အပိုင်း ၈၉၁
Viewers 52k

အခန်း ၈၉၁ 

 တောက်ပကွန့်မြူးညို့ယူဖမ်းစားသောဥထမင်းကြော်...


ဖီးနစ်ဥထမင်းကြော်တစ်ပန်းကန်ရရှိရန်အတွက် ဖီးနစ်ဥနှင့်အရည်အသွေးအမြင့်ဆုံး နဂါးသွေးဆန်ကိုအသုံးပြုထားသည်။


သိပ်သည်းသောအနှစ်သာရနှင့်ဝိဉာဉ်စွမ်းအင်တို့က ဒဏ်ရာအနာတရများကိုပျောက်ကင်းစေသည်။မည်သို့ပင်ဖြစ်စေဤဟင်းပွဲ၏ပါဝင်ပစ္စည်းမှာနတ်ဘုရားသားရဲတစ်ကောင်၏ဥဖြစ်ပြီး နတ်ဘုရားသားရဲများ၏အသားသည်အနာတရများကိုကုသရာ၌ အကောင်းမွန်ဆုံးအစားအစာဖြစ်သည်။


နီယန်၏ စိတ်ဝိဉာဉ်ပင်လယ်မှာ ထိခိုက်သွားပြီး နတ်ဘုရားသားရဲဥတစ်ဥကသူမအားကုသနိုင်ရန်မှန်ကန်သောနည်းလမ်းတစ်ခုဖြစ်သင့်သည်။နီယန်၏ ကျင့်ကြံမှုအခြေခံကမမြင့်မားလှချေ။သူမ၏စိတ်ဝိဉာဉ်ပင်လယ်က နတ်ဘုရားဝိဉာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်၏အခြယ်လှယ်နိုင်ဆုံးအဆင့်ကို မရောက်ရှိသေး...


မီးဖိုချောင်ထဲတွင် မှော်ကဝေအန်းရှန့်သည် သူမဘဝအပေါ်အလွန်အမင်းမုန်းတီးနေသောအမူအယာဖြင့်မုန်လာဥဖြူများကိုလှီးချွတ်လျက်ရှိသည်။


မုန်လာဥဖြူများကိုလှီးချွတ်ခြင်းမှာပညာသားပါရန်လိုအပ်ပြီး ရိုးရိုးရှင်းရှင်းပြုလုပ်နိုင်သောကိစ္စတစ်ရပ်မဟုတ်ပေ။


ပုဖန်က သူမ၏ ဓားအသုံးပြုမှုအပေါ်တင်းတင်းကြပ်ကြပ်လေ့ကျင့်စေလိုပြီး မုန်လာဥအတုံးများအား ပုံသဏ္ဍာန်ရောအရွယ်အစားပါတစ်ထပ်တည်းတူညီအောင်လှီးချွတ်စေသည်။တစ်တုံးချင်းစီတွင်ကွာဟမှု အနည်းငယ်ပင်ရှိခွင့်မပြု။


ထို့ကြောင့်အန်းရှန့်က သူမလှီးထုတ်လိုက်သောအပိုင်းတစ်ခုချင်းစီအားကြည့်ရှုစစ်ဆေးနေရသည်။


ကွာဟချက်ကအလွန်ကြီးမား သိသာလွန်းပါက သူမ၏အလုပ်ကိုထိခိုက်လာပေလိမ့်မည်။ပိုင်ရှင်ပုကစေ့စပ်တိကျသူဖြစ်ပြီး သူမအမှားထပ်လုပ်မိပါက ပို၍ကြီးမားသောအပြစ်ဒဏ်များက စောင့်ကြိုနေပေလိမ့်မည်။


ထိုအချိန်ဆိုပါက မုန်လာဥတောင်ပို့ငယ်တစ်ခုမဟုတ် မုန်လာဥတောင်ပို့ငယ်နှစ်ခုဖြစ်လာမည်ထင်၏။


မီးဖိုချောင်အတွင်း မုန်လာဥများကိုအသည်းအသန်လှီးချွတ်နေသောအန်းရှန်နံဘေးရှိမီးဖိုတွင် ပုဖန်ကဖီးနစ်ဥကိုကိုင်လျက်ရပ်နေသည်။


သူကအသက်ပြင်းပြင်းရှုသွင်းကာ စိတ်ငြိမ်သွားစေရန်ကြိုးစားလိုက်သည်။


သူထမင်းကြော်များစွာ ချက်ပြုတ်ခဲ့ဖူးသော်လည်း ဖီးနစ်ဥထမင်းကြော်ကမူ ပထမဆုံးအကြိမ်ဖြစ်ချေ၏။


ယခုအခြေအနေတွင် ပုဖန်မည်သည့်အမှားကိုမှပြုလုပ်မိ၍မဖြစ်ချေ။အဘယ့်ကြောင့်ဆိုသောပြန်လည်ပြင်ဆင်ခွင့်မရှိသည့်အတွက်ပင်။


သူ့ထံတွင် ဖီးနစ်ဥကတစ်လုံးသာရှိပြီး သူ၏အမှားတစ်ခုကြောင့်ဥကိုဖျက်ဆီးလိုက်မိပါလျှင် နီယန်အားကယ်တင်ရန်အခြားအခွင့်အရေးတစ်ခုရှာမတွေ့နိုင်မည်ကို စိုးရွံ့မိပါသည်။


ထပ်လောင်းပြောရပါလျှင် ဤသည်ကနီယန်အတွက်သာမဟုတ် သူ၏စားဖိုမှူးဂုဏ်သိက္ခာအတွက်လည်းဖြစ်သည်။ပုဖန်က ဟင်းချက်ရာတွင် သူ့ကိုယ်သူအမှားလုပ်ခွင့်မပြုနိုင်ပါချေ။


ထို့ကြောင့်ဤတစ်ကြိမ်တွင်လည်း သူအကောင်းဆုံးကြိုးစားမည်ဖြစ်သည်။


ပုဖန်၏ ဘောင်ဘင်ခတ်နေသောစိတ်ဝိဉာဉ်ပင်လယ်ကဖြည်းငြင်းစွာငြိမ်သက်သွားပြီး သူ၏မျက်လုံးအစုံကိုဖွင့်လှစ်လိုက်သည်နှင့် အော်ရာကလည်းရုတ်ချည်းပြောင်းလည်းသွားသည်။


ပုဖန်၏ အဆင့်ရှိစားဖိုမှူးများက ချက်ပြုတ်ရာတွင် အစစ်အမှန်စွမ်းအင်ကိုအသုံးပြုမည့်အစား စိတ်စွမ်းအင်ကိုပြောင်းလဲအသုံးပြုကြသည်။၎င်းကဟင်းပွဲအတွင်းရှိပါဝင်ပစ္စည်းများပြောင်းလဲမှုခပ်ရေးရေးအထိခံစားသိရှိနိုင်သကဲ့သို့ ပို၍ထိလွယ်ခိုက်လွယ်အနေအထားတွင်ရှိသည်။


ပုဖန်က ဆိတ်ငြိမ်စွာရပ်နေပြီး ၎င်းကိုအမှုမထားချေ။


ပုဖန်၏မျက်နှာကခံစားချက်မဲ့မြဲမဲ့ဆဲဖြစ်ကာ သူ၏စားဖိုမှူးဝတ်ရုံနှင့် ဆံနွယ်တို့မှာလေတိုက်ခတ်ခြင်းမရှိပါဘဲ ဝဲပျံလို့လာသည်။


ပုဖန်က သူ၏ဆံနွယ်များကိုကတ္တီပါကြိုးတစ်ချောင်းဖြင့်စည်းနှောင်လိုက်သည်။


နဂါးဟိန်းသံတစ်ခုက သူ၏စိတ်ဝိဉာဉ်ပင်လယ်အတွင်း ပဲ့တင်ထပ်ရိုက်ခတ်သွားကာ လှိုင်းလုံးများပြင်းထန်သွားစေသည်။


ပြင်းထန်သောစိတ်စွမ်းအင်များက အရှိန်အဟုန်ဖြင့်စီးဆင်းလာ၏။


ပုဖန်အနေဖြင့်သူ၏ စိတ်စွမ်းအင်များကမည်သည့်ပမာဏအထိသန်မာနေသည်ကို မခန့်မှန်းနိုင်သော်လည်း ကျောက်ခရမ်းအကြီးအကဲအောက် လျော့မည်တော့မဟုတ်ချေ။မည်သို့ပင်ဖြစ်စေ သူ၏ကျင့်ကြံဆင့်က မသေမျိုးဝိဉာဉ်စဦးပိုင်းအဆင့်တွင်ရှိစဉ်ကတည်းက စိတ်စွမ်းအင်မှာနတ်ဘုရားဝိဉာဉ်အဆင့်ကျင့်ကြံသူတစ်ဦးကဲ့သို့သန်မာနေခဲ့နှင့်ပြီးဖြစ်သည်လေ။


သူ၏စိတ်စွမ်းအင်များက တုန်ခါသွားပြီး လှိုင်းလုံးများအသွင်ရွေ့လျားလာသည်။


မှော်ကဝေအန်းရှန့်က ကြက်သေသေနေကာ သူမလက်ထဲရှိမီးဖိုချောင်သုံးဓားလေးပင်တုန်ရီနေသည်။


သူမကမီးဖိုရှေ့တွင်ရပ်နေသော ပုဖန်အားကြည့်ရင် ထိတ်လန့်မှုနှင့်ခြောက်ခြားမှုကိုတစ်ပြိုင်နက်ခံစားလိုက်ရသည်။


ကြောက်ဖို့ကောင်းလိုက်တာ...


ပိုင်ရှင်ပုရောဟုတ်ရဲ့လားလို့...


ဆိုင်ရှင်ပုရဲ့စိတ်စွမ်းအင်တွေ ဘယ်တုန်းကဒီလောက်ပိုကြောက်ဖို့ကောင်းလာရတာလဲ...


ဆေးနန်းတော်ရဲ့ နန်းသခင်တောင်မှဒီလောက်အော်ရာ မရှိဘူးလေ...


ပုဖန်၏လက်ရှိအရည်အချင်းဖြင့် ဆေးနန်းတော်အရှင်သခင်မျှအဆင့်အား အလွယ်တကူချေမှုန်းပစ်နိုင်ပြီကိုအန်းရှန့်တစ်ယောက်မသိပါချေ။


အစစ်အမှန်စွမ်းအင်ဖြစ်စေ စိတ်စွမ်းအင်ဖြစ်စေ ပုဖန်ကသာအဘက်ဘက်မှလွှမ်းမိုးနိုင်သူဖြစ်ပေသည်။


...


ထိုစဉ်စားသောက်ဆိုင်အတွင်းရှိ လူအုပ်ကသူတို့၏မျက်လုံးများကိုမှေးကျဉ်းလိုက်ကြသည်။


စိတ်စွမ်းအင်လှိုင်းအချို့ကို ခံစားရမိလိုက်သည်နှင့်နိုးနိုးကြားကြားဖြစ်သွားကြ၏။


ခွေးဘုရင်နှင့်ငရဲဘုရင်အာဟတို့က တုံ့ပြန်မှုမရှိသော်လည်း အခြားသူများကမူတစ်နည်းနည်းဖြင့် ထိတ်လန့်သွားခဲ့ကြပေသည်။


နယ်သာရီက အလွန်အံ့အားသင့်နေမိသည်။ပုဖန်နှင့်သူမစတင်တွေ့ဆုံခဲ့စဉ်က ပုဖန်၏စိတ်စွမ်းအင်မှာသနားစဖွယ်ကောင်းလောက်အောင်အားနည်းနေခဲ့သည်ကို သူမမှတ်ဉာဏ်များထဲတွင်ထင်ရှားစွာ မှတ်မိနေပါသေး၏။


 ...


မီးဖိုချောင်အတွင်း၌...


ပုဖန်၏စိတ်စွမ်းအင်များကမရပ်မနားလှည့်ပတ်နေ၏။


သူကနဂါးသွေးဆန်ကိုထုတ်ယူလိုက်သည်။


ယခုပုဖန်က စနစ်အားကြေးမြင့်မြင့်ဖြင့်ကမ်းလှမ်းကာနဂါးသွေးဆန်ကိုဝယ်ယူရန်အတွက်အရည်အချင်းပြည့်မှီနေပြီဖြစ်သည်။


ဆန်ကိုစိမ်ထားသည့်သွေးကနဂါးသွေးစင်စစ်မဟုတ်သည့်တိုင် ဤဆန်ကတမူထူးခြားသောပါဝင်ပစ္စည်းတစ်ခုဖြစ်နှင့်ပြီးဖြစ်သည်။


ထိပ်တန်းအရည်အသွေးရှိသည့် ဖီးနစ်ဥထမင်းကြော်တစ်ပွဲရရှိရန်လုံလောက်သည်ပေ။


ပုဖန်ကသူ၏စိတ်စွမ်းအင်ကိုဖြန့်ကျက်လိုက်သည်နှင့် ဥအတွင်းရှိ တဟုန်းဟုန်းလောင်မြိုက်နေသည့်နေလုံးအလားတုန်ခါနေသောစွမ်းအင်လှိုင်းလုံးတို့ကိုခံစားလိုက်ရသည်။


တောက်ပမှုတို့၏အလယ်မှ ဖီးနစ်ငှက်၏အော်သံကိုကြားနေရသည်။ထိုအလယ်ဗဟို၌ရွှေနီရောင် ဖီးနစ်ပါက်လေးတစ်ကောင်လူးလွန့်နေ၏။


ရွှေနဂါးရိုးဓားပေါ်ထွက်လာသောအခါပုဖန်၏လက်တွင်း၌ရွှေရောင်များတလက်လက်ကွန့်မြူးလာသည်။


နဂါးဟိန်းသံတစ်သံပဲ့တင်ထပ်လာကာ ရွှေနဂါးဝိဉာဉ်ပုံရိပ်ယောင်ငယ်တခုက ရွှေနဂါးရိုးဓားအားရစ်ပတ်နေသည်။


ပုဖန်ကရွှေနဂါးရိုးဓားကိုကိုင်လျက်အာရုံစူးစိုက်စွာဖြင့် ဇာမဏီဥအားခုတ်လိုက်သည်။


သူ၏ဓားချက်သည် အမှောင်ထုကိုပင်ဖြိုခွင်းမယောင်လင်းလက်တောက်ပနေ၏။


ပုဖန်သူ၏ဓားကလျှပ်စီး၏အရှိန်ဖြင့်လှုပ်ရှားနေသည်ကိုခံစားရသည်။လျင်မြန်မှုမှာသူ၏ကိုယ်ပိုင်စိတ်စွမ်းအင်ကိုပင်ဖြတ်တောက်ပစ်နိုင်လောက်သည်ထိ...

ပုဖန်၏နှလုံးကလည်းထပ်တူလျင်မြန်စွာခုန်လှုပ်နေလေသည်။


ပုဖန်၏လက်ထဲရှိဓားကအဆက်မပြတ်လှုပ်ရှားနေကာ မှုန်ဝါးဝါးအခိုးအငွေ့များထွက်ပေါ်လာသည်။


ခပ်လှမ်းလှမ်းတွင် မှော်ကဝေအန်းရှန့်ကသူမမေးရိုးပြုတ်ကျမသွားစေရန်ထိန်းချုပ်ထားရ၏။သူမကပုဖန်၏လှုပ်ရှားမှုများကိုမှင်သက်စွာငေးကြည့်နေရင်း သူမ၏တာဝန်ပင်ပင် မေ့လျော့လုမတတ်ဖြစ်နေချေသည်။


သူမသည်ပုဖန်ချက်ပြုတ်နေသည်ကိုမြင်တွေ့ခွင့်ရသဖြင့် ဤတစ်ကြိမ်အပြစ်ပေးခံရသည်မှာမဆိုးလှဟုတွေးမိလေသည်။


တစ်မျိုးကံကောင်းသွားတယ်ကွ...


ပုဖန်၏ဓားချက်များကအလွန်မြင့်မြတ်သန့်စင်ပြီး အန်းရှန့်၏နှလုံးသားလေးကိုတုန်ယင်နေစေသည်။


ထိုအရာကအထွဋ်အထိပ် ဓားကျွမ်းကျင်သူတစ်ဦး၏ပြကွက်များပေလား...


မည်သည့်ခြေရာလက်ရာမျှမကျန်ရစ်ခဲ့ပေ။အပေါ်ယံကကြည့်ပါက ဥတွင်ခြစ်ရာပင်ရှိမနေသည်ကိုမြင်တွေ့ရပေလိမ့်မည်။


သူမသာဆိုလျှင် ဓားချက်တစ်ချက်ဖြင့် ဥခွံမှာအစိတ်စိတ်အမွှာမွှာကွဲနှင့်ပြီးဖြစ်ချေမည်။


ပိုင်ရှင်ပုကတော့တကယ်ကိုပိုင်ရှင်ပုပါပဲ...


ပုဖန်ကသူမကိုအဘယ့်ကြောင့်မုန်လာဥများအတင်းအကြပ်လှီးချွတ်ခိုင်းရသည်ကိုနောက်ဆုံးတွင်သဘောပေါက်သွားခဲ့သည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင်သူမ အန်းရှန့်ရော ထိုသို့ဓားစွမ်းရည်များကိုပိုင်ဆိုင်လာနိုင်လေမည်လား...


ပုဖန်ကသူ၏လက်တစ်ဖက်ကိုမြှောက်လိုက်ပြီးဥခွံပေါ်သို့အသာအယာပုတ်လိုက်သည်။ချက်ချင်းဆိုသလို ဥခွံ၏ထိပ်ဖျားပိုင်းကတိရိစွာပွင့်ထွက်သွားလေ၏။


ကွဲအက်သွားသောအခွံအတွင်းမှ သိပ်သည်းသောအနှစ်သာရများလှိုင်လှိုင်စိမ့်ထွက်လာပေသည်။


အော်ရာများလည်းတလက်လက်ဖြန့်ကျက်ကွန့်မြူးနေသည်။


မှော်ကဝေအန်းရှန့်ကအလွန်အံ့အားသင့်သွားကာ သူမ၏လုံးဝန်းနေသောရင်ဘတ်အစုံကတင်းကြပ်သွားသည်။


သိပ်သည်းလိုက်တဲ့ အနှစ်သာရစွမ်းအားတွေ...


ထိုအရာကလူတိုင်းအားအသက်မရှုနိုင်ဖြစ်သွားစေသည်။

ပုဖန်ကဥခွံကိုစားပွဲထက်ချထားကာ သူ၏လက်ကိုပင့်မြှောက်၍စိတ်စွမ်းအင်များပို့လွှတ်လျက် ဥခွံအားစူးစမ်းလိုက်သည်။


ခေတ္တကြာသောအခါသူ၏လက်ဖဝါးကိုမြှောက်လိုက်သည်နှင့်စိတ်စွမ်းအင်များကပြင်းထန်စွာလှည့်ပတ်စုဝေးလာသည်။ပုဖန်က၎င်းစွမ်းအင်များအား ဥအတွင်းသို့စီးဆင်းစေလိုက်သည်။


ဖီးနစ်ငှက်၏တေးသံက ကောင်းကင်ယံတိုင်ပျံ့လွင့်လာပြီး ဥခွံကအစိတ်စိတ်အမွှာမွှာကွဲအက်သွားချေသည်။ပုဖန်၏စိတ်စွမ်းအင်များကလေပွေငယ်တစ်ခုအလားမရပ်မနားလည်ပတ်နေပြီး ငှက်ဥတွင်းမှအရည်များကိုမွှေနှောက်နေသည်။


မကြာမီတွင်အနှစ်နှင့်အကာ သမသွားပြီး ရွှေလိမ္မော်ရောင်အနှစ်များအဖြစ်ပြောင်းလဲလာသည်။


ပုဖန်၏စိတ်ဝိဉာဉ်ပင်လယ်ကမြင့်တက်လျက်ရှိပြီး ရွှေနဂါးကကျယ်လောင်စွာဟိန်းဟောက်နေသည်။


ဥခွံအတွင်းမှအနှစ်များအားလုံးက စုပ်ယူခံလိုက်ရကာ ပုဖန်၏စိတ်စွမ်းအင်လေပွေအောက်၌ ဟိန်းဟောက်နေသောနဂါးတစ်ကောင်ကဲ့သို့ပုံပေါ်လာသည်။


ဖီးနစ်ငှက်ကတေးသီ၍ ရွှေရောင်နဂါးကကခုန်သည်။


ဤမြင်ကွင်းကညို့ယူဖမ်းစားမှုအတိပြီးကာ အန်းရှန့်၏အကြည့်များကိုယစ်မူးနေစေသည်။


သူကဟင်းချက်နေတာလား...


မဟုတ်ဘူးရှင်က စောင်ကျိုးနည်းမျက်လှည့်ပြနေတာရှင့်...


ဟင်းချက်နေတာကနေဘယ်လိုတောင် ရွှေနတ်နဂါးနဲ့ဖီးနစ်ကိုဖန်ဆင်းနိုင်နေရတာလဲ...


ပုဖန်ကသူ၏လက်မောင်းကိုဝှေ့ယမ်းလိုက်သည်နှင့် ဥအနှစ်ဖြင့်ပြုလုပ်ထားသောနဂါးအသွင်က အဖြူပြာရောစပ်ထားသည့်ကြွေပန်းကန်လုံးအတွင်းသို့အတိမ်းအစောင်းမရှိသက်ဆင်းသွားလေသည်။


အနှစ်များကပန်းကန်လုံးအပြည့်ဘောင်ဘင်ခတ်သွားသည်။


အဖြူအပြာရောစပ်ထားသောကြွေပန်းကန်လုံးက သိပ်သည်းသောအနှစ်ရည်များကိုအပြည့်အဝထိန်းသိမ်းထားနိုင်ဟန်မတူဘဲနောက်တစ်ခဏတွင်ပင်လျှံကျလာနိုင်မည့်အရိပ်အယောင်ရှိနေသည်။


ပုဖန်ကစနစ်သိုလှောင်အိတ်အတွင်းမှဝိဉာဉ်ဆေးပင်အမြောက်အမြားကိုထုတ်ယူလိုက်သည်။ရွှေနဂါးရိုးမီးဖိုချောင်သုံးဓားက ပါဝင်ပစ္စည်းများအားပြောင်မြောက်စွာလှီးချွတ်လိုက်ပြန်၏။


ပုဖန်ကလှီးချွတ်ထားသည့်ပါဝင်ပစ္စည်းအပိုင်းအစများကို ဥအနှစ်ပန်းကန်လုံးအတွင်းသို့ထည့်လိုက်သည်။ထို့နောက်ဆေးဖက်ဝင်အပင်များနှင့်ဥအနှစ်တို့မှာနှံ့စပ်စွာမွှေနှောက်ခံလိုက်ရပြီးဖြစ်သည်။


ထို့နောက်ပုဖန်ကအခြားသောပါဝင်ပစ္စည်းများကိုစတင်ပြင်ဆင်ရသည်။


သူကစနစ်ဖြင့်လဲလှယ်ထားသောနဂါးသွေးဆန်ကိုထုတ်ယူလိုက်သည်။


ဤတစ်ကြိမ်တွင်နဂါးသွေးဆန်ကပိုပိုအဆင့်မြင့်လာပြီဖြစ်သည်။ဆန်ကိုကိုင်ထားရုံဖြင့်ပင်၎င်း၏သိပ်သည်းသောစွမ်းအင်များကိုခံစားမိနေ၏။


ပုဖန်က ဤဆန်ဖြင့်ကြော်သည့်နဂါးသွေးထမင်းကြော်အားနယ်သာရီမုချကြိုက်နှစ်သက်လိမ့်မည်ဟုတွေးလိုက်မိသည်။


သို့သော် သူထိုအတွေးကိုဘေးချိတ်ထားလိုက်ရသည်။


ယခုနယ်သာရီက နဂါးသွေးထမင်းကြော်ထက် သွေးကျောက်ပုစွန်အစပ်ကိုပို၍လိုလားနေခဲ့ပြီမဟုတ်ပါလား...


သူ၏စနစ်လယ်ယာမြေ၌သွေးကျောက်ပုစွန်များကိုအချိန်မဆိုင်းဘဲ မွေးမြူသင့်ပြီထင်၏။သို့မဟုတ်ပါက နောင်သွေးကျောက်ပုစွန်ဟင်းပွဲများချက်ပြုတ်ရန်ပါဝင်ပစ္စည်းရှိမည်မဟုတ်ချေ။


ပုဖန်ကသွေးနီရောင်ကန်မှ သွေးကျောက်ပုစွန်အမြောက်အမြားဖမ်းယူခဲ့သော်လည်း အကုန်စားလျှင် အကုန်ပြောင်မည်သာဖြစ်သည်။


သူ နွေဦးစမ်းရေကိုလောင်းထည့်၍ နဂါးသွေးဆန်နှင့်ရောမွှေဆေးကြောနေသည်။


နဂါးသွေးဆန်က သွေးနီရောင်ဖြစ်သော်ငြား ဆန်ဆေးရေတွင်မူသွေးနီရောင်စွန်းထင်းခြင်းမရှိပကတိကြည်လင်လို့သာနေသည် 


ယခင်က နဂါးသွေးဆန်ကိုဆေးသည့်အခါ ဆန်ဆေးရေတွင်အနည်းငယ်အနီရောင်သမ်းလေ့ရှိခဲ့သည်။ဤသည်က အရည်အသွေးနိမ့်ဆန်နှင့် အရည်အသွေးမြင့်ဆန်တို့၏ပေါ်လွင်သောကွာခြားမှုဖြစ်ပေမည်။


ပါဝင်ပစ္စည်းများကိုပြင်ဆင်ခြင်းကပြီးဆုံးသွားခဲ့ပြီဖြစ်သည်။


ပုဖန်ကသူ၏နှုတ်ခမ်းကိုဖွင့်ဟ၍ ရွှေအိုရောင်မီးတောက်တစ်ခုကိုမှုတ်ထုတ်လိုက်လေသည်။


ဤသည်ကကောင်းကင်ကမ္ဘာမြေမီးတောက်ဖြစ်ပြီး ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်၌အပူလှိုင်းများပျံ့နှံ့လို့လာသည်။


အန်းရှန့်၏မျက်ဝန်းများကတောက်ပသွားသည်။


ပိုင်ရှင်ပုကနောက်ဆုံးတော့ သူ့ရဲ့အစစ်အမှန်နည်းလမ်းတွေထုတ်သုံးလာပြီ.. 


မီးတောက်က ဒယ်အိုးအားအပူပေးနေသည်။မဟူရာလိပ်ခုံးဒယ်အိုးကမကြာမီရွှေအိုရောင်အဖြစ်သို့ပြောင်းလဲလာ၏။


ဥအနှစ်များအားအိုးထဲသို့လောင်းထည့်လိုက်သည်နှင့်သိပ်သည်းသောမွှေးရနံ့ကတဟုန်ထိုးပေါက်ကွဲထွက်လာသည်။


အချိန်တိုအတွင်းမှာပဲ အန်းရှန့်ကိုဤရနံ့ကခြုံလွှမ်းသွားသည်။


သူမဤကဲ့သို့မွှေးရနံ့အားတစ်သက်တွင်တစ်ခါမကြုံခဲ့ရဘူးပါပေ။


သူမကပုဖန်၏အလုပ်သင်အဖြစ်နှင့်ဥပေါင်းများစွာကိုချက်ပြုတ်ခဲ့ဖူးသည်။ထို့အတွက်မျက်စိမှိတ်လျက်ပင်ရနံသက်သက်ဖြင့် ဥအမျိုးအစားကိုခွဲခြားနိုင်သည်။


သို့သော်... ဤဥကသူမ၏တွေးခေါ်နိုင်စွမ်းထက်ကျော်လွန်နေသည်။


သူမကရင်သပ်ရှုမောမှုအပြည့်ဖြင့်ပုဖန်အားတလေးတစားမျှော်ကြည့်နေခဲ့သည်။


ပါဝင်ပစ္စည်းများ၏ဝိဉာဉ်စွမ်းအင်နှင့်အရည်အသွေးကမြင့်မားလေလေ ချက်ပြုတ်သောစားဖိုးမှူး၏လုပ်နိုင်စွမ်းအပေါ်စိန်ခေါ်မှုကမြင့်မားလေလေဖြစ်သည်။


အချက်အပြုတ်စွမ်းရည်ကိုထည့်မတွက်မီ စားဖိုမှူး၏စိတ်စွမ်းအင်နှင့်အစစ်အမှန်စွမ်းအားကလည်းအလွန်သန်မာရန်လိုအပ်သည်။


ပုဖန်ကလက်တစ်ဖက်ဖြင့်မဟူရာလိပ်ခုံးဒယ်အိုးကိုကိုင်မထားကာ အခြားတစ်ဖက်ဖြင့်ယောက်မကိုကိုင်ဆောင်ထားသည်။သူက အိုးကိုမြှောက်ကာမြှောက်ကာဖြင့်ကျွမ်းကျင်သေသပ်စွာမွှေနေပြီး အဆင့်တစ်ခုစီအားချောချောမွေ့မွေ့လုပ်ဆောင်နေ၏။


မဟူရာလိပ်ခုံးဒယ်အိုးက မီးဖိုနှင့်ရိုက်ခတ်သွားချိန်တိုင်းတွင် ဂီတစည်းချက်ကဲ့သို့ သံစဉ်များထွက်ပေါ်လာလေသည်။


တစ်ချက်ထိခတ်သည့်အခါ အိုးထဲရှိဥထမင်းကြော်ကတစ်ခါအလှန်ခံရသည်။


မဟူရာလိပ်ခုံးဒယ်အိုးထက်တွင် အငွေ့နှင့်ရနံ့များက နဂါးတစ်ကောင်နှင့်ဖီးနစ်တစ်ကောင်ကဲ့သို့ကခုန်နေကြသည်။


မှော်ကဝေအန်းရှန့်တစ်ယောက် ဤဂန္တဝင်ဖျော်ဖြေတင်ဆက်မှုကြီးကြောင့်ခြေမခိုင်ချင်ဖြစ်လာရသည်။


ပုဖန်ကလေးနက်သောမျက်နှာအမူအယာကိုဆင်မြန်းထားသည်။


သူကသူ၏စိတ်စွမ်းအင်များကိုဂရုတစိုက်ဖြန့်ကျက်ရင်းဖြင့် မဟူရာလိပ်ခုံးဒယ်အိုးအားလွှမ်းခြုံထားသည်။


ဥထမင်းကြော်ကိုမွှေရန်အိုးကိုလှန်ချိန်တိုင်း သူ၏စိတ်စွမ်းအင်ကိုအလွန်အမင်းအသုံးပြုရသည်။နဂါးသွေးဆန်နှင့်ဖီးနစ်ဥတို့ကသူ၏စိတ်စွမ်းအင်များကို အဆုံးမဲ့တွင်းနက်ကြီးကဲ့သို့အရူးအမူးစုပ်ယူနေကြ၏။


စစ်မှန်သောစားဖွယ်ရသာကိုချက်ပြုတ်လိုပါက စားဖိုမှူးတစ်ယောက်သည်သူ့တွင်ရှိသမျှအားလုံးအားပုံအောရန်လိုအပ်သည်။


အချို့သောစားဖိုမှူးများသည်ထိုအကြောင်းအရင်းအတွက် သူတို့၏စိတ်နှလုံးနှင့် အားအင်မှန်သမျှကိုဟင်းပွဲတစ်ပွဲတွင်မြှပ်နှံတတ်ကြသည်။


ထိုဟင်းပွဲအတွက် မိမိတွင်ရှိသမျှအနှစ်သာရအားလုံးကိုပုံအောခဲ့ကြသည်ဖြစ်၌ ထိုဟင်းတစ်ပွဲမည်မျှအဖိုးထိုက်တန်သည်ကိုဖော်ကြူးရန်လုံလောက်ပေသည်။


မိုးထိလုမတတ်ဟုန်းဟုန်းတောက်နေသောရွှေအိုရောင်မီးတောက်အကြားတွင် နဂါးနှင့်ဖီးနစ်တို့လှပစွာကခုန်နေ၏။


ပြိုးပြိုးပြက်ပြက်ရောင်ခြည်များဖြင့် ယစ်မူးဖွယ်မြင်ကွင်းကိုပေးစွမ်းနေသည်။


ရုတ်တရက်ဆိုသလိုပင်...


မဟူရာလိပ်ခုံးဒယ်အိုးကမီးဖိုနှင့်နောက်ဆုံးအကြိမ်ထိခတ်သွားသည်နှင့် ဖီးနစ်ငှက်ပျောက်ကွယ်သွားကာ ရွှေနဂါးလည်းလွင့်ပျယ်လို့သွားသည်။


ပုဖန်က အသင့်ပြင်ထားသော အဖြူနှင့်အပြာရောစပ်ထားသည့်ကြွေပန်းကန်ပြားပေါ်သို့ အငွေ့တစ်ထောင်းထောင်းဇာမဏီဥထမင်းကြော်ကိုလောင်းထည့်လိုက်သည်။


ထမင်းကြော်၏အရောင်အဆင်းမှာပိုးသားကဲ့သို့တောက်ပကာ တိုင်းဆမရအောင်မွှေးကြိုင်သောရနံ့များကိုထုတ်လွှတ်နေသည်။


မှော်ကဝေအန်းရှန့်နေရာတွင်ကျောက်ဖြစ်လျက်ရှိပြီး သူမလက်ထဲရှိမီးဖိုချောင်သုံးဓားကမြေပြင်ပေါ်သို့လွတ်ကျသွားသောအခါ ကျယ်လောင်သောထိခတ်သံက သိမ်မွေ့သောဆိတ်ငြိမ်မှုကိုဖြိုခွင်းလိုက်၏။


ပုဖန်ကသူ၏စိတ်စွမ်းအင်များကိုပြန်လည်သိမ်းဆည်း၍ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။


ဖီးနစ်.ဥထမင်းကြော်... ပြီးဆုံးသွားခဲ့ချေပြီ။