" ငါ့ယောက်ျားဘေးက လူက ဘယ်သူလဲ? "
" အဲ့တာ ကျီချန်းရှိူ့ မလား? "
" ကျီချန်းရှိူ့က ဒီလိုရုပ်လား? "
…
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှူနေသူများမှာ အနည်းငယ် ရှုပ်ထွေးနေကြသည်။
ကျီချန်းရှိူ့၏ အကျော်ကြားဆုံးအချိန်မှာ တကယ်တော့ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် ရုပ်ရှင်အများကြီး မရိုက်ဖြစ်ဘဲ ပိတ်ကားပြင်နောက်ကွယ်မှ အလုပ်များကိုသာ လုပ်ဖြစ်ခဲ့သည်။
ယနေ့ခေတ်တွင် စွမ်းအားအကောင်းဆုံး ကြယ်ပွင့်များနောက်လိုက်သူများမှာ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးများ ဖြစ်ကြသည်။ သူတို့အများစု၏ ကျီချန်းရှိူ့ကို နားလည်မှုမှာ ရေတပ်မှ ယခင် အလွန်အမင်း ကြေညာနှောင့်ယှက်ခဲ့သော black material ထံမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုအချိန်က ရေတပ်မှ ထုတ်သော ကျီချန်းရှိူ့၏ဓာတ်ပုံများမှာ ရုပ်ဆိုးနေဆဲ။ ကျီချန်းရှိူ့သည် ခက်ခဲသော ဇာတ်ကောင်အခန်းများကို စိန်ခေါ်ရသည်ကို နှစ်သက်ပြီး အထူးဇာတ်ကောင်အချို့တွင် သရုပ်ဆောင်ရန် သူ့ပုံရိပ်ကို မကြာခဏ ဖျက်ဆီးလေ့ရှိသည်။ သူသည် ဝတုတ်တုတ် ယောက်ျားတစ်ယောက်အဖြစ် သရုပ်ဆောင်ရန် ကိုယ်အလေးချိန်တက်အောင် လုပ်နိုင်သည် သို့မဟုတ် မူးယစ်ဆေးစွဲနေသူတစ်ယောက်အဖြစ် သရုပ်ဆောင်ရန် ကိုယ်အလေးချိန်ကျအောင် လုပ်နိုင်သည်၊ အခြားသူများ၏ ဖခင်အဖြစ် သရုပ်ဆောင်ရန် မိတ်ကပ်လိမ်းနိုင်သည်၊ ဘာမဆို လုပ်ဆောင်နိုင်သည်။
ထို့ကြောင့် ပရိသတ်ငယ်လေးများ၏ အမြင်ထဲမှ ကျီချန်းရှိူ့က ရုပ်ဆိုးသည်။ ယခု သူတို့ သူ့ကို မြင်သောအခါ သူ့ရုပ်ရည်သွင်ပြင်က တကယ်ကောင်းမှန်း သူတို့ သိလိုက်ရသည်။
လူကြိုက်များသော ချောမောသည့်ပုံစံ မဟုတ်သော်ငြား ထိုတောင့်တင်းသည့်ယောက်ျားပုံစံကိုလည်း လူအချို့က သဘောကျကြသည်။
သို့သော် ကျီချန်းရှိူ့က လူသစ်များနှင့် မပြောနိုင်သော စည်းမျဉ်းများ ရှိပြီး လိင်တူစိတ်ဝင်စားသူတစ်ယောက်လည်း ဖြစ်မှန်း စဉ်းစားမိသောအခါ လူတိုင်းက သူ့အပေါ် ကောင်းမွန်သော ထင်မြင်ချက်များ မရှိကြပေ။
ရေတပ်က သူ့ကို ရေညစ်အချို့ ဖြန်းပက်နေဆဲ ဆိုတာ ထည့်ပြောစရာပင် လိုမနေတော့။
မူလပိုင်ရှင်သည် နာမည်ဝှက်ဖြင့် ဤရှိုးပြသနေစဉ်အတောအတွင်း ကျီချန်းရှိူ့ကို အသရေဖျက်ရန် တစ်စုံတစ်ဦးအား သန်းနှင့်ချီ၍ သုံးစွဲခိုင်းစေခဲ့သဖြင့် အကျိုးမရှိဘဲ မနေချေ။
နာမည်ဝှက်ဖြစ်သောကြောင့်နှင့် ငွေပေးချေပြီးသား ဖြစ်သောကြောင့်ပင် ယန်ကျင်းဇီ တားချင်လျှင်တောင်မှ သူ မတားနိုင်တော့။
တိုက်ရိုက်ထုတ်လွှင့်မှုက ဆက်လက်ထုတ်လွှင့်နေပြီး ဒါရိုက်တာက ဧည့်သည်များအား သူတို့သည် မနက်ဖြန်မှ စတင်၍ တပ်စခန်းတွင် ရှေးခေတ်တပ်စခန်း၏ ဘဝကို အချိန်ကာလ တစ်ပတ်တိတိ တွေ့ကြုံခံစားရမည်ဖြစ်ကြောင်းနှင့် ပရိုဂရမ်အသင်းက သူတို့ကို တာဝန်ယူရန် ရှေးခေတ်တပ်အရာရှိတစ်ယောက်အား အထူးစီစဉ်ပေးထားကြောင်း ရှင်းပြနေသည်။
" ဒါရိုက်တာက ကျွန်မတို့ကို တပ်သားလေ့ကျင့်ရေး ပေးမှာတော့ မဟုတ်ဘူးမလား? " ဟောင်မေ့က ဆိုသည် : " ကျွန်မ လုပ်နိုင်မယ်လို့ မထင်ဘူး။ "
ဒါရိုက်တာ : " မင်း မလုပ်နိုင်ရင်တောင် လုပ်ရမှာပေါ့! "
မာဟုန်ရှင်းကလည်း အမြန်ဝင်ပြောသည် : " ဒါရိုက်တာ တန်းလျားက တပ်သားသစ်တွေထဲမှာ ဘယ်လိုလုပ် မိန်းမတွေ ပါနေတာလဲ? "
ဒါရိုက်တာ : " မင်း သူတို့ကို မူလန်လို့ သဘောထားလိုက်! "
လူတိုင်းဟာ သူတို့ကိုယ်သူတို့အတွက် ရိုက်ကူးမှုများကို ဖမ်းယူရာတွင် အမှန်တကယ် အတော်လေး ကျွမ်းကျင်ကြသော်လည်း ကျီချန်းရှိူ့ကတော့ မလုပ်တတ်ချေ။ ကံကောင်းစွာဖြင့် ယခုအခါ၌ ဤသည်က တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်နေလေရာ ဒါရိုက်တာက သူတို့ကို တချိန်လုံး စကားပြောနေလိမ့်မည် မဟုတ်ပေ။ ဧည့်သည်များကို ရှင်းပြချက်အချို့ ပေးပြီးနောက်မှာတော့ ဒါရိုက်တာက ပြောသည် : " အခု ရှိုးက တရားဝင် စပါပြီ။ မင်းတို့နဲ့ အတူနေမယ့် အဖွဲ့ခေါင်းဆောင်က ဒီကို မကြာခင် ရောက်လာပါလိမ့်မယ်။ ကျေးဇူးပြုပြီး ပြင်ဆင်ထားကြပါ! "
ဧည့်သည်ခြောက်ဦးစလုံး ဖြောင့်တန်းစွာ မတ်တပ်ရပ်ပြီး အဆင်သင့်ပြင်လိုက်ကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှူနေကြသည့် အင်တာနက်အသုံးပြုသူများလည်း စိုးရိမ်ခဲ့ကြပြီး တရစပ် မှတ်ချက်များ ဆက်တိုက်တက်နေသည်။ အချို့မှတ်ချက်များမှာ "ပရိုဂရမ်အသင်းက သူတို့ကို တပ်သားလေ့ကျင့်ရေး တကယ်လုပ်ခိုင်းမှာလား?"
"ချင်းချင်းက ကျန်းမာရေးမကောင်းဘူး။ တပ်သားလေ့ကျင့်ရေးဆို အရမ်းပင်ပန်းနေလိမ့်မယ်!"
"ချန်ချန်က တာပြေး ပြေးတော့မှာလား? ငါ စောင့်နေပါပြီနော်!"
"ငါ ကျင်းဇီရဲ့ ကြွက်သားတွေကို ကြည့်ချင်တယ်!"
…
အင်တာနက်အသုံးပြုသူများသည် တပ်သားသစ်များက ပြင်းထန်သော နည်းပြဆရာတစ်ယောက်ကို ကြိုဆိုရလိမ့်မည်ဟု ယေဘုယျအားဖြင့် တွေးထင်ခဲ့ကြသော်ငြား အမှန်တကယ်မှာ...
ဧည့်သည်များကဲ့သို့ တူညီသော စုတ်ပြဲနေသည့်အဝတ်အစားများကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ပါးစပ်ထဲတွင် ကောက်ရိုးတစ်စကို ကိုက်ထားကာ အပြင်ဘက်မှ ပျင်းရိစွာ ဝင်လာခဲ့သည်။
ရှေးခေတ်တပ်စခန်းခေါင်းဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သော လူမှာ ဤရှိုး၏ အစီအစဉ်တင်ဆင်သူ ဖြစ်ပြီး သူ၏လက်ရှိပုံရိပ်မှာ... သူတို့ မျှော်လင့်ထားတာနဲ့ နည်းနည်းလေး ကွာခြားနေသလိုပဲ?
ထိုသို့ဆိုလျှင်တောင်မှ အဖွဲ့ခေါင်းဆောင် ရောက်လာပြီးနောက် သူက လူတိုင်းကို ပြောသည် : " သွား ငါ မင်းတို့ကို မင်းတို့ နေရမယ့် နေရာကို ခေါ်သွားမယ်။ မင်းတို့ ဒီနေ့ လုပ်ရမယ့်အရာက မင်းတို့ရဲ့ကိုယ်ပိုင်အိပ်ရာကို တူးဖို့ပဲ။ "
" အိပ်ရာကို တူးရမယ်? " ကျန်းချင်းချင်းက နည်းပြဆရာကို ဇဝေဇဝါဖြင့် ကြည့်သည်။
အဖွဲ့ခေါင်းဆောင်က ရယ်မောပြီးနောက် ဧည့်သည်များကို ဆောက်ပြီးသားတဲတစ်တဲရှိရာသို့ ခေါ်သွားကာ ရွှံ့မြေအား လက်ညှိုးထိုးပြသည် : " မင်းတို့တွေ မင်းတို့ဘာသာ တွင်းတစ်တွင်း တူးပြီး မင်းတို့အိပ်ရာအဖြစ် သုံးကြ။ "
" လူတွေကို မြေမြှုပ်ဖို့ပဲ တွင်းတူးတာ မဟုတ်ဘူးလား? အိပ်ရာအဖြစ်တဲ့လား? မင်း နောက်နေတာမလား? " မာဟုန်ရှင်းက ပြောသည်။
" မင်းက ငါ့ကို ဒီလိုပြောရဲတယ်... လာကြစမ်း ဒီကောင်ကို ဆွဲထုတ်ပြီး အသိစိတ်ဝင်သွားအောင် ကြိမ်ဒဏ်နည်းနည်း ပေးလိုက်ကြစမ်း။ " အဖွဲ့ခေါင်းဆောင်က ညွှန်ကြားလိုက်သည်။
သူ အမိန့်ပေးပြီးသွားသည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်း ထွက်လာပြီး မာဟုန်ရှင်းကို ဆွဲထုတ်သွားသည်။
သေချာတာပေါ့ သူ့ကို တကယ်ရိုက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြစ်ဒဏ်ကတော့ ပေးရမည်ဖြစ်သည်... ပထမဆုံးထုတ်လွှင့်မှုမှ ယခင်ဧည့်သည်များသည် 'တော်ဝင်နန်းတော်' အတွင်း အပျိုတော်များအဖြစ် သူတို့ အလုပ်လုပ်စဉ်က အလှည့်တိုင်းမှာ ဆွဲထုတ်ခံရကာ အရိုက်ခံရလေ့ရှိပြီး အမျိုးသမီးဧည့်သည်တစ်ယောက်ဆိုလျှင် သူ(မ)အပြစ်များအတွက် 'သေဒဏ်ချမှတ်ခံလိုက်ရသည်'...သေချာပေါက် ထိုသေဒဏ်ဆိုသည်ကလည်း ဆွဲထုတ်ခံရပြီးနောက် ဆံပင်စတိုင်အသစ် ပြင်ပြီးမှ နန်းတွင်းအပျိုတော်အသစ်တစ်ယောက် ဟူ၍ ပြန်ခေါ်လာခံရခြင်းဖြစ်သည်။
ယခုလည်း မာဟုန်ရှင်းက အရိုက်ခံရန် အပြင်ဆွဲထုတ်ခံရပြီး ချက်ချင်းဆိုသလို ပြန်ရောက်လာသည်။ အဲ့တာက သူ၏ စုတ်ပြဲနေသော အဝတ်အစားများအပေါ် အရှိုးရာအနည်းငယ်ကို သူတို့က ဆွဲပေးလိုက်ရုံတင်ဖြစ်၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှူနေသူများသည် အရယ်မရပ်နိုင်ကြတော့ပေ။
အဖွဲ့ခေါင်းဆောင်က ထပ်ပြောပြန်သည် : " ဘာမှနားမလည်တဲ့သူတွေအတွက် မင်းတို့ ဘာကြောင့် တွင်းတူးရတာလဲ ဆိုတာ ငါ မင်းတို့ကို ရှင်းပြမယ်... ငါတို့ရဲ့တန်းလျားမှာ စောင်တွေ အလုံအလောက် မရှိဘူး။ မင်းတို့ စောင်တွေ မရနိုင်ဘူး။ မင်းတို့ မြေကြီးပေါ်မှာလှဲပြီး အိပ်ရင် မင်းတို့ကိုယ်ကို ကောက်ရိုးတွေနဲ့ ဖုံးထားမယ်ဆိုရင်တောင်မှ လုံလုံလောက်လောက် မပူနွေးနိုင်ဘူး။ တွင်းတူးတာကတော့ ကွာတယ်။ မင်းတို့ လှဲနိုင်တဲ့နေရာမှာ တွင်းတစ်ခုတူး၊ တွင်းကို မီးကင်ဖို့ တွင်းထဲမှာ မီးဖိုလိုက်၊ ပြီးရင် အဲ့ပေါ်မှာ ကောက်ရိုးခင်း၊ အဲ့တာတွေ ပြီးသွားလို့ တွင်းထဲမှာ မင်းတို့ လှဲတဲ့အချိန်ကျမှ နွေးပြီး လေလုံသွားအောင် မင်းတို့ကိုယ်တွေကို ကောက်ရိုးနဲ့အုပ်လိုက်ရုံပဲ။ "
" အဲ့လောက် ဆိုးလား? " လော့ချန်က မစဉ်းစားမိဘဲ မှုန်ဝါးဝါးဖြင့် ထုတ်ပြောမိလိုက်သည်။
" အဲ့လောက် ဆိုးတယ်! " အဖွဲ့ခေါင်းဆောင်က ခိုင်းတော့သည် : " မင်းတို့တွေ နေရာတစ်ခုနဲ့ ကိရိယာတစ်ခုကို ရွေးပြီး အိပ်ရာတူးကြတော့! "
လူတိုင်း : " ... " အဲ့စကား... သူတို့ သူတို့အတွက် သေတွင်းတူးနေသလို ခံစားရတယ်။
ဘာတွေပဲဖြစ်နေပါစေ သူတို့ တူးကိုတူးရမည်ဖြစ်သည်။
လူတိုင်းက ကိရိယာမျိုးစုံကို ယူရန် သွားခဲ့ကြပြီး ကိရိယာများက မသင့်လျော်မှန်း သူတို့ တွေ့လိုက်ရသည်...
ယန်ကျင်းဇီသည် ပေါင်းသင်ရန် သုံးသော ပေါက်ပြားတစ်လက်ကို ရလာသည်။
" ငါ မင်းအတွက် တူးပေးမယ်။ " ကျီချန်းရှိူ့သည် ယန်ကျင်းဇီ ပေါက်ပြားကို ကြည့်ရင်း ငြိမ်သက်သွားသည်ကို တွေ့သောအခါ သူက ပြုံးပြီး ပေါက်ပြားကို ယူကာ စတူးသည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းစိတ်ဝင်စားစရာကောင်းသည်။ ယခင်က ပရိသတ်များ ရယ်ခဲ့ကြသော်လည်း ယခုမူ : " အရင်ခေတ်က တပ်စခန်းတွေမှာ အိပ်စရာ ခုတင်မရှိဘူးဆိုရင်တောင် တွင်းထဲမှာ အိပ်ဖို့ လိုသေးတာလား? "
" အဲ့တုန်းက လူတိုင်းအတွက် စောင်တွေ ပြင်ဆင်ဖို့ အဆင်မပြေဘူး။ တွင်းထဲမှာ အိပ်ရတာ တကယ် ဖြစ်နိုင်တယ်။ "
" ဒီထုတ်လွှင့်မှုက ဧည့်သည်တွေရဲ့ အခြေအနေက အရင်နှစ်ခုကထက် အများကြီးပိုဆိုးတယ်! "
……
ကျီချန်းရှိူ့နှင့်ပတ်သက်သော မှတ်ချက်များလည်း ရောထွေးနေသည်။
ဤအချိန်တွင် ကျီချန်းရှိူ့သည် ယန်ကျင်းဇီ တွင်းတူးတာကို ကူညီရန် အပြေးလေးရောက်သွားသည်။
ကျီချန်းရှိူ့ ယန်ကျင်းဇီကို ခရီးဆောင်အိတ် ကူသယ်ပေးစဉ်က တိုက်ရိုက်ထုတ်လွှင့်မှု မရှိသော်လည်း ယခုအခါ၌မူ လူတိုင်း မြင်သွားကြသည်။
အစက ယန်ကျင်းဇီ၏ပရိသတ်များသည် အတော်လေး ပျော်သွားကြသည်—ယန်ကျင်းဇီ တွင်းတူးတာကို တစ်ယောက်ယောက်က ကူညီပေးလိမ့်မယ်။
သို့သော် ရေတပ်က ကျွမ်းကျင်သည်။
"ကျီချန်းရှိူ့က screen time ခိုးနေတာတော့ မဟုတ်ဘူးမလား?"
"အမျိုးသမီးဧည့်သည်တွေကို မကူညီဘဲနဲ့ ယန်ကျင်းဇီကိုတော့ ကူညီတယ်။ သူက ရိုးရောရိုးရဲ့လား?"
"ယန်ကျင်းဇီရဲ့ပရိသတ်တွေ ဂရုစိုက်သင့်ပြီ။ ယန်ကျင်းဇီကို ကျီချန်းရှိူ့ ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်နော်!"
……
ယန်ကျင်းဇီ၏ပရိသတ်များ : "!!!"
ပရိတ်သတ်များသည် ချက်ချင်းသတိရှိလာပြီး ယန်ကျင်းဇီကို စိတ်ပူစပြုလာသည်။
မူလပိုင်ရှင်သာ ဒီမှာရှိနေမယ်ဆိုရင်... သူက ကျီချန်းရှိူ့ကို ထားခဲ့ပြီး လော့ချန် တွင်းတူးတာကို ကူညီဖို့ လော့ချန်ထံ သွားလိမ့်မည်ဖြစ်သည်။
ယခုမူကား…
ယန်ကျင်းဇီက ထလာပြီး ကျီချန်းရှိူ့ထံမှ ကိရိယာကို လှမ်းယူသည် : " စီနီယာက ဘယ်လိုလုပ် ဒီလိုမျိုးကြမ်းတမ်းတဲ့အလုပ်ကို လုပ်နိုင်ရတာလဲ! ကျွန်တော် လုပ်ပါ့မယ်! "
ကျီချန်းရှိူ့က ငြင်းသည် : " ငါ ရုပ်ရှင်ရိုက်ရင်းနဲ့ ရက်အတော်ကြာတဲ့အထိ ကတုတ်ကျင်းတွေကို တူးဖူးတယ်... ငါ့မှာ အတွေ့အကြုံ ရှိတယ်။ "
" ကျွန်တော့်မှာလည်း အတွေ့အကြုံ ရှိတယ်! "
ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့က လက်မလျှော့ကြပေ။ နောက်ဆုံး ယန်ကျင်းဇီ အလျှော့ပေးလိုက်ရသည် : " အတူတူ တူးရအောင်။ စီနီယာက ကျွန်တော့်တွင်းကို တူးပေး၊ ကျွန်တော်က စီနီယာ့တွင်းကို တူးပေးမယ်။ "
" အိုကေ။ " ကျီချန်းရှိူ့ သဘောတူလိုက်သည်။ သူသည် ယန်ကျင်းဇီ၏တွင်းကို အမြန်တူးပြီးမှ ယန်ကျင်းဇီ တူးတာကို ကူညီပေးရန် ဆုံးဖြတ်ထားခဲ့သည်။
ရလဒ်ကတော့ သူ ပေါက်ပြားနှင့် ဆင်းပြီး ရွှံ့တစ်ပိုင်းကို တူးလိုက်ရုံရှိသေး သူနှင့် တစ်ဆယ်စင်တီမီတာပင် မဝေးသော ရွှံ့တစ်ပိုင်းအား ယန်ကျင်းဇီ တူးနေသည်ကို တွေ့လိုက်ရသည်။
ကျီချန်းရှိူ့ : " မင်း တွင်းတူးတာ... ငါနဲ့ အရမ်းနီးမနေဘူးလား? "
ယန်ကျင်းဇီက ဖြေသည် : " ကျွန်တော် စဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့ရဲ့တွင်းတွေကို အတူတူ တူးပြီး တွင်းတစ်ခုတည်းမှာ အိပ်တာက ပိုကောင်းမယ်လို့ ထင်တယ်။ "
ကျီချန်းရှိူ့ : " ... "
တိုက်ရိုက်ထုတ်လွှင့်မှုက ထုတ်လွှင့်နေဆဲဖြစ်ပြီး တဲတစ်တဲအတွင်းတွင် ဒါရိုက်တာ ထိန်းချုပ်ထားသော တိုက်ရိုက်ကင်မရာများစွာ ရှိနေသည်။
ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့ အလုပ်လုပ်ရန် စတင်ပြေးသွားပြီးနောက် ဒါရိုက်တာက ကင်မရာမှန်ဘီလူးကို သူတို့စီ ပြောင်းပေးခဲ့ပြီး ရလဒ်ကတော့ : " ... "
တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်သူတိုင်း အံသြသွားကြသည်။
ယန်ကျင်းဇီက ဘာလုပ်ချင်တာလဲ? သူက ကျီချန်းရှိူ့နဲ့ အတူလှဲချင်နေတာလား?
ကျီချန်းရှိူ့ထံမှ ယန်ကျင်းဇီ နှောင့်ယှက်ခံရမည်ကို စိုးရိမ်နေသော ပရိသတ်များမှာ ပိုမိုဆွံ့အသွားကြသည် : "သူ ဘာလုပ်နေတာလဲ?"
"အဲ့ကျီချန်းရှိူ့က ဂေးနော် ကိုကိုရေ!"
"ကိုကိုက ဘာဖြစ်နေတာလဲ?"
…
ကျီချန်းရှိူ့အတွက် အမုန်းစကား မှတ်ချက်များ လှိုင်းတစ်လှိုင်းစာ ထပ်မံထွက်ပေါ်လာသည်။
အင်တာနက်ပေါ်တွင် အရှုပ်အထွေးမျိုးစုံ ဖြစ်နေသည်။ သို့သော် ကျီချန်းရှိူ့တွင် သူ ယန်ကျင်းဇီထံမှ အစခံလိုက်ရသည် ဟူသော ခံစားချက်တစ်ခုသာ ရှိနေလေသည်။
ဧည့်သည်များက ရွှံ့တောထဲ တွင်းတူးနေကြရုံသာ ဖြစ်ပြီး သေချာပေါက် ဘာမှကြည့်စရာ မရှိသော်လည်း လူတိုင်းက သူတို့ကိုယ်သူတို့ တင်ဆက်ခြင်းတွင် တကယ် အရမ်းတော်သည်။
ဥပမာ မာဟုန်ရှင်းက အလွန်ကောင်းမွန်စွာ တွင်းတူးနေပြီး သူ ငယ်ငယ်က လယ်စိုက်ခဲ့ဖူးကြောင်း ထုတ်ပြောခဲ့သည်။ ကျန်းချင်းချင်းက မြေကြီးတူးရန် ပေါက်ပြားအကြီးကြီးတစ်လက်ကို အသုံးပြုပြီး အကြိမ်တိုင်း မြေကြီးအနည်းငယ်ကိုသာ တူးထုတ်သည်။
ဟောင်မေ့ကတော့ သူ(မ)သည် အနည်းငယ် တူးပြီးနောက် မောပန်းသွားသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်ဇာတ်ကောင်ကို သရုပ်ဆောင်သော ထိန်းကျောင်းသူထံ လျှောက်သွားပြီး ကလူ၏သို့မြှူ၏သို့ ပြည်တည်တည်အမူအရာဖြင့် မျက်လုံးမှိတ်ပြသည် : " အစ်ကိုကြီး ကျွန်တော် မလုပ်နိုင်တော့ဘူး။ အစ်ကိုကြီး ကျွန်တော့်ကို ကူညီပေးနိုင်မလားဟင်? "
ယဉ်ကျေးသိမ်မွေ့သော ဟောင်မေ့က ကလေးတစ်ယောက်ကဲ့သို့ ပြုမူသောအခါ ဘယ်သူမှ မငြင်းနိုင်ပေ။ အထူးသဖြင့် သူ(မ)က အင်္ကျီအစုတ်အပြတ်များကို ဝတ်ဆင်ထားပြီး သနားစရာလေးဖြစ်နေချိန်တွင်ပေါ့...
ဒါပေမယ့် အစီအစဉ်တင်ဆက်သူက သူ(မ)ကို အေးစက်စွာသာ ကြည့်သည် : " ပြန်လှည့်လိုက်တော့ အခြောက်၊ ငါနဲ့ ဝေးဝေးနေစမ်း။ ငါက မိန်းမတွေကိုပဲ ကြိုက်တယ်! "
ဟောင်မေ့ : " ငါက အခြောက် မဟုတ်ဘူး... အွန်း... " သူ(မ)ပါးစပ်ကို ကျန်းချင်းချင်းက ပိတ်ထားလိုက်သည်။
ကျန်းချင်းချင်းက ကြောက်လန့်နေသည့်အမူအရာကိုလည်း လုပ်ထားသည် : " နင် နင့်ပုံစံကို မပြရဘူး! ယောက်ျားလို ဟန်ဆောင်ပြီး တန်းလျားတွေထဲ ဝင်လာတဲ့ မိန်းမတွေက ခေါင်းဖြတ်ခံရလိမ့်မယ်! "
ကျန်းချင်းချင်း၏အသံက အလွန်ကျယ်လောင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူတိုင်း သေလုနီးပါး ရယ်မောနေကြသော်လည်း အဖွဲ့ခေါင်းဆောင်က မကြားချင်ယောင်ဆောင်နေသည်။
နောက်ဆုံး ဟောင်မေ့က ကျန်းချင်းချင်းကို ကြည့်သည် : " ချင်းချင်း ဒါမှမဟုတ် ငါတို့လည်း တွင်းတစ်တွင်းထဲမှာ အတူတူအိပ်ရအောင်! "
ကျန်းချင်းချင်းက ပြောသည် : " ငါတို့က မတူတဲ့နေရာတွေမှာ မွေးတယ် ဒါပေမယ့် တွင်းတစ်တွင်းထဲမှာ အတူတူ နေတယ်! "
" ဟုတ်တယ်! " ဟောင်မေ့ အရမ်းစိတ်လှုပ်ရှားသွားသည်။
ကျန်းချင်းချင်းက ထပ်ပြောပြန်သည် : " နင်က ငါ့ထက် အရပ်ပိုရှည်တယ်။ နင် ပိုမတူးသင့်ဘူးလား? "
ဟောင်မေ့ : " ... "
ပရိသတ်များ : " ဟားဟားဟားဟားဟား! "
ကျန်သော အမျိုးသားဧည့်သည်နှစ်ယောက် ဖြစ်သည့် လော့ချန်နှင့် မာဟုန်ရှင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကိုယ့်တွင်းကို ကိုယ့်ဘာသာကိုယ်ပဲ ဆက်တူးကြတာပေါ့။
သူတို့ တွင်းတစ်တွင်းကို သူများနဲ့ မသုံးချင်ဘူး!
ဟောင်မေ့နှင့်ကျန်းချင်းချင်းတို့က တော်သေးသည်။ သူတို့က ရှိုးတွင် သူတို့၏'ညီအစ်မ CP' ကို နာမည်ကြီးစေချင်တာ ဖြစ်နိုင်သည်။ ဒါပေမယ့် ယန်ကျင်းဇီနဲ့ကျီချန်းရှိူ့တို့က ဘာဖြစ်နေတာလဲ? သူတို့က ရှိုးမှာ လိင်တူချင်း နှစ်သက်ကြောင်း ဗြောင်ဖွင့်ပြောချင်နေတာလား?
လော့ချန်က ပို၍ပင် အံ့အားသင့်နေသည်။ သူတို့ CP အတွဲလုပ်မယ်လို့ ယန်ကျင်းဇီက သူ့ကို သေချာပြောထားခဲ့တာလေ!
အခြားတစ်ဖက်မှာတော့ ယန်ကျင်းဇီက အခြားသူများကို လုံးဝ လျစ်လျူရှူထားသည်။ သူ့ကို ကျီချန်းရှိူ့ ကျော်သွားလို့ မဖြစ်ဘူး! သူ ကျီချန်းရှိူ့ကို အလုပ်အရမ်းလုပ်ခိုင်းလို့ မဖြစ်ဘူး! သူ အလုပ်ပိုလုပ်ရမယ်! သူ ကြိုးကြိုးစားစားနဲ့ တွင်းတူးရမယ်! တွင်းတူးမယ်! တွင်းတူးမယ်!