ကြယ်ပွင့်
ဤတွင် အလွန်ကျယ်ဝန်းသော ဧည့်ခန်းကျယ်တစ်ခန်း ရှိသည်။ ဧည့်ခန်း၏တစ်ဖက်တွင် ဆိုဖာများနှင့် ကော်ဖီစားပွဲများ ရှိပြီး အလွန်ဇိမ်ကျကာ ဆိုဖာများပေါ်တွင် လူငါးယောက် ထိုင်နေသည်။ အခြားတစ်ဖက်တွင် ရိုက်ကူးရေးပစ္စည်းမျိုးစုံ ရှိကာ လူဆယ့်နှစ်ယောက် သို့မဟုတ် ထို့ထက်ပိုသော လူများက ရိုက်ကူးရေးပစ္စည်းများနှင့် အလုပ်ရှုပ်နေကြသည်။
ဤနေရာတွင် ရိုက်ကူးရေး လုပ်နေ... မဟုတ်၊ ယခုလက်ရှိ ရိုက်ကူးနေခြင်း မရှိပေ။ တကယ့်ရိုက်ကူးရေးက နောက်မှ စလိမ့်မည်။
ထို့အတွက်ကြောင့် ဆိုဖာပေါ်တွင် ထိုင်နေသော လူငါးယောက်က သူတို့၏ကိုယ်ပိုင်ကိစ္စများ သူတို့ဘာသာ သူတို့ လုပ်နေသည်။
ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လစ်လှပသော မိန်းကလေးများထဲမှ တစ်ယောက်သည် သူ(မ)၏မျက်နှာပေါ်မှ မိတ်ကပ်ကို လေ့လာနေပြီး စိတ်မချမ်းမြေ့စွာ ညည်းတွားသည် : " ငါ့မှာ ကောင်းကောင်းမကပ်တဲ့ မျက်တောင်တစ်ခု ရှိနေတယ်... "
အလွန်ချစ်စရာကောင်းပြီး ပိန်ပိန်ပါးပါး မိန်းကလေး နောက်တစ်ယောက်က သူ(မ)ကိုယ်သူမ နေရောင်ခံခရင်မ်ကို လိမ်းနေသည် : " နင့်မျက်တောင်တွေကို စိတ်ပူမနေနဲ့။ နင်က အပြင်ထွက်ပြီး ရှုတင်ရိုက်ရမှာ နေရောင်ခံခရင်မ်တွေကိုသာ လိမ်းစမ်းပါ!"
အခြားသုံးယောက်မှာ အကုန်လုံး ယောက်ျားလေးများသာ ဖြစ်သည်။ ဤသုံးယောက်တွင် တစ်ယောက်က အနည်းငယ် ခက်ထန်ပုံပေါ်သော လေးဆယ်ကျော်အရွယ် ဖြစ်ပြီး တစ်ယောက်က အသက်နှစ်ဆယ်အောက် ငယ်ပုံပေါ်ကာ သူက ယနေ့ခေတ် လူတော်တော်များများကြားတွင် ရေပန်းအစားဆုံး နုနုဖတ်ဖတ် ပန်းပွင့်ငယ်လေးလို ကောင်လေးမျိုးနှင့် ပုံစံတူသည်။ ယခု သူတို့နှစ်ယောက်စလုံး ဖုန်းသုံးနေကြပြီး နောက်ဆုံးတစ်ယောက်ကတော့...
သူသည် အသက်နှစ်ဆယ့်လေးနှစ် သို့မဟုတ် နှစ်ဆယ့်ငါးနှစ် အရွယ်ဖြစ်ပြီး အရပ်ရှည်ကာ ချောမောသော အမျိုးသားတစ်ဦး ဖြစ်သည်။ အဆိုပါငါးဦးတွင် နာမည်အကျော်ကြားဆုံးလည်းဖြစ်သည့် ယန်ကျင်းဇီ။
ယန်ကျင်းဇီသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ရုတ်တရက် နာမည်ကြီးလာခဲ့သည်။
သူ နာမည်ကြီးလာသောအခါတွင် သူသည် အသက်နှစ်ဆယ့်သုံးနှစ် ရှိနေပြီဖြစ်သည်။ အခြား လတ်လတ်ဆတ်ဆတ် အသားတုံးလေးများနှင့် နှိုင်းယှဉ်လျှင် သူက တော်တော်လေး အသက်ကြီးနေပြီဖြစ်သော်လည်း သူက နာမည်ကြီးကာ တော်တော်လေး လူကြိုက်များနေဆဲပင်။
ဒါက သူ့တွင် ထူးကဲသော ထင်ရှားပေါ်လွင်သည့်ရုပ်ရည် ရှိသောကြောင့်ဖြစ်သော်ငြား သူက လုံလုံလောက်လောက် အလုပ်ကြိုးစားသောကြောင့်လည်း ဖြစ်သည်။ သူသည် ပြီးခဲ့သည့်သုံးနှစ်အတွင်း မရပ်မနားနီးပါး ဆက်တိုက်အလုပ်လုပ်ခဲ့သည်။ သူသည် ရသစုံရှိုးများစွာတွင် ပါဝင်ခဲ့ကာ တီဗီဒရမ်မာများစွာတွင်လည်း သရုပ်ဆောင်သည်။ သူသည် ကြည့်ရှူသူပရိသတ်ရှေ့တွင် ခဏခဏ ပေါ်ပေါ်လာရင်း ကြည်ရွှင်နွေးထွေးပြီး တက်ကြွလန်းဆန်းကာ ကိုယ့်ကိုယ်ကို အားကိုးသော အပြင်ပန်းသရုပ်သကန်နှင့် အထူးတလည် သဘောကျဖွယ်ကောင်းအောင် ဖန်တီးဆောင်ရွက်ခဲ့သည်။
ပုံမှန်အားဖြင့် သူသည် အမြဲလိုလို အလုပ်အလွန်ကြိုးစားလွန်းပြီး အချိန်ဇယားက အရမ်းကြပ်၍လားမသိ ယခု သူ ဆိုဖာပေါ်မှီပြီး အိပ်ပျော်သွားသည်။
" ကျီချန်းရှိူ့ ဒီကိုရောက်လာပြီ။ သူ ဝင်လာတာကို ရိုက်ဖို့ လူတိုင်း ပြင်ထားကြ။ " ဤအခိုက်အတန့်၌ လူတစ်ယောက် တံခါးကနေ ဝင်လာပြီး အခန်းထဲမှ လူများကို နှုတ်ဆက်သည်။
မိန်းကလေးနှစ်ယောက်က မျက်တောင်ခြယ်ဆေးနှင့် နေရောင်ခံခရင်မ်ကို လျင်လျင်မြန်မြန် လိမ်းလိုက်ကြသည်။ ဖုန်းသုံးနေသော ယောက်ျားနှစ်ဦးကလည်း ဖုန်းများကို အောက်ချလိုက်ပြီး တည့်တည့်မတ်မတ် ပြောင်းထိုင်ကြလိုက်သည်။ သူတို့ထဲမှ အသက်နှစ်ဆယ်အောက်ငယ်သော ချစ်စရာကောင်လေးက ယန်ကျင်းဇီကိုလည်း လှမ်းနှိုးသည် : " ယန်ကျင်းဇီ ထတော့။ "
ယန်ကျင်းဇီ နိုးလာသည်။
သူ နိုးလာသောအခါ သူ မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်ရာ ဖြစ်နေကြောင်း သူ သိလိုက်ရသည်။ ယန်ကျင်းဇီ ထိတ်လန့်သွားသော်လည်း သူ သူ့တည်ငြိမ်အေးဆေးမှု မပျောက်သွားအောင် ထိန်းသိမ်းလိုက်နိုင်သည်။ သူသည် ဤအရာအားလုံးကို အလွန်ကျင့်သားရနေပုံပင်ပေါ်သည်။ သူ ပြုံးလိုက်သည် : " တောင်းပန်ပါတယ် ငါ အိပ်ပျော်သွားတယ်။ "
ယန်ကျင်းဇီ၏ သရုပ်ဆောင်မှုမှာ စင်းလုံးချော အမှားအယွင်းမရှိသော်လည်း အမှန်တကယ်မှာ သူ့နှလုံးက တဒိန်းဒိန်း ခုန်နေသည်။
သူ့ရှေ့မှ ဤအရာအားလုံးမှာ သူ့အတွက် လုံးဝ ထူးဆန်းနေသည်။
သူ ကူးပြောင်းလာတယ်!
သူ ဘယ်သူလဲ သူ မသိသည့်အပြင် မကူးပြောင်းလာခင်က မှတ်ဉာဏ်များပါ သူ့တွင် မရှိသော်လည်း ယခု သူ ကူးပြောင်းလာမှန်း သူ သိသည်။ ပြီးနောက် ယခု ကြည့်ခြင်းအားဖြင့် သူ သရုပ်ဆောင်မင်းသားတစ်ယောက်အဖြစ် သို့မဟုတ် သရုပ်ဆောင်လောကတွင် ပါဝင်ပတ်သက်နေသူတစ်ယောက်အဖြစ် ကူးပြောင်းလာပုံရသည်။
သူ ဘာဆက်လုပ်ရမလဲ? သူ ဒါတွေအကြောင်း ဘာမှမသိဘူး!
ပိုဆိုးတာက သူ့မှာ မူလပိုင်ရှင်ရဲ့ ဘာမှတ်ဉာဏ်မှ မရှိဘူး!
သူ ဘာဆက်လုပ်ရမလဲ လုံး၀ မသိတော့ဘူး!
ယန်ကျင်းဇီသည် သူ့ခေါင်း နည်းနည်းနာနေသလို ခံစားရသည်။ သူ ဘာလုပ်ရမယ်မှန်း မသိနေစဉ် လျှာဦးထုပ် ဆောင်းထားသော လူတစ်ယောက် ပြောတာကို သူ ကြားလိုက်ရသည် : " ဟုတ်ပြီ ငါ ငါးအထိ ရေပြီးရင် ငါတို့ စရိုက်ကြမယ်။ ၅၊ ၄၊ ၃၊ ၂၊ ၁ ... စ! "
သူတို့ ရိုက်နေကြပြီလား? သူတို့ ဘာကိုရိုက်ကြမှာလဲ?
ယန်ကျင်းဇီ အလျင်စလို ခုန်ထမိမတတ်ပင်။ သို့သော် သူ သူ့စိတ်ထဲ အလွန်တရာ စိုးရိမ်ပူပန်နေလျှင်တောင်မှ သူ သူ့အပြုံးကို ထိန်းသိမ်းနိုင်နေဆဲဖြစ်သည်။
" အစ်ကိုယန်၊ ကျွန်တော် အစ်ကိုရဲ့ မင်းသားငယ်လေး ဇာတ်ကောင်ကို အချစ်ဆုံးပဲ။ " ယန်ကျင်းဇီ၏ဘေးတွင် ထိုင်နေသော အသက်နှစ်ဆယ်အောက် ငယ်သည့် ကောင်လေးက ပြုံးကာ ယန်ကျင်းဇီကို ကြည့်သည် : " မင်းသားငယ်လေးက ကျွန်တော့်ရဲ့ တကယ့် male god အစစ်ပဲ! "
ယန်ကျင်းဇီ ရယ်လိုက်သည် : " သဘောကျပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... " သူ ဘာပြောသင့်လဲ? မင်းသားငယ်လေးက ဘာမှန်းတောင် သူ မသိဘူး!
ယန်ကျင်းဇီ စိတ်ရှုပ်ထွေးနေပြီး တံခါးပွင့်သွားသည်။
ထို့နောက် အသက်သုံးဆယ်သာသာ အမျိုးသားတစ်ဦး ဝင်လာသည်။
ဒါက ယောက်ျားပီသပြီး ဆွဲဆောင်မှုအပြည့်ရှိသော ချောချောမောမော ယောက်ျားတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာက ထင်ရှားပြတ်သားကာ ထောင့်ချွန်းကျပြီး သူ့အသားအရည်က အနည်းငယ် ညိုနေ၍ ရင့်ကျက်မှုနှင့်တည်ငြိမ်မှုကို ခံစားရစေသည်။
ဤလူကို မြင်သောအခါ ယန်ကျင်းဇီ၏နှလုံးသားက အခုန်မြန်လာသည်။
သူ မြင်မြင်ချင်း ချစ်မိသွားပြီ။
သူ ဘာလို့ ကူးပြောင်းလာလဲ သူ သိလိုက်ပြီ။ ဒါ ဒီလူ့အတွက်ပဲ ဖြစ်ရမယ်!
အချိန်ခဏကြာသည့်အထိ ယန်ကျင်းဇီ သူ မလုပ်နိုင်သော ကိစ္စများအကြောင်း စိုးရိမ်ပူပန်ရန်ပင် မေ့သွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူ့ခေါင်းက မူးဝေလာကာ မူးဝေပြီးနောက် ချက်ချင်း မူလပိုင်ရှင်၏မှတ်ဉာဏ်များ သူ့စိတ်ထဲ စိမ့်ဝင်လာသည်။
ယန်ကျင်းဇီ သူ့အပြုံးကို မထိန်းသိမ်းနိုင်လုနီးပါး ဖြစ်သွားသည်—သူက ဆန်ကုန်မြေလေးတစ်ယောက် ဖြစ်နေတယ်တဲ့လေ!
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ သူနှင့် တူသောအမည် ရှိပြီး မူလပိုင်ရှင်ကိုလည်း ယန်ကျင်းဇီဟုပင် ခေါ်သည်။ ဆိုးတာက... မူလပိုင်ရှင်သည် ဆန်ကုန်မြေလေးတစ်ယောက် လုံးလုံးလျားလျား စင်စစ်ဖြစ်နေခြင်းပင်။
မူလပိုင်ရှင်သည် သာမန်အလုပ်သမားလူတန်းစား မိသားစုတွင် မွေးဖွားခဲ့သည်။ သူ့အဖေသည် သူ အသက်အလွန်ငယ်ရွယ်စဉ်အချိန်ကပင် လမ်းချော်ပြီး မိသားစုကို လုံးဝ ဂရုမစိုက်ချေ။ မူလပိုင်ရှင်က သူ့ကို ပြုစုပျိုးထောင်ဖို့ သူ့အမေကို အားကိုးခဲ့ရသည်။
ဒါပေမယ့် သူက သူ့အမေအတွက် အားမနာပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက သူ့အမေအပေါ် တောင်းဆိုမှုများ အများကြီး လုပ်ခဲ့ပြီး သူက အနာဂတ်မှာ ချမ်းသာလာလိမ့်မည်ဟုလည်း သူ ထင်ခဲ့သည်။
အကြောင်းအရင်းမှာ သူက ရုပ်ရည်အရမ်းချောမောနေ၍ဖြစ်သည်။
မူလပိုင်ရှင်သည် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်သာ ရှိနေချိန်တွင် သူသည် အနာဂတ်၌ ကြယ်ပွင့်တစ်ပွင့် ဖြစ်ရန် ဆုံးဖြတ်ခဲ့ကာ သူ နာမည်ကျော်ကြားလာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
နာမည်ကျော်ကြားပြီးနောက် သူ၏ မကောင်းသော အချက်အလက်များ တူးဖော်ခံရမည်ကို ကြောက်သောကြောင့် သူသည် သူ့အမွှေးအတောင်များကို အလွန်မြတ်နိုးတန်ဖိုးထားပြီး သူ အပြင်ထွက်သောအခါ အလွန်ကောင်းမွန်သော ပုံရိပ်ကို ဖန်တီးသော်လည်း သူသည် သူ့အမေကို ဘယ်တော့မှ မျက်နှာသာမပေးခဲ့ပေ။
မူလပိုင်ရှင် အသက်ဆယ့်ရှစ်နှစ် အရွယ်ရောက်လာသောအခါ အနုပညာအသိုင်းအဝိုင်းထဲ ဝင်ရောက်ရန် အခွင့်အရေးတစ်ခု သူ တကယ် ရှာတွေ့ခဲ့သည်။
ဒါပေမယ့် အနုပညာနယ်ပယ်က ဘယ်လိုလုပ်ပြီး လွယ်ကူနေနိုင်ပါ့မလဲ?
ဒီကမ္ဘာမှာ ကြည့်ကောင်းတဲ့လူတွေ ပြတ်တောက်မှု ဘယ်တော့မှ မရှိခဲ့ဘူးလေ!
မူလပိုင်ရှင်၏ အေးဂျင့်သည် မူလပိုင်ရှင်ကို နေရာတိုင်း ခေါ်သွားပြီး မူလပိုင်ရှင်၏ ဓာတ်ပုံများကို နေရာတိုင်းသို့ ပေးပို့ကာ ကိုယ်ရေးအချက်အလက်ကို နေရာတိုင်း လျှောက်လွှာတင်သည်။ ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ လူရှာနေသည် ဆိုသော သတင်းကို သူ ကြားသည်နှင့်တပြိုင်နက် သူက ချက်ချင်း အဲ့နေရာကို သွားလိမ့်မည်... သို့သော် သူသည် မည်သည့်အရင်းအမြစ်ကိုမှ လုံးဝ မရှာဖွေနိုင်ခဲ့ချေ။
မူလပိုင်ရှင်၏ကိုယ်ရေးအကျဉ်းကိုတောင် အခြားလူများ မကြည့်ကြသည်မှာ အကြိမ်ရေခဏခဏပင်။
ဤကဲ့သို့ နှစ်နှစ်ကြာနေထိုင်ပြီးနောက် မူလပိုင်ရှင်သည် အနုပညာနယ်ပယ်၌ ကောင်းမွန်စွာ မရောထွေးနိုင်ဆဲဖြစ်သည်။
သူ့အမွှေးအတောင်များကို မြတ်နိုးတန်ဖိုးထားရန် စဉ်းစားနေဆဲဖြစ်သော မူလပိုင်ရှင်သည် စိုးရိမ်ပူပန်လွန်းသဖြင့် ရွှေသခင်ကို ရှာဖွေရန်ပင် လိုလားခဲ့သည်။ သို့သော် အဓိကအချက်မှာ ရွှေသခင်ကလည်း ရှာတွေ့ရန် လွယ်ကူမနေ။
ချောမောပြီး ရည်မှန်းချက်ကြီးသော အမျိုးသားများစွာ ရှိသော်လည်း သူတို့ကို 'ထောက်ပံ့'ချင်သည့် ချမ်းသာသော အမျိုးသမီးများ အများကြီး မရှိ။
အကယ်၍ သူ့တွင် ကျော်ကြားမှုအချို့ ရှိမည်ဆိုလျှင် လူများက ကြယ်ပွင့်လေးနှင့် အိပ်ချင်ပါက ကောင်းမွန်သော ဈေးတစ်ခု ပေးချင်စိတ် ရှိချင်ရှိပေလိမ့်မည်။ ဒါပေမယ့် အဓိကပြဿနာက သူ့မှာ ကျော်ကြားမှု လုံးဝ မရှိတာပဲ!
သို့သော်ငြား သူ့တောင်းဆိုချက်များက မြင့်မားနေဆဲပင်။ သူသည် ရွှေသခင်နှင့် အိပ်ဖို့အတွက် ပိုက်ဆံပေးခံရတာ မပျော်ရွှင်ပေ။ သူ့ရွှေသခင်အား သူ့ကို အရင်းအမြစ်များ ပေးစေချင်သည်။
အချိန်များကုန်ဆုံးလာပြီး သူသည် အသက်နှစ်ဆယ့်နှစ်နှစ် ရှိနေပြီဖြစ်ကာ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော သူ၏ ငါးနှစ်စာချုပ်က သက်တမ်းကုန်တော့မည်ဖြစ်သော်လည်း သူ့တွင် ဘာမှမရှိသေး။ ဤအချိန်တွင် သူ့ကုမ္ပဏီကလည်း အဝယ်ခံလိုက်ရသည်...
သူသည် အလွန်သေးငယ်သော ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီက ဒေဝါလီခံရခါနီး ယဲ့တဲ့တဲ့ အခြေအနေဖြစ်နေပြီ ဖြစ်သည်။ ကုမ္ပဏီသည် အခြေခိုင်သော ကုမ္ပဏီတစ်ခု၏ လွှဲပြောင်းရယူခြင်းကို ခံလိုက်ရသည်။
ဤအချိန်၌ မူလပိုင်ရှင်သည် ကုမ္ပဏီတွင် ကျီချန်းရှိူ့ကို တွေ့ဆုံခဲ့၏။
ကျီချန်းရှိူ့သည် တည်ထောင်ထားတာကြာပြီဖြစ်သော ထိုသက်တမ်းရှည်ကုမ္ပဏီ၏ မဏ္ဍိုင်များထဲမှ တစ်ခု ဖြစ်သည်။ သူ့မိဘနှစ်ပါးစလုံးသည် ယခင်နှစ်များအတွင်းက နာမည်ကြီးသရုပ်ဆောင်များ ဖြစ်ကြပြီး သူကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက စတင်သရုပ်ဆောင်ခဲ့သည်။ သူ့သရုပ်ဆောင်စွမ်းရည်မှာ ထူးချွန်လွန်းလှသဖြင့် သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ရုပ်ရှင်သရုပ်ဆောင်ဆုပင် ရခဲ့လေသည်။
တစ်ခုရှိတာက... သူသည် အရမ်းသိုသိုသိပ်သိပ်နေထိုင်လွန်းသဖြင့် ရသစုံရှိုးများ သို့မဟုတ် အလားတူရှိုးများတွင် တစ်ခါမှ မပါဝင်ခဲ့ပေ။ သူ့သရုပ်ဆောင်အလုပ်များ ရှိနေပြီး လူများက သူ့ကို ရင်းနှီးကြသော်လည်း သူက အရမ်းနာမည်မကြီးချေ။
မကြာသေးမီနှစ်များအတွင်း အမျိုးမျိုးသော traffic star များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကာ နောက်ပိုင်းတွင် သူတို့ တစ်ယောက်ပြီးတစ်ယောက် နာမည်ကြီးလာသောအခါ ဘယ်သူကမှ သူ့ကို အာရုံမစိုက်ကြတော့။
သို့သော်ငြား ထိုသို့ဖြစ်လျှင်တောင်မှ မိသားစုရာဇဝင် ရှိပြီး အနုပညာအသိုင်းအဝိုင်းထဲ ရောက်နေသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည့် ကျီချန်းရှိူ့ကဲ့သို့သော လူများသည် အဆက်အသွယ် အလွန်ကောင်းသည်။
မူလပိုင်ရှင်သည် ကျီချန်းရှိူ့ကို အလွန်မနာလိုဖြစ်ခဲ့သည်။ ကျီချန်းရှိူ့က အလွန်မိုက်မဲလွန်းသည်ဟုလည်း သူ ခံစားခဲ့ရသည်။ ကျီချန်းရှိူ့တွင် အရင်းအမြစ်များစွာ ရှိနေသည်မှာ သေချာပြီး ထိုသူက ကောင်းကောင်းအသုံးမချနိုင်ဘူး... သူ မနာလိုဖြစ်လွန်း၍ ကျီချန်းရှိူ့ကဲ့သို့ မိသားစုမျိုးရိုး မရှိခြင်းအတွက် သူ့ကိုယ်သူ မုန်းတီးရင်း ကျီချန်းရှိူ့ကို အနည်းငယ် မုန်းတောင်မုန်းလာသည်။ သူသည် ကျီချန်းရှိူ့ထက် မည်သည့်နေရာတွင်မဆို သာလွန်ကောင်းမွန်သည်မှာ သိသာထင်ရှားပါလျက် သူ့တွင် ကျီချန်းရှိူ့ကဲ့သို့ အရင်းအမြစ်များစွာ မရရှိခဲ့ချေ။
သို့သော် အပေါ်ယံမှာတော့ သူက ကျီချန်းရှိူ့ကို "စီနီယာ"ဟု ခေါ်ရင်း ကျီချန်းရှိူ့နှင့် ရင်းနှီးလာနေဆဲ ဖြစ်သည်။
မူလပိုင်ရှင်သည် အရင်းအမြစ်များ ရရန် ကုမ္ပဏီတွင် အလုပ်အလွန်ကြိုးစားခဲ့ပြီး ထို့ကြောင့် သူ ပိုကောင်းသော ဆက်ဆံမှု ရရှိခဲ့ခြင်းလား မသိသော်လည်း ကျီချန်းရှိူ့က မူလပိုင်ရှင်အား အခွင့်အရေးအချို့ ပေးခဲ့သည်။
မူလပိုင်ရှင်သည် ၎င်းကို လက်မလွှတ်တမ်း အသုံးချနိုင်ခဲ့သော်လည်း ထို အခွင့်အရေး ဟုခေါ်သော အရာများအားလုံးက သေးငယ်သော အရံဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်ရခြင်းသာ ဖြစ်၍ မူလပိုင်ရှင်အတွက် မလုံလောက်ပေ... မူလပိုင်ရှင်က ကျေးဇူးမတင်သည့်အပြင် သူ့ကို ကျီချန်းရှိူ့က နွမ်းပါးသူအား စွန့်ကြဲသလို ပြုမူနေသည်ဟု စဉ်းစားရင်း ကျီချန်းရှိူ့အား ပိုမိုမုန်းတီးလာသည်။
သူသည် ကျီချန်းရှိူ့ကို ကျော်တက်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့သည်။
သို့သော် မူလပိုင်ရှင် ဤသို့စဉ်းစားနေရုံသာရှိသေး သူသည် အခန်းကဒ်တစ်ကတ်ကို အတင်းပေးခံလိုက်ရပြီး ကျီချန်းရှိူ့ကို 'ခစားရန်' အခိုင်းခံလိုက်ရသည်... အကြောင်းအရင်းမှာ ကျီချန်းရှိူ့က သူ့ကို ပိုကြည့်သောကြောင့် ဟူ၍ ဆိုသည်။
ကျီချန်းရှိူ့က ယောက်ျားတွေကို တကယ် ကြိုက်တာလား? ကျီချန်းရှိူ့က သူ့ကို အကြိမ်အနည်းငယ်လောက် ပိုကြည့်တာနဲ့ပဲ သူက ကျီချန်းရှိူ့ရဲ့အိပ်ရာပေါ် အပို့ခံလိုက်ရတော့မှာလား?
တကယ်တော့ မူလပိုင်ရှင်သည် ထိုအခန်းကဒ်ကို ယူစရာမလိုဘဲ ကျီချန်းရှိူ့၏အခန်းကို သွားစရာလည်း မလိုချေ။ အကယ်၍ သူ လုပ်ခဲ့သည်ဆိုလျှင်တောင်မှ... ထိုအချိန်တွင် ကျီချန်းရှိူ့က တကယ် မူးနေကာ ဘာမှမလုပ်နိုင်ပေ။ မူလပိုင်ရှင် ထွက်သွားချင်လျှင် မည်သည့်အချိန်တွင်မဆို သူ အချိန်မရွေး ထွက်သွားနိုင်သည်။
သို့သော် သူက ထွက်မသွားဘဲ ကျီချန်းရှိူ့က ပိုရွံစရာကောင်းလာသည်ဟုပင် သူက ခံစားခဲ့ရကာ ကျီချန်းရှိူ့၏ အားနည်းချက်ကို ဆုပ်ကိုင်ထားရတာကို သူက ပျော်နေခဲ့သည်။
အဆုံးမှာတော့ မူလပိုင်ရှင်သည် ကောင်းကျိုးနှင့်ဆိုးကျိုးများကို ချိန်ဆပြီး ကျီချန်းရှိူ့ကို ခြိမ်းခြောက်ဖို့ ဤအားနည်းချက်ကို အသုံးပြုခြင်းမှာ အသုံးဝင်ချင်မှဝင်လိမ့်မည်ဖြစ်ကာ ဤအားနည်းချက်မှာ ကျီချန်းရှိူ့ထံမှ ရှင်းလင်းခံရနိုင်သည်ဟု ခံစားခဲ့ရသည်... သူသည် သူတို့နှစ်ယောက်စလုံး၏ အဝတ်အစားများကို ဆွဲဖြဲလိုက်ပြီး ကျီချန်းရှိူ့နှင့် အတူအိပ်ချင်ယောင်ဆောင်လိုက်သည်။
ကျီချန်းရှိူ့ နိုးလာပြီးနောက်တွင် သူသည် အလွန်အပြစ်ရှိသလို ခံစားခဲ့ရပြီး ဤသည်မှာ သူ၏မူလရည်ရွယ်ချက် မဟုတ်ကြောင်း မူလပိုင်ရှင်ကို ပြောပြခဲ့သည်... မူလပိုင်ရှင်က အားမထုတ်ရဘဲ လွယ်လွယ်ကူကူ ကျီချန်းရှိူ့ထံမှ အကျိုးအမြတ်များ ရရှိလိုသည်လေ။
ကျီချန်းရှိူ့သည် သူ့အား အကျိုးအမြတ်များ ပေးကာ ပေးရသည်ကို နှမြောတွန့်တိုမှုပင် မရှိခဲ့ချေ။ ကျီချန်းရှိူ့သည် သူ မူလပိုင်ရှင်နှင့် အတူရှိချင်ကြောင်းကိုပင် စတင်ဝန်ခံခဲ့၏။
မူလပိုင်ရှင်သည် ကျီချန်းရှိူ့နှင့် အတူရှိနေရန် သဘောတူခဲ့ပြီး ကျီချန်းရှိူ့ သူ့ကို ပေးသော အရင်းအမြစ်အားလုံးကို သိမ်းယူသွားသည်။ သို့သော်ငြား သူက ကျီချန်းရှိူ့ကို မုန်းပြီး ကျီချန်းရှိူ့နှင့် လိုက်လျောညီထွေနေရန် မလိုလားသဖြင့် သူက အလုပ်လုပ်နေသည် ဟူသော အကြောင်းပြချက်အောက်တွင် လျှောက်ပြေးပြီး ကျီချန်းရှိူ့အား ရှောင်နေခဲ့သည်။
သူသည် ကျီချန်းရှိူ့နှင့် ချစ်ခင်ရင်းနှီးသော အထိအတွေ့မျိုး မလုပ်ချင်သည့်အတွက်ကြောင့် ပထမဆုံးအကြိမ်တွင် သူ အလွန်ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့သည်ကိုလည်း အကြောင်းပြချက်တစ်ခုအနေဖြင့် တိုက်ရိုက်ကိုးကား အကြောင်းပြပြောဆိုခဲ့လေသည်။
သုံးနှစ်ကြာပြီးနောက် မူလပိုင်ရှင် နာမည်ကြီးလာခဲ့သည်။
နာမည်ကြီးလာပြီးနောက် မူလပိုင်ရှင်သည် ကျီချန်းရှိူ့ကို ရှင်းထုတ်ရန် စတင်စီစဉ်ခဲ့သော်လည်း သူက နောက်ပိုင်း ကျီချန်းရှိူ့ သူ့အား ဒုက္ခပေးမည်ကို ကြောက်သည်...
မူလပိုင်ရှင်သည် ရှားရှားပါးပါး ကျီချန်းရှိူ့နှင့် ဒိတ်လုပ်ကာ ကျီချန်းရှိူ့ သူ့အား နမ်းနေသည့်ဓာတ်ပုံတစ်ပုံကို တစ်စုံတစ်ယောက်အား ရိုက်ခိုင်းပြီး ကျီချန်းရှိူ့၏မျက်နှာကိုသာ ဖော်ခိုင်းသည်။ သူသည် အင်တာနက်ပေါ်တွင် ဓာတ်ပုံကို တင်ခဲ့ပြီး ကျီချန်းရှိူ့အား အမည်တပ်အပုပ်ချရန် ရေတပ်တစ်ဖွဲ့ကိုလည်း ရှာတွေ့ခဲ့ကာ ကျီချန်းရှိူ့က အခြောက်တစ်ယောက် ဖြစ်ကြောင်း၊ လူသစ်များနှင့် မပြောနိုင်သော စည်းမျဉ်းများလည်း ရှိကြောင်း ပြောဆိုရင်းပေါ့။
ထို့နောက် ချက်ချင်းပင် သူက ကျီချန်းရှိူ့အား ပုံရိပ်သန့်ရှင်းရန်အတွက် တိုက်ရိုက်ရသစုံရှိုးတစ်ခုတွင် ပါဝင်ဖို့ တိုက်တွန်းသည်။
ကျီချန်းရှိူ့တွင် ရသစုံရှိုးများ၌ သရုပ်ဆောင်ရန် လုံးဝ အာရုံမရှိပေ။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူသည် သူ၏ကိုယ်ပိုင်ပုံစံ အစစ်အမှန်အတိုင်း ပြုမူနေထိုင်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မူလပိုင်ရှင်က သူ့ရည်းစားဖြစ်ပြီး သူ မူလပိုင်ရှင်ကို ဂရုစိုက်ချင်သည်ဟု ခံစားရ၍ မူလပိုင်ရှင် ဘာပဲလုပ်လုပ် ယူလုပ်ပေးရန် ကျီချန်းရှိူ့က အမြန်ပြေးလာလေ့ရှိသည်။
ကျီချန်းရှိူ့သည် screen အချိန်ကို လုယူချင်ကြောင်း မူလပိုင်ရှင်သည် ပရိသတ်အား အရိပ်အမြွက်ပေးခဲ့သည်။
မူလပိုင်ရှင်သည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်ခဲ့သည့် အခြားသရုပ်ဆောင်တစ်ဦးနှင့်လည်း ဟိုဟာဒီဟာ လုပ်ရင်း CP အတွဲတစ်ခု ဖြစ်ပေါ်လာအောင် ရည်ရွယ်ချက်ရှိရှိ တုံ့ပြန်ပြောဆိုခဲ့သည်။ ကျီချန်းရှိူ့က စိတ်ဆိုးသွားပြီး မူလပိုင်ရှင်က တမင်တကာ ကြောက်လန့်နေပုံ ဟန်ဆောင်သည်။
ထို့ကြောင့် ပရိသတ်၏အမြင်၌ လူသစ်များနှင့် မပြောနိုင်သော စည်းမျဉ်းများ ရှိသောကြောင့် နာမည်ပျက်နေသော ကျီချန်းရှိူ့သည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် screen အချိန်ကို လုယူပြီး ယန်ကျင်းဇီကို သူ၏စိတ်ဆိုးနေသောမျက်နှာကို ပြသကာ ယန်ကျင်းဇီအား တိုက်ပင်တိုက်ခိုက်ချင်နေခဲ့သဖြင့် ပြီးပြည့်စုံသော လူယုတ်မာတစ်ယောက် လုံးလုံးဖြစ်သွားခဲ့သည်။
ဤကိစ္စများအားလုံး ပြီးသွားသည့်နောက်တွင်တောင် မူလပိုင်ရှင်က မရပ်သေးဘဲ သူသည် ကျီချန်းရှိူ့အား မစားသင့်သော အရာတစ်ခု ပေးလိုက်သေးသည်...
ယန်ကျင်းဇီ ဒီကိစ္စကို ထပ်မတွေးချင်တော့ဘူး။
ကျီချန်းရှိူ့က မူလပိုင်ရှင်အား ဘာအမှားမှ တကယ်မလုပ်ထားသော်လည်း မူလပိုင်ရှင်ကတော့... ကျီချန်းရှိူ့က သူ့မိဘတွေကို သတ်ခဲ့သလိုမျိုး သူက ကျီချန်းရှိူ့အပေါ် ကိစ္စတွေ ကျူးလွန်ခဲ့တယ်!
ဤသို့တွေးရင်း ယန်ကျင်းဇီသည် ကျီချန်းရှိူ့က သူ့ကို လှမ်းကြည့်ကာ ကင်မရာ မရိုက်ကူးနိုင်သော နေရာတွင် သူ့အား နူးညံ့သော အပြုံးတစ်ပွင့် ပြုံးပြလာသည်ကို တွေ့လိုက်ရသည်။
ယခု သူတို့ ပါဝင်နေသော တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကျီချန်းရှိူ့ သူ့အမေကိုပင် သူ မမှတ်မိနိုင်လောက်တော့သည့်အထိ တဖြည်းဖြည်း အပုပ်ချခံလိုက်ရသော တိုက်ရိုက်ထုတ်လွှင့်မှုပင် ဖြစ်လေတော့သည်။