အခန်း ၈၉၀
ပုဖန် မင်းပြောင်းလဲသွားပြီ...
ယန်မိန်ကျီနှင့်အန်းရှန်တို့သည် ပုဖန်တစ်ယောက်ပြန်လာမည်ဟု မျှော်လင့်မထားခဲ့ကြချေ။ ဤသို့ရုတ်တရက်ဆန်စွာ ကောင်းကင်ပေါ်မှ သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးကြပေ။
ယန်မိန်ကျီက ပုဖန်ပြန်လာသည့်အပေါ်ပျော်ရွှင်မိခြင်းမှ တစ်ပါးအခြားမခံစားရချေ။
အန်းရှန်မှာမူ အနည်းငယ်စိုးရိမ်ပူပန်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် သူမကယခုတလော အတော်လေးရေသာခိုနေမိသည်မဟုတ်ပါလား...
ပုဖန်ကသူတို့နှစ်ဦး၏ အမူအယာများကိုကြည့်ရှုလိုက်သည်နှင့်နှစ်ဦးသားခေါင်းထဲရှိအတွေးများကို ခန့်မှန်းနိုင်ခဲ့သည်။
ပုဖန် မျက်ခုံးတစ်ချက်သာပင့်လိုက်ပြီး မည်သည့်စကား မျှမဆိုချေ။ သူကလက်ပိုက်လျက် တိမ်ခိုးစားသောက်ဆိုင်အတွင်းသို့ လျှောက်လှမ်းသွား၏။
နန်ကုန်းဝူချယ်က ပုဖန်ကိုတွေ့သောအခါအကြောက်တရားများလျော့ကျသွားပြီး သူ၏မျက်လုံးများ အနည်းငယ်တောက်ပလာသည်။
"ပုကြီး နောက်ဆုံးတော့ပြန်လာပြီပေါ့ အရမ်းသတိရနေတာ..."
နန်းကုန်းဝူချယ်က အော်ဟစ်လိုက်ပြီးပုဖန်ထံ သို့ပြေးလာလေသည်။
ပုဖန်က နန်းကုန်းဝူချယ်အား လှည့်ကြည့်လိုက်သည်။တစ်ဖက်လူကိုတွေ့သောအခါသူ၏နှုတ်ခမ်းစွန်းများက နူးညံ့စွာကွေးညွတ်သွားပြီး ခေါင်းတစ်ချက်ငြိမ့်ပြလိုက်၏။
မှော်ကဝေအန်းရှန့်က ရှက်ရွံသောအပြုံးတစ်ခုနှင့်ရပ်နေပြီး သူမဘာလုပ်ရမည်မသိဖြစ်နေသည်။
ထိုစဉ်ပုဖန်က အန်းရှန့်နံဘေးမှဖြတ်လျှောက်သွားကာ အတက်အကျမရှိသောလေသံဖြင့်ဆိုသည်။
" ဘာမှမပြောနဲ့ မင်းတို့ရဲ့အချက်အပြုတ်စွမ်းရည်တွေကိုစစ်ဆေးမယ်..."
တကယ်ကြီးလား...
ရုတ်ချည်းဆိုသလိုမှော်ကဝေအန်းရှန့်၏မျက်နှာပေါ်၌အကျည်းတန်သောအပြုံးတစ်ခုဖြစ်တည်လို့သွားသည်။
ရှင်ကပိုင်ရှင်ပဲ ရှင့်စကားကိုနာခံရမှာပေါ့...
ယန်မိန်ကျီက တံမြက်စည်းကိုဘေးသို့တွန်းပို့၍ သူမ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ ပုဖန်နောက်မှ စိတ်လှုပ်ရှားစွာ လိုက်ပါလာသည်။အန်းရှန့်သည်လည်း ထိုနှစ်ဦးနောက်မှလိုက်ပါသွားပြီး သူမ၏အိပ်ယာနိုးစပျင်းရိလေးတွဲ့နေဟန်တို့မှာ အရိပ်အယောင်ပင်ရှာမရတော့ချေ။
နယ်သာရီနှင့် အခြားလူများလည်း စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
ဇီယွင်က ပတ်ပတ်လည်ကိုစိတ်ဝင်တစားကြည့်ရှုနေကာ သူမ၏မျက်ဝန်းများအတွင်း ရွှင်မြူးရိပ်တို့ထင်ဟပ်နေသည်။
ဤစားသောက်ဆိုင်သည် ထောင်တျဲ့စားသောက်ဆိုင်နှင်တစ်ထပ်တည်းတူညီလေသည်။
ပိုင်ရှင်ပုထံ၌ စားသောက်ဆိုင်ပေါင်းမည်မျှရှိပါသနည်း။
ဇီယွင်က အမှန်ကိုသိချင်စိတ်ပြင်းပြသွားမိသည်။
ပုဖန်က ဆိုင်အတွင်းသို့ရောက်သောအခါသူ၏အတောင်ပံများကိုဖြန့်ကျက်လျက်ပြေးလွှားနေသော ရှစ်လေးကို တွေ့လိုက်ရသည်။ရှစ်လေးကလည်း ပုဖန်ကိုတွေ့မြင်သွားသည်။ကြက်ကခေတ္တမျှရပ်တန့်သွားကာ ပုဖန်ကို စိုက်ကြည့်နေပြီးနောက် သူ၏အတောင်ပံများကို ဆက်လက်လှုပ်ခါကာ အရူးတစ်ယောက်ကဲ့သို့လှည့်ပတ်ပြေးလွှားနေလေသည်။
ရှစ်လေးက မရပ်မနားဖြင့်အားကြိုးမာန်တက်ကိုပြေးလွှားနေသည်။
ပုဖန်ကတစ်ကောင်တည်းအရူးလိုပြေးလွှားနေသောကြက်အားကြည့်၍ ပိုမိုကျယ်ဝန်းသောနေရာတစ်ခု ပေးသင့်ကြောင်းသာတွေးနေမိသည်။စနစ်လယ်ယာမြေကအသင့်တော်ဆုံးဖြစ်သည်ကို ငြင်း၍မရချေ။
ပုဖန်၏အကြည့်များက ရှစ်လေးကို တုန်ယင်သွားစေပြီး ကြက်မွှေးများထောင်လာကာသူ၏ ဦးခေါင်းကိုမ၍ပတ်ဝန်းကျင်သို့လှည့်ပတ်ကြည့်ရှုလိုက်၏။
ပုဖန်က ဘာဆိုဘာမျှမလုပ်ရပါချေ။သူကမီးဖိုချောင်တွင်းကိုသာ တည့်မတ်စွာလျှောက်ဝင်လာခဲ့သည်။
စိတ်လှုပ်ရှားနေသောယန်မိန်ကျီနှင့် စိတ်ဓာတ်ကျစွာ ခေါင်းငုံ့ထားသောမှော်ကဝေအန်းရှန့်တို့က သူ၏နောက်တွင်ရပ်နေကြသည်။
မီးဖိုချောင်အတွင်းသို့ရောက်သည်နှင့် စမ်းသပ်မှုကိုစတင်လိုက်သည်။သူက အလုပ်သင်နှစ်ဦးအား သူမတို့စွမ်းဆောင်နိုင်သမျှအကောင်းဆုံးလက်ရာဖြင့် သူ့အတွက်ချက်ပြုတ်ပေးစေ၏။
ယန်မိန်ကျီကညစိတ်လှုပ်ရှားစွာဖြင့်သူမ၏မီးဖိုချောင်သုံးဓားအား စဉ်းတီတုံးပေါ်သို့ထိုးစိုက်လိုက်ပြီးပုဖန်ထံသို့အော်ပြောလာသည်။
"ပိုင်ရှင်ပုစောင့်ကြည့်နေပါ ကျွန်မရှင့်ကိုစိတ်မပျက်စေရဘူး..."
မှော်ကဝေအန်းရှန့်က သူမ၏ဓားကိုချိနဲ့စွာကိုင်မလိုက်၏။ ပိုင်ရှင်ပုကသူမကိုရိုက်မှာလား။
ပုဖန်၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူမတို့နှစ်ဦးက ကိုယ်ပိုင်မီးဖိုအသီးသီးတွင်စတင်ချက်ပြုတ်ကြရသည်။
သူမတို့နှစ်ဦးတို့ချက်ပြုတ်နေကြစဉ် ပုဖန်က စတိုခန်းဆီသို့လျှောက်လှမ်းသွားသည်။စတိုခန်းတံခါးကိုဖွင့်လှစ်လိုက်သည်နှင့်သိပ်သည်းသော ဝိဉာဉ်စွမ်းအင်များစိမ့်ထွက်လာပေသည်။
တောက်ပကွန့်မြူးနေသော ဖီးနစ်ဥကထိုနေရာ၌ခန့်ညားစွာတည်ရှိနေ၏။
ပုဖန်ကဖီးနစ်ဥအပေါ်လေးနက်စွာတန်ဖိုးထားသည်။
သူဤဥကိုတွေ့ရှိခဲ့ချိန်သည် နယ်သာရီနှင့်စတင်တွေ့ဆုံခဲ့ချိန်လည်းဖြစ်၏။
ယခင်ကနယ်သာရီသည် ကိုယ်တွင်းရှိ ငရဲစွမ်းအင်နှင့်ကျိန်စာကိုဖယ်ထုတ်ရန် ဖီးနစ်ဥ၏အနှစ်သာရကိုလိုအပ်သည်ဟုပြောခဲ့ဖူးသည်။
သို့သော် ယခုလက်ရှိတွင် ပုဖန်ကသူမအားတန်ဖိုးရှိသော အစားကောင်းများစွာဖြင့်ကူညီပေးနေခဲ့ရာ သူမကိုယ်တွင်းရှိကျိန်စာမှာဖြည်းညင်းစွာလျော့ပါးလာနေသည်။အထူးသဖြင့်သေခြင်းတရားစွမ်းအင်တို့ဆိုလျှင်ပျောက်ကွယ်သွားလုနီးပါးပင် ဖြစ်ချေသည်။
ထို့ကြောင့်သာ ဖီးနစ်ဥကဤနေရာတွင်အကောင်းတိုင်းကျန်ရှိနေခြင်းဖြစ်၏။ယခုမူပုဖန်က ဥထမင်းကြော်ကိုချက်ပြုတ်မည်ဖြစ်သည့်အတွက် ဥကိုထုတ်ယူလိုက်တော့သည်။
ပုဖန်က ဥကိုသယ်ဆောင်ထားရင်း ယန်မိန်ကျီနှင့် အန်းရှန့်တို့၏မီးဖိုများအနီးသို့သွားရောက်ကာ သူတို့၏ချက်ပြုတ်နည်းဟန်များကို ဂရုတစိုက်လေ့လာနေသည်။
ယန်မိန်ကျီက နံရိုးချိုချဉ်ကြော်ကိုချက်ပြုတ်နေကာ အတော်လေးကျွမ်းကျင်နေဟန်ရှိ၏။
အန်းရှန့်က ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုချက်ပြုတ်နေသည်။ပုဖန်ကသူမထံသို့အဓိပ္ပာယ်ပါသောအကြည့်တစ်ချက်ပို့လွှတ်လိုက်သည်။
ဤမိန်းကလေး အပျင်းထူနေခဲ့သည်ပေ။
ပုဖန်ကသူမတို့နှစ်ဦးချက်ပြုတ်နေသည်အား ဆက်လက်မကြည့်ရှုရန်ဆုံးဖြတ်လိုက်သည်။သူ၏တည်ရှိနေမှုက သူမတို့အမှားလုပ်မိရန် ဖိအားတစ်ခုဖြစ်စေလိမ့်မည်။
" ပြီးရင်ငါ့ဆီယူလာခဲ့..."
ပုဖန်ကနှစ်ဦးစလုံးကို ထိုသို့မှာကြား၍မီးဖိုချောင်တွင်းမှထွက်ခွာလာခဲ့သည်။
အန်းရှန့်၏မျက်နှာပေါ်တွင် သူမငိုကြွေးခြင်းထက်ပင်အရုပ်ဆိုးသောအပြုံးတစ်ခုဖြစ်ပေါ်လာသည်။
ရှင်ကသူဌေးပဲ ရှင်ကျေနပ်ဖို့လိုပါတယ်...
ယန်မိန်ကျီကယုံကြည်ချက်ပြင်းထန်နေကာသူမကအားကြိုးမာန်တက်ခေါင်းငြိမ့်ပြသည်။
"ပိုင်ရှင်ပု ကျွန်မရှင့်ကိုစိတ်မပျက်စေရပါဘူး..."
ပုဖန်ကမီးဖိုချောင်မှထွက်လာကာသူ၏စားသောက်ဆိုင်အတွင်းသို့ရောက်ရှိလာသည်။
စားသောက်ဆိုင်အတွင်းထိုင်နေကြသူများကပုဖန်လက်ထဲရှိ ဖီးနစ်ဥထံမှဆွဲဆောင်ခံလိုက်ကြရသည်။
ထိုဥသည်ကြီးမားတောက်ပြောင်ကာ ရောင်ဝါများကွန်မြူးနေသည်မှာအံ့အားသင့်ဖွယ်ကောင်းလှပေသည်။
နယ်သာရီက ဖီးနစ်ဥကိုမြင်သောအခါသူမမျက်ဝန်းများတောက်ပသွားသည်။
"ငါ့ဥ..."
နယ်သာရီကပြောသည်။
ပုဖန်ကနယ်သာရီကိုကြည့်လျက် ခေါင်းထိုးကိုက်သွားရလေသည်။သူမကဘယ်လိုများယခုထိမှတ်မိနေနိုင်သေးပါသနည်း။
" အဲဒါငါ့ရဲ့ဥ..."
နယ်သာရီကလေးလေးနက်နက်ထပ်ပြောသည်။
နယ်သာရီကပုဖန်သူမကို ဖီးနစ်ဥစားနည်းသင်ပေးခဲ့သည်အချိန်အားကောင်းစွာမှတ်မိနေသေးသည်။
ပုဖန်ကဥကိုကိုင်ဆောင်ထားရင်း ပါးစပ်ကိုတင်းတင်းစေ့ပိတ်လိုက်သည်။
"နယ်သာရီအပေးအယူလုပ်ရအောင် ဒီဥအတွက်နဂါးသွေးထမင်းကြော်ငါးပွဲ ဘယ်လိုလဲ..."
ပုဖန်ကကမ်းလှမ်းလိုက်သည်။သူ့ထံတွင်သူမကိုစည်းရုံးရန် အစားကောင်းအသောက်ကောင်းများမှတစ်ပါးအခြားမရှိချေ။
နယ်သာရီ၏အမူအယာက ပြောင်းလဲမသွားပေ။သူမကပုဖန်ကိုတည့်တည့်ကြည့်၍နှုတ်ခမ်းနှစ်လွှာကိုဖွင့်ဟကာ ပြတ်ပြတ်သားသားငြင်းဆိုလိုက်သည်။
"ငါမလိုချင်ဘူး..."
ပုဖန်၏ခန္ဓာကိုယ်တောင့်တင်းသွားသည်။သူမကို နဂါးသွေးထမင်းကြော်နှင့်ပင်ဆွဲဆောင်၍မရနိုင်သည်လော...
သူမက ဖီးနစ်ဥအားမည်မျှထိစွဲလမ်းနေပါသနည်း။
" သွေးကျောက်ပုစွန်အစပ်ဆယ်ကောင်..."
နယ်သာရီက ကြာမြင့်စွာတွေးတောပြီးနောက်မှာပုဖန်ကိုညှိနှိုင်းလိုက်သည်။
ဖြီးးး
မလှမ်းမကမ်းတွင်ရေထိုင်သောက်နေသောငရဲဘုရင်အာဟက ဤသည်ကိုကြားသောအခါသောက်လက်စရေများပြန်အန်ထွက်ကုန်လေ၏။
ဤမိန်းကလေးကစံပါပေ။ပုဖန်ကဲ့သို့ကပ်စေးနှဲတစ်ဦးကသူမ၏တောင်းဆိုချက်ကိုမည်သို့သဘောတူပါလိမ့်မည်နည်း။
ဒီဘုရင်တောင် သုံးကောင်ပဲတောင်းရဲတာ...ဆယ်ကောင်တဲ့လား ရိုးရိုးလေးကိုဒါကအရှက်မရှိလွန်းတာပဲကွ...
ငရဲဘုရင်အာဟက ပုဖန်ငြင်းဆိုလိုက်သောအခါဖြစ်ပေါ်လာမည့်နယ်သာရီ၏အမူအယာကိုအူမြူးစွာစောင့်ကြည့်နေသည်။
သို့သော်ကြောင်အသွားရသူမှာသူသာဖြစ်၏။
အဘယ့်ကြောင့်ဆိုသော်အကျိုးအမြတ်များကိုချိန်ဆတွက်ချက်ပြီးသည့်နောက်တွင် ပုဖန်ကဖြေကြားခဲ့သည်။
"ကောင်းပြီသဘောတူတယ်..."
စောင်ကျိုးနည်း...
ဘာရယ်ကွ...
လူငယ်လေးပုဖန်မင်းပြောင်းလဲသွားပြီ...
ခုတော့မင်းကဒီအချိုးချိုးပြီပေါ့...
အဲဒီလို မင်းကိုနှိမ့်ချချိုးဖဲ့ပြီးခေါင်းပုံဖြတ်တဲ့တောင်းဆိုမှုမျိုးကို မင်းကလက်ခံလိုက်တယ်ပေါ့လေ...
ငရဲဘုရင်အာဟသည် ခွေးဘုရင်၏လက်သည်းဖြင့်ကုတ်ဖဲ့ခံရခြင်းထက်ပင်နာနာကျင်ကျင်ထိခိုက်သွားရသည်။
"ငါကန့်ကွက်တယ် ဒီကောင်မလေးကျဘာလို့သွေးကျောက်ပုစွန်ဆယ်ကောင်ရတာလဲကွ..."
အာဟကရှူးရှုးရှဲရှဲဖြင့်ငြင်းချက်ထုတ်လာသည်။
နယ်သာရီ၏ခံစားချက်ကင်းမဲ့နေသောအမူအယာကပြောင်းလဲမသွားဘဲ ငရဲဘုရင်အာဟကိုစိုက်ကြည့်ကာပြောသည်။
" ပါးစပ်ပိတ်ထားလည်း ရှင်အနေတယ်လို့ဘယ်သူကမှမထင်ပါဘူး..."
ငရဲဘုရင်ကတောင့်ခဲသွားရသည်။ဤကလေးမက ယခုတလောတွင်တော်တော်လေးရန်မူတတ်လာပေသည်။
ပုဖန်ကငရဲဘုရင်အာဟကိုကြည့်၍ပခုံးတွန့်ပြလိုက်သည်။
" ကန့်ကွက်မှုကိုပယ်ချပါတယ်..."
သူနီယန်ကိုကယ်တင်လိုပါက ဖီးနစ်ဥကိုအသုံးပြုရမည်ဖြစ်ပြီးသွေးကျောက်ပုစွန်ဆယ်ကောင်နှင့်လဲလှယ်ရုံမှလွဲ အခြားရွေးချယ်စရာမရှိပေ။
နယ်သာရီကခပ်တိုးတိုးလှောင်ရယ်၍ခုံပေါ်သို့လှည့်ထိုင်လိုက်သောအခါသူမ၏ပိတုန်းရောင်ဆံနွယ်များယိမ်းနွဲ့သွားသည်။
အချိန်တစ်ခုကြာသောအခါ ယန်မိန်ကျီနှင့် အန်းရှန့်တို့က သူမတို့၏ဟင်းပွဲများကို ကိုယ်ဆီသယ်ဆောင်လျက်မီးဖိုချောင်တွင်းမှထွက်လာကြသည်။
ယန်မိန်ကျီကမွှေးပျံသောရနံ့ရှိသည့် နံရိုးချိုချဉ်ကြော်ပန်းကန်လုံးအားသယ်ဆောင်လာသည်။သိမြင်မှုသစ်ပင်အောက်မှခွေးဘုရင်က ထိုရနံ့ကိုရသောအခါ ချက်ချင်းခေါင်းထောင်လာ၏။
သို့သော်ခွေးဘုရင်က သွေးကျောက်ပုစွန်အများအပြားစားသောက်ထားသဖြင့် အမှန်တကယ်ဗိုက်ဆာမနေပါချေ။ခွေးဘုရင်ကသူ၏လျှာကိုထုတ်၍နှုတ်ခမ်းသပ်လိုက်ပြီး မတတ်နိုင်စွာစားမြုံ့ပြန်လိုက်မိသည်။သွေးကျောက်ပုစွန်အစပ်၏အရသာမှာမုချအံ့မခန်းဖြစ်ချေသည်။
ပုဖန်ကလူတိုင်း၏အာရုံကိုစွဲဆောင်နေသော ဖီးနစ်ဥအားစားပွဲထက်တွင် ချထားလိုက်ပြီး အလုပ်သင်နှစ်ဦး၏ဟင်းပွဲများအားမြည်းစမ်းရန်ပြင်လိုက်သည်။
ယန်မိန်ကျီက ယုံကြည်မှုရှိစွာဖြင့်သူမ၏နံရိုးချိုချဉ်ကြော်ကိုပုဖန်ရှေ့သို့တရိုတသေချပေးလာသည်။
အန်းရှန့်ကလည်း သက်ပြင်းယဲ့ယဲ့ချလိုက်ပြီးနောက်သူမလက်ထဲမှအငွေ့တထောင်းထောင်းငါးခေါင်းတို့ဖူးစွပ်ပြုတ်အားစားပွဲပေါ်သို့တင်ပေးလိုက်သည်။
ပုဖန်ကတူတစ်စုံယူကာချိန်ညှိလိုက်ပြီး နံရိုးချိုချဉ်ကြော်တစ်ပိုင်းကိုညှပ်ယူလိုက်သည်။
နံရိုးချိုချဉ်ကြော်မှာ ပန်းနီရောင်သန်းလျက် မွှေးကြိုင်သင်းပျံ့လျက်ရှိကာ သူမယူလိုက်ချိန်တွင်စေးကပ်မှုကိုခံစားလိုက်ရသည်။
ပုဖန်ကပါးစပ်ဟ၍နံရိုးချိုချဉ်ကြော်တစ်ပိုင်းအားထည့်သွင်းလိုက်သည်။
ကြေညက်အောင်ဝါး၍အရသာခံကြည့်သောအခါ အသား၏အဆီအနှစ်တို့ကခံတွင်းအပြည့်ယိုစိမ့်လာ၏။အသားရနံ့နှင့် ဝိုင်၏မွှေးရနံ့တို့မှာအစပ်အဟပ်ညီစွာရောစပ်၍အရသာကိုထူးကဲသာလွန်စေရန်အားဖြည့်ပေးသည်။
ပုဖန်၏ မျက်ခုံးတန်းများအသာမြင့်တက်သွားရသည်။ယန်မိန်ကျီ၏အချက်အပြုတ်စွမ်းရည်ကကောင်းမွန်စွာတိုးတက်လာသည်ပေ။
" မဆိုးဘူး ပြစ်ချက်တစ်ချို့တော့ကျိန်းသေရှိနေသေးတာပေါ့..."
ပုဖန်ကအသားကိုမြိုချလိုက်ကာ ထပ်လောင်းပြောလာသည်။
" အပူချိန်ထိန်းညှိတဲ့နေရာမှာ လိုအပ်နေသေးတယ် မင်းကြော်ထားတဲ့အသားကအကျက်လွန်နေပြီ ဓားသုံးတဲ့နေရာမှာလည်းလိုအပ်နေသေးတယ် အသားပြုတ်တဲ့အချိန်မှာလည်းမလုပ်သင့်တဲ့အမှားတစ်ချို့လုပ်မိနေသေးတယ်... ဒါပါပဲကျန်တာအကုန်ကောင်းပါတယ် မင်းကြိုးကြိုးစားစားလေ့ကျင့်ထားမှန်းငါပြောနိုင်တယ်..."
ယန်မိန်ကျီက စိတ်အားထက်သန်စွာဖြင့်ပုဖန်၏မှတ်ချက်များကိုဂရုတစိုက်နားထောင်နေသည်။
တိမ်ခိုးမှာ သူမမိသားစုစဉ်ဆက်လက်ဆင့်ကမ်းခဲ့သောစားသောက်ဆိုင်ဖြစ်ပြီး ထူးချွန်သောစာဖိုးမှူးတစ်ယောက်ဖြစ်လာခြင်းကသူမဖခင်၏ဆန္ဒအားဖြည့်ဆည်းပေးရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သူမဘယ်တုန်းကမျှပျင်းရိမနေခဲ့ပါချေ။
ပုဖန်၏အားပေးစကားကို ကြားရပြီးသည့်နောက်သူမစိတ်ဓာတ်များတက်ကြွလာသည်။
ပုဖန်ထောက်ပြခဲ့သော အမှားအယွင်းတိုင်းကိုသူမအတိအကျမှတ်မိပြီး သူမတွင်ရှိသမျှအကောင်းဆုံးတို့ဖြင့်ပြုပြင်နိုင်ရန်ကြိုးစားမည်ဖြစ်သည်။
ယခုက အန်းရှန့်၏ငါးခေါင်းတို့ဖူးစွပ်ပြုတ်ကို မြည်းစမ်းရမည့်အလှည့်ဖြစ်ကာ သူမက အနည်းငယ်မတည်မငြိမ်ဖြစ်လို့နေသည်။
သူမက ပုဖန်အားကြောက်ရွံ့မှုအနည်းငယ်ဖြင့်ကြည့်ရှုလိုက်သည်။
အန်းရှန့်၏အကြောက်တရားကို ခံစားမိသဖြင့်ပုဖန်၏နှုတ်ခမ်းစွန်းများက.ကွေးညွတ်သွားသည်။သူကကြွေပန်းလုံးတွင်းရှိစွပ်ပြုတ်မှ ငါးအသားဖတ်တစ်ခုနှင့်တို့ဖူးတစ်တုံးကိုခပ်ယူလိုက်သည်။
ချောမွေ့ကာ နို့နစ်ရောင်သမ်းသောစွပ်ပြုတ်ရည်ပူနွေးနွေးက ပါးစပ်အတွင်းပျော်ဝင်သွားကာ မွှေးရနံ့တို့ပျံ့လွင့်လာသည်။
ပုဖန်၏အမူအယာကပြောင်းလဲသွားခြင်းမရှိဘဲ ငါးအသားဖတ်ကိုကောက်ယူကာဝါးလိုက်သည်။
ထို့အတူ ပြောင်းလဲခြင်းမရှိသောအမူအယာဖြင့် တို့ဟူးတစ်တုံ့အားကောက်ယူကာပါးစပ်ထဲသို့ထည့်လိုက်ပြန်သည်။
ထို့နောက်ပန်းကန်လုံးနှင့်တူအားစားပွဲထက်သိူ့ပြန်ချထားလိုက်ပြီး အန်းရှန့်ကိုမော့ကြည့်လိုက်သည်။
အခြားသူများကပုဖန်၏မျက်နှာကိုစူးစိုက်ကြည့်နေကြကာ သိချင်စိတ်တို့ပြင်းပြနေ၏။သူတို့က ဤဟင်းပွဲကတကယ်ကောင်းလိမ့်မည်ဟုတွေးထင်ကြသည်။
လေထုထဲရှိနွေးထွေးသောရနံ့လှိုင်လှိုင်က လူတိုင်းကိုဆာလောင်စေသည်။
" ငါထောက်မပြရင်တောင် မင်းအမှားတွေကိုမင်းသိမယ်လို့ထင်ပါတယ်..."
ပုဖန်၏မျက်နှာအမူအယာကစိုးစဉ်းမျှပင်ပြောင်းလဲသွားခြင်းမရှိပေ။
မှော်ကဝေအန်းရှန့်က ကြက်ကလေးအစာကောက်သကဲ့သို့ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
" ပထမဆုံး မင်းရဲ့ဓားကျွမ်းကျင်မှုကမလုံလောက်ဘူး မင်းရဲ့တို့ဟူးတုံးတွေမညီမညာဖြစ်နေတာကစားသုံးသူတွေရဲ့အမြင်ကိုထိခိုက်စေလိမ့်မယ် မင်းကငါးကိုလည်းကောင်းကောင်းမကိုင်တွယ်နိုင်ဘူး အထူးသဖြင့်အပူချိန်ထိန်းချုပ်မှုပဲ ဒီဟင်းပွဲကအပူချိန်ထိန်းညှိမှုကိုစိတ်ခေါ်တဲ့ဟင်းတစ်ခွက်ပဲ သေးငယ်တဲ့အမှားလေးတစ်ခုကတောင် ရလာဒ်ကိုနေ့နဲ့ညလို ကွဲပြားသွားစေလိမ့်မယ်..."
ပုဖန်၏မှတ်ချက်များကိုနားထောင်နေသောအန်းရှန်ခဗျာ အသက်ပင်ရဲရဲမရှူဝံ့ချေ။
လူတိုင်းသည်လည်း ပုဖန်၏တင်းကြပ်သောအခြမ်းကိုပထမဦးဆုံးတွေ့မြင်ရခြင်းဖြစ်၍ နှုတ်ဆိတ်နေကြသည်။
မှော်ကဝေအန်းရှန့်ကကြက်ကလေးတစ်ကောင်ကဲ့သို့ခေါင်းတဆတ်ဆတ်ငြိမ့်နေရုံမှတစ်ပါး စကားတစ်ခွန်းပင်ပြန်မလှန်ဝံ့ပါချေ။
"ထပ်မပြောတော့ဘူး ငါမင်းဘယ်လောက်ပျင်းရိနေခဲ့လဲသိသွားပြီ..."
ပုဖန်ကထိုင်ရာမှထကာ အန်းရှန့်အားမျက်နှာသေဖြင့်စိုက်ကြည့်လျက်မီးဖိုဆောင်အတွင်းသို့လျှောက်ဝင်သွားသည်။အန်းရှန့်ကအနောက်မှခပ်ရို့ရို့ကလေးလိုက်ပါသွားသည်။
ပုဖန်ကမီးဖိုချောင်သို့ရောက်သည်နှင့် သိုလှောင်ခန်းအတွင်းမှ မုန်လာဥများတစ်ဥပြီးတစ်ဥဆွဲထုတ်တော့သည်။မကြာမီမုန်လာဥများကကြမ်းပြင်ထက်တောင်ပို့ငယ်လေးတစ်ခုအလားစုပုံလာလေသည်။
အန်းရှန့်ကဤသည်ကိုကြည့်၍တုန်လှုပ်နေကာသူမမျက်ဝန်းများစိုစွတ်လာပြီး တရှုံ့ရှုံ့ဖြစ်လာချေသည်။
" ပိုင်ရှင်ပု..."
" ဘာမှလာအသနားခံမနေနဲ့ မင်းဒီမုန်လာဥတွေအကုန်လှီးပြီးရင်သွားလို့ရပြီ ဒါကအချောင်ခိုတာနဲ့ စပ်းသပ်မှုကျရှုံးတာအတွက်အပြစ်ဒဏ်ပဲ..."
ပုဖန်ကပြောပြောဆိုဆိုဖြင့် အန်းရှန့်၏လက်ထဲသို့အနက်ရောင်မီးဖိုချောင်သုံးဓားကြီးတစ်လက်ထည့်ပေးသည်။
အန်းရှန့်တစ်ယောက် လေးလံသောဓားနက်ကြီးကိုကိုင်လျက်မုန်လာဥဖြူများကိုကြည့်ရှုရင်း ငိုချလုမတ်ဖြစ်နေသည်။
မကောင်းဆိုးဝါကြီးပိုင်ရှင်ပု...
ပုဖန်က ငိုချင်သော်လည်းမျက်ရည်မရှိဖြစ်နေသည့်အန်းရှန့်ကိုခေါင်းတစ်ချက်ငြိမ့်ပြကာရိုးရိုးသားသားပြောလိုက်သည်။
"ကြိုးစားထား အားပေးနေမယ်..."
ပြောပြီးနောက်သူကမီးဖိုချောင်မှထွက်ခွာလာခဲ့လေသည်။
ထို့နောက်ပုဖန်က ဖီးနစ်ဥထမင်းကြော်ချက်ပြုတ်ရန်စတင်ပြင်ဆင်ရတော့သည်။