အပိုင်း ၈၈၆
Viewers 53k

အခန်း ၈၈၆ 

နတ်ဆိုးဘုရင်၏လက်ချောင်း


ကြောက်မက်ဖွယ်ရယ်မောသံကြီးက တောင်ပိုင်းနယ်မြေတစ်ခုလုံးသို့ပျံ့နှံ့သွားသည်။


လူတိုင်းကကြောက်ရွံ့သွားကြပြီး ကောင်းကင်သို့အထိတ်တလန့်မော့ကြည့်လိုက်ကြသည်။


ကောင်းကင်မှာ မျက်စိဖြင့်မြင်နိုင်လောက်သောအရှိန်ဖြင့် တစ်စထက်တစ်စမှောင်မဲလာနေပြီး တစ်လောကလုံးအားအမှောင်ထုအတွင်းကျရောက်သွားစေသည်မှာ ကမ္ဘာပျက်ကိန်းတစ်ခုနီးကပ်လာသကဲ့သို့ပင်။


ရူးသွပ်စွာရယ်မောနေသံကြီးက ကောင်းကင်ယံထက်ပဲ့တင်ထပ်နေ၏။


ပုံရိပ်ယောင်စိတ်ဝိဉာဉ်နွံ၏ အထက်၌ လူ့ဘီလူးကြီးတစ်ကောင်က ဝံ့ကြွားစွာပျံဝဲနေကာ သူ၏ကိုယ်ပေါ်ရှိကြွက်သားအဖုအထစ်များကဖောင်းကြွလာပြီး ကြောက်ခမန်းလိလိရောင်ဝါများကို ထုတ်လွှတ်နေသည်။


သူ၏ကြေးခေါင်းလောင်းကဲ့သို့မျက်လုံးများက စူးရဲနေသည်မှာတစ်လောကလုံးအားဖောက်ထွင်းကြည့်မြင်လိုသည့်အတိုင်းပင်။


အသန်မာဆုံးသောနတ်ဆိုးဘုရင်သည် တောင်ပိုင်းဒေသအောက်၌ဖမ်းဆီးချုပ်နှောင်ခံထားခဲ့ရသည်မှာ နှစ်တစ်သောင်းမျှပင်ကြာမြင့်ခဲ့ပြီဖြစ်ပြီး နောက်ဆုံးတွင်အချုပ်အနှောင်များမှလွတ်မြောက်၍ မြေပေါ်သို့တစ်ဖန်ခြေချနိုင်ခဲ့ပြီဖြစ်သည်။


ကံမကောင်းသည်တစ်ခုက သူကြာမြင့်စွာစောင့်စားခဲ့ရသော စေတသိတ်စွမ်းအားများကိုလက်ဝယ်ရယူရန်အစီအစဉ်ကို ရပ်ဆိုင်းထားရ၏။


ထိုအရာကိုရရှိပါက အကျိုးဆက်မှာသူ့အတွက်အလွန်ကိုမှကောင်းမွန်လိမ့်မည်ဖြစ်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ကာ မျက်လုံးအစုံကိုမှိတ်ချလိုက်သည်။


ထို့နောက်ရုတ်ချည်းဆိုသလိုသူ၏မျက်လုံးအစုံကိုဖွင့်လှစ်ကာ အဝေးတစ်နေရာရှိ ကြယ်စင်အလင်းတန်းများဖြစ်ပေါ်နေသောအရပ်သို့စူးစိုက်ကြည့်လိုက်လေသည်။


ထိုအလင်းတန်းက ကြယ်ရောင်ကြယ်ဝါများဖြင့်တစ်လက်လက်လင်းထိန်တောက်ပကွန့်မြူးလျက်ရှိသည်။


" ကြယ်တာရာဖမ်းကွန်ရက်လား... ပုန်းကွယ်နဂါးတိုက်မှာကြယ်တာရာဖမ်းကွန်ရက်တဲ့လား..."


နတ်ဆိုးဘုရင်က ရှေ့သို့မတိုးခင်မျက်မှောင်တစ်ချက်ကျုံ့လိုက်သည်။ထို့နောက်သူ၏ခန္ဓာကိုယ်က မြွေလူသားမြို့တော်အထက်ကောင်းကင်ပေါ်သို့ရောက်ရှိလာသည်။


ဘုန်းဘုန်းး


မြွေလူသားတို့ကလည်း တစ်ဖန်မော့ကြည့်လာကြပြီး၎င်းတို့မျက်နှာများထက်ကြောက်လန့်မှုတို့ထင်ဟပ်နေသည်။


နတ်ဆိုးဘုရင်ထုတ်လွတ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါများက မြွေလူသားတို့အား ပျက်ကိန်းတစ်ခုခုနှင့်ရင်ဆိုင်နေရသကဲ့သို့ခံစားချက်မျိုးပေးစွမ်းနေသည်။


နီယန်က လေထုအလယ်တွင်ပျံဝဲနေပြီး သူမ၏အံ့မခန်းလှပသောသွင်ပြင်မှာ ကြယ်ရောင်စဉ်တန်းများဖြင့်လွှမ်းခြုံထားခြင်းခံရသည်။


မြွေလူသားမြို့တော်တစ်ခုလုံးက ဤကြယ်ရောင်စဉ်တန်းများဖြင့်ဖုံးအုပ်ခြင်းခံထားရ၏။


မြွေလူသားတို့၏အကြည့်များက ဝေဝါးသွားကာ သူတို့၏လက်များကိုမြှောက်လျက်လေထုထဲသို့ထိတွေ့ကြည့်ကြသည်။၎င်းမှာ သူတို့၏လက်များကကြယ်စင်မြစ်ကြီးကိုထိတွေ့နေရသကဲ့သို့ပင်။


နီယန်၏နဖူးလယ်မှအလင်းစက်က ပိုမိုတောက်ပလာပြီး ကြယ်ရောင်စဉ်တန်းများကိုအထိန်းအကွပ်မဲ့ထုတ်လွှတ်နေသည်။သူမ၏ စိတ်ဝိဉာဉ်ပင်လယ်က တဟုန်ထိုးလှုပ်ခတ်နေသည်။


ကြယ်တာရာဖမ်းကွန်ရက်က နီယန်၏စိတ်ဝိဉာဉ်နှင့်လျင်မြန်စွာပေါင်းစပ်နေ၏။ထိုသို့ပေါင်းစပ်သွားပါကဖြစ်ပေါ်လာနိုင်ချေရှိသောရလာဒ်နှစ်မျိုးရှိသည်။


ပထမတစ်ခုမှာ ကြယ်တာယာဖမ်းကွန်ရက်ကနီယန်အားဝါးမြိုသွားမည်။ဒုတိယတစ်ခုမှာ ကြယ်တာရာဖမ်းကွန်ယက်ကနီယန်အားပြောင်းလဲလိုက်မည်ဖြစ်သည်။သူမကပျော်ရွှင်ခြင်းကိုဖြစ်စေ ဝမ်းနည်းခြင်းကိုဖြစ်စေခံစားရတော့မည်မဟုတ်သည့်အပြင် ခံစားမှုခုနစ်ခုနှင့် အလိုဆန္ဒခြောက်ပါးတို့ကင်းစင်သွားမည်ဖြစ်ချေသည်။


 ကောင်းကင်ဘုံကအညှာအတာမဲ့သည်မဟုတ်ပါလား။


ကြယ်တာရာဖမ်းကွန်ရက်သည် ကောင်းကင်ဘုံလမ်းစဉ်နှင့်ဆက်နွယ်သောအမွေအနှစ်ဖြစ်သည့်အလျောက် ၎င်း၏သဘောသဘာဝမှာအကြင်နာမဲ့ပေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က မြွေလူသားမြို့တော်ထက်ပျံဝဲနေကာ သူ၏ခန္ဓာကိုယ်မှာလည်းကြီးမားသထက်ကြီးမားလာနေကာ လူ့ဘီလူးကြီးတစ်ကောင် အဖြစ်ပြောင်းလဲလာသည်။


သူ၏ပုံရိပ်သည် မြွေလူသားမြို့တော်တစ်ခုလုံးအားဖုံးကွယ်ထားလုမတတ်ဖြစ်နေသည်။


မြွေလူသားများက အကြောက်ကြောက်အလန့်လန့်ဖြင့်ကောင်းကင်ကိုတုန်ရီစွာမော့ကြည့်နေရကြရ၏။


ဘယ်လိုမကောင်းဆိုးဝါးမျိုးကဒီလောက်ကြီးရတာလဲ...


"ဒီနေရာမှာလာပြီး ကြယ်တာရာဖမ်းကွန်ရက်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတာလား အတော်အတင့်ရဲတဲ့လူသားပဲ ငါဖြည့်ဆည်းပေးရမှာပေါ့..."


အသန်မာဆုံးနတ်ဆိုးဘုရင်ကပြောလိုက်သည်။


သူ၏အသံမှာကောင်းကင်တစ်လျှောက်တုန်ဟီးသွားပြီး လူတိုင်းကထိုစကားတို့ကိုကြားလိုက်ရသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်ကသူ၏လက်ချောင်းတစ်ချောင်းဖြင့် မြွေလူသားမြို့တော်အပေါ်သို့ဖိချလိုက်သည်။


ဘုန်းး


မြွေလူသားများက သူတို့မြို့ပေါ်သို့ကျရောက်လာနေသောဧရာမလက်ညိုးကြိးကြောင့်အလွန်အမင်းကြောက်လန့်နေကြကာ မည်သို့တုံ့ပြန်ရမည်ပင်မသိတော့ချေ။


သို့သော်လည်း နတ်ဆိုးဘုရင်၏ဧရာမလက်ညိုးကြီးကလျင်မြန်စွာဖြင့်မူလအရွယ်အစားသို့လျော့ကျကာ အောက်သို့ဆက်လက်နိမ့်ဆင်းလာသည်။


မကြာမီတွင်ပဲ ထိုလက်ညိုးသည်လေထုအလယ်ရှိ နီယန်၏နဖူးအလယ်သို့ထိတွေ့လာ၏။


နီယန်၏ခန္ဓာကိုယ်က တုန်ခါသွားပြီး သူမထံမှစီးဆင်းနေသောစွမ်းအင်များအားလုံးပြန့်ကျဲပြိုကွဲကုန်လေသည်။


နီယန်ကမျက်မှောင်ကျုံ့သွားကာ ညည်းညူလိုက်ပြီး သူမနှုတ်ခမ်းထောင့်မှသွေးများယိုစီးကျလာ၏။


သူမကသူမအိပ်ယာပေါ်သို့အားနည်းစွာလဲပြိုကျသွား၏။


မြွေလူသားအစေခံအမျိုးသမီးခဗျာကြမ်းပြင်ထက်တွင်တုန်ရီနေပြီး တစ်လက်မမျှပင်မလှုပ်ရှားရဲချေ။


ထိုစဉ်မြို့တော်ထဲရှိမြွေလူသားများသည် အသက်ပင်ရဲရဲမရှုဝံ့ကြဘဲ ကောင်းကင်ယံတွင်ပဲ့တင်ထပ်နေသောရယ်သံကြီးပျောက်ကွယ်သွားချိန်မှာ မိမိကိုယ်ကိုယ်အားတငါး၍မတ်မတ်ရပ်နိုင်ရန်ကြိုးစားလိုကြရချေသည်။


...


ဝှစ် ဝှစ် ဝှစ်


မိုင်းတွင်း၏အမှောင်ထဲမှ ပုံရိပ်များထွက်ပေါ်လာကြသည်။


အဝင်ဝတွင်စောင့်ကြပ်နေကြသောကျင့်ကြံသူများနိုးနိုးကြားကြားဖြစ်သွားကြသည်။


အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများနှင့် နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူများက ထွက်လာသောပုံရိပ်များကိုဝန်းရံလိုက်ကြသည်။


နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်စု၏ခေါင်းဆောင်ကအဖွဲ့နောက်တွင်တုန်ရီနေပြီး ကျင့်ကြံသူများ၏အမူအယာများလည်းပြောင်းလဲသွားကြသည်။


ထွက်လာသောအုပ်စုအားဦးဆောင်လာသူမှာ ယခုနကဖြတ်ကျော်သွားခဲ့သောလူသားဖြစ်နေသည်။


မသေသေးဘူးလားဟဒီလူ...


ဝင်ပေါက်ကိုစောက့်ကြပ်နေကြသည့်အချို့သော နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူများက၎င်းအားတွေ့သည်နှင့်အော်ဟစ်လိုက်ကြသည်။သို့သော်ထိုသိူ့ အငြိုးတရားကိုပြသသောအမူအရာပြသလိုက်သည်နှင့် ကျင့်ကြံသူအုပ်စု၏ခေါင်းဆောင်ကထိုကျင့်ကြံသူတို့အားနောက်သို့ရိုက်ထုတ်လိုက်သည်။


သူတို့ကဘယ်သူ့ကိုသွားခြိမ်းခြောက်ချင်နေတာတုန်း...


သူတို့ခေါင်းဆောင်အနောက်မှာတုန်လှုပ်နေတာမမြင်ဘူးလား...


သူတို့ကထိုလူသားကိုယှဉ်နိုင်လိမ့်မည်ဟုများထင်နေကြလေသလား။ထိုလူသားသည် အသန်မာဆုံးနတ်ဆိုးဘုရင်၏အခွင့်အလမ်းကိုပင် လုယူရဲသူဖြစ်သည်။သူတို့အနေဖြင့် ထိုကဲ့သို့သောပုဂ္ဂိုလ်အပေါ်အငြိုးအတေးထားခြင်းကဲ့သို့အတင့်ရဲမှုမျိုးမရှိသင့်ပေ။


နတ်ဘုရားအာကသအဆင့်ကျင့်ကြံသူခုနစ်ဦးအားသတ်ခဲ့သော ပုဖန်ကိုမဆိုထားနှင့် ခရမ်းရောင်ဆံပင်ရှိသော ကျောက်ခရမ်းအကြီးအကဲဟူသည့်ပုဂ္ဂိုလ်သည်လည်း သူတို့၏အဆင့်အတန်းဖြင့်ထိပါးခွင့်မရှိသူဖြစ်သည်။


အဏ္ဏဝါမျိုးစိတ်များအနေဖြင့်လည်း ထိုလူသား၏ပခုံးပေါ်၌မည်သည့်အရာလဲလျောင်းနေသည်ကိုမမြင်ကြပေသည်လော။


၎င်းသည်ပင် ထိုလူသားအားမလေးမခန့်မလုပ်ချေ။


ပုဖန်မိုင်းအတွင်းမှထွက်လာသောအခါသူ၏ပတ်ပတ်လည်၌ သတ္တဝါပေါင်းစုံဝန်းရံနေသည်ကိုတွေ့ရှိလိုက်ရသည်။ထိုအချင်းအရာကသူ၏မျက်လုံးအစုံကိုကျဉ်းမြောင်းသွားစေ၏။


ပုဖန်အနောက်ဘက်ရှိ အောင်းပိုင်၏မျက်နှာမှာဖြူဖျော့သွားရပြီး ပုဖန်အားအခက်တွေ့အောင်မလုပ်ကြရန် သူ၏မျိုးနွယ်စုထံသို့ဝိဉာဉ်စွမ်းအင်ဖြင့်ဆက်သွယ်ပြောကြားလိုက်ရသည်။


ထိုလူသားကိုလျော့တွက်၍မရချေ။သူ၏လက်တွင်း၌ သူတို့၏ပုစွန်ဘိုးဘေးရှိနေ၏။


မိုင်းတွင်းမှထွက်လာပြီးသောအခါ ပုဖန်ကအသက်ဝဝရှုသွင်းလိုက်သည်။ယခုသူကမိုင်းတွင်းကထွက်လာခဲ့ပြီဖြစ်ပြီး နီယန်တစ်ယောက်မည်သို့ရှိနေမည်ကိုသိချင်မိသွားသည်။


သူမကချိန်ကိုက်ဗုံးတစ်လုံးဖြစ်သည်။သူမ၏ခေါင်းတွင်း၌ ကြီးမြတ်သောလမ်းစဉ်နိယာမနဲ့တိုက်ရိုက်ဆက်စပ်နေသော ကြယ်တာရာဖမ်းကွန်ရက်ရှိနေသည်။


ကြီးမြတ်သောလမ်းစဉ်နိယာမပြိုကွဲသွားမည်ဆိုပါက ပုန်းကွယ်နဂါးတိုက်ကြီး၏အားအကောင်းဆုံးသောခုခံမှုကြီးကိုဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး ကျူးကျော်လာသူတို့အားတားမြစ်နိုင်တော့မည်မဟုတ်ချေ။


ပုဖန်က သူ၏ပတ်ပတ်လည်ရှိစကားတစ်ခွန်းမျှမဆိုဘဲရပ်နေကြသောလူအုပ်ကြီးကိုကြည့်လိုက်ပြီးနောက် မြွေလူသားမြို့ဆီသို့ဦးတည်လာခဲ့လေသည်။


အသန်မာဆုံးသောနတ်ဆိုးဘုရင်က နေရာမှပထမဦးဆုံးထွက်ခွာသွားခဲ့သူဖြစ်ပြီး ၎င်းကပုဖန်ကတစ်စုံတစ်ရာမကောင်းသောခံစားချက်မျိုးပေးစွမ်းနေသည့်အတွက် တတ်နိုင်သမျှမြန်မြန်ပြန်ရောက်ရန်စိတ်စောနေမိသည်။


သူ၏ပုံရိပ်က ပုံရိပ်ယောင်စိတ်ဝိဉာဉ်နွံပေါ်သို့အရိပ်တစ်ခုအလားဖြတ်သန်းရွေ့လျားသွား၏။


ခွေးဘုရင်နှင့်ငရဲဘုရင်အာဟတို့ကသူ၏နောက်မှအသာအယာလိုက်ပါလာပြီး အခြားသူများသည်ပင်လိုက်ပါလာကြလေသည်။


လူတစ်စုကတစ်ချိန်တည်း၌သာမာန်မျက်စိဖြင့်မမြင်တွေ့ရန်ခက်ခဲသောအရှိန်ဖြင့်မြွေလူသားမြို့တော်ဆီသို့ဦးတည်ပြေးလွှားလာကြသည်။


မကြာမီတွင်ပုဖန် မြွေလူသားမြို့တော်သို့ရောက်ရှိလာခဲ့သော်လည်း သူ၏စိုးရိမ်ပူပန်စိတ်ကလျော့ကျမသွားဘဲပိုလို့ပင်မြင့်တက်လာခဲ့ရသည်။


ထိုစဉ်အောင်းပိုင်က အတွင်းစိတ်အတွင်းလွန်ဆွဲနေရပြီး သူ၏သိစိတ်ကသူ့အားဤနေရာမှချက်ချင်းထွက်ခွာရန် တိုက်တွန်းနေသည်။


မည်သို့ပင်ဖြစ်စေသူ၏ဘိုးဘေးကထိုလူသား၏ပခုံးပေါ်၌လဲလျောင်းနေသည်။အကြောင်းကြောင့်သူထိုလူသားနှင့်စကားပြောရန်လိုအပ်သည်။


ဤသည်က သူ၏မျိုးနွယ်စုတပ်စုအားလုံးအားသူနှင့်အတူခေါ်ဆောင်လာခဲ့ရခြင်းအကြောင်းပြချက်ဖြစ်သည်။


မြေလူသားကျင့်ကြံသူများသည် အဏ္ဏဝါမျိုးစိတ်စစ်တပ်ကြီးအားမြင်တွေ့လိုက်ရသောအခါထိတ်လန့်ကုန်ကြပြီး မြို့သူမြို့သားများသည်လည်းကြောက်လန့်ကုန်ကြရ၏။


ရှေ့ကတင်ပဲ အသန်မာဆုံးနတ်ဆိုးဘုရင်၏ကြောက်ခမန်းလိလိဖိအားကိုရင်ဆိုင်ခဲ့ရသည့်မြွေလူသားများကယခုထိတိုင်မြေပြင်ပေါ်၌တုန်ရီနေကြဆဲဖြစ်သည်။


ပုဖန်မြို့သို့ရောက်ရှိလာသောအခါဆီးကြိုနေသည့်မြင်ကွင်းကြောင့်တောင့်ခဲသွားလေသည်။


သူ၏စိတ်စွမ်းအင်များကိုဖြန့်ကျက်လိုက်သောအခါ ကြယ်စင်စွမ်းအားများကိုခံစားမိလိုက်သည်။


သူ၏အမူအယာကရုတ်ချည်းတင်းကြပ်သွားကာ သူတို့၏အခန်းရှိရာဆီသို့လှည့်ပြေးတော့သည်။


အခန်းကိုစောင့်ကြည့်ရန်သူတောင်းဆိုခဲ့သောအစေခံမှာကြမ်းပြင်ထက်တွင်တုန်ရီနေ၏။


ပုဖန်ကသူမကိုဂရုမစိုက်နိုင်ဘဲ အခန်းတံခါးကိုတွန်းဖွင့်ကာဝင်သွားလိုက်သည်။


နယ်သာရီနှင့်အခြားသူများလည်းလိုက်ပါလာကြသည်။


နီယန်ကအိပ်ယာထက်၌လဲလျောင်းနေကာ ပါးစပ်မှနီညိုရောင်သွေးများစီးကျလျက်ရှိပြီးအခန်းတွင်းရှိလေထုတွင်သွေးနံ့များစိမ့်ဝင်ပျံ့နှံ့နေသည်။


" ကျွတ် ကျွတ် သနားစရာကောင်မလေး သူ့ရဲ့စိတ်ဝိဉာဉ်ပင်လယ်ကပြိုကွဲသွားပြီ..."


ပုဖန်၏နံဘေးသို့ယခုတက်ရောက်ရှိလာသောအာဟကနီယန်၏ဖြူလျော်နေသောမျက်နှာကိုကြည့်၍ စုတ်သပ်လျက်ပြောသည်။


တရားခံသည်ကား မိုင်းတွင်းမှဦးစွာထွက်ခွာသွားသော အသန်မာဆုံးနတ်ဆိုးဘုရင်ဖြစ်သည်မှာထင်ရှားလှသည်ပေ။


အသန်မာဆုံးနတ်ဆိုးဘုရင်ထံတွင်သာ ဤသို့လုပ်နိုင်စွမ်းရှိ၏။


ကြယ်တာရာဖမ်းကွန်ရက်လည်းပျက်စီးသွားခဲ့ချေပြီ။ယခု ထိုအရာကမှ ပုန်းကွယ်နဂါးတိုက်ကြီး၏ပျက်ကိန်းဖြစ်သည်။


ငရဲဘုရင်အာဟက ပုန်းကွယ်နဂါးတိုက်ကောင်းကင်ဘုံအတိဒုက္ခအကြောင်းတွေးလိုက်မိသည်။


ကြီးမြတ်သောလမ်းစဉ်နိယာမ၏အကူအညီမပါဝင်ဘဲ သန့်စင်နယ်မြေမှသူတော်စင်အရှင်များ၏စွမ်းအားသက်သက်နှင့် ပုန်းကွယ်နဂါးတိုက်ကြီးအားကာကွယ်ရန်မှာမဖြစ်နိုင်ပါချေ။


ခွေးဘုရင်ကသမ်းဝေလိုက်ကာ သက်တောင့်သက်သာနေရာတစ်ခုကိုရှာ၍လှဲချလိုက်ပြိးငိုက်မြည်းနေလေသည်။


" ကြယ်တာရာဖမ်းကွန်ရက်ပျက်စီးသွားပြီလား..."


ပုဖန်ကမျက်မှောင်ကျုံ့လိုက်၏။


" ဘယ်လိုပဲဖြစ်ဖြစ်မင်းသူမအသက်ကိုတော့ကယ်လို့ရပါသေးတယ် ခက်တာက သေဖို့ကြမ္မာပါလာပြီးသားလူတစ်ယောက်ကိုသေမင်းလက်ကလုဖို့ဆိုတာကတော့... ဟင်းပွဲတစ်ပွဲနဲ့ကယ်တင်နိုင်တဲ့ကိစ္စလည်းဟုတ်မနေဘူးလေ..."


ငရဲဘုရင်အာဟကဆိုသည်။


ဟင်းပွဲတစ်ပွဲနဲ့မကယ်တင်နိုင်ဘူးတဲ့လား ...

သေချာပေါက်အဲဒီဟင်းပွဲကလုံလောက်အောင်မကောင်းလို့ပဲနေမှာပေါ့...


ပုဖန်က အားအင်ချိနဲ့နေသောနီယန်ကိုကြည့်၍ သက်ပြင်းတစ်ချက်ရှုထုတ်လိုက်သည်။


ဤမိန်းမယခုသေလို့မဖြစ်သေးချေ။သူမသေသွားပါက သူ၏တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်အားမည်သို့ချက်ပြုတ်ရပါမည်နည်း။


ပုဖန်ကသူ၏ခေါင်းကိုပွတ်သပ်လိုက်သည်။နီယန်၏သွေးမရှိသောမျက်နှာအားကြည့်ရင်း ခေါင်းများပင်တဆစ်ဆစ်ထိုးကိုက်လာရချေ၏။


အာဟက ပုဖန်အားစွေကြည့်လိုက်ကာသူ၏နှာခေါင်းများကရှုံ့တွရှုံ့တွဖြစ်လာသည်။


" ပုဖန်လူငယ်လေး သွေးကျောက်ပုစွန်အစပ်သုံးကောင်ပေးရင် ဒီဘုရင်ကမင်းကိုအဲဒီအမျိုးသမီးရဲ့စိတ်ဝိဉာဉ်ပင်လယ်ငြိမ်သက်သွားအောင်ကူညီပေးမယ် ဘယ်လိုလဲ..."


ငရဲဘုရင်အာဟကအပြုံးတစ်ခုဖြင့်လက်ပိုက်လျက်ပြောသည်။


" စိတ်ဝိဉာဉ်ပင်လယ်ငြိမ်သက်အောင်လား... သူမရဲ့စိတ်ဝိဉာဉ်ပင်လယ်ကိုကုစားပေး သွေးကျောက်ပုစွန်အစပ်ဆယ်ကောင်ကမင်းအတွက်ပဲ..."


အာဟ၏မျက်ဝန်းများကပြိုးပြိုးပြက်ပြက်တောက်ပသွားပြီး... မကြာလိုက်ပါဘဲ သူ၏နှာခေါင်းကိုအသာထိတွေ့လျက်အပြုံးကမချိပြုံးအဖြစ်သို့ပြောင်းလဲသွားရသည်။


"ငါမလုပ်နိုင်ဘူးလူငယ်လေး ငြိမ်သက်သွားအောင်ပဲကူညီနိုင်မယ် ငါကဖျက်ဆီးတဲ့နေရာမှာတော်ပေမဲ့လူတွေကိုကယ်တင်တာကတော့... ငါသူမရဲ့စိတ်ဝိဉာဉ်ပင်လယ်ကိုငြိမ်သက်အောင်ကူညီပေးနိုင်တာပဲကောင်းလှပြီပြောရမယ်..."


သွေးကျောက်ပုစွန်အစပ်သုံးကောင်အတွက်ရဲဘုရင်အာဟသည်နှလုံးသွေးယိုနေသည့်အလားခံစားလိုက်ရသည်။


နီယန်၏စိတ်ဝိဉာဉ်ပင်လယ်အား အာဟကပင်ကုသမပေးနိုင်ဟုဆိုလာသောအခါ ပုဖန်တုံ့ဆိုင်းသွားခဲ့ရသည်။


"ဒါဆိုသူမကိုမင်းတတ်နိုင်တာအရင်ကူညီပေးပါ ငါသူမကိုကယ်ဖို့နည်းလမ်းရှာမယ်..."


ပုဖန်ကပြောလိုက်သည်။


အာဟကပုဖန်ကိုစောင်းငဲ့ကြည့်လိုက်ပြီး...


" ကောင်းပါပြီ အခုခေတ်လူငယ်တွေ ကျွတ်ကျွတ်ကျွတ် သွေးစျေးကတန်ဖိုးကြီးတယ်နော် သွေးကျောက်ပုစွန်အစပ်သုံးကောင်..."


ပုဖန်ကအမူအယာပြောင်းလဲမသွားဘဲ သူ၏အကြည့်ကအာဟပေါ်၌စွဲစွဲမြဲမြဲကျရောက်နေကာပြောသည်။


" ဝိုင်ချက်နိုင်ဖို့ သူမနိုးလာဖို့လိုတယ် အရမ်းကိုအရသာရှိတဲ့ဝိုင်..."


ငရဲဘုရင်အာဟကပခုံးတွန့်ပြလိုက်ပြီး သူ၏တင့်တယ်သောမျက်နှာထက် နားလည်သဘောပေါက်သည့်အပြုံးတစ်ခုဆင်မြန်းကာနီယန်ထံသို့လျှောက်လှမ်းသွားသည်။


သူ၏လက်ညိုးထိပ်ဖြင့် နီယန်၏နဖူးလယ်သို့သုံးချက်တို့ထိလိုက်သည်။အချက်တိုင်းတွင် ငရဲစွမ်းအင်များကသူမနဖူးအရေပြားပေါ်မှစိမ့်ဝင်သွားလေ၏။


ထို့နောက်တွင် နီယန်၏အသားအရည်မှာပုံမှန်လူတစ်ယောက်ကဲ့သို့သွေးရောင်ယှက်သန်းလာပြီး ပြင်းထန်စွာမငြိမ်မသက်ဖြစ်နေသောစိတ်စွမ်းအင်များလည်းဖြည်းငြင်းစွာငြိမ်ကျလာသည်။


ပုဖန်ကမျက်မှောင်ကျုံ့လျက်နီယန်အားကယ်တင်နိုင်မည့်နည်းလမ်းကိုစဉ်းစားနေခဲ့သည်။ထိုစဉ်စနစ်၏လေးနက်သောတင်ပြသံကသူ၏ခေါင်းတွင်းထွက်ပေါ်လာ၏။


" အောင်မြင်သွားသောတာဝန်အတွက်စနစ်မှချီးမြှင့်သောဆုလာဘ်ရှိပါတယ် စစ်ဆေးပြီးလက်ခံပေးပါ..."