အပိုင်း ၄၃ ( The Star 4 )
Viewers 10k

ကူးပြောင်းပြီးနောက် သူ အခု ဘာဆက်လုပ်သင့်သလဲ သူ မသိသောကြောင့် ယန်ကျင်းဇီ၏စိတ်မှာ ယခုထိ မငြိမ်သက်နိုင်သေးပေ။


သူ့တွင် ယခင်က မှတ်ဉာဏ်များ မရှိချေ။ မူလပိုင်ရှင်သည် အနုပညာကြယ်ပွင့်တစ်ပွင့် ဖြစ်ပြီး သူ ဂရုအစိုက်ဆုံးမှာ သူ၏နာမည်ဂုဏ်သတင်း ဖြစ်ကာ နာမည်ကျော်ကြားအောင်မြင်ရန်ကိုသာ အရူးအမူးကြိုးစားနေသည်။


black material မှ သူ လွတ်မြောက်ရန်အတွက် မူလပိုင်ရှင်သည် အလွန်အသေးစိတ် ဂရုစိုက်ခဲ့သည်။ နာမည်မကြီးခင်အချိန်၌ပင် သူသည် သူ၏ တစ်ကိုယ်ကောင်းဆန်သော နဂိုမူလစရိုက်အား ဖုံးကွယ်၍ တက်ကြွရွှင်လန်းပြီး ကြင်နာသနားတတ်သောလူအဖြစ် ဟန်ဆောင်ကာ သူ၏ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးပုံရိပ်ကိုပင် စတင်ပြောင်းလဲခဲ့၏။


သို့သော် တကယ်တမ်း၌ သူသည် သူကိုယ်တိုင်က အလွန်ညစ်ပတ်မှန်း ကောင်းကောင်းနားလည်သည်။


ဆန့်ကျင်ဘက်အနေဖြင့် ကျီချန်းရှိူ့ကတော့ မတူပေ။ ကျီချန်းရှိူ့သည် သရုပ်ဆောင်ခြင်းအနုပညာကို ရိုးရှင်းစွာ နှစ်ခြိုက်သဘောကျပြီး ဂုဏ်သတင်း အောင်မြင်ကျော်ကြားခြင်းနှင့်ပတ်သက်၍ စဉ်းစားစရာမလိုဘဲ သူ လိုချင်သော မည်သည့်ဇာတ်ကောင်ကိုမဆို ပါဝင်သရုပ်ဆောင်နိုင်သည်။


မူလပိုင်ရှင်သည် ထိုသို့သော ကျီချန်းရှိူ့ကို မုန်းသည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း အရင်းအမြစ်များအတွက် သူသည် သူ၏ရွံရှာမှုကို မြိုသိပ်ထားရပြီး ကျီချန်းရှိူ့ကို ချီးကျူးခဲ့ရသည်။ ထိုအခါ သူ့တွင် ကျီချန်းရှိူ့ကို ဖျက်ဆီး‌ပစ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။


ယန်ကျင်းဇီ ဆက်လက်ဖြစ်ပေါ်လာမည့် ကိစ္စများကို စဉ်းစားကြည့်လိုက်သည်။


ဒီရှိုးမှာ သူက ကျီချန်းရှိူ့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးဖို့ ကြိုးစားပြီး ကျီချန်းရှိူ့က သူ့ကို အကွက်ဆင်နေပါတယ်လို့ ပရိသတ်တွေ ထင်သွားအောင် လုပ်လိမ့်မယ်!


ဂုဏ်သတင်းနှင့်ပတ်သက်၍ တကယ်ဂရုမစိုက်သော ကျီချန်းရှိူ့သည် မူလပိုင်ရှင်က သူ့ကို လုံးဝ သဘောမကျကြောင်း သဘောပေါက်သွားသဖြင့် သူသည် မူလပိုင်ရှင်နှင့် စကားပြောပြီး ရှိုးမှာတင် မူလပိုင်ရှင်နှင့် လမ်းခွဲလိုက်သည်။


ရလဒ်ကတော့ ကျီချန်းရှိူ့မှာ တည်ငြိမ်လွန်းကာ မူလပိုင်ရှင်က ကျီချန်းရှိူ့ သူ့ကို စိတ်ပြောင်းပြီး လက်စား‌ချေဖြေရှင်းမှာကို ကြောက်ရွံ့ရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့သည်... အတိအကျပြောရမယ်ဆိုရင် မူလပိုင်ရှင်က ကျီချန်းရှိူ့ သူ့ကို အသေမုန်းနေလိမ့်မယ်လို့ ထင်နေတာ!


လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မူလပိုင်ရှင်နှင့် ကျီချန်းရှိူ့တို့သည် တစ်ခါမှ ချစ်ခင်ရင်းနီးသော ဆက်ဆံရေး မရှိခဲ့သော်လည်း မူလပိုင်ရှင်သည် ကျီချန်းရှိူ့၏အိမ်သို့ သွားပြီး ကျီချန်းရှိူ့ကို ချော့ရန်အတွက် ထိုနေရာတွင် ခဏခဏ နေလေ့ရှိသည်။ ထို့ကြောင့် လက်တွေ့ရှိုးပြီး‌သွားသောအခါ မူလပိုင်ရှင်သည် သူ့ပစ္စည်းများကို သိမ်းရန် ဟူသော အကြောင်းပြချက်ဖြင့် ကျီချန်းရှိူ့နှင့်အတူ အိမ်ပြန်သွားလိမ့်မည်။ ထို့နောက် ကျီချန်းရှိူ့၏အစားအသောက်များထဲ မူးယစ်ဆေးများ ခိုးထည့်ကာ ကျီချန်းရှိူ့ကို ရဲတိုင်လိုက်မည်ဖြစ်သည်။


မူလပိုင်ရှင်သည် အွန်လိုင်းပေါ်မှာလည်း သူ အလုပ်လုပ်ခဲ့သော ယခင်ကုမ္ပဏီတွင် ရှိနေစဉ်က ကျီချန်းရှိူ့ထံမှ ပစ်မှတ်ထားခံခဲ့ရကြောင်းနှင့် မပြောနိုင်သော စည်းမျဉ်းများကို လက်ခံမည့်အစား သူ သေသာသေလိုက်မည်ဖြစ်သဖြင့် ထိုကုမ္ပဏီမှ သူ ထွက်လာခဲ့သည်ဟု ပို့စ်တင်ခဲ့သေးသည်။


မူလပိုင်ရှင်က သူ့ပရိသတ်များ သူ့ကို သနားလာအောင် ဤကိစ္စကို အသုံးပြုခဲ့ပြီး အရှိန်က ပို၍ပင် ပြင်းထန်လာသော်ငြား ကျီချန်းရှိူ့သည် အထိန်းသိမ်းခံလိုက်ရပြီဖြစ်ကာ လုံလောက်ပြီဟု ယူဆနိုင်နေပြီဖြစ်၏။ သို့သော် မူလပိုင်ရှင်သည် ပိုအစွန်းရောက်ပြီး ငယ်ရွယ်သော ပရိသတ်များကို ကျီချန်းရှိူ့နှင့် သွားဖြေရှင်းရန် တိတ်တဆိတ် လှုံ့ဆော်နေဆဲဖြစ်သည်။


ကျီချန်းရှိူ့ ရဲစခန်းမှ ထွက်လာသောအခါ မူလပိုင်ရှင်၏ များစွာသော ပရိသတ်များက ကျီချန်း‌ရှိူ့နောက်လိုက်ကာ မောင်းထုတ်ကြပြီး ကျီချန်းရှိူ့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ နောက်ဆုံး သူတို့က ကျီချန်းရှိူ့၏ကားစီ ပြေးသွားသည်။ ကျီချန်းရှိူ့သည် ကား‌မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့သည်။


သေချာတာပေါ့၊ မူလပိုင်ရှင်လည်း ကောင်းကောင်းမွန်မွန် အဆုံးမသတ်သွားရပါဘူး။


ကျီချန်းရှိူ့ ကွယ်လွန်ပြီး သိပ်မကြာခင်မှာပဲ ကျီချန်းရှိူ့ ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ရုတ်တရက် နာမည်ကြီးလာပြီး တစ်စုံတစ်ယောက်က ကျီချန်းရှိူ့သည် မူလပိုင်ရှင်နှင့် တွဲခဲ့သည့် သတင်းကို ထုတ်ဖော်လိုက်သည်။


သေချာပေါက် မူလပိုင်ရှင်က ဝန်မခံဘဲ ငြင်းဆိုခဲ့ပြီး သူ့ပရိသတ်များက သတင်းရှင်းလင်းရန် သူ့ကို အသည်းအသန် ကူညီခဲ့ကြသော်လည်း အသိုင်းအဝိုင်းထဲမှ လူတိုင်း သတင်းက မှန်ကန်ကြောင်း သိကြသည်။


မူလပိုင်ရှင်၏ သရုပ်ဆောင်အလုပ်သည် အလွန်ထိခိုက်သွားခဲ့ပြီး ဤအချိန်တွင် သူက မူးယစ်ဆေးလည်း စွဲနေသည်။


မူလပိုင်ရှင်သည် လူများထံမှ မူးယစ်ဆေးများ ယူရာမှ မူးယစ်ဆေးသုံးစွဲသူများနှင့် အစပျိုးခဲ့မိသည်။ သူတို့ကလည်း သူ့ကို အာမခံအတွက် ရေထဲ ဆွဲချနိုင်ရန် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။


ဤလူများသည် မူလပိုင်ရှင်၏ လက်ရှိကုမ္ပဏီမှ ဖြစ်ကြသည်။ မူလပိုင်ရှင်သည် စိတ်ဆန္ဒထက်သန်သူ မဟုတ်ဘဲ သေချာပေါက် သူသည် လွယ်လွယ်ကူကူဖြင့် ထိန်းချုပ်ခံလိုက်ရသည်။


မူလပိုင်ရှင်သည် သူ၏ကိုယ်ပိုင်ပုံရိပ်ကို များစွာအာရုံစိုက်ခဲ့သော်လည်း မူးယစ်ဆေးများက လူများ၏စိတ်အာရုံကို ဆုံးရှုံးစေနိုင်ပြီး မူလပိုင်ရှင်က မူးယစ်ဆေးစွဲသွားခဲ့သည်။


သူသည် အပြင်လူများနှင့် ရင်ဆိုင်ရသောအခါ သူ၏ ဒေါသက ပိုပိုဆိုးလာပြီး ယောက်ျားများ၊ မိန်းမများနှင့် စတင်ရောထွေးနေတော့သည်။


တစ်နှစ်အကြာတွင် တစ်စုံတစ်ယောက်သည် အိပ်ရာထဲတွင် သူနှင့် အမျိုးမျိုးသော ယောက်ျားများ၊မိန်းမများ အတူရှိနေကြသည့် ဓာတ်ပုံအချို့ကို အင်တာနက်ပေါ်တွင် တင်ခဲ့သည်။


မူလပိုင်ရှင်၏ပရိသတ်များ အစက မည်မျှချစ်ခဲ့ကြပါစေ၊ ဤဖြစ်ရပ်ပြီးနောက် သူတို့ သူ့ကို မည်မျှမုန်းတီးကြပါစေ ပိုအစွန်းရောက်သော ပရိသတ်များကပင် မူလပိုင်ရှင်ကို စတင်တိုက်ခိုက်လာကြသည်။


တိုက်ဆိုင်မှု ဟုတ်၊မဟုတ် မသိသော်ငြား မူးယစ်ဆေးစွဲနေသော မူလပိုင်ရှင်သည် ပရိသတ်များကို ရှောင်ရှားရန် ကြိုးစားနေရင်း ထရပ်ကားစီသို့ တည့်တည့်မောင်းမိပြီး ကားတိုက်မိကာ သေသွားတော့သည်။


တစ်ကြိမ်တူးကာ နောက်တစ်ကြိမ် တူးပြီးနောက် ယန်ကျင်းဇီသည် အပြင်းအထန် တွင်းတူးနေရင်း နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်လိုက်သည်။


ဆုံးဖြတ်ချက် ချပြီးသွားသောအခါ သူ့စိတ် တော်တော်ငြိမ်သွားသည်။


ဧည့်သည်များ တွင်းတူးနေသည်ကိုသာ ပရိသတ်များအား ဆက်ကြည့်နေခိုင်းရန်မှာ ပရိုဂရမ်အသင်းအတွက် မဖြစ်နိုင်သောကြောင့် ခဏလောက် တူးပြီးသည်နှင့် ပရိုဂရမ်အသင်းက သူတို့၏စားစရာများကို ပို့ပေးသည်။


အဲ့ဒါက ပုံးတစ်ပုံးစာ... ဟင်းသီးဟင်းရွက်များနှင့်အတူ ပြုတ်ထားသော gnocchi ဖြစ်သည်။ ( gnocchi - အာလူး သို့မဟုတ် ဂျုံကို လုံး၍ ချက်ထားသော အီတာလျံဟင်းတစ်မျိုး။ )


gnocchi မှာ မည်းတူးနေပြီး ၎င်းတို့ထဲတွင် အသီးအရွက်များ ထည့်ချက်ထားသောအခါ ပို၍ပင် ရွံစရာကောင်းနေသေးသည်။


ဧည့်သည်များတွင် ရွံရှာမှုများ ပြည့်နှက်နေကြသည်။


" ငါ ငယ်ငယ်က အိမ်မှာ ဝက်မွေးတုန်းက ဝက်ကို ကျွေးခဲ့တဲ့ ဝက်စာကြီးနဲ့တူတယ်! " မာဟုန်ရှင်းက ပြောသည်။


" ဒါက တကယ်စားလို့ရတာလား? "


" ငါတို့ကို တိုက်ပွဲဝင်ဖို့အတွက် ရည်မှန်းထားပြီးတော့ ဒါက ငါတို့ကို ‌ကျွေးတဲ့ဟာလား? " လူတိုင်းက မေးသည်။


အဖွဲ့ခေါင်းဆောင်က ဆိုသည် : " စားစရာတွေကို အပေါ်က လျှော့ချထားတယ်။ မင်းတို့ ဒါကို ဗိုက်အပြည့် စားရ‌တာတောင် တော်သေးတာ။ အများကြီးလျှောက်မေးမနေနဲ့။ "


ဧည့်သည်များမှာ ခါးသီးစွာဖြင့်သာ စားရတော့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှူနေကြသော ပရိသတ်များမှာ တသောသော ရယ်မောကြသည်။ အချို့မှာ စိတ်ပူပန်၍ ရူးသွပ်စွာ ဆု‌များပေးကြကာ ပရိုဂရမ်အသင်းကို သူတို့၏ကိုကိုအား အစားအသောက်ကောင်းအချို့ ပေးကမ်းစေခဲ့သည်။


သို့သော် သူတို့ သူတို့၏ဆုများကို ပေးလို့မပြီးခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးဆုံးသွားသည်။


အမှန်တကယ်တော့ ဧည့်သည်များကို ကျွေးမွေးသည့် ဟင်းသီးဟင်းရွက်များနှင့် ပြုတ်ထားသော gnocchi မှာ ဆိုးဆိုးရွားရွားဖြင့် မျက်နှာပန်းမလှသော်လည်း စားလို့တော့ကောင်းသည်။


ဟင်းပွဲတစ်ခုလုံးကို ဂျုံဖြင့်သာ ချက်ပြုတ်ထားပြီး ဆီလုံးဝမပါဝင်သောကြောင့်... Diet အစားအစာ ဟူ၍ပင် မှတ်ယူနိုင်သည်။


သို့သော် ဧည့်သည်များက မခံစားနိုင်ကြဆဲ ဖြစ်လေရာ ထုတ်လွှင့်မှုပြီးဆုံးသွားသည့်နောက်မှာတော့ ပရိုဂရမ်အသင်းက တခြားအစားအစာများ ယူဆောင်လာပြီး သူတို့ တွင်းတူးတာကိုပင် ကူညီပေးသေးသည်။ နောက်ဆုံးရိုက်ကူးချက်အနည်းငယ်ကို သူတို့ကိုယ်တိုင် သူတို့ ရိုက်ကူးနိုင်နေသမျှ ကာလပတ်လုံး အဆင်ပြေသည်။


ဒါဟာ တကယ့်ကို တွေးခေါ်လုပ်ကိုင်တတ်တာပါပဲ။


ပရိုဂရမ်အသင်းမှ ပြင်ဆင်ထားသော အစားအစာကို စားပြီးနောက် ကောင်းကင်ယံမှာ လုံးဝ မှောင်သွားပြီဖြစ်ကာ ပရိုဂရမ်အသင်းက ရိုက်ကူးရေးကို ထပ်မံစတင်ပြန်သည်။ ရိုက်ကူးပြီးနောက် ဗီဒီယိုကို ဖြတ်ပိုင်းဗားရှင်းထဲသို့ ထည့်သွင်းတည်းဖြတ်မည်ဖြစ်သည်။


အမျိုးသားဧည့်သည်များက အမျိုးသမီးဧည့်သည်များအား နောက်ဆုံးတွင်းကို တူးရာတွင် ကူညီခဲ့ပြီးနောက် လူတိုင်းက တူးထားသော တွင်းကို စတင်မီးကင်ကြသည်။


တွင်းကို မီးလှော်ပြီးနောက် တွင်းထဲမှ မီးသွေးကို ထုတ်ယူပြီး ပူနေတုန်း ကောက်ရိုးဖြန့်ခင်းကာ ကောက်ရိုးပေါ်တွင် လှဲအိပ်လိုက်လျှင်... တကယ် အိပ်ပျော်သွားနိုင်သည်။


ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့သည် ရွှံ့တွင်းတစ်တွင်းထဲတွင် လှဲနေကြပြီး ပရိုဂရမ်အသင်းသားများက မီးများကို ပိတ်လိုက်သည်။


သူတို့ အရမ်းနီးကပ်နေတယ်... သူ့ဘေးနားတွင် လှဲနေသော လူက ကျီချန်းရှိူ့အား အနည်းငယ် ရှိုးတိုးရှန့်တန့် ဖြစ်စေသည်။


ဤအချိန်တွင် ယန်ကျင်းဇီက ရုတ်တရက်ကြီး အမှောင်ထဲတွင် သူ့ကို ပွေ့ဖက်ကာ နမ်းလာသည်။


ကျီချန်းရှိူ့ သူ့တစ်ကိုယ်လုံး ပျော့ခွေသွားပြီး သူ အပူတက်လာသလိုမျိုးပါ ခံစားလိုက်ရသည်...


" ရပြီ မီးဖွင့်လိုက်တော့။ " ဒါရိုက်တာက ပြောသည်။ သူ စကားပြောပြီးသောအခါ မီးများပွင့်လာသည်။


ယန်ကျင်းဇီလည်း ကျီချန်းရှိူ့ကို လွှတ်လိုက်ပြီး နှစ်ယောက်သား တွင်းထဲမှ အေးဆေးပေါ့ပါးစွာ ထွက်လာကြသည်။


ယန်ကျင်းဇီ ရုတ်တရက်ကြီး ရှာတွေ့သွားသည်မှာ သူ့သရုပ်ဆောင်စွမ်းရည်က... လုံးဝ မဆိုးဘူး!


ဟုတ်တာပေါ့၊ ရှိုးက သူတို့ ပိုက်ဆံအများကြီး ကုန်ကျပြီး ဖိတ်ခေါ်ထားရသော ဧည့်သည်များကို ရွှံ့တွင်းများထဲတွင် တကယ် အိပ်ခိုင်းမှာ မဟုတ်ပါဘူး။ ဧည့်သည်တွေ ဖျားကုန်ရင် သူတို့ ဘာသွားလုပ်ရမှာလဲ?


ဤတပ်စခန်းတွင် ရွက်ဖျင်တဲများ အများကြီး ဆောက်ထားပြီးပြီဖြစ်သည်။ ဤတဲက ရွှံ့များ ပေပွနေသော်လည်း အမှန်တကယ်တော့ တခြားတဲများတွင် ခုတင်များနှင့် ပရိဘောဂများ ထည့်သွင်းထားပြီးသားဖြစ်ပြီး ရေနှင့် လျှပ်စစ်မီးပင် တပ်ဆင်ထားသေးသည်။ ဧည့်သည်များသည် ရွှံ့တွင်းများထဲမှ တိုးထွက်လာကြပြီး သူတို့၏သက်ဆိုင်ရာတဲများစီသို့ ပြောင်းကာ အိပ်ကြသည်။ ယခင်က ကင်မရာရိုက်ကူးနေသဖြင့် ရှိုးမှ သိမ်းဆည်းထားသော သူတို့၏ဖုန်းများကိုလည်း သူတို့၏ အသီးသီးသော လက်ထောက်များမှတစ်ဆင့် သူတို့အား ပြန်ပေးခဲ့သည်။


ယန်ကျင်းဇီသည် အင်တာနက်ပေါ်တွင် လိုက်ကြည့်ရာ ကျီချန်းရှိူ့ကို တိုက်ခိုက်နေသူများစွာ ရှိကြောင်း တွေ့လိုက်ရသည်။ မူလပိုင်ရှင်ထံမှ ဒေါ်လာသန်းပေါင်းများစွာမှာ အချည်းနှီး မဖြစ်ပေ။


သူသည် သူ ယူလာသော အိတ်ထဲမှ မှတ်ပုံမတင်ထားသော ကဒ်ကို ထုတ်ယူပြီး ပိတ်ထားသည့် မိုဘိုင်းလ်ဖုန်းထဲ ထည့်သွင်းသည်။ ယန်ကျင်းဇီသည် မူလပိုင်ရှင် ပိုက်ဆံပေးခဲ့သော ရေတပ်ကို ဆက်သွယ်ခဲ့သည်။


တစ်ဖက်လူမှာ သူ၏ဖောက်သည်ကြီးအား အလေးထားသည် : " မင်းရဲ့တောင်းဆိုချက်က ဘာလဲ? "


" လူယုတ်မာ၊ ငါ အဲ့ဒါကို ပြောင်းချင်တယ်။ " ယန်ကျင်းဇီက ပြောသည်။


" ကိစ္စမရှိပါဘူး။ မင်း ဘယ်သူ့ကို ပြောင်းချင်လဲ? "


" ယန်ကျင်းဇီ။ "


အနက်ရောင်ပက်ကေ့ဂ်ျကို ပြောင်းလဲပြီးနောက် ဖုန်းကို ၎င်း၏စက်ရုံချိန်ညှိချက်အဖြစ် ပြန်လည်ထိန်းသိမ်းလိုက်ပြီး ဖုန်းကဒ်ကို သူ့နေရာသူ ပြန်သိမ်းလိုက်ကာ ယန်ကျင်းဇီသည် ဒါရိုက်တာကို ရှာဖွေရန် သူ့တဲထဲမှ ထွက်လာသည်။


ယနေ့ အလုပ် စောစီးစွာ ပြီးသွားသည်။ ဒါရိုက်တာသည် နေ့ခင်းဘက်က ရိုက်ကူးထားသော ဗီဒီယိုအကြမ်းကို ကြည့်နေဆဲဖြစ်ပြီး မအိပ်သေးပေ။ ယခု ယန်ကျင်းဇီ ရောက်လာသောအခါ သူ တော်တော်လေး အံ့ဩသွားသည် : " ယန်ကျင်းဇီ တစ်ခုခုဖြစ်လို့လား? "


ယန်ကျင်းဇီက ဒါရိုက်တာကို ပြုံးပြသည် : " ဒါရိုက်တာ ဒီရှိုးမှာ ရင်းနှီးမြှုပ်နှံမှု လိုသေးလား? "


ဒါရိုက်တာ အံ့ဩသွားသည်။


ဤရသစုံလက်တွေ့ရှိုးမှာ ယခုဆိုလျှင် ၎င်း၏တတိယအဆင့်ကို ရောက်နေပြီဖြစ်သည်။ အမှန်တကယ်တွင်တော့ ရင်းနှီးမြှုပ်နှံသူများ အများကြီး ရှိသော်လည်း မလုံလောက်သေးချေ။ သူတို့ ယန်ကျင်းဇီကို ဖိတ်ခေါ်ရန်လည်း ပိုက်ဆံအများကြီး ကုန်ခဲ့သည်။


အခု ယန်ကျင်းဇီက ရင်းနှီးမြှုပ်နှံချင်တယ်... သူတို့ လိုချင်တယ်!


ပိုက်ဆံလုံလောက်ရင် သူ နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်ချိန်ကိုလည်း တိုးနိုင်မယ်!


ဒါတင်မကသေးပါဘူး။ ဤထုတ်လွှင့်မှုကို ရိုက်ကူးပြီးလျှင် နောက်ထပ်ထုတ်လွှင့်မှုတစ်ခု ရှိလိမ့်ဦးမည်။


ယန်ကျင်းဇီသည် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ဒါရိုက်တာနှင့် ညှိနှိုင်းပြီးနောက် ဒါရိုက်တာ၏တဲထဲမှ ထွက်လာသည်။ ထို့နောက် သူသည် သူ ဖိတ်ကြားခံထားရပြီး ရသစုံလက်တွေ့ရှိုးပြီးသောအခါ လက်မှတ်ထိုးရန် ပြင်ဆင်နေသည့် တီဗီစီးရီး၏ ဒါရိုက်တာကို ဖုန်းခေါ်ကာ ရုပ်ရှင်ရိုက်ကူးရန် မဖြစ်နိုင်တော့မည်ကို စိုးရိမ်ကြောင်းနှင့် ဒါရိုက်တာက တခြားတစ်ယောက်ကို အစားထိုး ဖိတ်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။


မူလပိုင်ရှင်သည် တကယ်ပင် သူ၏အသက်မွေးဝမ်းကြောင်းအလုပ်ကို အလွန်ကောင်းမွန်စွာ စီစဉ်ခဲ့သည်။


ကျီချန်းရှိူ့ထံမှ ကံကောင်းမှုသေးသေးလေးကို ရယူပြုလုပ်ခဲ့ပြီးနောက် သူသည် ကျီချန်းရှိူ့နှင့် စာချုပ်ချုပ်ဆိုထားသော ဝါရင့်ရုပ်ရှင်ကုမ္ပဏီမှ ချက်ချင်းထွက်လာသည်။


ထိုဝါရင့်ရုပ်ရှင်ကုမ္ပဏီသည် ခရိုင်ရုပ်မြင်သံကြားဌာန၏ လက်အောက်ခံကုမ္ပဏီ ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် ယခုအခါ ခွဲထွက်လာပြီးသွားပြီဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း ထွက်ပေါ်လာသော အထူးအမြတ်အစွန်းရှိသည့် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားကုမ္ပဏီများနှင့် ကွာခြားနေဆဲဖြစ်သည်။


သူတို့သည် နိုင်ငံရေးအရ မှန်ကန်ပြီး ထုတ်လွှင့်ပြသနိုင်သော တီဗီဒရမ်မာများကို အမြဲဖန်တီးသည်။ ကုမ္ပဏီအတွင်းရှိ သက်ကြီးရွယ်အိုအုပ်စုတစ်စုကလည်း စာပေနှင့်အနုပညာဇာတ်ကားများ ဖန်တီးရိုက်ကူးရန် ဟူသော သူတို့၏ အိပ်မက်များကို ဆက်လက်လုပ်ဆောင်ကြသော်ငြား ကုမ္ပဏီတစ်ခုလုံးတွင် traffic star တစ်ယောက်လေးပင် မရှိသည့်အပြင် ရသစုံရှိုးများကိုလည်း မရိုက်ကြချေ။


သူတို့သည် ရုပ်ရှင်နှင့် တီဗီရှိုးများ ဖန်တီးရိုက်ကူးရန်ကိုသာ အာရုံစိုက်ကြသည်။


သေချာပေါက် မူလပိုင်ရှင်က ထိုသို့သောကုမ္ပဏီမျိုးတွင် ဆက်နေလိမ့်မည်မဟုတ်ပေ။ သူ့စာချုပ် သက်တမ်းကုန်သွားပြီးနောက် သူသည် ကုမ္ပဏီပြောင်းခဲ့သည်။


ထိုအချိန်တွင် သူသည် နာမည်ကြီးနေပြီဖြစ်ပြီး ကုမ္ပဏီအသစ်နှင့် သုံးနှစ်သာ စာချုပ်ချုပ်ဆိုခဲ့သည်။


လွန်ခဲ့သည့် သုံးနှစ်အတွင်း မူလပိုင်ရှင်သည် အမှန်တကယ် အလုပ်ကြိုးစားခဲ့သည်။ သုံးနှစ်စာ စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက်တွင် သူသည် သူ၏ကိုယ်ပိုင်လုပ်ငန်းကိုစတင်ကာ ကိုယ်ပိုင်စတူဒီယိုဖွင့်ရန် စီစဉ်သည်။


ဤအစီအစဥ်ကြောင့် မူလပိုင်ရှင်တွင် ယခုအချိန်၌ အလုပ်အနည်းငယ်သာရှိသည်။ သို့သော် သူ ကုမ္ပဏီနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် လက်မှတ်ရေးထိုးရန် စောင့်ဆိုင်းနေသည့် စာချုပ်များစွာ သူ့တွင် ရှိနေသည်။


ဒါက အလွန်အဆင်ပြေသည်။ စာချုပ်ဖျက်သိမ်း၍ ပေးဆောင်ရမည့် လျော်ကြေးများစွာကို ပေးဆောင်စရာ မလိုတော့ပေ။


ယန်ကျင်းဇီသည် လက်ထဲရှိနေသော ကိစ္စများကို တူညီသော နည်းလမ်းဖြင့် ကိုင်တွယ်ကာ ဒီည မအိပ်ရန်ပင် ကြံစည်နေပြီဖြစ်သည်။


အခြားတစ်ဖက်တွင်တော့ ကျီချန်းရှိူ့လည်း သူ့အဖေထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။


ကျီမိသားစုသည် ကျီချန်းရှိူ့၏ အဘိုးအဘွားများ မျိုးဆက်ကတည်းက အနုပညာနယ်ပယ်တွင် ပါဝင်ခဲ့ကြသည်။


အစောပိုင်းနှစ်များတွင် ရုပ်ရှင်အားလုံးကို အစိုးရမှ ဖန်တီးခဲ့သည်။ ကျီချန်းရှိူ့၏ အဘိုးအဘွားများသည် လစာရသော်လည်း ‌သူတို့ ပိုက်ဆံအများကြီး မရှာနိုင်ကြပေ။ ကျီချန်းရှိူ့၏မိဘများလက်ထက် ရောက်လာသောအခါ သရုပ်ဆောင်ဝင်ငွေမှာ နည်းနည်းမြင့်လာသော်လည်း တကယ် မများလှချေ။


သို့သော် ကျီချန်းရှိူ့၏မိဘများတွင် ဘိုးဘွားများနှင့် အဆက်အသွယ်ရှိသောကြောင့် သူတို့ငယ်ရွယ်စဉ်က ကုမ္ပဏီအချို့နှင့် ချိတ်ဆက်ပြီး ရှယ်ယာအချို့ ရရှိခဲ့သည်။ သူတို့သည် ရုပ်ရှင်များနှင့် တီဗီရှိုးများ၏ ရိုက်ကူးရေးများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့်လည်း ဝင်ငွေအချို့ ရခဲ့သေးသည်။


ကျီမိသားစုတွင် ငွေမပြတ်လပ်ပေ။


ကျီချန်းရှိူ့ အနုပညာနယ်ပယ်ထဲ ဝင်သောအခါ သူသည် ပိုက်ဆံရှာရန် အလျင်မလိုဘဲ သူ၏ နာမည်ကျော်ကြားမှု မြင့်တက်နေချိန်မှာတောင် PhD ရအောင် လုပ်ရန် ထွက်ပြေးလိုက်သေး၏။


မကြာသေးမီနှစ်များအတွင်း ကျော်ကြားသော influencers များသည် ငွေအမြောက်အများ ရှာနိုင်ခဲ့ပြီး ကျီချန်းရှိူ့သည် မနာလိုမဖြစ်ချေ။ ပထမအချက်မှာ သူသည် ငွေကြေးချို့တဲ့သူ မဟုတ်၊ ဒုတိယအချက်မှာ သူသည် ပရိသတ်များ နောက်မှလိုက်ဖမ်းခြင်းကို ခံရသော လွတ်လပ်မှုမရှိသည့် ဘဝကို မဖြတ်သန်း‌ချင်ပေ။


သို့သော် ယန်ကျင်းဇီသည် ထိုကဲ့သို့သော ဘဝမျိုးကို နှစ်သက်သည်။


ယန်ကျင်းဇီနှင့် ခုနက တွင်းထဲမှ အနမ်းကို တွေးမိရင်း ကျီချန်းရှိူ့၏နှလုံးခုန်သံသည် အလိုအလျောက် မြန်လာသည်။


ထိုအချိန်တွင် မီးများပြန်ပွင့်လာသောအခါ သူသည် သူ့အမူအရာကို မထိန်းနိုင်လုနီးပါးပင် ဖြစ်သွားခဲ့သည်။


" ချန်းရှိူ့ " အဖေကျီ၏အသံမှာ ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည် : " မင်း အင်တာနက်ပေါ်က သတင်းတွေကို တွေ့လား? အားလုံးက မင်းအကြောင်းတွေချည်းပဲ! "


" ဟုတ်တယ် " ကျီချန်းရှိူ့က ဆက်ဆိုသည်။ " တကယ်တော့ အဲ့ဒါတွေက အရေးမကြီးပါဘူး။ "


" ဒီလိုအချိန်မျိုးမှာတောင် မင်းက တိုက်ရိုက်လွှင့်တဲ့ ရသစုံရှိုးမှာ ဆက်ပါနေသေးတယ်။ အဆူမခံရရင် မင်း မပျော်လို့လား? " အဖေကျီက မေးသည်။


ကျီချန်းရှိူ့က ဘာမှမပြောပါဘူး။


အဖေကျီက ထပ်ပြောပြန်သည် : " အဲ့ယန်ကျင်းဇီက မင်းအပေါ်မှာ ကောင်းတဲ့ရည်ရွယ်ချက် မရှိဘူး ဆိုတာ သိသာတယ်...အရင်က မင်းနဲ့သူနဲ့ နီးနီးကပ်ကပ် ဓာတ်ပုံတွေကို သူ ပို့လိုက်တာတောင် ဖြစ်နိုင်တယ်... "


အဖေကျီတွင် သားဖြစ်သူနှင့် ရင်ဆိုင်ရသောအခါ သံမဏိ ဖြစ်မလာသော သံကို မုန်းတီးခြင်း ဟူသော ခံစားချက် ဖြစ်ပေါ်လာသည်။


သူ့သားက ယောက်ျားတွေကို ကြိုက်တာတောင် မလုံလောက်သေးတဲ့အပြင် အဲ့ဒီ့ရည်မှန်းချက်ကြီးတဲ့လူ ယန်ကျင်းဇီကို ကြိုက်နေတုန်းပဲ!


အမှန်တော့ ရည်မှန်းချက်ကြီးသော ယောက်ျားကို သဘောကျခြင်းက မမှားချေ။ ထိုသူကို နှိမ့်ချထားပြီး ထိုသူ၏ရည်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး တစ်ခုတစ်လေတောင် မပေးဘဲ ထားရမည်ဖြစ်သည်။ သို့သော် သူ့သားက အချစ်ကြောင့် စုံလုံးကန်းလွန်းနေလေရာ အရှေ့လေကိုတောင် ဖန်တီးပြီး ယန်ကျင်းဇီကို ကောင်းကင်ပေါ် ပို့လွှတ်လိုက်သည်။


ယခင်က ကျီချန်းရှိူ့၏ဓာတ်ပုံများ အွန်လိုင်းပေါ်တွင် အတင်ခံရပြီး တိုက်ခိုက်ခံရသောအခါ အဖေကျီသည် တစ်ခုခု ထူးဆန်းနေသည်ဟု ထင်ခဲ့သည်။ ပြီးနောက် ယခု ကျီချန်းရှိူ့ကို ဆွဲချနေသော တစ်ယောက်ယောက်ကို သူ‌ တွေ့ရသောအခါ သူ ပို၍ပင် ထူးဆန်းသည်ဟု ခံစားလာရသည်။


ယန်ကျင်းဇီထံမှ ကြံစည်မှုတစ်ခု ဖြစ်ရမည်ဟု သူ မပြောရဲသော်လည်း ယန်ကျင်းဇီတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဟု သူ အမြဲခံစားနေရသည်။


ဆိုးရွားသည်မှာ သူ့သားက ဒါကို အလေးအနက် မထားပေ။


အဖေကျီသည် သားဖြစ်သူ၏သဘောထားကြောင့် စိတ်ဆိုးလွန်းသဖြင့် သူ သူ့သားကို နောက်ထပ် ဘယ်တော့မှ ထပ်ဂရုမစိုက်ချင်‌တော့သည့်အထိပင်။


" အဖေ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးသွားပြီလား? " ကျီချန်းရှိူ့က မေးသည်။


" မကြည့်ပါဘူး။ ကြည့်စရာ ဘာရှိလို့လဲ? မင်းကို သူများတွေ ကဲ့ရဲ့ဆူပူနေတာတွေ ကြည့်ရမှာလား။ "


ကျီချန်းရှိူ့က ပြောသည် : " အဖေ မနက်ဖြန် ကြည့်နိုင်တယ်။ "


အဖေကျီက ဆိုသည် : " အေး ငါ မနက်ဖြန် ကြည့်လိုက်မယ် မင်းနဲ့ ယန်ကျင်းဇီကို... "


ကျီချန်းရှိူ့က ထပ်ပြောပြန်သည် : " အဖေ ကျွန်တော် သူ့ကို တကယ်ကြိုက်တယ်။ "


သူ ယန်ကျင်းဇီကို ပထမဆုံးအကြိမ် တွေ့သောအခါ သူ့နှလုံးခုန်သံက ပိုပိုပြီး မြန်လာကာ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ခက်ခဲသည်ဟု ခံစားခဲ့ရသည်။


သူ့တွင် သူ အသက်ရှင်နေသည်မှာ ယန်ကျင်းဇီကြောင့် ဖြစ်သည် ဟူသော ခံစားချက်ပင် ရှိနေခဲ့သည်။


သေချာတာပေါ့၊ သူ ထိုသို့တွေးခြင်းမှာ သူ ရူးမိုက်ခြင်းသာ ဖြစ်ပြီး သူ သိသဖြင့် သူ့ကိုယ်သူ ချုပ်တည်းဖို့ ကြိုးစားသော်လည်း သူ မလုပ်နိုင်ပေ။


သူသည် အမြဲတမ်း ယန်ကျင်းဇီ‌အပေါ် အနည်းငယ် ပိုမိုကောင်းပေးချင်ခဲ့သည်။


သို့သော် ယခင်က သူ့တွင် ဆင်ခြင်တုံတရားအချို့ အမြဲတမ်း ရှိပြီး ယန်ကျင်းဇီ သူနှင့် အတူမရှိချင်နေသရွေ့ သူ လက်လွှတ်ပေးရန် ဆန္ဒရှိသည်။ သို့သော်ငြား ယခုအခါမှာတော့... သူ ရသစုံရှိုးတွင် ပါဝင်ရန် ရောက်လာပြီး ယန်ကျင်းဇီကို တွေ့သောအခါ သူ လက်မလွှတ်ပေးချင်တော့ပေ။ သူ မခံစားနိုင်လောက်ဘူး။


ထို့အပြင် ယန်ကျင်းဇီက သူ့ကို မကြိုက်ဘူး ဟူသော သူ၏ ယခင်ခံစားချက်မှာလည်း အထင်မှားမှုတစ်ခု ဖြစ်နိုင်သည်။


ယန်ကျင်းဇီ သူ့ကို မကြိုက်ဘူး ဆိုရင် ဘယ်လိုလုပ် သူ့ကို နမ်းနိုင်ပါ့မလဲ?


ကျီချန်းရှိူ့သည် အချိန်ခဏကြာမြင့်သည့်အထိ အိပ်မပျော်နိုင်ပေ။ သူသည် အိပ်ရာပေါ်မှ ထကာ တဲထဲမှ ထွက်လာသည်။


အချိန်ကာလမှာ မတ်လဖြစ်၍ ရာသီဥတုက အသင့်အတင့် ရှိသည်။ ညဘက် အပြင်တွင် အနည်းငယ် အေးသော်လည်း အေးခဲသည့်အထိတော့ မဟုတ်ချေ။


ကျီချန်းရှိူ့သည် ယန်ကျင်းဇီ၏တဲမှ ဟကြောင်းများကို ဖြတ်လာသော အလင်းရောင်အချို့ကို သတိပြုမိသည်။


စဉ်းစားလိုက်ပြီးနောက် ကျီချန်းရှိူ့သည် သူ့ဖုန်းကို ထုတ်ကာ ယန်ကျင်းဇီကို ဖုန်းခေါ်ခဲ့သည်။


မကြာခင်မှာပဲ ဖုန်းကို ဖြေဆိုခံလိုက်ရပြီး ကျီချန်းရှိူ့က ပြောလိုက်သည် : " ကျင်းဇီ၊ ညဥ့်နက်တဲ့အထိ နေတာက မင်းရဲ့ကျန်းမာရေးအတွက် မကောင်းဘူး... "


" မင်း ညဉ့်နက်တဲ့အထိ မနေရင် ကိုယ် ညဥ့်နက်တဲ့အထိ နေတာကို မင်း ဘယ်လိုလုပ်သိမှာလဲ? " ယန်ကျင်းဇီက မေးသည်။


ကျီချန်းရှိူ့ : " ... "


" ကိုယ် အိပ်တော့မှာ။ မင်းလည်း အိပ်သင့်ပြီ။ " ယန်ကျင်းဇီသည် စကားပြောနေရင်း မီးကိုပိတ်လိုက်သည်။ ထို့နောက် အပြင်အထိ တိုးမပေါက်နိုင်သော ညမီးအသေးလေးတစ်လုံးကို ဖွင့်လိုက်သည် : " ကောင်းသောညပါ။ "


" ကောင်းသောညပါ။ " ကျီချန်းရှိူ့သည် ပြန်ဖြေပြီးနောက် သူ့တဲသို့ ပြန်ကာ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။


နောက်နေ့နံနက်စောစောတွင် သူတို့ မနက်စာ စားရန် အခေါ်ခံရသည်။


ယန်ကျင်းဇီသည် တစ်ညလုံး မအိပ်ခဲ့ဘဲ မနက်စာစားချိန်တွင် နည်းနည်းလေး ပင်ပန်းနေသည်။ လော့ချန်သည် နောက်ဆုံးတွင် သူနှင့် စကားပြောရန် အခွင့်အရေးကို ရှာတွေ့သွားခဲ့သည် : " အစ်ကိုယန် မနေ့က ဘာတွေဖြစ်နေတာလဲ? အစ်ကိုက ကျီချန်းရှိူ့နဲ့တောင် တွင်းတူးလိုက်သေးတယ်။ အင်တာနက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ။ "


ယန်ကျင်းဇီသည် လော့ချန်ကို လှမ်းကြည့်သည်။


သူ မနေ့က လော့ချန်ကို ကပ်ဆိုးတစ်ခုဖြစ်နေသလိုမျိုး အလွန်အကျွံ ရှောင်ရှားခဲ့ပြီး အကြောင်းအရင်းတစ်ချက်လည်း ရှိသည်။


မူလပိုင်ရှင်၏ မူးယစ်ဆေးများကို လော့ချန်မှ ပေးခဲ့သည်။


အလွန်ရိုးရှင်းပုံပေါ်သော လော့ချန်သည် တကယ်တော့ ထိုမျှလောက် မရိုးရှင်းလှပေ။


အမှန်တကယ်တော့ မူလပိုင်ရှင်သည် သူ လက်ရှိ လုပ်ကိုင်နေသော ကုမ္ပဏီမှ အရှုပ်တော်ပုံများ အကြောင်း အနည်းငယ်သာ သိသည်။ သို့သော် သူသည် သူက အရမ်းအစွမ်းထက်ပြီး ထိခိုက်လိမ့်မည်မဟုတ်ဟု ခံစားခဲ့ရသည်။ သူသည် ကုမ္ပဏီကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်ရရှိပြီးနောက် ထွက်ပင်သွားချင်သေးသော်လည်း ကုမ္ပဏီက သူ့ကို ခွင့်မပြုပေ။


သို့သော် မနေ့ညက ဆုံးဖြတ်ချက်ချပြီးပြီဖြစ်၍ ယန်ကျင်းဇီက တည်ငြိမ်နေသည် : " ဘာမှမဖြစ်ဘူး။ ကျီချန်းရှိူ့က ငါ့ရည်းစားလေ။ "


လော့ချန် : " ... " သူလည်း ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့အကြောင်း တစ်ခုခုသိထားပေမယ့် ယန်ကျင်းဇီက တည့်တိုးပြောချလိမ့်မယ်လို့တော့ သူ တကယ် မမျှော်လင့်ထားပေ။


" သူ ရောက်လာပြီ။ ငါ အရင်သွားနှင့်တော့မယ်။ " ယန်ကျင်းဇီသည် စကားပြောခြင်းကို အဆုံးသတ်လိုက်ပြီး ကျီချန်းရှိူ့စီ လျှောက်သွားသည်။


ကျီချန်းရှိူ့ ဝင်လာသည်နှင့်တပြိုက်နက် ယန်ကျင်းဇီနှင့်လော့ချန် အတူတူရပ်နေသည်ကို မြင်လိုက်ရသောအခါ သူ မတတ်နိုင်ဘဲ အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။


သူ နည်းနည်း မနာလိုဖြစ်မိသည်။


သူ့မနာလိုမှုသည် ယုတ္တိမရှိဟု ခံစားမိသော်လည်း သူ မထိန်းချုပ်နိုင်ဘဲ မသက်မသာ ခံစားနေရသည်။


ယန်ကျင်းဇီက သူ့စီလာပြီး တောက်ပစွာ ပြုံးပြသည် : " ဆရာကျီ အတူတူထိုင်ကြရအောင်လား? "


" ငါ မင်း စကားပြောအရမ်းကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ " မာဟုန်ရှင်းက ရုတ်တရက် သရော်လာသည်။


" ဟုတ်တယ် ငါက စကားပြောကောင်းတယ်။ " ယန်ကျင်းဇီက တည့်တိုးပြောသည်။


" ဟာ၊ မင်းမျက်နှာပေါ်မှာ ရွှေချမနေနဲ့။ မင်းရဲ့ အရင်တုန်းက အရင်းအမြစ်တချို့ကို ကျီချန်းရှိူ့ ပေးထားတာ ဟုတ်တယ်မလား? ကျီချန်းရှိူ့က တစ်စုံတစ်ယောက်နဲ့ ပြောမရတဲ့ စည်းမျဉ်းတွေ ရှိနေတဲ့သူက အဲ့တာ မင်း မလား?


" ငါတို့မှာ လေးနက်တဲ့ ဆက်ဆံရေး ရှိတယ်။ ပြောမရတဲ့စည်းမျဉ်းတွေ ဆိုတဲ့ ဒီစကားက ဘာအဓိပ္ပာယ်လဲ? ဆန့်ကျင်ဘက်အနေနဲ့ မင်း ဒီလိုဖြစ်နေမယ်ဆိုရင် မင်း လူတွေကို အရင်းအမြစ်တွေ မပေးသ‌ရွေ့ ဘယ်သူကမှ မင်းနောက်ကို လိုက်ချင်လိမ့်မှာမဟုတ်ဘူး။ " ယန်ကျင်းဇီက ပြောခဲ့သည်။


မာဟုန်ရှင်းက ထပ်ပြီး ဒေါသထွက်လာသော်လည်း သူ စိတ်တိုနေလျှင်တောင်မှ သူက နယ်သတ်မျဉ်းများကို နားလည်နေသေးသည် : " မင်း ထပ်ပြီး ဘဝင်မမြင့်နိုင်တော့မှာ အနှေးနဲ့အမြန်ပဲ! "


ယန်ကျင်းဇီက လုံးဝ ဂရုမစိုက်ချေ။


အမျိုးသမီးဧည့်သည်နှစ်ယောက်သည် တစ်ချိန်တည်းတွင် မျက်လုံးပြူးသွားကြသည်။


တကယ်တော့ သူတို့နှစ်ယောက် ဒီကိုမလာခင်က ယန်ကျင်းဇီနှင့် CP အတွဲဖွဲ့ရန် စိတ်ကူးနေခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ယန်ကျင်းဇီက ယခုချိန်တွင် တကယ် ရေပန်းစားနေပြီး ယန်ကျင်းဇီနှင့် CP ဖွဲ့ခြင်းကလည်း သူတို့ကို နာမည်ကြီးစေနိုင်သည်။


ရလဒ်အနေဖြင့် မနေ့က ရောက်လာပြီးနောက် ယန်ကျင်းဇီသည် အစပိုင်းတွင် လော့ချန်နှင့်သာ စကားပြောကာ ထို့နောက် ဆိုဖာပေါ်တွင် အိပ်ပျော်သွားရာမှ နိုးလာပြီး ကျီချန်းရှိူ့ကိုသာ စိုက်ကြည့်သည်...


သူတို့ ယန်ကျင်းဇီနှင့် CP ဖွဲ့မည့် အစီအစဉ်ကို မနေ့က စွန့်လွှတ်ပြီး ညီအစ်မ CP ဖွဲ့ရန် ဆုံးဖြတ်လိုက်သည်။


ယခု... သူတို့ ယန်ကျင်းဇီကို ရူးနေပြီဟု ထင်သည်။


အမှန်တကယ်မှာ နယ်ပယ်ထဲတွင် လိင်တူချင်းစိတ်ဝင်စားသူ အများအပြား ရှိပြီး သူတို့ဟာ အခြောက်များ မဟုတ်လျှင်တောင်မှ...ဤသို့သော လစာမြင့်ပြီး စိတ်ဖိစီးရသည့် အလုပ်မျိုးနှင့်ဆိုလျှင် လူအချို့က အပျော်သဘောနှင့် စိတ်လှုပ်ရှားမှုအတွက် လိင်တူချင်းစိတ်ဝင်စားသူများကို ရှာကြလိမ့်မည်။


သို့သော် မည်သို့ပင်ဖြစ်စေကာမူ အပေါ်ယံမျက်နှာပြင်မှာတော့ လူတိုင်းက ဘာကိုမှ ပြလိမ့်မည် မဟုတ်ပေ။ ယန်ကျင်းဇီသည် မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အခြောက်ဟု ဖော်ထုတ်ခံထားရခါစ ကျီချန်းရှိူ့နှင့် အရမ်းနီးကပ်လွန်းသည်...


အကယ်၍ လိင်တူတစ်ဦးကို နမ်းနေသော ကျီချန်းရှိူ့၏ ရှင်းလင်းပြတ်သားသည့် ဓာတ်ပုံများကို လူအများကြီးက မမြင်ဖူးထားပါလျှင် သူတို့၏ဆက်ဆံရေးကို အားသွန်ခွန်စိုက် CP ကြေညာနေသည်ဟု ယူဆနိုင်သည်။ ဒါပေမယ့် ကျီချန်းရှိူ့က အခြောက်အစစ်ကြီးလေ!


ယန်ကျင်းဇီက သူ၏ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းကို ဖျက်ဆီးနေသည်မှာ ထင်ရှားသည်။


ခဏလေး၊ ကျီချန်းရှိူ့ကို နမ်းတဲ့သူက... ယန်ကျင်းဇီတော့ မဟုတ်ပါဘူးနော်?


သူတို့လည်း ကျီချန်းရှိူ့၏ နမ်းနေသော ဓာတ်ပုံများကို မြင်ဖူးကြသည်။ ထိုအချိန်တွင် ကျီချန်းရှိူ့၏မျက်လုံးများတွင် ချစ်ခင်တွယ်တာမှုများ ပြည့်နှက်နေသော်လည်း မနေ့က ယန်ကျင်းဇီအပေါ် ထားသော ကျီချန်းရှိူ့၏သဘောထားမှာတော့ အမှန်တကယ် ကွဲပြား‌နေသည်။


မနက်စာစားပြီးနောက် ကျန်းချင်းချင်းနှင့် ဟောင်မေ့တို့နှစ်ယောက်စလုံးက သူတို့၏မိတ်ကပ်များကို ခြယ်မှုန်းရန် မိတ်ကပ်ကိရိယာများကို ထုတ်ယူလာသည်။


သူတို့သည် မိတ်ကပ်ရိုးရိုးကိုသာ လိမ်းခြယ်ကြသည်။


မိတ်ကပ်ရိုးရိုးကို လိမ်းခြယ်ရန် လူတိုင်းကို စောင့်နေရသည်။ သူတို့ လုံးဝ မိတ်ကပ်မလိမ်းဘဲ နေရန် တကယ်မဖြစ်နိုင်ပေ။ အနည်းဆုံး အခြေခံမိတ်ကပ်လေးသာ လိုအပ်ပြီး နှုတ်ခမ်းနီတော့ မလိုအပ်ချေ။


လော့ချန်ပင်လျှင် သူ့မျက်နှာကို ခြယ်သနေသည်။


ယနေ့ခေတ်တွင် အမျိုးသားအနုပညာရှင်များလည်း မိတ်ကပ်လိမ်းကြသည်။


သို့သော် မိတ်ကပ်လိမ်းပြီးနောက် လော့ချန်လည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ မူလက သူနှင့် ယန်ကျင်းဇီသည် CP ဖွဲ့ရမည် ဖြစ်ပြီး သူ့ကို လူတိုင်း၏အာရုံစိုက်ရာ ဖြစ်အောင် လုပ်ရမည်ပင်။ ဒါပေမယ့် အခု ယန်ကျင်းဇီက ဒီလိုလုပ်နေတော့ ဘယ်သူကမှ သူ့ကို အာရုံမစိုက်ကြတော့ဘူး!


ထို့အပြင် ယန်ကျင်းဇီက ဤသို့ဖြစ်နေလေရာ... သူ မနေ့က ကုမ္ပဏီကို အကြောင်းကြားခဲ့ပြီး ကုမ္ပဏီက ဘယ်လိုတွေးမလဲ သူ မသိ။


လူတိုင်း မနက်စာကောင်းကောင်းစားပြီးနောက် သူတို့ တွင်းထဲမှာ သွားပြန်အိပ်ကြသည်။


ယခုအချိန်သည် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အချိန်မဟုတ်သေးသော်လည်း ပရိုဂရမ်အသင်းသည် သူတို့ မနေ့ ညက တွင်းထဲမှာ ညအိပ်ခဲ့သလိုမျိုး ဟန်ဆောင်ခိုင်းရင်း တွင်းထဲမှ သူတို့ ထလာသော ဗီဒီယိုတစ်ခုကို ရိုက်ကူးခဲ့သည်။


ရသစုံရှိုးများမှာ... တကယ်တော့ ထိုမျှ စစ်မှန်ခြင်း မရှိပေ။


တိုက်ရိုက်ထုတ်လွှင့်မှုသည် မနက်ကိုးနာရီမှ စတင်ကာ ဆယ့်တစ်နာရီအထိ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။


မနေ့က တိုက်ရိုက်ထုတ်လွှင့်နေစဉ် ကျီချန်းရှိူ့နှင့် အတူအိပ်နေသော ယန်ကျင်းဇီ၏ဗီဒီယိုဖိုင်မှာ အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်စေရင်း နေရာအနှံ့ ပျံ့နှံ့နေခဲ့သည်။


ယန်ကျင်းဇီ၏ပရိသတ်များ၌ ပေါက်စလေးများမှလွဲ၍ အများစုမှာ လက်မခံနိုင်ကြချေ။


သူတို့ လက်မခံနိုင်ကြသောကြောင့် သူတို့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် စောစီးစွာ စောင့်ဆိုင်းနေခဲ့ကြသည်။


ကိုးနာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှုက အချိန်မှန်မှန် စတင်ခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်တွင် ဧည့်သည်များသည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေသည်။


"သူတို့က ရှေးခေတ်တပ်သားတွေအဖြစ် သရုပ်ဆောင်နေကြတာ မဟုတ်ဘူးလား? သူတို့ ဘာလို့ အသီးအရွက်တွေ စိုက်နေကြတာလဲ?"


"ငါက တိုက်ပွဲတွေ တွေ့ရမယ်လို့ ထင်ခဲ့တာ!"


"သူတို့အဝတ်အစားတွေက တကယ် စုတ်ပြဲနေတာပဲ။"



လူတိုင်း စိတ်ရှုပ်သွားကြပြီး အသင်းခေါင်းဆောင်ဇာတ်ကောင်တွင် သရုပ်ဆောင်နေသော အစီအစဉ်တင်ဆက်သူက လာရောက်ရှင်းပြသည် : " တချို့မင်းဆက်တွေမှာ တပ်သားတွေက တပ်အတွက် သူတို့ရဲ့ကိုယ်ပိုင်စားစရာတွေကို စိုက်ပျိုးရတယ်။ ဟေး မင်းတို့နှစ်ယောက်၊ မင်းတို့အလုပ်ကို မင်းတို့ သေချာမလုပ်နိုင်ဘူးလား? ငါက မင်းတို့ကို ပေါင်းသင်ခိုင်းတာ မင်းတို့က ငါ့အသီးအရွက်တွေအကုန်လုံးကို နှုတ်ပစ်နေတယ်! "


အစီအစဉ်တင်ဆက်သူက ကျန်းချင်းချင်းနှင့်ဟောင်မေ့တို့ကို အပြစ်တင်လိုက်သည်။


" ခေါင်းဆောင်က ဘယ်ဟာက မြက်လဲ၊ ဘယ်ဟာက ဟင်းရွက်လဲ ပြောတောင်ပြောနိုင်လို့လား? " ဟောင်မေ့က မေးသည်။


" ပြောနိုင်တာပေါ့။ ဒါတွေက ငါ စိုက်ထားတာ! ဒီကောင်တွေ ငါ့ဟင်းရွက်ခင်းကို ဖျက်ဆီးလိုက်ကြပြီ ငယ်သားတွေ သူတို့ကို ဆွဲထုတ်ပြီး ဒဏ်ပေးလိုက်ကြစမ်း! "


" မလုပ်ပါနဲ့! " ကျန်းချင်းချင်းနှင့်ဟောင်မေ့တို့က အော်ဟစ်ပြီး ဝန်ထမ်းများထံမှ အဆွဲခံလိုက်ရကာ သူတို့၏အဝတ်အစားများပေါ်တွင် အရှိုးရာများ တင်လာကြသည်။


ရသစုံရှိုးသည် စိတ်ဝင်စားစရာကောင်း‌ကာ အလွန်ပျော်ရွှင်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။ ယန်ကျင်းဇီ၏ပရိသတ်များသည် ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့ နီးကပ်လွန်းသောကြောင့် သူတို့ ရောက်လာကြမှန်း ခဏတာ မေ့သွားတော့သည်။


သူတို့ကိုကိုရဲ့အလုပ်လုပ်တဲ့ပုံစံက တကယ်ချောတယ်!


လူတိုင်းက nympho* များ ဖြစ်နေကြပြီး ရုတ်တရက် လူတစ်ယောက်က ယန်ကျင်းဇီကို စတင်ကျိန်ဆဲလာသည်။ ( nympho - လိင်ဆန္ဒအလွန်ပြင်းပြသောအမျိုးသမီးများ )


"ယန်ကျင်းဇီက ထပ်ပြီး ကျီချန်းရှိူ့ကို အာရုံစိုက်နေပြန်ပြီ။ သူလည်း အခြောက်ပဲလား?"


"ယန်ကျင်းဇီက ရွံစရာအကောင်းဆုံးပဲ!"


"သူက တီဗီစီးရီးတစ်ခုလုံးမှာ မျက်နှာလေဖြတ်နေသလိုပဲ။"


"သူက တီဗီဒရာမာတွေမှာ သရုပ်မဆောင်သင့်ဘူး။ ရသစုံရှိုးတွေကိုပဲ ရိုက်စမ်းပါ!"



ယန်ကျင်းဇီ၏ ပရိသတ်များ အံ့အားသင့်သွားကြသည်။


သူတို့ ဒေါသထွက်နေသောကြောင့် အစက ဤနေရာသို့ လာခဲ့ကြသော်လည်း အခြားသူများ ဤကဲ့သို့ ကြိမ်းမောင်းဆူပူနေသည်ကို သူတို့ တွေ့ရသောအခါ... ထိုသူများကို သူတို့ ချက်ချင်း ပြန်လည်ကြိမ်းမောင်းကြတော့သည်။


အဖေကျီသည် သူ့သားစကားကို နားထောင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည်။ ဤမြင်ကွင်းကို သူ မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားသည်။


သူ မနေ့က သွားကြည့်တော့ လူများက သူ့သားကို ကြိမ်းမောင်းနေကြသည်ကို တွေ့ခဲ့ရသည်။ ဒါပေမယ့် အခု ဘာလို့ သူတို့က ဒီနေ့ကျ ယန်ကျင်းဇီကို ကြိမ်းမောင်းနေကြတာလဲ?


ဤအခြေအနေမှာ သူ တွေးထားသည်နှင့် မတူပေ။


သန်းပေါင်းများစွာ တန်သော ရေတပ်သားသစ်များမှာ အချည်းနှီး ဖြစ်မသွားသည့်အပြင် ယန်ကျင်းဇီ၏ပရိသတ်များကလည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်အလွန်ကောင်းမှုကြောင့် လူသိများကြသည်။


ခဏကြာသည့်အထိ ရန်ပွဲအဆုံးသတ်ကို မြင်ရန်မှာ မဖြစ်နိုင်ခဲ့ချေ။ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်တွင် တရစပ် မှတ်ချက်များနှင့် ထူထပ်စွာ ပြည့်သိပ်နေပြီး ဖော်ပြပါ မှတ်ချက်များမှာလည်း မီးခိုးမြူများ အုံ့မှိုင်းနေသဖြင့် အခြားဧည့်သည်များ၏ ပရိသတ်များနှင့် ရှိုး၏ ပရိသတ်များ မှတ်ချက်များကို ပိတ်လိုက်ရသည့်အထိ ဖြစ်စေခဲ့သည်။


ဤအချိန်တွင် ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့သည် အတူတူ လယ်စိုက်နေကြကာ အပင်စိုက်ပြီးနောက် သူတို့အား ချက်ပြုတ်ခိုင်းသည်။


မီးဖိုချောင်က ညစ်ပတ်နေပုံရပြီး သူတို့ မီးတောင်မဖိုနိုင်ပေ။ ကံကောင်းသည်မှာ ကျီချန်းရှိူ့တွင် အတွေ့အကြုံ ရှိသည်...


ကျီချန်းရှိူ့နှင့်ယန်ကျင်းဇီတို့၏ ပရိသတ်များမှအပ ဤရသစုံရှိူးကို တကယ်ကြည့်သူများမှာ အမှန်တကယ်ပင် ဤရသစုံရှိုးကို အရမ်းကျေနပ်သဘောကျကြသည်။


"ဒီတစ်ခါထုတ်လွှင့်မှုက အရင်က ထုတ်လွှင့်မှုနှစ်ခုထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်!"


"ချင်းချင်းနဲ့ဟောင်မေ့တို့စီက CP အနံ့ ရတယ်!"


"CP အနံ့ အရှိဆုံးက ယန်ကျင်းဇီနဲ့ကျီချန်းရှိူ့တို့ပဲ ဟုတ်တယ်မလား?"


"အမှန်ဆို ကျီချန်းရှိူ့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေကို ငါ ကြိုက်တယ်... ပြောရမယ်ဆိုရင် ကျီချန်းရှိူ့က အရမ်းဆွဲဆောင်မှုရှိပြီး ယန်ကျင်းဇီက သူ့တစ်ကိုယ်လုံးကို လွှမ်းထားတယ်။* သူ လူသစ်တွေနဲ့ ပြောမရတဲ့စည်းမျဉ်းတွေ မလိုအပ်ဘူးမလား?" ( တစ်ကိုယ်လုံးကို လွှမ်းထားတယ် ဆိုတာက အဲ့လူကို လိင်ပိုင်းဆိုင်ရာနည်းလမ်းနဲ့ ခန္ဓာကိုယ်နေရာတိုင်းကို ထိတွေ့ခြင်းပါတဲ့ )


"မင်းတို့တွေ လူတွေအကြောင်း ပြောနေတာ ရပ်လို့ရမလား? ရှိုးအကြောင်း ပြောရအောင်!"


"ဒီနေ့လယ်ခင်းမှာ ပရိုဂရမ်အဖွဲ့က သူတို့ကို ဘယ်လိုမျိူး ခံစားခိုင်းဦးမလဲ မသိဘူး။"


"ရှေးခေတ်တပ်စခန်းက ဘဝက တကယ်ကြီး ဒီလောက်တောင် သနားစရာကောင်းတာလား?"


"အပေါ်ထပ်ကို ပြန်ဖြေတယ်။ အဲ့တုန်းက ဒီထက်တောင် ဆိုးသေးတယ်။ အချို့မင်းဆက်တွေမှာဆို စစ်သားတွေ ထွက်ပြေးမှာကို ကြောက်လို့ သူတို့ရဲ့မျက်နှာတွေကို တံဆိပ်ခတ်ထားရတယ်။"


"အဲ့အချိန်တုန်းက စိုက်ပျိုးမွေးမြူရေးနဲ့ လယ်ယာလုပ်ငန်း အကြောင်း တွေးကြည့်လိုက်ရင်... လူတော်တော်များများက လုံလုံလောက်လောက်တောင် မစားနိုင်ခဲ့ကြဘူး။"


...