အပိုင်း ၈၇၅
Viewers 53k

အခန်း ၈၇၅

ရန်လိုတတ်သောနယ်သာရီ


ရွှေရောင်အလင်းတန်းက မျက်တောင်တစ်ခတ်အတွင်းရောက်ရှိလာသည်။ 


မြို့ရိုးပေါ်တွင် မတ်တတ်ရပ်၍ နားမခံသာအောင်ရယ်မောနေသော နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်၏ မဟာအာကာသအဆင့်ရှိကျင့်ကြံသူ ရုတ်တရက်တုန်ရီသွားလေသည်။ အားတစ်ခုကသူ့ကိုလာရောက်ရိုက်ခတ်ပြီး မြို့ရိုးပေါ်မှ ပြုတ်ကျသွားတော့သည်။


သူမြေပြင်ပေါ်ပြုတ်ကျသွားပြီး သူပြုတ်ကျရာလမ်းတစ်လျှောက်တွင် စွပ်ကြောင်းတစ်ခုထွက်ပေါ်လာပြီး ဖုန်မှုန့်များကနေရာအနှံ့သို့ပြန့်ကြဲသွားလေသည်။


အေးစက်စူးရှသော အသံတစ်ခုကကောင်းကင်ယံတွင်ပဲ့တင်ထပ်သွားသည်။ ခဏအကြာတွင် ငရဲစွမ်းအင်များစွာကိုထုတ်လွှတ်နေသော နက်မှောင်နေသည့် ငရဲကမ္ဘာသင်္ဘော ကောင်းကင်ပေါ်တွင်ပေါ်လာသည်။


ငရဲကမ္ဘာသင်္ဘော၏ကုန်းပတ်ရှေ့တွင်မတ်တတ်ရပ်နေသော ကျက်သရေရှိလှသည့်ပုံရိပ်လေး၏ ပခုံးပေါ်မှ ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်နေသည်။


နယ်သာရီသည် ရှည်လျားသောအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာသည် ဆီးနှင်းခဲကဲ့သို့အေးစက်ကာ မောက်မာလှပြီး သူမ၏ မျက်လုံးများဖြင့် နေရာတစ်ခုလုံးကို စေ့စေ့စပ်စပ်ကြည့်နေသည်။


ပုစွန်ပိစိ၏ခန္ဓာကိုယ်ပေါ်ရှိရွှေရောင်အလင်းတန်းသည် လုံးဝပျောက်ကွယ်သွားခြင်းမရှိသေးပေ။၎င်းသည် နယ်သာရီ၏ပခုံးပေါ်တွင်ရပ်ကာ ပတ်ပတ်လည်ကိုစူးစမ်းကြည့်ရှုလိုက်သည်။


မြို့ရိုးပေါ်ရှိ လေအလင်းအင်ပါယာ၏အစောင့်များက ကြောက်ရွံ့နေကြသည်။


ဂျိချန်းရွဲ့ သည် သူ၏စစ်သည်တော်များကြားတွင်မတ်တတ်ရပ်နေပြီး ကောင်းကင်ပေါ်ရှိနယ်သာရီကိုမော့ကြည့်လိုက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။


"သူမက ငါတို့ရဲ့လေအလင်းအင်ပါယာကြီးကိုကယ်တင်ဖို့ရောက်လာတဲ့ နတ်ဘုရားမတစ်ပါးလား..."


ဂျိချန်းရွဲ့ စိတ်လှုပ်ရှားနေသောအမူအယာဖြစ့်ပြောလိုက်သည်။


လူများစွာသည် မြေပြင်ပေါ်ဒူးထောက်၍ ဝတ်တွား ခယနေကြသည်။


ဘုန်း


ကျောက်တုံး ကျောက်စအပဲ့များက နေရာအနှံ့သို့လွင့်စင်သွားသည်။ ခဏအကြာတွင် အရိပ်တစ်ခုက ကောင်းကင်ပေါ်ပျံတက်သွားပြီး ကျောက်မက်ဖွယ်အော်ရာများကိုအဆက်မပြတ်ထုတ်လွှတ်နေသည်။


နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်၏ကျင့်ကြံသူသည် အလွန်ဒေါသထွက်နေသည်။ သူ၏ဖြစ်တည်မှုကို ကမ္ဘာကြီးထံပြသလိုက်သည့်အချိန်တွင်ပင် သူရိုက်နှက်ခံလိုက်ရသည်။


ဒီလိုအချိန်မျိုးမှာ ဘယ်သူကများသူ့ကို ပျံထွက်သွားအောင် တိုက်ခိုက်ရဲရတာလဲ....


နတ်ဆိုးကင်းမြီးကောက်မျိုးနွယ် ကျင့်ကြံသူသည် ပြိုကျသွားပြီဖြစ်သော လေအလင်းအင်ပါယာမြို့ရိုးပေါ်တွင် ဝဲပျံနေသည့် ငရဲကမ္ဘာသင်္ဘောကို ဒေါတကြီးကြည့်လိုက်သည်။ ထိုသင်္ဘောမှ ကြောက်မက်ဖွယ်ငရဲစွမ်းအင်များထုတ်လွှတ်နေသည်ကိုမြင်၍ သူ့မျက်လုံးများပြူးကျယ်သွားသည်။


"ငရဲကမ္ဘာအမျိုးသမီးလား..."


နယ်သာရီ သူ့ကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။


နတ်ဆိုးကင်းမြီးကောက်များအဖွဲ့သည် အနည်းငယ် ထိတ်လန့်သွားပေသည်။ ကောင်းကင်ပေါ်တွင် ပေါ်ထွက်လာသောသူသည် အခြားသူမဟုတ်ပဲ ငရဲကမ္ဘာတွင်ကျော်ကြားသည့် ကျိန်စာသင့်နေသည့် ငရဲကမ္ဘာအမျိုးသမီးဖြစ်နေသည်။


ငရဲကမ္ဘာအမျိုးသမီးက အလွန်သန်မာခြင်းမရှိချေ။ ဒဏ္ဍာရီအရ သူမသည် ငရဲကမ္ဘာရှိ အထွတ်အထိပ်တည်ရှိမှုတစ်ခုထံမှ ကျိန်စာတိုက်ခံရပြီး နယ်နှင်ဒဏ်ပေးခံခဲ့ရသည်။


ဒါပေမယ့် ဒီမိန်းမက ဒီနေရာကိုဘယ်လိုလုပ်လာလို့ရတာလဲ....


သူမက လျှို့ဝှက်နယ်မြေမှာပဲနေသင့်တာမဟုတ်ဘူးလား....


"ကျိန်စာသင့်နေတဲ့ ငရဲကမ္ဘာအမျိုးသမီးတစ်ယောက်က... ဒီလို အဆင့်နိမ့်ပြီး မိုက်မဲတဲ့အင်းဆက်တွေကိုကယ်ချင်နေတာလား... ကြည့်ပါဦး... ဘယ်သူကမှ ငရဲကမ္ဘာရဲ့ဂုဏ်သိက္ခာကိုလွှတ်ပစ်နေတာလဲဆိုတာကို...."


နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်၏ မဟာအာကာသအဆင့်ကျင့်ကြံသူ နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများတိုးပွားလာတော့သည်။


တဝုန်းဝုန်းမြည်သံများထွက်ပေါ်လာသည်။


သူ့ခန္ဓာကိုယ်သည် အမြင့်ဆုံးအရှိန်တွင်ရှိနေသောမြှားတစ်ချောင်းနှယ် ကောင်းကင်ယံကိုဖြတ်သန်းသွားသည်။


ဘုန်း


ကြောက်မက်ဖွယ်ငရဲစွမ်းအင်များက ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးကင်းမြီးကောက်တစ်ကောင်ဖြစ်လာပြီး နယ်သာရီကိုချက်ချင်းတိုက်ခိုက်လိုက်သည်။


သို့သော် သူသည် နယ်သာရီနှင့်သုံးလက်မအကွာတွင် ဆန်းကြယ်သောအားတစ်ခုဖြင့်ရပ်တန့်ခံလိုက်ရပြီး ရှေ့သို့ဆက်ရွှေ့၍မရတော့ပေ။


"နင့်မှာ ငါ့ကိုဒီလိုမျိုးပြောဖို့အရည်အချင်းရှိတယ်ထင်နေတာလား... နင်တို့ နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်ရဲ့ ဘုရင်ရောက်လာရင်တောင်မှ... ငါ့ကိုဒီလိုပုံစံမပြောရဲဘူး..."


နယ်သာရီအေးစက်စွာပြောလိုက်သည်။


ခဏအကြာတွင် သူမလက်ကိုမြှောက်လိုက်ပြီး မမြင်နိုင်သောစွမ်းအင်လှိုင်းတစ်ချို့ကိုထုတ်လွှတ်လိုက်သည်။


"ငရဲ ဂုဏ်ဒြပ်.."


နယ်သာရီလက်မြှောက်လိုက်ပြီး ရှေ့သို့ဖြေးဖြေးချင်းတွန်းလိုက်သည်။ ရုတ်တရက် မမြင်နိုင်သောအားတစ်ချို့က နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။


ကျင့်ကြံသူသည် ကြောက်မက်ဖွယ်အားတစ်ချို့၏ဖိနှိပ်ခြင်းကိုခံရပြီး သူ့ကိုကောင်းကင်မှမြေပြင်သို့ တိုက်ရိုက် ရိုက်ချခံလိုက်ရသည်။ ထိုသို့ရိုက်ချခံရမှုကြောင့် မြေပြင်ကွဲအက်သွားခဲ့သည်။


နယ်သာရီ ငရဲကမ္ဘာသင်္ဘောပေါ်မှဆင်းသက်လိုက်သည်။ သူမ၏လှုပ်ရှားမှုများသည် အလွန်လျှင်မြန်လှကာ တည်နေရာရွှေ့ပြောင်းသကဲ့သို့ ကောင်းကင်ယံတွင် ရုတ်တရက်ပြန်ပေါ်လာသည်။ ထို့နောက်သူမသည် မြေပြင်ပေါ်အထိ ရိုက်ချခြင်းခံလိုက်ရသော နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ၏ခေါင်းပေါ်တွင် ပျံဝဲနေလိုက်သည်။


"ငရဲ တစ္ဆေတိုက်ချက်..."


ဘုန်း


လက်ဖဝါးကိုဖိချလိုက်သောအခါ မြေပြင်ကွဲကြေသွားပြီး မမြင်နိုင်သောအားလှိုင်းများ များကကျယ်ပြန့်လာသည်။


ဖိချခံလိုက်ရသောမြေပြင်သည် ချိုင့်ဝင်သွားကာ နက်ရှိုင်းကြီးမားသော အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာသည်။ ကျောက်တုံးများစွာကွဲကြေသွားပြီး နေရာအနှံ့သို့လွင့်စင်သွားသည်။


လေအလင်းအင်ပါယာရှိ ပြည်သူများ ပါးစပ်အဟောင်းသားဖြင့်အံ့ဩသွားကြသည်။ သူတို့အားလုံး ကြောက်မက်ဖွယ်အားလှိုင်းများကိုခံစားလိုက်ရသည်။


ဒီအမျိုးသမီးက... အရမ်းစွမ်းအားကြီးတာပဲ...


ပထမကတုန်လှုပ်သွားကြသော်လည်း ခဏအကြာတွင်ဝမ်းသာသွားကြသည်။ ထိုအမျိုးသမီးက သူတို့၏ကယ်တင်ရှင်ဖြစ်သည်။ သူမ၏သန်မာခြင်းသည် သူတို့ကယ်တင်ခံရမည်ဟု ဆိုလိုခြင်းဖြစ်သည်။


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူသည် အပေါက်ကြီးထဲမှ တဖြေးဖြေးချင်းတွားထွက်လာသည်။ သူ့မျက်လုံးများစူးရှလာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။


"ငရဲကမ္ဘာအမျိုးသမီး... မင်းလူတွေကိုအနိုင်ကျင့်တာများနေပြီ...."


သူအော်ဟစ်နေသော်လည်း အမှန်တကယ်တွင် ကြောက်ရွံ့နေခြင်းဖြစ်သည်။


ငရဲကမ္ဘာအမျိုးသမီးရဲ့ ကျင့်ကြံဆင့်က မဟာအာကာသအဆင့်လို့ပြောကြတာမဟုတ်ဘူးလား.... ဘယ်လိုလုပ်သူမက ကျိန်စာသင့်ပြီး နယ်နှင်ဒဏ်အပေးခံထားရတဲ့အခြေအနေမှာတောင်မှ ပိုပြီးသန်မာလာရတာလဲ...


ကျိန်စာသင့်ပြီး နယ်နှင်ဒဏ်ပေးခံရတာက တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကိုမြင့်သွားစေနိုင်တာလား...


မဖြစ်နိုင်ဘူး.... သူမက ကျိန်စာဆီကနာကျင်မှုကိုနေ့တိုင်းတောင့်ခံနေရတာလေ ဘယ်လိုလုပ်ပြီး ကျင့်ကြံဖို့အချိန်ရှိရမှာလဲ...


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ မျက်လုံးများပြူးကျယ်လာကာ အော်ဟစ် ဟိန်းဟောက်၍ တွင်းပေါက်ထဲမှ တက်လာတော့သည်။


သူ့ခန္ဓာကိုယ် ကြီးထွားလာ၍ ခန္ဓာကိုယ်တစ်ခုလဲစုတ်ပြဲနေသည်။ ခဏအကြာတွင် သူသဘ် ဧရာမနတ်ဆိုးကင်းမြီးကောက်ကြီးတစ်ကောင်ဖြစ်လာသည်။


နတ်ဆိုးကင်းမြီးကောက်သည် မြေပြင်ပေါ် ဘုန်းကနဲမြည်အောင်ဆင်းသက်လိုက်သည်။ သူ့ပါးစပ်မှ စေးပျစ်သောအရည်များကျဆင်းနေပြီး ကောင်းကင်ယံတွင် ဝဲပျံနေသော နယ်သာရီထံဦးတည်လိုက်သည်။


အော်ဟစ်သံတစ်ခုနှင့် အတူသူ၏ကြီးမားသောလက်မကြီးရွေ့လျားသွားသည်။ ဧရာမနတ်ဆိုးကင်းမြီးကောက်ကြီး၏ အဆိပ်ဆူးကိုလည်း အန္တရာယ်ရှိစွာလွှဲရမ်းလိုက်သည်။


နယ်သာရီ နတ်ဆိုးကင်းမြီးကောက်၏ မူလပုံစံကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည်။ လေဟာနယ်ထဲတွင် သူ၏ခြေဖျားကိုဖိချလိုက်ပြီး တွန်းကန်အားဖြင့် ငရဲကမ္ဘာသင်္ဘောပေါ်ကိုပြန်ရောက်သွားသည်။


ဒီလူကကြီးလွန်းတယ်... ပုစွန်ပိစိကိုပဲရင်ဆိုင်ခိုင်းလိုက်တာကောင်းပါတယ်...


သူမ၏ပခုံးပေါ်တွင် မတ်တတ်ရပ်နေသော ပုစွန်ပိစိ၏မျက်လုံးများလည်သွားကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး ပြေးထွက်သွားသည်။ ရုတ်ချည်းပင် ၎င်းသည် ဧရာမနတ်ဆိုးကင်းမြီးကောက်ရှေ့တွင်ပေါ်ထွက်လာသည်။


လူတိုင်းကြောင်အသွားကာ ရယ်စရာကောင်းသည်ဟုခံစားလိုက်ရသည်။


ရှောင်ယီနှင့် ရှောင်ရှောင်လုံတို့ မြို့ရိုးပေါ်ရောက်သည်နှင့် အသက်ပင်အောင့်သွားမိသည်။ သေးငယ်သော ပုစွန်ပိစိနှင့် ဧရာမနတ်ဆိုးကင်းမြီးကောက်တို့ ကောင်းကင်ယံတွင်ဝဲပျံနေကြသည်ကိုမြင်သောအခါ သူတို့၏မျက်နှာများထူးဆန်းသွားတော့သည်။


ဧရာမနတ်ဆိုးကင်းမြီးကောက်ကြီးသည် လေးမီတာမျှရှည်လျားကာ မြို့ရိုးနီးပါးမြင့်မားပေသည်။ ထိုကြီးမားလှသည့်ခန္ဓာကိုယ်ကြီးသည် လူများကိုအသက်ရှူပင်ကြပ်သွားစေနိုင်သည့် ကြီးမားသော ဖိအားကိုထုတ်လွှတ်နေသည်။


"ပုစွန်ပိစိအဆင်ပြေပါ့မလား.... အဲ့လူကြီးက ကြောက်စရာကြီးနော်..."


ရှောင်ရီ တံတွေးမြိုချမိသွားသည်။


"ငါ့ကိုဘာလို့လာမေးနေတာလဲ... ငါလည်း‌ေ-ာက်ရမ်းကိုသိချင်နေတာပါဟ... ပုစွန်ပိစိကို ဒီကိုပြန်ခေါ်ရင်ရော ဘယ်လိုလဲ..."


ရှောင်ရှောင်လုံ ပြောလိုက်သည်။


နတ်ဆိုးကင်းမြီးကောက်ကြီး၏ မီးအိမ်တစ်လုံးပမာကြီးမားသော အနီရောင်မျက်လုံးသည် ပုစွန်ပိစိကိုကြည့်လိုက်သည်။


ပုစွန်ပိစိ၏ ခန္ဓာကိုယ်သည်ရွှေရောင်အလင့းများတောက်ပလာပြီး ၎င်း၏မျက်လုံးများသည်လည်း ရွေ့လျားလာလေသည်။


ဝေါင်း...


နတ်ဆိုးကင်းမြီးကောက် ဟိန်းဟောက်လိုက်သည်။ သူ့ပါးစပ်ကိုဖွင့်လိုက်သည်နှင့် လေပြင်းများထွက်ပေါ်လာတော့သည်။


ပုစွန်ပိစိသည် မုန်တိုင်းအတွင်းလူးလွန့်နေရှာသော လှေငယ်လေးတစ်စင်းနှင့်တူနေသည်။


ဟိန်းဟောက်ပြီးသည့်နောက်တွင် နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ၏မျက်လုံးများက မထီမဲ့မြင်ပြုမှုများဖြင့်ပြည့်လာသည်။


ဒီရွှေရောင်ပုစွန်လေးက သေးလွန်းတော့ သူ့သွားကြားကိုဖြည့်ဖို့တောင်မလောက်ဘူး...


ရုတ်တရက်


သူအံ့ဩသွားပေသည်။ သူ့ရှေ့တွင် ရွှေရောင်ပုစွန်သည် မျက်စိအာရုံကိုအနှောင့်အယှက်ဖြစ်စေသော တောက်ပသည့်ရွှေရောင်အလင်းတန်းများကိုထုတ်လွှတ်လိုက်သည်။


ထို့နောက် ရွှေရောင်အလင်းတန်းများပျောက်ကွယ်သွားသည်။


ခဏအကြာတွင်


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ မှင်သက်သွားတော့သည်။ မူလကသူ့ရှေ့တွင် အစက်အပျောက်အသေးလေးတစ်ခုသာရှိသော ပုစွန်ပိစိသည် သူ့ထက်အဆတစ်ရာလောက်ကြီးသွားခဲ့သည်။ ယခုတွင် ထိုပုစွန်ပိစိသည် သူ့ကိုအမြင့်မှငုံ့ကြည့်နေသည့် ကြီးမားသည့်တောင်ကြီးတစ်လုံးနှင့်တူနေသည်။


လခွမ်း....


နတ်ဆိုးကင်းမြီးကောက် တောင့်ခဲသွားသည်။


လေအလင်းအင်ပါယာရှိလူတိုင်းလည်း မှင်သက်ကြောင်အသွားကြသည်။



လေအလင်းအင်ပါရှိ တောင်စဉ်တစ်ထောင်တောင်တန်းတွင်


ဝုန်း ဝုန်း ဝုန်း


ကြီးမားပြီးအချင်းချင်းယှက်ဖြာနေသော သစ်ပင်ကြီးများ၏အပေါ်တွင် ကြောက်မက်ဖွယ်အော်ရာများ ကောင်းကင်ယံကိုထိုးတက်သွားပြီး နတ်ဘုရားအာကာသအဆင့်ရှိကျင့်ကြံသူများအားလုံး သူတို့၏မျက်လုံးများကိုစိတ်လှုပ်တရှားဖွင့်လိုက်သည်။


သူတို့ရထားတဲ့အချက်ပြမှုအရဆိုရင် သူတို့အသန်မာဆုံးနတ်ဆုးဘုရင်ကိုရှာတွေ့ခဲ့ပြီလိုဆိုလိတာ ဟုတ်တယ်မလား...


သူတို့ သူ့ကိုရှာတွေ့ခဲ့ပြီပေါ့လေ... သူတို့အသန်မာဆုံးနတ်ဆိုးဘုရင်ကို ဒီကမ္ဘာကြီး၏အစွန်အဖျားပိုင်းမှာရှာတွေ့ခဲ့ပြီ...


ထို နတ်ဘုရားအာကာသအဆင့်ရှိကျင့်ကြံသူများသည် သူတို့၏စိတ်လှုပ်ရှားမှုများကို မည်ကဲ့သို့ဖော်ပြရမည်မှန်းပင်မသိတော့ချေ။


ခဏအကြာတွင် ဘာမှမပြောပဲ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ထို့နောက် လေဟာနယ်ကိုချိုးဖောက်ကာ ထိုအက်ကွဲကြောင်းမှတဆင့် အချက်ပြသောနေရာသို့ဦးတည်၍သွားလိုက်သည်။


အသန်မာဆိုးနတ်ဆိုးဘုရင်ကိုရှာတွေ့ပြီဖြစ်သည်။ ထိုသတင်းက အလွန်အရေးကြီးပေသည်။


သူတို့လေဟာနယ်ထဲဝင်ရောက်သွားသည်နှင့် ကြီးမားသောသစ်ပင်ကြီးများသည် ထိုသတင်းကို ပျက်သုဉ်းခြင်းအကျဉ်းထောင်သို့ အစီအရင်ခံလိုက်သည်။


ထိုသတင်းသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်ရှိ ကျင့်ကြံသူများကို ပုန်းကွယ်နဂါးကောင်းကင်ဘုံဝင်ပေါက်ကို ပိုမိုပြင်းထန်စွာတိုက်ခိုက်လာစေမည်ဖြစ်သည်။



ဘုန်း


ကြယ်တစ်ပွင့်သည် ပုံရိပ်ယောင်စိတ်ဝိဉာဉ်နွံအိုင်ထဲသို့ ကျယ်လောင်စွာသက်ဆင်းလာသည်။


နွံအိုင်ထဲရှိရေများ လွင့်စင်လာကာ ကန်ထဲရှိရွှံ့များပင် လှိုင်းဂယက်ထသွားသည်။


ကျောက်ခရမ်းအကြီးအကဲ၏ခန္ဓာကိုယ်သည် အစစ်အမှန်စွမ်းအင်များဖြင့်ဖုံးလွှမ်းနေပြီး အောက်ခြေမရှိသောတွင်းကြီးပေါ်တွင်ရစ်ဝဲနေသည်။ နတ်ဆိုးမျက်လုံးရှိနေသော သူ့လက်ကိုမြှောက်လိုက်သည်။


"ဒီအော်ရာ... ဒီမှာပဲ.. ဟုတ်တယ် အသန်မာဆုံးနတ်ဆိုးဘုရင်ရဲ့အော်ရာပဲ..."


နတ်ဆိုးမျက်လုံးက စိတ်လှုပ်တရှားပြောလိုက်သည်။ သူ့အသံသည် အိုမင်းနေသော်လည်းကြည်လင်နေဆဲဖြစ်သည်။


ကျောက်ခရမ်းအကြီးအကဲ တွင်းနက်ကြီးကိုတစ်ချက်ကြည့်၍ စကားတစ်လုံးမှမပြောပဲ တွင်းကြီး၏အောက်ခြေသို့ခုန်ချလိုက်သည်။


နတ်ဆိုးမျက်လုံးကိုတောင်စိတ်လှုပ်ရှားသွားစေတယ်ဆိုတော့... အဲ့တာဘယ်လိုကြောက်ဖို့ကောင်းတဲ့ဟာဖြစ်မလဲ...


နတ်ဆိုးမျက်လုံး၏ပိုင်ရှင်သည် သဘာဝလွန်စွမ်းအင်များပိုင်ဆိုင်သူဖြစ်ပြီး ပျက်သုဉ်းခြင်းအကျဉ်းထောင်ရှိ နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ နတ်ဆိုးဘုရင်ဖြစ်သည်။


သူသည် ပုန်းကွယ်နဂါးတိုက်ကြီး၏ကျေးလက်ဒေသ တောင်ပိုင်းဒေသကိုမဆိုထားနှင့် သူ၏ပျက်သုဉ်းခြင်းအကျဉ်းထောင်ရှိအရာအများစုကိုပါမုန်းနေပေသည်။


ကျောက်ခရမ်းအကြီးအကဲသည် မနေနိုင်မထိုင်နိုင်သိချင်လာတော့သည်။



ပုဖန်နှင့် အောင်းပိုင်တို့သည် ဆွံ့အမှင်သက်သွားကြကာ ရုတ်တရက်ကြီးထိတ်ထိတ်ပျာပျာဖြစ်သွားသော နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူကိုကြည့်နေကြသည်။


ထိုလူသည် သူ၏ခြေလက်များကိုရမ်းခါရင်း ရူးရူးသွပ်သွပ်ခုန်ပေါက်နေသည်။ ထိုစွမ်းအင်အလုံးကိုဖောက်ခွဲလိုက်သောအခါ ရုတ်ချည်းပင် အနက်ရောင်အငွေ့များကကောင်းကင်ပေါ်သို့လွင့်ပျံသွားခဲ့သည်။


သူသည် ကြေးနန်းတော်ရှေ့တွင်ဒူးထောက်နေသော နတ်ဆိုးကျင့်ကြံသူအနားတွင် အဆက်မပြတ်ရွေ့လျားနေကာ စိတ်လှုပ်ရှားပြီး ရိုသေလေးစားနေသောအကြည့်များဖြင့်ကြည့်နေသည်။


"ဒီတော့ သူကငရဲကမ္ဘာက... အသန်မာဆုံးနတ်ဆိုးဘုရင်ပေါ့လေ... ခွေးဘုရင်နဲ့ယှဉ်ကြည့်ရင်ရော...."


ပုဖန် မျက်မှောင်ကြုတ်၍ပြောလိုက်သည်။


"အဲ့ကောင် ရူးသွားတာလား...."


အောင်းပိုင်သည်လည်း သူ၏ရွှေရောင်ဓားရှည်နှစ်ချောင်းကိုကိုင်ပြီး မျက်မှောင်ကြူတ်၍ပြောလိုက်သည်။


သူတို့ အခုလေးတင်တိုက်ခိုက်နေကြပေမယ့် သူအဲ့လူကိုဖျတ်ကနဲကြည့်လိုက်တာနဲ့ သူကရူးသွားပြီ...


မည်သို့ပင်ဆိုစေ ထိုပုံရိပ်သည် သူ့ကိုကြောက်မက်ဖွယ်ဖိအားအချို့ကိုပေးစွမ်းနေသည်။ ထိုလူသည် အဆုံးမဲ့ပင်လယ်၏နဂါးနန်းတော်ရှိ အနက်ရောင်နဂါးဘုရင်ထက်ပင် ပို၍ကြောက်ဖို့ကောင်းနေသည်။


ရုတ်တရက် အချိန်အတော်ကြာအော်ဟစ်ရယ်မောနေသော နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ ဒေါသတကြီးတုန်ခါသွားသည်။ သူပုဖန်နှင့် အောင်းပိုင်တို့ကို အေးစက်စွာကြည့်ပြီးပြောလိုက်သည်။


"အသန်မာဆုံးနတ်ဆိုးဘုရင်အကြောင်းကပေါက်ကြားလို့မရဘူး.... မင်းတို့နှစ်ယောက်လုံးသေရမယ်..."


ဘုန်း


မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူလှုပ်ရှားလိုက်သည်။ သူသည် ပုဖန်ထံဦးတည်၍ အနက်ရောင်အရိပ်တစ်ခုအလား လျှင်မြန်စွာရွေ့လျားလိုက်သည်။


ဝှစ်


ကင်းမြီးကောက်အမြီးကို ပုဖန်၏ခေါင်းကိုဦးတည်၍ ထိုးစိုက်ချလိုက်သည်။ သူ ပုဖန်ကို ထိုးစိုက်ပစ်ချင်သည်။


အောင်းပိုင် ဒေါသထွက်သွားပြီး သူ၏ဓားရှည်နှစ်ချောင်းကိုကိုင်၍ ထိုအမြှီးကို ကာချလိုက်သည်။ ထိုအားသည် နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူကို နောက်သို့ခြေတစ်လှမ်းဆုတ်သွားစေသည်။


သူ၏လှပသော ရွှေရောင်ဆံနွယ်များသည် လေအဝှေ့တွင်လူးလွန့်နေကာ အေးစက်စက်ပြောလိုက်သည်။


"မင်း ကင်းမြီးကောက်ကောင်... မင်းကဒီမင်းသားရှေ့မှာအော်ရဲတယ်ပေါ့လေ... ငါဒီလူသားကိုကာကွယ်ပေးမယ်လို့ ပြောထားခဲ့တော့ သူ့ကိုကာကွယ်ပေးမှာ.. မင်းသာ......"


သို့သော် သူစကားပြော၍မဆုံးသေးမီပင် နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ၏ အနားတွင်တစ်စုံတစ်ခုဖြစ်ပျက်နေသည်ကို သတိပြုမိလိုက်သည်။


သူဖောက်ခွဲပစ်ခဲ့သော အလုံးမှ အနက်ရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး လေထဲတွင် ပုံရိပ်များစွာစုရုံးသွားသည်။ 


ထိုပုံရိပ်များသည် လေထဲတွင် လွင့်မျောနေကာ တလက်လက်တောက်ပနေသည်။


ခဏအကြာတွင် လေဟာနယ်ပြတ်ရှရာများထွက်ပေါ်လာပြီး ထိုအထဲများ အရိပ်များစွာထွက်ပေါ်လာသည်။


ဝုန်း ဝုန်း ဝုန်း


ဤနေရာတွင် ပျံသန်းရန်တားမြစ်ထားသောကြောင့် လေဟာနယ်ထဲမှထွက်ပေါ်လာသောကျင့်ကြံသူများသည် ကြေးစင်မြင့်ပေါ် ကျယ်ကျယ်လောင်လောင်ပြုတ်ကျလာကြသည်။


ဘုန်း ဘုန်း


ထိုကျင့်ကြံသူများခေါင်မော့လိုက်ပြီး ပုဖန်နှင့်အောင်းပိုင်တို့ကိုစူးစိုက်၍ကြည့်လိုက်သည်။