T မြို့ အမှတ် ၁ အထက်တန်းကျောင်းသည် ရှည်လျားသောသမိုင်းကြောင်းရှိသည့် ကျောင်းတစ်ကျောင်း ဖြစ်သည်။ သူတို့ ကျောင်းတွင် ပညာသင်ယူနေချိန်၌ ကျောင်းကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကျော် နေပြီဖြစ်၏။ ယခုအခါ ကျောင်းသည် ၎င်း၏ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပနေပြီဖြစ်သည်။
အမှတ် ၁ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသားများသည် အခြေခံအားဖြင့် အဖွဲ့အသီးသီးမှ သတင်းများကို ရရှိကြပြီး အခြားများစွာသောလူများကလည်း နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခံကြရသည်။
ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့လည်း ဖိတ်ကြားခံခဲ့ရသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ နှစ်ယောက်စလုံး အလွန်အသုံးဝင်သော သိပ္ပံသုတေသနရလဒ်အချို့ကို ပြုလုပ်ခဲ့ကြသည်။ ပြင်ပမှလူများက သူတို့ကို မသိနိုင်ကြသော်လည်း တချို့အသိုင်းအဝိုင်းများတွင် သူတို့က လူသိများပြီး လေးစားခံရသည်။
ဖိတ်ကြားချက်ကို သူတို့ လက်ခံရရှိသောအခါ သူတို့ အတူလုပ်ဆောင်နေသော ပရောဂျက်တစ်ခု ပြီးမြောက်ခါစဖြစ်၍ သူတို့၏မိဘများကို အဖော်ပြုပေးရန် အိမ်ပြန်ဖို့အတွက် စီစဉ်နေကြစဉ်ဖြစ်သည်။
" မင်း ကျောင်းအခမ်းအနားပွဲကို သွားချင်လား? " ယန်ကျင်းဇီက ချန်အန်းရှိူ့ကို မေးသည်။
" သွားမယ်။ " ချန်အန်းရှိူ့ တုံ့ဆိုင်းခြင်းမရှိပေ။ သူသည် အမှတ် ၁ အထက်တန်းကျောင်းတွင် ကြီးပြင်းလာလုနီးပါးပင် ဖြစ်သည်။ သူ့တွင် အမှတ် ၁ အထက်တန်းကျောင်းအတွက် လေးနက်သော ခင်တွယ်မှု ရှိသည်။ သူ အလုပ်ရှုပ်နေလျှင်တောင်မှ ထိုသို့သော ကျောင်းအခမ်းအနားပွဲတွင် သူ ပါဝင်ဆင်နွှဲလိမ့်မည်။ ယခု သူ အလုပ်ရှုပ်မနေသည့်အချိန်ဆိုလျှင် စဉ်းစားစရာပင်မလို။
" ဒါဆို ပြန်သွားပြီး တစ်ချက်လောက် သွားကြည့်ကြတာပေါ့... ကိုယ်တို့အတန်းခေါင်းဆောင် ပြောတာကတော့ ကိုယ်တို့ ဒီအခွင့်အရေးကို ယူပြီး အတန်းပြန်ဆုံပွဲ ကျင်းပနိုင်ရင် ကိုယ်တို့ရဲ့အတန်းဖော်ဟောင်းတွေကို ပြန်တွေ့ရလိမ့်မယ်တဲ့။ " ယန်ကျင်းဇီက ဆိုသည်။
" အင်း။ " ချန်အန်းရှိူ့လည်း စောင့်မျှော်နေသည်။
သူတို့နှစ်ယောက်စလုံး တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခဲ့သည်။ သူတို့သည် အကောင်းဆုံး သင်ယူမှု အရင်းအမြစ်များ ရရှိပြီးနောက် သူတို့ကိုယ်သူတို့ စာလေ့လာမှုထဲ မြှုပ်နှံထားခဲ့၏။ ဒုတိယနှစ်ပြီးသောအခါတွင် ပရော်ဖက်ဆာများထံမှ ဖိတ်ကြားခံရပြီး သူတို့ အလုပ်ပိုပိုရှုပ်လာကာ သူတို့၏အထက်တန်းကျောင်းမှအတန်းဖော်များနှင့် အဆက်အသွယ်သိပ်မရှိတော့ပေ။ နောက်ပိုင်း၌ လျှို့ဝှက်ထားရန် လိုအပ်သော အလုပ်တွင် သူတို့ ပါဝင်ဆောင်ရွက်ရပြီးနောက် သူတို့ ဖုန်းကိုပင် သိပ်မကြည့်နိုင်တော့ဘဲ သူတို့၏အတန်းဖော်ဟောင်းများနှင့် သူတို့ ပိုဝေးကွာလာသည်။
သို့သော် အထက်တန်းကျောင်းမှ ကိစ္စများစွာမှာ တစ်ခါတလေ သတိရလွမ်းဆွတ်စရာကောင်းလှသည်။
ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့တွင် ယခုအခါ နိုင်ငံတော်လုံခြုံရေးမှ စီစဉ်ပေးသော အစားအသောက်နှင့် နေရာထိုင်ခင်းများ ရရှိထားကာ သူတို့ အပြင်ထွက်သောအခါ နိုင်ငံတော်လုံခြုံရေးက သူတို့အား အထူးကားတစ်စီးနှင့် သက်တော်စောင့်များကိုပင် စီစဉ်ပေးလိမ့်မည်ဖြစ်သည်။ သက်တော်စောင့်နှင့် စကားပြောပြီးနောက် သက်တော်စောင့်သည် ဖြစ်နိုင်သမျှ အတိုဆုံးအချိန်အတွင်း T မြို့ သို့ သူတို့ ပြန်နိုင်ရန် လက်မှတ်များ သွားဝယ်ခဲ့သည်။
သူတို့သည် B မြို့တွင် အလုပ်လုပ်ပြီး နှစ်ဖက်မိဘများကို B မြို့သို့ ခေါ်လာရန် စဉ်းစားခဲ့ကြဖူးသော်လည်း အဖေယန်နှင့်အမေယန်၊ အဖေချန်နှင့်အမေချန်တို့သည် T မြို့တွင် နေရခြင်းအား အသားကျနေပြီဖြစ်ကာ ထွက်မသွားချင်ကြသဖြင့် သူတို့ အတင်းအကြပ် မတိုက်တွန်းဖြစ်တော့ပေ။ ယန်ကျင်းဇီသည် သူ့ကိုယ်ပိုင်ပိုက်ဆံကို သုံးကာ T မြို့တွင် အဖေယန်နှင့်အမေယန်တို့နေသော စံအိမ်၏ ဘေးနားမှ စံအိမ်အား သူနှင့်ချန်အန်းရှိူ့တို့၏အိမ်အဖြစ် ဝယ်ယူထားခဲ့၏။
သူတို့ အိမ်ပြန်ရောက်သောအခါ ယန်စုံတွဲနှင့်ချန်စုံတွဲတို့ နှစ်စုံတွဲစလုံး သူတို့စံအိမ်တွင် စောင့်နေကြပြီဖြစ်သည်။
အဖေယန်သည် နှစ်ကာလများတလျှောက် သူ၏ အင်တာနက်ဆယ်လီ အလုပ်အကိုင်ကို ကြီးမားသည်ထက် ပိုပိုကြီးမားလာအောင် ပြုလုပ်ခဲ့သည်။ သူက အသက်မငယ်တော့သော်လည်း သူက အရမ်း ခွန်အားပြည့်လန်းဆန်းနေသည်။ အွန်လိုင်းတွင် အမြဲတမ်း ကူးလူးရောထွေးနေသဖြင့် သူသည် အလွန်ငယ်ရွယ်နုပျိုပုံလည်း ပေါ်သည်။
အမေယန်သည် သူ့ထံမှ လွှမ်းမိုးခံရပြီး ခေတ်မီသော အမျိုးသမီးအိုကြီး ဖြစ်လာသည်။
အဖေချန်နှင့်အမေချန်တို့ကတော့ သူတို့က စာသင်ကြားနေကြဆဲဖြစ်ကာ အများကြီး ပြောင်းလဲမသွားကြပေ။ ဆရာချန်သည် ကျောင်းတွင် မျက်နှာထားတင်းသော ဆရာတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး အမေချန်၏အော်သံကလည်း ကျောင်းသားများကို တုန်လှုပ်စေနေဆဲပင်။
သို့သော်ငြား ဤအချိန် သူ(မ)၏သားကို မြင်ရသောအခါ အမေချန်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုသာရှိပြီး အဖေချန်တောင်မှ သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် သိသာထင်ရှားစွာ ပျော်ရွှင်နေသည်။ အဖေယန်နှင့်အမေယန်တို့ဆိုလျှင် ကြည့်နေစရာပင်မလို။
မိဘများသည် ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့အား သူတို့၏အလုပ်အကြောင်း စိုးရိမ်ပူပန်စွာ မေးမြန်းခဲ့ပြီး သူတို့အတွက် အရသာရှိသော ဟင်းပွဲများကိုလည်း စားပွဲအပြည့် ချက်ပြုတ်ထားကြသည်။
စားသောက်နေစဉ်တွင် အဖေယန်နှင့်အမေယန်တို့သည် ချန်အန်းရှိူ့အကြောင်း ကြွားဝါနေခဲ့ကာ အဖေချန်နှင့်အမေချန်တို့ကလည်း ယန်ကျင်းဇီအကြောင်း ကြွားဝါနေခဲ့ကြသည်။
ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ လမ်းခရီးတစ်လျှောက် အတူတကွ လျှောက်လှမ်းကျော်ဖြတ်ခဲ့ကြသည်ကို သူတို့၏မျက်စိများနှင့် အားလုံးမြင်ရပြီးပြီဖြစ်လေရာ သားအပိုတစ်ယောက် ရလိုက်သကဲ့သို့ သူတို့က ကလေးနှစ်ယောက်စလုံးကို အပြည့်အဝ လက်ခံပြီးသွားကြပြီဖြစ်သည်။
ဒီလိုသားလိမ္မာမျိုး နောက်တစ်ယောက်ထပ်ရတာ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ကိစ္စလဲ!
ကျောင်းအခမ်းအနားသည် ရက်အနည်းငယ် လိုသေးပြီး ထိုအချိန်အတွင်း ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့သည် မိဘများနှင့်အတူ အချိန်ဖြုန်းခဲ့ကြသည်။
ကျောင်းအခမ်းအနား မစမီ တစ်ရက်အလိုတွင် ကျောင်းအခမ်းအနားအတွက် လာသူအားလုံးနီးပါး T မြို့သို့ ရောက်နေပြီဖြစ်သည်။ သူတို့အတန်း၏ group chat လည်း အလွန်သက်ဝင်လှုပ်ရှားနေသည်။ ပိုမိုတက်ကြွသော ကျောင်းသားအချို့ဆိုလျှင် group chat ထဲမှ သူတို့၏သူငယ်ချင်းများကို ဖုန်းခေါ်ကာ အပြင်ထွက်ပြီး သောက်စားရန် ဖိတ်ခေါ်ကြသည်။
ချန်အန်းရှိူ့ ယခင် ကျောင်းတက်စဉ်က သူသည် group chat ထဲတွင် စကားသိပ်မပြောခဲ့ပေ။ ဘွဲ့ရပြီးနောက် သူသည် group chat ထဲတွင် စကားပြောခဲသည်။ ယန်ကျင်းဇီသည် သူ့ထက် အနည်းငယ် ပိုကောင်းသော်ငြား သူလည်း group chat ကို မရောက်သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
သို့သော် ယခုအချိန်တွင် ယန်ကျင်းဇီက စကားတစ်ခွန်း ပြောသည် : "မနက်ဖြန် ကျောင်းအခမ်းအနားကို ငါ လာခဲ့မယ်။ ဒီနေ့ မသောက်ကြနဲ့တော့။ မနက်ဖြန် ငါ နေရာကြိုမှာပြီး မင်းတို့ကို ညစာစားဖို့ ဖိတ်မယ်။"
"ယန်ကျင်းဇီ!"
"ယန်ကျင်းဇီ မင်း ဒီ group ကို မ block ထားဘူးပဲ!"
"ဒီနှစ်တွေဒီလောက်ကြာပြီးမှ နောက်ဆုံး ငါ မင်းကို group ထဲမှာ ပြန်တွေ့ရပြီပေါ့!"
.....
ယန်ကျင်းဇီ စကားပြောတာကို မြင်တော့ အားလုံးက ပြန်ဖြေကြသည်။
ယန်ကျင်းဇီက ဖုန်းကိုင်ပြီး သူတို့နှင့် စာပို့ခဲ့သည်။
စကားပြောနေရင်း တစ်ယောက်က ယန်ကျင်းဇီကို မေးသည် : "အစ်ကိုယန် အခု ဘာလုပ်နေလဲ?"
ယန်ကျင်းဇီက ဆိုသည် : "ငါ အခု သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့ ငါ့ရဲ့ကလေးဘဝအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နေတယ်!"
"အာ အစ်ကိုယန်က ငါ့ထက် သာတယ်။ ကျောထောက်နောက်ခံနဲ့ လုပ်ချင်တာ လုပ်လို့ရတယ်။"
"ဒါဆို မနက်ဖြန်ကျရင် ငါတို့ ငါတို့ရဲ့သိပ္ပံပညာရှင်တွေ ငါတို့ကို ညစာစားဖို့ ဖိတ်မှာကို စောင့်နေမယ်နော်!"
"သိပ္ပံသုတေသန လုပ်ရတာ ပင်ပန်းလား? ငါ ဘဏ်မှာ အလုပ်လုပ်တာ ငါ့ခေါင်း ပြောင်နေပြီ။"
"အာ IT ကလည်း ပင်ပန်းတာပဲ။ ငါ ဆံပင်အစားထိုးစိုက်ထားတာ မကြာသေးဘူး။ အနောက်ခြမ်းကို ပြင်ဖို့ အရှေ့ခြမ်းကို ဖြိုလိုက်တာ အခုတော့ အနောက်ခြမ်း မပြင်ရသေးခင် အရှေ့ခြမ်း ပြိုသွားတာ ငါ စိုးရိမ်နေရပြီ။"
…
အခန်း ၁ မှ ကျောင်းသားအများစုသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး လူတိုင်း၏စကားပြောဆိုမှုက တော်တော်လေး ကောင်းမွန်သည်။ သူတို့ထဲမှ တစ်ယောက်က မေးသည် : "စကားမစပ် ယန်ကျင်းဇီ မင်း အထက်တန်းကျောင်းအောင်ပြီး သိပ်မကြာသေးဘူး မင်းအဖေက အင်တာနက်ပေါ်မှာ မင်း တစ်ယောက်ယောက်ကို တွေ့နေတယ်လို့ ပြောခဲ့တယ်လေ... အဲ့တာ ဘယ်သူလဲ?"
"အစ်ကိုယန်က တစ်ယောက်ယောက်ကို တွေ့တယ်? မစ္စတာယန်က နောက်နေတာ မဟုတ်ဘူးလား?"
"မစ္စတာယန် နောက်နေတာမှန်း ငါ သေချာတယ်။ မစ္စတာယန်က ချန်အန်းရှိူ့လည်း တစ်ယောက်ယောက်ကို တွေ့နေတယ်လို့ ပြောခဲ့သေးတယ်..."
"အဲ့အချိန်တုန်းက အင်တာနက်ပေါ်မှာ မစ္စတာယန်က အသစ်လေးဆိုတော့ သူ့ကို အဖေလို့ ဝိုင်းခေါ်ကြတဲ့ လူတွေကြောင့် လန့်သွားတာဖြစ်မယ်..."
.....
Group ထဲတွင် လူများ စကားပြောနေကြစဉ် ယန်ကျင်းဇီက ဆိုသည် : "ငါ တစ်ယောက်ယောက်ကို တွေ့နေခဲ့တယ်။"
အားလုံး အံ့ဩသွားကြသည် : "ဘယ်သူလဲ?"
"ဘာလို့ မင်းပြောတာကို ငါ မကြားဖူးရတာလဲ?"
"အထက်တန်းကျောင်းပြီးသွားတာနဲ့ မင်းက တစ်ယောက်ယောက်ကို တွေ့နေခဲ့တာပေါ့?"
...
ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးခါစအချိန်တွင် ယန်ကျင်းဇီသည် group chat ထဲတွင် စကားပြောနေသေးသည်။ ထိုအချိန်က သူသည် သူ၏ကိုယ်ပိုင်ဆက်ဆံရေးအကြောင်း ဘယ်တော့မှ ထည့်မပြောဖူးခဲ့ပေ။ အခြားသူများ မေးသောအခါ သူကလည်း စကားလမ်းကြောင်းလွှဲလိုက်သဖြင့် လူတိုင်းက သူ တစ်ယောက်ယောက်နှင့် တွေ့နေသည် ဟူသော အချက်မှာ ဟာသတစ်ခုသာဖြစ်သည်ဟု ထင်ခဲ့ကြသည်။
"ငါ အထက်တန်းကျောင်း တက်တုန်းက ငါ တစ်ယောက်ယောက်ကို တွေ့နေခဲ့တာ... ဘယ်သူလဲဆိုတာကတော့ မင်းတို့ မနက်ဖြန်ကျရင် သိရလိမ့်မယ်။" ယန်ကျင်းဇီက ပြောသည်။
ထိုအချိန်တွင် သူနှင့်ချန်အန်းရှိူ့တို့သည် အလွန်ငယ်ရွယ်ကာ လူများထံမှ ဆွေးနွေးမခံချင်ကြပေ။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့ပြီး ကောလိပ်ပြီးသွားသည့်အချိန်တွင်တောင်မှ သူတို့ လူသိရှင်ကြား ထုတ်မပြောခဲ့ကြချေ။
နောက်ပိုင်း သုတေသနဌာန၌ လူတိုင်းက သုတေသနအပေါ်တွင်သာ စိတ်နှစ်ထားကြသည်။ သူတို့ ရလဒ်များ ထုတ်လုပ်နိုင်သရွေ့ သူတို့ ချီးကျူးခံရလိမ့်မည်။ အခြားသူများ၏ဘဝများအကြောင်း သိပ်ဂရုမစိုက်ကြသဖြင့် သူတို့ ပွင့်ပွင့်လင်းလင်း အတူရှိနေခဲ့ကြသည်။
ယခုအချိန်မှာတော့ သူတို့ ဖုံးကွယ်ထားစရာ လုံးဝမလိုတော့ပါဘူး။
ထိုကဲ့သို့သော မက်ဆေ့ခ်ျတစ်စောင်ကို ပို့ပြီးနောက် ယန်ကျင်းဇီသည် သူ ရေချိုးပြီး အိပ်တော့မည်ဖြစ်၍ နောက်ထပ်မက်ဆေ့ခ်ျများကို ပြန်မဖြေတော့ဘူးဟု စာထပ်ပို့ခဲ့သည်။
ညတာသည် ရှည်လျားပြီး သူသည် ချန်အန်းရှိူ့နှင့် ခဏလောက် ဆော့ကစားကာ ချန်အန်းရှိူ့ကို နမ်းချင်သေးသည်။
ဤအချိန်တွင် group က အကြီးအကျယ် ပေါက်ကွဲနေကြပြီဖြစ်သည်။
ယန်ကျင်းဇီ အထက်တန်းကျောင်းတက်ကတည်းက တစ်ယောက်ယောက်ကို တွေ့နေခဲ့တာ ဘာလို့ သူတို့က လုံးဝ မသိခဲ့ကြတာတုန်း?
ဤလူများအားလုံးကြားတွင် ယွီလိမင်သည် အမှန်တရားကို ခန့်မှန်းမိသော်လည်း ဘာမှမပြောရဲပေ။
သူ့ဘော့စ်က ချန်အန်းရှိူ့ကို လိုက်ခဲ့တာမလား?
နောက်နေ့မနက်စောစောတွင် ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့သည် အိပ်ရာထပြီး သူတို့၏အဝတ်အစားများကို လဲကာ အမှတ် ၁ အထက်တန်းကျောင်းသို့ ကားမောင်းသွားကြသည်။
အမှတ် ၁ အထက်တန်းကျောင်းကို အထူးအလှဆင်ထားပြီး ကျောင်းဝင်ပေါက်၌ ဧည့်သည်များကို ကြိုဆိုရန် အထက်တန်းကျောင်းဝတ်စုံများ ဝတ်ထားသော ယောက်ျားလေးများနှင့်မိန်းကလေးများ ရှိနေသည်။
ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ ကားပေါ်မှ ဆင်းလိုက်သောအခါ လူအများ၏အာရုံကို ချက်ချင် ဖမ်းစားနိုင်လိုက်သည်။
သူတို့နှစ်ယောက်သည် ယခုဆိုလျှင် အသက်သုံးဆယ်အတွင်း ရှိနေကြပြီး ချောမောကာ နှစ်ပေါင်းများစွာ စုဆောင်းထားသော အငွေ့အသက်များ ရှိသည်။ ဒါက ယောက်ျားများ၏ ဆွဲဆောင်မှုအရှိဆုံးအချိန် ဖြစ်သည်။
" ကြိုဆိုပါတယ်! " တံခါးနားမှာ ရပ်နေသော ကျောင်းဝတ်စုံဝတ်ထားသော ကောင်လေးက လှမ်းအော်ပြီး မကြာခင်မှာဘဲ ကလေးမလေးတစ်ယောက်က စာရင်းသွင်းရန် ရောက်လာကာ သူတို့ကို ဦးဆောင်လမ်းပြသည်။
ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့သည် ရင်းနှီးသော ကျောင်းဝင်းထဲသို့ ဝင်လာကာ ကစားကွင်းသို့ ရောက်လာသည်။
နှစ်တစ်ရာပြည့်အခမ်းအနားတွင် ပါဝင်ဆင်နွှဲရန် ရောက်လာကြသော လူအများအပြား ရှိလေရာ ညီလာခံခန်းမသည် ရိုးရှင်းစွာပင် မဆန့်သောကြောင့် လူများ ထိုင်နိုင်ရန် သူတို့က ရိုးရိုးရှင်းရှင်းဖြင့် ကစားကွင်းတွင် ခုံများ ချထားလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ တိုက်တိုက်ဆိုင်ဆိုင် ဆောင်းဦးရာသီအလယ်ပိုင်းကာလ ဖြစ်နေလေရာ အပူချိန်က အရမ်းလည်းမမြင့်သလို အရမ်းလည်းမနိမ့်ပေ။
ယန်ကျင်းဇီနှင့်အခြားသူများ ရောက်သွားသောအခါ အလွန်စောနေသေးသဖြင့် ဘယ်သူမှ မထိုင်ကြသေးဘဲ အုပ်စုဖွဲ့စကားပြောနေကြသည်။ သူတို့ကို မြင်သောအခါ သူတို့၏အတန်းဖော်ဟောင်းတစ်ယောက်က ရောက်လာသည် : " ယန်ကျင်းဇီ! ချန်အန်းရှိူ့! "
ဖြစ်ချင်တော့ ထိုအတန်းဖော်သည် ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့၏နောက်တွင် ထိုင်ခဲ့ဖူးသော အတန်းဖော် ဖြစ်သည်။ သူသည် လာနှုတ်ဆက်ပြီးနောက် မေးသည် : " ယန်ကျင်းဇီ မင်းရဲ့လက်တွဲဖော်က ဘယ်သူလဲ? မနေ့က မင်း ငါတို့ကို အဲ့အကြောင်း ပြောကတည်းက ငါ ကောင်းကောင်းမအိပ်ရသေးဘူး။ ငါ မင်းကို မေးမလို့ ဒီမနက် အစောကြီးကတည်းက လာခဲ့တာ... မင်း ငါ့ကို ပြောပြရမယ်! "
သူသည် အတင်းအဖျင်းကို အနှစ်သက်ဆုံး ဖြစ်သည်။ သူ အထက်တန်းကျောင်းတက်စဉ်က သူ့အတန်းထဲတွင် ဘယ်သူက ဘယ်သူ့ကို ကြိုက်နေမှန်း သူ သိသော်လည်း ယန်ကျင်းဇီ တစ်ယောက်ယောက်နှင့် ကြိုက်နေမှန်း သူ မသိခဲ့ပေ။
ယန်ကျင်းဇီက ဆိုသည် : " မိုးကုပ်စက်ဝိုင်းထဲမှာ ဝေးပေမယ့် မင်းရှေ့မှာ နီးနီးကပ်ကပ် ရှိနေတယ်။ "
မိုးကုပ်စက်ဝိုင်းထဲမှာ ဝေးပေမယ့် မင်းရှေ့မှာ နီးနီးကပ်ကပ် ရှိနေတယ်? ယန်ကျင်းဇီ ပြောနေတာ ဘယ်သူလဲ? နောက်ခုံမှ အတန်းဖော်က အံ့အားသင့်သွားကာ ထို့နောက် သူ့ထံ ချန်အန်းရှိူ့က မျက်ဝန်းများထဲတွင် အပြုံးတစ်ပွင့်နှင့်အတူ လက်ဆန့်ထုတ်လာသည် : " ဟယ်လို ငါက ယန်ကျင်းဇီရဲ့ကောင်လေး ချန်အန်းရှိူ့ပါ။ "
နောက်ခုံမှ အတန်းဖော် : " ... "
ယန်ကျင်းဇီရဲ့လက်တွဲဖော်က ထင်မထားစွာဘဲ... ချန်အန်းရှိူ့တဲ့လား?!
သူတို့ အထက်တန်းကျောင်း တက်သောအခါ သူတို့သည် တစ်နည်းနည်းဖြင့် ဆရာများကို ကြောက်ခဲ့ကြသည်။ ချန်အန်းရှိူ့တွင် အဆင့်ကောင်းများ ရှိရုံတင်မကဘဲ သူ့မိဘများကလည်း ဆရာများ ဖြစ်ကြသည်။ လူတိုင်းက သူ့ကိုပင် ပိုကြောက်ခဲ့ကြသည်။ သို့သော် ယခု သူတို့သည် လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြပြီးပြီဖြစ်ကာ ချန်အန်းရှိူ့က ဖော်ဖော်ရွေရွေ မရှိနေဆဲဖြစ်နေသေးလျှင်တောင်မှ လူတိုင်းက သူ့ကို မကြောက်ကြတော့ပေ။
အနည်းဆုံးတော့ နောက်ခုံမှ အတန်းဖော်က ချန်အန်းရှိူ့ကို လုံးဝ မကြောက်ချေ။
သို့သော် သူက ထိတ်လန့်သွားသည် : " မင်းတို့နှစ်ယောက်၊ မင်းတို့နှစ်ယောက်က... အထက်တန်းကျောင်းမှာ တွဲခဲ့ကြတာလား? "
" ဟုတ်တယ် " ယန်ကျင်းဇီက ဆိုသည် : " ငါတို့ အထက်တန်းကျောင်းမှာကတည်းက ကြိုက်ခဲ့ကြတာ။ အဲ့လိုမှမဟုတ်ရင် ငါက အခန်း ၁ ကို ဝင်ခွင့်ရဖို့ အဲ့လောက်စိတ်အားထက်သန်နေခဲ့တာကို မင်းက ဘာကြောင့်လို့ ထင်လို့လဲ? "
နောက်ခုံမှ အတန်းဖော် : မင်း အခန်း ၁ ကို ဝင်ခွင့်ရဖို့အတွက်လေးနဲ့ မင်း အစက မင်းအဖေကို အဆောက်အဦးတောင် လှူခိုင်းခဲ့တာက... သိက္ခာဆယ်ဖို့ မဟုတ်ဘူးလား?
သို့သော် သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် ထိုအချိန်က ယန်ကျင်းဇီ၏သဘောထားမှာ... တကယ်ပဲ ယန်ကျင်းဇီက ချန်အန်းရှိူ့ကို အထူးအာရုံစိုက်ခဲ့သည်။
နောက်ခုံမှ အတန်းဖော်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရသည် : " ယန်ကျင်းဇီ မင်းက အံ့ဩစရာပဲ။ ချန်အန်းရှိူ့ကိုတောင် ဖမ်းနိုင်တယ်။ မင်းက ဆရာချန်ရဲ့နှာခေါင်းအောက်မှာတောင် သူ့ကို လိုက်ခဲ့သေးတာ... "
ဟေး အဲ့တုန်းကတော့ သူ အများကြီး မတွေးခဲ့ဘူး။ ဒါ့အပြင် သူတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေဆိုတော့ သူ တကယ်ကို မစဉ်းစားခဲ့တာ။ အဲ့ဒါ ချန်အန်းရှိူ့ရဲ့အဖေက ဆရာတစ်ယောက်ဆိုတဲ့အချက်နဲ့လည်း ဆိုင်တယ်!
တစ်စုံတစ်ယောက်က အစောပိုင်းဆက်ဆံရေးတစ်ခုတွင် ပါဝင်ပတ်သက်သောအခါ မစ္စတာချန်သည် စကားပြောရန် အမြဲတမ်း သူတို့ကို ဖိတ်ခေါ်လိမ့်မည်ဖြစ်သည်။ ဒါပေမယ့် သူက ယန်ကျင်းဇီအကြောင်း ဒါမှမဟုတ် ချန်အန်းရှိူ့အကြောင်း ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး!
" တကယ်တော့ ငါ သူ့ကို အဲ့လောက်ကြီး မလိုက်ခဲ့ရပါဘူး။ " ယန်ကျင်းဇီက ဆိုသည်။
ချန်အန်းရှိူ့သည် စစချင်း ဘာမှဝင်မပြောခဲ့ဘဲ တဖြည်းဖြည်း သူ့မျက်ဝန်းများထဲမှ အပြုံးက ပိုမိုနက်ရှိုင်းလာသည် : " တကယ်ဆိုရင် သူ့ကို အရင်ကြိုက်ခဲ့တာက ငါပါ။ "
နောက်ခုံမှ အတန်းဖော် : " ??? "
ယန်ကျင်းဇီက နောက်ခုံမှ အတန်းဖော်၏ ပခုံးကို ပုတ်လိုက်သည်။ " ချန်အန်းရှိူ့က ငါ့ကို အရမ်းချစ်တယ်လို့ အဲ့တုန်းက ငါ မင်းကို အမြဲပြောခဲ့တယ်မလား? ငါ အမှန်အတိုင်း ပြောနေခဲ့တာလေ။ "
နောက်ခုံမှ အတန်းဖော် : " !!! "
____
Thanks for reading 💙
____