အပိုင်း ၃၉ ( Genius Slacker 22 - extra 2 )
Viewers 10k

ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့၏နှစ်တွင် သူတို့၏ရှေ့၌ လေ့လာရေးနတ်ဘုရားနှစ်ပါး အမြန်ပြေးလွှားနေသောကြောင့်လားမသိ အခြားသူများ စာမကျက်မိလျှင် ရှက်ရွံ့လာအောင် စွမ်းဆောင်နိုင်သဖြင့် အခန်း ၁ ၏ အလုံးစုံသော ရလဒ်များက အတော်လေး ကောင်းမွန်ပြီး အောင်မြင်သူ အနည်းငယ်ပင် ရှိသေးသည်။


ဤလူများအားလုံးက ချန်အန်းရှိူ့နှင့်ယန်ကျင်းဇီကို သိကြသည်။


သူတို့နှစ်၏ အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသား မဟုတ်သော လူများတောင် ယန်ကျင်းဇီ သို့မဟုတ် ချန်အန်းရှိူ့ကို သိသူ များစွာ ရှိသည်။


ယောက်ျားနှစ်ယောက် နောက်ခုံမှ အတန်းဖော်နှင့် စကားပြောပြီးနောက် နောက်ထပ် လူအများအပြားက လာရောက်နှုတ်ဆက်ကြသည်။


အခြားသူများ မမေးလျှင် ယန်ကျင်းဇီသည် သူနှင့်ချန်အန်းရှိူ့တို့အကြောင်း အရင်စပြောလိမ့်မည် မဟုတ်သော်လည်း တစ်စုံတစ်ယောက်က မေးလျှင်တော့ သူက ရက်ရောသော အဖြေတစ်ခု ပေးလိမ့်မည်။


သူတို့နှစ်မှ မဟုတ်သောသူများက အဆင်ပြေကြသော်လည်း သတင်းကြားရပြီးနောက် သူတို့က အံ့ဩသွားကြသည်။ သို့သော် အံ့ဩရုံမျှသာ ဖြစ်သည်။


ပြီးခဲ့သောနှစ်များအတွင်း လူမှုပတ်ဝန်းကျင်က ပိုမိုပွင့်လင်းကာ အမျိုးသားများနှင့်အမျိုးသားများ၏ ဆက်ဆံရေးအကြောင်းကိစ္စများ ပိုမိုများပြားလာသည်။ ထို့ကြောင့် သူတို့က ဇဝေဇဝါမဖြစ်ကြဘဲ အများစုက ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ကို ကောင်းချီးပင် တိုက်ရိုက်ပေးသွားကြသည်။


အဆုံးမှာတော့ ဤလူနှစ်‌ယောက်က တစ်ယောက်နှင့်တစ်ယောက် တကယ် လိုက်ဖက်ကြသည်လေ။


သို့သော် သူတို့နှင့်တစ်နှစ်တည်းသမားအချို့ကတော့ လုံးဝ ဆွံ့အသွားကြရှာသည်။


အခန်း ၂ တွင် စာသင်ဖူးသော လူတစ်ယောက်က ချန်အန်းရှိူ့ကို ထိတ်လန့်စွာ ကြည့်သည် : " ငါ မင်းတို့ အိမ်သာထဲမှာ ရန်ဖြစ်နေတာကို တစ်ခါတွေ့ဖူးတယ်... "


ချန်အန်းရှိူ့ : " ... ငါတို့ ရန်မဖြစ်ခဲ့ဘူး။ "


" ဒါဆို မင်းတို့ အိမ်သာထဲမှာ ဘာလုပ်နေကြတာလဲ? " ထိုလူက ဝိုးတိုးဝါးတားနှင့် မေးသည်။


ချန်အန်းရှိူ့က ခေါင်းလှည့်ပြီး သူ့အား အမူအရာကင်းမဲ့စွာ ကြည့်လာသည် : " ငယ်ရွယ်တဲ့စုံတွဲတစ်တွဲက အိမ်သာထဲမှာ ဘာလုပ်နိုင်တယ်လို့ မင်း ထင်လဲ? "


မေးမိလိုက်တဲ့သူ : " !!! " သူ့အတွေးတွေက ဖြူစင်လွန်းနေခဲ့တော့ သူ ဘာကို လွတ်သွားခဲ့တာလဲ?!


ပြီးတော့ ချန်အန်းရှိူ့ရေ အဲ့လိုကိစ္စတွေကို အေးစက်စက်မျက်နှာထားကြီးနဲ့ ပြောနေတာ ရပ်လိုက်လို့ရမလား?


မင်းရဲ့ပုံရိပ် ကျဆင်းနေပြီ!


ဤအချိန်တွင် အခန်း ၁ group chat မှာ တစ်စုံတစ်ယောက်က မေးခဲ့သည် : "ကျောင်းအခမ်းအနားကို ဘယ်သူ တက်လဲ? ယန်ကျင်းဇီရဲ့ကောင်မလေးက ဘယ်သူလဲ မင်းတို့ သိကြလား? ငါတို့ကျောင်းက တစ်ယောက်ယောက်လား?"


ယန်ကျင်းဇီ၏ နောက်ခုံမှ အတန်းဖော်က စာပြန်သည် : "အဲ့ဒါ ငါတို့ရဲ့ကျောင်းနေဖက်။ ငါတို့အခန်းထဲကပဲ။"


Group chat ထဲမှ လူများ အံ့ဩသွားကြသည် : "ငါတို့အတန်းထဲက ဖြစ်နေတာလား? ဘယ်သူလဲဟ?"


" ငါတို့အတန်းထဲက မိန်းကလေးတွေ! မြန်မြန်ထွက်လာခဲ့!! ငါတို့ကို အမှန်အတိုင်း ပြောပြလိုက်တော့! "


" ယန်ကျင်းဇီက ငါတို့အတန်းထဲက မိန်းကလေးတွေကို အာရုံမစိုက်ခဲ့တာ သိသာတယ်နော်! "


...


ယွီလိမင်က မနေနိုင်တော့ဘဲ စာပြန်မိသွားသည် : "မိန်းကလေး မဟုတ်တာ ဖြစ်နိုင်တယ်... "


နောက်ခုံမှ အတန်းဖော်ကလည်း စာပြန်သည် : "မိန်းကလေး မဟုတ်ဘူး။"


အခန်း ၁ မှ လူများ ထပ်မံ အံ့ဩသွားရပြန်သည် : "မိန်းကလေး မဟုတ်ဘူး ဆိုတော့ ယောက်ျားလေးလား?"


"ယန်ကျင်းဇီက ယောက်ျားတွေကို ကြိုက်တာလား?"


"နေဦး၊ ယွီလိမင်! အဲ့တာ မင်းပဲ! မင်းက ယန်ကျင်းဇီကို တနေကုန် နှောင့်ယှက်နေတာ!"


"ဟုတ်တယ် ယွီလိမင် နောက်ဆုံးတစ်ခေါက်က ငါ မင်းကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့လုပ်တာ မင်းက အခု မလိုချင်သေးဘူးတဲ့လေ!"


...


ယွီလိမင် စကားမပြောနိုင်တော့ပေ။ ဘယ်တုန်းက သူ ယန်ကျင်းဇီကို နှောင့်ယှက်ဖူးလို့လဲ? သူက ယန်ကျင်းဇီအတွက် တောက်တိုမယ်ရအလုပ်တွေ လုပ်နေခဲ့တာပါနော် OK! "အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါက ညီငယ်လေးတစ်ယောက်သက်သက်ပဲ!"


" ဒါဆို ဘယ်သူလဲ? " လူတိုင်း ပဟေဋိဖြစ်သွားကြသည်။


နောက်ခုံမှ အတန်းဖော်သည် ဤလူများ၏ စိတ်ရှုပ်ထွေးမှုကို မြင်သောအခါ 'လူတိုင်းက မူးနေပြီး ငါတစ်ယောက်တည်း အသိရှိနေတယ်' ဆိုသော သက်တောင့်သက်သာ ခံစားချက် ရှိနေခဲ့သည်။


သူ အမှန်တရားကို ထုတ်ဖော်ပြီး ဤလူများကို ခြောက်လှန့်ခါနီးတွင် Group ထဲတွင် ချန်အန်းရှိူ့ စာပြန်သည်ကို သူ ရုတ်တရက် တွေ့လိုက်ရသည် : "အဲ့တာ ငါပါ။"


လူများက စကားပြောနေကြပြီး "အဲ့ဒါဆိုရင် အတိအကျက ဘယ်သူလဲ?" ဟူသော မေးခွန်းတွင် ၎င်း၏အောက်၌ အခြားသော အဖြေများစွာ ရှိနေပြီဖြစ်သည်။ အရမ်းများလွန်းသဖြင့် ချန်အန်းရှိူ့ ရုတ်တရက် စကားဝင်ပြောသောအခါ ချန်အန်းရှိူ့ ဘာအကြောင်း ပြောနေမှန်း ဘယ်သူမှ အဖြေမထုတ်နိုင်ပေ။


ဒီအတိုင်း သူတို့က အရမ်းအံ့ဩနေကြခြင်းဖြစ်သည် : "ချန်အန်းရှိူ့ မင်း စကားပြောပြီ!"


"မင်း စကားပြောတာကို ငါ မတွေ့ရတာ နှစ်တော်တော်ကြာပြီ။ ငါ မင်း ဒီနံပါတ်ကို ထပ်မလိုတော့ဘူးလို့ ထင်ခဲ့တာ!"


"ချန်ပီယံ မင်း အခု ဘာလုပ်နေလဲ?"


...


သို့သော် လူအချို့က ချန်အန်းရှိူ့၏ရီပလိုင်းကို စိုက်ကြည့်ကာ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားကြသည်။


‌ယန်ကျင်းဇီ၏ကောင်မလေးက ဘယ်သူလဲလို့ အတွေးများနေသည့် အတန်း၏ လှပသော လေ့လာရေးကော်မတီ အဖွဲ့ဝင်က ဤတစ်ကြိမ်တွင် ဝင်မေးသည် : "ချန်အန်းရှိူ့ နင် ခုနက 'အဲ့တာ ငါပါ' လို့ ပြောလိုက်တာမလား? နင်က ယန်ကျင်းဇီရဲ့ရည်းစား ဟုတ်တယ်မလား?"


ထိုစကားများ ထွက်လာသောအခါ group ထဲက တစ်ယောက်မှ စကားမပြောကြတော့ပေ။


Group chat ကို ဖတ်နေသူများ အံ့ဩသွားကြသည်။


ဤအချိန်တွင် ချန်အန်းရှိူ့က စာပြန်ခဲ့သည် : "ဟုတ်တယ်။"


လေ့လာရေးကော်မတီအဖွဲ့ဝင် အလှလေးက ဆိုသည် : "ငါ ပြောပါတယ် အရင်က နင်တို့နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း ငါ အာရုံရခဲ့တယ်လို့! ယန်ကျင်းဇီက နင့်စကား အရမ်းနားထောင်တာ...ဒါဆို နင်တို့က အတွဲတွေပေါ့!"


အခြားသူများ မတုံ့ပြန်ကြသေးပေ။


ယွီလိမင်က ပြောသည် : "မင်း တစ်ယောက်ယောက်ကို သဘောကျရင် သူတို့ပြောတာကို မင်း နားထောင်ရမယ်။"


ယွီလိမင် ပြောပြီးနောက် လူတိုင်း စကားပြောလာကြသည် : "ကိစ္စက ဒီလိုကိုး။ အဲ့တာကြောင့် ယန်ကျင်းဇီက ချန်အန်းရှိူ့နောက် လိုက်ရတာ သဘောကျတာပဲ။"


" ချန်အန်းရှိူ့က သူ့ကို မေးခွန်းတွေ ဖြေခိုင်းတယ်။ သူက ဘာမှမပြောဘဲ ဖြေလိမ့်မယ်။"


"ချန်အန်းရှိူ့က သူ့ကို ဆရာချန်နဲ့ ထမင်းလိုက်စားခိုင်းရင် သူက အဲ့ကိုရောက်သွားရော!"


...


"ချန်အန်းရှိူ့နဲ့ယန်ကျင်းဇီတို့နှစ်ယောက်စလုံးက အရည်အချင်းရှိပြီး ရုပ်ချောကြတယ်။ သူတို့က တော်တော်လိုက်ဖက်တယ်..."


"အဲ့တာမို့လို့ ယန်ကျင်းဇီရဲ့အဖေက ယန်ကျင်းဇီမှာ လက်တွဲဖော်ရှိတယ်လို့ ပြောပြီးတော့ ချန်အန်းရှိူ့စီမှာလည်း လက်တွဲဖော်ရှိတယ်လို့ ပြောတာကိုး။ အံ့ဩစရာမရှိတော့ပါဘူး။ ငါ သူတို့တွဲနေတယ်လို့ ခံစားခဲ့ရတာ!"


"ဘယ်တုန်းက သူတို့ တွဲခဲ့တာလဲ?"


"အထက်တန်း တတိယနှစ်လောက်က ဖြစ်နိုင်တယ်မလား? သူတို့ရဲ့ဆက်ဆံရေးက ပိုကောင်းလာပေမယ့် အဲ့အချိန်တုန်းက ငါ စာကျက်ရင်း အလုပ်ရှုပ်နေခဲ့တော့ သူတို့ကို အာရုံသိပ်မစိုက်ခဲ့မိဘူး။"


.....


စကားပြောနေကြစဉ် အချိန်အတော်ကြာ စကားမပြောခဲ့သော အတန်းထဲမှ ကောင်လေးတစ်ယောက်က ရုတ်တရက်ကြီး @ချန်အန်းရှိူ့ အား နာမည်တပ်ကာစကားပြောခဲ့သည် : "ချန်အန်းရှိူ့ မင်းလည်း ယောက်ျားတစ်ယောက်ကို ကြိုက်လိမ့်မယ်လို့ ငါ မထင်မိခဲ့ဘူး... ငါ အထက်တန်းတက်တုန်းက မင်းကို အရမ်းသဘောကျခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ငါ့မှာ ဝန်ခံဖို့ သတ္တိမရှိခဲ့ဘူး။ ငါ သိခဲ့မယ်ဆိုရင် အဲ့တုန်းက ငါ ဝန်ခံခဲ့မှာ။"


လူတိုင်း : "!!!" သူတို့အခန်းထဲမှာ ယောက်ျားတွေကို ကြိုက်တဲ့ တတိယမြောက်လူ ရှိသေးတာလား?!


ပြီးတော့ သူကလည်း ချန်အန်းရှိူ့ကို ကြိုက်တယ်?!


ကောင်းပြီ၊ ချန်အန်းရှိူ့ကို သဘောကျတာ ပုံမှန်ပါပဲ။ ထိုအချိန်တွင် မိန်းကလေးတော်တော်များများက ချန်အန်းရှိူ့ကို သဘောကျခဲ့ကြသည်။


ချန်အန်းရှိူ့က အေးစက်နေသော်လည်း သူက အရမ်းတာဝန်ယူတတ်သည်။ ချန်အန်းရှိူ့က လူများနှင့် စကားပြောရတာ မကြိုက်သော်လည်း သူက သူ့မှတ်စုများကို ဝေမျှရန် ဆန္ဒရှိသည်။ သူက ရုပ်ရည်ချောမောပြီး အဆင့်ကောင်းများ ရှိသည်... သေချာတာပေါ့၊ ယန်ကျင်းဇီကို သဘောကျသော ကောင်မလေးများက ပိုများသည်။


ဤအချိန်တွင် ယန်ကျင်းဇီ ထွက်လာသည် : "မင်း အန်းရှိူ့ကို ကြိုက်ရင်တောင် ဘာမှမထူးဘူး။ သူက ငါ့ကို ကြိုက်တာ!"


ယန်ကျင်းဇီ ဤရီပလိုင်းကို ပို့ပြီးသွားသည်နှင့်တပြိုင်နက် လူတိုင်းက သူ့ကို ချန်အန်းရှိူ့ ဘယ်လောက်တောင် သဘောကျလိုက်သလဲ ဆိုတာကို ဂုဏ်ယူစွာ ပြောနေသော သူ့ကို မြင်လိုက်ရသလိုပင်။


ထိုအချိန်က ယန်ကျင်းဇီ အမြဲပြောခဲ့သည်။


သို့သော် ထိုအချိန်တုန်းက သူတို့အားလုံး ယန်ကျင်းဇီ နောက်ပြောင်နေသည်ဟုသာ ခံစားခဲ့ရပြီး ချန်အန်းရှိူ့ ကြားသွားလျှင် စိတ်ဆိုးသွားမည်ကို သူတို့ အမြဲတမ်း စိုးရိမ်နေခဲ့ရသည်။


အခုတော့... လူတိုင်းက @ချန်အန်းရှိူ့ ကို tag တွဲလိုက်ကြသည် : "ယန်ကျင်းဇီကို လာအရေးယူပါ!"


ယန်ကျင်းဇီက ဆိုသည် : "သူက ငါ့ကို အရေးယူမှာ မဟုတ်ဘူး။ သူက ငါ့ကို အရမ်းချစ်တာ။"


လေ့လာရေးကော်မတီအဖွဲ့ဝင် အလှလေး သည်းမခံနိုင်တော့ပေ : "ချန်အန်းရှိူ့ နင် ယန်ကျင်းဇီက အရိုက်ခံသင့်တယ်လို့ ထင်လား?"


ချန်အန်းရှိူ့က စကားလုံးနှစ်လုံးနှင့်သာ စာပြန်သည် : "ဟင့်အင်း"


အတန်းထဲမှ အလွန်တက်ကြွသော ကောင်လေးတစ်ယောက်က ပြောသည် : "ချန်အန်းရှိူ့ မင်းက ယန်ကျင်းဇီကို အရမ်းကာကွယ်လွန်းတယ်!"


ယန်ကျင်းဇီက စာပြန်သည် : " ငါမှမဟုတ်ရင် သူက ဘယ်သူ့ကို သွားကာကွယ်မှာလဲ?"


ချန်အန်းရှိူ့က ပြန်ဖြေသည် : "ဟုတ်တယ်။"


အားလုံးက ခဏတဖြုတ် စကားဆက်ပြောကြကာ ကျောင်းအခမ်းအနား စတင်သောအခါ ချန်အန်းရှိူ့နှင့်ယန်ကျင်းဇီတို့နှစ်ယောက်စလုံး သူတို့၏ဖုန်းများကို ချထားလိုက်ကြသည်။


ယန်ကျင်းဇီသည် ချန်အန်းရှိူ့အနား တိုးသွားကာ အပြုံးတစ်ပွင့်နှင့်အတူ မေးသည် : " မင်း အရမ်းပျော်နေတာလား? "


ချန်အန်းရှိူ့သည် အမြဲတမ်း အမူအရာကင်းမဲ့နေသော်လည်း ချန်အန်းရှိူ့၏ စိတ်ခံစားချက်များကို မကြာခဏ သူ အရင်ဆုံး သတိပြုမိလေ့ရှိသည်။ ယခု ချန်အန်းရှိူ့က အရမ်းပျော်နေပုံပေါ်သည်။


ချန်အန်းရှိူ့က ခေါင်းညိတ်ပြသည်။


" ပိုင်ဆိုင်ကြောင်း ကြေငြာလိုက်ရလို့လား? " ယန်ကျင်းဇီက ထပ်မေးပြန်သည်။


ချန်အန်းရှိူ့က ခေါင်းထပ်ညိတ်ပြကာ သူ့လက်ကို ထုတ်ပြီး ယန်ကျင်းဇီ၏လက်ကို ကိုင်ကာ လက်တွဲလိုက်သည်။


အထက်တန်းတက်နေစဉ် သူသည် အမှန်တကယ်ပင် အလွန်စိတ်လှုပ်ရှားကာ စိုးရိမ်ပူပန်ခဲ့ရသည်။


သူသည် ယောက်ျားများကို သဘောကျကာ ဒါက အများပြည်သူ လက်ခံနိုင်သော ကိစ္စတစ်ခု တစ်ခါမှ မဟုတ်ခဲ့ပေ။


သူ့ပတ်ဝန်းကျင်မှလူများ သူတို့ကို အကြည့်များ ပေးကြမည်ကို သူ ကြောက်သည်။ ယန်ကျင်းဇီနှင့်သူ့ဆက်ဆံရေးကို မိသားစုဝင်များ သဘောမတူကြမည်ကို သူ ကြောက်သည်။ သူ သူ့မိဘများအတွက် အားပင်အားနာမိသည်။


ထို့ကြောင့် ထိုအချိန်တွင် သူသည် သူ့ခံစားချက်များကိုသာ ဖုံးကွယ်ထားနိုင်ခဲ့သည်။


ယခုမူကား နောက်ဆုံးတွင်တော့ သူ ကြောက်စရာမလိုတော့ပေ။


ယန်ကျင်းဇီက သူ့အပိုင်မှန်း သူ လူတိုင်း သိစေချင်သည်။


" မင်းတို့နှစ်ယောက် အာရုံစိုက်ထား။ ကင်မရာသမားက ဓာတ်ပုံတွေရိုက်နေတယ်။ " သူတို့ရှေ့တွင် ထိုင်နေသည့် တရုတ်စာ သင်သော ဆရာလျိုက ခေါင်းလှည့်လာသည်။


ယန်ကျင်းဇီက ပြုံးပြီး သူ့လက်ကို လွှတ်ကာ တစ်စုံတစ်ခုကို တွေးမိသွားသည် : " ဆရာလျို ကျွန်တော်နဲ့အန်းရှိူ့အကြောင်း သိတာ တော်တော်ကြာပြီလား? "


ဆရာလျို၏လက်ထဲတွင် ဂန္ဓမာလက်ဖက်ရည် ဖန်ပုလင်းတစ်ပုလင်း ရှိနေသည်။ သူက ယန်ကျင်းဇီအား ပေါ့ပေါ့ပါးပါး တစ်ချက်စောင်းကြည့်ကာ ဆိုသည် : " လူတွေ မြင်ရအောင် ရူးနှမ်းနှမ်း စာတွေ ပြည့်နေတဲ့ မှတ်စုစာအုပ်ကို မင်း ထုတ်လိုက်တဲ့ပုံက တမင်တကာလုပ်မှန်း သိသာလွန်းတယ်... ဒါပေမယ့် အဲ့မတိုင်ခင်က မင်းတို့နှစ်ယောက် တွဲနေမယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး။ "


သူနှင့်ချန်အန်းရှိူ့၏အဖေသည် ကျောင်းသားများစွာကို သင်ကြားပေးခဲ့ပြီး သူတို့သည် လူများကို ကောင်းမွန်စွာ အကဲခတ်တတ်သည်။ ယခင် ယန်ကျင်းဇီ လူအများ၏ရှေ့တွင် ရူးနှမ်းနှမ်း စာများ ပါသော မှတ်စုစာအုပ်ကို တမင်တကာ ထုတ်ယူပြီး ထိုစာများ အဖြန့်ခံလိုက်ရသောအခါ တစ်ခုခု မှားနေမှန်း သူ သတိထားမိသွားသည်။


ထိုအချိန်တွင် ယန်ကျင်းဇီသည် ထိုသို့ပြုမူခဲ့သည်မှာ ချန်အန်းရှိူ့ကို ကာကွယ်ဖို့ ဖြစ်နိုင်သည်... ဒါကို အခြေခံကာ ယန်ကျင်းဇီကို အမှန်တကယ် သဘောမကျခဲ့သော သူ့တွင် ယန်ကျင်းဇီအတွက် ပိုမိုကောင်းမွန်သော အမြင် ရှိလာခဲ့သည်။


" အဲ့ကိစ္စမဖြစ်ခင်က ကျွန်တော် တော်တော်လေး တုံးခဲ့တာ ဒါပေမယ့် နောက်ပိုင်း ပြန်ပြီးအသိပြန်ဝင်လာတယ်။ " ယန်ကျင်းဇီက ပြုံးသည်။


ကျောင်းအခမ်းအနားက အလွန်လျင်မြန်စွာ စတင်ခဲ့သည်။ ရှေးဦးစွာ ခေါင်းဆောင်များက စင်မြင့်ပေါ်တွင် စကားပြောကြပြီး ထို့နောက် ထူးချွန်ကျောင်းသားဟောင်းတချို့က အမှာစကား ပြောကြကာ ဆရာအချို့ကလည်း ချီးမွမ်းခံကြရသည်။


သေချာတာပေါ့၊ စင်မြင့်ပေါ်တွင် ကျောင်းသားများ ဖျော်ဖြေမည်ကို ရှောင်လွှဲမရပေ။


ချီးမွမ်းခံရသော ဆရာများထဲတွင် အဖေချန်နှင့်အမေချန်တို့လည်း ပါဝင်သည်။


နေ့လယ်ခင်း၌ ကျောင်းကန်တင်းတွင် လူတိုင်း ဘူဖေးစားကြသည်။


ဤအချိန်တွင် အမှတ် ၁ အထက်တန်းကျောင်းမှ ဆရာများအားလုံးနီးပါး ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့ကြားမှ ဆက်ဆံရေးကို သိပြီးသွားကြပြီဖြစ်သည်။


" ဆောင်းရာသီအားလပ်ရက်နဲ့ နွေရာသီအားလပ်ရက်တွေမှာ မင်း နေ့တိုင်း ချန်အန်းရှိူ့ရဲ့အိမ်ကို ပြေးသွားတာ အံ့ဩစရာမရှိတော့ပါဘူး။ "


" မင်းတို့နှစ်ယောက်၊ ငါ အစက တကယ် မတွေ့ခဲ့တာပဲ။ "


" မင်းတို့တွဲနေပြီဆိုမှတော့ မင်းတို့ အတူရှိနေသင့်တယ်။ "


...


သေချာပေါက် ယောက်ျားနှစ်ယောက် တွဲနေခြင်းအပေါ် အထင်သေးနှိမ့်ချသော ဆရာအချို့လည်း ရှိသည်။ ထိုအကြောင်းကို ကြားပြီးနောက် သူတို့က မထီမဲ့မြင်ပင် ပြုကြသော်လည်း ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ကို ဘာမှ မပြောနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အဖေချန်နှင့်အမေချန်တို့၏ရှေ့တွင်တော့ ထောက်ခံသော မျက်နှာထားနှင့် အချို့သော ချဉ်စုပ်စုပ် စကားလုံးများကို ပြောသွားကြသည်။


အဖေချန်နှင့်အမေချန်တို့သည် ရင့်ကျက်နေကြပြီဖြစ်ကာ ကိစ္စအား အချိန်အတော်ကြာ တွေးတောပြီးပြီဖြစ်၍ ဒီအတိုင်း လျစ်လျူရှူထားလိုက်ကြသည်။


ကျောင်းအခမ်းအနား ပြီးဆုံးသောအခါ ထိုညသည် အတန်းဖော်ဟောင်းများ စုဝေးပွဲ ဖြစ်သည်။


ဆယ်နှစ်ကျော်ကြာမြင့်ပြီးနောက်မှာတော့ တစ်ချိန်က အခန်း ၁ တွင် ပညာသင်ယူဖူးသော အတန်းဖော်များသည် တစ်နိုင်ငံလုံးအနှံ့ ရှိနေခဲ့သည်။ လူတိုင်းက အတန်းပြန်ဆုံပွဲသို့ မလာနိုင်ပေ။ အဆုံးမှာတော့ လူအယောက်သုံးဆယ်သာ လာရောက်ပါဝင်နိုင်သည်။


အခြားတစ်ဖက်၌ ယန်ကျင်းဇီသည် T မြို့ရှိ အကောင်းဆုံးဟိုတယ်တွင် သီးသန့်အခန်းတစ်ခန်းကို ကြိုတင်မှာယူပြီး စောစောသွားခဲ့သည်။


သူ စောစောသွားခဲ့သည်ဟု သူ ထင်ထားခဲ့သော်လည်း အခြားသူများ သူ့ထက် ပိုစော၍ လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူတို့ ရောက်သွားသောအခါ တစ်စုံတစ်ယောက်က စောင့်ဆိုင်းနေပြီဖြစ်သည်။


" ယန်ကျင်းဇီ! ချန်အန်းရှိူ့! " အတန်းဖော်များက သူတို့ကို တွေ့သောအခါ နှုတ်ဆက်ကြသည်။


သူတို့အချင်းချင်း မတွေ့တာ ဆယ်စုနှစ်တစ်ခု ကျော်နေပြီဖြစ်သည်။ အတန်းထဲမှ မိန်းကလေးအများစုသည် မည်သို့ ဝတ်စားဆင်ယင်ရမည်ကို သင်ယူခဲ့ကြသောကြောင့် ပို၍လှပလာကြသော်လည်း အတန်းထဲမှ ယောက်ျားလေးများမှာတော့ အချို့က ဝပြီး ထိပ်ပြောင်လာကြကာ ထိုနှစ်၏ ချောမောသော ကောင်လေးများစွာကို ယခု မမြင်နိုင်တော့ပေ။


ဆန့်ကျင်ဘက်အနေဖြင့် ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့သည် တကယ့်ကို ထင်ရှားပေါ်လွင်နေကြသည်။


" ဆယ်နှစ်ကြာသွားပြီ။ မင်းတို့နှစ်ယောက် ပိုချောလာကြတယ်! "


" မင်းတို့နှစ်ယောက် သိပ္ပံသုတေသန လုပ်နေကြတာ မဟုတ်ဘူးလား? မင်းတို့ ထိပ်မပြောင်ကြဘူးပဲ! "


" ငါ နေ့လယ်တုန်းက တကယ် အံ့ဩသွားတာ။ မင်းတို့တွဲနေမယ်လို့ ငါ မထင်ထားဘူး... "


...


ချန်အန်းရှိူ့သည် ဤကဲ့သို့သော မြင်ကွင်းများနှင့် ကောင်းစွာ မဆက်ဆံတတ်သလို စကားလည်း မပြောသော်ငြား ယန်ကျင်းဇီက သူတို့နှင့် စကားပြောခဲ့သည်။


ယန်ကျင်းဇီတွင် ဟန်ဆောင်မှု မရှိပါ။ လူတိုင်းက သူတို့နှင့် လျင်မြန်စွာ ရင်းနှီးလာကြသည်။ သူနှင့်ချန်အန်းရှိူ့တို့အကြောင်းများကိုလည်း ပြောဖြစ်ကြသည် : " ယန်ကျင်းဇီ မင်း ချန်အန်းရှိူ့ရဲ့လက်ရေးကို ပထမဆုံး ကော်ပီကူးပြီး မင်းကိုယ်တိုင်အတွက် ရည်းစားစာတွေ ပြန်ရေး‌တဲ့အချိန်ကို မှတ်မိသေးလား... အဲ့အချိန်တုန်းက မင်း ချန်အန်းရှိူ့ကို ကြိုက်ခဲ့တာမလား?


ယန်ကျင်းဇီက ရယ်သည် : " ဟုတ်တယ်။ "


ထိုလူက အချစ်ကဗျာများနှင့် ပျံ့နှံ့လာသော chat ၏ screenshot များ အကြောင်း ပြောပြန်သည် : " အဲ့တုန်းက မင်းက ကတ်သီးကတ်ဖဲ့နိုင်တယ်။ လူတွေနဲ့ စကားပြောတဲ့အခါ မင်းက ဘယ်တော့မှ ချန်အန်းရှိူ့ကို မကြိုက်ဘူးလို့ လူတွေကို ပြောတယ်။ ပြီးတော့ ချန်အန်းရှိူ့က မင်းကို ဘယ်လောက်‌ကြိုက်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းတွေကို ပုံပြောပြတယ်...ဟားဟား! "


ငယ်ရွယ်စဉ်က အချို့ကိစ္စများကို တွေးကြည့်ရုံဖြင့် သူတို့အား အလွန်ပျော်ရွှင်စေကာ ရယ်မောစေသည်။


" အဲ့ဒါက လုပ်ကြံဖန်တီးထားတာ မဟုတ်ဘူး။ " ချန်အန်းရှိူ့က ရုတ်တရက် ပြောလိုက်သည်။


စကားပြောနေသောသူက ထိုစကားလုံးများကို ကြားသောအခါ ကြက်သေသေသွားသည်။


ဟိုတယ်သီးသန့်ခန်းထဲမှ အလင်းရောင်သည် အလွန်လင်းထိန်နေပြီး ချန်အန်းရှိူ့၏မျက်နှာပေါ်တွင် တောက်ပနေကာ ချန်အန်းရှိူ့အား အနည်းငယ် နူးညံ့သိမ်မွေ့ပုံ ပေါ်သွားစေသည် : " ငါ သူ့ကို အဲ့ဒီအချိန်ကတည်းက ကြိုက်ခဲ့တယ်။ "


ဒါကို ကြားတော့ အနီးအနားမှ လူတိုင်း အံ့ဩသွားကြသည်။


ချန်အန်းရှိူ့က ထပ်ပြောသည် : " တကယ်တော့ အဲ့အချိန်တုန်းက ပျံ့သွားတဲ့ ရည်းစားစာတွေက ငါ ရေးခဲ့တာ။ "


ဘေးပတ်ဝန်းကျင်မှ လူများ စိတ်ရှုပ်သွားသည်။


ယွီလိမင်သည်လည်း အလွန်စောစီးစွာ ရောက်လာသူတစ်ယောက် ဖြစ်သည်။


ဤနှစ်များတစ်လျှောက် သူသည် ယန်ကျင်းဇီအား အလွန်ကျေးဇူးတင်‌နေခဲ့သည်။


သူ အထက်တန်းကျောင်းတက်စဉ်က သူ့အိမ်တွင် ကိစ္စအချို့ ‌ကြုံတွေ့ခဲ့ရပြီး ဘဝက အရမ်းခက်ခဲခဲ့၏။ ယန်ကျင်းဇီ၏ကျေးဇူးကြောင့် သူသည် ညီငယ်လေးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရကာ သူ့ဘဝအား လွယ်ကူသက်သာချောမွေ့စေခဲ့လေသည်။


သို့သော် သူသည် အချင်းချင်း နှစ်ပေါင်းများစွာ မတွေ့ရဘဲ ယန်ကျင်းဇီအား မည်သို့ခေါ်ရမည်ကို သူ မသိသဖြင့် သူ ဘယ်တော့မှ ရှေ့မတိုးဘဲ ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့အား အနောက်မှ မလှမ်းမကမ်း ကြည့်နေခဲ့သည်။


သူ၏ဘော့စ်က အလှလေးကို ပွေ့ဖက်နိုင်ခဲ့ပြီ။ သူ သူ့ဘော့စ်အတွက် အလွန်ပျော်ကာ သူ ကြည့်လေလေ သူ့ဘော့စ်နှင့်ချန်အန်းရှိူ့တို့က အရမ်းလိုက်ဖက်သည်ဟု သူ ခံစားရလေလေ ဖြစ်သည်။


ဒါပေမယ့် အခု သူ ဘာကြားလိုက်ရတာလဲ?


အဲ့တုန်းက နေရာတိုင်း ပျံ့နေခဲ့တဲ့ ရည်းစားစာတွေကို တကယ်တမ်း ရေးထားတာက ချန်အန်းရှိူ့တဲ့လား?


ချန်အန်းရှိူ့ကလည်း ထိုအချိန်၌ သူသည် ယန်ကျင်းဇီကို အလွန်နှစ်သက်ကြောင်း ပြောခဲ့သည်။ အဲ့တုန်းက ပျံ့ခဲ့တဲ့ chat တွေရဲ့ screenshot တွေထဲက သူ့ဘော့စ်ပြောခဲ့တဲ့ဟာတွေက မှန်မနေလောက်ပါဘူးနော်?


ယွီလိမင် အံ့အားသင့်သွားပြီး အနီးအနားမှ လူများက ပို၍ပင် အံ့အားသင့်သွားကြသည်။


ဤအချိန်တွင် နေ့ခင်းဘက်၌ ထိတ်လန့်တုန်လှုပ်နေခဲ့သော ယန်ကျင်းဇီ၏ နောက်ခုံမှ အတန်းဖော်သည် နောက်ဆုံးမှာတော့ သူ့အသိစိတ်များ ပြန်ရောက်လာပြီဖြစ်သည် : " ချန်အန်းရှိူ့က သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲ့အချိန်တုန်းက သူ ပြောခဲ့တာတွေက အမှန်ပဲလို့ ယန်ကျင်းဇီ အရင်က ငါ့ကို ပြောဖူးတယ်... "


အတန်းဖော်များ : " ... "


ယန်ကျင်းဇီ အခန်း ၁ သို့ ပြန်ရောက်လာသောအခါ ယန်ကျင်းဇီအတွက် အဖေချန် စီစဉ်ပေးထားသည့် တသီးတသန့်နေတတ်သော ထိုင်ခုံဖော်ထိုင်ခုံဖက်မှာ ယခုအခါတွင် အထက်တန်းစားတစ်ဦးနှင့်တူသည်။ ဤအခိုက်အတန့်တွင် သူသည် ယန်ကျင်းဇီအား အံ့အားသင့်စွာ ကြည့်သည် : " ဒါဆို အဲ့တုန်းက ချန်အန်းရှိူ့ ငါနဲ့ နေရာပြောင်းတာ မင်းရဲ့စာလေ့လာမှုအပေါ် စိုက်ကြည့်ဖို့မဟုတ်ဘဲ မင်းနဲ့နီးချင်လို့ပေါ့? "


" အင်း " ယန်ကျင်းဇီက ဆိုသည် : " အဲ့တုန်းက ငါ မင်းကို လိမ်မပြောခဲ့ပေမယ့် မင်းက မယုံဘူးလေ။ ဒါပေမယ့် ငါ ‌ကျွမ်းကောင်းဟန်နဲ့ အခြားသူတွေကို စကားပြောတော့ ငါ ချန်အန်းရှိူ့ကို မကြိုက်ဘူးလို့ သူတို့ကို ပြောခဲ့တယ်။ အဲ့ဒါက အတုပဲ။ အဲ့တုန်းက ငါ သူ့ကို တကယ်ကြိုက်တယ်။ အန်းရှိူ့အတွက်သာမဟုတ်ဘူးဆိုရင် ငါ အခန်း ၁ ကို ပြန်သွားနိုင်ပါ့မလား? "


အတန်းဖော်များ : " ... " သေချာပေါက် သူတို့ မယုံနိုင်ခဲ့ဘူးပေါ့! အဲ့တုန်းက ချန်အန်းရှိူ့က သူ့ကို ပိုပြီးကောင်းကောင်းစားစေချင်လို့ ချန်အန်းရှိူ့က သူ့ကို ဆရာချန်နဲ့အတူတူ ထမင်းခေါ်စားခိုင်းတယ်လို့တောင် ယန်ကျင်းဇီက ပြောခဲ့တာ... သူတို့ လုံးဝ တစ်ယောက်ယောက်က ဆရာချန်နဲ့ အတူတူ ထမင်းကောင်းကောင်းစားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ!


ဒါပေမယ့် အခု ဒီလူနှစ်ယောက်က အဲ့ဒါကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုလိုက်ပြီ‌ဆိုတော့ သူတို့ ယုံရတော့မယ်...


ဒါဆို သူတို့ အရမ်းရိုးသားတဲ့ အဲ့အချိန်တုန်းက ဒီနှစ်ယောက်က သူတို့ရှေ့မှာ တကယ်ကြီး ချစ်သွားကြတာလား?


လူတိုင်းက ချန်အန်းရှိူ့ကို မသိမသာ လှမ်းကြည့်မိလိုက်ကြသည်။ ယန်ကျင်းဇီကို ကြည့်သော ချန်အန်းရှိူ့၏အကြည့်က နူးညံ့သိမ်မွေ့လွန်းကာ လူနှစ်ယောက်၏လက်များက အတူတွဲထားကြဆဲဖြစ်သည်ကို သူတို့ ရုတ်တရက် သတိပြုမိသွားသည်။


" နင်တို့တွဲတာ နှစ်တွေတော်တော်ကြာပြီလား? " လေ့လာရေးကော်မတီအဖွဲ့ဝင် အလှလေးက ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့အား အားကျစိတ်ဖြင့် ကြည့်နေသည်။


" ဒါပေါ့။ " ယန်ကျင်းဇီက ရယ်ပြီး ချန်အန်းရှိူ့၏လက်ကို ယူကာ နမ်းလိုက်သည်။


ချန်အန်းရှိူ့က ယန်ကျင်းဇီကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး ယန်ကျင်းဇီ၏လက်ကို ယူကာ ယန်ကျင်းဇီ၏လက်ဖမိုးအား နမ်းသည်။


ယန်ကျင်းဇီ၏ပင်ကိုစရိုက်က အလွန် တက်ကြွရွှင်ပျသည်။ သူက ချန်အန်းရှိူ့ကို နမ်းသည်။ ဒါကို လူတိုင်းက သာမန်ဟု ထင်သော်လည်း ချန်အန်းရှိူ့က သူ့ကို ရုတ်တရက် နမ်းလိုက်တော့ ရှိသမျှလူတိုင်း နည်းနည်းအံ့ဩသွားကြသည်။ အံ့ဩပြီးနောက် သူတို့၏နှလုံးသားများ ပျော့ပျောင်းသွားသည်ဟု သူတို့ ခံစားလိုက်ရသည်။


သူတို့နှစ်ယောက်ဟာ တကယ့်ကို လိုက်ဖက်ညီပြီး သူတို့နှစ်ယောက်ကို အတူတူ တွေ့ရတာ ထူးထူးခြားခြား သူတို့ အရမ်းပျော်သည်။


ဒါ့အပြင်... ဒီလိုချန်အန်းရှိူ့က သူတို့ကို အရမ်းသဘောကျစေတယ်။ သူတို့အားလုံး ယန်ကျင်းဇီစီက သူ့ကို လုချင်လာပြီ!


ဤသို့တွေးရင်း သူတို့ ယန်ကျင်းဇီကို ချန်အန်းရှိူ့ ပြုံးပြလိုက်သည်အား တွေ့လိုက်ရသည်။


သူ ပြုံးပြတာ အရမ်းချစ်စရာကောင်းတယ်!


ဒါဆို ယန်ကျင်းဇီရှေ့မှာ ချန်အန်းရှိူ့ရဲ့ပုံစံက ဘယ်လိုမျိုးလဲ?


မိန်းကလေးများသည် တစ်ယောက်ပြီးတစ်ယောက် မျက်ဝန်းများ တောက်ပလာကာ ယောက်ျားလေးများက သူတို့ သည်းမခံနိုင်တော့ဟု ခံစားလိုက်ရ၏။ အကယ်၍ ချန်အန်းရှိူ့သာ သူတို့ကို ဤသို့လိုက်ကာ သူတို့အတွက် ရည်းစားစာများ ရေးပေးမည်ဆိုလျှင် သူတို့လည်း ကွေးသွားမည်ဖြစ်သည်။


အင်း၊ ယန်ကျင်းဇီ သူတို့ကို လိုက်မယ်ဆိုရင်လည်း သူတို့ ကွေးသွားမှာပါပဲ...


ကံမကောင်းစွာဖြင့် ချန်အန်းရှိူ့၏အပြုံး၊ သူတို့ ရိပ်ခနဲသာ မြင်လိုက်ရသည်— ယန်ကျင်းဇီက ချန်အန်းရှိူ့ကို ဖက်ပြီး ချန်အန်းရှိူ့၏မျက်နှာကို သူ့ရင်ခွင်ထဲ ဖွက်ထားသည် : " အန်းရှိူ့ မင်း အရမ်းချစ်စရာကောင်းအောင် ပြုံးလိုက်တယ်။ သူများတွေကို မပြနဲ့။ ကိုယ့်ကိုပဲ ပြပါ။ "


" ယန်ကျင်းဇီ မင်း အရမ်းကပ်စေးနည်းတယ်! " လူတိုင်း မပြောဘဲ မနေနိုင်ပေ။


ထိုသို့သော အလှည့်အပြောင်းတစ်ခု ပြီးသွားသည့်နောက်မှာတော့ လေထုက ပိုမိုကောင်းမွန်လာသည်။ တစ်ယောက်က ယန်ကျင်းဇီကို မေးသည် : " ယန်ကျင်းဇီ မင်း ချန်အန်းရှိူ့နဲ့တွဲနေချိန်မှာ ဆရာချန်စီက အရိုက်ခံဖူးလား? "


" အရိုက်မခံဖူးဘူး " ယန်ကျင်းဇီက ရယ်မောလိုက်သည်။ " တကယ်တော့ ငါ အထက်တန်း ဒုတိယနှစ်တက်ကတည်းက ဆရာချန်က ငါတို့တွဲနေမှန်း သိပြီးသား။ အထက်တန်း ဒုတိယနှစ်တက်တဲ့အချိန်မှာပဲ ငါ ငါ့မိဘတွေကိုလည်း ဖွင့်ပြောပြီးပြီ။ "


အတန်းဖော်များ : " ... " အံ့ဩစရာပဲ! သူတို့ထဲက တချို့တွေဆို အခုထိ တစ်ကိုယ်ရေသမားတွေဖြစ်နေကြတုန်း။ သူများတွေများ သူတို့ရဲ့အထက်တန်းဒုတိယနှစ်မှာတင် သူတို့ရဲ့ဘဝတစ်သက်တာပြဿနာတွေကို ဖြေရှင်းပြီးသွားကြပြီတဲ့!


ယန်ကျင်းဇီသည် ဤအတန်းဖော်များနှင့် စကားအများကြီး ပြောခဲ့သည်။ ပြီးနောက် သူ ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့အကြောင်း မတော်တဆ သိလိုက်ရသည်။


ကျွမ်းကောင်းဟန်သည် အထက်တန်းကျောင်းပြီးသောအခါ နိုင်ငံခြားသို့ သွားခဲ့ပြီး ဖူးကျီးလည်း လိုက်သွားခဲ့သည်။ နိုင်ငံရပ်ခြားမှာ သူတို့ လိုက်လျောညီထွေ မနေနိုင်ခဲ့ကြဘူး။ နှစ်အနည်းငယ်ကြာတော့ သူတို့နှစ်ယောက် အရှက်ကွဲပြီး T မြို့ကို ပြန်ရောက်လာသည်။


ကျွမ်းကောင်းဟန် တရုတ်သို့ ပြန်ရောက်ခါစအချိန်တွင် သူက blind date သွားခဲ့သည်ဟု ဆိုကြသော်လည်း နောက်ပိုင်းမှာ ဘာဆက်ဖြစ်မှန်း သူတို့ မသိကြပေ။ Blind date က ပျက်သွားပြီး သူက ဖူးကျီးနှင့် တွဲဖြစ်သွားသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဖူးကျီး၏ဒေါသက ပိုပို‌ဆိုးလာကာ သူက ကျွမ်းကောင်းဟန်နှင့် အမြဲရန်ဖြစ်သည်။ ပြီးတော့ ကျွမ်းကောင်းဟန်...သူ့တွင် ရည်းစားများစွာ ရှိပြီး ဆက်ဆံရေးက အတော်လေး ရှုပ်ထွေးသည်ဟု ဆိုကြသည်။


ယန်ကျင်းဇီသည် အတန်းဖော်များထံမှ သတင်းများ ရုတ်တရက် ကြားလိုက်ရသောအခါ အံ့အားသင့်သွားပြီး မကြာခင်မှာပဲ သူက ထပ်ပြုံးလိုက်ပြန်သည် : " ငါ တကယ် မထင်ထားခဲ့ဘူး... "


ကျွမ်းကောင်းဟန် ဖူးကျီးနှင့် ဖြစ်သွားလိမ့်မည်ဟု ယန်ကျင်းဇီ တကယ် မမျှော်လင့်ထားခဲ့ပေ။


ဖူးကျီး ကျွမ်းကောင်းဟန်ကို ကြိုက်မှန်း သူ သိသော်လည်း ကျွမ်းကောင်းဟန်က အဖြောင့်ကောင်ဟု သူ အမြဲတမ်း ထင်ထားခဲ့သည်။


ဟုတ်တယ်၊ ကျွမ်းကောင်းဟန်က တကယ် မဖြောင့်ပါဘူး။ သူသာ အဖြောင့်ကောင်ဆိုရင် သူ့မှာ မူလပိုင်ရှင်ကို ကြိုးနဲ့မျှားပြီး မူလပိုင်ရှင် သူ့ကို ထောက်ပံ့အောင် လုပ်နိုင်တဲ့ အရည်အချင်း ဘယ်လိုလုပ် ရှိပါ့မလဲ?


သူ ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့၏သတင်းများကို သိသော်လည်း သူ လျင်မြန်စွာ ချက်ချင်း ဘေးဖယ်ထားလိုက်သည်။


သူသည် ယခုအချိန်တွင် ပျော်ရွှင်စွာနေထိုင်နေပြီး အခြားသူများကို ဂရုစိုက်ရန် အချိန်မရှိပေ။


သို့သော် ယန်ကျင်းဇီ မထင်ထားခဲ့သည်မှာ သူ့တွင် ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့ကို ‌စကားပြောချိန် မရှိဘဲ ထိုနှစ်ယောက်က သူ့စီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမည်ကိုပင်။


အတန်းပြန်ဆုံပွဲအပြီးတွင် သူတို့သည် ဟိုတယ်တံခါးဝသို့ အတူရောက်လာကြပြီး ကျွမ်းကောင်းဟန်နှင့် တွေ့သည်။


ကျွမ်းကောင်းဟန်က ဒီကို တမင်သက်သက် လာခဲ့သည်။


သူ ကျောင်းပြောင်းပြီး အမှတ် ၁ အထက်တန်းကျောင်းမှ ထွက်လာခဲ့သော်လည်း သူ အမှတ် ၁ အထက်တန်းကျောင်းမှ လူအချို့နှင့် ခင်မင်နေဆဲဖြစ်သည်။ ကျောင်းအခမ်းအနားကို တက်ရောက်ရန် ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ ပြန်ရောက်လာမှန်းလည်း သူ သိသည်။


ပြီးတော့ သူ မလိုလားသောကြောင့် သူ လာခဲ့သည်။


သူ အမြဲတမ်း တွေးနေခဲ့သည်မှာ သူ့ကို မူလက အမြဲ အလွန်ကြိုက်ခဲ့သော ယန်ကျင်းဇီသည် ရုတ်တရက် သူ့ကို ဘယ်လိုလုပ် မကြိုက်တော့တာလဲ ဟူ၍။


ထိုအချိန်က သူသည် အသက်ငယ်လွန်းပြီး ဘဝင်တအားမြင့်လွန်းခဲ့သည်ကိုလည်း သူ နောင်တရမိသည်... အကယ်၍ သူသာ ယန်ကျင်းဇီကို အရင်တောင်းပန်ပြီး သူ့နှစ်သက်မှုကို ပြသမည်ဆိုလျှင် သူ ယန်ကျင်းဇီနှင့် အတူရှိနေနိုင်မှာလား?


ယန်ကျင်းဇီက အရည်အချင်းမဲ့ပြီး မသိနားမလည် ဒုတိယမျိုးဆက်သူဌေးသား ဖြစ်နေသေး‌လျှင်တောင်မှ ဖူးကျီးထက် အများကြီးသာသည်။ အနည်းဆုံးတော့ ယန်ကျင်းဇီက ချမ်းသာပြီး ဘယ်သူ့ကိုမှ မရိုက်ဘူး!


" ယန်ကျင်းဇီ မတွေ့တာကြာပြီ။ " ယန်ကျင်းဇီကို တွေ့တော့ ကျွမ်းကောင်းဟန်က အစပျိုးကာ နှုတ်ဆက်လိုက်သည်။


ထူးထူးခြားခြား ဝတ်စားဆင်ယင်မှုကြောင့် ဖြစ်နိုင်သည်။ ကျွမ်းကောင်းဟန်၏ ပုံပန်းသွင်ပြင်မှာ ဆုတ်ယုတ်မသွားသော်လည်း သူ့ခန္ဓာကိုယ်တွင် အဆီများစွာ ရှိကာ သူ့ခြေထောက်များ၊လက်များနှင့်အတူ သူ့ကြည့်ရတာ အနည်းငယ် ဝပုံ ပေါ်နေသည်။


" မတွေ့တာကြာပြီ။ " ယန်ကျင်းဇီက ပေါ့ပေါ့ပါးပါးပြောပြီး ထွက်သွားတော့မည်ဖြစ်သည်။


" ယန်ကျင်းဇီ ဘာပဲဖြစ်ဖြစ် ငါတို့က အတူတူကြီးလာတဲ့ သူငယ်ချင်းတွေပါ။ မင်း အဲ့လောက် အေးစက်နေစရာ မလိုဘူးမလား? " ကျွမ်းကောင်းဟန်က ရယ်သည်။


" ငါတို့က သူငယ်ချင်းတွေ မဟုတ်တော့ဘူး။ " ယန်ကျင်းဇီက ဆိုသည်။ စကားသံ ထွက်လာသည်နှင့် သူ ဖူးကျီးကို တွေ့လိုက်ရသည်။


" ကျွမ်းကောင်းဟန်? မင်း သူ့ကို သွားရှာနေတာလား? " ဖူးကျီးက ရောက်လာပြီး ကျွမ်းကောင်းဟန်၏ အဝတ်အစားများကို လှမ်းဆွဲသည် : " မင်း ငါနဲ့ ပြန်လိုက်ခဲ့။ "


" ဖူးကျီး! " ကျွမ်းကောင်းဟန် ရှက်သွားသည်။


ဖူးကျီးက ဆိုသည် : " ကျွမ်းကောင်းဟန် မင်းက ယန်ကျင်းဇီ ဘယ်လောက်ကောင်းတယ်လို့ ထင်နေတာလဲ? သူက ယောက်ျားတွေကို ကြိုက်တယ်။ သူ့မိဘတွေက သူ့ကို စွန့်ပစ်ပြီး သူ့အစ်မကို ပြန်တွေ့သွားပြီ။ အခု သူက ဘာမှမဟုတ်တော့ဘူး! "


ယန်ကျင်းဇီ : " ... " အဲ့လိုကိစ္စမျိုး ရှိတာလား?


အခန်း ၁ မှ ကျောင်းသားတစ်ယောက် : ဖူးကျီး မင်း အရမ်းအတွေးလွန်နေတာမလား? ယန်ကျင်းဇီရဲ့အဖေက နေ့တိုင်း သူ့သားကို အွန်လိုင်းပေါ်မှာ ကြွားနေတုန်းပဲ! ဒါပေမယ့် ယန်ကျင်းဇီက စီးပွားရေး မလုပ်ဘဲ သိပ္ပံသုတေသန သွားလုပ်သည်။ သူတို့ စစချင်း တွေးထားသလောက်တော့ မက်မောစရာမကောင်းပေမယ့်ပေါ့။


" ဖူးကျီး ငါ့ကိုလွှတ်! " ကျွမ်းကောင်းဟန်သည် ဖူးကျီးထံမှ လွတ်အောင်ရုန်းကာ ရှက်ရွံ့ပြီး လှည့်၍ ထွက်ပြေးသွားခဲ့သည်။


ဖူးကျီးက နောက်မှ လိုက်‌သွားချင်သော်လည်း ခြေလှမ်းနှစ်လှမ်း လျှောက်ပြီးနောက် ရပ်သွားကာ တစ်စုံတစ်ယောက်ကို ရိုက်ရန် ကြိုးစားရင်း ယန်ကျင်းဇီထံ ပြန်လျှောက်လာသည် : " ယန်ကျင်းဇီ မင်း... "


သူ ယန်ကျင်းဇီကို ရိုက်‌တောင်မရိုက်ရသေးပေမယ့် ရုတ်တရက် ပြေးထွက်လာသော လူနှစ်ယောက်ထံမှ ဖမ်းချုပ်ခံလိုက်ရသည်။ ဖူးကျီးကို ထိန်းချုပ်လိုက်ပြီးနောက် သူတို့က ယန်ကျင်းဇီကို အလေးပင်ပြုလိုက်သေးသည် : " ‌ပရော်ဖက်ဆာယန်၊ ပရော်ဖက်ဆာချန် အဆင်ပြေရဲ့လား? "


" အဆင်ပြေတယ်။ " ယန်ကျင်းဇီက ဆိုသည်။ သူက ထပ်ပြောပြန်သည် : " သူက အဲ့လိုပဲ... "


" သူက ပရော်ဖက်ဆာတို့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ။ကျွန်တော်တို့ သူ့ကို စုံစမ်းလိုက်ပါ့မယ်! " သက်တော်စောင့်က ဖူးကျီးကို ကြည့်သောအခါ သူက အထူးသတိထားသည်။ သူ လက်ဟန်ပြလိုက်ပြီး နောက်ထပ်လူနှစ်ယောက် ထွက်လာသောအခါ ဖူးကျီးကို ခေါ်သွားကြသည်။


ထမင်းစားနေစဉ်က ယွီလိမင်နှင့်ယန်ကျင်းဇီတို့ အချင်းချင်း ပြန်ရင်းနှီးလာခဲ့သည် : " ဘော့စ် ဒါက? "


" မကြားသေးခင်တုန်းက ရလဒ်အချို့ အောင်မြင်ခဲ့တော့ ငါနဲ့အန်းရှိူ့ကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားကြတာ။ " ယန်ကျင်းဇီက ပြုံးသည်။


အခန်း ၁ မှ ကျောင်းသားများ : " ... " ယန်ကျင်းဇီသည် သိပ္ပံသုတေသနတွင် ပါဝင်ဆက်နွယ်ရန်အတွက် လုံလောက်သော မက်မောစရာမရှိဟု သူတို့ ထင်ခဲ့ကြသည်... အထူးကာကွယ်ခံရတဲ့ သိပ္ပံပညာရှင်တွေက ဘယ်လိုလုပ် သာမန်သိပ္ပံပညာရှင်တွေ ဖြစ်နိုင်ပါ့မလဲ?


အခန်း ၁ မှ ကျောင်းသားများသည် လုံးဝ ယုံကြည်ချက်ခိုင်မာခဲ့ကြသည်။


လအနည်းငယ်ကြာပြီးနောက် သတင်းများတွင် ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့၏အမည်များကို သူတို့ တွေ့လိုက်သောအခါ ယန်ကျင်းဇီ ပြောခဲ့သည့် ရလဒ်များအကြောင်း သူတို့ သိလိုက်ရကာ ပို၍ပင် အထင်ကြီးသွားကြ၏။


ဒီလူနှစ်ယောက်က အားကျစရာကောင်းလွန်းတယ်!