အပိုင်း ၈၈၈
Viewers 53k

အခန်း ၈၈၈

 ဖီးနစ်ဥ ထမင်းကြော်


ပုဖန်က လယ်ယာမြေအလုပ်များကို မျက်လုံးသုံးလုံးတောခြင်္သေ့တစ်ကောင်တည်းလုပ်ကိုင်ရန်ထားရစ်ခဲ့ပြီး လက်တွေ့လောကသို့ပြန်လည်ရောက်ရှိလာခဲ့သည်။


နီယန်ကအိပ်မောကျနေ၏။သူမအသက်အန္တရာယ်အခြေအနေကတည်ငြိမ်သွားပြီဖြစ်သော်လည်း ကြယ်တာရာဖမ်းကွန်ရက်မှာပျက်စီးသွားခဲ့ပြီးဖြစ်သည်။ထိုသည်ကပြဿနာကြီးပင်။


ပုဖန် တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်ကိုချက်လုပ်နိုင်ရန် ကြယ်တာရာဖမ်းကွန်ရက်အားနီယန်နှိုးဆော်ပေးရန်လိုအပ်သည်။သို့မဟုတ်ပါက မြေကမ္ဘာအကျဉ်းထောင်သို့သွားရောက်၍ စမ်းချောင်းဝါမြက်နှင့် ကူရာမဲ့ပန်းတို့ရှာဖွေခဲ့သောခရီးစဉ်မှာအလဟဿဖြစ်ရချေတော့မည်။


ထို့ကြောင့်ပုဖန် နီယန်ကိုကယ်တင်မှဖြစ်ပေမည်။


 ...


မြွေလူသားမျိုးနွယ်မြို့တော်ခန်းမ၊


မြွေလူသားများသည်အသက်ပင်ရဲရဲမရှုဝံ့ကြဘဲ သူတို့၏ခန်းမတွင်းထိုင်နေကြသောပုံရိပ်များအားထိတ်လန့်မှုဖြင့်ကြည့်ရှုနေကြသည်။


ထိုလူအုပ်ကြီးအနက်တစ်ဦးမှာ ခရမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသူဖြစ်သည်။သူ၏ခရမ်းရောင်ဆံနွယ်များကပခုံးလျော့တိလျော့ရဲပြေကျနေပြီး သူ့ထံမှထုတ်လွှတ်နေသောရောင်ဝါတို့က နေလဝါးမြိုနဂါးတစ်ကောင်အလားပင်။


ဤရောင်ဝါက မြွေလူသားကျင့်ကြံသူများ၏စိတ်တွင်းတုန်လှုပ်ခြောက်ခြားနေစေသည်။


ရွှေရောင်အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူတစ်ဦးလည်းရှိနေပြီး ထိုလူငယ်ကနေရာတွင်တည်ငြိမ်စွာထိုင်နေရုံနှင့်ပင် မြွေလူသားကျင့်ကြံသူတို့အားသူ၏ရောင်ဝါကြောင့်အသက်ရှုကြပ်လုမတတ်ဖြစ်နေစေ၏။


ထို့အပြင်ခန်းမတွင်း၌လူအိုကြီးတစ်ဦးလည်းထိုင်နေပြီး သူ၏တည်ရှိမှုကား ရွှေရောင်အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူထက်ပင်ကြောက်မက်ဖွယ်ကောင်းသည်။ထိုလူအိုကြီးက ခန်းမတွင်းသို့ဝေ့ဝဲကြည့်ရှုနေပြီး သူ၏အကြည့်ကိုခံစားမိလိုက်သည့်လူတိုင်းတုန်ယင်သွားကြရသည်။


ထိုလူကြီး၏အဆင့်အတန်းသည် သူတို့သိမြင်နိုင်စွမ်းမရှိသော အတုမရှိနယ်ပယ်တစ်ခုတွင်ဖြစ်ဟန်တူသည်။


ထိုအချိန်တွင် ပုဖန်နှင့် ငရဲဘုရင်အာဟတို့နှစ်ဦးသား မြွေလူသားနန်းတော်သို့ရောက်ရှိလာကြသည်။


ငရဲဘုရင်အာဟကနေရာတစ်ခုယူလိုက်ပြီးနောက် ခန်းမတွင်းရှိလူအုပ်ကြီးအားလှည့်ပတ်ကြည့်ရှုလိုက်သည်။


ကျောက်ခရမ်းအကြီးအကဲ၏စူးရှသောအကြည့်များကအာဟကိုယ်ပေါ်သက်ဆင်းသွား၏။ထိုငနဲကသူ၏သမီးနှင့်အီစီကလီရိုက်နေသူဖြစ်သည်ပေ။


သူတော်စင်သမီးတော်ဇီယွင်က ကျောက်ခရမ်းအကြီးအကဲ၏အကြည့်ကိုဂရုမစိုက်ပေ။ထိုအစားသူမကအာဟကိုမြင်သည်နှင့်ပျော်ရွှင်စွာပြေးထွက်သွားလေသည်။


ကျောက်ခရမ်းအကြီးအကဲ၏ ဆူပူသတိပေးမှုများကသူမအပေါ်မသက်ရောက်ချေ။၎င်းကကျောက်ခရမ်းအကြီးအကဲ၏ အဆုပ်များတင်းကြပ်သည်ထိဒေါသထွက်သွားစေသည်။ 


သမီးမိုက်...


လူအိုကြီးက ပုဖန်ကိုတွေ့သွားသောအခါသူ၏အကြည့်များက တောက်ပလာသည်။


ထိုစားဖိုမှူးထံတွင် စေတသိတ်စွမ်းအားအချို့ရှိနေပြီး ကံမကောင်းစွာဖြင့် လူငယ်တစ်ယောက်နှင့်ခွေးတစ်ကောင်ကသူ့အားကာကွယ်ပေးနေသည်။ထိုသို့မဟုတ်ပါက လူအိုကြီးသည် စေတသိတ်စွမ်းအားများကိုလုယူနှင့်ပြီးဖြစ်ပေသည်။


၎င်းတို့သလင်းကျောက်မိုင်းတွင်းမှထွက်ခွာလာသောအခါ လူအိုကြီး၏ကျင့်ကြံဆင့်မှာအထွဋ်အထိပ်သို့ပြန်လည်ရောက်ရှိခဲ့သည်။


သူ၏လက်ရှိကျင့်ကြံဆင့်ကိုမဆိုထားနှင့်အတိတ်တုန်းကပင်သူ၏စွမ်းအားများမှာခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ခဲ့သည်။မချိုးဖျက်ရသေးသောအချုပ်အနှောင်များကျန်ရှိနေသည့်တိုင် သူသည်ပုန်းကွယ်နဂါးတိုက်၏ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ဦးဖြစ်နေဆဲပင်။


ယခုသူကပုဖန်နှင့်ညှိနှိုင်းနိုင်မည်ဟု ယုံကြည်ထားသည်ပေ။


အောင်းပိုင်ဤနေရာတွင်ရှိနေရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ ပုဖန်ပခုံးပေါ်ရှိပုစွန်ပိစိကြောင့်သာဖြစ်သည်။


၎င်းမှာသူတို့၏ပုစွန်ဘိုးဘေးဖြစ်ပြီး အနှီသောက်ကျိုးနည်းလူသားက အိမ်မွေးတစ်ကောင်လိုမွေးမြူထားသည်။ အဏ္ဏဝါမျိုးစိတ်တစ်ခုလုံး၏ ဘိုးဘေးပုစွန်အားအိမ်မွေးအဖြစ်သတ်မှတ်ထားခြင်းကား အရှက်ခွဲစော်ကားလိုက်ခြင်းပါပေ။


အောင်းပိုင်ကတုန်လှုပ်နေသောအတွင်းစိတ်ဖြင့်ပုဖန်အားမဝံ့မရဲတစ်ချက်ခိုးကြည့်လိုက်ပြီးနောက် သူ၏မျက်နှာထက်အံ့သြမှင်သက်သော အရိပ်အယောင်များထင်ဟပ်သွားသည်။


အဘယ့်ကြောင့်ဆိုသော်ဤလူသား၏ကျင့်ကြံ့ဆင့်အား သူဖောက်ထွင်းမြင်နိုင်ခြင်းမရှိတော့သည့်အတွက်ဖြစ်သည်။


ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...


မနေ့ကအထိဤလူမှာ မသေမျိူးဝိဉာဉ်စဦးအဆင့်တွင်ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုမူအောင်းပိုင်သူ၏ကျင့်ကြံ့ဆင့်ကိုမမြင်နိုင်တော့ချေ။


မည်သို့သောအားထုတ်မှုမျိုးက ကျင့်ကြံဆင့်ကိုဤမျှမြန်ဆန်စွာတိုးမြင့်စေနိုင်ပါမည်နည်း။


အောင်းပိုင်၏မျက်နှာရှုံ့မဲ့သွားရသည်။


အောင်းပိုင်တစ်ယောက်ဤလူသားသည်ကြေးနန်းတော်အတွင်း၌ပျက်သုဉ်းအကျဉ်းထောင်မှနတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူအားအမှောက်သိပ်ခဲ့သည်ကိုပြန်လည်အမှတ်ရသွားခဲ့သည်။ထို့အပြင် အာကာသနတ်ဘုရားအဆင့်ကျင့်ကြံသူခုနစ်ဦးအားကန်ကျောက်ခဲ့သည်။၎င်းကအလွန်အံ့အားသင့်ဖွယ်ကောင်းသည်ကိုမူငြင်းဆို၍မရချေ။


ပို၍အံ့အားသင့်ဖွယ်မှာ ဤလူသား၏ကျင့်ကြံဆင့်မှာ သောက်ကျိုးနည်း မသေမျိုးစိတ်ဝိဉာဉ်စဦးပိုင်းအဆင့်သာဖြစ်သည်။

 

ကျားကိုစားဖို့ဝက်ယောင်ဆောင်တာပဲမဟုတ်လား...


ထိုမျှသာမက သူကကြေးနန်းတော်အတွင်းရှိစေတသိတ်စွမ်းအားများကိုရရှိသွားသည်ဟုလည်းပြောဆိုနေကြသည်။ ဤလူသားက မည်သို့မျှကိုမူမှန်ပါချေ။


မြောက်များစွာသောကျင့်ကြံသူများကထိုနေရာတွင်ရှိနေခဲ့သည့်တိုင် သာမန်လူသားတစ်ဦးကအခွင့်အလမ်းအားလုံးကိုသိမ်းပိုက်နိုင်ခဲ့၏။


အောင်းပိုင် ဘာကိုများပြောနိုင်ပါဦးမည်နည်း။


ထိုအကြောင်းများကြောင့် သူ၏ဘိုးဘေးအားပုဖန်ပခုံးထက်မှရိုးရိုးရှင်းရှင်းဆွဲလုလိုက်ရန်မဖြစ်နိုင်၍ ညှိညှိနှိုင်းနှိုင်းလမ်းစဉ်ကိုရွေးချယ်လိုက်ရသည်။


မြွေလူသားမျိုးနွယ်ကျင့်ကြံသူများသည်ဤအခြေအနေကိုကြည့်၍မေးရိုးများပြုတ်ကျကုန်ကြသည်။


မျက်နှာကြောသေနေသောလူသားက တန်ခိုးကြီးကျင့်ကြံသူများနှင့်တန်းတူဆက်ဆံပြောဆိုနေသည့်အတွက် ၎င်းင်မြွေလူသားများမှာ အမြင်မှားလေသလားဟုပင်ထင်မှတ်ကုန်ကြရသည်။


ထိုလူသားက အရှင်မ၏ဧည့်သည်မဟုတ်ပါလော။


အရှင်မ၏ဧည့်သည်က ဤမျှကြီးကျယ်ခမ်းနားသူတစ်ဦးဖြစ်နေခဲ့ပါသည်လား...


ယုဖူသည်လည်း သူမပုဖန်ကိုအလုံးစုံနားလည်နိုင်ခြင်းမရှိသည်ကိုသဘောပေါက်သွားသည်။


ဤသည်ကသူမသိခဲ့ဖူးသည့် အဆင့်ခုနှစ်တိုက်ပွဲသူတော်စင်ပုဖန်ဟုတ်ပါသေးရဲ့လား...


နှစ်နာရီခန့်ကြာမြင့်သောစေ့စပ်ညှိနှိုင်းရေး အစည်းအဝေးအပြီးတွင်လူအားလုံးထွက်ခွာသွားကြသည်။


အောင်းပိုင်ကမထွက်ခွာခင်ချီတုံချတုံဖြစ်လို့နေသည်။ပုဖန်အား သူ၏ဘိုးဘေးအားပြန်ပေးရန်မစည်းရုံးနိုင်ခဲ့ပေ။


မည်သို့ပင်ဖြစ်စေစေ့စပ်ညှိနိုင်းမှုအစည်းအဝေးပြီးဆုံးသောအခါ ပုဖန်အား သူတို့၏ဘိုးဘေးကိုခေါ်၍အဆုံးမဲ့ပင်လယ်ဆီသို့လာရောက်လည်ပတ်ပါရန်စိတ်ရင်းမှန်ဖြင့်ဖိတ်ကြားခဲ့၏။


သူကပုဖန်ကို ခရုခွံဖြင့်ထွင်းထုထားသည့်ဝိဉာဉ်အဆောင်လက်ဖွဲ့တစ်ခုအား အဆက်အသွယ်ပြုလုပ်နိုင်ရန်လက်ဆောင်ပေးခဲ့သည်။


ပုဖန်ကသဘာဝကျကျ ဖိတ်ခေါ်မှုအားမငြင်းဆိုခဲ့ပေ။သူ့အတွက်အဆုံးမဲ့ပင်လယ်ဆိုသည်က အဆုံးမဲ့ရတနာသိုက်ကြီးဖြစ်သည်။ပင်လယ်ပြင်ကြီးဖြစ်သည့်အလျောက်ချက်ပြုတ်ရေးပါဝင်ပစ္စည်းများစွာထုတ်လုပ်ပေးခြင်းကပုဖန်အားကျေနပ်နှစ်ခြိုက်စေသည်။


ပင်လယ်စာများက မုချလတ်ဆတ်ကာအရသာရှိမည်ကိုမဆိုထားနှင့် ပုဖန်ကဤပင်လယ်ကိုအလွန်စူးစမ်းလိုပေသည်။


ပုဖန်ကမည်သို့ပင်ဖြစ်စေအဆုံးမဲ့ပင်လယ်သို့သွားရောက်ရဦးမည်ဖြစ်၍အောင်းပိုင် ၏ဖိတ်ခေါ်မှုကိုမငြင်းဆိုခဲ့ချေ။


ပုဖန်ထံမှအတည်ပြုစကားရရှိပြီးသောအခါအောင်းပိုင်ကအပြုံးတစ်ခုနှင့်ထွက်ခွာသွားသည်။သူနှင့်သူ၏အဏ္ဏဝါမျိုးနွယ်စစ်တပ်ကြီးကပင်လယ်ပြင်ဆီသို့ပြန်သွားကြလေတော့သည်။


အဏ္ဏဝါမျိုးစိတ်များသည် ဤနေရာမှမည်သည့်အကျိုးမြတ်ကိုမျှမရရှိခဲ့သည့်တိုင် ၎င်းတို့ဘိုးဘေး၏အချက်အလက်အချို့ကိုရရှိခဲ့ရ၍ ကျေနပ်နှစ်သိမ့်သွားကြသည်။


အကယ်၍ ပုစွန်ဘိုးဘေးသာသူတို့နှင့်အတူပြန်လိုက်ဖို့ရွေးချယ်ခဲ့လျင် သူတို့ရွှေပုစွန်မျိုးနွယ်စုမှာအဆုံးမဲ့ပင်လယ်ကြီးအားအတူတကွတစ်ဖန်ပြန်လည်အုပ်စိုးနိုင်မည်ဖြစ်၏။


လူအိုကြီးက စေတသိတ်စွမ်းအားအတွက်ပုဖန်နှင့်အချိန်အတန်ကြာညှိနှိုင်းခဲ့ပြီး ပုဖန်က မသေမျိုးစွမ်းအင်၏အနည်းငယ်သောပမာဏကိုပင်မပေးခဲ့ပါချေ။


ပုဖန်ပေးလိုစိတ်ရှိပါသည်ဆိုလျှင်ပင် မပေးနိုင်ပါချေ။စနစ်ကမသေမျိုးစွမ်းအင်အားလုံးကိုစုပ်ယူသွားနှင့်ပြီးဖြစ်သည်။


ထို့ကြောင့်ပုဖန်ကလူအိုကြီးအား ပြတ်သားစွာငြင်းဆိုလိုက်၏။


သို့သော်ပုဖန်က နောင်လာမည့်သုံးနှစ် နတ်ဘုရားအဆင့်ချက်ပြုတ်သူလောကဂိတ်တံခါးပွင့်လာသောအခါ အခွင့်အရေးရရှိနိုင်သည့်အကြောင်းကိုပြောပြခဲ့သည်။


လူအိုကြီး၏မျက်လုံးများကစိတ်လှုပ်မှုကြောင့်နီရဲစိုစွတ်လာသည်။


သူ၏ဘဝတစ်လျှောက်နတ်ဘုရားအဆင့်ချက်ပြုတ်သူလောကသို့ဝင်ခွင့်နှင့်ညီမျှသော စေတသိတ်စွမ်းအားကိုရရှိရန်ရုန်းကန်ခဲ့ရ၏။ယခုသူ့တွင်မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်သည်။


ထိုသတင်းအချက်အလက်ကိုရရှိပြီးနောက်လူအိုကြီးကတည်ငြိမ်သွားကာ မည်သည်ကိုမျှထပ်မံပြောဆိုမလာတော့ချေ။


ကျောက်ခရမ်းအကြီးအကဲကမူ ငရဲဘုရင်အာဟနှင့်အငြင်းပွားလျက်ရှိသည်။


ပြဿနာအားလုံးကိုဖြေရှင်းပြီးသည့်နောက်တွင်ပုဖန်ကခန်းမမှထွက်ခွာကာ သူ၏အခန်းရှိရာသို့ပြန်လည်ရောက်ရှိလာသည်။ယခုက နီယန်၏အနာတရအားမည်သို့ကုသရမည်ကိုစဉ်းစားရမည့်အချိန်ဖြစ်၏။


"စနစ် နီယန်ရဲ့စိတ်ဝိဉာဉ်ပင်လယ်ကိုကုသဖို့နည်းလမ်းရှိလား ..."


ပုဖန်ကစနစ်ကိုမေးလိုက်သည်။


ပုဖန်က သည်အတိုင်းကြံရမရ၍မေးကြည့်လိုက်ခြင်းသာဖြစ်ပြီး စနစ်ကပြန်လည်ဖြေကြားလာရန်ကိုမမျှော်လင့်ထားသည့်အတွက် ဆက်လက်အကြံထုတ်နေခဲ့သည်။


သို့သော်သူမျှော်လင့်ထားသည်နှင့်ဆန့်ကျင်လျက်စနစ်ကပြန်လည်ဖြေကြားလာသည်။


"ပျက်စီးနေတဲ့စိတ်ဝိဉာဉ်ပင်လယ်ကိုကုသဖို့ဆို ဝိဉာဉ်စွမ်းအင်ကိုဖြည့်တင်းပေးတဲ့အစားအသောက်ကိုချက်ပြုတ်ဖို့လိုအပ်ပါတယ် စိတ်ဝိဉာဉ်ပင်လယ်တစ်ခုကိုကုသဖို့သင်လက်ရှိချက်ပြုတ်နိုင်တဲ့ဟင်းလျာတွေကို စနစ်ကစာရင်းပြုလုပ်ထားပါတယ်..."


စနစ်၏လေးနက်သောအသံက ပုဖန်အားတောင့်တင်းသွားစေသည်။


ထို့နောက်သူအလွန်အမင်းပျော်ရွှင်သွားရလေသည်။ သူတို့လက်ဝယ်အခွင့်အရေးရှိနေဆဲဖြစ်သည်မဟုတ်ပါလား။


" စိတ်စွမ်းအင်မတည်ငြိမ်မှုကိုကုသနိုင်သောဟင်းပွဲများ : နတ်ဂျင်ဆင်းနဂါးစတူး ၊ ချီလင်ခွာ ၊ ကုန်းလိပ်နက်နဂါးရိုးနှပ် ၊ ဖီးနစ်ဥထမင်းကြော်..."


ပုဖန်တစ်ယောက် စနစ်မှရွတ်ပြလာသောဟင်းပွဲလေးခု၏အမည်ကို ကြားလိုက်ရသောအခါဆွံ့အသွားရသည်။


သူ၏နှုတ်ခမ်းစွန်းများတွန့်လိမ်သွား၏။


စနစ်အနေဖြင့်နဂါးအသားနှင့် ချီလင်အကြောင်းကိုထိုမျှလွယ်ကူသယောင်မပြောသင့်ပါပေ။


အဲဒါတွေက သောက်ကျိုးနည်း ရှေးဟောင်းနတ်ဘုရားသားရဲတွေလေ...


ယခုအချိန်ထိ ပုဖန်ကြုံတွေ့ခဲ့ဖူးသည့်တစ်ကောင်တည်းသောရှေးဟောင်းနတ်ဘုရားသားရဲမှာထောင်တျဲ့ဖြစ်ပြီး ပုဖန်ရရှိခဲ့သည်မှာလည်း၎င်း၏နှလုံးသားမျှသာ။


စနစ်မှစာရင်းပြုစုထားသောဟင်းပွဲများမှာ သူ၏အခြေအနေဖြင့်မတန်မရာရှိလွန်းလှသည်။


ပုဖန်တစ်ယောက်ရုပ်ပျက်ဆင်းပျက်ဖြစ်လို့နေ၏။


သို့သော်ရုတ်တရက်သူ၏မျက်နှာကဝင်းပလာပြန်သည်။


ဖီးနစ်ဥထမင်းကြော်... ဒါကိုသူကြော်နိုင်တယ်...


မှတ်ဉာဏ်များသာမမှားယွင်းပါက သူ၏စားသောက်ဆိုင်၌ဖီးနစ်ဥအမှန်ပင်ရှိလေသည်။


အကယ်၍ပုဖန်က ထိုဥနှင့် နဂါးသွေးဆန်တ်ို့ကိုချက်ပြုတ်လိုက်ပါက စနစ်ပြောသည့် စိတ်ဝိဉာဉ်ပင်လယ်ကိုကုသနိုင်သော ဖီးနစ်ဥထမင်းကြော်ကိုရရှိနိုင်မည်လား...


ထိုဥကို တိမ်ခိုးစားသောက်ဆိုင်၏စတိုခန်း၌သိမ်းဆည်းထားခဲ့ပြီး အလိုရှိပါက တိမ်ခိုးစားသောက်ဆိုင်မှသွားရောက်ယူဆောင်ရမည်ဖြစ်သည်။


ပုဖန်ကသူ၏မေးကိုပွတ်သပ်လိုက်ပြီးနောက် စိတ်ဆုံးဖြတ်ချက်ချရန်မကြာလိုက်ပေ။


တောင်ပိုင်းဒေသ၏လေအလင်းအင်ပါရှိအပျက်အစီးများသည်လည်း ဖြေရှင်း၍ပြီးလုပြီဖြစ်သည်။


သူကနီယန်တစ်ယောက် ကြယ်တာရာဖမ်းကွန်ရက်အားထိန်းချုပ်နိုင်ရန်ဤနေရာသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သော်လည်း ယခုမူလုံးလုံးပျက်စီးသွားခဲ့ပြီဖြစ်၍ ထွက်ခွာရုံမှတစ်ပါးရွေးချယ်စရာမရှိတော့ချေ။


တိမ်ခိုးသို့ရောက်ပါက ရှစ်လေးကိုလည်းစိတ်တိုင်းကျလှည့်ပတ်ကျက်စားနိုင်စေမည့်သူ၏စနစ်လယ်ယာမြေသို့ခေါ်ဆောင်လာနိုင်မည်ပေ။


ထို့ကြောင့်သူကချက်ချင်းဆိုသလိုစတင်လှုပ်ရှားလိုက်ချေ၏။ငိုက်မြည်းနေသောခွေးဘုရင်အားလှုပ်နှိုးကာ နယ်သာရီနှင့်နီယန်တို့ကိုခေါ်ဆောင်၍ မြွေလူသားမြို့တော်မှထွက်ခွာလာသည်။


ငရဲကမ္ဘာသင်္ဘောကလေထုအလယ်တွင်လွင့်မြောနေသည်။


ခွေးဘုရင်က သူ၏အဆီများတုန်ခါသွားသည်အထိကျယ်ကျယ်လောင်လောင်သမ်းဝေလိုက်ပြီးနောက် သင်္ဘောကုန်းပတ်ပေါ်မှ သက်တောင့်သက်သာရှိသောနေရာတစ်ခုကိုရှာဖွေ၍ဆက်အိပ်နေလေသည်။


နယ်သာရီကကုန်းပတ်ပေါ်တွင် သူမ၏လက်နှစ်ဖက်ကိုယှက်ကိုင်လျက်ရပ်နေပြီး တိုက်ခတ်နေသောလေအဟုန်ကသူမ၏အနက်ရောင်ဝတ်ရုံအားလှုပ်ယမ်းသွားစေသည်။


နီယန်ကိုမူသင်္ဘောပေါ်ရှိအခန်းငယ်အတွင်းနေရာချပေးထားသည်။


ပုဖန်က ငရဲဘုရင်အာဟ...ဇီယွင်တို့နှင့်အတူကုန်းပတ်ပေါ်တွင်တင်ပျဉ်ခွေထိုင်လျက်လိုက်ပါလာသည်။


ငရဲကမ္ဘာသင်္ဘောက လေထုထဲသိုမြင့်ထက်မြင့်တက်လာပြီးနောက် ငရဲစွမ်းအင်များတရှိန်ထိုးလည်ပတ်လာကာ အလွန်လျင်မြန်သောအရှိန်ဖြင့်စတင်ထွက်ခွာလာတော့၏။


မြွေလူသားများက ထွက်ခွာသွားသောငရဲကမ္ဘာသင်္ဘောအားအံ့သြလေးစားမှုများဖြင့်ကြည့်ရှုကျန်ရစ်ခဲ့ကြသည်။


ယုဖူ၏အကြည့်တို့က ရှုပ်ထွေးနေခဲ့သည်။သူမကပုဖန်တို့ထွက်ခွာသွားသည်ကိုကြည့်ရှုရင်းသူမရင်ဘတ်ပေါ်သို့လက်ဖဝါးနှစ်ဖက်အသာယှက်တင်လိုက်ကာ သူမ၏အချက်အပြုတ်စွမ်းရည်များ ကျိန်းသေမုချတိုးတက်လာရမည်ဟု တိုင်တည်လိုက်ပါ၏။


ကျောက်ခရမ်းအကြီးအကဲက လေထုအလယ်တွင် မိုးထစ်ချုန်းသကဲ့သို့ စိတ်အခြေအနေဖြစ်နေလေသည်။သူ၏မျက်နှာကအိုးဖင်ကဲ့သို့မဲမှောင်နေ၏။


ငရဲဘုရင်အာဟဆိုသည့်ကောင်စုတ်ကသူ၏သမီးကိုနောက်တစ်ကြိမ်ပြန်ပေးဆွဲသွားပြန်သည်ပေ။


ကျောက်ခရမ်းအကြီးအကဲ၏နှုတ်ခမ်းများက တုန်ရီနေပြီး ဒေါသကြောင့်ခေါင်းပင်တဆစ်ဆစ်ထိုးကိုက်လာရသည်။


လူအိုကြီး၏ပါးလွှသောဆံနွယ်ဖြူများမှာလေထဲတွင်ပျံဝဲနေသည်။သူက ကျောက်ခရမ်းအကြီးအကဲ၏ဖြစ်အင်အားကြည့်ကာ အသာရယ်မောလျက်အဝေးသို့ထွက်ခွာသွားခဲ့သည်။


နှစ်ထောင်ပေါင်းများစွာကြေးနန်းတော်အတွင်းပိတ်မိနေခဲ့ရာမှ ယခုလွတ်မြောက်လာခဲ့ပြီဖြစ်ကာ သူ၏ပျော်ရွှင်မှုကိုဖော်ပြရန်ခက်ခဲလှပေသည်။


သူက ပုန်းကွယ်နဂါးတိုက်ကြီး၏နေရာအနှံ့သို့သွားရောက်လည်ပတ်၍လောကကြီး၏အလှကိုကြည့်ရှုစီးမြောရန် မစောင့်နိုင်တော့ချေ။ထို့နောက်တွင် အစားကြူးတောင်ကြားကိုလည်းပြန်ရပေမည်...


...


ငရဲကမ္ဘာသင်္ဘောကလေထုအားဖြိုခွင်းကာရှေ့သို့ခရီးဆက်နေသည်။


လေအလင်းအယ်ပါယာသို့ရောက်သောအခါ ပုဖန်ကသင်္ဘောကိုရပ်ပေးရန်နယ်သာရီကိုပြောလိုက်သည်။သူကဖန်ဖန်သို့ခေတ္တသွားရောက်၍ ရှောင်ရှောင်လုံနှင့်ကွမ်းရှောင်ယီတို့အားစကားအနည်းငယ်ပြောလိုသည်ပေ။


လေအလင်းအင်ပါယာရှိမြို့သူမြို့သားများက ငရဲကမ္ဘာသင်္ဘောကိုမြင်သောအခါအလျင်စလိုမော့ကြည့်ကြကုန်သည်။ဤသည်ကကပ်ဆိုးကြီးအတွင်းသူတို့အားကယ်တင်ပေးခဲ့သောပုဂ္ဂိုလ်များဖြစ်ပြီး ငရဲကမ္ဘာသင်္ဘောပိုင်ရှင်အမျိုးသမီးသည်လည်းနတ်ဘုရားတစ်ဦးအလားပင်ဖြစ်သည်။


"ဟဟ ငရဲကမ္ဘာကကျိန်စာသင့်အမျိုးသမီးက နတ်ဘုရားမလိုကိုးကွယ်ခံနေရတာပဲ စိတ်ဝင်စားစရာနော်..."


ငရဲဘုရင်အာဟကရိုသေစွာဦးညွတ်နေကြသောလူအုပ်ကြီးကိုငုံ့ကြည့်၍ တရယ်တမောပြောသည်။


"ရှင့်ပါးစပ်ကိုပိတ်ထားရင် အ နေတယ်ထင်မှာစိုးလို့များလား..."


နယ်သာရီက ငရဲဘုရင်အာဟကိုတစ်ချက်စွေကြည့်လိုက်ရင်းပြောလိုက်သည်။


ပုဖန်ကငရဲကမ္ဘာသင်္ဘောပေါ်မှခုန်ဆင်းသွားကာ ရှောင်ရှောင်လုံအားသူနှစ်သက်သောဟင်းချက်စွမ်းရည်အချို့သင်ပြပြီး နှုတ်ဆက်စကားဆိုခဲ့သည်။


သင်္ဘောပေါ်သို့ပြန်ရောက်သောအခါပုဖန်က သူ့အားကြည့်နေသောနယ်သာရီကိုခေါင်းငြိမ့်ပြလိုက်သည်။သူမကတစ်ဖက်သို့လှည့်သွားလိုက်ပြီး ငရဲကမ္ဘာသင်္ဘောကရုတ်ချည်းဆိုသလိုငရဲစွမ်းအင်များပေါက်ကွဲထွက်လာကာ အနက်ရောင်အလင်းတန်းတစ်ခုသာချန်ရစ်လျက် လေထုတွင်းသို့တဟုန်ထိုးထွက်ခွာသွားလေသည်။


ငရဲကမ္ဘာသင်္ဘောကအလွန်လျင်မြန်စွာရွေ့လျားနိုင်သည့်တိုင် မြူကောင်းကင်မြို့တော်သည် လေအလင်းအင်ပါယာမှမိုင်ပေါင်းထောင်သောင်းချီကွာဝေးသည်။ထို့ကြောင့် တိမ်ခိုးသို့ရောက်ရှိရန်မှာအချိန်ယူရပေလိမ့်မည်။


သင်္ဘောကခရီးသည်များကိုကုန်းပတ်ပေါ်တွင်သယ်ဆောင်ထားလျက်လျင်မြန်စွာခရီးနှင်နေသည်။


ငရဲဘုရင်အာဟကသူ၏မေးကိုပွတ်သပ်လျက် ပုဖန်အားလှမ်းကြည့်ကာမေးသည်။


"လူငယ်လေးပုဖန် မင်းဒီဘုရင်ကိုသွေးကျောက်ပုစွန်အစပ်သုံးကောင်ကတိပေးထားတယ်နော် အခုချက်သင့်တယ်မထင်ဘူးလား..."