အပိုင်း ၈၈၅
Viewers 53k

အခန်း ၈၈၅ 

 အဆင့်တက်ခြင်း


"ပိုင်ရှင် မသေမျိုးစွမ်းအင်ကိုစုဆောင်းရရှိပါတယ် စနစ်ကမကြာခင်ထိုအစွမ်းတွေနဲ့ပေါင်းစပ်ပါမယ်..."


ပုဖန်ကခေါင်းတွင်းပဲ့တင်ထပ်လာသော စနစ်၏အသံကြောင့်မျက်မှောင်ကျုံ့လိုက်သည်။


စနစ်က မသေမျိုးစွမ်းအင်ကိုလည်းရှာဖွေနိုင်သည်လား။


တိုကင်တွင်းရှိမသေမျိုးစွမ်းအင်များအားစနစ်ကစုပ်ယူလိုက်သည်မှာသံသယရှိစရာပင်မလိုချေ။


စနစ်က မသေမျိုးစွမ်းအင်များနှင့်ပေါင်းစပ်လိုက်သည်ဆိုသည်က မည်သည့်သဘောနည်း။မသေမျိုးစွမ်းအင်များကစနစ်၏အဆင့်ကိုမြှင့်တင်ပေးမည်လား ။သို့မဟုတ်ကျင့်ကြံဆင့်ကိုတိုးမြှင့်ပေးမည်လား။


ပုဖန်ကမတ်တပ်ရပ်လျက်တွေးတောနေသည်။


ခွေးဘုရင်၏စကားများကသူ့အားချောက်ချားစေခဲ့သည်။


ခွေးဘုရင်ကထူးခြားဆန်းကျယ်သည်ဟုပုဖန်အမြဲတစေခံစားရသည်။သူက ငရဲကမ္ဘာ၏အကျဉ်းထောင်သုံးခုအားလှည့်လည်၍ခွေးဘုရင်၏နောက်ကြောင်းကိုစူးစမ်းရန်ပင်ကြံစည်ခဲ့သေးသည်။အဆုံးတွင်မူ လက်ဗလာဖြင့်အဆုံးသတ်ခဲ့ရ၏။


ခွေးဘုရင်ကနားမလည်နိုင်စရာကောင်းလောက်အောင်ထူးခြားဆန်းကျယ်ပြီးယခုတွင်လည်း ၎င်းကအချက်အပြုတ်မသေမျိုးနယ်ပယ်ကိုပင်သိနားလည်ဟန်တူသည်။


ပုဖန်အသက်ပြင်းပြင်းရှုသွင်းလိုက်မိသည်။


ခွေးဘုရင်စကားအရ ပုဖန်နှင့်မသေမျိုးချက်ပြုတ်သူများအကြားတွင် ကွာဟချက်တစ်ချို့ရှိသည်။သို့သော် ထိုကွာဟချက်မှာမည်မျှပမာဏဖြစ်သည်ကို သူမသိပေ။


အဆုံးတွင် ပုဖန်သည် မသေအမျိုးချက်ပြုတ်သူတစ်ဦးနှင့်မျှမဆုံဘူးသည် မဟုတ်ပါလား။ဤကြေးနန်းတော်တွင် ကြုံတွေ့ခဲ့ရသူမှာလည်း မသေမျိုးစွမ်းအင်များမှဖြစ်တည်လာသော ပုံတူကိုယ်ပွားတစ်ခုသာဖြစ်သည်။


ပုဖန် တရားသေယုံကြည်ချက်မရှိပေ။


သူ၏ဟင်းပွဲများကထူးကဲသာလွန်ကာ အစားကြူးတောင်ကြားရှိမည်သူ့ကိုမဆိုအနိုင်ပိုင်းနိုင်သည်။


သို့တိုင်ခွေးဘုရင်၏ ထည့်သွင်းစဉ်းစားချက်များတွင် ပုဖန်၏ လက်ရာသည် မသေမျိုးချက်ပြုတ်သူများနှင့်အလှမ်းဝေးလျက်ရှိသေးသည်။


ဤသည်ကပုဖန် ယုံကြည်ချက်မလွန်ကဲရဲသည့်အကြောင်းအရင်းဖြစ်သည်။


" မသေမျိုးစွမ်းအင်ပေါင်စပ်ခြင်းပြီးဆုံးပါပြီ

ထပ်ဆောင်းတာဝန်ကိုအချိန်ကန့်သန်ချက်မပြည့်ခင်အောင်မြင်ခဲ့ပါတယ်

ဆုလာဘ်ဇယားပြသမည်..."


စနစ်၏လေးနက်သောအသံကပုဖန်၏ဦးခေါင်းအတွင်းထပ်မံထွက်ပေါ်လာသည်။


ပုဖန်ကြောင်အသွားရ၏။


မသေမျိုးစွမ်းအင်ပေါင်းစပ်တာအောင်မြင်သွားတာနဲ့ အပိုထပ်ဆောင်းတာဝန်လည်းအောင်မြင်သွားတာလား...


ပုဖန်ကအံ့အားသင့်ကာသူ၏မျက်လုံးများအနည်းငယ်ဝိုင်းစက်သွားသည်။


ဘာသဘောလဲ...

မသေမျိုးစွမ်းအင်လို့ခေါ်တဲ့အရာက သူ့ရဲ့ကျင့်ကြံဆင့်ကိုတိုးမြှင့်ပေးနိုင်တယ်ဆိုတဲ့သဘောလား...


ယခုအချိန်ထိပုဖန်သည် သူ၏ကျင့်ကြံဆင့်သည် စားသောက်ဆိုင်တို့မှရရှိသောအကျိုးအမြတ်တို့အပေါ်မူတည်၍တိုးမြင့်နိုင်သည်ဟုသာသိရှိထားခဲ့ပြီး မသေမျိုးအဆင့်ချက်ပြုသူနယ်ပယ်ရှိ မသေမျိုးစွမ်းအင်များကလည်း ကျင့်ကြံ့ဆင့်ကိုတိုးမြှင့်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်မထားခဲ့ချေ။


အမူအယာဖြင့်ထုတ်ဖော်ပြသခြင်းမပြုသော်လည်း ပုဖန်တစ်ယောက်အမှန်တကယ်ပီတိဖြစ်လို့နေသည်။


သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာပျော်ရွှင်မှုဖြင့်မသိမသာတုန်ရီနေ၏။


သူကမျက်စိမှိတ်ကာ စိတ်ငြိမ်ရန်ကြိုးစားရင်း စနစ်ဇယားပြကွက်အားကြည့်ရှုလိုက်သည်။ 


Host: ပုဖန်


အစစ်အမှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့်: မြင့်မြတ်သောစိတ်ဝိဉာဉ်နယ်ပယ်အထွဋ်ထိပ်အဆင့်


ချက်ပြုတ်ခြင်းစွမ်းရည်: ကြယ်ခြောက်ပွင့်


ကျွမ်းကျင်မှုများ: 

အဆင့်နှစ်ဥက္ကာပျံဓားစွမ်းရည် (100/100); အဆင့်နှစ်ဒစ်ပါထွင်းထုနည်းပညာ (100/100); အဆင့်တစ်ဓားကျွမ်းကျင်မှု – ဓားချက်ဆယ့်သုံးချက်အရှင်သခင် (11/13); လျှာကဝေအခင်းအကျင်း (၂/၆)


လက်နက်များ: ရွှေနဂါးရိုးဓား ၊ မဟူရာလိပ်ခုံးဒယ်အိုး၊ ဟင်္သာပြဒါးဝတ်ရုံ (အချက်အပြုတ်နတ်ဘုရား၏စုစည်းမှု)


ချက်ပြုတ်ခြင်းနတ်ဘုရားအဆင့်သတ်မှတ်ချက်: အဆင့်မြင့်စားဖိုမှူး ( မသေမျိုးစွမ်းအင်ဖြင့်ပါင်းစပ်ခြင်းမှ အချက်အပြုတ်စွမ်းရည်နှင့် ပါရမီတို့တိုးမြင့်လာသည်။ပါဝင်ပစ္စည်းများနှင့်ချက်ပြုတ်နည်းများအားသိမြင်နားလည်မှုတစ်ဆင့်တိုးမြင့်လာကာ ပိုမိုကျယ်ပြန့်သောအချက်အပြုတ်နယ်ပယ်သို့စတင်ဝင်ရောက်လာသည်။)


စနစ်အဆင့်သတ်မျတ်ချက် : အဆင့်နှစ် ( မသေမျိုးစွမ်းအင်နှင့်ပေါင်းစပ်ခြင်းမှ အစစ်အမှန်စွမ်းအင်အချိုးပြောင်းလဲမှု၂၀၀%သို့တိုးတက်သွားသည်။)


စနစ်၏ဆုလာဘ်များ : စနစ်လယ်ယာမြေသို့ဝင်ရောက်ရန်အရည်အချင်းပြည့်မှီခြင်း၊ အချက်အပြုတ်နတ်ဘုရားအပိုင်းအစ (3/5)


ပုဖန်က စနစ်မှပြသသောဇယားကွက်အတွင်းရှိဂဏန်းများကိုဂရုတစိုက်လိုက်လံဖတ်ရှုရင်းမှ အပြောင်းအလဲများစွာကိုသတိပြုလိုက်မိသည်။


ပထမဦးစွာသူ၏ကျင့်ကြံဆက့်သည် မသေမျိုးစိတ်ဝိဉာဉ်ပထမအဆင့်မှ အထွဋ်အထိပ်အဆင့်သို့တက်လှမ်းသွားခဲ့သည်။ယခုသူသည် နတ်ဘုရားစိတ်ဝိဉာဉ်အဆင့်၏စိန်ခေါ်မှုအားအသက်သွင်းနိုင်ပြီဖြစ်သည်။


ပုဖန်ကဤစိန်ခေါ်မှုအပေါ်အာရုံရောက်လျက်ရှိသော်လည်း အသက်သွင်းရန်မရွေးချယ်ခဲ့ပေ။နတ်ဘုရားဝိဉာဉ်အဆင့်စိန်ခ်ါမှုအားရင်မဆိုင်မီ ကြိုတင်ပြင်ဆင်မှုများလိုအပ်ပေသည်။


မသေမျ ိုးဝိဉာဉ်အဆင့်စိန်ခေါ်မှုသည်ပင်အင်မတန်ခက်ခဲခဲ့သည်ဖြစ်ရာ နတ်ဘုရားဝိဉာဉ်အဆင့်သည်လည်းမလွဲဧကန်ပို၍ခက်ခဲဦးမည်သာဖြစ်သည်။


ပုဖန်က ချက်ပြုတ်ခြင်းနတ်ဘုရားအဆင့်သတ်မှတ်ချက်ပေါ်ရှိသူ၏သတ်မှတ်ချက်က အဆင့်မြင့်စားဖိုမှုးအဖြစ်ပြောင်းလဲနေကြောင်းသတိပြုလိုက်မိသည်။


အဆင့်မြင့်စားဖိုးမှူးဟူသည့်အဆင့်သတ်မှတ်ချက်ကား မသေမျိုးအဆင့်ချက်ပြုတ်သူနယ်ပယ်နှင့်ယှဉ်ပါကအဆမတန်အားနည်းနေသေးသည်ဖြစ်၏။


ပုဖန်က မျက်မှောင်ကျုံ့လိုက်သည်။သူ၏အချက်အပြုတ်ပါရမီက ဤသို့မေးခွန်းထုတ်ဖွယ်အခြေအနေတွင် ရောက်ရှိနေသည်ကိုမနှစ်သက်ပေ။


ခွေးဘုရင်၏စကားက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော်ငြား သူ၏အနိုင်ရလိုစိတ်ကိုလည်းလှုံ့ဆော်ပေးခဲ့သည်။


"စနစ် မသေမျိုးစွမ်းအင်တွေကဘာဖြစ်သွားတာလဲ မသေမျိုးအဆင့်ချက်ပြုတ်သူတွေနဲ့ပတ်သတ်ပြီးရော သိထားတဲ့အချက်အလက်တွေရှိလား..."


ပုဖန်ကစနစ်အားမေးလိုက်သည်။


ယခင်ကသူ၏ အဆင့်မှာ အလယ်အလတ်ချက်ပြုတ်သူဖြစ်၍ဤသို့သောအချက်အလက်များရယူခွင့်မရှိခဲ့ပေ။ယခုမူအဆင့်မြင့်စားဖိုမှူးအဆင့်သို့ရောက်ရှိပြီဖြစ်၍ မေးခွင့်ရသင့်သည်ဟုတွေးလိုက်မိသည်။


ပုဖန်၏မျက်လုံးများကမျှော်လင့်ချက်ရောက်ခြည်တို့ကွန့်မြူးကာအဖြေကို စောင့်ဆိုင်းနေသည်။


ခေတ္တမျှကြာသောအခါ စနစ်ကဖြေကြားလာခဲ့သည်။


" မသေမျိုးစွမ်းအင်ဆိုတာ အဆင့်မြင့်တဲ့စိတ်စွမ်းအင်တစ်မျိုးပြီး စာဖိုးမှူးတစ်ယောက်အသုံးပြုပါက ချက်ပြုတ်မှုစွမ်းရည်နှင့်ရသာကွပ်ကဲမှုကိုတိုးတက်စေလိမ့်မယ် ဟင်းပွဲကိုလည်းနှစ်တစ်ထောင်အ

ထိသိမ်းဆည်းထားနိုင်လိမ့်မယ်..."


ပုဖန်တုန်လှုပ်သွားသည်။


ထိုသို့ဆိုပါက ယန်ချွန်၏ခေါက်ဆွဲပန်းကန်နှစ်တစ်ထောင်အထိကြာရှည်ခံရခြင်းအကြောင်းမှာ မသေမျိုးစွမ်းအင်ဖြစ်သည်ပေလား။


အစားကြူးတောင်ကြား၏ရှေးဦးတောင်ကြားသခင်နှင့် နတ်ဆိုးဘုရင်တို့ရှာဖွေတွေ့ရှိခဲ့သော စေတသိတ်စွမ်းအင်ဆိုသည်ကမသေမျိုးစွမ်းအင်ဖြစ်သည်လော။


မသေမျိုးစွမ်းအင်အပိုင်းအစမျှကဤမျှလုပ်ဆောင်နိုင်ပါသည်လော။


မသေမျိုးစွမ်းအင်ကိုမည်သို့ရှာဖွေရမည်နည်း။


" မသေမျိုးစွမ်းအင်ကိုစုဆောင်းချင်ရင် မသေမျိုးအဆင့်ချက်ပြုတ်သူလောကကိုသွားပါ ထိုလောကက ကြယ်ပင်လယ်ထဲကအဆင့်မြင့်ဂြိုလ်တစ်လုံးဖြစ်တယ် အဲဒီမှာမသေမျိုးစွမ်းအင်ကိုရရှိနိုင်တယ်..."


စနစ်၏လေးနက်သောအသံထွက်ပေါ်လာသည်။


"မသေမျိုးချက်ပြုတ်သူလောကကို ငါဘယ်လိုဝင်ရမလဲ..."


ပုဖန်ကမေးသည်။


" မသေမျိုးအဆင့်ချက်ပြုတ်သူလောကရဲ့ ဂိတ်တံခါးတွေဖွင့်လှစ်ချိန်အထီစောင့်ရပါလိမ့်မယ် စစ်ဆေးချက်အရ ဂိတ်တံခါးတွေဖွင့်ဖို့အချိန်သုံးနှစ်လိုပါသေးတယ်..."


"သုံးနှစ် အချိန်လောက်တာပဲ..."


ပုဖန်ကခေါင်းငြိမ့်လိုက်သည်။


" စနစ်သတ်မှတ်ချက် : သင်က မသေမျိုးအဆင့်ချက်ပြုတ်သူလောကကိုသွားဖို့ဆိုရင် အချက်အပြုတ်ပါရမီက ကြယ်ခုနစ်ပွင့်ရှိနေဖို့လိုအပ်ပါတယ်..."


အချက်အပြုတ်ပါရမီကြယ်ခုနစ်ပွင့်ရှိရမယ်တဲ့လား...


ပုဖန်ဆွံ့အသွားမိသည်။စနစ်ဇယားကွက်ပေါ်ရှိသူ၏အဆင့်မှာ ကြယ်ခြောက်ပွင့်သာရှိသည်။


မသေမျိုးအဆင့်ချက်ပြုတ်သူလောကသို့ဝင်ရောက်ဖို့အဆင့်မှီရန် ကြယ်ခုနှစ်ပွင့်ရှိရန်လိုအပ်သည်။ဆိုလိုသည်က နောင်လာမည့်သုံးနှစ်အတွင်းကြယ်တစ်ပွင့်တိုးလာရန်လိုအပ်ပေသည်။


ပုဖန်ကသက်ပြင်းချကာ အားမွေးလိုက်သည်။


မသေမျိုးအဆင့်ချက်ပြုတ်သူလောကဆိုလျင်ရော ဘာဖြစ်သေးလဲ။သူသည် ဤလောကအစာကွင်းဆက်၏ထိပ်ဆုံးမှာရပ်တည်သော အချက်အပြုတ်နတ်ဘုရားတစ်ဦးဖြစ်ရန် ရည်ရွယ်ချက်ထားသူဖြစ်သည်။ဤမသေမျိုးအဆင့်ချက်ပြုတ်သူနယ်ပယ်လောက်မျှကို ခြွေမွအနိုင်ယူပစ်ရမည်မဟုတ်ပါလား။


ပုဖန်က ကြီးကြီးကျယ်ကျယ်ခံစားလိုက်ရလေသည်။


ခွေးဘုရင်က ပုဖန်ကို လှည့်ကြည့်လိုက်သောအခါ လူငယ်လေး၏ စိတ်စွမ်းအင်များဖြည်းညင်းစွာ မြင့်တက်နေသည်ကိုသတိပြုလိုက်မိသည်။


ကြေးနန်းတော်ကတုန်ခါလာကာ လေထုတွင်းရှိဝိဉာဉ်စွမ်းအင်များက ပုဖန်ထံတရှိန်ထိုးစီးဝင်နေကြသည်။


ဧရာမလေဝဲတစ်ခုကပုဖန်၏ ခေါင်းထက်အသံကျယ်လောင်စွာ လှည့်ပတ်နေကာ လေထုသည်ပင် ထိုဖိအားကိုခုခံနိုင်စွမ်းလျော့နည်းလာသည်။


မည်သို့ပင်ဖြစ်စေ ပုဖန်ကတည်ငြိမ်စွာရပ်နေဆဲဖြစ်သည်။သူ့ထံသို့တဟုန်ထိုးဝင်လာနေသောဝိဉာဉ်စွမ်းအားများက သူ၏ကျင့်ကြံဆင့်အား အရှိန်အဟုန်ဖြင့်ပံ့ပိုးနေသည်ကိုခံစားနေရသည်။


သူ၏စိတ်တွင်း၌ မြင့်မြတ်သောပလ္လင်နှင့်အတူ ကျောက်စိမ်းကဲ့သို့လှေကားထစ်များအားမြင်တွေ့လိုက်ရသည်။


ငရဲဘုရင်အာဟကပုဖန်ထံသို့စိုက်ကြည့်လိုက်သည်။


သူကအဆင့်ချိုးဖြတ်တော့မှာလား...


"ကောင်းပြီ ဒီကြေးနန်းတော်ကတောင်ပိုင်းနယ်မြေတစ်ခုလုံးရဲ့ဝိဉာဉ်စွမ်းအားတွေစုရုံးနေတော့ သုအဆင့်ချိုးဖျက်ဖို့လုံလောက်နိုင်ပါတယ်..."  


အာဟကပြောလိုက်သည်။


ခွေးဘုရင်ကပျင်းပျင်းရိရိသမ်းဝေကာကြမ်းပေါ်သို့လှဲချလိုက်လေသည်။


"ဒီကလေးရဲ့ ခရီးကခုမှစမှာ သူမသေမျိုးအဆင့်ချက်ပြုတ်သူလောကကိုဝင်ရောက်လိုက်တာနဲ့ သူ့စွမ်းရည်ကိုခြိမ်းခြောက်နိုင်မယ့်သူတွေကိုရင်ဆိုင်ရတော့မယ်..."


ငရဲဘုရင်က ထိုစကားကိုကြားသောအခါခွေးဘုရင်အားမျက်စောင်းထိုးသည်။


"ခွေးဝဲစားပြောနေပုံက မင်းအဲဒီကိုရောက်ဖူးတဲ့အတိုင်းပဲ..."


ခွေးဘုရင်က သူ၏လက်ဖဝါးကိုသုံး၍အမွှေးများအား အသာအယာသပ်ချနေရင်းပြောသည်။


" မင်းပြောတာမှန်တယ် ငါအဲဒီနေရာကိုခဏလောက် ဖြတ်လျှောက်ဖူးတယ်ဆိုပါတော့..."


ငရဲဘုရင်အာဟကအံ့သြသွားသည့်တိုင် သူ့စိတ်သူချုပ်တည်းလိုက်ပေသည်။ဤခွေးဝကြီး၏နောက်ခံမှာပုံမှန်မဟုတ်ကြောင်းအတပ်သိပြီးဖြစ်၍ မသေမျိုးအဆင့်ချက်ပြုတ်သူလောကသို့ရောက်ဖူးသည်မှာအထူးတလည် အံ့သြပေးသင့်သောကိစ္စမဟုတ်ပေ။


ငရဲဘုရင်အာဟကအနည်းငယ်ဆူပုပ်ပုပ်ဖြစ်သွားသည်။


မသေမျိုးအဆင့်ချက်ပြုတ်လောကဟူသည်မှာ ထိပ်တန်းစားဖိုမှူးများစုဝေးနေသောအရပ်ဖြစ်ပြီး မုချအစားကောင်းအသောက်ကောင်းများလည်းပေါများပေလိမ့်မည်။


သူလည်း တစ်ခေါက်မျှသွားနိုင်ခဲ့လျင်ကောင်းမည်။ထိုနေရာ၌ အစပ်ချောင်းတစ်ပြုံကြီးရရှိနိုင်သည်မဟုတ်ပါလား။


အချိန်အတော်တန် ကြာညောင်းသောအခါ ဝရုန်းသုန်းကားရစ်ဝဲနေသော ဝိဉာဉ်စွမ်းအားများလည်းတည်ငြိမ်သွားတော့သည်။


ပုဖန် မျက်လုံးများကို ဖြည်းငြင်းစွာဖွင့်လှစ်လိုက်ပြီး ထိုမျက်လုံးအစုံအတွင်းမှကိစ္စရပ်များစွာရှင်းလင်းဖယ်ရှားခံခဲ့ရသည့်အလားပင်။


ပုဖန်က နတ်ဘုရားဝိဉာဉ်နယ်ပယ်စိန်ခေါ်မှုအားအသက်မသွင်းရသေးသည့်အတွက်နတ်ဘုရားမီးတောက်ထွန်းညှိခြင်းမရှိခဲ့ပေ။


လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းလုံးကြီးက ရိုက်ခတ်ပြန့်ကျဲသွားသည်။


မြေအောက်ဝင်ပေါက်ကိုဖုံးကွယ်ထားသည့်ချိပ်စည်းမှာပျောက်ကွယ်လို့သွား၏။


အဝင်ဝပတ်လည်တွင်ထိုင်နေကြသောလူအချို့ကမျက်လုံးများပြူးကျယ်သွားကြသည်။


အမှောင်ရိပ်အတွင်းမှလူနှစ်ဦးလျှောက်လှမ်းထွက်လာသည်။


" နောက်ဆုံးတော့မင်းထွက်လာပြီပေါ့ခွေးကောင်လေး ငါ့အခွင့်အလမ်းကိုပြန်လျော်ပေးစမ်း..."


လူအိုကြီးက သူရူးတစ်ယောက်ကဲ့သို့ပုဖန်ထံအော်ဟစ်ကာ ပြေးဝင်လာလေသည်။


မီးဖိုချောင်အတွင်းမှ ဖယ်ထုတ်ခံလိုက်ရပြီးသည့်နောက်တွင်လူအိုကြီးမှာ စိုးရိမ်ပူပန်လျက် ဆောက်တည်ရာမရဖြစ်လာသည်။သူ၏စေတသိတ်စွမ်းအား...သူ၏အခွင့်အလမ်း...


အရာအားလုံးကိုဆုံးရှုံးလိုက်ရသည်။မည်သည်ကမှသူ့အတွက်မဟုတ်ခဲ့ချေ။


ဤသို့ရိုက်ခတ်မှုမျိုးကိုသူရပ်တည်နိုင်စွမ်းမရှိခဲ့ချေ။


ပုဖန်က ပြေးဝင်လာသောလူအိုကြီးအား မျက်ခုံးပင့်လျက်အသက်မပါစွာကြည့်ရှုလိုက်သည်။


ငရဲဘုရင်အာဟကသူ၏လက်ကိုမြှောက်လျက်လူအိုကြီးအားလက်ညိုးတစ်ချောင်းဖြင့်ဝှေ့ယမ်းလိုက်သည်။


ကျယ်လောင်သော 

အက်ကွဲသံတစ်သံထွက်ပေါ်လာသည်။


လူအိုကြီးကလေထဲသို့လွင့်ထွက်သွားကာ ပုဖန်နှင့်ဝေးရာ၌ပြုတ်ကျသွားချေသည်။


ကျောက်ခရမ်းအကြီးအကဲက ငရဲဘုရင်အာဟကိုမြင်သောအခါ အငြိုးတရားတို့အုံကြွလာပြန်သော်လည်း သူ၏ဒေါသများကိုပေါက်ကွဲပစ်လိုက်နိုင်စွမ်းမရှိခဲ့ချေ။


ဒီခွေးကောင်လည်းဒီရောက်နေတာကိုး...


သူကသူ၏သမီးဖြစ်သူဇီယွင်အဘယ်ကြောင့်ဤနေရာတွင်ရောက်ရှိနေရသနည်းဟူသောအကြောင်းအရင်းကိုစူးစမ်းနေခဲ့သည်။အကြောင်းမှာ ထိုလူငယ်နှင့်ဆက်စပ်နေသည်ပေ။


သူ၏သမီးဖြစ်သူ ငရဲကမ္ဘာသတ္တဝါတစ်ကောင်ဆီမှပြုစားခံလိုက်ရသည်ကိုတွေးမိသောအခါ ကျောက်ခရမ်းအကြီးအကဲ၏တစ်ကိုယ်လုံးအေးစက်သွားရသည်။


ဘုန်း ဘုန်း


ကြီးမားသောလက်သီးဆုပ်နှစ်ခုကမြေပြင်သို့ထိုးနှက်လာသည်။


ရုတ်ချည်းဆိုသလို အသန်မာဆုံးနတ်ဆိုးဘုရင်ကမြေပြင်ပေါ်မှကုန်းထလာကာ ပုဖန်အားစိုက်ကြည့်လိုက်သည်။


" မင်းလူသားကောင် ငါ့ရဲ့အခွင့်အလမ်းကိုခိုးယူပြီးစေတသိတ်စွမ်းအားတွေယူလိုက်ပြီလား..."


နတ်ဆိုးဘုရင်၏ဒေါသတကြီးအသံက မိုးချုန်းသံအလားတုန်ဟီးနေသည်။


" မယူဘူး ဒီနေရာမှာဘာ စေတသိတ်စွမ်းအင်မှမရှိဘူး..."


ပုဖန်ကမာရေကြောရေဖြင့်ပြန်လည်ဖြေကြားလိုက်သည်။


ဤသည်ကအမှန်တရားဖြစ်သည်။အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် အစားကြူးတောင်ကြားသခင်တို့သည်ဒဏ္ဍာရီများ၏လှည့်စားခြင်းကိုခံခဲ့ရ၏။


ကြေးနန်းတော်အတွင်းရှိ မသေမျိုးစွမ်းအင်မှာ နည်းပါးလွန်းလှပြီးစေတသိတ်စွမ်းအင်ဟုခေါ်ဆိုရန်မလုံလောက်ချေ။


ထို့ကြောင့်ကြေးနန်းတော်အတွင်း စေတသိတ်စွမ်းအင်ကိုရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပေ။


ရိုးရှင်းစွာပြောရပါလျင် နတ်ဆိုးဘုရင်နှင့်အစားကြူးတောင်ကြားသခင်တို့မှာအရူးလုပ်ခဲ့ခဲ့ကြရခြင်းသာဖြစ်သည်။


" မရှိဘူးတဲ့လား ငါမယုံဘူးကွ..."


အသန်မာဆုံးနတ်ဆိုးဘုရင်ကပုဖန်အားစူးစူးရဲရဲစိုက်ကြည့်ကာဟိန်းဟောက်လိုက်သည်။


လူသားတစ်ယောက်သာဖြစ်သော ပုဖန်ကို နတ်ဆိုးဘုရင်က မျက်လုံးထဲပင်မထည့်ပေ။သို့သော် ...


ပုဖန်နံဘေးရှိ ခွေးဘုရင်နှင့် ငရဲဘုရင်အာဟတို့အားကြည့်လိုက်၏။


၎င်းတို့နှစ်ဦးအား သူမလွဲဧကန်သိပေသည်။


နတ်ဆိုးဘုရင်၏မျက်လုံးအစုံထက်ကြောက်ရွံ့မှုတို့ယှက်သန်းသွားသည်။


ထိုလူနှင့်ခွေးက အဘယ်ကြောင့်ဤနေရာတွင်ပေါ်လာရပါသနည်း။


ပုဖန်ကလက်ပိုက်လျက် အသန်မာဆုံးသောနတ်ဆိုးဘုရင်ဆိုသူအား အမူအယာမဲ့စိုက်ကြည့်နေ၏။


နတ်ဆိုးဘုရင်က ပုဖန်ကိုမကျေမနပ်စိုက်ကြည့်နေခဲ့သည့်တိုင် ခဏအကြာတွင်သူ၏လေသံကိုနိမ့်ချလိုက်ပြီး ခပ်တိုးတိုးကြိမ်းဝါးသွားလေသည်။


"ငါနှစ်တစ်သောင်းတောင် စောင့်နေခဲ့ရတာဒီအတိုင်းလက်လျော့လိုက်မှာမဟုတ်ဘူး ..."


 နတ်ဆိုးဘုရင်ကနှာမှုတ်လိုက်ကာ ကြေးနန်းတော်အတွင်းမှ လျှောက်ထွက်သွားသည်။ထို့နောက်ပေါက်ကွဲမှုဖြစ်စဉ်ကြီးတစ်ခုနှင့်အတူပျောက်ကွယ်သွား၏။


ပုဖန်ကသက်ပြင်းချလိုက်သော်လည်းသူ၏မျက်နှာကခံစားချက်ကင်းမဲ့နေဆဲဖြစ်သည်။


ပုဖန်က ကြေးနန်းတော်ကြီးအားတစ်ခေါက်မျှကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သူ၏အပေါင်းအပါများနှင့်ထွက်ခွာလာခဲ့တော့၏။


...


မြွေလူသားမြို့တော်....


မြွေလူသားအုပ်စုကြီးမှာ တအံ့တသြဖြင့်ခေါင်းမော့ကာကောင်းကင်သို့ကြည့်ရှုနေကြသည်။


အကြောင်းမှာ ၎င်းတို့၏မြို့ကြီးအား စီးဆင်းနေသောရေနှင့်အလားတူသည့် ကြယ်စင်အစုအဝေးကြီးက အိပ်မက်ဆန်ဆန် ဖုံးလွှမ်းထားသည့်အတွက်ဖြစ်သည်။


မြွေလူသားများသည် ကြယ်စင်တန်းကြီးဆီမှဖမ်းစားခြင်းခံလိုက်ရကာရင်သပ်ရှုမောစွာငေးကြည့်နေကြလေသည်။


ကြယ်စင်တန်းများ၏ အရင်းမြစ်လားရာမှာ လေထုအလယ်၌ရပ်တည်နေသောပုံရိပ်တစ်ခုထံမှဖြစ်၏။


သူမ၏နက်မှောင်သောဆံနွယ်များကလေ၌ဝေ့ဝဲနေသည်။


သူမ၌နဖူးလယ်မှ အလင်းစက်တစ်ခုဖြစ်ပေါ်လာပြီး ၎င်းကပေါက်ကွဲထွက်သွားကာ ကြယ်စင်အလင်းတန်းများက ကောင်းကင်ဆီသို့တဟုန်ထိုးဆန်တက်သွားလေသည်။မကြာမီ ကောင်းကင်နှင့်ကမ္ဘာမြေအကြားဆက်နွှယ်ထားသောအလင်းတန်းတစ်ခုဖြစ်တည်လာသည်ပေ။


ဘုန်း ဘုန်းး


...


စိတ်ဝိဉာဉ်ပုံရိပ်ယောင်နွံ...


ဧရာမပုံရိပ်တစ်ခုပေါ်ထွက်လာပြီး ငရဲစွမ်းအင်များပေါက်ကွဲထွက်နေသည်။


၎င်းပုံရိပ်သည်လေထုအလယ်၌ပျံဝဲနေပြီး လက်နှစ်ဖက်အားဆန့်တန်းလျက် အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ သူ၏မျက်လုံးများအတွင်း၌စိတ်ကြီးဝင်မှုများထင်ဟပ်နေသည်။


" ငါ အသန်မာဆုံးနတ်ဆိုးဘုရင် ပြန်လာပြီကွ..."