အခန်း ၈၇၉
ကြေးနန်းတော် ပွင့်သွားပြီ
ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ အလင်းတန်းများပျောက်ကွယ်သွားချိန်တွင် ချစ်စဖွယ်သေးငယ်လှသော ရွှေရောင်ပုစွန်တစ်ကောင်ထွက်ပေါ်လာခဲ့သည်။
၎င်း၏လုံးဝန်းသောမျက်လုံးများပတ်ပတ်လည်ကိုကြည့်လိုက်ကာ ပုဖန်အပေါ်အကြည့်ကျရောက်သွားပေသည်။ ထို့နောက် ၎င်းသည် ပုဖန်ဆီသို့ပျံသွား၍ သူ့ပခုံးပေါ်တွင်သက်ဆင်းလိုက်လေသည်။
"အကောင်သေးသေးလေး... မင်းဘာလို့ဒီကိုရောက်နေရတာလဲ..."
ပုဖန် သံသယဝင်မိသွားကာ သူ့လက်ကိုမြှောက်၍ ပုစွန်ပိစိ၏ခေါင်းကိုပွတ်ပေးလိုက်သည်။
ပုစွန်ပိစိဘာမှပြန်မပြောပဲ ပူဖောင်းအချို့သာမှုတ်ထုတ်လိုက်သည်။
ထိုအချိန်တွင် နယ်သာရီသည် ချိန်းကြိုးများအပေါ်လမ်းလျှောက်ကာ ကြေးနန်းတော်ထံဦးတည်၍သွားလိုက်သည်။ သူပုဖန်ကိုမြင်သောအခါ မျက်နှာသေဖြင့်ခေါင်းအသာငြိမ့်ပြလိုက်သည်။
အိုး.. နယ်သာရီပါရောက်လာတာလား...
ကြည့်ရတာ သူမကပုစွန်ပိစိကို ဒီနေရာကိုခေါ်လာနေမှာ.. ဒါပေမယ့် သူတို့ကဒီကိုဘာလာလုပ်တာလဲ..
ပုဖန်ပို၍ သံသယဝင်လာတော့သည်။ ထို့အပြင်သူပို၍ သံသယဝင်နေရသည်မှာ အခြားအကြောင်းအရာကြောင့်ဖြစ်သည်။
ဒီနေရာမှာ ပျံသန်းခွင့်မရှိဘူးမဟုတ်လား ဒါဆို ပုစွန်ပိစိက ဘယ်လိုလုပ်ပြီးပျံနိုင်နေရတာလဲ...
ပုစွန်ပိစိကဒီဧရိယာထဲမှာပျံနိုင်ရုံတင်မကဘူး အခက်အခဲမရှိကိုပျံနေတာပဲ..
ပုစွန်ပိစိအပေါ်စည်းကမ်းကမသက်ရောက်တာလား.... ဒါဆိုဘာလို့မသက်ရောက်ရတာလဲ...
အောင်းပိုင် ပုဖန်ပခုံးပေါ်ရှိ ချစ်စဖွယ်ပုစွန်ပိစိကိုကြည့်ပြီး သူ့မျက်နှာ ကိုးယိုးကားယားဖြစ်လာသည်။
အဲ့တာငါတို့ရဲ့ ပုစွန်ဘိုးဘေးကွ မင်းရဲ့အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘူး..
အဆုံးမဲ့ပင်လယ်ရဲ့ မြင့်မြတ်တဲ့ ပုစွန်ဘိုးဘေးက ဘယ်လိုလုပ်လူသားတစ်ယောက်ရဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဖြစ်သွားရတာလဲ...
ပုစွန်ဘိုးဘေးက အောင်းပိုင်ရဲ့ဘိုးဘေးပါ...
လူအိုကြီးမြေပြင်ပေါ်မှပြန်ထလိုက်ပြီး သူ့မျက်နှာတွင် ဒေါသများပြည့်နှက်နေသည်။ သူပုစွန်ပိစိကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်သည်။
ကြေးနန်းတော်က သူတို့ကိုပျံသန်းခွင့်ပိတ်ထားတယ်... ဒီပုစွန်ကဘယ်လိုလုပ်ပျံနိုင်နေရတာလဲ...
လူအိုကြီး အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
ပုစွန်ပိစိသည် ပုဖန်ပခုံးပေါ်မှပျံသန်းလိုက်ပြီး ကြေးနန်းတော်ထံဦးတည်လိုက်သည်။
ထို့နောက်...
၎င်းသည် ကြေးနန်းတော်ထဲဝင်လိုက်ပြီး နေရာတစ်ခုလုံးကိုမွှေးရနံ့များစိမ့်ဝင်ပျံ့နှံ့နေစေသော ရဲရဲနီနေသည့်ယန်ချွန်းခေါက်ဆွဲပန်းကန်နားသို့ရောက်ရှိသွားသည်။
ပုစွန်ပိစိ ယန်ချွန်းခေါက်ဆွဲကိုတစ်ပတ်ပတ်လိုက်ပြီး ခုန်လိုက်ကာခေါက်ဆွဲတစ်မျှင်ကိုယူလိုက်ပြီး စတင်စသုံးတော့သည်။
ပုဖန် စိတ်ရှုပ်ထွေးသွားသည်။
လူအိုကြီး ကြောင်အသွားသည်။
လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်ဟ
အဲ့ခေါက်ဆွဲပန်းကန်ကိုဘယ်သူမှမထိနိုင်ကြဘူး ဟုတ်တယ်မလား...
ဒါဆိုဘာလို့ အဲ့ပုစွန်ကိုထိနိုင်ရတာလဲ... ဘာတွေဖြစ်နေတာလဲ...
အဲ့ပုစွန်က ကြေးနန်းတော်ဧရိယာတစ်လျှောက်ပျံသန်းနိုင်ပြီ နန်းတော်ထဲဝင်နိုင်တယ်...
ဒီရွေပုစွန်က အရမ်းဆန်းကြယ်တာပဲ...
မူလကကြောက်လန့်သွားသော လူအိုကြီးကကျယ်ကျယ်လောင်လောင်ရယ်မောလိုက်သည်။
ပုစွန်ပိစိခေါက်ဆွဲကိုစားလိုက်သည်။ ၎င်းက ဒီနေရာမှာ နှစ်တစ်သောင်းလောက်ရှိနေတဲ့ခေါက်ဆွဲပွဲကအစစ်ဆိုတာကိုပြနေတာဖြစ်သည်။ ၎င်းကပုံရိပ်ယောင်မဟုတ်ခဲ့ပေ။
၎င်းက သူလမ်းကြောင်းမှန်ကိုရွေးချယ်ခဲ့ကြောင်းပြနေခြင်းဖြစ်သည်။သူ၏စေတသိတ်စွမ်းအင်သည် ထိုနန်းတော်ထဲတွင်ရှိနေသည်။
သူထိုခေါက်ဆွဲကိုစားချင်ကာ သူလည်းသာလွန်ထူးကဲချင်သည်။
လူအိုကြီး ကြေးနန်းတော်ဆီပြေးထွက်သွားကာ ခဏအကြာတွင် နန်းတော်တံခါးထံရောက်သွားခဲ့သည်။
သူလက်မြှောက်၍ ခေါက်ဆွဲပွဲကိုထိလိုက်သော်လည်း ၎င်းက မှန်ထဲကပန်းရိပ်လို ရေအိုင်ထဲကလရိပ်လို ဖြစ်နေဆဲဖြစ်သည်။ သူတံခါးနောက်ရှိ ခေါက်ဆွဲပန်းကန်ကို ထိ၍မရပေ။
"ဘာလို့လဲ ဘာလို့ဒီလိုဖြစ်ရတာလဲ...."
လူအိုကြီးအလွန်အမင်းဒေါသထွက်သွားသည်။
ကြေးတံခါးရှေ့တွင်ဒူးထောက်နေသော အသန်မာဆုံးနတ်ဆိုးဘုရင်၏ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များထွက်လာနေသည်။
ခဏအကြာတွင် ငရဲစွမ်းအင်များကြားမှခန္ဓာကိုယ်ကရုတ်တရက် တုန်ရီသွားပေသည်။
ကျောက်ခရမ်းအကြီးအကဲလက်မြှောက်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင်ရှိသော နတ်ဆိုးမျက်လုံးကအလွန်စိတ်လှုပ်ရှားနေဟန်ပေါ်နေသည်။
မကြာခင် သူအသန်မာဆုံးနတ်ဆိုးဘုရင်၏ခန္ဓာကိုယ်ထဲတွင်နေထိုင်နိုင်မည်ဖြစ်ကာ သူထိုခန္ဓာကိုယ်ကိုပိုင်ဆိုင်နေသမျှကာပတ်လုံး နတ်ဆိုးမျက်လုံးမျိုးနွယ်စုသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်ကိုဖိနှိပ်နိုင်မည်ဖြစ်ကာ ကမ္ဘာမြေအကျဉ်းထောင်ကိုပါ ကျူးကျော်နိုင်မည်ဖြစ်သည်။
ရုတ်တရက်
ကျောက်ခရမ်းအကြီးအကဲ၏လက်ဖဝါးပေါ်ရှိ နတ်ဆိုးမျက်လုံးတုန်ရီသွားကာ အနက်ရောင်သွေးများယိုစိမ့်ထွက်လာသည်။
နတ်ဆိုးမျက်လုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အရာတစ်ခုကိုမြင်လိုက်ရသည့်အတိုင်း စူးစူးရှရှအော်လိုက်သည်။ ၎င်းကအလွန်ကြောက်လန့်နေပုံပေါ်ပေသည်။
"မဟုတ်ဘူး.... မဖြစ်နိုင်ဘူး... မင်းရဲ့စိတ်ဝိဉာဉ်ပင်လယ်ကဘာလို့ မခြောက်သွေ့သေးရတာလဲ..
ဘုန်း
ကျောက်ခရမ်းအကြီးအကဲ သူ့လက်ဖဝါးပေါ်ရှိနတ်ဆိုးမျက်လုံးပေါက်ကွဲသွားပြီး အနက်ရောင်သွေးများကျဆင်းလာသဖြင့် သူ၏ခန္ဓာကိုယ်တောင့်ခဲသွားသည်။
သူ့မျက်နှာဖြူဖျော့သွားသည်။
ဘုန်း ဘုန်း
ကောင်းကင်သို့ထိုးဖောက်လုဖြစ်နေသော ငရဲစွမ်းအင်များက အသန်မာဆုံးနတ်ဆိုးဘုရင်၏ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး နတ်ဆိုးဘုရင်၏ခန္ဓာကိုယ်တုန်ရင်သွားလေသည်။
ခဏအကြာတွင် ပေါက်ကွဲသံများဆူညံစွာထွက်ပေါ်လာသည်။
အသန်မာဆုံးနတ်ဆိုးဘုရင် စတင်လှုပ်ရှားလာခဲ့သည်။
ကြေးတံခါးရှေ့တွင် ဒူးထောက်ကာ တောင့်ခဲနေသောလူအိုကြီးက အလျှင်အမြန်မတ်တတ်ရပ်လိုက်ကာ မယုံကြည်နိုင်သောအမူအယာဖြင့်ကြည့်နေသည်။
ဝီး
ကောင်းကင်ကိုဆုတ်ဖြဲလုမတတ်ဖြစ်သော ကြောက်မက်ဖွယ်အော်ရာတစ်ခုထွက်ပေါ်လာသည်။
ဒူးထောက်နေသောပုံရိပ်ကြီးခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများက အေးစက်နေကာ ခံစားချက်မဲ့နေလျက်ရှိသည်။
"နှစ်တစ်သောင်းတောင်ကြာသွားခဲ့ပြီလား..."
သူ့အသံ လေထုထဲတွင်ပဲ့တင်ထပ်နေပြီး လူတိုင်းကို တုန်ယင်သွားစေသည်။
ခဏအကြာတွင် အသန်မာဆုံးနတ်ဆိုးဘုရင်ဖြေးဖြေးချင်းထလိုက်သည်။ သူ၏သုံးမီတာရှည်လျားသော ခန္ဓာကိုယ်ကြီးက ကြီးမားလွန်းလှပေသည်။
ထို့နောက်အသန်မာဆုံးနတ်ဆိုးဘုရင် ဧရိယာတစ်လျောက်ကိုကြည့်လိုက်သည်။
"အိုး... သက်ဝင်တက်ကြွနေဆဲပါလား..."
အသန်မာဆုံးနတ်ဆိုးဘုရင်ပြောလိုက်သည်။ထို့နောက် သူ့မျက်လုံးများက နယ်သာရီထံရောက်ရှိသွားသည်။
"ငရဲကမ္ဘာအမျိုးသမီးလား..."
နယ်သာရီ မျက်နှာသေဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။ သူမတွင် မာနကြီးသောအသွင်ရှိမနေသလို ရိုကျိုးလွန်းသောအသွင်လည်းရှိမနေပေ။
အသန်မာဆုံးနတ်ဆိုးဘုရင် ခေါင်းပြန်ငြိမ့်ပြလိုက်သည်။ သူဘာမှမပြောပဲ အသက်သာရှူနေပြီး ငရဲစွမ်းအင်များက သူ၏ပါးစပ်နှင့်နှာခေါင်းပေါက်များတွင်လှုပ်ရှားနေကြသည်။ သူ၏သွေးနှင့် အစစ်အမှန်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲတွင် နဂါးတစ်ကောင်နှယ်စီးဆင်းနေကြသည်။
ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ အသန်မာဆုံးနတ်ဆိုးဘုရင် နိုးထလာခဲ့လေပြီ။
ပုစွန်ပိစိက စားနေဆဲဖြစ်သည်။ ယန်ချွန်းခေါက်ဆွဲကို အဆက်မပြတ်တတိတိကိုက်ဝါးပြီးနောက်တွင် ခေါက်ဆွဲပန်းကန်ကုန်သွားပြီဖြစ်သည်။
ခဏအကြာတွင် ပုစွန်ပိစိက မူးနေသည့်ဟန်ဖြင့် ယိုင်တိယိုင်တိုင်ဖြစ်လာသည်။ ခဏအကြာတွင်ရပ်သွားပြီး မြေပြင်ပေါ် ဗိုင်းကနဲလဲကျ၍အိပ်ပျော်သွားသည်။ ထိုပုစွန်က ခေါက်ဆွဲတစ်ပန်းကန်ကြောင့် အရက်မူးသွားခြင်းဖြစ်သည်။
ဘုန်း
အသန်မာဆုံးနတ်ဆိုးဘုရင်၏မျက်လုံးများပြူးကျယ်သွားသည်။
"တစ်ယောက်ယောက် ခေါက်ဆွဲကိုစားလိုက်တာလား..."
သူ့အသံသည် နားကန်းလုမတတ်ကျယ်လောင်နေပြီး လူတိုင်းတောင့်ခဲသွားသည်။
ပုဖန်မျက်မှောင်ကြုတ်လိုက်ကာ မဟူရာလိပ်ခုံးဒယ်အိုးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ တစ်ခုခုမှားယွင်းသွားခဲ့သည်ရှိသော် သူက မဟူရာလိပ်ခုံးဒယ်အိုးကို ပစ်လွှတ်လိုက်ရုံသာဖြစ်သည်။
ဝုန်း ဝုန်း
နတ်ဆိုးဘုရင်၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ရှေ့သို့တိုးသွားလိုက်ကာ ခြေနှစ်လှမ်းဖြင့် ကြေးနန်းတော်ဆီသို့ချက်ချင်းပင်ရောက်သွားသည်။
သူ ခေါက်ဆွဲပန်းကန်ကိုကြည့်၍ ပျော်မြူးသွားသည်။
အမှန်ပင်
သူပျော်မြူးသွားခဲ့ခြင်းဖြစ်သည်။
လူတိုင်းမှင်သက်မိသွားကြသည်။
ခေါက်ဆွဲပန်းကန်ကအစားခံလိုက်ရပြီလေ... နတ်ဆိုးဘုရင်ကြည့်ရတာဘာလို့ပျော်နေပုံပေါက်နေရတာလဲ...
ဒါ သူနှစ်တစ်သောင်းလောက်ဒူးထောက်ပြီးစောင့်ခဲ့ရတဲ့ခေါက်ဆွဲပန်းကန်မဟုတ်ဘူးလား...
ဝေါင်း
သူ၏ဟိန်းဟောက်သံသည် ကောင်းကင်ကိုပင်ကျိုးပျက်လုနီးနီးဖြစ်သွားစေသည်။
ကောင်းကင်ရှိကျောက်ရည်ပူများ လှိုင်းထလာတော့သည်။
ထို့နောက် လူများ၏အကြည့်အောက်တွင် နတ်ဆိုးဘုရင်က ကြေးနန်းတော်၏တံခါးကိုထိုးချလိုက်သည်။
ထိုအချိန်တွင် ကြေးနန်းတော်၏တံခါးသည် ရေအိုင်ထဲကလရိပ်လိုမပျောက်ကွယ်သွားတော့ပေ။ မာကျောကျစ်လျစ်နေလေသည်။
နတ်ဆိုးဘုရင်သူ့လက်များကိုတံခါးပေါ်တင်လိုက်ပြီး အလွန်စိတ်လှုပ်ရှားဟန်ပေါ်လာသည်။
ထိုခေါက်ဆွဲပန်းကန်ကသူ့ကို နှစ်တစ်သောင်းလောက် ချုပ်နှောင်ထားခဲ့ပြီး ယခုတွင် ၎င်းကအစားခံလိုက်ရပြီဖြစ်၍ စေတသိတ်စွမ်းအား၏လမ်းကြောင်းသည် သူ့အတွက်ပွင့်သွားပြီဖြစ်သည်။
"ပွင့်စမ်း ငါ့အတွက်ပွင့်လိုက်စမ်း...."
နတ်ဆိုးဘုရင်ဟိန်းဟောက်လိုက်သည်။ သူ့သွေးများနှင့် အစစ်အမှန်စွမ်းအင်များသည် နဂါးများကဲ့သို့ လှိုင်းများထနေပေသည်။
လူတိုင်း၏နားထဲတွင် တကျွီကျွီမြည်သံများပဲ့တင်ထပ်လာပြီး ကြက်သီးများပင်ထသွားစေသည်။
နှစ်ပေါင်းများစွာကြာမြင်ခဲ့ပြီဖြစ်သည်။ ကြေးနန်းတော်ကြီး၏ တံခါးကြီးများဖွင့်ခြင်းမခံရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပြီဖြစ်၍ တံခါးပွင့်သွားချိန်တွင် ကျွီဟူသောမြည်သံမှာ လူတိုင်း၏နားစည်အတွင်းကျယ်လောင်စွာမြည်ဟီးလာတော့သည်။
လျှိုမို့ပိုင်သည်လည်း စိတ်လှုပ်ရှားနေကာ အရာအားလုံးကိုနားလည်သွားပြီဖြစ်သည်။
အသန်မာဆုံးနတ်ဆိုးဘုရင်က သူ၏ စေတသိတ်အစွမ်းလမ်းကြောင်းအတွက် ထိုခေါက်ဆွဲပန်းကန်ကိုစောင်နေခဲ့တာဖြစ်သည်။ သို့သော် ၎င်းကတံခါးနောက်တွင်ရှိပြီး မှန်ထဲကပန်းရိပ်လို ရေအိုင်ထဲကလရိပ်လိုဖြစ်နေသဖြင့် ထိတွေ့လို့မရနိုင်ခဲ့ပေ။ ၎င်းကထိုနေရာတွင်ဆက်ရှိနေပါက ကြေးနန်းတော်ပွင့်လာတော့မည်မဟုတ်ချေ။
အသန်မာဆုံးနတ်ဆိုးဘုရင်က ၎င်းကိုမစားနိုင်ပေ။ ထို့ကြောင့် ထိုနေရာတွင်နှစ်တစ်သောင်းကျော်ဒူးထောက်နေခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် ခေါက်ဆွဲများကအစားခံရပြီးဖြစ်သည်။
ကြေးတံခါးသည်လည်းပွင့်သွားပြီဖြစ်သည်။
တကျွီကျွီမြည်သံများအဆက်မပြတ်ထွက်ပေါ်လာကာ မိုးထိတိုင်ပျံ့လွင့်သွားသည်။ ထိုအသံများသည် ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်နေပေသည်။
…
အစားကြူးတောင်ကြားရှိ ထောင်တျဲစားသောက်ဆိုင်တွင်
သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်တွင် ဟောက်သံဆူညံစွာဖြင့်အိပ်နေသော ခွေးဘုရင်သည် ၎င်း၏မျက်လုံးများကိုဖွင့်လှစ်လိုက်သည်။ သူဒေါသထွက်သွားလေသည်။
"အဲ့တာအစားခံလိုက်ရပြီလား... အစားခံလိုက်ရပြီပေါ့လေ... ဘယ်သူစားသွားတာလဲ...."
ခွေးဘုရင် မျက်စိမှေးကျဉ်းလိုက်ပြီး ခေါင်းခါရမ်းလိုက်သည်။ လျှာတစ်လစ်ထုတ်လိုက်ပြီး သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်တွင် နောက်တစ်ကြိမ်မှီချလိုက်သည်။
"စေတသိတ်အစွမ်းတဲ့... အလုပ်ထပ်အပြောကပိုလွယ်တာပေါ့.. ကောင်လေးပုဖန်ရဲ့ နံရိုးချိုချဉ်ကြော်စားတာကမှ ပိုကောင်းပါသေးတယ်..."
ခဏအကြာတွင် ခွေးဘုရင်မြေပြင်ပေါ်ပြန်လှဲလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
"ခွေးဘုရင်တော့ ပျော်စရာလေးတွေကြည့်ရတော့မှာပဲ..."
…
ငရဲဘုရင်အာဟ လက်ပိုက်ရင်း နှင်းများဖုံးလွှမ်းနေသောလမ်းတစ်လျှောက်တွင် လမ်းလျှောက်နေသည်။
ရုတ်တရက် သူ့နားရွက်များလှုပ်ရမ်းသွားပြီး ရှေးဟောင်းအချိန်များက အသံကိုကြားလိုက်ရသကဲ့သို့ဖြစ်သွားသည်။ သူ့မျက်လုံးများက ရုတ်တရက်စူးရှလာသည်။
"စိတ်ဝင်စားစရာပဲ... ပျက်သုဉ်းခြင်းအကျဉ်းထောင်ကလူတွေက ကောင်းကင်ပေါ်ပါတက်ချင်နေကြပြီ.. သူတို့ကသာလွန်ထူးကဲချင်နေကြတာပဲ...."
ငရဲဘုရင်အာဟ နှုတ်ခမ်းထောင့်များတွန့်ကွေးသွားသည်။ ထို့နောက် လက်မြှောက်လိုက်ကာ လေထုကိုဖြတ်လိုက်ပြီး လေဟာနယ်အက်ကွဲကြောင်းတစ်ခုပေါ်လာကာ ထိုထဲသို့ဝင်သွားခဲ့သည်။
ငရဲဘုရင်အာဟနောက်သို့လိုက်နေသော သူတော်စင်သမီးတော် ဇီယွင်အနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက် သူ့နောက်လိုက်၍ လေဟာနယ်အက်ကွဲကြောင်းထဲသို့ဝင်သွားလိုက်သည်။
…
ကျွီ
ပိတ်နေခဲ့သော ကြေးတံခါးများနောက်ဆုံးတွင်ပွင့်သွားခဲ့ပြီဖြစ်သည်။
လူအိုကြီးက အလွန်စိတ်လှုပ်ရှားနေပုံပေါ်ပြီး နတ်ဆိုးဘုရင်ကလည်း ရှေ့သို့ဦးတည်၍သွားနေသည်။
ဘုန်း ဘုန်း
ကျယ်လောင်သောပေါက်ကွဲသံများထွက်ပေါ်လာကာ တံခါးကြီးများကလုံးလုံးလျားလျားပွင့်ဟသွားသည်။
လူတိုင်း တုန်ယင်သွားကြသည်။
အစားကြူးတောင်ကြားမှလူအိုကြီးကဘာမှမပြောပဲ နန်းတော်ထဲသို့သာ တိုက်ရိုက်ဦးတည်၍ဝင်သွားခဲ့သည်။
အသန်မာဆုံးနတ်ဆိုးဘုရင် သက်ပြင်းချလိုက်ကာ နန်းတော်ထဲသို့ဦးတည်လိုက်သည်။
ကျောက်ခရမ်းအကြီးအကဲက တုံ့ဆိုင်းသွားသော်လည်း အထဲသို့လိုက်ဝင်လိုက်ပေသည်။
ပုဖန် ရှေ့သို့ဆက်မသွားပဲ ဂိတ်တံခါးသို့သွားကာ အရက်မူးနေဟန်နှင့်တူသော ပုစွန်ပိစိကိုကောက်၍သူ့ပခုံးပေါ်တင်လိုက်သည်။
"လူသားကောင် မင်းငါတို့ရဲ့ပုစွန်ဘိုးဘေးကိုဘာများထင်နေတာလဲ...."
အောင်းပိုင် သတ္တိများကိုစုစည်း၍ အတုန်တုန်အယင်ယင်ဖြင့်မေးလိုက်သည်။
ပုစွန်ဘိုးဘေး.... အဲ့တာသူတို့ရဲ့သောက်ကျိုးနည်းပုစွန်ဘိုးဘေးဟ...
ရွှေပုစွန်မျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက်သူ့တွင် သူတို့၏ပုစွန်ဘိုးဘေးကိုပြန်ခေါ်နိုင်ရန် တာဝန်ရှိနေပေသည်။
ပုဖန်၏ လက်တစ်ဖက်တွင် ဒယ်အိုးကိုကိုင်ထားပြီး နောက်တစ်ဖက်တွင်မီးဖိုချောင်သုံးဓားကိုကိုင်ထားသည်။ သူအောင်းပိုင်ထံသို့ မျက်နှာသေဖြင့်ကြည့်လိုက်သည်။
အောင်းပိုင် ကြောက်လန့်သွားသည်။
ဒီလူသားက အားနည်းသည့်ကြက်ကလေးတစ်ကောင်မဟုတ်ပေ။ ထိုဒယ်အိုးဖြင့်သာအရိုက်ခံရပါက သူပုစွန်ပြားဖြစ်သွားမည်မှန်းသိသာလှပသည်။
ပုဖန်၏ နှုတ်ခမ်းများတွန့်လိမ်သွားပြီး မြေပြင်ပေါ်ရှိပန်းကန်လုံးကို ကုန်း၍ကောက်လိုက်သည်။
ပန်းကန်လုံးကနွေးနေဆဲဖြစ်ကာ ထိုခေါက်ဆွဲပန်းကန်က ဤနေရာတွင်နှစ်ပေါင်းတစ်သောင်းကျော်ရှိနေခဲ့သည်ဟု တွေးကြည့်ရန်ပင်ခက်ခဲလေသည်။
ဘယ်သူ ဒီခေါက်ဆွဲတွေကိုချက်တာလဲ....
ပန်းကန်လုံးထဲတွင် စွပ်ပြုတ်အကြွင်းအကျန်များရှိနေဆဲဖြစ်ကာ ထိုစွပ်ပြုပ်များက ခပ်ဖျော့ဖျော့တောက်ပကာ လင်းလက်နေသည်။
၎င်းက ဤဟင်းပွဲကိုချက်ခဲ့သူတွင် အလွန်ကောင်းမွန်သော ဟင်းချက်စွမ်းရည်ရှိနေမည်ဖြစ်သည်ဟု အဓိပ္ပာယ်ရလေသည်။
အနည်းဆုံး ထိုလူကပုဖန်ထက် အားနည်းခြင်းမရှိပေ။
ပုဖန် သူအချက်အပြုတ်နတ်ဘုရားတစ်ယောက်ဖြစ်လာမည့်ခရီးစဉ်သည် အလွန်ရှည်လျားနေသေးကြောင်းသိပေသည်။ သို့သော် အနည်းဆုံးတော့ ထိုလမ်းကြောင်းပေါ်တွင်သူတစ်ယောက်တည်း အထီးကျန်မနေတော့ချေ။
ပုဖန်၏တိုက်ခိုက်လိုစိတ်များမြင့်တက်လာသည်။ သူဤဆန်းကျယ်သောကမ္ဘာတွင်အစားအသောက်ကွင်းဆက်၏ထိပ်ဆုံးတွင်ရှိသော အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်ချင်ပါက လူတိုင်းကို ဖျက်ဆီးချေမှုန်းနိုင်ရမည်ဖြစ်သည်။
၎င်းသည် သူ၏ပန်းတိုင်ဖြစ်သည်။ ထိုပန်းတိုင်ကြောင့် ပုဖန်အကောင်းဆုံးကြိုးစားနေရခြင်းဖြစ်သည်။
ပန်းကန်လုံးကိုပြန်ချကာ မဟူရာလိပ်ခုံးဒယ်အိုးနှင့် ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓားကိုပြန်သိမ်း၍ ကြေးနန်းတော်ထံဦးတည်လိုက်တော့သည်။
အောင်းပိုင် ပုဖန်နောက်ကျောကိုကြည့်ပြီးအံကြိတ်လိုက်ကာ သူ့နောက်လိုက်သွားတော့သည်။