အပိုင်း ၈၇၈
Viewers 53k

အခန်း ၈၇၈

ရွှေရောင်အလင်းတန်းတစ်ခုရောက်ရှိလာပြီး ပုစွန်ပိစိကနဂါးတစ်ကောင်လိုပေါ်ထွက်လာတယ်


ဧရာမတွင်းကြီး၏အောက်ခြေရှိ အလွန်ကြီးမားသောနေရာလွတ်ကြီးကို လျှို့ဝှက်နယ်မြေဟုသတ်မှတ်နိုင်သည်။


ငရဲကမ္ဘာသင်္ဘောတွင် လျှို့ဝှက်နယ်မြေများကိုဖြတ်သန်းသွားလာနိုင်သည့် အထူးစွမ်းရည်ရှိသည်။ ထို့ကြောင့် ပုစွန်ပိစိကနယ်သာရီ၏အကူအညီကိုလိုအပ်နေခြင်းဖြစ်သည်။ နယ်သာရီသည် လျှို့ဝှက်နယ်မြေများကိုအမြန်ဆုံးနည်းဖြင့်ဖြတ်သန်းသွားလာနိုင်သည်။


နယ်သာရီ ထိုလျှို့ဝှက့နယ်မြေကိုကြည့်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။ ပုစွန်ပိစိကြောင့်သာမဟုတ်ပါက ဤနေရာတွင်လျှို့ဝှက်နယ်မြေရှိနေသည်မှန်းပင်မသိချေ။


လျှို့ဝှက်နယ်မြေများတွင်နေထိုင်သော ကျိန်စာသင့်ငရဲကမ္ဘာအမျိုးသမီးဖြစ်သည့်အလျောက် သူမသည် လျှို့ဝှက်နယ်မြေသေးသေးကြီးကြီးအကုန်လုံးနီးပါးရောက်ဖူးပေသည်။ သို့သော် ဤနေရာသို့တစ်ခါမှမရောက်ဖူးပေ။


ယခုတွင် သူတို့ထိုလျှို့ဝှက်နယ်မြေထဲသို့ဝင်လိုက်သည်နှင့် သူမပင်မသိလိုက်ပဲ သူမ၏နှလုံးရုတ်တရက် တသိမ့်သိမ့်တုန်သွားခဲ့သည်။


ပုစွန်ပိစိသည် ရွှေရောင်အလင်းတန်းတစ်အဖြစ်ပြောင်းလဲသွားကာ အဝေးရှိဧရိယာကိုအမြန်ဆုံးထွက်သွားလိုက်သည်။ ၎င်း၏အရှိန်က အလွန်လျှင်မြန်သဖြင့် ၎င်းသည်မျက်တောင်တစ်ခတ်အတွင်းပျောက်ကွယ်သွားတော့သည်။


နယ်သာရီလည်း ပုစွန်ပိစိနောက်ကလိုက်သွားသည်။ ငရဲကမ္ဘာသင်္ဘောကကောင်းကင်ယံကိုဖြတ်သွားပြီး အလွန်အမင်းလျှင်မြန်စွာရွေ့လျားနေသည်။ ခဏအကြာတွင် ခြောက်သွေ့နေသောကျက်တီးမြေများစွာကိုဖြတ်သန်းပြီး ကြီးမားလှသောချိုင့်ဝှမ်းကြီးထဲသို့ရောက်ရှိသွားသည်။


ရုတ်တရက်


ကျယ်လောင်သောပေါက်ကွဲသံများ ပေါ်ထွက်လာသည်။


ငရဲကမ္ဘာသင်္ဘောသည်ဆက်မပျံနိုင်တော့သဖြင့် ကောင်းကင်ယံမှတိုက်ရိုက်ပြုတ်ကျလာသည်။


မြေပြင်ပေါ်တွင် ချိုင့်ကြီးတစ်ခုဖြစ်သွားကာဖုန်မှုန့်များမြင့်တက်လာသည်။ နယ်သာရီ ငရဲကမ္ဘာသင်္ဘောပေါ်မှထွက်လာလိုက်သည်။


ဒီကမ္ဘာထဲမှ သူတို့ကိုပျံသန်းဖို့တားမြစ်ထားတာပဲ...


သို့သော် နယ်သာရီသည် ပုစွန်ပိစိကရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ရှေ့သို့ဆက်သွားနေသည်ကိုမြင်လိုက်ရ၍ သူမ၏ခံစားချက်မဲ့သောမျက်နှာထားပင် ပြောင်းလဲသွားခဲ့သည်။


ဒီနေရာမှာ ပျံသန်းတာကိုတားမြစ်ထားတဲ့စည်းကမ်းကဘယ်ရောက်သွားပြီလဲ...



မြွေလူသားမြို့တော်တွင်


တိတ်ဆိတ်နေသောအခန်းတစ်ခုအတွင်းတွင်ခပ်နှေးနှေး အသက်ရှူသံကိုကြားနေရသည်။


နီယန် ကုတင်ပေါ်တွင်လှဲနေကာ ငြိမ်းငြိမ်းချမ်းချမ်းအသက်ရှူသွင်း ရှူထုတ်နေသည်။ သူမ၏နှင်းဖြူရောင်အသားအရေသည် တောက်ပနေဟန်တူနေသည်။


သူမအသက်ရှူသွင်း ရှူထုတ်နေချိန်တွင် ကြယ်စွမ်းအင်အစက်များပျံသန်းနေကြသည်။ ခဏအကြာတွင် အခန်းတစ်ခုလုံးကိုကြယ်ရောင်များဖြင့်ဖုံးလွှမ်းနေသည်။


နီယန်သည် လင်းလက်တောက်ပနေသောကြယ်တစ်လုံးနှင့်တူနေသည်။



ကျောက်ခရမ်းအကြီးအကဲပေါ်ထွက်လာမှုက လူတိုင်း၏မျက်လုံးများကိုဖမ်းစားထားသည်။


အစားကြူးတောင်ကြား၏ ပထမတောင်ကြားသခင်ဖြစ်သူ လျှိုမို့ပိုင်လည်းသူ့ကိုလှည့်ကြည့်လိုက်သည်။ သူ့လက်ကိုပိုက်ပြီး ဆံပင်ဖြူများက လေထဲတွင်ဖြေးညင်းစွာလွင့်ပျံနေသည်။


ပုဖန်သည်လည်း ကျောက်ခရမ်းအကြီးအကဲကိုမြင်သွားကာမျက်မှောင်ကြုတ်လိုက်သည်။ 


"နောက်ဆုံးတော့ ရှာတွေ့ပြီ...."


ကျောက်ခရမ်းအကြီးအကဲနှုတ်ခမ်းတွန့်ကွေးလိုက်ကာ စိတ်လှုပ်ရှားနေဟန်ပေါ်လာသည်။ သူ့မျက်လုံးများသည် နန်းတော်ရှေ့တွက်ဒူးထောက်နေသော ကြီးမားသည့်ပုံရိပ်ကြီးကိုကြည့်လိုက်သည်။ ၎င်းသည် အသန်မာဆုံးနတ်ဆိုးဘုရင်ဖြစ်ပေသည်။


ကျောက်ခရမ်းအကြီးအကဲ ရှေ့သို့ဖြေးဖြေးချင်းလှမ်းလိုက်သည်။ သူ့လက်မောင်းတစ်လျှောက်တွင် ငရဲစွမ်းအင်များမြင့်တက်လာသည်။


"ကျောက်ခရမ်းအကြီးအကဲတဲ့လား... ဒီကောင်လေးက ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေကလား...."


လူအိုကြီးက ကျောက်ခရမ်းအကြီးအကဲကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး မယုံသင်္ကာကြည့်လိုက်သည်။ ထို့နောက် ကျောက်ခရမ်းအကြီးအကဲလက်မောင်းပေါ်ရှိ ငရဲစွမ်းအင်များကိုကြည့်ပြီး သူ့မျက်လုံးများ မှေးကျဉ်းသွားလေသည်။


"မင်း...မင်းပျက်သုဉ်းခြင်းအကျဉ်းထောင်က နတ်ဆိုးတွေနဲ့ဆက်သွယ်နေတာပဲ..."


ကျောက်ခရမ်းအကြီးအကဲ၏မျက်လုံးများကျဉ်းမြောင်းသွားကာ လူအိုကြီးကိုကြည့်လိုက်သော်လည်း ပထမဆုံးအကြည့်တစ်ချက်တွက် သတိမပြုမိလိုက်ပေ။


ရုတ်တရက်


ကျောက်ခရမ်းအကြီးအကဲ၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။


"အစားကြူးတောင်ကြားရဲ့ ပထမဆုံးတောင်ကြားသခင်လား..."


လူအိုကြီး၏နှုတ်ခမ်းများတွန့်လိမ်သွားကာ အပြုံးတစ်ခုထွက်ပေါ့လာသည်။ နောက်ဆုံးတော့ သူ့ကိုသိသူတစ်ယောက်ရှိလာပြီဖြစ်သည်။လူတိုင်းက ဒီကောင်လေးလို ထိုက်တောင်ကိုမမြင်နိုင်တဲ့သူတွေမဟုတ်ကြဘူးပဲ။


"အမှန်ပဲ...အဲ့တာငါပဲ.."


လူအိုကြီး လက်ပိုက်ကာ ဝံ့ဝံ့ကြွားကြွားရပ်နေသည်။


ထောင်တျဲစိတ်ဝိဉာဉ်များက ပုဖန်လက်မောင်းပေါ်တွင် အော်ဟစ်ဟိန်းဟောက်နေကြသည်။ သူ ကျောက်ခရမ်းအကြီးအကဲနှင့်လူအိုကြီးကိုကြည့်ကာ ပြဿနာဖြစ်လာမည့်အရိပ်အယောင်များကိုမြင်လိုက်ရသည်။


"ခင်ဗျားမသေသေးဘူးလား..."


ကျောက်ခရမ်းအကြီးအကဲလူအိုကြီးကိုကြည့်၍ ပြောလိုက်သည်။


ထိုနှစ်က ပြိုင်ဘက်ကင်းကျင့်ကြံသူသည် အခုထိမသေသေးပဲ တစ်ချိန်လုံးအသက်ရှင်နေဆဲဖြစ်သည်။ သူကအလွန်အသက်ကြီးနေပြီဖြစ်သော်လည်း သူ၏အော်ရာများက ကြောက်ရွံ့ဖွယ်ကောင်းနေဆဲဖြစ်သည်။


"ငါစေတသိတ်အစွမ်းကိုရှာမတွေ့သေးဘူးလေ... ဘယ်လိုလုပ်ပြီးလွယ်လွယ်လေးသေရမှာလဲ..."


လူအိုကြီးမမျှော်လင့်ထားသောပုံဖြင့် မျက်လုံးများပြူးကျယ်လာသည်။


သူ သူ၏လှပသောလူငယ်ဘဝကို စေတသိတ်အစွမ်းရှာဖွေရန်ဖြုန်းတီးခဲ့ပြီးပြီဖြစ်သည်။ ယခုအချိန်တွင် သူထိုအစွမ်းကိုရလုနီးပါးဖြစ်နေပြီဖြစ်သည်။

သူဘာကိစ္စကြောင့်အရှုံးပေးရမှာလဲ....


"စေတသိတ်အစွမ်းတဲ့လား.. သန့်စင်နယ်မြေတွေရဲ့သူတော်စင်ဂိုဏ်းချုပ်တွေတောင် မရှာနိုင်ဘူး.. ခင်ဗျားကဘာလို့ရှာနေရတာလဲ..."


ကျောက်ခရမ်းအကြီးအကဲ ပြောလိုက်သည်။


"မင်းဘာမှမသိပါဘူး... အဲ့ဒီ့သူတော်စင်ဂိုဏ်းချုပ်တွေလဲဘာမှမသိဘူး... ငါသူတို့အဲ့နှစ်တွေတုန်းကဖိနှိပ်ခဲ့တာလေ... သူတို့က ငါနဲ့စေတသိတ်အစွမ်းအကြောင်းဆွေးနွေးဖို့အဆင့်မမှီဘူး..."


လူအိုကြီး လှုပ်ရှားမည့်အရိပ်အယောင်များပေါ်လာကာ ပုဖန်ကိုရုတ်တရက်ကြီးလှည့်ကြည့်လိုက်သည်။


"အခုတော့ ငါလမ်းကြောင်းကိုသိသွားခဲ့ပြီ... ငါအဲ့ဒီ့စေတသိတ်စွမ်းအင်ရဲ့ လမ်းကြောင်းထဲကိုဝင်ချင်တယ်... ငါ့ကိုဘယ်သူမှမတားနိုင်စေရဘူး..."


သူအလွန်စိတ်လှုပ်ရှားနေပြီး အသက်ရှူသံများပင်လေးလံနေသည်။


"အဲ့ကောင်လေးက ငါသာလွန်ထူးကဲဖို့အတွက်မျော်လင့်ချက်တစ်ခုပဲ.."


လူအိုကြီးရုတ်တရက် ပုဖန်ကိုလက်ညှိုးညွှန်ပြလိုက်သည်။


ပုဖန်မျက်နှာမဲ့သွားသည်။


အလင်းတန်းများသူ့လက်တွင်ထွက်ပေါ်လာပြီး ရုတ်ချည်းပင်မဟူရာလိပ်ခုံးဒယ်အိုးထွက်ပေါ်လာသည်။


ဝီး


နဂါးအရိုးမီးဖိုချောင်သုံးဓားလည်း ထွက်ပေါ်လာသည်။


နတ်ဘုရားအဆင့်အချက်အပြုတ်ပစ္စည်းအစုံထဲမှ နှစ်ခုထွက်ပေါ်လာသည်ကိုမြင်သည်နှင့် လူအိုကြီး၏မျက်လုံးများကျဉ်းမြောင်းသွားသည်။ သူအလွန်စိတ်လှုပ်ရှားလွန်း၍ အော်ဟစ်ပစ်ချင်သွားသည်။ သူ့မျက်လုံးများတွင် မနာလိုအားကျမှုများ အပြည့်ဖြင့် ထိုပစ္စည်းများကိုကြည့်နေသည်။


"နောက်တစ်ခု..နောက်ထပ်ပစ္စည်း.. ငါ့ကိုမြန်မြန်လေးပြစမ်းပါ..."


ဘုန်း


လူအိုကြီး၏ ခြေထောက်များမြေပြင်ပေါ်ဆောင့်ချလိုက်ကာ လျှပ်စီးတန်းတစ်ခုနှယ် ပုဖန်ထံပြေးဝင်လာသည်။


မဟူရာလိပ်ခုံးဒယ်အိုးကိုင်ထားသော ပုဖန်၏လက်ရွေ့လျားသွားကာ လူအိုကြီးကိုဒယ်အိုးဖြင့်ရိုက်ချလိုက်သည်။


ဘုန်း


လေလှိုင်းများ မြင့်တက်လာသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးမှပြန်ကန်အားတစ်ခုထွက်လာသည်ကိုခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ပါ နောက်သို့လွင့်ပျံသွားသည်။


လူအိုကြီးက သူ့အရိပ်လိုပင် သူ့နောက်ကိုလိုက်နေသည်။


သူ့လက်ထဲရှိနဂါးအရိုးမီးဖိုချောင်သုံးဓားတွင်အလင်းရောင်များထွက်ပေါ်လာပြီး ဓားချက်အရှင်သခင် ခုတ်ပိုင်းချက်ဆယ့်သုံးချက်ကိုထုတ်လွှတ်လိုက်သည်။


ဓားအလင်းများက လျှပ်စီးကြောင်းများသဖွယ်ရွေ့လျားသွားကြသည်။


သို့သော် လူအိုကြီး၏ လျှင်မြန်လှသောခန္ဓာကိုယ်က ထိုဓားအလင်းများကို လျှင်မြန်စွာရှောင်တိမ်းလိုက်သည်။


"ငါဒီကမ္ဘာထဲမှာ နှစ်ထောင်ပေါင်းများစွာအချိန်ဖြုန်းလာခဲ့တာကွ... တိုက်ခိုက်မယ်ဆိုရင် သူတော်စင်ဂိုဏ်းချုပ်ဆယ်ယောက်ကတောင် ငါ့ပြိုင်ဘက်မဟုတ်ဘူး.... မင်းကစားဖိုမှူးလေးတစ်ယောက်သာသာပဲလေ လက်နက်ချလိုက်စမ်းပါ...."


လူအိုကြီး နောက်ထပ်လက်သီးချက်တစ်ခုထုတ်လွှတ်လိုက်သည်။


ဘုန်း


ပုဖန် ထိုလက်သီးချက်ဖြင့်ထိမိပြီး အဝေးသို့လွင့်ပျံသွားသည်။ သူဂျွမ်းတစ်ပတ်လိမ့်သွားကာ မြေပြင်ပေါ်ပြုတ်ကျသွားပြီး တစ်ပတ်လိမ့်သွားခဲ့သည်။


ပုဖန်တွင် ထောင်တျဲလက်မောင်းရှိသော်လည်း ခွန်အားအရာတွင်နိမ့်ကျနေသေးပေသည်။ မျက်မှောင်ကြုတ်လိုက်ပြီး သူထိုလူကြီးကိုထိခိုက်အောင်မလုပ်နိုင်မှန်း ရိပ်မိလိုက်သည်။


ကျောက်ခရမ်းအကြီးအကဲလက်မြှောက်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် အလွန်စိတ်လှုပ်ရှားနေဟန်ပေါ်သော နတ်ဆိုးမျက်လုံးထွက်ပေါ်လာသည်။


"ဒါ အသန်မာဆုံးနတ်ဆိုးဘုရင်ပဲ... နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ..."


နတ်ဆိုးမျက်လုံး၏အသံသည် အနည်းငယ်အက်ကွဲနေသည်။


"သူ့ကြည့်ရတာ သေနေသလိုပဲ..."


ကျောက်ခရမ်းအကြီးအကဲမျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


"သေသွားပြီ... သူသေသွားတော့ကောင်းတာပေါ့... သူမသေသေးရင်သာပြဿနာဖြစ်တာ... ကောင်းလိုက်တာ နောက်ဆုံးတော့ ငါသူ့ခန္ဓာကိုယ်ကိုဖမ်းခွင့်ရခဲ့ပြီ... သူ့ရဲ့ခန္ဓာကိုယ်တစ်ခုတည်းနဲ့တင် ကမ္ဘာမြေအကျဉ်းထောင်က အာဏာအရှိဆုံးနတ်ဆိုးဘုရင်ကိုစိန်ခေါ်နိုင်တယ်...."


ကျောက်ခရမ်းအကြီးအကဲလက်ဖဝါးပေါ်ရှိ နတ်ဆိုးမျက်လုံး၏အသံသည် အက်ကွဲနေသော်လည်း စိတ်လှုပ်ရှာဟန်ပေါ်နေသည်။


ကျောက်ခရမ်းအကြီးအကဲ၏မျက်လုံးများ ပြူးကျယ်သွားလေသည်။


ခဏအကြာတွင် သူ့လက်ဖဝါးပေါ်ရှိမျက်လုံးထံမှ အနက်ရောင်စွမ်းအင်အမျှင်တစ်ခုထွက်ပေါ်လာကာ အသန်မာဆုံးနတ်ဆိုးဘုရင်ထံတိုးဝင်သွားသည်။ အနက်ရောင်စွမ်းအင်အမျှင်များစွာကာ နတ်ဆိုးဘုရင်၏အလောင်းထဲသို့တစ်ခုပြီးတစ်ခုဝင်သွားခဲ့သည်။


"အဲ့လူအိုကြီးကို ကူညီပြီး အဲ့ကောင်လေးကိုဖမ်းပေးလိုက်စမ်း... အဲ့ကောင်လေးမှာ ကြေးနန်းတော်ကိုဖွင့်ဖို့သော့ရှိနေတယ်..."


အနက်ရောင်စွမ်းအင်များထုတ်လွှတ်လိုက်ရ၍ နတ်ဆိုးမျက်လုံး မောဟိုက်ပင်ပန်းနေပုံပေါ်နေသည်။


ကျောက်ခရမ်းအကြီးအကဲ၏မျက်နှာအေးစက်သွားသည်။ နတ်ဆိုးမျက်လုံး၏စကားများကိုနားထောင်ရသလောက် သူမျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ချေ။


ထိုကြေးနန်းတော်သည် အလွန်ဆန်းကျယ်လှပေသည်။ ၎င်းတွင် လျှို့ဝှက်ချက်ကြီးကြီးမားမားရှိနေနိုင်သည်။


ပြီးတော့ အဲ့ကောင်လေးမှာ ကြေးနန်းတော်ရဲ့လျှို့ဝှက်ချက်ကိုဖွင့်ဖို့သော့ရှိနေတာလား...


အစားကြူးတောင်ကြားရဲ့ပထမတောင်ကြားသခင်က အဲ့ကောင်လေးလက်ထဲမှ သူ့ရဲ့စေတသတ်အစွမ်းအတွက်လမ်းကြောင်းရှိနေတယ်လို့ အော်နေတာမထူးဆန်းတော့ပါဘူး...


ကျောက်ခရမ်းအကြီးအကဲ ပါးစပ်ဖွင့်လိုက်ကာ အငွေ့များမှုတ်ထုတ်လိုက်သည်။ 


လေများရွေ့လျားသွားကာ လေဟာနယ်ကိုဓားတစ်ချောင်းပမာလှီးဖြတ်သွားသည်။ ထို့နောက်သူ၏ ခန္ဓာကိုယ်ကိုရွေ့လိုက်ပြီး ပုဖန်ထံသို့သွားလိုက်သည်။


ဘုန်း


လူအိုကြီးကပုဖန်ကို နောက်ထပ်လက်ဖဝါးတစ်ချက်ပို့လွှတ်လိုက်ပြီး ပုဖန်ကိုနောက်သို့ခြေလှမ်းများစွာဆုတ်သွားစေသည်။ လူအိုကြီးကအင်အားမနည်းချေ။ သူပုဖန်ကို ရိုက်ချက်တစ်ချက်တိုင်းတွင် ပြင်းပြင်းထန်ထန်ထိခိုက်သွားစေနိုင်သည်။


ပုဖန်၏ထောင်တျဲလက်မောင်းသည် အလွန်သန်မာလှသော်လည်း လူအိုကြီး၏ပြိုင်ဘက်မဟုတ်ပေ။ ယခုတွင် ကျောက်ခရမ်းအကြီးအကဲပါ ပါပြီဖြစ်၍ ပုဖန်ခံစားနေရသောဖိအားများကပိုမိုကြီးမားလာသည်။


လူအိုကြီး၏ပစ်မှတ်သည်သူ့လက်ထဲရှိ နဂါးအရိုးမီးဖိုချောင်သုံးဓားဖြစ်သည်။ သို့သော် လူအိုကြီး၏ရန်မှကာကွယ်ရန် ပုဖန်တွင် မဟူရာလိပ်ခုံးဒယ်အိုးနှင့် ထောင်တျဲလက်မောင်းရှိပေသည်။


ကျောက်ခရမ်းအကြီးအကဲ ပူးပေါင်းပါဝင်လာသည်ကိုမြင်သောအခါ လူအိုကြီးကသူ၏ဖိအားများကို ထပ်တိုးလိုက်သည်။


လူအိုကြီးသည် လက်ဝါးတစ်ချက်ဖြင့်ပင်လေထုကိုပေါက်ကွဲစေ နိုင်နေပြီဖြစ်သည်။ သူသည် မြေပြင်ကိုပေါက်ကွဲစေသည့် လေကျည်ဆံများကိုထုတ်လွှတ်နေကာ သူ့ခန္ဓာကိုယ်အင်အားကို အထွတ်အထိပ်ရောက်သွားစေသည်။


ပုဖန်၏ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်စားဖိုမှူးဝတ်စုံကတဖျပ်ဖျပ်ပျံ့လွင့်နေကာ သူ့မျက်နှာအေးစက်နေလျက်ရှိသည်။


ပုဖန် မကျေမနပ်ခံစားနေရသည်။ အခြားနှစ်ယောက်ကသူ့ကို အဆက်မပြတ်တိုက်ခိုက်နေသည်ကိုကြည့်ပြီး ဒေါသထွက်လာရသည်။


"ကျုပ်ကိုလွယ်လွယ်လေးအနိုင်ကျင့်လို့ရမယ်ထင်နေကြတာလား..."


ပုဖန် အေးစက်စွာပြောလိုက်သည်။


ရုတ်တရက် ပုဖန်နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုတောင့်ခံလိုက်သည်။


သူ့အတွေးတစ်ချက်ဖြင့် စနစ်သိုလှောင်အိတ်ထဲမှ များစွာသော ပူလောင်နေသည့်ဟင်းပွဲများထွက်ပေါ်လာကာ သူ၏အရပ်လေးမျက်နှာတွင်ဝဲပျံနေသည်။


အစားအသောက်များမှ စိတ်ဝိဉာဉ်စွမ်းအားများမြင့်တက်လာကာ ပုဖန်၏ခန္ဓာကိုယ်ထဲဝင်ရောက်သွားကြသည်။


လူအိုကြီး မျက်မှောင်ကြုတ်လိုက်သည်။


ဒီစားဖိုမှူးလေးဘာလုပ်နေတာလဲ... ဟင်းပွဲတွေကိုသုံးပြီး အစီအရင်လုပ်နေတာလား..


ဒီကောင်လေးဘာလို့များ ကောင်းကင်ပေါ်တိုက်ရိုက်တက်မသွားရတာလဲ..


လျှာကဝေအစီအရင်ကိုပြုလုပ်ပြီးနောက်တွင် ပုဖန်ခေါက်ဆွဲတစ်ပွဲကိုဆွဲထုတ်လိုက်ကာ လူအိုကြီးနှင့် ကျောက်ခရမ်းအကြီးအကဲ၏အကြည့်အောက်တွင်ပင် မျိုချလိုက်သည်။


စပ်ပြဲလန်ခေါက်ဆွဲတစ်ပွဲစားပြီးနောက်တွင် ပုဖန်သူ၏စွမ်းအင်များပေါက်ကွဲထွက်လာသည်ဟုခံစားလိုက်ရသည်။


လျှာကဝေအခင်းအကျင်းမြှင့်တင်ခြင်းဖြင့် ပုဖန်၏တိုက်ပွဲစွမ်းအင်များအတော်လေးမြင့်တက်လာခဲ့သည်။ 


မဟူရာလိပ်ခုံးဒယ်အိုးကိုယူပြီး ပုဖန် အစားကြူးတောင်ကြားမှ လူအိုကြီးကိုအေးစက်စွာပြောလိုက်သည်။


"ကျုပ်ရဲ့ဓားကိုလိုချင်တာလား... ကျုပ်ဒယ်အိုးကိုအရင်မြည်းစမ်းကြည့်လိုက်စမ်းပါ.."


ခဏအကြာတွင် သူ့လက်ရွေ့လျားသွားပြီး မဟူရာလိပ်ခုံးဒယ်အိုးကို ပစ်လွှတ်လိုက်သည်။


ဝှစ်


မဟူရာလိပ်ခုံးဒယ်အိုးသည် ကောင်းကင်တွင်ပျံတက်သွားပြီး လူအိုကြီးကိုထိမှန်သွားသည်။


အစီအရင်ခင်းကျင်းရန် အရသာရှိသောအစားအသောက်များကိုသုံးထားသဖြင့် လူအိုကြီးရုတ်တရက်ဉာဏ်အလင်းပွင့်သွားပုံပေါ်သည်။ သူလျှာကဝေအစီအရင်ထဲတွင် နစ်မြုပ်နေဟန်ပေါ်နေသည်။


အစားကြူးတောင်ကြား၏ပထမတောင်ကြားသခင်ဖြစ်သည့်အလျောက် သူ၏ဟင်းချက်ပါရမီသည် အလွန်မြင့်မားလှပေသည်။ ထို့အပြင် သူသည်ဟင်းချက်ချင်းကို စေတသိတ်စွမ်းအားလမ်းကြောင်းအဖြစ်အသုံးပြုခဲ့သောကြောင့် ဟင်းချက်နည်းများကိုလေ့လာရာတွင် အလွန်သိချင်စိတ်ပြင်းပြလေ့ရှိသည်။


ဒါပေမယ့် သူလျှာကဝေအခင်းအကျင်းအကြောင်းတစ်ခါမှမတွေးခဲ့ဖူးဘူးလေ... ဒါကလည်းကြေးနန်းတော်ဆီကဟာများလား....


ဒီကောင်လေးက ကြေးနန်းတော်နဲ့ပတ်သတ်မှုရှိကိုရှိရမယ်...


မဟူရာလိပ်ခုံးဒယ်အိုးနှင့်ရင်ဆိုင်လိုက်ရသောအခါ လူအိုကြီးအသက်ပြင်းပြင်းရှူလိုက်ကာ ၎င်းကိုထိုးချလိုက်သည်။


ဘုန်း


သို့သော် ယခုအချိန်တွင်သူ့ခန္ဓာကိုယ်တစ်ခုလုံးသာတောင့်ခဲသွားပြီး ဒယ်အိုး၏အင်အားသည် သူ၏ခံနိုင်ရည်ထက်ကျော်လွန်သွားပေသည်။


လူအိုကြီး ပြင်းပြင်းထန်ထန်ရိုက်နှက်ခံလိုက်ရပြီး သွေးအန်ကာ ဘေးဘက်ကိုလဲကျသွားသည်။


ဘာဖြစ်သွားတာလဲ....


ကျောက်ခရမ်းအကြီးအကဲ ကြောင်အသွားသည်။


ခဏအကြာတွင် ပုဖန်သူ့ဘေးတွင်ပေါ်လာသည်ကိုမြင်လိုက်ရသည်။ လူငယ်လေးသည် အနက်ရောင်ဒယ်အိုးကိုလက်တွင်ကိုင်ကာ သူ့ကိုရိုက်ချလိုက်သည်။


သူထိုရိုက်ချက်ကိုလက်မြှောက်၍ကာလိုက်သည်။


ဘုန်း


သို့သော် သူကြောက်မက်ဖွယ်ကောင်းအောင်သန်မာလှသောခွန်အားကိုမခုခံနိုင်ပဲ ဒယ်အိုးကသူ့ခေါင်းကိုရိုက်မိသွားကာ သူ့ခေါင်းပင်ကွဲကြေလုနီးနီးဖြစ်သွားသည်။


လူအိုကြီးကဲ့သို့ပင် သူသည်လည်းအမြှောက်ဆန်တစ်ခုလို အဝေးသို့ပျံထွက်သွားအောင်အရိုက်ခံလိုက်ရသည်။ သူသွေးနီရောင်ရေကန်ထဲသို့ကျသွားမလိုပင်ဖြစ်သွားခဲ့သည်။


အောင်းပိုင်သည်လည်း ကြောင်အနေပေသည်။ ထိုလူသားက သူ၏လောကကြီးပေါ်အမြင်ကိုပြောင်းပြန်လှန်ပစ်လိုက်ချေပြီ။


သူကလုံးဝကို အင်အားနည်းသော ကြက်တစ်ကောင်သာဖြစ်နေခဲ့သည်။

သူဘယ်လိုလုပ် ပိုပိုပြီးသန်မာလာရတာလဲ... သူဘာလို့ကောင်းကင်ပေါ်ပဲတက်မသွားရသေးတာလဲကွာ.... 


လူအိုကြီးမတ်တတ်ရပ်လိုက်ကာ သွေးတစ်လုပ်အန်ထုတ်လိုက်သည်။ သို့သော် သူသည်စိတ်လှုပ်တရှားရယ်နေလေသည်။ သူ၏ စေတသိတ်စွမ်းအားနှင့်ဆိုင်သော လမ်းကြောင်းသည် ထိုကောင်လေးနှင့်ဆက်နွယ်နေကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။


"စားဖိုမှူးလေး.. မင်းငါ့လက်ထဲကမလွတ်ပါဘူးကွာ...."


လူအိုကြီးကျယ်ကျယ်လောင်လောင်ရယ်မောလိုက်သည်။ သို့သော် သူရယ်သံမဆုံးသေးမီပင် အဝေးတစ်နေရာမှ ရွှေရောင်အလင်းတန်းတစ်ခုလျှင်မြန်စွာရောက်ရှိလာခဲ့သည်။


ရွှေရောင်အလင်းတန်းကသူ့ကိုထိမှန်သွားပြီ မြေပြင်ပေါ်ထပ်မံလဲကျသွားစေပြန်သည်။


ပုဖန် အံ့အားသင့်သွားကာ အောင်းပိုင်သည်လည်း မှင်သက်သွားပေသည်။ မတ်တတ်ပြန်ရပ်နိုင်သွားပြီဖြစ်သော ကျောက်ခရမ်းအကြီးအကဲလည်း စိတ်ရှုပ်ထွေးသွားတော့သည်။


ဝှစ်


ရွှေရောင်အလင်းတန်းက ကောင်းကင်ပေါ်တွင် ပျံဝဲနေပြီး ခဏအကြာတွင် အလင်းတန်းများပျောက်ကွယ်သွားကာ လှပသောရွှေရောင်ပုစွန်တစ်ကောင်ထွက်ပေါ်လာသည်။


ထိုပုစွန်ကိုကြည့်ပြီး အောင်းပိုင်ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။


"လခွမ်းတဲ့မှ... ငါသရဲမြင်နေရတာလားဟ..."