အပိုင်း ၄၁ ( The Star 2 )
Viewers 10k

ယန်ကျင်းဇီသည် ယခုဆိုလျှင် မူလပိုင်ရှင်ကို အလွန်မုန်းတီးနေပြီဖြစ်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုက မစတင်ရသေးပေ။ ကျီချန်းရှိူ့အား အန္တရာယ်ပြုရန် ကိစ္စများစွာကို မူလပိုင်ရှင် မလုပ်ဆောင်ရသေးသော်လည်း သူက ရိုက်ချက်တစ်ခုကို ပြင်ဆင်ပြီးပြီဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်နေတုန်း ကျီချန်းရှိူ့ကို တိုက်ခိုက်မယ့် ရေတပ်ကိုတောင်မှ ငှားပြီးသွားပြီလေ!


ပို၍အရေးကြီးသည်မှာ ကျီချန်းရှိူ့သည် လိင်တူစိတ်ဝင်စားသူတစ်ယောက် ဖြစ်သည် ဆိုသော အချက်ကို အင်တာနက်တစ်ခွင်လုံး သိသွားကြပြီဖြစ်၏။


အခု သူ ဘာဆက်လုပ်ရမလဲ?


ယန်ကျင်းဇီ စိတ်တိုနေသော်လည်း ရိုက်ကူးမှုက ဆက်လက်ရိုက်ကူးနေခဲ့သည်။


ယန်ကျင်းဇီ လက်ရှိ ပါဝင်နေသော လက်တွေ့ရှိုးမှာ ယခင်က နှစ်ကြိမ် ထုတ်လွှင့်ခဲ့ဖူးပြီး အလွန်ရေပန်းစားခဲ့ကာ “Dream Back to the Ancient Times” ဟု ခေါ်သည်။


ယခင်က အခြားသော လက်တွေ့ရှိုးများစွာနှင့်မတူဘဲ “Dream Back to the Ancient Times” သည် အထူးတည်းဖြတ်ထားသောဗားရှင်းသာမက ၁၀၀% လက်တွေ့ဆန်မှု ဟူသော ခေါင်းစဉ်အောက်တွင် ရိုက်‌ကူးနေစဉ်အတောအတွင်း တိုက်ရိုက်ထုတ်လွှင့်မည်လည်းဖြစ်သည်။


သေချာတာပေါ့ သူတို့က အမြဲတမ်း တိုက်ရိုက်ထုတ်လွှင့်မည် မဟုတ်‌ပေ။ တိုက်ရိုက်ထုတ်လွှင့်ချိန်သည် နံနက်ပိုင်းတွင် နှစ်နာရီ၊ နေ့လယ်ခင်းတွင် နှစ်နာရီနှင့် ညနေအတွက် နှစ်နာရီ ဖြစ်သည်။ လူကြိုက်များနှုန်းက လုံလုံလောက်လောက် မြင့်မားမည်ဆိုလျှင်တော့ သေချာပေါက် တိုက်ရိုက်ထုတ်လွှင့်ချိန်ကလည်း တိုးမြှင့်ခံရမည်ပင်။


ထို့အပြင် ဤလက်တွေ့ရှိုးသည် အကြောင်းအရာပိုင်းတွင်လည်း ဆန်းသစ်တီထွင်အားကောင်းသည်... ရှိုးတစ်ခုစီတွင် ပရိုဂရမ်အသင်းသည် ဧည့်သည်များကို အထူးတည်ဆောက်ထားသော သို့မဟုတ် ပြင်ဆင်ထားသော ရှူတင်နေရာသို့ ခေါ်သွားကာ ထို့နောက် ထိုနေရာတွင် ဧည့်သည်များကို ရိုက်ကူးမည်ဖြစ်သည်။


နာမည်မှာ “Dream Back to the Ancient Times” ဖြစ်သည်နှင့်အညီ ရိုက်ကူးရေးတည်နေရာသည် အမျိုးမျိုးသော ရှေးခေတ်မြင်ကွင်းများ ဖြစ်ကြသည်။ ဥပမာအားဖြင့် ပထမဆုံးထုတ်လွှင့်မှုတွင် အမျိုးသားနှင့်အမျိုးသမီးဧည့်သည်များသည် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တော်၏ ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားခံရသည်။ ဧည့်သည်များ ခေါ်ဆောင်သွားခံရသော ရုပ်ရှင်မြို့တော်၏ ‌ထောင့်တစ်နေရာတွင် သူတို့သည် နန်းတွင်း မိန်းမစိုးများအဖြစ် သရုပ်ဆောင်ရကာ တော်ဝင်မီးဖိုဆောင်တွင် ဟင်းချက်ခြင်းနှင့် လူများကို ခစားခြင်း စည်းမျဉ်းနည်းလမ်းများကို သင်ယူရခြင်း ဟူသော တကယ့်မိန်းမစိုးအစစ်များ လုပ်ဆောင်ရသည့် တာဝန်ကိစ္စများကို လုပ်ဆောင်ခဲ့ရသည်။


ထိုထုတ်လွှင့်မှုတွင် ဧည့်သည်များသာ လှိမ့်ပိန့်ခံခဲ့ရကာ ရှေးခတ်နန်းတွင်းဘဝက ခက်ခဲလွန်းသည်ဟု ဆိုကြသော်ငြား ထိုသူတို့သည်လည်း ပရိသတ်များစွာနှင့် နာမည်ကျော်ကြားသူများ ဖြစ်ကြလေရာ ရှိုး၏ ပထမဆုံးထုတ်လွှင့်မှုကို နာမည်ကြီးစေခဲ့သည်။


ဒုတိယမြောက်ထုတ်လွှင့်မှုတွင် ဧည့်သည်များသည် ထန်မင်းဆက် အရာရှိမင်း၏အိမ်သို့ သွားပြီး သူတို့သည် အရာရှိမင်း၏ သားသမီးများ ဖြစ်လာသည်။ ထိုအချိန်၌ ဧည့်သည်များ အရမ်းပျော်ခဲ့ကြသည်။ သူတို့က အရာရှိမင်း၏ကလေးများအနေဖြင့် သူတို့ သေချာပေါက် အစပ်အရသာ ရှိသော စားစရာများကို စားနိုင်ပြီး တစ်စုံတစ်ယောက်၏ ပြုစုခစားခြင်းကို ခံရလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့သော် ထိုခေတ်မှာ ထန်မင်း‌ဆက် ဖြစ်နေသည်။


ပရိုဂရမ်အသင်းက ထိုခေတ်အချိန်တွင် လူများသည် ဆီနှင့်ချက်ပြုတ်လေ့မရှိသဖြင့် သူတို့ စားရန် အသီးအရွက်မွှေကြော်များ မရှိသည့်အပြင် ထိုခေတ်ကာလ စီးပွားရေးပြဿနာများကြောင့် မိသားစုများတွင် ကြက်များ၊ဘဲများနှင့် ခြံမွေးတိရစ္ဆာန်များ နည်းပါးလာ၍ သူတို့ နေ့တိုင်း အသားမစားနိုင်ကြောင်း အတည်အကျ ပြောဆိုဖော်ထုတ်ခဲ့သည်။


ထို့အပြင် အမျိုးသားဧည့်သည်များသည် နေ့စဉ် စာအုပ်ဖတ်ရန် လိုအပ်ပြီး အမျိုးသမီးဧည့်သည်များသည် မိသားစုကို ထောက်ပံ့ရန်အတွက် အထည်များကို ရက်လုပ်ရန် လိုအပ်သည်။


ဧည့်သည် အမျိုးသားများနှင့်အမျိုးသမီးများ : "???"


တိုတိုပြောရလျှင် ဧည့်သည်များမှာ ထပ်မံလှိမ့်ပိန့်ခံရပြီး ပရိသတ်များက အလွန်စိတ်ကျေနပ်ကြသည်။


ယခု စတင်‌ရိုက်‌ကူးတော့မည့် တတိယအကြိမ် ထုတ်လွှင့်မှုတွင်တော့ ဧည့်သည်များသည် ရှေးခေတ်တပ်စခန်းသို့ ပို့ဆောင်ခံရမည်ဖြစ်သည်။ ထိုနေရာတွင် သူတို့သည် တပ်သားငယ်များအဖွဲ့တစ်ဖွဲ့အဖြစ် သရုပ်ဆောင်ကာ ရှေးခတ်တပ်စခန်း၏ ပုံပန်းသဏ္ဍာန်ကို လေ့လာကြည့်ရှူနိုင်ရန် ပရိသတ်များကို ခေါ်ဆောင်သွားရမည်ဖြစ်၏...


ရှိုး၏ထုတ်လွှင့်မှုတိုင်းတွင် ဧည့်သည်ခြောက်ဦး ရှိသည်။ ဤထုတ်လွှင့်မှုတွင် ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့အပြင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ပါဝင်ကြသည်။


အမျိုးသမီးဧည့်သည်နှစ်ဦးထဲမှ သိမ်မွေ့‌နူးညံ့သော တစ်ယောက်မှာ ပြဇာတ်များစွာတွင် ပါဝင်သရုပ်ဆောင်ပြီး မကြာသေးခင်ကမှ အတော်လေး ရေပန်းစားလာသည့် ကြောင်တောင်တောင်ဖြင့် ချစ်စရာကောင်းသော မင်းသမီးငယ်လေး ပုံပန်းသွင်ပြင်ရှိ အနုပညာတက္ကသိုလ်ကျောင်းဆင်း မင်းသမီး ကျန်းချင်းချင်း ဖြစ်သည်။ အခြား တက်ကြွသော အမျိုးသမီးဧည့်သည်ကိုတော့ ဟောင်မေ့ လို့ ခေါ်ပြီး ပွင့်လင်းရိုးသား၍ သဘောထားကြီးသော အစ်မကြီးတစ်ယောက်သဖွယ် အကျင့်စရိုက်ဖြင့် ရေပန်းစားကာ လူကြိုက်များလာရန် အမျိုးမျိုးသော ရသစုံရှိုးများကို အားကိုးအားထားပြုသည့် ရသစုံဘုရင်မလည်း ဖြစ်သည်။


အမျိုးသားဧည့်သည်နှစ်ဦးတွင် အသက်နှစ်ဆယ်အောက် ငယ်သော တစ်ယောက်သည် စွမ်းရည်ပြရှိုးပွဲတွင် နာမည်ကြီးလာသည်မှာ မကြာသေးသော ငယ်ငယ်ရွယ်ရွယ် လတ်လတ်ဆတ်ဆတ် အသားတုံးလေး ဖြစ်သည်။ သူက သီချင်းဆိုနိုင်ပြီး ကခုန်နိုင်သည်။ သူ့ကို လော့ချန် ဟု ခေါ်ပြီး ချစ်စရာပုံစံလမ်းကြောင်းကို ယူထားသည်။ မာထန်သော မျက်နှာနှင့် အသက်လေးဆယ်အရွယ် အမျိုးသားဧည့်သည်ကတော့ ဆယ်စုနှစ်များတိုင်အောင် ပရော်ဖက်ရှင်နယ် ဗီလိန် အဖြစ် နာမည်တပ်ခံရသော မာဟုန်ရှင်း ဖြစ်ပြီး သူသည် သူ၏ တည့်တိုးဆန်မှုနှင့် အဆိပ်ပြင်းသောလျှာကြောင့် ကျော်ကြားသူ ဖြစ်သည်။


ဤပရိုဂရမ်၏ ပထမဆုံးထုတ်လွှင့်မှုအပြီးတွင် ၎င်းသည် ရေပန်းစားနေပြီဖြစ်သည်။ ဒုတိယမြောက်ထုတ်လွှင့်မှုမှ ဧည့်သည်များကို ဖိတ်ကြားထားခဲ့သည်မှာ ‌တော်တော်လေး ကြာမြင့်နေပြီဖြစ်ကာ လူကြိုက်များနှုန်းမှာ သာမန်သာဖြစ်၏။ သို့သော်ငြား ဤထုတ်လွှင့်မှုတွင် ပါဝင်သော ဧည့်သည်များအားလုံးမှာ အတော်လေး နာမည်ကြီးကြသည်။


သေချာတာပေါ့၊ မရေမတွက်နိုင်သော ပရိသတ်များနှင့် နာမည်အကျော်ကြားဆုံးသူ၊ သူ၏ အသေးငယ်ဆုံး အပြုအမူလေးကပင် အင်တာနက်ပေါ်တွင် ပင်လယ်မုန်တိုင်းတစ်လုံးကို ဖန်တီးနိုင်သည့်သူမှာ ယန်ကျင်းဇီ ဖြစ်သည်။


ကျော်ကြားမှုအနည်းဆုံးကတော့... သဘာဝကျစွာပင် ကျီချန်းရှိူ့သာ ဖြစ်သည်။


ပရော်ဖက်ရှင်နယ် ဗီလိန် မာဟုန်ရှင်းတွင် လက်ရာမြောက်များစွာ ရှိသော်လည်း အဆုံးမှာတော့ သူသည် အရံဇာတ်ကောင်နေရာများတွင်သာ သရုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။ မူလက သူ့ဂုဏ်သတင်းမှာ ကြီးကြီးမားမား မဖြစ်‌သင့်သော်လည်း သူသည် လူများကို ဆူပူကြိမ်းမောင်းရသည်ကို နှစ်သက်ပြီး အင်တာနက်ပေါ်တွင် အလွန်တက်ကြွသည်။ သူသည် သရုပ်ဆောင်တစ်ယောက်အပြင် အင်တာနက်ဆယ်လီတစ်‌ယောက်လည်း ဖြစ်လာသည်။ သူ့နာမည်ကျော်ကြားမှုက မနိမ့်ပေ။


အခြားတစ်ဖက်မှာတော့ ကျီချန်းရှိူ့သည် ရုပ်ရှင်များနှင့် တီဗီဒရမ်မာများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ဆုတစ်ကြိမ် ရခဲ့ဖူးသော်ငြား အကြီးအကျယ်ပေါက်သွားသော ရုပ်ရှင်ဇာတ်ကား မရှိချေ။ အများစုမှာ ရေပန်းမစားသော လူမသိသူမသိ ရုပ်ရှင်များ ဖြစ်သဖြင့် လူအများ အာရုံစူးစိုက်မှု မရှိကြောင်း ထည့်ပြောစရာပင်မလို... ပြောရမည်ဆိုလျှင် သူ့ကို အကောင်းဆုံးမင်းသားဆု ရစေခဲ့သော ရုပ်ရှင်မှာ လူများစွာ မကြည့်ကြသည့် အနုပညာရုပ်ရှင်ကားတစ်ကား ဖြစ်သည်။


ရုပ်ရှင်ကားထဲမှာ သူ့ကိုယ်သူ ဖျက်ဆီးပြီး ပေါင်သုံးဆယ် တက်စေခဲ့တော့ သူ့ပုံရိပ်က ဆိုးရွား‌လွန်းနေခဲ့တယ် ဆိုတဲ့ အချက်ကို ထည့်တောင်မပြောချင်တော့ဘူး!


သူ့တွင် weibo တောင် မရှိသေးဘဲ ပရိသတ်များကို တစ်ခါမှ မဆက်သွယ်ခဲ့ဖူးပေ...


သူသည် လူတိုင်းက ရင်းနှီးသော်လည်း သူ့နာမည်အရင်းကို မပြောနိုင်ကြသော သရုပ်ဆောင်မျိုး ဖြစ်သည်။


သို့သော် ယခုချိန်၌ သူ နာမည်ကြီးနေသည်။ အဆုံးမှာတော့ မကြာသေးခင်ကမှ သူသည် မကောင်းသတင်းတစ်ခုနှင့်ပတ်သက်ပြီး ဖော်ထုတ်ခံထားရခြင်းဖြစ်လေသည်။


သူသည် လိင်တူစိတ်ဝင်စားသူ ဖြစ်ပြီး လူသစ်များနှင့် မပြောနိုင်သော စည်းမျဉ်းများ ရှိသည်...


နောက်ပိုင်းမှ အကြောင်းမှာ တကယ်တော့ သံသယဖြစ်ဖွယ်ကောင်းပြီး ကျီချန်းရှိူ့၏ကုမ္ပဏီကလည်း ထိုသို့သောကိစ္စမျိုး မရှိကြောင်း ရှင်းပြထုတ်ပြန်ထားသည်။ သို့သော် ရှေ့အကြောင်းအရာ ကွဲပြားသည်မှာ ဓာတ်ပုံများသည် ကျီချန်းရှိူ့အား အထူးရှင်းလင်းစွာ ပြသထားပြီး ကျီချန်းရှိူ့တွင် ငြင်းဖို့ နည်းလမ်း မရှိသောကြောင့်ဖြစ်သည်။


ထို့ကြောင့် ကျီချန်းရှိူ့သည် ယခုတလော အလွန်အမင်း နာမည်ကြီးနေခဲ့သည်။


သေချာပေါက် ဤနာမည်ကြီးမှုမှာ အကောင်းဘက်မှ မဟုတ်ပေ။ အပျက်သဘော အဆိုးဘက်မှသာ ဖြစ်သည်။


ယန်ကျင်းဇီသည် မူလပိုင်ရှင်ကို ထပ်မံ ထိုးကြိတ်ချင်လာပြန်သည်။


ကျီချန်းရှိူ့၏ဓာတ်ပုံကို မူလပိုင်ရှင်က ရိုက်ယူခဲ့ပြီး မူလပိုင်ရှင်သည် ကျီချန်းရှိူ့၏အရှုပ်တော်ပုံအား ခလောက်ဆန်ရန် ပိုက်ဆံသုံးခဲ့သည်။ အဲ့တာတင်မကသေးဘဲ သူသည် ဤရသစုံရှိုးတွင် ပါဝင်ရန်အတွက် ကျီချန်းရှိူ့အား တိုက်တွန်းရင်း ကျီချန်းရှိူ့ကို နှစ်သိမ့်ဟန်လည်းဆောင်ခဲ့သေးသည်။ အစကတော့ ကျီချန်းရှိူ့သည် မပါဝင်ချင်ပေ။ ထို့ကြောင့် သူသည် ကျီချန်းရှိူ့နှင့် သူ အချိန်ပိုဖြုန်းချင်ကြောင်း ကျီချန်းရှိူ့အား ပြောကြားခဲ့သည်။


ကျီချန်းရှိူ့သည် 'ရည်းစားငယ်လေး'အား အလွန်အလိုလိုက်သောကြောင့် သဘော‌တူလိုက်သည်။


ရလဒ်ကတော့ မူလပိုင်ရှင်သည် ကျီချန်းရှိူ့၏လက်ထောက်ကို တိတ်တဆိတ် ဝယ်ပြီး ထိုသူ ကျီချန်းရှိူ့ကို လိုက်ပို့ချိန်တွင် လမ်းဘေးလက်ရန်းအား တမင်တကာ ဝင်တိုက်ခိုင်းကာ ကျီချန်းရှိူ့ကို အချိန်နှစ်နာရီ နောက်ကျစေခဲ့သည်... ယခု ဧည့်သည်များအားလုံးတွင် ကျီချန်းရှိူ့အပေါ် မကောင်းမြင်စိတ်များ ရှိသွားကြပြီဖြစ်သည်။


နောက်ကျသည်မှာ မကောင်းကြောင်း ကျီချန်းရှိူ့လည်း သိသည်။ သူ ဝင်လာသည်နှင့်တပြိုင်နက် သူက စတင်တောင်းပန်သည် : " တောင်းပန်ပါတယ် ကျွန်တော် နောက်ကျသွားတယ်။ "


" ဟုတ်တယ် မင်း နှစ်နာရီတောင် နောက်ကျတယ်။ " မာဟုန်ရှင်းက သူ့မျက်နှာပေါ်တွင် ခက်ထန်သော အမူအရာဖြင့် ပြောသည်။


အမှန်တော့ ကျီချန်းရှိူ့သည် သူ နောက်ကျမည်မှန်း သိလိုက်ရပြီးနောက် သူ ပရိုဂရမ်ကို ဖုန်းဆက်ခဲ့သည်။ ပရိုဂရမ်ဖက်က သူ၏မတော်တဆမှုကို သတိပြုမိသော်လည်း ထိုသို့ဖြစ်လျှင်တောင်မှ လူများက မကျေနပ်ဖြစ်နေကြဆဲဖြစ်သည်။


ကျီချန်းရှိူ့၏ လောလောလတ်လတ် မကောင်းသတင်းပါ ထပ်ပေါင်းလျှင် ဘယ်သူကမှ သူ့ကို ထပ်ပြီး အာရုံမစိုက်ချင်ကြတော့ပေ။ လူတိုင်းက ပြက်လုံးတစ်ခုကို စောင့်ကြည့်နေရသလို သူတို့၏ သဘောထားကို သိုဝှက်ထားကြသည်။


သို့သော် ကျီချန်းရှိူ့နှင့်မာဟုန်ရှင်းတို့၏ ဟာသပြက်လုံးကို သူတို့ စောင့်ကြည့်ဖို့ အခွင့်ဆုံးရှုံးသွားခဲ့သည်။


ယန်ကျင်းဇီက ရုတ်တရက် ဝင်ပြောလာသည် : " ဘယ်သူကမှ ကားတိုက်မှုလို မတော်တဆမှုမျိုး မဖြစ်ချင်ကြဘူး။ "


ယန်ကျင်းဇီသည် လက်ရှိ ရှိသမျှလူများအားလုံးကြားတွင် ရေပန်းအစားဆုံး ဖြစ်သည်။ သူ ရုတ်တရက်ကြီး ကျီချန်းရှိူ့အတွက် ဝင်ပြောပေးသောအခါ လူတိုင်း နည်းနည်း အံ့ဩသွားကြပြီး သူတို့ကို ပိုအံ့ဩသွားစေတာကတော့ ယန်ကျင်းဇီက ကျီချန်းရှိူ့စီကို လျှောက်သွားခြင်းဖြစ်သည် : " စီနီယာ ကျွန်တော် စီနီယာရဲ့‌ရုပ်ရှင်တွေကိူ တော်တော်များများ ကြည့်ဖူးတယ်။ ကျွန်တော် စီနီယာကို တကယ် သဘောကျတယ်။ ကျွန်တော် စီနီယာနဲ့ ရှိုးမှာ အတူတူ ပါဝင်ရလို့ အရမ်းပျော်တယ်။ "


ကျီချန်းရှိူ့သည် ခဏကြာအောင် ထိတ်လန့်သွားပြီး ချက်ချင်း ထပ်ပြုံးလိုက်သည် : " ငါလည်း မင်းရဲ့ရုပ်ရှင်တွေ ကြည့်ဖူးတယ်။ ရှိုးမှာ မင်းနဲ့ အတူပါရတာ ငါလည်း ဝမ်းသာပါတယ်။ "


" ဆရာကျီ ရှိုးမှာ ကျွန်တော့်ကို ဂရုစိုက်ရမယ်နော်! " ယန်ကျင်းဇီက ဆိုသည်။


ကျီချန်းရှိူ့က စိတ်အားထက်သန်စွာ ခေါင်းညိတ်သည် : " ငါ ဂရုစိုက်ပါ့မယ်။ "


ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့ စကားစမြည်ပြောနေသည်ကို မြင်သောအခါ အနီးအနားမှ လူများက ယန်ကျင်းဇီကို အံ့ဩစွာ ကြည့်ကြသည်။


ယခုအခါ ကျီချန်းရှိူ့တွင် နာမည်ဆိုး ရှိနေသည်။ ကျီချန်းရှိူ့နှင့် ပေါင်းသင်းပတ်သက်ခြင်းဟာ မကောင်းပေ။ ဒါဆို ဘာလို့ ယန်ကျင်းဇီက သွားပတ်သက်နေသေးတာလဲ?


သို့သော် သေသေချာချာ စဉ်းစားကြည့်ပြီးနောက် သူတို့ ကျီချန်းရှိူ့၏နောက်ခံကို တွေးမိသွားကြသည်။


ကျီချန်းရှိူ့နှင့် အရမ်းနီးကပ်လွန်းခြင်းသည် ပရိသတ်များကို မကျေမနပ်ဖြစ်စေနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ အသိများစွာ ရှိသည့် အသိုင်းအဝိုင်းထဲမှ လူအိုကြီး ကျီချန်းရှိူ့ကို အဆက်ဖြတ်စရာ တကယ်မလိုချေ။


ကျီချန်းရှိူ့၏ နောက်ကျမှ ရောက်ရှိမှုနှင့် မကောင်းသတင်းကြောင့် ကျီချန်းရှိူ့အပေါ် ထင်မြင်ချက်များ ရှိခဲ့သော လူများစွာက နောက်ဆုံးမှာတော့ ကျီချန်းရှိူ့ကို လာရောက်နှုတ်ဆက်ကြသည်။


ရှိုးက တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သော်လည်း ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း မရှိသေးပေ။ ဤအပိုင်းကို တည်းဖြတ်မည်ဖြစ်ပြီး တည်းဖြတ်ပြီးသားဗားရှင်းထဲ ထည့်သွင်းမည်ဖြစ်သည်။ အမှန်တကယ်ဆိုလျှင် နောက်ဆက်တွဲရိုက်ကူးမှုတွင် တိုက်ရိုက်ထုတ်လွှင့်လိမ့်မည်မဟုတ်သော အကြောင်းအရာများစွာ ရှိပေလိမ့်မည်။


အဲ့လိုမှမဟုတ်ရင် လူတွေက တည်းဖြတ်ပြီးသားဗားရှင်းကို မကြည့်တော့ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုဗားရှင်းကိုပဲ ကြည့်ကြရင် ဘယ်လိုလုပ်မလဲ?


သူတို့၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုသည် ညနေ ၄ နာရီတွင် စတင်လိမ့်မည်ဖြစ်ပြီး ညနေ ၆ နာရီ အထိ ကြာမြင့်မည်ဖြစ်သည်။ ပရိုဂရမ်အသင်း အထူးစီစဉ်ထားသော ဧည့်သည်များစွာ၏ တပ်စခန်းသို့ သွားရောက်ပြီး အခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့ရပုံကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်၏။


ဒါကို ကြိုတင်ပြီး အစမ်းလေ့ကျင့်ထားနိုင်သော်လည်း ကျီချန်းရှိူ့ နောက်ကျနေသောကြောင့် ဖြစ်မလာနိုင်တော့။


ဧည့်သည်များသည် တွေ့ဆုံခြင်းအခန်းကို ကမန်းကတန်း လက်စသတ်လိုက်ကြပြီး ကင်မရာသမားက ကင်မရာကို ပိတ်လိုက်ကာ ဒါရိုက်တာက ပြောလာသည် : " မြန်မြန်သွားရအောင်။ ငါတို့ အဲ့တန်းလျားကို မြန်မြန်သွားဖို့ လိုမယ်။ လမ်းမှာ ငါ မင်းတို့ကို နောက်ရိုက်ကူးမှုရဲ့ အကြောင်းအရာကို ပြောပြမယ်။ "


ဧည့်သည်များသည် ဤစကားကို ကြားသောအခါ တစ်ယောက်ပြီးတစ်‌ယောက် လျင်မြန်စွာ ထကာ သူတို့၏ ကိုယ်ပိုင်ခရီးဆောင်အိတ်များကို ယူဆောင်ကြသည်။


ကင်မရာမရှိလျှင် လူတိုင်းက ပိုပြီး သဘာဝကျကျ စကားပြောနိုင်သည်။ မာဟုန်ရှင်းက ပိုတောင် ပြောသည် : " ကျီချန်းရှိူ့၊ ငါ မင်းကို အခြောက်ဖြစ်မယ်လို့ မထင်ထားဘူး... မင်းက စွမ်းဆောင်ရည်လည်း တော်တော်ကောင်းတာပဲ။ အပိတ်မခံရဘဲနဲ့ ဒီရှိုးကိုတောင် မင်း လာနိုင်သေးတယ်။ "


ကျီချန်းရှိူ့က စကားတစ်ခွန်းမှ မပြောသော်လည်း ယန်ကျင်းဇီက ဝင်ပြောသည် : " မင်းက နေ့တိုင်း အွန်လိုင်းပေါ်မှာ လူတွေကို ကြိမ်းမောင်းနေတဲ့အပြင် အမျိုးသမီးဆယ်လီတွေ အများကြီးနဲ့လည်း ပြောမရတဲ့ စည်းမျဉ်းတွေ ရှိနေသေးတယ်။ အဲ့တာတောင်မှ အပိတ်မခံရဘဲနဲ့ မင်းလည်း ဒီရှိုးကို လာနိုင်သေးတာပဲနော်။ "


မာဟုန်ရှင်း၏ အွန်လိုင်းပေါ်မှ ကိုယ်ရည်ကိုယ်သွေးမှာ ဟုတ်တိုင်းမှန်ရာပြောတတ်သော ဟောဟောဒိုင်းဒိုင်း အနုပညာရှင်အိုကြီး ဖြစ်သော်ငြား အသိုင်းအဝိုင်းထဲမှ လူများကတော့ သူ့အကြောင်းအချို့ကို သိနေကြဆဲဖြစ်သည်။ ဥပမာ သူသည် အမျိုးသမီးကြယ်ပွင့်များနှင့် မပြောနိုင်သော စည်းမျဉ်းများ ရှိရသည်ကို နှစ်သက်သည်။


ဒါပေါ့၊ အဲ့ဒါက အများသဘောတူတဲ့ကိစ္စ ဆိုတော့ ဘယ်သူကမှ ထည့်ပြော‌မနေကြတော့ဘူး။


" မင်း... " မာဟုန်ရှင်း စိတ်တိုသွားသည်။ မာဟုန်ရှင်း ယန်ကျင်းဇီနှင့် ရန်ဖြစ်တော့မည်ကို မြင်တော့ ပရိုဂရမ်အသင်းမှ ဝန်ထမ်းက မာဟုန်ရှင်းကို ချက်ချင်း တားသည် : " အားလုံး စိတ်အေးအေးထားကြပါ။ နောက်ထပ်တစ်ပတ်တောင် အတူသွားကြရဦးမှာ။ အငြင်းပွားတာကို နှစ်ဖက်လုံး ရပ်လိုက်ကြတာပေါ့။ "


မာဟုန်ရှင်းသည် ကျီချန်းရှိူ့ကို ရန်စနိုင်သော်လည်း ယန်ကျင်းဇီကို ရန်မစနိုင်သဖြင့် သူ့ပါးစပ်ကိုသာ ပိတ်ထားလိုက်ရသည်။


တခြားဧည့်သည်များ ပို၍ပင် အံ့ဩသွားကြသော်လည်း ကျီချန်းရှိူ့က ယန်ကျင်းဇီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူ့နှလုံးသားက နွေးထွေးသွားသည်။


ယန်ကျင်းဇီကို သုံးနှစ်ကြာ ချစ်ခဲ့သော်ငြား ကျီချန်းရှိူ့၏နှလုံးသားက တကယ်တော့ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။


သူ အမြဲတမ်း ယန်ကျင်းဇီက သူ့ကို မကြိုက်ဘူးဟု ခံစားခဲ့ရသည်။


ဒါပေမယ့် သူ ယန်ကျင်းဇီကို တော်တော်ကြိုက်သည်။ သူ ယန်ကျင်းဇီကို ကုမ္ပဏီတွင် ပထမဆုံးအကြိမ် တွေ့ချိန်၌ သူ သူ့နှလုံးသားလေး ထိပါးခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး သူ့ထက် ရှစ်နှစ်ပိုငယ်သော ဤလူငယ်လေးအတွက် ချစ်ခင်မြတ်နိုးမှုများ အပြည့်ရှိနေခဲ့သည်။


သို့သော် သူတို့၏ အသက်အရွယ်ကွာခြားချက်မှာ ကြီးမားလွန်းနေပြီး တစ်ဖက်လူက ယောက်ျားများကို သဘောကျချင်မှကျလိမ့်မည်ဖြစ်သဖြင့် အခွင့်အရေး ရှိသောအခါ၌ သူ အကြိမ်ရေအနည်းငယ် ပိုကြည့်တာမှလွဲ၍ သူ ဘာမှထပ်မလုပ်ချင်ခဲ့ပေ။


အဖြေကတော့ နောက်ထပ် အကြည့်အနည်းငယ်ကြောင့်ပဲ ယန်ကျင်းဇီ၏အေးဂျင့်က သူ ယန်ကျင်းဇီစီမှာ ဆွဲဆောင်ခံလိုက်ရသည်ဟု ထင်ကာ ယန်ကျင်းဇီကို သူ့အိပ်ရာပေါ် ပို့လိုက်သည်။


ထိုအချိန်တွင် သူ အရက်မူးနေသောကြောင့် ဖြစ်နိုင်သည်။ သူ မထိန်းနိုင်ဘဲ သူ ယန်ကျင်းဇီကို မလုပ်သင့်သော ကိစ္စများကို လုပ်ခဲ့မိသည်။


သူ့စိတ်ထဲတွင် အပြစ်ရှိသလို ခံစားရပြီး တာဝန်ယူသင့်သည်ဟု ခံစားရသဖြင့် သူ ယန်ကျင်းဇီကို ဆက်သွယ်ရန် အစပြုခဲ့ပြီး ယန်ကျင်းဇီက သဘောတူခဲ့သည်။


သို့သော် သူတို့နှစ်ယောက် ချိန်းတွေ့နေကြသော်လည်း သာမန်ချစ်သူစုံတွဲများ လုပ်လေ့ရှိသော ဘယ်အရာကိုမှ သူတို့ တစ်ခါမှ မလုပ်ဖူးကြ။ ယန်ကျင်းဇီက အမြဲတမ်း သူ့ကို ရှောင်နေပြီး သူ့အနားမှ လူများက ယန်ကျင်းဇီ သူ့အပေါ် မရိုးသားကြောင်း သူ့ကို သတိပေးကြသည်။


ဒါပေမယ့် အဆုံးမှာတော့ သူ ယန်ကျင်းဇီကို အားနာသည်... ယန်ကျင်းဇီက ဤသို့သောကိစ္စမျိုးကို ကြုံတွေ့ခဲ့ရသည့် အဖြောင့်တစ်ယောက် ဖြစ်ပြီး အချိန်ခဏကြာသည့်အထိ ယန်ကျင်းဇီ လက်မခံနိုင်သည်မှာ ပုံမှန်ဖြစ်သည်။ ထို့ကြောင့် သူ ယန်ကျင်းဇီကို နောက်ထပ် အရင်းအမြစ်အချို့ကို နစ်နာကြေးအဖြစ် ပေးချင်ခဲ့သည်။


နှစ်ယောက်ကြားဆက်ဆံရေးကတော့... ယန်ကျင်းဇီ လမ်းခွဲချင်သောအခါ သူ လမ်းခွဲပေးလိုက်မည်။


သို့သော် ယန်ကျင်းဇီက လမ်းခွဲဖို့ မတောင်းဆိုခဲ့ဘဲ သူကိုယ်တိုင်ကလည်း ဆက်သွားဖို့ ဆန္ဒရှိသည်။


သူသည် ယန်ကျင်းဇီတစ်‌ယောက်တည်းကိုသာ သဘောကျသည်။ သူ ယန်ကျင်းဇီကို လုံးလုံးလျားလျား မပိုင်ဆိုင်နိုင်လျှင်တောင်မှ ယန်ကျင်းဇီကို သူ့ဘေးနားတွင် ထားပြီး ထိုင်ကြည့်နေရတာလည်း ကောင်းသည်။ ယန်ကျင်းဇီက သူ့လိင်စိတ်တိမ်းညွတ်မှုကြောင့် သူနှင့် ချစ်ခင်ရင်းနှီးစွာ မနေချင်သော်လည်း သာမန်ပွေ့ဖက်နှုတ်ဆက်ခြင်းများမှာ ဘယ်တော့မှ ပြဿနာမရှိခဲ့ပေ။


လွန်ခဲ့သော တစ်လခန့် သို့မဟုတ် ထို့ထက်ပိုသော အချိန်မှစ၍ ယန်ကျင်းဇီသည် သူနှင့် ချစ်ခင်ရင်းနှီးသော အထိအတွေ့များ ပြုမူချင်စိတ် စတင်ရှိလာသည်။


သူ တော်တော်လေး ပျော်သည်။ ယန်ကျင်းဇီကို မတွေ့ခင် သူ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စိတ်မဝင်စားခဲ့ဘဲ ယန်ကျင်းဇီကို တွေ့ပြီးမှသာလျှင် သူ့တွင် လူတစ်‌ယောက်ကို သဘောကျခြင်း၏ ခံစားချက် ဖြစ်ပေါ်လာခဲ့၏။ ရလဒ်ကတော့ သူတို့နှစ်ယောက်၏ ပထမဆုံးအကြိမ် တွင် သူက အရက်မူးနေခဲ့ပြီး မှတ်ဉာဏ် လုံးဝ မရှိတော့ပေ... သူ ပုံမှန်ဆက်ဆံရေးတစ်ခု လိုချင်ခဲ့သည်။


သို့သော် သူ မမျှော်လင့်ထားသည်မှာ ရက်အနည်းငယ်ခန့်သာ ပျော်ရွှင်လိုက်ရပြီးနောက် သူနှင့်ယန်ကျင်းဇီတို့ ဓာတ်ပုံအရိုက်ခံလိုက်ရသည်။


သူ သရုပ်ဆောင်နေသည်မှာ သူ နှစ်သက်သောကြောင့်သာ ဖြစ်ပြီး နှစ်ကာလများ ကုန်လွန်သွားသည့်တစ်လျှောက် ဖြည်းညှင်းစွာ ပျောက်ကွယ်လာနေပြီဟု အမှန်တကယ် စတင်စဉ်းစားနိုင်ပြီဖြစ်သည်။ ထို့အပြင် အွန်လိုင်းပေါ်တွင် သိပ်မရှိသောကြောင့် ဓာတ်ပုံရိုက်ခံရခြင်းနှင့် သူ့လိင်စိတ်တိမ်းညွတ်မှု ဖော်ထုတ်ခံရခြင်းသည် သူ့အတွက် အနည်းငယ် ခေါင်းခဲစရာ ဖြစ်သော်လည်း လက်ခံနိုင်သေးသည်။


သို့သော် ယန်ကျင်းဇီက သူ့အတွက် အရမ်းစိတ်ပူနေပြီး သူ(ယန်ကျင်းဇီ)နှင့်အတူ တိုက်ရိုက်ရသစုံရှိုးတစ်ခုတွင် သူ့ကို ပါဝင်ရန် တောင်းဆိုခဲ့သည်။


ရသစုံရှိုးများကို သူ စိတ်မဝင်စားသော်လည်း ယန်ကျင်းဇီက သူနှင့် ရသစုံရှိုးများတွင် အဆင်ပြေပြေ အတူရှိနေချင်ကြောင်း ပြောခဲ့သဖြင့် သူ သဘောတူလိုက်သည်။


ယန်ကျင်းဇီသည် ယခင်က အလုပ်များလွန်းသဖြင့် သူနှင့်ယန်ကျင်းဇီတို့တွင် တွေ့ဆုံချိန်အများကြီး မရှိခဲ့ပေ။


ကျီချန်းရှိူ့သည် ယနေ့ခေတ်တွင်ပင် လူအများအပြားက သူ၏လိင်စိတ်တိမ်းညွတ်မှုကို လက်မခံနိုင်ကြောင်း ကောင်းစွာသတိပြုမိပြီး ရသစုံရှိုးတွင် အခက်အခဲ ကြုံတွေ့ရန် သူ ပြင်ဆင်ထားပြီးပြီဖြစ်သည်။ သို့သော် ယန်ကျင်းဇီက သူ့အတွက် အလွန်တည့်တိုးဆန်စွာ ဝင်ပြောပေးလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့။


သူ့တွင် ချော့မော့ခြင်းခံရသည့် ခံစားချက် ရှိလာသည့်အပြင် ဒါက ယန်ကျင်းဇီနှင့် ဖြစ်သင့်သော ပုံစံဟု ဆိုနေသော သိုသိုဝှက်ဝှက် ခံစားချက်တစ်ခုလည်း ဖြစ်ပေါ်လာသည်။


ကျီချန်းရှိူ့၏နှလုံးသားလေးမှာ အနည်းငယ်‌ ပျော်ရွှင်နေသည်။ အဆုံးမှာတော့ သူ့ချစ်သူလေးကို အလိုလိုက်ထားခဲ့ရတာ အလဟဿ ဖြစ်မသွားခဲ့ပေ။


ထို့အပြင် သူ၏ ထင်ယောင်ထင်မှားဖြစ်ခြင်းလား သူ မသိသော်လည်း လက်ရှိယန်ကျင်းဇီသည် ပို၍စိတ်ကျေနပ်ဖွယ်ကောင်းသည်ဟု သူ အမြဲခံစားခဲ့ရသည်။


ဤရသစုံရှိုး၏ ခေါင်းစဉ်ကို သူ ကြိုတင်သိရှိထားပြီးပြီဖြစ်ကာ အခြေခံအားဖြင့် အဲ့ဒါက သူတို့ကို ပို၍ခက်ခဲသော ရှေးခေတ်ဘဝတွင် နေထိုင်ခိုင်းမည်ဖြစ်ပြီး ယန်ကျင်းဇီ လိုက်လျောညီထွေမနေနိုင်မှာကို သူ စိုးရိမ်၍ သူ ယန်ကျင်းဇီကို ပိုမိုကူညီသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။


ယန်ကျင်းဇီ မာဟုန်ရှင်းနှင့် ငြင်းခုံပြီးနောက် ဒါရိုက်တာသည် လူတိုင်းကို ဘတ်စ်ကားပေါ်သို့ တက်ရန် လောဆော်ခဲ့သည်။


ယန်ကျင်းဇီ သူ့ခရီးဆောင်အိတ်ကို သယ်ဆောင်ခါနီး ရလဒ်ကတော့ သူ့လက်ထဲက သူ့ခရီးဆောင်အိတ်ကို ကျီချန်းရှိူ့ အရင်ယူသွားခြင်းဖြစ်သည် : " ငါ မင်းကို ကူသယ်ပေးမယ်။ "


ယန်ကျင်းဇီ : " ... " သူသည် မူလပိုင်ရှင်၏မှတ်ဉာဏ်များကို ယခုမှ ရရှိခါစဖြစ်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲဖြစ်သော်လည်း ယခု ကျီချန်းရှိူ့က ခရီးဆောင်အိတ်ကို လုယူသွားတော့... သူ ရုတ်တရက် အသိပြန်ဝင်လာသည်!


" ကျွန်တော့်ဘာသာ ကျွန်တော် လုပ်ပါ့မယ်။ " ယန်ကျင်းဇီက မစဉ်းစားဘဲ ပြောလိုက်သော်လည်း ကျီချန်းရှိူ့က သူ့ခရီးဆောင်အိတ်နှင့် ထွက်သွားပြီဖြစ်သည်။


ကျန်ခဲ့သော ယန်ကျင်းဇီမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး အမျိုးသမီးဧည့်သည်နှစ်ဦးမှာလည်း အနည်းငယ် စိတ်ထိခိုက်သွားကြသည်။


အမျိုးသားဧည့်သည်များထဲမှ အငယ်‌ဆုံးဖြစ်သော လော့ချန်တောင်မှ ယန်ကျင်းဇီအနား ရောက်လာသည် : " အစ်ကိုယန် ကျီချန်းရှိူ့က အစ်ကို့ရဲ့ခရီးဆောင်အိတ်ကို ကူသယ်ပေးသွားတယ်။ သူ အစ်ကို့ကို စိတ်ဝင်စားနေတာတော့ မဟုတ်ဘူးမလား? "


လော့ချန် လာနေသည်ကို မြင်သောအခါ ယန်ကျင်းဇီသည် မသိမသာ ရှောင်ထွက်သွားပြီး ကျီချန်းရှိူ့နောက် လိုက်သွားသည်။


မူလပိုင်ရှင် စာချုပ်ချုပ်ထားသော ကုမ္ပဏီကို ကျီချန်းရှိူ့ အလုပ်လုပ်သော ကုမ္ပဏီက ရရှိပြီးနောက် မူလပိုင်ရှင်၏စာချုပ်ကလည်း ထိုကုမ္ပဏီထံ ရောက်သွား၏။ သို့သော် ထိုအချိန်တွင် မူလပိုင်ရှင်၏စာချုပ်မှာ သက်တမ်းတစ်နှစ်သာ ကျန်တော့သည်။


ထိုနှစ်တွင်ပဲ မူလပိုင်ရှင်သည် ကျီချန်းရှိူ့၏အိပ်ရာပေါ် တက်ခဲ့သော်လည်း အိပ်ရာပေါ်တက်ပြီးနောက် သူက ကျီချန်ရှိူ့၏ကုမ္ပဏီတွင် ဆက်မနေ‌ပေ။ အဲ့အစား သူက ကျီချန်းရှိူ့၏ကုမ္ပဏီနှင့် စာချုပ်ရပ်စဲပြီး အခြားကုမ္ပဏီကို သွားခဲ့သည်။


ထို့ကြောင့် ယခု သူသည် ကျီချန်းရှိူ့နှင့် ကုမ္ပဏီတစ်ခုတည်းတွင် မဟုတ်တော့ဘဲ သူသည် လော့ချန်နှင့် ကုမ္ပဏီတစ်ခုတည်းတွင် အတူရှိနေသည်။ ဤရသစုံရှိုးတွင် ပါဝင်ရန် မလာခင် မူလပိုင်ရှင်သည် လော့ချန်ကို ခေါ်လာရန် ကုမ္ပဏီကို ကတိပေးထားပြီးပြီဖြစ်သည်။


ထိုအချိန်က သူ စဉ်းစားနေခဲ့သည်မှာ ရသစုံရှိုးတွင် ရေပန်းစားလာရန် အကောင်းဆုံးနည်းလမ်းမှာ လော့ချန်နှင့် CP အတွဲဖွဲ့ဖို့ပင်။


သင်၏လိင်တူစိတ်ဝင်စားမှုကို ဖော်ထုတ်ပြီးနောက် အသိုင်းအဝိုင်းအတွင်း ဆက်လက်နေထိုင်ရန် ခက်ခဲလာမည်ဖြစ်သော်လည်း 'ပုပ်သိုးနေသော ပစ္စည်းများ' ကို ပုံမှန်ရောင်းချခြင်းသည် ပရိသတ်များကို ဆွဲဆောင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။


မူလပိုင်ရှင်သည် ဤရသစုံရှိုးတွင် ကျီချန်းရှိူ့နှင့်အတူ အခြားသူများကိုပါ လျစ်လျူရှူသူ ဖြစ်ပြီးနောက် အရူးတစ်ယောက်လိုမျိုး လော့ချန်နှင့်အတူ 'အပုပ်များ'ကို အများအပြား ရောင်းချခဲ့သည်။


သို့သော် လက်ရှိအခြေအနေတွင်မူ သူ ထိုသို့မလုပ်နိုင်ပေ။


လော့ချန်ထံမှ အနည်းငယ်သော မီတာအကွာအဝေးလေးကို ရောက်ရန်ပင် သူ မစောင့်နိုင်။


ချန်ရစ်ခံလိုက်ရသော လော့ချန် : " ... "


သူတို့၏ခရီးဆောင်အိတ်များကို သူတို့ဘာသာ သူတို့သာ သယ်ရသော အမျိုးသမီးဧည့်သည်နှစ်ဦး : " ... "


သေချာတာပေါ့၊ အမျိုးသမီးဧည့်သည်များက သူတို့ကိုယ်တိုင် သူတို့၏ခရီးဆောင်အိတ်များကို မသယ်လိုက်ရပါဘူး။ မကြာခင်မှာ အဖွဲ့ဝင်ဝန်ထမ်းတစ်ယောက်က ခရီးဆောင်အိတ်များ သယ်ထားရသော သူတို့ကို လာကူညီပါလိမ့်မည်။


ယန်ကျင်းဇီ အမှီလိုက်နိုင်သောအခါ ကျီချန်းရှိူ့က ရိုက်ကူးရေးဘတ်စ်ကားပေါ်သို့ပင် ရောက်နေပြီဖြစ်ပြီး ပြတင်းပေါက်နားမှ ထိုင်ခုံတစ်ခုံတွင် ထိုင်နေလေသည်။


သဘာဝကျကျပဲ ယန်ကျင်းဇီက သူ့ဘေးမှာ သွားထိုင်သည်။


ကျီချန်းရှိူ့ ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ သွက်လက်ပြီး လန်းဆန်းတက်ကြွနေသော ချစ်သူကောင်လေးကို တွေ့လိုက်ရသဖြင့် သူ့စိတ်အခြေအနေ ပိုကောင်း‌လာသော်လည်း သူ မပြောဘဲ မနေနိုင်ပေ : " နောက်တစ်ခါ မင်းရဲအမြင်တွေကို အရမ်းတည့်တိုးဆန်ဆန် မပြောပါနဲ့... "


ယန်ကျင်းဇီသည် လူများကို အလွယ်တကူ စော်ကားနိုင်သော မာဟုန်ရှင်းနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်။


" သူ့ကိုကျ တခြားသူတွေကို တိုက်ရိုက်ပြောခိုင်းပြီးတော့ တခြားသူတွေကိုတော့ သူ့ကို တိုက်ရိုက်ပြောခွင့်မပေးဘူးလား? " ယန်ကျင်းဇီက မျက်ခုံးပင့်လိုက်သည်။


လူငယ်လေးက အရမ်းဒေါသထွက်နေတယ်... အခြားကိစ္စအနည်းငယ်ကိုလည်း ကျီချန်းရှိူ့ ပြောချင်သေးသည်။ သို့သော် အခြားသူများ ကားပေါ်တက်လာပြီး သူတို့ဘေးနားတွင် လာထိုင်သော လူများ ရှိနေသဖြင့် သူ ဘာမှမပြောဖြစ်လိုက်ချေ။


ရသစုံရှိုးတွင် မပါဝင်ခင် ယန်ကျင်းဇီသည် သူတို့၏ဆက်ဆံရေးကို လျို့ဝှက်ထားသင့်ကြောင်း ပြောခဲ့ပြီး သူလည်း ယန်ကျင်းဇီကို ဒုက္ခမပေးချင်ပေ။


ဘတ်စ်ကားသည် တစ်လမ်းလုံး မောင်းနှင်ရန် အချိန်နှစ်နာရီကျော် ယူခဲ့ရသည်။ ထိုအချိန်တွင် ဒါရိုက်တာသည် ရိုက်ကူးရေး၏အထူးအခြေအနေအကြောင်း ပြောခဲ့ကာ ဧည့်သည်တစ်ဦးစီအား အင်တာဗျူးလုပ်ပြီး "မင်း ဘာကြောင့် ဒီရှိုးကို ရောက်လာတာလဲ?" မေးခဲ့သည်။


အေးဂျင့်က သူ(မ)ကို ခေါ်ယူခဲ့တာလို့ ကျန်းချင်းချင်းက ရိုးရိုးရှင်းရှင်း ဖြေကြားသည်။


ဟောင်မေ့က သူ(မ)သည် ယခုလို တိုက်ရိုက်ရသစုံရှိုးမျိုးတွင် မပါဝင်ဖူးသဖြင့် စိန်ခေါ်ချင်ခဲ့ကြောင်း ပြောသည်။


လော့ချန်က သူသည် ယခင်ထုတ်လွှင့်မှုများကို အလွန်နှစ်သက်သောကြောင့် ပါဝင်ရန် လာခဲ့ခြင်း‌ဖြစ်ကြောင်း ပြောကြားခဲ့သည်။


မာဟုန်ရှင်း၏အလှည့် ဖြစ်သည်။ သူသည် သူ ပါဝင်ရခြင်းအကြောင်းအရင်းမှာ ရှေးဟောင်းထုံးတမ်းဓလေ့ကို သူ အလွန်စိတ်ဝင်စားသောကြောင့်ဟု ဆိုသည်။


ကျီချန်းရှိူ့၏နေရာကို ရောက်သောအခါ...


ကျီချန်းရှိူ့က ဖြေသည် : " ဒီရှိုးက ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ "


အခြားသူများက အများကြီးပြောကြသော်လည်း သူက ဒါလေးပဲ ပြောသည်...


ကံကောင်းထောက်မစွာဖြင့် သူ့ဘေးမှ ယန်ကျင်းဇီက ဝင်ပြောသည် : " ခင်ဗျား ကျွန်တော့်ကို ဆက်မေးမှာမလား? ကျွန်တော် ဒီရသစုံရှိုးမှာ ပါဝင်ဖို့ ရောက်လာတာ ဘာကြောင့်လဲဆိုတော့ ကျီချန်းရှိူ့လည်း လာမယ်ဆိုတာ ကျွန်တော် သိလိုက်ရလို့ပါ။ ကျွန်တော်က သူ့ပရိသတ်လေ။ "


ဒါရိုက်တာ : " ... "


သေချာပေါက် သူတို့ ယန်ကျင်းဇီနဲ့ အရင်လက်မှတ်ထိုးခဲ့ပြီးမှ ကျီချန်းရှိူ့က သူ လာချင်တယ်လို့ ပြောခဲ့တာ‌!


မူလက သူတို့ အခြားမင်းသားတစ်ယောက်ကို အမှန်တကယ် စဉ်းစားနေသော်လည်း ယန်ကျင်းဇီက ကျီချန်းရှိူ့ကို အကြံပြုထောက်ခံခဲ့သည်။ အဲ့တာကြောင့် သူတို့ ကျီချန်းရှိူ့ကို သုံးဖို့ ဆုံးဖြတ်ခဲ့တယ်!


အချိန်မှာ နေ့လယ်ခင်း ဖြစ်၍ အားလုံးက နည်းနည်း အိပ်ငိုက်နေကြသည်။ အင်တာဗျူးအပြီးမှာ ဒါရိုက်တာက လူများကို အိပ်ခိုင်းခဲ့ပြီး ယန်ကျင်းဇီသည် သူ့မျက်လုံးများကို မှိတ်ထားခဲ့သည်။


ဤအချိန်တွင် ပရိုဂရမ်အသင်းသည် အင်တာနက်ပေါ်တွင် ပရိုဂရမ်၏ နောက်ဆုံးဧည့်သည်အမည်ကို ကြေညာခါစသာ ဖြစ်သည်။


လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ပရိုဂရမ်အသင်းသည် ဧည့်သည်များကို တစ်ယောက်ပြီးတစ်ယောက် ကြေညာခဲ့ပြီး ပထမဆုံး ကြေညာခံရသူမှာ ယန်ကျင်းဇီ ဖြစ်၏။


ထိုအချိန်တွင် ယန်ကျင်းဇီ၏ ပရိသတ်များသည် ပျော်ရွှင်မှုကြောင့် ရူးမတတ်ပင်။


သူတို့ ယန်ကျင်းဇီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အွန်လိုင်းကနေ ကြည့်ရမှာ!


ဒါက သူတို့ကို ယန်ကျင်းဇီနဲ့ အရမ်းနီးကပ်တယ်လို့ ခံစားရစေတယ်!


ယန်ကျင်းဇီ၏ ပရိသတ်များသည် အလွန်အစွမ်းထက်သည်။ သူတို့က ရှိုးကို လူတိုင်း သိသွားအောင် နေရာတိုင်းတွင် အလိုအလျောက် ဆက်တိုက်ကြေညာခဲ့သည်။ နောက်မှ ကြေညာခံရသော ဧည့်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် အကျိုးရရှိခဲ့ကာ ရှိုး၏ရေပန်းစားမှုကလည်း တိုးလာသည်။


ဖြစ်ချင်တော့ ယနေ့မှာ စနေနေ့ ဖြစ်ပြီး ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သောကြောင့် ပရိသတ်များက ထုတ်လွှင့်မှုအား စောစီးစွာ ကြိုစောင့်နေကြသည်။ အဲ့အချိန်မှာ ရှိုးက နောက်ဆုံးဧည့်သည်ရဲ့နာမည်ကို ကြေညာလိုက်တယ်— ကျီချန်းရှိူ့!


အွန်လိုင်းမှာ ချက်ချင်း ပေါက်ကွဲသွားကြသည်။


"ဒီကျီချန်းရှိူ့က ဘယ်သူလဲ?"


"ဘာလို့ ရှိုးအသင်းက သူ့ကို ဖိတ်တာလဲ?"


"အဲ့ဒါ လူသစ်တွေနဲ့ ပြောမရတဲ့စည်းမျဉ်းတွေ ရှိပြီး လိင်တူချင်း သဘောကျတဲ့ တစ်ယောက်မလား?"


"ဘာလို့ သူ့ကို ငါ့ကိုကိုနဲ့ အတူတူ ရှိုးမှာ ပါခိုင်းတာလဲ!"


"ငါ့ချန်ချန်လေးက အရိုးသားဆုံးပဲ။ သူ အနိုင်ကျင့်ခံရလိမ့်မယ်။"


"စိတ်မပူနဲ့ ငါတို့ကိုကိုက ချန်ချန်လေးကို ကာကွယ်ပေးလိမ့်မယ်!"


...


အခြားဧည့်သည်များ၏ ပရိသတ်များအားလုံးသည် ကျီချန်းရှိူ့အပေါ် ထင်မြင်ချက်များ ရှိကြသည်။ အထူးသဖြင့် ယန်ကျင်းဇီနှင့်လော့ချန်တို့၏ ပရိသတ်များသည် ကျီချန်းရှိူ့အပေါ် ပြင်းထန်သော အမြင်များ ရှိသည်။


ကျီချန်းရှိူ့၏ ပရိသတ်များကတော့...


အနုပညာရုပ်ရှင်များကို တကယ်ချစ်သော တချို့လူများက ကျီချန်းရှိူ့ကို အရမ်းသဘောကျကြသည်။ သို့သော် ပုံမှန်အားဖြင့် ဤလူများသည် ကျီချန်းရှိူ့အတွက် တိုက်ပွဲဝင်ရန် အသက်ကြီးလွန်းပြီး သူတို့အများစုက အင်တာနက်ပေါ်မှ သတင်းမျိုးစုံကို ဂရုပင်မစိုက်ကြချေ။


ကျီချန်းရှိူ့က အရမ်းနာမည်မကြီးပေ။ သူ့'မကောင်းသတင်း'၏ အရှိန်က လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အမှန်တကယ် လျော့ပါးသွားပြီဖြစ်သော်လည်း သူက ယခု တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်နေပြီး ယန်ကျင်းဇီနှင့်လည်း အတူရှိနေသည်...


ထိုအရာများမှာ ရုတ်ချည်း ကြီးကြီးမားမား ပြန်ဖြစ်လာသည်။


ထို့အပြင် ယန်ကျင်းဇီ ငှားထားသော ရေတပ်ကလည်း နောက်ကွယ်တွင် ရှိနေသေးသည်... ကျီချန်းရှိူ့သည် အွန်လိုင်းတွင် ဝေဖန်ရှူံ့ချခံနေရတော့သည်။


ကျီချန်းရှိူ့က ဤအရာများကို မသိပေ။


ပရိုဂရမ်အသင်းက သူတို့ဖုန်းများကို သိမ်းသွားသည်။ နောက်ရိုက်ကူးမှုအတောအတွင်း သူတို့ သူတို့ဖုန်းများကို မကိုင်ရချေ... သေချာတာပေါ့၊ ညနေခင်း ရိုက်ကူးမှု ပြီးဆုံးသွားသောအခါ သို့မဟုတ် ရိုက်ကူးရေး နေ့ခင်းတွင် ရပ်နားထားသောအခါ သူတို့ ရိုက်ကူးရေးအသင်းကို ဖုန်းတောင်းနိုင်သည်။


ညနေ လေးနာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှုသည် တရားဝင် စတင်ခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်ပြီးသည့်ချက်ချင်း တရစပ် မှတ်ချက်များ ရေးကြသည့် မရေမတွက်နိုင်သော လူများ ရှိနေသည် : "ကျင်းဇီ ငါ့ယောက်ျား!"


"ကလေးလေး ချန်ချန်"


"ချင်းချင်းရေ နမ်းပါဦး!"


"ငါ့ဇနီးအလှလေး~"



ဤသို့ရေးသော လူများပင် ရှိသည် : "geek* အဖွဲ့တစ်ဖွဲ့ သင်ယူဖို့ ရောက်ရှိလာပါပြီ"


သို့သော် ခဏတဖြုတ် ကြာပြီးနောက် ဆိုးရွားသော တရစပ် မှတ်ချက်များ တက်လာသည် : "ကျီချန်းရှိူ့ ထွက်သွား!"


"ငါ ကျီချန်းရှိူ့ကို မမြင်ချင်ဘူး"


"ဘာလို့ အခြောက်ကို ဖိတ်ထားတာလဲ!"



ယန်ကျင်းဇီနှင့်အခြားသူများသည် တရစပ် မှတ်ချက်များကို မမြင်နိုင်ပေ။ ဤအချိန်တွင် သူတို့သည် တပ်သားသစ်များ၏ အဝတ်အစားများကို ‌လဲဝတ်နေကြပြီဖြစ်သည်။


ကျန်းချင်းချင်းတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည် : " ဒါရိုက်တာ ဘာလို့ ဒီအဝတ်အစားတွေက အရမ်းညစ်‌ပတ်တဲ့ပုံ ပေါ်နေတာလဲ? "


ရှိုးက သူတို့အတွက် ပြင်ဆင်ထားသော အဝတ်အစားများမှာ သေချာပေါက် အသစ်များသာ ဖြစ်သည်။ သို့သော် သူတို့က အဝတ်အစားများပေါ်တွင် ဆေးခြယ်ထားသော အစွန်းအထင်းများ ရှိစေပြီး တမင်တကာ အပေါက်များ ဖောက်ထားသည်။


ဒါရိုက်တာ : " ဘာလို့လဲဆိုတော့ တပ်သားသစ်တွေက အဝတ်အစားအသစ်တွေ မဝတ်ရလို့ပဲ! "


" ဒါရိုက်တာ ဒီအဝတ်အစားတွေက ကျွန်တော် တီဗီမှာ တွေ့ဖူးတာတွေနဲ့ လုံးဝ မတူဘူးနော်။ " လော့ချန်ကလည်း ပြောသည်။


ဒါရိုက်တာ : " တီဗီမှာ တပ်သားတွေ ဝတ်တဲ့ အဝတ်အစားတွေက လုံးဝ ရှေးမကျဘူး... ရှေးခေတ်မှာ တပ်သားသစ်အနေနဲ့ဆို မင်းတို့ တပ်ယူနီဖောင်းတွေတောင် မရနိုင်လောက်ဘူး။ အဲ့တော့ ကျေနပ်လိုက်ကြပါ! "


ဧည့်သည်များ၏ အဝတ်အစားများသည် တကယ့်ကို ညစ်ပတ်ပေရေနေသော်လည်း ရိုက်ကူးရေးအဖွဲ့သားများက လူတိုင်း၏ခံစားချက်များကို ထည့်သွင်းစဉ်းစားပြီး အဝတ်အစားများက ကောင်းကောင်းမွန်မွန် သင့်လျော်ကိုက်ညီသည်။


အနည်းဆုံးတော့ ယန်ကျင်းဇီက သူ့အဝတ်အစားများနှင့် အရမ်းချောမောသည်။


သူ့ပရိသတ်များက သူ့ကို တွေ့သောအခါ သူတို့အားလုံး အရူးအမူး ဟစ်အော်ကြသည်။ သို့သော် တစ်ချိန်တည်းမှာပဲ တစ်ခုခု မှားနေမှန်း သူတို့ သတိထားမိသွားသည်—သူတို့ကိုကိုက အဲ့ကျီချန်းရှိူ့နဲ့ အတူတူရပ်နေတာလား?

____

*geek - ဉာဏ်ရည်ထက်မြက်သော်လည်း ခေတ်မမီသော သို့မဟုတ် လူကြိုက်များခြင်းမရှိသော လူ။


____