အပိုင်း ၈၇၆
Viewers 53k

အခန်း ၈၇၆

ပုဖန်ကြက်သွေးထိုးခံလိုက်ရပြီ 


လေဟာနယ်ထဲမှထွက်ပေါ်လာသော ကျင့်ကြံသူများသည် အောင်းပိုင်တွေးထားသည်ထက်ကျော်လွန်သွားပေသည်။ 


သူတို့တစ်ယောက်ချင်းချမယ်လို့သဘောတူထားခဲ့တာမဟုတ်ဘူးလား... ဒါဆိုဘာကိစ္စကြောင့်ဒီကောင်က စစ်ကူခေါ်လိုက်ရတာလဲ...


စစ်ကူခေါ်တာလဲခေါ်ပေါ့ ဘာကိစ္စတစ်ခါတည်းနဲ့လူတွေအများကြီးခေါ်လိုက်ရတာလဲ...


ဒီမင်းသားကို တကယ်ကြီးအနိုင်ကျင့်ချင်နေကြတာလား...


အောင်းပိုင် ဓားနှစ်လက်ကိုဆွဲကိုင်ကာ လေဟာနယ်အက်ကွဲကြောင်းမှပေါ်လာသောအရိပ်များကို အေးစက်စက်ကြည့်လိုက်သည်။


ထိုလူများပေါ်လာသည်နှင့် ကောင်းကင်ပေါ်မှပြုတ်ကျလာကြကာ မြေပြင်ကိုရမ်းခါသွားစေသည်။


"ဆရာ ကျွန်တော်သူ့ကိုရှာတွေ့ပြီ... အသန်မာဆုံးနတ်ဆိုးဘုရင်ကိုရှာတွေ့ပြီ...."


နတ်ဆိုးကင်းမြီးကောက်လူကြီးက အလွန်စိတ်လှုပ်ရှားနေပုံပေါ်ပြီး ယခုလေးတင်ရောက်ရှိလာသောလူခုနစ်ယောက်ကိုအော်ပြောနေသည်။


အဖွဲ့ကိုဦးဆောင်လာသူမှာ အမျိုးသားတစ်ယောက်ဖြစ်ပြီး နတ်ဆိုးကင်းမြီးကောက်လူကြီးကို ခပ်ဆတ်ဆတ်ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့က ပုဖန်နှင့်အောင်းပိုင်ကို အကြည့်တစ်ချက်ပင်မစွန့်ကြဲပဲ ကြေးနန်းတော်ရှေ့တွင်ဒူးထောက်နေသောကျင့်ကြံသူထံသာ တိုက်ရိုက်လျှောက်သွားလိုက်သည်။


ဝီး


သို့သော် ထိုကျင့်ကြံသူနှင့် မီတာအနည်းငယ်မျှအကွာသို့ရောက်ချိန်တွင် ၎င်းတို့အားလုံး ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများပျံ့နှံ့လာသည်ကိုခံစားလိုက်ရသည်။ ထိုစွမ်းအင်လှိုင်းများသည် ၎င်းတို့ကိုတုန်ရီသွားစေပြီး ဒူးထောက်လုနီးပါးဖြစ်သွားစေသည်။


ဒီခံစားချက်...


ခေါင်းဆောင်၏နှုတ်ခမ်းများ တုန်ယင်သွားသည်။


ဒါ..ဒါအမှန်ပဲ... ဒါ ဒဏ္ဍာရီတွေထဲက အသန်မာဆုံးနတ်ဆိုးဘုရင်ပဲ....


ခေါင်းဆောင်ကျင့်ကြံသူ ခေါင်းမော့လိုက်ပြီး ကောင်းကင်ကိုပင်စုတ်ဖြဲလုနီးနီးထက်ရှလှသောဓားတစ်ချောင်းနှယ်အကြည့်ဖြင့် ပုဖန်နှင့်အောင်းပိုင်ကိုကြည့်လိုက်သည်။


"ဒီသီတင်းက ဘယ်သူ့ဆီကိုမှ ပေါက်ကြားလို့မဖြစ်ဘူး.. ဒီနှစ်ယောက် သေကိုသေရမယ်..."


ခေါင်းဆောင်ကအေးစက်စွာပြောလိုက်သည်။ 


သူတို့ ပုန်းကွယ်နဂါးတိုက်ကြီးကို တိုက်ခိုက်ချင်သည်မှာ အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် ထိုဘုရင်ရှာဖွေထားခဲ့သောပစ္စည်းများကြောင့်ဖြစ်သည်။ ယခုတော့ သူတို့တွင်သဲလွန်စရလာပြီဖြစ်သည်။


နောက်ထပ်နတ်ဆိုးဘုရင်ရောက်လာနေသ၍ သူတို့အမှန်တရားကိုရှာဖွေ၍ရနိုင်ပေသည်။ ထို့အပြင် ထိုအချိန်ကအသန်မာဆုံးနတ်ဆိုးဘုရင် ပြီးဆုံးအောင်မလုပ်နိုင်ခဲ့သောအရာကိုလည်း ရအောင်အားထုတ်နိုင်ပေလိမ့်မည်။


သို့သော် ထိုအရာများအားလုံးမစတင်မီ ယခုသတင်း မည်သည့်နေရာကိုမှ မပေါက်ကြားစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။


ထို့ကြောင့် ထိုလူနှစ်ယောက်ကိုသတ်သင့်တာဖြစ်သည်။


ကြွက်သားများဖြင့်ဖောင်းကားနေသော ကျင့်ကြံသူသည် လူအုပ်ထဲမှထွက်လာ၍ ပုဖန်နှင့်အောင်းပိုင်ထံဦးတည်လိုက်သည်။


ဂျွတ် ဂျွတ် ဂျွတ်


ထိုကျင့်ကြံသူသည် သူ့လည်ပင်းကိုလိမ်လိုက်ပြီး သူ့မျက်လုံးများက အေးစက်ကာနက်နဲနေသည်။


ဤဧရိယာသည် လူများကိုပျံသန်းခြင်းကိုတားမြစ်ထားပြီး ကျင့်ကြံဆင့်များကိုပါဖိနှိပ်ထားသောကြောင့် ကြွက်သားအပြည့်ဖြင့်ခန္ဓာကိုယ်များက ပို၍အသုံးဝင်ပေသည်။ သူတို့အားလုံးသည် မဟာအာကာသအဆင့်ရှိကျင့်ကြံသူများဖြစ်ကြ၍ သူတို့၏ခန္ဓာကိုယ်များက အလွန်သန်မာကြလေသည်။


"လူသားတစ်ယောက်နဲ့ သမုဒ္ဒရာမျိုးစိတ်တစ်ယောက်.... ဟားဟားဟား ငါမင်းတို့ခေါင်းတွေကိုလိမ်ချိုးပစ်မယ်..."


ကျင့်ကြံသူ၏ကြွက်သားများတုန်ခါသွားပြီး ခဏအကြာတွင်သူသည် မြေပြင်ပေါ်ဆောင့်နင်းချလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ကြီးမားကာ တုန်ခါနေပေသည်။


အောင်းပိုင်၏မျက်လုံးများကြုံ့ဝင်သွားကာ သူ့ခန္ဓာကိုယ်က လျှပ်စီးကြောင်းတစ်ခုလိုရွေ့လျားသွားပြီး ဓားနှစ်ချောင်းဖြင့် ထိုကျင့်ကြဲသူကိုခုတ်ချလိုက်သည်။


သို့သော် ထိုကြွက်သားများဖြင့်လူကြီးသည် အလွန် လျှင်မြန်စွာရွေ့လျားသွားပြီး အောင်းပိုင်ကိုလိုကက်ဖဝါးဖြင့်ခုတ်ချလိုက်ပြီး အောင်းပိုင်၏ဓားများကိုလွတ်ကျသွားစေသည်။

.

ခဏအကြာတွင် နောက်ထပ်လျှင်မြန်သောလက်သီးချက်တစ်ခုထွက်ပေါ်လာသည်။ အောင်းပိုင်၏ဖျော့တော့နေသောမျက်နှာပြောင်းလဲသွားကာ ထိုလက်သီးချက်ကိုမခုခံနိုင်သဖြင့် လွင့်ပျံသွားပေသည်။


မဟာအာကာသအဆင့်ကျင့်ကြံသူတစ်ယောက်ကို အစစ်အမှန်စွမ်းအင်မသုံးပဲရင်ဆိုင်ရခြင်းဖြစ်၍ အောင်းပိုင်ဆိုးဆိုးဝါးဝါးထိခိုက်သွားသည်။


"သမုဒ္ဒရာမျိူးစိတ်တွေက အရမ်းအားနည်းလွန်းတယ်...."


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူနှာမှုတ်လိုက်သည်။ သူခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး မျက်စိတစ်မှတ်အတွင်း အောင်းပိုင်ရှေ့တွင်ပေါ်ထွက်လာသည်။


သူလက်ကိုမြှောက်လိုက်ကာ အောင်းပိုင်၏ခေါင်းကိုဆုပ်ကိုင်ပြီး လိမ်ချိုးရန်ပြုလုပ်လိုက်သည်။


သို့သော် သူလိမ်ချိုးခါနီးတွင် သူတို့နှစ်ယောက်ကြားတွင်လေပြင်းတစ်ချက်တိုက်ခတ်လာတော့သည်။


လေကအလွန်လျှင်မြန်လှသော်လည်း နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူပြန်လည်တုံ့ပြန်နိုင်ရန် အချိန်အလုံအလောက်ရှိနေသည်။


"လူသားကောင်.... ငါမင်းကိုမထိရသေးပေမယ့် မင်းကသေလမ်းရှာချင်နေတာလား..."


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ အေးစက်စွာပြောလိုက်သည်။


သူ့နောက်မှ လျှပ်တပြက်တိုက်ခိုက်ရန်ကြံရွယ်နေသော လူသားထံ လက်ကို ပေါ့ပေါ့တန်တန်လွှဲရမ်းလိုက်သည်။


သို့သော် သူ့လက်သီးချက်က ထိုလူသားအပေါ်မကျရောက်လိုက်ပေ။


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ၏ မျက်လုံးများပြူးကျယ်သွားကာ သူ့လက်ဖဝါးပေါ်ကို ကြီးမားသောအင်အားတစ်ခုကျရောက်လာသည်။


"ဘာလို့ဒီလောက် အစွမ်းထက်နေရတာလဲ..."


နတ်ဆိုးကင်းမြီးကောက်လူကြီး လေအေးတစ်ချက်ရှိုက်မိလိုက်သည်။ သူနောက်လှည့်ကြည့်လိုက်သောအခါ ဒယ်အိုးအကြီးကြီးတစ်လုံးကိုတွေ့လိုက်ရသည်။


သူ့လက်သီးချက်က ထိုဒယ်အိုးအပေါ်ကျရောက်သွားသော်လည်း ထိုအပေါ်တွင်အချိုင့်တစ်ခု အမှတ်တစ်ခုပင်ထင်မသွားစေခဲ့ပေ။ ထို့အစား သူ့လက်ကသာ နာကျင်မှုကြောင့်တုန်ရီနေလေသည်။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....


ဒီဒယ်အိုးကဘာကိစ္စအရမ်း မာကျောနေရတာလဲ...


"မင်းတို့ကဘာလို့ အမြဲတမ်းလိုလို သတ်ချင်ဖြတ်ချင်နေရတာလဲ...."


ပုဖန် နတ်ဆိုးကင်းမြီးကောက်လူကြီးကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။


အဖြူနှင့်အနက်လက်ပတ်က သူ့လက်တစ်ခုလုံးကိုလွှမ်းခြုံသွားသည်။ ချက်ချင်းပင် သားရဲဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး သူ့လက်မောင်းရှိကြွက်သားများဖောင်းကားလာတော့သည်။


မဟူရာလိပ်ခုံးဒယ်အိုးကိုကိုင်ကာ နောက်တစ်ကြိမ်ရိုက်ချလိုက်သည်။


ဘုန်း...


ကြွက်သားများဖြင့်လူကြီးက ထိုရိုက်ချက်ကြောင့် ကြောင်အနေသဖြင့် အဝေးသို့လွင့်ပျံသွားလေသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ. .."


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ ဒေါသတကြီးအော်ဟစ်လိုက်သည်။


သို့သော်သူ ပါးစပ်ဖွင့်လိုက်သည်နှင့် အနက်ရောင်ဒယ်အိုးတစ်လုံးကသူ့ထံပြေးထွက်လာသည်။


ဘန်း


သူ့လက်နှစ်ဖက်မှ အရိုးများကျိုးသံကိုကြားနေရသည်။ သူသည်လည်း အရိုက်ခံရပြီး အဝေးလွင့်ပျံသွားကာ ပြုတ်ကျသွားပြန်သည်။


အောင်းပိုင် ထိတ်လန့်သွားသည်။ သူမြေပြင်ပေါ်တွင် အံ့အားသင့်နေသောမျက်နှာဖြင့်လဲလျောင်းနေပြီး သူ့မျက်လုံးများတွင်ထိတ်လန့်မှုများဖြင့်ပြည့်နေသည်။


ဘာဖြစ်သွားတာလဲဟ...


ဒီလူသားက ဘာလို့အရမ်းသန်မာနေရတာလဲ...


သူ ဒယ်အိုးကိုလွှဲလိုက်ပြီး ရိုက်လိုက်ရုံဖြင့် နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်မှ နတ်ဘုရားအာကာသအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကိုပင် လွင့်ပျံသွားစေနိုင်သည်။ ထိုနတ်ဘုရားအာကာအဆင့်ကျင့်ကြံသူသည် ငရဲစွမ်းအင်များကို ထုတ်မသုံးနိုင်သော်လည်း သူ၏ခန္ဓာကိုယ်ခွန်အားသည်ပင် သာမန်လူသားတစ်ဦး ယှဉ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။


စိတ်ဝိဉာဉ်လှေကားတစ်ထစ်လေးနဲ့ နတ်ဝိဉာဉ်ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားအာကာသအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်တယ်လား....


ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြကာ ပါးစပ်အဟောင်းသားဖြင့်မယုံနိုင်ဖြစ်နေကြသည်။


၎င်းတို့သည် ပုဖန်ကို ထိုမျှအစွမ်းထက်မည်ဟုမထင်ခဲ့ပေ။


မြေပြင်ပေါ်သို့ပြုတ်ကျသွားသော ကျင့်ကြံသူသည် လက်နှစ်ချောင်းကျိုးနေပြီး သွေးများပင်အန်နေလေသည်။ သူ့မျက်လုံးများသည်လည်း မျက်ခွံများပြဲထွက်တော့မလိုပင်ပြူးကျယ်နေသည်။


သူမြေပြင်ပေါ်မှကုန်းထလိုက်ပြီး အော်ဟစ်ဟိန်းဟောက်လိုက်သည်။


သို့သော် သူဟိန်းဟောက်၍ပင်မပြီးသေးမီ ပုဖန်၏ဒယ်အိုးက နောက်တစ်ကြိမ်လွင့်ပျံလာပြီး နတ်ဆိုးကျင့်ကြံသူကိုမြေပြင်ပေါ်ကိုရိုက်ချလိုက်ပြီး ဒရွတ်ဆွဲသွားလေသည်။


ပုဖန်၏လက်မောင်းပေါ်တွင် အဖြူနှင့်အနက်အလင်းတန်းများပေါ်ထွက်လာပြီး သားရဲဟိန်းဟောက်သံများအဆက်မပြတ်ထွက်ပေါ်လာသည်။


သူ့လက်ပေါ်ရှိအဖြူနှင့်အနက်ထောင်တျဲများသည် ပုဖန်၏စွမ်းအားကိုအလွန်အမင်းကြောက်မက်ဖွယ်ကောင်းသောအဆင့်အထိတိုးမြင့်သွားစေသည်။ မဟူရာလိပ်ခုံးဒယ်အိုး၏အစွမ်းကိုထပ်ပေါင်းထည့်လိုက်ပါက ငရဲစွမ်းအင်မသုံးစွဲနိုင်သည့် နတ်ဘုရားအာကာသအဆင့်ရှိ ကျင့်ကြံသူကို လက်ကိုလွှဲရမ်းပြီး အေးဆေးပင်ရိုက်ချနိုင်ပေသည်။


"မင်းတို့သုံးယောက် အဲ့လူသားကိုသွားဖမ်းလိုက်စမ်း..."


ခေါင်းဆောင်ကျင့်ကြံသူက မျက်စိမှေး၍ အေးစက်စက်ပြောလိုက်သည်။


ခဏအကြာတွင် မဟာအာကာသဆင့်ကျင့်ကြံသူသုံးဦးက ပုဖန်အနားသို့သွားကြလေသည်။


ဝှစ်


၎င်းတို့၏ အဆိပ်ဆူးများဖြင့်အမြီးများကို မြင့်မြင့်မြှောက်၍ လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် စက္ကန့်ပိုင်းအတွင်းပုဖန်ဘေးသို့ရောက်သွားကာ ပုဖန်ကိုဝိုင်းလိုက်ကြသည်။


၎င်းတို့၏မျက်လုံးများကအေးစက်နေကြသည်။ ပထမနတ်ဘုရားအာကာသအဆင့်ရှိကျင့်ကြံသူက လက်နှစ်ဖက်ကျိုးပြီး မေ့မျောသွားသည်အထိအရိုက်ခံလိုက်ရ၍ သူတို့သုံးယောက်လုံး ပေါ့ပေါ့ဆဆမလုပ်ရဲပေ။


ဒီလူသားက ထူးတော့ထူးဆန်းနေတယ်...


သူတို့အော်ဟစ်လိုက်ကြပြီး သူတို့၏စွမ်းအားများကိုထုတ်လွှတ်ကာ ပုဖန်ကိုဦးတည်၍လှုပ်ရှားလိုက်ကြသည်။ 


သို့သော် ခဏအကြာတွင် သူတို့သုံးယောက်လုံးတုန်လှုပ်သွားကြသည်။


ပုဖန်သည် မဟူရာလိပ်ခုံးဒယ်အိုးကိုဝေ့ယမ်းကာ သူ့ကိုသတ်ရန်ကြံရွယ်နေသော တိုက်ခိုက်မှုအားလုံးကို ပြန်လည်တိုက်ခိုက်လိုက်သည်။


သနားစဖွယ်အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။


ပုဖန်သည် ဒယ်အိုးကိုသုံး၍ ကျင့်ကြံသူများကိုအဝေးသို့လွင့်ပျံသွားစေကာ အဝေးသို့ပြုတ်ကျသွားစေသည်။


နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူများက မဟူရာလိပ်ခုံးဒယ်အိုးဖြင့် အရိုက်ခံရပြီးလွင့်ထွက်သွားကြကာ သူတို့၏လက်များသွင်သွင်ကျိုးသွားကြပြီး နာကျင်နေကြသည်။


ထိုနတ်ဆိုးကင်းမြီးကောက်မျိုးနွယ်၏‌နတ်ဘုရားအာကာသအဆင့်ရှိကျင့်ကြံသူများက ပုဖန်ကိုကြောက်လန့်တကြားကြည့်နေကြသည်။


ဒီလူသားက.... အရမ်းကြောက်ဖို့ကောင်းတာပဲ....


ဒယ်အိုးကပိုတောင်ကြောက်ဖို့ကောင်းနေသေးတယ်....


ခန္ဓာကိုယ်ခွန်အားချင်းယှဉ်လျှင် ပုဖန်ကသူတို့ထက်အားနည်းသော်လည်း သူ့တွင် သူတို့မယှဉ်ပြိုင်နိုင်သော ထောင်တျဲ၏လက်မောင်းရှိနေပေသည်။


မူလက ပုဖန်၏ကျင့်ကြံခြင်းအဆင့်သည် သူတို့နှင့်ညီတူမျှတူဖြစ်နေမည်ဟုမထင်ခဲ့သော်လည်း သူ၏ကျွမ်းကျင်မှုအဆင့်သည် သူတို့ကိုစိတ်ပျက်လက်ပျက်ဖြစ်သွားစေခဲ့သည်။


အောင်းပိုင် ကြောင်အသွားသည်။


သူ့မျက်လုံးထဲတွင် ပုဖန်ဟူသော ကြက်လိုလူသားသည် အားနည်းပုံပေါ်နေသည်။ ထိုသူဤမျှသန်မာနေမည်ဟုမည်သူထင်ထားမည်နည်း။ သူကလူပုံစံနဲ့ သားရဲကြီးဖြစ်နေပေသည်။


ထိုဒယ်ကိုလွှဲရမ်းပြီး သူသည် ထိုနတ်ဘုရားအာကာသအဆင့်ရှိကျင့်ကြံသူများ၏ လက်များကိုရိုက်ချိုးခဲ့သည်။


ဒီလူသားက... ကောင်းကင်ဘုံကိုဆန့်ကျင်ချင်နေတာပဲ... သူကဖြင့် အဲ့လူကိုကာကွယ်ဖို့ကြိုးစားခဲ့လိုက်သေးတယ်...


ထိုလူက ဖုံးကွယ်ထားတဲ့ကျားတစ်ကောင်ဖြစ်နေမှန်း သူတစ်ခါမှမတွေးမိခဲ့ဘူးပေ။ထိုဒယ်အိုးက သူ့ကိုပင်အေးအေးဆေးဆေး ရိုက်သတ်နိုင်နေသည်။


ခေါင်းဆောင်ကျင့်ကြံသူသည် ပုဖန်အလွန်သန်မာမည်ဟုမထင်ထားခဲ့ပေ။ ယခုတွင် သူပုဖန်ကို လျစ်လျူမရှုရဲတော့ပဲ အခြားသူများကလည်းစတင်လှုပ်ရှားနေကြပြီဖြစ်သည်။


ရုတ်ချည်းပင် နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူခုနစ်ယောက်လုံး ပုဖန်ကိုဦးတည်၍တိုက်ခိုက်လိုက်ကြသည်။


ဘုန်း


ခေါင်းဆောင်ကျင့်ကြံသူသည် အလွန်သန်မာလှသောကြောင့် သူခြေတစ်ချက်ဆောင့်ချလိုက်သည်နှင့် လေထုပင်လှုပ်ခါသွားခဲ့သည်။ နတ်ဘုရားအာကာသအဆင့်တွင်ရှိနေသောသူ့ကို လူများကလွယ်လွယ်ကူကူမဆန့်ကျင်နိုင်ပေ။


ပုဖန်၏ အဖြူနှင့်အနက်လက်ပတ်များရစ်ပတ်ထားသည့် လက်သည် မဟူရာလိပ်ခုံးဒယ်အိုးကိုကိုင်ထားသည်။ သူထိုဒယ်အိုးကို ဝေ့ယမ်းလိုက်သော်လည်း ထိုနတ်ဆိုးကင်းမြီးကောက်မျိုးနွယ်မှ ခေါင်းဆောင်ကျင့်ကြံသူကိုတစ်ချက်မှမထိပေ။


ဆွစ် ဆွစ် ဆွစ်


လေပြင်းတိုက်ခိုက်သံများထွက်ပေါ်လာသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးဖြင့် တိုက်ခိုက်မှုများကိုပေါင်းစပ်တိုက်ခိုက်နေသော်လည်း ရိုက်ချက်တစ်ခုစီတိုင်းသည် သူ့လက်မောင်းကိုတုန်ရီနေစေသည်။


ပုဖန်၏မျက်နှာဘာမှမပြောင်းလဲသော်လည်း သူ့လက်မောင်းထုံကျင်နေပြီဖြစ်သည်။


"အသန်မာဆုံးနတ်ဆိုးဘုရင်နဲ့ပတ်သတ်တဲ့အချက်အလက်တွေကအရေးကြီးတယ်... အပြင်လူတွေကိုသိခွင့်မပေးနိုင်ဘူး... အသန်မာဆုံးနတ်ဆိုးဘုရင်ရှာဖွေခဲ့တဲ့ဟာကဘာလဲဆိုတာမသိရသေးခင် ဒီလျှို့ဝှက်ချက်ကိုသိတဲ့လူတိုင်းသေရမယ်...."


ခေါင်းဆောင်ကအေးစက်စွာပြောလိုက်သည်။


သူ့အားဖြင့်ရှေ့ကိုတိုးလိုက်ကာ ပုဖန်ကိုလက်သီးဖြင့်ထိုးလိုက်သည်။


ကျင့်ကြံသူခုနစ်ယောက်က ပုဖန်ကိုသွားနိုင်မည့်အကွာအဝေးကိုကန့်သတ်လိုက်ကာ သူ့ထံဦးတည်လိုက်ကြသည်။ ၎င်းသည် ပုဖန်ကိုဝိုင်းပတ်၍ သေအောင်ထိုးနှက်ကြမည့်ပုံပေါ်နေသည်။


အောင်းပိုင်၏မျက်နှာဖြူဖျော့သွားကာ မျက်လုံးများက စိတ်ပျက်မှုတို့ဖြင့်ဖုံးလွှမ်းသွားသည်။


အခုသူတို့မှာ မျှော်လင့်ချက်မရှိတော့ဘူးပဲ... အဲ့လူသားက ခုနစ်လုံးကိုတစ်ခါတည်းအနိုင်မတိုက်နိုင်ဘူးလေ....


သူ့လို အဆုံးမဲ့ပင်လယ်ကရွှေပုစွန်မျိုးနွယ်ရဲ့တတိယမင်းသားက ဒီမှာသေရတော့မှာလား....


ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ ပုဖန်၏မျက်လုံးများက တင်းမာနေလျက် သူ့လက်ကိုခါရမ်းလိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးကိုနောက်သို့ပြန်ဆွဲယူလိုက်သည်။


ခဏအကြာတွင် ရွှေရောင်အလင်းတန်းတစ်ခုတောက်ပလာကာ ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓာနဂါးအရိုးမီးဖိုချောင်သုံးဓားမကသူ့လက်ထဲတွင်ပေါ်လာသည်။


ပုဖန်လက်ထဲရှိ ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓားမှ ကြည်လင်ပြတ်သားကာ ကျယ်လောင်စူးရှသော နဂါးဟိန်းသံတစ်ခုထွက်ပေါ်လာကာ နဂါး၏ဂုဏ်သရေက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပေသည်။


လေးလံသော ဖိအားတစ်ခုထွက်ပေါ်လာသည်။


နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူများ၏ မျက်လုံးများပြူးကျယ်သွားကာ တုန်ယင်သွားကြလေသည်။


လေပြင်းများတိုက်ခတ်လာပြီး ပုဖန်၏ဆံနွယ်များကိုလေထဲတွင် လွင့်ပျံသွားစေသည်။ ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သောအခါ သူ၏ထောင်တျဲလက်မောင်းမှ သားရဲဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာသည်။


ပုဖန်သက်ပြင်းအသာချလိုက်ပြီး သူ့ခန္ဓာကိုယ်ကရှေ့သို့လွင့်ပျံသွားသည်။ 


ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓားမကိုကိုင်၍ ကျင့်ကြံသူခုနစ်ယောက်ထံပြေးသွားလိုက်သည်။


ထိုအချိန် သူတို့နှင့်အဝေးတွင်...


အနက်ရောင်ဝတ်စုံအရှည်ကိုရစ်ပတ်ဝတ်ဆင်ထားသော အရိပ်တစ်ခုသည် ပုဖန်လက်ထဲတွင်ရှိသော ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓားမကိုကြည့်နေပေသည်။ သူ့မျက်လုံးများသည် စူးရှနေပြီး ကြောက်ရွံ့ကာမယုံကြည်နိုင်မှုများဖြင့်ပြည့်နေသည်။


အနက်ရောင်ဝတ်ရုံဖြင့်ဖုံးလွှမ်းထားသော ခန္ဓာကိုယ်ကတသိမ့်သိမ့်တုန်ရီနေသည်။


"ဒီအော်ရာ... အဲ့ဒီ့မီးဖိုချောင်သုံးဓားရဲ့အော်ရာက... နန်းတော်ကလား...."


ထိုလူကတုန်တုန်ရီရီပြောလိုက်သည်။


ဓားချက်တစ်ချက်၊ဓားချက်နှစ်ချက်၊ဓားချက်သုံးချက်...


နတ်ဘုရားအာကာသအဆင့်ရှိ ကျင့်ကြံသူခုနစ်ယောက်လုံးရှုံးသွားခဲ့သည်။ 


အစစ်အမှန်စွမ်းအင်ကိုအသုံးပြု၍မရသောကြောင့် သူတို့ကပုဖန်၏ပြိုင်ဘက်များမဟုတ်ကြချေ။


ခုနစ်ယောက်ထဲ၌ အချို့သည် ဓားချက်မှဒဏ်ရာများရကာ မြေပြင်ပေါ်လဲကျနေကြပြီး သွေးများဖြင့်စိုရွှဲနေသည်။


ပုဖန် ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓားကိုကိုင်ထားပြ ခံစားချက်မဲ့နေသောမျက်လုံးများဖြင့် တစ်နေရာလုံးကိုလိုက်ကြည့်လိုက်သည်။


နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်မှ ကျင့်ကြံသူခုနစ်ယောက် ကြောက်ရွံ့နေကြသည်။ ပထမက ထိုလူသားကို အသတ်ခံရရန်စောင့်ဆိုင်းနေသည့်သိုးငယ်လေးဟုထင်ခဲ့ကြသော်လည်း ထိုလူက ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်အဖြစ်ပြောင်းသွားခဲ့လေသည်။


အဲ့ဒီ့လူသား... သူကြက်သွေးအထိုးခံလိုက်ရတာလား...


ရုတ်တရက်


နတ်ဘုရားအာကာသအဆင့်ရှိ ကျင့်ကြံသူခုနစ်ယောက်လုံး ကြက်သီးထသွားကြကာ အလွန်ဆိုးဝါးသော အန္တရာယ်တစ်ခုကိုအာရုံခံလိုက်မိသည်။


အနက်ရောင်အရိပ်တစ်ခုပြေးထွက်လာပြီး စက္ကန့်ပိုင်းအတွင်းသူတို့ရှေ့တွင် ပေါ်ထွက်လာသည်။


ဖြီး ဖြီး ဖြီး


နတ်ဘုရားအာကာသအဆင့်ရှိကျင့်ကြံသူခုနစ်ယောက်လုံး၏ခေါင်းများလေပေါ်ပျံတက်သွားကြကာ သူတို့၏မျက်လုံးများကပြူးကျယ်နေဆဲဖြစ်သည်။


သူတို့၏ခေါင်းများလေပေါ်ပျံဝဲနေခိုက်တွင် အနက်ရောင်ဝတ်ရုံဖြင့်ပုံရိပ်သည် သူတို့၏ အလောင်းများကြားတွင် မတ်တတ်ရပ်နေပေသည်။