အပိုင်း ၈၈၁
Viewers 53k

အခန်း ၈၈၁

သွေးကျောက်ပုစွန်အစပ်...


အလင်းတန်းများ ပျောက်ကွယ်သွားသည်။လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေကြ၏။ပုဖန်နှင့် အဖိုးအိုတို့က တစ်ယောက်၏ မျက်လုံးထဲမှ အံ့သြမှုကို တစ်ယောက် မြင်လေသည်။


"ကောင်လေး မင်း..."


လူအိုကြီးက တစ်စုံတစ်ရာပြောတော့မည့်အချိန်၌ပင်သူ့စိတ်ထဲ၌ အတွေးတစ်ချက်လက်သွားသည်။သူ့၏ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ဘိုက်ရာ ကျန်သည့်သူများ ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်ပြီး ပျော်ရွှင်မှု အရိပ်အယောင်လေး ပေါ်လာသည်။


ပျက်သုဉ်းခြင်း အကျဉ်းထောင်မှ နတ်ဆိုးဘုရင် ငရဲကမ္ဘာအမျိုးသမီးနှင့် ကျောက်ခရမ်းအကြီးအကဲ မည်သူမှ မရှိတော့ပေ။သူ့၏ ရှေ့မှ ရပ်နေသည်က စားဖိုမှူးလေးဖြစ်ပြီး သူကိုယ်တိုင်ကလဘ်း စားဖိုမှူးတစ်ယောက်ပင်ဖြစ်သည်။


လူအိုကြီးက တစ်စုံတစ်ရာကို စဉ်းစားမိပုံဖြင့် မျက်လုံးများတောက်ပလာသည်။သူဆန်နှင့် ဥကို မြင်လိုက်သည့်အခါ၌ ထမင်းကြော်ချက်ပြုတ်ချင်သွားခဲ့သည်။


သူဒီနေရာတွင် နှစ်ထောင်ချီအောင်ပိတ်မိနေရသော်လည်း ကောင်းကောင်းမွန်မွန် တစ်နှပ်မှ မစားခဲ့ရပေ။ထမင်းကြော်လေးတစ်ပန်းကန်က သူ့ကို အလွန်ပျော်ရွှင်သွားစေသည်။


"ဒီတော့ ထမင်းကြော်က စိန်ခေါ်မှုတစ်ရပ်လား...ဒီအုပ်စုထဲမှာ သူနဲ့ ပုဖန်ကပဲ စားဖိုမှူးတွေ တခြားသူတွေက ထမင်းကြော်ချက်နိုင်မှာမဟုတ်ဘူး ဒီတော့ သူတို့တွေ ထုတ်ပယ်ခံလိုက်ရတာလား..."


နှစ်ယောက်စလုံး အဓိက အချက်ကို တွေးမိသွားပုံဖြင့် တစ်ယောက်ကို တစ်ယောက် ထပ်မံကြည့်လိုက်ကြပြန်သည်။ထို့နောက် တစ်ချိန်တည်းမှာပင် သူတို့ရှေ့တွင် ထိုင်နေသော စားဖိုမှူးပုံရိပ်ကို လှည့်ကြည့်လိုက်ကြ၏။


ထိုခဏ၌ စားဖိုမှူး၏ မျက်လုံးများ ပွင့်လာပြီး သူတို့ကို အေးဆေးတည်ငြိမ်စွာ စိုက်ကြည့်လာလေသည်။


 ဂုဏ်ယူပါတယ် မင်းတို့က ပထမဦးဆုံး စိန်ခေါ်မှုကို အောင်မြင်သွားပါပြီ..."


ထိုစားဖိုမှူး၏ အသံက ဤကမ္ဘာနှင့် မသက်ဆိုင်သကဲ့သို့ ခပ်ဖျော့ဖျော့ ဝိုးတိုးဝါး ထွက်ပေါ်လာလေသည်။လူအိုကြီးအံ့အားသင့်သွားပြီးနောက် အရူးအမူးပျော်ရွှင်လာလေသည်။


"တကယ်ကိုပဲ ဒီနေရာမှာစေတသိတ်စွမ်းအားကို ဖုန်းကွယ်ထားတာပဲ..."


"စေတသိတ်စွမ်းအား..."


ပုဖန်လည်း အံ့အားသင့်သွား၏ တကယ်တမ်းတွင် သူက ထိုစွမ်းအားကို စိတ်ဝင်စားခြင်းမရှ်ိပေ။မူလက သူသည် ဒီနန်းတော်ထဲတွင် မည်သည့်အရာရှိနေသည်ကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်။သို့သော်လည်း ယခုမူ သူနီယန်၏ မှတ်ဉာဏ်များကိုသာ အမြန်ဆုံးပြန်လည် ရရှိအောင်ကူညီပေးချင်သည်။သို့မှသာ သူ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို ပြုလုပ်နိုင်ပေလိမ့်မည်။


"ဒါက မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ အရည်အချင်းစစ် စိန်ခေါ်ပွဲပါ...ဒုတ်ိယစိန်ခေါ်မှုကတော့ မင်းတို့တွေ ဟင်းပွဲချက်ပြုတ်ရလိမ့်မယ် ဒီပြိုင်ပွဲကို ကျော်ဖြတ်နိုင်တဲ့သူ တစ်ယောက်တည်းသာ အရည်အချင်းပြည့်မီတဲ့ အမှတ်အသားကို ရရှိမှာဖြစ်တယ်..."


မသေမျိုးတစ်ပါးကဲ့သို့ ဝိုးတိုးဝါးအသံက ပုဖန်နှင့် လူအိုကြီးတို့၏ အာရုံထဲသို့ တိုးဝင်လာသည်။ ထို့နောက် ကျယ်လောင်လှသော အသံနှင့်အတူ သူတို့၏ရှေ့၌ ကြီးမားလှသော ရေစည်များ ပေါ်လာလေသည်။


ပုဖန်တို့နှစ်ယောက် မျက်ဝန်းများပြူးကျယ်စွာဖြင့် စိုက်ကြည့်နေကြသည်။


စလက် စလက်...


ရေသံများ ဘောင်ဘင်ခတ်ဆူညံနေသည်။ပုဖန်၏ မျက်စိရှေ့၌ ကြီးမားလှသော လက်တစ်ဖက်တွားထွက်လာသည်ကို မြင်လိုက်ရသည်။


ထန်း...


ပုဖန်စိတ်ထဲ လက်ခနဲ တစ်ချက်ဖြစ်သွားပြီးနောက် သူ့၏ လက်က လျင်မြန်စွာ လှုပ်ရှားသွားကာ ထိုလက်တစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။၎င်းက သွေးကျောက်ပုစွန်ပင်ဖြစ်သည်။ထိုစားဖိုမှူး၏ စကားအရသူတို့က သွေးကျောက်ပုစွန်ကို ပါဝင်ပစ္စည်းအဖြစ်အသုံးပြုပြီးဟင်းပွဲတစ်ပွဲ ချက်ပြုတ်ရပေမည်။ပုဖန်အနည်းငယ်ပင် စိတ်ရှုပ်ထွေးသွားမိသည်။သူ့၏ သိုလှောင်နယ်မြေထဲတွင် သွေးကျောက်ပုစွန်တစ်ကောင်ရှိသေးကြောင်း အမှတ်ရပေသည်။၎င်းကို အချိန်ရလာသည့်အခါ၌ ချက်ပြုတ်ဖို့ တွေးထားခဲ့ခြင်းဖြစ်သည်။ယခုမူ သူတို့၏ ဒုတိယစိန်ခေါ်မှုက သွေးကျောက်ပုစွန်ဖြစ်နေပြန်သည်။လူအိုကြီးကလည်း အံ့အားသင့်သွားသည်။


"သွေးကျောက်ပုစွန်ကို ချက်ရမှာလား..."


ထိုခဏမှာပင် သူ့၏ မျက်နာက မဲမှောင်သွားလေ၏။


"ဒါက စားလို့ကောရရဲ့လား..."


သူ့၏။ ဗဟုသုတများအရ ထိုသွေးကျောက်ပုစွန်သည် ကောင်းမွန်သည့် ပါဝင်ပစ္စည်းမဟုတ်ပေ။ထို သွေးကျောက်ပုစွန်၏ ခေါင်းထဲနှင့် အဆီများထဲတွင် အဆိပ်များ ပါရှိသည်။ထိုအဆိပ်များကို သေချာစွာ ဖယ်ထုတ်သန့်ရှင်းနိူင်မှု မရှိလျှင် ၎င်းကို စား၍ မရပေ။


ထို ကဲ့သို့သောပါဝင်ပစ္စည်းမျိုးကို ချက်ပြုတ်ရမည်အား သူတို့အတွက် စိန်ခေါ်မှုကြီး တစ်ရပ်ပင်ဖြစ်သည်။လူအိုကြီး၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုရှိနေသော်လည်း သူ့မျက်ဝန်းထဲတွင် အရှုံးမပေးလိုသည့် ခိုင်မာသည့် စိတ်ဓာတ်ကို တွေ့ရပေလိမ့်မည်။


"ဒီကောင်လေးက ဒီပါဝင်ပစ္စည်းနဲ့ ဘယ်လို ချက်ပြုတ်ရမယ်ဆိုတာကို သိတာလား...မဖြစ်နိုင်လိုက်တာ..."


သူနှစ်ထောင်ပေါင်းချီအောင် ပိတ်မိနေခဲ့စဉ်က သွေးကျောက်ပုစွန်ကို အသုံးပြု၍ ဟင်းချက်ပြုတ်ရန် ကြိုးစားဖူးလေသည်။သို့သော်လည်း ၎င်းက ကောင်းမွန်သောပါဝင်ပစ္စည်းမဟုတ်သည်က အမှန်တရားပင်ဖြစ်သည်။


"အဲ့ဒါက တော်တော်လေးကို မျိုချဖို့ ခက်ခဲတယ်..."


သူ့၏ အစွမ်းထက်လှသော အရည်အချင်းများနှင့်ပင် သွေးကျောက်ပုစွန်အား အရသာရှိသောဟင်းပွဲတစ်ပွဲ အဖြစ်သို့ မပြောင်းလဲနိုင်ပေ။


"ဒီတော့ သူရှေ့က စားဖိုမှူးသေးသေးလေးက ဒါကို ဘယ်လိုလုပ်များသိမှာလဲ...အဲ့ဒီစားဖိုမှူးလေးကလည်း ဒီသွေးကျောက် ပုစွန်ချက်ပြုတ်တဲ့ အတွေ့အကြုံမရှ်ိဘူးဆိုတာတော့ သူသေချာသိတယ်..."


သူတစ်ခေါက်ချက်ပြုတ်လိုက်သည်နှင့် ထိုသွေးကျောက်ပုစွန်က မည်မျှအော်ကျောလန်စရာကောင်းသည်ကို သိသွားပေလိမ့်မည်။လူအိုကြီးက ပုဖန်ကို ဟာသလူရွှင်တော် တစ်ယောက်လို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးရုံ ပြုံးလိုက်သည်။


သို့သော်လည်း သူပုဖန်ကို လှောင်ပြောင်ချင်ကာမူ သူသည်လည်း သွေးကျောက်ပုစွန်က်ို ချက်ပြုတ်ရန်လိုအပ်ပေသည်။ဒုတိယစိန်ခေါ်မှုက မည်သည့်အကြောင်းအရာပင်ဖြစ်ပစေ အောင်မြင်မှသာလျှင် စိတ်စွမ်းအားကို ရရှိနိုင်ပေလိမ့်မည်။


၎င်းက မသေမျိုးစားဖိုမှူးပြောသော မသေမျိုးအချက်အပြုတ်နယ်ပယ်ကို ဝင်ရောက်နိုင်ရန်လည်း အရည်အချင်းမှီသွားပေလိမ့်မည်။


လူအိုကြီးက မသေမျိုးအချက်အပြုတ်နယ်ပယ်ဆိုသည်မှာ မည်သည့် အရာမှန်း သေချာမသိသော်လည်း ပုန်းကွယ်နဂါးတိုက်ကြီးထက် ကျော်လွန်သည့် နေရာဖြစ်မည်ဟု ယုံကြည်ပေသည်။


အသန်မာဆုံးသော နတ်ဆိုးဘုရင်ပင်လျှင် မသေမျိုးအချက်အပြုတ် နယ်ပယ်မှ ခေါက်ဆွဲတစ်ပွဲကိုပင် စားချင်နေခဲ့သည်။ထိုအချက်တစ်ချက်တည်းနှင့်ပင် မသေမျိုးအချက်အပြုတ်နယ်ပယ်မတွက် တိုက်ခိုက်ရန် လုံလောက်ပေသည်။မည်သို့ပင်ဖြစ်စေ သူသွေးကျောက်ပုစွန်ကို ချက်ကို ချက်ရပေမည်။


ပုဖန်ကလည်း ကြိုးစားကြည့်ဖို့ မစောင့်နိူင်တော့ပေ။ထိုရေစည်ထဲမှ ကျောက်ပုစွန်ကြီးက တကယ်ကို ကြီးမားပေသည်။အနည်းဆုံးသော သူဖမ်းမ်ိခဲ့သောတစ်ခုထက် ပို၍ကြီးပေသည်။


ပုဖန် လူအိုကြီးဘက်သို့လှည့်ကြည့်လိုက်ရာ ထိုသူက သွေးကျောက်ပုစွန်ကို စတင်၍ ကိုင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။သွေးကျောက်ပုစွန် စားခြင်းက ကိစ္စတစ်ရပ်ဖြစ်သလ်ို ပြင်ဆင်ခြင်းကလည်း ကိစ္စကြီးတစ်ရပ်ဖြစ်ပေသည်။၎င်းပြင်ဆင်မှု အခက်အခဲကလည်း နည်းနည်းမှ နိမ့်ကျမနေပေ။


သွေးကျောက်ပုစွန်က မည်မျှပင် အဆိပ်အတောက်ဖြစ်ပါစေ သူ ချက်ပြုတ်ချင်သည်ဆိုပါက သေချာစွာ သန့်ရှင်းရပေမည်။သို့မှသာ အရသာကို ပို၍ ကောင်းမွန်စေပြီး စိတ်ချရသည့် အချက်အပြုတ်ဟင်းပွဲတစ်ခု ဖြစ်ပေလိမ့်မည်။


နဂါးဟိန်းသံ တစ်ချက်နှင့်အတူ ပုဖန်၏ လက်ထဲ၌ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။ထိုခဏမှာပင် ကြမ်းပြင်ပေါ်ထိုင်နေသော စားဖိုမှူး၏ မျက်လုံးများ ပွင့်လာပြီး ပုဖန်ကို စိတ်ဝင်တစားဖြင့် ကြည့်လာသည်။


ဖလပ် ဖလပ်...


ပုဖန်လက်ထဲမှ သွေးကျောက်ပုစွန်က လှုပ်ခါရုန်းကန်နေသည်။ဓားအလင်းတစ်ချက်လက်သွားလေ၏။သွေးကျောက်ပုစွန်၏ ခေါင်း ပြုတ်ထွက်သွားသည်။ပုဖန်ခေါင်းထဲရှိ အမှိုက်အညစ်အကြေးများကို ရှင်းလင်းလိုက်သည်။


သူ့၏ ဓားက နောက်တစ်ဖန် လှုပ်ရှားသွားပြန်ပြီး ခန္ဓာကိုယ်ထဲမှ အကြောများကို ရှင်းထုတ်လိုက်၏။ပုဖန်က ကိုင်တွယ်သန့်ရှင်းသည့် နေရာတွင် သေချာစွာ အားစိုက်ထုတ်ထားပေသည်။မည်သို့ပင်ဖြစ်စေ သူသွေးကျောက်ပုစွန်ထဲမှ အဆိပ်အတောက်များကို လုံးဝလုံးဝ သန့်စင်သွားစေချင်ပေသည်။


အကယ်၍သူသေချာစွာ မလုပ်ဆောင်လျှင် ဟင်းပွဲ၏ အနံ့အရသာကို ထ်ိခိုက်သွားပေလိမ့်မည်။ထို့အပြင် အရေးကြီးဆုံးအချက်မှာ ၎င်းက အဆိပ်အတောက်ဖြစ်သည်။


ခပ်လှမ်းလှမ်းရှိ လူအိုကြီးက သွေးကျောက်ပုစွန်ကို စတင်ချက်ပြုတ်နေပေပြီ။အပူငွေ့လေးများနှင့် မွှေးရနံ့ စတင်ထွက်ပေါ်လာသည်ကို ကြည့်၍ ပုဖန်မျက်ဝန်းများ ကျဉ်းမြောင်းသွားပေသည်။ထိုလူအိုကြီးက သွေးကျောက်ပုစွန်ကို ပေါင်းနေခြင်းဖြစ်သည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ခေါင်းအသာခါယမ်းလိုက်မိသည်။ထိုနည်းလမ်းဖြင့် သွေးကျောက်ပုစွန်၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်မည်မဟုတ်ပေ။လက်တစ်ချက်လှုပ်ယမ်းလိုက်သည်နှင့် ပါဝင်ပစ္စည်းများထွက်ပေါ်လာသေးသည်။ထိုအရာများအားလုံးကို မီးဖိုခုံပေါ်တွင် အတူတကွ တင်ထားလိုက်သည်။သူ့၏ မီးဖိုချောင်သုံးဓားက နောက်တစ်ဖန် အလင်းများထွက်ဖြာလာပြန်ပြီး ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်လိုက်လေသည်။


အားလုံးပြင်ဆင်ပြီးသွားသည်နှင့် စတင်ချက်ပြုတ်ပေတော့မည်။သူ ဒယ်အိုးကို အပူချိန်မြင့်လိုက်ပြီး ဆီလောင်းထည့်လိုက်သည်။ဆီဆူလာသည်နှင့် သူနုတ်နုတ်စင်းထားသော ပါဝင်ပစ္စည်းများအားလုံးကို ထည့်လိုက်၏။


တရှဲရှဲ မြည်သံနှင့်အတူ သူ ပေါင်းထည့်ထားသော အစပ်၏မွှေးရနံ့က အရသာခံအာရုံကို လာရောက် နှိုးဆွလေသည်။ပုဖန် ဒယ်အိုးထဲမှ ပါဝင်ပစ္စည်းများကို သေချာစွာ သမမျှတအောင် မွှေလိုက်ပြီးသည်နှင့် သိုလှောင်နယ်မြေထဲမှ ပူစပ်စပ် ငရုတ်နှစ်ကို ထုတ်ယူလိုက်သည်။


"သွေးကျောက်ပုစွန်အစပ် ချက်ဖို့ စဉ်းစားထားတယ်ဆိုမှတော့ ဒီငရုတ်နှစ်ကို ဘယ်လိုလုပ် မေ့နေလို့ရမလဲ..."


ငရုတ်နှစ် နှစ်ဇွန်းခပ်၍ ထည့်လိုက်သည်နှင့် အရသာရှိမည့်ပုံပေါ်သော သင်းပျံ့မွှေးကြိုင်သည့် သိပ်သည်းလှသော ရနံ့များ ပေါက်ကွဲထွက်ပေါ်လာလေသည်။မွှေးရနံ့များက အလွန်ပင် ကောင်းမွန်လှပြီးအရသာခံအာရုံများကို အဆက်မပြတ် နှိုးဆော်နေလေသည်။


သို့သော်လည်း ပြင်းထန်လှသော အစပ်ရနံ့က သူ့၏ နှာခေါင်းကို လာရောက်တိုက်ခိုက်ပြီး နှာချေမိလိုက်သည်။ပါဝင်ပစ္စည်းများအားလုံးကို ချက်ပြီးသည်နှင့် သူပြင်ဆင်ထားပြီးသော သွေးကျောက်ပုစွန်ကို အိုးထဲသို့ လောင်းထည့်၍ မွှေလိုက်သည်။


တရှဲရှဲဆူညံသံများ ပြန့်လွင့်နေသည်။ ထိုအချိန်အတော်အတွင်းတွင် နန်းတော်ထဲမှ ရှိသော တခြားသူများက မြေအောက်ထဲသို့ ပြန်လည်ဝင်ရောက်လာ၍ မရပေ။အသန်မာဆုံးသော နတ်ဆိုးဘုရင်က သူ့၏ စွမ်းအားအကုန်သုံး၍ ကြိုးစားနေသော်လည်း မြေအောက်သို့ ခြေချထိုင်နိုင်ခြင်းမရှိသေးပေ။


ထို့ကြောင့် သူတို့ စိတ်ပျက်လက်ပျက်ဖြင့်ထိုင်လိုက်ကြပြီး အောက်ခြေမှောင်မဲနေသော နေရာသို့သာ စိုက်ကြည့်နေကြလေသည်။ရုတ်တရက် သူတို့ နှာခေါင်းရှုံ့လိုက်မိသည်။အောက်ခြေမှ တက်လာသော မွှေးရနံ့များက သူတို့ကို လာရောက်တိုက်ခိုက်လေ၏။


"ကောင်းလိုက်တာ ဒီအနံ့လေးက အရမ်းကောင်းတာပဲ..."


အသန်မာဆုံးသော နတ်ဆိုးဘုရင် မျက်လုံးလှန်လိုက်မိသည်။နယ်သာရီ၏ မျက်လုံးများကလည်း တောက်ပသွား၏။ပုဖန်က ကောင်းသည့် အရာတစ်ခုခုချက်နေသည်ကို သူမသိပေသည်။


သူမတွင် စားသုံးရန် အခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။မြေအောက်ထဲသို့ ပြန်လည်ခြေချ၍ မရခြင်းက စားသုံးရန်အခွင့်အရေးမရှိသည်နှင့် အတူတူသာဖြစ်သည်။


ထို့ကြောင့် မြေအောက်မှ တက်လာသော မွှေးရနံ့လေးများကိုရှူရှိုက်ရင်း မက်မောမှုအပြည့်ဖြင့် နှုတ်ခမ်းများသပ်လိုက်သည်။ပုဖန်က အလွန်ပင် အရသာရှိမည့်ပုံပေါ်သော သွေးကျောက်ပုစွန်များကို ကြော်လှော်နေသည်။


သူနှင့် မလှမ်းမကမ်းတွင်ရှိနေသောလူအိုကြီးက ပုဖန် ထိုကဲ့သို့ ချက်ပြုတ်နေမည်ကို မမျှော်လင့်ထားပုံမျိုးဖြင့် ကြည့်နေလေသည်။ထိုကဲ့သို့ အရသာပြင်းပြင်းချက်ပြုတ်ခြင်းက သွေးကျောက်ပုစွန်အသားပေါ်တွင်သက်ရောက်မှုရှိသွားပေလိမ့်မည်။စားသုံးသူများက သွေးကျောက်ပုစွန်၏ မူလအရအသာကို ခံစားနိုင်လိမ့်မည်မဟုတ်တော့ပေ။


ထို့ကြောင့် လူအိုကြီး၏။မျက်ဝန်းများက သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။မွှေးရနံ့များက ပို၍သိပ်သည်းလာလေ သူပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်နေသည်။သူ နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံ ပြုံးလိုက်သည်။ထို့နောက် သူ့၏ သွေးကျောက်ပုစွန်ပေါင်းအိုးအဖုံးကို ဖွင့်လ်ိုက်၏။


အပူအငွေ့နှင့် မွှေးရနံ့များ လုံးခနဲ တက်လာသည်။ဒယ်အိုး၏ အလယ်တွင် ကြီးမားလှသောပန်းကန်ပြားထဲ၌ နီရဲနေသောသွေးကျောက်ပုစွန်ရှိနေသည်။ကျောက်ပုစွန်၏ အပြင်အခွံက အလင်းရောင်ဖျော့ဖျော့လေးပင် ထုတ်လွင့်နေလေသည်။ထို့အပြင် ထိုကျောက်ပုစွန်၏ အချိုအရည်များကလည်းပန်းကန်ပြားလေးထဲ စီးကျနေသည်။


လူအိုကြီး၏ လက်တစ်ဖက်လှုပ်ရှားလိုက်သည်နှင့် မီးဖိုချောင်သုံးဓားတစ်လက်ပေါ်လာသည်။ဓားအလင်းရောင်တစ်ချက်လက်သွားပြီး ကျောက်ပုစွန်၏ အခွံကို တြိဂံ ပုံစံ ပိုင်းဖြတ်လိုက်သည်။အခွံကွဲဟသွားသည်နှင့် အထဲမှ ကျောက်စိမ်းကဲ့သ်ို့ ဖြူဖွေးနူးညံ့လှသော အသားလေးများ ပေါ်လာလေသည်။


ထိုအသားလေးများမှ သင်းပျံ့မွှေးကြိုင်အရသာရှိလှသော ရနံ့လေးများကို ထုတ်လွင့်နေလေသည်။ခပ်လှမ်းလှမ်းရှိ ပုဖန်က ဆက်လက်၍ ကြော်လှော်နေတုန်းဖြစ်သည်။သူဒယ်အိုးကို လှုပ်ခါလိုက်တိုင်း အိုးအတွင်းမှ သွေးကျောက်ပုစွန်များက လေထဲ ပျံတက်သွားလေသည်။


ပုဖန် ဒယ်အ်ိုးကို မီးဖိုခုံပေါ်ချလိုက်ပြီးနောက် အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်အဖုံးကို ဖွင့်လိုက်ကာ ဒယ်အိုးထဲသို့ လောင်းထည့်လိုက်သည်။ထို့နောက် သူဆက်လက်၍ ဒယ်အိုးကို လှုပ်ခါကာ မွှေလိုက်သည်။တောက်ပသော အလင်းရောင်အောက်တွင် သွေးကျောက်ပုစွန်များပွက်ပွက်ဆူလာလေပြီ။ထ်ို့နောက် မွှေးရနံ့များလည်းပို၍ပို၍ သိပ်သည်းလာလေသည်။


ပုဖန်က အာရုံစူးစိုက်လိုက်ပြီးဒယ်အိုးကို ခပ်ပြင်းပြင်းလှုပ်ခါ၍ ဒယ်အိုးထဲရှိ ပါဝင်ပစ္စည်းများအားလုံးကို လေထဲ လွင့်ပျံတက်သွားစေသည်။သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက အလင်းရောင်တစ်ချက်လက်သွားပြီး ကျောက်ပုစွန်၏ ကျောကို ခွဲချလိုက်သည်။


ပိုင်းဖြတ်လိုက်သောသွေးကျောက်ပုစွန်များက ပန်းကန်ပြားထဲသို့ စီရီစွာ ပြုတ်ကျလာလေသည်။၎င်းက နီမြန်းစိုရဲနေပြီး အစပ်ရနံ့မှာ တလိမ့်လိမ့်လှ်ိုက်တက်နေသည်။


ပြီးသည်နှင့် သူအိုးထဲတွင်ရှိနေသော ကျောက်ပုစွန်ဟင်းရည်များကို အပေါ်မှနေ၍ လောင်းချလိုက်သည်။တရှဲရှဲ အသံများ မိုးထိညံသွားလေသည်။


"သွေးကျောက်ပုစွန်အစပ် ပြီးသွားပြီ..."