အခန်း ၈၈၉
ငါ့ကိုကျီကျီလေးလို့မခေါ်နဲ့
ငရဲကမ္ဘာသင်္ဘောကလေထုထဲ၌ဥက္ကာပျံတစ်ခုအလား သာမန်မျက်စိဖြင့်မမြင်နိုင်သောအရှိန်အဟုန်ဖြင့်ခရီးနှင်နေသည်။
ဤအရှိန်နှင့်ပင် မြူကောင်းကင်မြို့တော်သို့ရောက်ရှိရန်အချိန်ယူရပေဦးမည်။
ငရဲကမ္ဘာသင်္ဘောပေါ်တွင်ငရဲဘုရင်အာဟကလက်နှစ်ဖက်ကိုပွတ်သပ်ကာပုဖန်ထံသို့တောက်ပသောမျက်ဝန်းအစုံဖြင့်ကြည့်ရှုနေသည်။သူက သွေးကျောက်ပုစွန်အစပ်များဆီမှပြုစားခံလိုက်ရပြီဖြစ်ကာတမ်းတမ်းစွဲလို့နေချေပြီ။
အခြားသူများကလည်းအလျှိုလျှိုလှည့်ကြည့်လာကြသည်။
သွေးကျောက်ပုစွန်အစပ်ဆိုတာပိုင်ရှင်ပုရဲ့ဟင်းပွဲအသစ်လား...
နယ်သာရီနှင့်အခြားသူများကပထမတွင်ခေတ္တတွေဝေသွားကြသော်လည်း ချက်ချင်းဆိုသလိုသူတို့၏မျက်လုံးများဝင်းပလာကြသည်။
သွေးကျောက်ပုစွန်အစပ်ဟင်းဆိုတာက ငရဲဘုရင်အာဟပြောတဲ့ ပုဖန်ကြေးနန်းတော်ထဲမှာချက်ခဲ့တဲ့ဟာလား...
နယ်သာရီတို့အုပ်စုမှာ သွားရည်မကျဘဲမနေနိုင်ကြတော့ပေ။
ထိုအချိန်က ကြေးနန်းတော်အတွင်းမှပျံ့လွင့်လာခဲ့သောရနံ့သည် စွဲဆောင်နိုင်လွန်းသောရနံ့ဖြစ်သည်။ မွှေးကြိုင်သောထိုပူစပ်စပ်ရနံ့အားမဆိုစလောက်ရှုရှိုက်လိုက်ရုံမျှဖြင့်သူတို့၏ဝမ်းတွင်းရှိဆာလောင်မှုအားလှုံဆော်နိုင်ခဲ့သည်။
ပုဖန်က သွေးကျောက်ပုစွန်အစပ်ဟင်းအားအစဖော်နေသောငရဲဘုရင်အာဟကိုကြည့်လိုက်သည်။သူလည်းပဲ ထိုဟင်းပွဲကိုလွဲချော်ခဲ့ရပါ၏။
ဟင်းပွဲကအလွန်အဆိပ်ပြင်းသည်။ မည်သို့သောလူကမျှ ထိုဟင်းပွဲ၏ရှေ့မှောက်တွင်မိမိကိုယ်ကိုယ်မစောင့်ထိန်းနိုင်ချေ။
အဝေးတစ်နေရာ၌အိပ်မောကျနေသောခွေးဘုရင်ကလည်းသူတို့အနားရောက်ရှိလာသည်။
ခွေးဘုရင်ကပုစွန်စားရခြင်းကိုအလွန်အမင်းမုန်းတီးသည့်တိုင် သွေးကျောက်ပုစွန်အစပ်ဟင်းပွဲနှင့်မူအနည်းငယ်ပြောင်းလဲစရာရှိလာသည်။
သွေးကျောက်ပုစွန်အစပ်ကိုသာအပြစ်တင်ပါလေ အဲဒါကပဲဒီခွေးကိုဆွဲခေါ်လိုက်တာ...
"ပုဖန်လူငယ်လေး မင်းကအခန်းထဲကအလှလေးကိုစိတ်ပူနေတာလား မစိုးရိမ်ပါနဲ့ ငါကသူ့ဒဏ်ရာကိုအရှင်းမကုနိုင်ပေမဲ့ ဆက်ပြီးဆိုးရွားမလာအောင်ထိန်းချုပ်ထားခဲ့ပါတယ်..."
ငရဲဘုရင်အာဟကပြောသည်။
သူကထိုအလုပ်အတွက် ပုဖန်ထံမှသွေးကျောက်ပုစွန်အစပ်သုံးကောင်ရရန်ရှိသည်။ တစ်ကောင်တည်းရသည်ဆိုလျှင်ပင် အရှုံးမရှိပါချေ။
"သူ့ကိုနိုးလာစေချင်တာက ဝိုင်လုပ်တဲ့နေရာမှာကြယ်တာရာဖမ်းကွန်ရက်ကိုလိုအပ်လို့ပါ အဲဒီ ဝိုင်က အရမ်းအရသာရှိမှာ..."
ပုဖန်ကငရဲဘုရင်အာဟကိုပြောလိုက်သည်။
"မပူပါနဲ့ ဒီအရှင်မင်းတို့လူငယ်တွေကိုနားလည်ပါတယ် မင်းသူ့ကိုဘယ်လောက်စိတ်ပူနေသလဲဆိုတာတစ်ချက်ကြည့်ရုံနဲ့သိပါတယ်ကွာ..."
ငရဲဘုရင်အာဟကပြုံးဖြဲဖြဲနှင့်ဆိုသည်။
ပုဖန်က ကြောင်အသွားကာ လက်တစ်ဖက်ဖြင့်သူ၏မျက်နှာကိုထိတွေ့လိုက်မိသည်။သူ၏မျက်နှာက ခံစားချက်များပြသရန်ထိုမျှလွယ်ကူနေလေသလား။
နယ်သာရီက ပုဖန်နံဘေးတွင်ထိုင်နေပြီး သူမ၏အမူအယာမှာပုံမှန်ထက်ပင် အေးစက်ဟန်ပေါ်နေသည်။သူမကငရဲဘုရင်အာဟအားစိုက်ကြည့်ပြီးနောက် အထင်သေးသကဲ့သို့နှာရှုံ့လိုက်လေသည်။
ဇီယွင်ကထိုအပြုအမူကိုမြင်သောအခါသူမ၏မျက်ခုံးများတွန့်ချိုးသွားသည်။သူမက အာဟနှင့်စကားပြောနိုင်ရန်ဤအခွင့်အရေးကိုအသုံးချရန်ပြင်လိုက်၏။
" မဆူညံချင်စမ်းနဲ့ ဒီဘုရင်ကအရေးကြီးကိစ္စဆွေးနွေးနေတယ်..."
အာဟကဇီယွင်ကိုပိတ်ပြောလိုက်သည်။
သို့သော် အာဟတစ်ယောက်နယ်သာရီ၏ရေခဲတောင်ကဲ့သို့အေးစက်နေသောအကြည့်တို့နှင့်မျက်လုံးချင်းဆုံလိုက်မိသောအခါ ကျောချမ်းသွားရသည်။
" ပါးစပ်ပိတ်ထားလည်း ရှင်အနေတယ်လို့ဘယ်သူမှထင်မှာမဟုတ်ပါဘူး..."
နယ်သာရီက အတက်အကျမရှိသောလေသံဖြင့်ဆိုသည်။
ဒီကလေးမက ယခုတလောအတော်လေးရန်လိုတတ်လာသည်။
ငရဲဘုရင်အာဟက ပုဖန်ဆီသို့အကြည့်ပြန်ရွှေ့လိုက်ကာသူ၏နှုတ်ခမ်းများကိုလျှာဖြင့်သပ်လိုက်ပြီး သွေးကျောက်ပုစွန်အစပ်များအကြောင်းကိုတရစပ်ပြောနေပြန်သည်။
ပုဖန်၏အမူအယာကအေးစက်လာသည်။
သူကလက်တစ်ဖက်မြှောက်လိုက်သည်နှင့် ကုန်းပတ်ပေါ်သို့ရိုက်ခတ်မိသည့်ကျယ်လောင်သောအသံနှင့်အတူ သွေးကျောက်ပုစွန်အစုအပြုံလိုက်ပြုတ်ကျလာသည်။
၎င်းတို့သည်သူရေကန်ဆီမှဖမ်းယူခဲ့သောသွေးကျောက်ပုစွန်များဖြစ်ကာ တစ်ကောင်ချင်းစီကကြီးမားဆူဖြိုးနေသည်။
ငရဲဘုရင်အာဟက သွေးကျောက်ပုစွန်များကိုမြင်သည်နှင့်သူ၏မျက်လုံးများစူးရဲလာကာခံတွင်း၌စိုစွတ်လာ၏။
ပုဖန်က သွေးကျောက်ပုစွန်အပုံလိုက်ကြီးကိုကြည့်လျက်အတွေးနက်နေသည်။သူစဉ်းစားထားသည်က ဤကျောက်ပုစွန်များအားသူ၏စနစ်လယ်ယာမြေတွင်း၌မွေးမြူထားမည်ဟုပင်။သို့မဟုတ်ပါက သူတို့ယခုအကုန်စားလိုက်ပြီးလျှင် နောင်တစ်ချိန်စားရန်မည်သည့်သွေးကျောက်ပုစွန်မျှကျန်တော့မည်မဟုတ်ချေ။
ထိုသို့ဖြင့်ကြာမြင့်စွာချင့်ချိန်လိုက်ပြီးနောက်ပုဖန်က သွေးကျောက်ပုစွန်အချို့ကိုမွေးမြူရန်အတွက်ပြန်လည်သိမ်းဆည်းထားလိုက်သည်။ထို့နောက်ကျန်အကောင်များဖြင့် သူ၏လုပ်ငန်းစဉ်ကိုစတင်ရန်ပြင်လိုက်သည်။
ပုဖန်၏လက်တွင်း၌ရွှေနဂါးရိုးမီးဖိုချောင်ဓားပေါ်ထွက်လာသည်။ အခြားသူများက သွေးကျောက်ပုစွန်ကိုလျင်မြန်စွာလှီးချွတ်နေသည့်ပုဖန်၏လက်အားဝိုးတဝါးသာမြင်နေရသည်။
ငရဲဘုရင်အာဟက ပို၍ပို၍စိတ်လှုပ်ရှားလာသည်။
ဤခံစားချက်မှာ သူရှေးကစားခဲ့ရသောသွေးကျောက်ပုစွန်အရသာကသူ့အားပြုစားထား၍ဖြစ်ချေသည်။
ငရဲကမ္ဘာသင်္ဘောကကောင်းကင်ပေါ်၌မြားတစ်စင်းကဲ့သို့ရွေ့လျားနေသည်။သင်္ဘောပေါ်မှ တရှဲရှဲကြော်လှော်သံများထွက်ပေါ်နေကာ အဖြူရောင်အငွေ့များလည်းထွက်ပေါ်လာ၏။
သင်္ဘောကုန်းပတ်ပေါ်ရှိလူတိုင်းက မဟူရာလိပ်ခုံးဒယ်အိုးမှအကြည့်မလွှဲနိုင်ကြချေ။၎င်း၏ ထုံထိုင်းစေသောအစပ်ရနံ့က ငရဲကမ္ဘာသင်္ဘောတစ်စင်းလုံးအားလွှမ်းခြုံထားလေသည်။
ခွေးဘုရင်ကထလာပြီး ပုဖန်အနားသို့ချဉ်းကပ်လာသည်။
ပုဖန်ကလက်တစ်ဖက်ဖြင့်မဟူရာလိပ်ခုံးဒယ်အိုးကိုကိုင်မထားပြီး အခြားလက်တစ်ဖက်က ဒယ်အိုးအတွင်းရှိပါဝင်ပစ္စည်းများအားရောမွှေရန်အတွက် ယောင်းမကိုကိုင်ဆောင်ထားသည်။
သွေးကျောက်ပုစွန်များကိုအိုးထဲမှအဆက်မပြတ်ပင့်မြှောက်ခံနေရကာ ဆီရည်လဲ့လဲ့များဖြင့်အလွန်တရာလှပလျက်ရှိပြီးနေရောင်နှင့်ထိတွေ့သောအခါရွှေရောင်အလင်းစက်များတောက်ပကျန်ရစ်ခဲ့သည်။
မဟူရာလိပ်ခုံးဒယ်အိုးတွင်းမှထွက်ပေါ်လာသောအငွေ့နှင့်မွှေးရနံ့များကလူတိုင်းအားဆာလောင်လာစေရန်ပြုလုပ်နေသည်။
ငရဲဘုင်အာဟက အပြုံးကြီးပြုံးနေကာ ကုန်းပတ်ပေါ်သို့သွားရည်စများပင်စီးကျနေသည်။
ခွေးဘုရင်သည်လည်းပဲထိုနည်းတူစိတ်လှုပ်ရှားလျက်ရှိ၏။
နယ်သာရီ၏အကြည့်တို့သည်လည်းမဟူရာလိပ်ခုံးဒယ်အိုးပေါ်တွင်သာကပ်ငြိနေသည်။
သူတော်စင်သမီးတော်ဇီယွင်မှာလေထုထဲရှိနှစ်လိုဖွယ်မွှေးရနံ့အားရှုရှိုက်ရင်းသူမ၏မျက်ဝန်းလှလှများမှေးကျဉ်းသွားရသည်။
ဗွက် ဗွက်...
ပုဖန်ကအေးခဲနှလုံးသားကျောက်စိမ်းဥမင်ဝိုင်ကို ဆူပွက်နေသောဒယ်အိုးအတွင်းသို့လောင်းထည့်လိုက်ရာ အငွေ့ဖြူဖြူများတလိပ်လိပ်မြင့်တက်လာ၏။ပုဖန်ကအိုးကိုအနည်းငယ်သမအောင်မွှေလိုက်ပြီးမှဆူပွက်အောင်ထားလိုက်သည်။ခေတ္တကြာသောအခါပုဖန်ကအိုးကိုစောင်း၍ကြွေလင်ဗန်းတစ်ခုပေါ်သို့လောင်းထည့်လိုက်လေသည်။
သွေးကျောက်ပုစွန်ရဲရဲများက ကြွေဗန်းပေါ်တွင်အငွေ့တစ်ထောင်းထောင်းထလျက်ရှိသည်။ပုဖန်ကထိုအပေါ်သို့ ဟင်းအနှစ်အချို့စမ်းလိုက်ပြီးသောအခါ သွေးကျောက်ပုစွန်အစပ်ဟင်းပြီးဆုံးသွားခဲ့ချေပြီ။
ပုဖန်ကသူ၏မီးဖိုချောင်သုံးဓားကိုအနည်းငယ်လှုပ်ရှားလိုက်သည်နှင့် ကျောက်ပုစွန်၏အခွံမာများကဖယ်ရှားခံလိုက်ရကာအထဲရှိ အတွင်းသားနုနုတို့လှစ်ဟလာသည်။
ငရဲဘုရင်အာဟက ဆက်မစောင့်လိုတော့ချေ။သူကဟင်းပွဲပြီးဆုံးသွားသည်နှင့်အလျင်အမြန်ပြေးသွားကာ ကျစ်ကျစ်ပူနေသောဟင်းအနှစ်များကိုပင်စိုးရွံ့ခြင်းမရှိဘဲ သွေးကျောက်ပုစွန်သုံးကောင်ကိုဆတ်ခနဲကောက်ယူလိုက်လေသည်။ထို့နောက်ခေါင်းများကိုလိမ်ချိုး၍အတွင်းရှိအရသာရှိသောအသားရည်များကိုပါးစပ်ဖြင့်စုပ်ယူလိုက်သည်။
" အမလေးး ဘုရားရေ ဒီအရသာဒီအရသာ ပူစပ်ပြီးအရမ်းအရသာရှိတယ်..."
ငရဲဘုရင်အာဟ၏မျက်နှာကရှက်သွေးဖြာနေကာ ပျော်ရွှင်မှုဖြင့်မျက်လုံးအစုံကိုမှိတ်ထားလေသည်။သူ၏ခန္ဓာကိုယ်မှာလည်းလျှပ်စစ်ဓာတ်စီးနေသည့်အလားတုန်ခါနေသေး၏။
ခွေးဘုရင်က သွေးကျောက်ပုစွန်တစ်ကောင်ကိုသူ၏ပါးစပ်တွင်းသို့ကျွမ်းကျင်စွာပစ်ထည့်လိုက်၏။
အခြားသူများကမူ ဤမွှေးကြိုင်ပူစပ်သောသွေးကျောက်ပုစွန်အားမည်သို့စားရမည်မသိသဖြင့် ပုဖန်ကိုသာကြောင်အလျက်ကြည့်နေကြသည်။
ထို့ကြောင့်ပုဖန်က မည်သို့စားသောက်ရသည်ကိုသင်ပြလိုက်သည်။ တတ်မြောက်သွားသည်နှင့် သူတို့နှစ်ဦးသည်လည်းခေါင်းမဖော်နိုင်အောင်စတင်စားသောက်ကြလေသည်။
သွေးကျောက်ပုစွန်၏အရသာကိုမြည်းစမ်းပြီးသည်နှင့် နယ်သာရီ၏မျက်လုံးများဝိုင်းစက်သွားကာသူမ၏မျက်နှာထက်ကြည်နူးရိပ်တို့ထင်ဟပ်သွားရသည်။
တစ် နှစ် သုံး လေး...
ထိုအမျိုးသမီးမှာ သွေးကျောက်ပုစွန်များအားမမျှော်လင့်ထားသောအရှိန်ဖြင့်စားသုံးနေသည်ပေ။
သင်္ဘောပေါ်ရှိလူအုပ်မှာ သွေးကျောက်ပုစွန်များကိုပျော်ပျော်ရွှင်ရွှင်စားသုံးကြရင်းဖြင့်ခရီးနှင်လာခဲ့ကြသည်။
မွှေးပျံ့သောရနံ့ကကောင်းကင်ထက်လွင့်ပျံရစ်ခဲ့ပြီး ရံဖန်ရံခါတွင်ကျောက်ပုစွန်အခွံများပင်လွင့်ကျန်ရစ်ခဲ့ပါသေး၏။
...
အမှောင်ထုကမှေးမှိန်လာကာ ရောင်နီလာလုပြီဖြစ်သည်။
အဝေးတစ်နေရာရှိမိုးကုပ်စက်ဝိုင်းဆီမှ နေလုံးကြီးမြင့်တက်လာနေပြီး တိတ်ဆိတ်သောညတစ်ညကိုကျော်ဖြတ်ကာ မြူကောင်းကင်မြို့တော်မှာနိုးထလာခဲ့ပြီဖြစ်သည်။
တိမ်ခိုးစားသောက်ဆိုင်၏ကြေးတံခါးများကဖွင့်လှစ်ခံလိုက်ရကာ နေရောင်ကဆိုင်ခန်းအတွင်းသို့ချဉ်းနင်းဝင်ရောက်လာပြီး နွေးထွေးသောအလင်းဖြင့်လွှမ်းခြုံလိုက်သည်။
နှင်းကျခြင်းကညပြီးဆုံးသောအခါရပ်တန့်သွားခဲ့ပြီဖြစ်သော်လည်း နေရာအနှံ့၌နှင်းအစုအပုံများကိုချန်ရစ်ခဲ့၏။
ယန်မိန်ကျီ၏လှပသောပုံရိပ်က တံမြက်စည်းတစ်ချောင်းကိုင်လျက်ပေါ်ထွက်လာပြီး သူမကဆိုင်ခန်းရှေ့ကိုစတင်လှဲကျင်းလေသည်။
" နောက်ထပ်လှပတဲ့နေ့လေးတစ်နေ့ပါလား..."
သိမ်မွေ့ငြင်သာသောအမျိုးသမီးတစ်ဦး၏အသံကစားသောက်ဆိုင်အတွင်းမှပျံ့လွင့်လာပြီးနောက် အလွန့်အလွန်စွဲဆောင်မှုရှိသောပုံသဏ္ဍာန်တစ်ခုကစားသောက်ဆိုင်တံခါးဘောင်ကိုလာမှီလေသည်။
သူမက မှော်ကဝေအန်းရှန်ဖြစ်သည်။သူမ၏ တောက်ပသောသွင်ပြင်က မျက်လုံးပေါင်းများစွာကိုဆွဲဆောင်နေသည်။လျော့တိလျော့ရဲဝတ်ဆင်ထားသောစာဖိုးမှူးဝတ်ရုံပွပွသည်လည်း သူမ၏ရင်ဘတ်အားဖုံးကွယ်ထားရန် မတတ်နိုင်ခဲ့ပေ။ရင်ဘတ်နေရာတွင်သာ တင်းကြပ်ထုပ်စည်းနေသောဝတ်ရုံကအချိန်မရွေးပွင့်ထွက်လာမည့်ဟန်ရှိသည်။
သူမ၏လှပသောမျက်နှာလေးက အိပ်မှုန်စုံမွှားဖြစ်လို့နေကာတံခါးဘောင်ကို မှီလျက်ခပ်တိုးတိုးသမ်းဝေနေ၏။
"အန်းရှန်ရေ ဒီမနက်စောစောတော့ဘာပြဿနာမှမရှာပါနဲ့ နှင်းတွေလှဲပြီးရင်ငါတို့ ဟင်းချက်စွမ်းရည်ကိုလေ့ကျင့်ရမယ် ဓားစွမ်းရည်ရော ပုံဖော်တဲ့စွမ်းရည်ရောပဲ အကုန်လေ့ကျင့်ရမယ်..."
ယန်မိန်ကျီကနှင်းများကိုလှဲကျင်းနေရင်းပြောသည်။
သူမ၏အကြည့်က တံခါးဘောင်ကိုမှီ၍အရည်ထွက်လုမတတ်ပျင်းရိနေသောအန်းရှန်ကိုယ်ပေါ်သို့ရောက်ရှိသွားသည်။
အန်းရှန်၏ရီဝေဝေအကြည့်များက ယန်မိန်ကျီပေါ်၌ကပ်ငြိနေပြီးသူမကလက်ညိုးတစ်ချောင်းဖြင့် နီစိုစိုနှုတ်ခမ်းတစ်စုံပေါ်သို့အသာဖိကပ်ပြလိုက်သည်။
"အို ကျီကျီလေးရယ်အလျင်မလိုပါနဲ့ ဒီနေ့ကသာယာတဲ့နေ့လေးတစ်နေ့ မင်းအဲ့ဒါကိုခံစားရမယ်လေ ပိုင်ရှင်ပုလည်းဒီမှာရှိတာမှမဟုတ်တာနည်းနည်းအချောင်ခိုရင်လည်းဘယ်သူသိမှာကျလို့ကွာ မိန်းကလေးတစ်ယောက်ကကိုယ့်ကိုယ့်ကိုယ်ကောင်းကောင်းဆက်ဆံတတ်ရတယ် ပင်ပန်းရင်အနားယူရမယ်လေ..."
"ငါ့ကိုကျီကျီလေးလို့မခေါ်စမ်းနဲ့ ငါ့နာမည်ယန်မိန်ကျီ နောက်ပြီးတော့ပိုင်ရှင်ပုဒီမှာမရှိလဲငါတို့အရည်အချင်း ငါတို့တိုးတက်အောင်လေ့ကျင့်နေရမှာပဲ မဟုတ်ရင် သူပြန်လာပြီးစစ်ဆေးတဲ့အခါ ဒေါသူပုန်ထနေဦးမယ်..."
ယန်မိန်ကျီကပြောပြောဆိုဆိုဖြင့်နှင်းပုံတစ်ခုကိုလှဲကျင်းလိုက်ပြန်သည်။သူမကနှင်းခဲများအား စနစ်တကျလှဲကျင်း၍အလယ်၌ လူသွားလမ်းတစ်လမ်းဖြစ်လာအောင်ပြုလုပ်နေသည်။
" မဟုတ်တာ ပိုင်ရှင်ပုကပြန်လာဦးမှာမဟုတ်သေးပါဘူး ဟင်းချက်တာဖြစ်ဖြစ်ဘာဖြစ်ဖြစ်အနားယူတာနဲ့လေ့ကျင့်တာကိုတွဲပြီးလုပ်ဖို့လိုတယ်လေ အကယ်၍ပိုင်ရှင်ပုပြန်လာပြီးငါတို့အပေါ်ဒေါသထွက်တယ်ပဲထားဦးသူကဘာလုပ်မှာလဲ ငါတို့ကိုရိုက်မှာလား..."
အန်းရှန်က သူမ၏ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်လေးလှုပ်ခါသွားသည်ထိ တခစ်ခစ်ရယ်မောနေကာ နောက်ပြောင်ကျီစယ်သောအကြည့်တို့ဖြင့် ယန်မိန်ကျီအားသူမတင်ပါးကို ဟိုဘက်ဒီဘက်ပင်ခါယမ်းပြလိုက်သေးသည်။
ယန်မိန်ကျီတစ်ယောက် အန်းရှန်ကိုကြည့်၍ပြောစရာစကားလုံးများပျောက်ရှသွားရချေ၏။
မလှမ်းမကမ်းတွင်လူနှစ်ဦးကစားသောက်ဆိုင်ဆီသို့လျောက်လှမ်းလာနေသည်။
ယန်မိန်ကျီကထိုနှစ်ဦးကိုတွေ့မြင်သွားသည်နှင့်ရှက်သွေးဖြာလာကာ နေရာတွင်တောင့်ခဲလျက်ရှိသည်။သူမကစိတ်လှုပ်ရှားနေသည့်အတွက်စကားပင်ပြောမထွက်ချေ။
အန်းရှန့်က ယန်မိန်ကျီ၏မျက်နှာပေါ်ရှိအပြောင်းအလဲကိုသတိထားမိသွားသောအခါ သူမကတခစ်ခစ်ရယ်မောလိုက်ပြန်သည်။
"ကျီကျီလေးရေ နင့်ချစ်သူကောင်လေးလာနေပြီ ကောင်းကောင်းလုပ်နော်..."
နန်းကုန်းဝူချယ်နှင့် နန်းကုန်းဝမ်တို့ကစားသောက်ဆိုင်ဆီသို့အတူတကွလျှောက်လာကြသည်။သူတို့နှစ်ဦးသည် တိမ်ခိုးသို့နေ့စဉ်အလေ့အထတစ်ခုအလားပုံမှန်လာရောက်စားသောက်တတ်ကြ၏။
အဝေးရှိ နန်းကုန်းဝူချယ်က နှင်းများကိုရှင်းလင်းနေသောယန်မိန်ကျီနှင့် တံခါးဘောင်ကိုမှီကာရပ်နေသောအန်းရှန်အားမြင်တွေ့သွားသည်။
" ကောင်းသောမနက်ခင်းပါ ကျီကျီလေး..."
နန်းကုန်းဝူချယ်ကသူ၏လက်တစ်ဖက်ကိုမြှောက်၍ ယန်မိန်ကျီထံသို့ဝှေ့ယမ်းပြနေသည်။
ယန်မိန်ကျီက ပိုလို့ပင်ရှက်သွေးဖြန်းသွားရပြီး ရှက်လွန်းသဖြင့်ချက်ချင်းတုံ့ပြန်ခြင်းပင်မပြုနိုင်ချေ။
" ကျီကျီလေးမဟုတ်ဘူး... မိန်းကလေးယန်မိန်ကျီပါ..."
ယန်မိန်ကျီက နန်းကုန်းဝူချယ်ကိုအမှန်ပြင်ပေးသည်။
နန်းကုန်းဝူချယ်က သူမကိုပြုံးပြလိုက်၏။
ရုတ်ချည်းဆိုသလိုကောင်းကင်ယံမှကျယ်လောင်သောထစ်ချုန်းသံကြီးမြည်ဟီးသွားသည်။
လေးယောက်သားမှာ အံ့သြမှင်သက်သွားကြရပြီးမော့ကြည့်လိုက်ကြရာ ကောင်းကင်ပေါ်မှသက်ဆင်းလာသောငရဲကမ္ဘာသင်္ဘောကြီးကို မြင်တွေ့လိုက်ကြရသည်။
နန်းကုန်းဝူချယ်၏ မျက်လုံးများအတွင်းရောင်ပြန်ဟပ်နေသောငရဲကမ္ဘာသင်္ဘော၏ပုံရိပ်မှာ တစ်စထက်တစ်စကြီးမားလာသည့်အတွက် အလျင်အမြန်လမ်းဖယ်ပေးလိုက်ရချေ၏။
သင်္ဘောသက်ဆင်းလာမှုက လေပြင်းများကိုဖြစ်ပေါ်လာစေပြီး နှင်းခဲများကနေရာအနှံ့လွင့်စင်သွားသည်။မကြာမီ၎င်းကစားသောက်ဆိုင်ရှေ့တွင်ရပ်တန့်လိုက်ပေသည်။
အန်းရှန်က ငရဲကမ္ဘာသင်္ဘောအားကြောင်အစွာကြည့်ရှုနေမိပြီး သူမ၏နှုတ်ခမ်းထောင့်များတွန့်လိမ်သွားသည်။
ရုတ်တရက်ဆိုသလိုသူမမကောင်းသောအာရုံတစ်ခုကိုခံစားလိုက်ရချေ၏။ပိုင်ရှင်ပုပြန်လာခြင်းပေလား...
ငရဲကမ္ဘာသင်္ဘောပေါ်မှတစ်ယောက်ပြီးတစ်ယောက်ဆင်းသက်လာကြသည်။
နယ်သာရီကသူမလက်ထဲ၌သွေးကျောက်ပုစွန်အစပ်ကိုကိုင်လျက်ပျော်ရွှင်စွာစားသောက်နေပြီး သူမသင်္ဘောပေါ်မှဆင်းလာသောအခါ နန်းကုန်းဝူချယ်၏ရှေ့တည့်တည့်သို့ရောက်ရှိသွားသည်။
" အစ် အစ်မကြီး နယ်သာရီ..."
နန်းကုန်းဝူချယ်တစ်ယောက် နယ်သာရီအပေါ်ရှိ သူ၏အကြောက်တရားအား လွယ်လွယ်ရှင်းထုတ်ပစ်နိုင်မည်မဟုတ်မှန်းသဘောပေါက်သွားရသည်။
နယ်သာရီက နန်းကုန်းဝူချယ်ကို တွေ့သောအခါအံ့အားသင့်သွားရပြီးသူမ၏ဆီနစ်နေသော နီရဲရဲနှုတ်ခမ်းလွှာလေးများပွင့်ဟသွားသည်။
သူမပါးစပ်တွင်းမှထွက်ပေါ်လာသောမွှေးပျံ့သည့်ရနံ့ကြောင့် နန်းကုန်းဝူချယ်တစ်ယောက်တုန်လှုပ်သွားရသည်။
ဘာများလဲ မွှေးလိုက်တာ...
ငရဲဘုရင်အာဟက သင်္ဘောပေါ်မှမှုန်ကုပ်ကုန်ဖြင့်ဆင်းလာကာနယ်သာရီအားစိုက်ကြည့်နေ၏။သူက သူမလောက်သွေးကျောက်ပုစွန်များကိုမစားနိုင်ခဲ့ချေ။သူကသာလျှင်သွေးကျောက်ပုစွန်များထံမှပြုစားခံခဲ့ရသူမဟုတ်ပါလား...ထိုသည်ကိုပင်ဤမိန်းကလေးအားမယှဉ်နိုင်ခဲ့...
နာကျင်လိုက်တာငါ့ရဲ့သွေးကျောက်ပုစွန်လေးတွေရေ...
ထိုအခိုက်အတန့်တွင် သူ၏အမူအယာသည်နှင်းကိုက်နာကြောင့်ပုပ်သိုးနေသော ခရမ်းသီးတစ်ခုအလားပင်။အာဟကသူ၏ဝမ်းနည်းမှုကိုဖြေလျော့ရန်အတွက်မှုန်ကုပ်ကုပ်အမူအယာဖြင့် အစပ်ချောင်းတစ်ချောင်းကိုကိုက်စုပ်နေတော့၏။
ယန်မိန်ကျီနှင့် အန်းရှန်တို့က ငရဲကမ္ဘာသင်္ဘောပေါ်မှဆင်းလာသောပုဖန်ကိုမြင်တွေ့လိုက်ကြရသည်။
ယန်မိန်ကျီကအလွန်ပျော်ရွှင်သွားပြီး အန်းရှန်၏အမူအယာမှာမူတစ်စစီကျိုးပဲ့လို့သွားရသည်။
သူမ၏ပါးစပ်ကအမှန်ကို ကျိန်စာသင့်ပါးစပ်ပုပ်ကြီးပါပေ။အနှီကြောက်စရာ ပိုင်ရှင်ပုကအဘယ့်ကြောင့်ရုတ်တရက်ဆန်စွာမြူကောင်းကင်မြို့သို့ပြန်လည်ရောက်ရှိလာသနည်း။
"အကုန်ဒီမှာရှိနေကြတာပဲ မတွေ့ရတာတောင်ကြာပြီ လေ့ကျင့်တာရောအခြေအနေဘယ်လိုလဲ..."
ပုဖန်၏မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေပြီး ယန်မိန်ကျီနှင့်အန်းရှန်တို့ကိုကြည့်ကာ မေးမြန်းလိုက်သည်။