်းရှိူ့တို့သည် ယခုအခါ သုတေသနအသင်းတစ်သင်းတည်းတွင် အလုပ်လုပ်နေသော်လည်း မတူညီသော အရာများကို လေ့လာနေကြခြင်းဖြစ်သည်။


သုတေသနအသင်းမှ လူငယ်အများစုသည် single များ ဖြစ်ကြသော်လည်း သူတို့ကတော့ မဟုတ်ပေ။


သုတေသနလုပ်နေစဉ် သူတို့ အတူတူမရှိကြသော်လည်း သူတို့ အားလပ်နေသမျှ သူတို့က လက်တွဲပြီး သုတေသနဌာနတစ်ခုလုံး လှည့်လည်သွားလာနေလိမ့်မည်။ အဲ့ဒါက သုတေသနအသင်းမှ လူများကို သူတို့အား အထူးတလည် သပိတ်မှောက်ချင်စိတ် ဖြစ်စေသည်။


သူတို့နှစ်ယောက်က အသက်ငယ်ငယ်နဲ့ ပညာပိုင်းဆိုင်ရာမှာ သူတို့ထက် သာလွန်နေရုံတင်မကဘဲ အဲ့နှစ်ယောက်က ခွေးတွေကိုတောင် အနိုင်ကျင့်သေးတယ်!


တိုတိုပြောရရင် လူမဆန်ကြဘူး!


အခြားသူများ ဘယ်လိုပဲ တွေးနေကြပါစေ ယန်ကျင်းဇီတွင် အလွန်ပျော်စရာကောင်းသောဘဝတစ်ခုကို ရှိပြီး ယခုအခါ သူ့အစ်မကိုလည်း ရှာတွေ့ပြီ..


သူသည် ချန်အန်းရှိူ့၏လက်ကို ကိုင်ထားရင်း သုတေသနဌာနမှ ထွက်ခွာလာကာ ပြီးမြောက်သွားသလို ခံစားချက် ရလိုက်လေသည်။


မူလဇာတ်ကြောင်းတွင် မူလပိုင်ရှင်၏အနားမှ လူများတွင် မည်သူမျှ ကောင်းမွန်သော အဆုံးသတ် မရှိခဲ့ပေ။ ဤအချိန်တွင် အဖေယန်နှင့်အမေယန်တို့သည် မူလပိုင်ရှင်၏အပြုအမူကြောင့် ပြိုလဲသွားကြပြီဖြစ်ပြီး ကုမ္ပဏီကလည်း ‌အကြွေးနွံနစ်နေပြီဖြစ်သည်။


ယခု ဒါက တကယ် ကောင်းမွန်သည်။


    ယန်မိသားစုစံအိမ်


အဖေယန်နှင့်အမေယန်တို့သည် အသက်ခြောက်ဆယ်ကျော်နေပြီ။ ဤနှစ်များအတွင်း သားဖြစ်သူ၏ စိတ်အားထက်သန်မှုကြောင့် သူတို့ ပျော်ရွှင်ခဲ့ရကာ သူတို့ ဂုဏ်သိက္ခာရှိရှိ စိုးရိမ်သောကကင်းစွာ နေထိုင်ခဲ့‌ရသော်လည်း သူတို့တွင် အရေးအကြောင်းများ ပြည့်နှက်နေပြီဖြစ်၏။


ထို့ပြင် ဤအချိန်တွင် သူတို့သည် အသက်သုံးဆယ်အတွင်း ရှိပြီး ကောင်းကောင်းမွန်မွန် ဝတ်စားထားသော အမျိုးသမီးတစ်ဦးအနားတွင် လှည့်ပတ်ကာ ဝိုင်းကြည့်နေကြသည် : " ယွမ်လေး ရေဆာ‌လား? "


" ယွမ်လေး ဒါက အမေ လုပ်ထားတဲ့ သရေစာမုန့်။ စားကြည့်ပါဦး။ "


" ယွမ်လေး ပျင်းနေပြီလား? တီဗီကြည့်ကြမလား? "


...


သူ(မ)၏မိဘအရင်းများကို ရှာတွေ့ပြီးနောက် သူ(မ)၏နာမည်ကို မူရင်းနာမည်အဖြစ်သို့ အရင်ပြောင်းလဲခဲ့သော ယန်ကျင်းယွမ်သည် ဤကဲ့သို့ဆက်ဆံခံရခြင်းကို အနည်းငယ် ကျင့်သားမရသေးသော်လည်း သူ(မ) နွေးနွေးထွေးထွေး ခံစားနေရဆဲပင်။


နည်းနည်းလည်း စိတ်ပူနေသည်။


ယနေ့ သူ(မ)၏မောင်ဖြစ်သူကို တွေ့ရန် သူ(မ) ‌သူ(မ)၏ခင်ပွန်းနှင့်သမီးတို့နှင့်အတူ ယန်မိသားစုသို့ ‌လာခဲ့သည်။


သူ(မ)သည် သူ(မ)၏မိဘများနှင့် အဆက်အသွယ်ရှိပြီး သူ(မ)၏မိဘများက သူ(မ)ကို တကယ်ချစ်ကြောင်း ဆုံးဖြတ်ထားပြီးပြီဖြစ်သော်လည်း မောင်ဖြစ်သူက သူ(မ)ကို ကြိုဆိုပါ့မလား ဆိုတာ သူ(မ) မသိပေ။


သူ(မ)သည် သူ(မ)၏မောင်ဖြစ်သူအကြောင်း ကြားခဲ့ဖူးပြီး သူက ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပြည်နယ်အဆင့် ဒုတိယရခဲ့သူ ဖြစ်ပြီး အရမ်းတော်မှန်း သူ(မ) သိသည်။ သူ၏တက္ကသိုလ်က နိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ် ဖြစ်ပြီး အသက်ငယ်ငယ်နှင့် ပါရဂူဘွဲ့ရခဲ့ကာ လျို့ဝှက်ထားရန် လိုအပ်သော သုတေသနအချို့ကို လုပ်ဆောင်လျက်ရှိမှန်း သူ(မ) သိထားသည်။


ဆန့်ကျင်ဘက်အားဖြင့် သူ(မ)ကတော့ တကယ့်ကို သာမန်ပါပဲ။


သူ(မ)ဟာ အလုပ်ကြိုးစားခဲ့ပြီးနောက် သာမန်တက္ကသိုလ်တစ်ခုကိုသာ တက်ရောက်နိုင်ခဲ့ပြီး သာမန်ခင်ပွန်းတစ်ယောက်နှင့် အိမ်ထောင်ကျကာ သာမန်သမီးလေးတစ်ယောက် ရခဲ့သည်...


သူ(မ)သည် ယွမ်တစ်သိန်းအတွက်ဖြင့် မွေးစားမိဘများနှင့် လုံးလုံး လမ်းခွဲခဲ့ခြင်းဖြစ်သည်။


သို့သော် ယခုအချိန်မှာတော့ အဖေယန်နှင့်အမေယန်တို့က သူ(မ)အား မိသားစုပိုင်ပစ္စည်းတစ်ဝက်ကို ပေးမည်ဟု တကယ်ပြောလာသည်။


သူ(မ)သာ သူ(မ)၏မောင် ဖြစ်ခဲ့လျှင် သူ(မ) သေချာပေါက် စိတ်မချမ်းသာဖြစ်လိမ့်မည်။


ယန်ကျင်းယွမ် ထိတ်လန့်တုန်လှုပ်နေစဉ် အိမ်တော်ထိန်း လီဦးလေးက မျက်နှာတွင် အပြုံးတစ်ပွင့်နှင့်အတူ ဝင်လာသည် : " သခင်လေး ပြန်လာပါပြီ။ "


ယန်ကျင်းယွမ် မော့ကြည့်လိုက်ပြီး တံခါးအပြင်ဘက်မှ အတူတကွ ဝင်လာသော ချောမောသည့် ယောက်ျားလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။


သူတို့နှစ်ယောက်လုံးက သူ(မ)အတွက် သူစိမ်းများ မဟုတ်ကြချေ။


ရှေ့မှလျှောက်လာသူက သူ(မ)၏မောင်ဖြစ်သူ ယန်ကျင်းဇီ ဖြစ်ပြီး နောက်မှလျှောက်လာသူက သတင်းဇာတ်လမ်းများစွာတွင် သူ(မ)၏မောင်ဖြစ်သူနှင့်အတူ ထည့်သွင်းဖော်ပြခံရသော ချန်အန်းရှိူ့ ဖြစ်သည်။


ဤလူနှစ်‌ယောက်တွင် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ဟု သတင်းများ ပြောသည်မှာ မှန်ကန်ပုံရသည်။


ယန်ကျင်းယွမ် မတ်တပ်ထရပ်ပြီး အနည်းငယ် တည်ငြိမ်စွာဖြင့် ယန်ကျင်းဇီအား ကြည့်လိုက်သည်။ သူ(မ) နှုတ်ဆက်ခါနီးတွင် ယန်ကျင်းဇီ ပြောတာကို သူ(မ) ကြားလိုက်ရသည် : " အစ်မက ကျွန်တော့်ရဲ့မမလား? အစ်မက ကျွန်တော့်လို တကယ်ကြည့်ကောင်းတာပဲ။ "


ယန်ကျင်းဇီ ပြုံးလိုက်သောအခါတွင် သူသည် အနည်းငယ် ဆိုးသွမ်းပုံပေါ်သော်လည်း လုံးဝ စက်ဆုပ်ရွံရှာဖွယ် မကောင်းသည့်အပြင် လူများကို မသိစိတ်က သူနှင့် လိုက်လံ ရယ်မောလာချင်စိတ်ပင် ဖြစ်ပေါ်စေသည်။


ရုတ်တရက် ယန်ကျင်းယွမ် အနည်းငယ် စိတ်ပြေလျော့သွားရသည်။


ဤအချိန်တွင် ယန်ကျင်းဇီကလည်း လက်ဆောင်တစ်ခုကို ထုတ်လာသည် : " အစ်မ ဒါ အစ်မအတွက် လက်ဆောင်။ ဒါက ယောက်ဖနဲ့ တူမလေးအတွက်။ "


ယန်ကျင်းဇီက လက်ဆောင်များကို တစ်ခုပြီးတစ်ခု ပေးခဲ့ပြီး သူ့တူမ၏နေရာကို ရောက်သောအခါ သူက ကြွားတော့သည် : " ငါ့တူမလေးက အရမ်းလှတယ်။ အလှလေးပဲ! "


ယန်ကျင်းဇီ၏တူမလေးသည် ယခုနှစ်တွင် ဆယ့်နှစ်နှစ်ရှိပြီဖြစ်သော်လည်း မိန်းကလေးအသွင်အပြင် အနည်းငယ်ရှိနေပြီဖြစ်ကာ သေးသွယ်သည်။ သူ(မ)လေးကလည်း ယန်ကျင်းဇီကို တွေ့ရတာ အရမ်းပျော်နေသည် : " ဦးလေး! "


" ငါ့တူမလေးက အရမ်းတော်တာပဲ။ ဦးလေး မင်းကို နောက်ထပ်လက်ဆောင်တစ်ခု ထပ်ပေးဦးမယ်။ " ထို့နောက် ယန်ကျင်းဇီက ပြုံးကာ ဆက်ပြောသည် : " ဦးလေး အရှေ့ဘက်ခြမ်းက နေရာကျယ်ပြီး ကျောင်းကောင်းကောင်းရှိတဲ့မြေမှာ အိမ်တစ်လုံး ရထားတယ်။ ပြီးရင် ဦးလေး မင်းကို လွှဲပေးမယ်။ "


အလှလေးက အံ့အားသင့်သွားပြီး ယန်ကျင်းယွမ်လည်း ထိတ်လန့်မှုဖြင့် အနည်းငယ် လွှမ်းမိုးခံလိုက်ရသည် : " အရမ်းဈေးကြီးတယ်... "


" ဒါက ဘာမှမဟုတ်ပါဘူး။ အနာဂတ်မှာ ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ ကျွန်တော့်တူမလေးကို တောင်းဆိုရနိုင်တယ်လေ။ " ယန်ကျင်းဇီက ပြုံးလိုက်သည်။


ယန်ကျင်းယွမ်သည် ဒီထက်ပို၍ ခွန်းတုံ့မပြန်နိုင်တော့ပေ : " အနာဂတ်မှာ ကြည့်ရှုစောင့်ရှောက်ရမယ်? မင်း... ဒါနဲ့ အဖေတို့အမေတို့က မင်းမှာ လက်တွဲဖော် ရှိနေပြီလို့ ပြောတယ်။ မင်း ဘာလို့ မင်းရဲ့လက်တွဲဖော်ကို ပြန်ခေါ်မလာတာလဲ? " သူ(မ)ရဲ့မောင်မှာ လက်တွဲဖော် မရှိဘူးလား? ဘာလို့ သူက သူ(မ)ရဲ့သမီးကို အနာဂတ်မှာ သူ့ကို ကြည့်ရှုစောင့်ရှောက်စေချင်ရတာလဲ?


" ကျွန်တော် သူ့ကို ပြန်ခေါ်လာပါတယ်။ " ယန်ကျင်းဇီက ရယ်မောခဲ့သည်။


ယန်ကျင်းယွမ်က တစ်စုံတစ်ခုကို တွေးမိပြီး ချန်အန်းရှိူ့ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ထို့နောက် အမူအရာကင်းမဲ့နေခဲ့သော ချန်အန်းရှိူ့က သူ(မ)ကို ကြည့်ရင်း အပြုံး‌ငယ်လေးတစ်ခုဖြင့် ပြုံးပြသည်ကို သူ(မ) တွေ့လိုက်ရသည် : " အစ်မ။ "


ယန်ကျင်းဇီက အလွန်ချောမောပြီး ချန်အန်းရှိူ့ကလည်း လုံးဝ ရုပ်မဆိုးပေ။ ဒါတင်မကဘဲ ချန်အန်းရှိူ့ ပြုံးမနေသောအခါ သူက တည်ကြည်လေးနက်ပုံပေါ်သည်။ သူ ရယ်မောသောအခါ သူ့ကြည့်ရတာ အလွန်ကောင်းမွန်စွာ ပြုမူနေထိုင်တတ်ပုံပေါ်၏။


" မင်းတို့... " ယန်ကျင်းယွမ် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ သူ(မ)မောင်က ချန်အန်းရှိူ့နဲ့ အတူရှိနေတာ ကြာပြီလား?


" ကျွန်တော်တို့ အတူရှိလာတာ နှစ်တွေအများကြီး ကြာနေပြီ။ " ယန်ကျင်းဇီက ဆိုသည်။


ယန်ကျင်းယွမ်သည် ယောက်ျားနှစ်ယောက်အတူရှိခြင်းအား ဆန့်ကျင်ခွဲခြားဆက်ဆံခြင်းမျိုး မပြုသော်လည်း လူကြီးမိဘများက ထိုကဲ့သို့သောဖြစ်ရပ်မျိုး တွေ့ရခြင်းကို မပျော်ရွှင်ကြကြောင်း သူ(မ) ကောင်းကောင်းသိထားသည်။


သူ(မ) မသိလိုက်ပါဘဲနှင့် သူ(မ)၏အဖေနှင့်အမေကို လှမ်းကြည့်မိလိုက်သည်။


အဖေယန်နှင့်အမေယန်တို့က ချန်အန်းရှိူ့ကို သွားနှုတ်ဆက်နေကြပြီဖြစ်သည်။


သူတို့က ချန်အန်းရှိူ့ကို အရမ်းသဘောကျသည်။


အရင်က သူတို့ရဲ့သားက အမှိုက်လိုပဲ။ ချန်အန်းရှိူ့နဲ့အတူရှိနေပြီးနောက်မှာမှ သူက နိုင်ငံတော်ရဲ့မဏ္ဍိုင်ကြီး ဖြစ်လာတာလေ!


ပို၍အရေးကြီးသည်မှာ အချိန်အတော်ကြာ ပေါင်းသင်းပြီးနောက် သူတို့ ချန်အန်းရှိူ့၏အပေါ်ယံမျက်နှာပြင်ကသာ အေးစက်မာကျောသည်ကို တွေ့ရှိခဲ့သည်။ အမှန်တကယ်တမ်းကျ သူ့နှလုံးသားက အလွန်ပျော့ပြောင်းနူးညံ့ကာ အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သည်။ သူတို့သားက သူ့ကို အမြဲလိုက်စနေတာ...


ချန်အန်းရှိူ့အပေါ် ပိုကောင်းပေးတာက သူတို့အတွက် ပိုကောင်းတယ်။ အဲ့လိုမှမဟုတ်ရင် တစ်နေ့နေ့မှာ ချန်အန်းရှိူ့က သူတို့သားကို မလိုချင်တော့ဘူးဆို ဘာဖြစ်ကုန်မလဲ?


မိသားစုသည် နှစ်လိုဖွယ်ကောင်းစွာ သဟဇာတဖြစ်လာကြပြီး ယန်ကျင်းယွမ် စိတ်အေးလက်အေး ဖြစ်သွားသည်။


ဒီလိုမိသားစုကောင်းကို သူ(မ) ရှာတွေ့တာ ကံကောင်းလိုက်တာ။


ချန်အန်းရှိူ့သည် အဖေယန်နှင့်အမေယန်တို့၏မေးခွန်းများကို လေးနက်စွာ ဖြေကြားကာ ထပ်တူထပ်မျှ ပျော်ရွှင်နေခဲ့သည်။


ယန်ကျင်းဇီနဲ့တွေ့တာ သူ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။


သူတို့ဟာ အမြဲတမ်း အတူရှိနေကြပြီး ကောင်းမွန်စွာ နေထိုင်ကြလိမ့်မည်။


ဒါကို စဉ်းစားရင်း ချန်အန်းရှိူ့က ခေါင်းလှည့်ပြီး ယန်ကျင်းဇီကို ပြုံးပြလိုက်သည်။


အပြုံးမှာ ယခင် ယန်ကျင်းဇီ၏အစ်မကို နှုတ်ဆက်စဉ်က သူ ပြသ‌ခဲ့သော ရှက်ပြုံးသေးသေးလေး မဟုတ်ဘဲ ပိုမိုကြီးမား၍ ပိုမိုချိုမြိန်သော အပြုံးတစ်ခု ဖြစ်သည်။


ယန်ကျင်းဇီတွင် ဤလူကို အခန်းထဲ ပြန်ခေါ်သွားပြီး ချက်ချင်းနမ်းပစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။ ဟင့်အင်း၊ နမ်းရုံလေးဆို သေချာပေါက် မလုံလောက်ဘူး။ သူ တခြားတစ်ခုခုပါ လုပ်ရမယ်!

____


***English Translator's Note


**Jiao နှင့် Meng သည် ဗိုလ်ချုပ်နှစ်ဦး ဖြစ်သော Jiao Zan နှင့် Meng Liang ကိုရည်ညွှန်းသည်။ သူတို့နှစ်ဦးသည် ကတိသစ္စာပြုထားကြသော ညီအစ်ကိုများ ဖြစ်ပြီး အမြဲတမ်း ခွဲမရချေ။ နောက်ပိုင်း၌ တူညီသော အလင်းတန်း၏ အစွန်းနှစ်ဖက် အဖြစ် တင်စားခံရကာ သူတို့က အမြဲတမ်း အတူတကွ ကခုန်ပြီး ပိုမိုကောင်းမွန်သောဘဝတစ်ခုကို အတူတကွ ဖန်တီးကြလိမ့်မည်။


**ရွှယ်ပါ့ (Xueba) - ပညာရေးဧကရာဇ် / ထိပ်တန်းကျောင်းသား


____