အပိုင်း ၈၉၂
Viewers 53k

အခန်း ၈၉၂ 

ဒီအမျိုးသမီးကိုချောင်းမြောင်းတိုက်ခိုက်တဲ့ကောင်ဘယ်မှာလဲ...


အငွေ့ဖြူဖြူများနှင့် မွှေးကြိုင်သောရနံ့များကမီးဖိုချောင်အပြည့်ဖုံးလွှမ်းနေသည်။


ပုဖန်က မှော်ကဝေအန်းရှန့်၏ဓားလွတ်ကျသံကြောင့်ထိတ်လန့်သွားပြီးအလိုအလျောက်ထခုန်ကာလှည့်ကြည့်လိုက်မိသည်။


မှော်ကဝေအန်းရှန့်ကသူမ၏မီးဖိုချောင်သုံးဓားကိုကပြာကယာပြန်ကောက်လိုက်ပြီးပုဖန်ကိုရှက်ပြုံးလေးပြုံးပြလာသည်။


သို့သော်သူမကပြုံးနေစဉ်တွင်ပဲ နှာတရှုံ့ရှုံ့လုပ်နေမိခြင်းအားမထိန်းချုပ်နိုင်ခဲ့ပေ။အခန်းတွင်းပျံ့နှံ့နေသောမွှေးရနံ့ကစွဲဆောင်လွန်းလှသည်။


လူတစ်ယောက်အားဤရနံ့ကိုရှူရှိုက်စေရုံမျှဖြင့်မူးယစ်သွားစေလိမ့်မည်။


ဒါကဥထမင်းကြော်ရောဟုတ်ရဲ့လား...


ဥထမင်းကြော်ကဒီလောက်ထိကောင်းနိုင်တာလား...


ပိုင်ရှင်ပုကပိုင်ရှင်ပုဖြစ်နေဆဲပါပေ။ဤပုဂ္ဂိုလ်အား သူတို့၏ယေဘုယျယုတ္တိကျစံနှုန်းများဖြင့်ခန့်မှန်းတိုင်းတာ၍မရချေ။


ထို့ကြောင် မှော်ကဝေအန်းရှန့်မှာပုဖန်အားပို၍ပို၍နှစ်သက်ကြည်ညိုလာရသည်။


ပုဖန်ကအဝတ်သန့်တစ်ခုကိုသုံး၍ ကြွေပန်းကန်နှုတ်ခမ်းတစ်ဝိုက်အား သန့်ရှင်းအောင်ပွန်သုတ်လိုက်သည်။အဖြူနှင့်အပြာရောစပ်ထားသောလက်ရာမြောက်ကြွေပန်းကန်ပြားမှာ တလက်လက်တောက်ပတင့်တယ်နေလေတော့သည်။


ထို့နောက်ပုဖန်ကကြွေပန်းကန်ကိုမ၍ရောင်ဝါများလင်းလက်နေသော ဖီးနစ်ဥထမင်းကြော်အားသယ်ဆောင်သွားသည်။ပုဖန်သွားရာလမ်းတစ်လျှောက်၌ နှစ်လိုယစ်မူးဖွယ်မွှေးရနံ့များပျံ့လွင့်ကျန်ရစ်ခဲ့လေသည်။


" မကြောက်ပါနဲ့ မုန်လာဥဆက်လှီးလေကျင့်သားရလာမှာပါ..."


ပုဖန်ကမှော်ကဝေအန်းရှန့်အားထိုစကားလုံးတို့ကိုပုံမှန်ကဲ့သို့ပြောခဲ့သည်။


အန်းရှန့်ကကြောင်အသွားရသည်။


ထွက်ခွာသွားသောပုဖန်၏ပုံရိပ်ကိုကြည့်ရင်း အန်းရှန့်၏မျက်နှာအမူအယာကရှုံ့မဲ့လို့သွားသည်။


ဆိုင်ရှင်ပုကဆိုင်ရှင်ပုဖြစ်နေဦးမည်သာ။


ပြိုင်ကွင်းတစ်ခုလုံးအား တို့ဟူးပုပ်တစ်ပန်းကန်လုံးဖြင့် ဇောက်ထိုးမှောက်ခုံဖြစ်အောင်လုပ်ခဲ့သည့် လူညစ်ကောင်ပုဖန်ကမကောင်းဆိုးဝါးသာဖြစ်သည်။


သူမကသက်ပြင်းချလိုက်ပြီး သူမ၏ငြီးငွေ့ဖွယ်မုန်လာဥလှီးခြင်းလုပ်ငန်းစဉ်ကြီးအားပြန်လည်မလုပ်ကိုင်မီ လေထုထဲရှိသွားရည်ယိုဖွယ် ဥထမင်းကြော်ရနံ့အားတစ်ဝကြီးရှူသွင်းလိုက်၏။


ပုဖန်ကတောက်ပသောထမင်းကြော်ပန်းကန်ကိုကိုင်လျက်မီးဖိုချောင်တွင်းမှထွက်လာသောအခါ လူတိုင်း၏အကြည့်များကသူ့ကိုယ်ပေါ်သို့သက်ဆင်းလာကြသည်။


ငရဲဘုရင်အာဟနှင့်ခွေးဘုရင်တို့က ပုဖန်လက်ထဲရှိ ဖီးနစ် ထမင်းကြော်ပန်းကန်ကိုစိုက်ကြည့်ကာမျက်လုံးများတလက်လက်ထနေသည်။


မည်သို့ပင်ဖြစ်စေ ဤဥထမင်းကြော်ကနတ်ဘုရားသားရဲတစ်ကောင်၏ဥဖြင့်ချက်ပြုတ်ထားခြင်းဖြစ်ပြီး သာမန်ဥထမင်းကြော်များနှင့်ကွဲပြားသည်မှာမလွဲဧကန်ပင်။


ပုဖန်က ပန်းကန်ကိုစားပွဲပေါ်သို့ချလိုက်ပြီး လူအုပ်ကိုကြည့်ရှုလိုက်ရာ ၎င်းတို့မျက်လုံးများအတွင်းရှိ လင်းလက်တောက်ပနေမှုကြီးအားတွေ့မြင်လိုက်ရပေသည်။


နတ်ဘုရားသားရဲဥတွင်အနှစ်သာရကောင်းများရှိသည်မှန်သော်လည်း ထိုအနှစ်သာရများကိုစုပ်ယူရန်မှာမလွယ်ကူသောအရာဖြစ်သည်။


ဥပမာဆိုရပါလျှင် နယ်သာရီပုဖန်နှင့်မတွေ့ဆုံခဲ့ပါက ဖီးနစ်ဥကိုစားရန်သူမစဉ်းစားနိုင်သမျှအကောင်းဆုံးနည်းလမ်းမှာ ဥကိုအစိမ်းလိုက်မျိုချရန်သာဖြစ်လိမ့်မည်။


သို့သော်ဤနည်းလမ်းက စွမ်းအင်အများအပြားကိုချော်ထွက်ဆုံးရှုံးစေလိမ့်မည်။ဥကိုခွဲ၍အနှစ်ကိုတိုက်ရိုက်စားသုံးခြင်းသည်ပင် ထိုမျှအကျိုးရလာဒ်ကောင်းမွန်မည်မဟုတ်ချေ။


ပုဖန်အတွက်မူကွဲပြားသည်။သူ၏ချက်ပြုတ်နည်းက အနှစ်သာရများကိုအလဟဿမဖြစ်စေရန်ကောင်းမွန်စွာထိန်းချုပ်နိုင်သဖြင့် သူမစားသုံးလိုက်သောအခါကျိန်စာကိုအလွယ်တကူလျော့ပါးသွားစေသည်။


ပုဖန်၏ဥထမင်းကြော်က အနှစ်သာရအားလုံးကို အပြည့်အဝစုပ်ယူနိုင်ခြင်းမရှိခဲ့လျှင်ပင် အစိမ်းစားခြင်းနှင့်ယှဉ်ပါမူသာ၍ကောင်းပါသေးသည်။


သို့သော်...


ဖီးနစ် ဥထမင်းကြော်က နီယန်ကိုအမှန်တကယ် ကယ်တင်နိုင်ပါမည်လော။


နီယန်အသက်အန္တရယ်ရှိသောအခြေအနေတွင်ကျရောက်နေရခြင်းမှာ သူမ၏စိတ်ဝိဉာဉ်ပင်လယ်ပြိုကွဲသွားခဲ့သည့်အတွက်ဖြစ်သည်။


သာမန်လူတစ်ဦးသာစိတ်ဝိဉာဉ်ပြိုကွဲသွားခဲ့လျှင် ထိုသူကမုချသေဆုံးရမည်ဖြစ်သည်။နီယန်ကမူ သူမ၏ဦးခေါင်းတွင်း၌ကြယ်တာရာဖမ်းကွန်ရက်၏စွမ်းအင်များကျန်ရှိနေသဖြင့်ယခုအချိန်ထိတောင့်ခံထားနိုင်ခြင်းပင်။


ထို့ကြောင့် ဘုရားသခင်ကသူမကိုခေါ်ဆောင်သွားရန်ဆုံးဖြတ်လိုက်လျှင်... ထိုအချိန်သို့ရောက်လျှင်ပုဖန်လည်းသူမကိုကယ်တင်ရန်မတတ်နိုင်တော့ချေ။ငရဲဘုရင်အာဟက နီယန်၏စိတ်ဝိဉာဉ်ပင်လယ်ကို တစ်စစီပြန့်ကျဲသွားမည့်အဖြစ်မှ တားဆီးပေးထားရုံသာဖြစ်သည်။


ပုဖန်က နီယန်၏ခန္ဓာကိုယ်ကိုမ၍ ထိန်းကိုင်ပေးထားသည်။


ဤအခိုက်အတန့်တွင်နီယန်၏မျက်နှာမှာသွေးဆုတ်ဖြူလျော်လျက်ရှိပြီး အသက်ရှင်နေသူတစ်ယောက်၏မည်သည့်အရိပ်အယောင်မျိုးကျန်ရှိမနေချေ။


ပုဖန်ကမျက်မှောင်ကျုံ့လျက် ကြွေပန်းကန်ပြားထဲမှ ဥထမင်းကြော်တစ်ဇွန်းခပ်ယူလိုက်ပြီး နီယန်၏ပါးစပ်ထဲသို့ထည့်သွင်းပေးလိုက်သည်။


ပုဖန်ကနီယန်အား ထမင်းကြော်ခွံ့နေရင်းဖြင့် သူ၏စိတ်စွမ်းအင်များကိုလှည့်ပတ်စီးဆင်းစေကာသူမ၏ပါးစပ်ထဲရှိအစာများအားလည်ချောင်းမှတစ်ဆင့် အစာအိမ်အတွင်းထိတိုင်ချောမွေ့စွာမျိုချနိုင်ရန်ကူညီပေးနေသည်။


ပုဖန်၏ထိန်းချုပ်မှုအောက်တွင် နီယန်မျိုချလိုက်သောဥထမင်းကြော်၏အနှစ်သာရစွမ်းအင်များသည် စိတ်စွမ်းအင်နှင့် အာဟာရဓာတ်များအဖြစ်သို့ခွဲဖြာသွားပြီး နီယန်၏သွေးကြောများအတွင်းသို့လှည့်ပတ်စီးဆင်းသွားလေသည်။


ခေတ္တကြာသောအခါ နီယန်၏မျက်နှာအရောင်မှာပုံမှန်အနေအထားသို့ပြန်လည်ရောက်ရှိလာပြီး သွေးရောင်ယှက်သန်းလာ၏။သူမ၏နို့နှစ်ရောင်အသားအရည်က ပန်းနုရောင်ယှက်သန်းလာကာ သွေးများပင်ယိုစိမ့်လာမယောင်ရှိနေသည်။


ပုဖန်ကသူမကိုစစ်ဆေးလိုက်ပြီး နောက်တစ်ဇွန်းထပ်ကျွေးလိုက်သည်။


အချိန်တိုအတွင်းထိုတစ်ဇွန်းကလည်းနီယန်၏အစာအိမ်အတွင်းသို့ရောက်ရှိသွား၏။


နီယန်၏စိတ်ဝိဉာဉ်ပင်လယ်ကအနည်းငယ်အသက်ဝင်လာသည့်အတွက်သူမ၏ခန္ဓာကိုယ်မှအဖြူရောင်အငွေ့အချို့ထွက်ပေါ်လာသည်။


စောင့်ကြည့်နေကြသူများ၏ မျက်လုံးများလည်းပြူးကျယ်လာကြသည်။


ယန်မိန်ကျီကလုံးလုံးလျားလျားကြောင်အနေသည်။သူမကမျက်စိရှေ့ရှိ အမျိုးသမီးအား ဥထမင်းကြော်ကိုတစ်ဇွန်းချင်းဂရုတစိုက်ခွံ့ကျွေးနေသည့်ပုဖန်အားကြည့်၍ သူမသိခဲ့ဖူးသော တင်းကြပ်ကာနတ်ဆိုးဆန်သည့်ပိုင်ရှင်ပု၏ပုံရိပ်နှင့်တွဲမြင်ကြည့်၍မရနိုင်ဖြစ်လို့နေသည်။


ဒါကပိုင်ရှင်ပုအတုကြီးတော့မဟုတ်ပါဘူးနော်...


နန်းကုန်းဝမ်ကခပ်ယဲ့ယဲ့သက်ပြင်းချလိုက်ပြီး သူမ၏အကြည့်များကရှုပ်ထွေးသွားသည်။


နန်းကုန်းဝူချယ်၏ပါးစပ်က စက်ဝိုင်းတစ်ခုကဲ့သို့ဝိုင်းစက်နေပြီး သူကသရဲတစ်ကောင်ကိုမြင်ရသလိုထိတ်လန့်နေလေသည်။


ဒီမိန်းမကဘယ်လိုနတ်ဘုရားမမျိုးများလဲ...


ပိုင်ရှင်ပုကသူမကိုကိုယ်တိုင်ခွံ့ကျွေးနေတယ်...သူ့ကိုဆို တစ်သက်လုံးလုပ်ပေးမှာကိုမဟုတ်ဘူး...


ပုကြီးကပြောင်းလဲသွားပြီ သူအရင်ကပုကြီးမဟုတ်တော့ဘူး...


ခွေးဘုရင်ကခေါင်းထောင်လာပြီး ဥထမင်းကြော်စားနေသောနီယန်အား တစိုက်မတ်မတ်ကြည့်ရှုလာသည်။


ငရဲဘုရင်အာဟ၏မျက်ခုံးအစုံကလည်းတွန့်ချိုးသွား၏။


ရုတ်ချည်းဆိုသလိုပင် လူငယ်တစ်ဦးနှင့်ခွေးတစ်ကောင်၏မျက်လုံးနှစ်စုံကစူးရှသွားကြသည်။


ဘုန်းး


နီယန်၏ခန္ဓာကိုယ်ထံမှလေလှိုင်းတစ်ခုဖြစ်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်အားလှည့်ပတ်နေသည်။


မျက်စိတစ်မှိတ်အတွင်းစားသောက်ဆိုင်တစ်ခုလုံးအားလွှမ်းခြုံထားသောအလင်းစက်များထွက်ပေါ်လာလေသည်။


ကြယ်ရောင်များကစားသောက်ဆိုင်အတွင်းမှချိုးဖျက်ထွက်ခွာလိုဟန်ရှိသော်လည်း စားသောက်ဆိုင်၏ထူးခြားဆန်းကြယ်သောစွမ်းအင်လှိုင်းများက ကြယ်အလင်းများအားမည်သည့်နေရာကိုမှထွက်ခွာမသွားနိုင်စေရန်ပိတ်လှောင်ထားသည်။


ခွေးဘုရင်ကအရာအားလုံးကိုသိနားလည်သောဟန်ဖြင့်တွေးဆဆပြောလာသည်။


"ဒီကလေးမကသူ့ကပ်ဘေးကနေ ကံကောင်းထောက်မမှုကိုရှိသွားပြီပဲ..."


ငရဲဘုရင်အာဟကအံ့အားသင့်သွားကာ သူ၏မျက်နှာတစ်ခြမ်းကိုအုပ်လျက်ရယ်မောလိုက်သည်။


" ဒီဘုရင်ကိုတောင် သူ့အစပ်ချောင်းတွေနဲ့သွေးကျောက်ပုစွန်တွေအောက်မှာ ကျရှုံးအောင်လုပ်နိုင်ခဲ့တဲ့လူပီသပါပေတယ်..."


ကြယ်ရောင်ကြယ်ဝါများကပိုမိုသိပ်သည်းလာကာ စားသောက်ဆိုင်အတွင်း၌ကြယ်တာရာမြစ်ကြီးတစ်စင်းဖြတ်သန်းစီးဆင်းနေသကဲ့သို့ပင်ရှိသည်။


ခွေးဘုရင်က သူ၏ချစ်စဖွယ်လက်ဖဝါးတစ်ဖက်ကိုမြှောက်၍ကြယ်စင်များအား သာသာထိတွေ့လိုက်သည်။သူကတစ်စုံတစ်ရာကိုပြန်လည်အမှတ်ရနေဟန်ရှိပြီး သူ၏နူးညံ့ကာသြဇာညောင်းသောအသံထွက်ပေါ်လာသည်။


" ဒါက ပုန်းကွယ်နဂါးတိုက်ကကြယ်တာရာဖမ်းကွန်ရက်လေးပဲဆိုပေမဲ့ သူမသာကောင်းကောင်းထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်... နတ်ဘုရားအဆင့်ချက်ပြုတ်သူလောကဝင်ရောက်ခွင့်ထက်မနိမ့်တဲ့အခွင့်အလမ်းတွေရလာမှာပဲ..."


နီယန်က စူးစူးရှရှအော်ဟစ်လိုက်သည်။


သူမ၏နီရဲနေသောမျက်နှာကသွေးစက်များစီးကျလာမယောင်ရှိနေသည်။အဆုံးတွင် သူမပါးစပ်မှသွေးများအန်ထုတ်လိုက်ရင်း ဖြည်းညင်းစွာနိုးထလာချေတော့သည်။


ပုဖန်ကနီယန်၏မျက်လုံးများနှင့်အကြည့်ချင်းဆုံသွားကာ ထိုအခိုက်အတန့်တွင်သူ၏လှိုင်းထန်နေသောစိတ်ဝိဉာဉ်ပင်လယ်တစ်ခုလုံးအေးခဲသွားသယောင်ခံစားလိုက်ရ၏။


အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်နေကာ နေရခက်သောလေထုကိုဖြစ်ပေါ်နေစေသည်။


ပုဖန်ကကြောင်အကာတောင့်ခဲနေစဉ် သူ၏စိတ်ဝိဉာဉ်ပင်လယ်ရှိနဂါးဟိန်းသံကြောင့်ရုတ်ချည်းသတိကပ်သွားရသည်။


နီယန်ကနိုးထလာပြီး လက်ထဲတွင်ထမင်းကြော်ဇွန်းကိုကိုင်ဆောင်ထားသောပုဖန်အား အူကြောင်ကြောင်စိုက်ကြည့်နေမိသည်။သူမ၏မျက်ဝန်းများအတွင်း ကြယ်စင်တန်းလေးများ ရွေ့လျားနေသယောင်တောက်ပနေ၏။


နိုးလာပြီလား...


လူတိုင်းကထိတ်လန့်သွားကာ မျက်စိရှေ့ရှိအခြေအနေကိုလိုက်မှီနိုင်ဖြစ်သွားကြရသည်။


သူမတကယ်နိုးလာတာလား...


သူတော်စင်သမီးတော်ဇီယွင်သည်လည်းမှင်သက်လို့နေ၏။ပုန်းကွယ်နဂါးတိုက်တော်ဝင်ခုံရုံးမှ သန့်စင်နယ်မြေသူတော်စင်ဂိုဏ်းချုပ်များပင် ပျက်စီးနေသောစိတ်ဝိဉာဉ်ပင်လယ်တစ်ခုကိုမကုသနိုင်ကြပေ။ယခု ဥထမင်းကြော်တစ်ပန်းကန်က ကုသသွားလေသည်...


ထိုအရာကနတ်ဘုရားသားရဲ၏ဥနှင့်ချက်ပြုတ်သည်ဆိုလျှင်ပင် သောက်ကျိုးနည်းဥထမင်းကြော်တစ်ပန်းကန်ဖြစ်နေဆဲပင်။


ဥထမင်းကြော်တစ်ပန်းကန်လုံးက သေခြင်းရှင်ခြင်းကြားရှိ အသက်တစ်ချောင်းအားပြန်လည်ခေါ်ယူနိုင်ခဲ့သည်။


ပိုင်ရှင်ပုကဘယ်နတ်ဘုရားမျိုးနွယ်ကလဲ...


နီယန်က ပုဖန်အားစိုက်ကြည့်နေပြီး သူမ၏မျက်ဝန်းများအတွင်းအလင်းစက်လေးများရောင်ပြန်နေ၏။ ဤသို့ဖြင့် ရုတ်တရက်သူမကပုဖန်အား... တိုက်ခိုက်လာလေသည်။


ပုဖန်အထိတ်တလန့်ဖြစ်သွားရသည်။


စားသောက်ဆိုင်အတွင်းရှိစိတ်ဝင်တစားကြည့်ရှုနေကြသောလူအုပ်ကြီးလည်း အလန့်တကြားထအော်လိုက်မိကြလေသည်။


နန်းကုန်းဝူချယ်၏ မေးရိုးပြုတ်ကျသွားသည်။


အေးစက်စွာဖြင့်မပြောင်းမလဲရှိနေတတ်သောနယ်သာရီသည်ပင် ဤမြင်ကွင်းကြောင့်အနည်းငယ်တုန်လှုပ်သွားလေသည်။


လူတိုင်းကခြောက်ခြားစွာကြည့်ရှုနေမိကြသည်...


နီယန်က ပုဖန်လက်ထဲမှကြွေဇွန်းကိုဆွဲလုကာ သူမသွေးများကိုသုတ်၍ခေါင်းမဖော်စတမ်းစတင်စားသောက်တော့သည်။


သူမက ဥထမင်းကြော်ကိုသူမပါးစပ်တွင်းသို့အဆက်မပြတ်သွပ်သွင်းနေသည်။ထိုအခါသိပ်သည်းသောစွမ်းအင်လှိုင်းများနှင့် မွှေးရနံ့များအဆက်မပြတ်ထွက်ပေါ်လာ၏။


တစ်လုပ်စားပြီးသည့်အခါတိုင်း နီယန်ကသူမ၏စွမ်းအင်များပိုမိုအားကောင်းလာသည်ကိုခံစားရသည်။


သူမမရပ်တန်နိုင်ခဲ့ချေ။


သူမမည်သို့မျှမရပ်တန့်နိုင်ခဲ့ချေ။သူမကနှစ်ပေါင်းများစွာမစားသောက်ခဲ့ရသူတစ်ဦးကဲ့သို့ဆာလောင်နေပြီး သူမ၏အစာအိမ်နှင့်အသွေးအသားများအတွင်းထိတိုင် ဤထမင်းကြော်အားတပ်မက်လျက်ရှိသည်။


ရွှေဝါရောင်ဥနှင့် သွေးနီရောင်ထမင်းလုံးများက အဆုံးမဲ့စွမ်းအင်များကိုထုတ်လုပ်ပေးနေသည်။


ပုဖန်ဆွံ့အစွာဖြင့်သူ၏ ခေါင်းကိုပွတ်သပ်လိုက်မိသည်။သူကဤအခိုက်အတန့်တွင်ပြောစရာစကားလုံးများ ပျောက်ရှနေ၏။


ဒီအမျိုးသမီး... တတ်လည်းတတ်နိုင်ပါပေတယ်...


နီယန်က အစာငတ်သေသူဝင်စားလာသကဲ့သို့ ဥထမင်းကြော်ကိုသွေးရူးသွေးတမ်းစားသောက်နေသည်။


စားသောက်နေစဉ်အတွင်း သူမ၏အော်ရာများစတင်ပြောင်းလဲလာသည်။


ပတ်ပတ်လည်ရှိ ကြယ်စင်အလင်းတန်းများကစုဝေးကသူမကိုယ်တွင်းသို့စိမ့်ဝင်ပျောက်ကွယ်သွားကြသည်။


သို့သော်နီယန်ကစားသောက်ခြင်းကိုမရပ်တန့်သေးပေ။


ကြယ်ရောင်များပျောက်ကွယ်သွားသောအခါသူမခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်စွမ်းအင်များစတင်ပြောင်းလဲလာပြီး ဆန်းကြယ်သောစွမ်းအင်လှိုင်းအချို့မြင့်တက်လာသည်။


ခမ်းနားတောက်ပသော စိတ်ဝိဉာဉ်လှေကားထစ်များသူမဦးခေါင်းထက်တွင်ဖြစ်ပေါ်လာကာတစ်ဆင့်ပြီးတစ်ဆင့်တိုးမြင့်နေသည်။


တစ်ထစ် နှစ်ထစ် သုံးထစ် လေးထစ်...


ခေတ္တအကြာ လှေကားကိုးထစ်လုံးပြီးပြည့်စုံသွားကာ နတ်ဘုရားယဇ်ပလ္လင်တစ်ခုဖြစ်တည်လာလေသည်။


နီယန်က သူမ၏ကျင့်ကြံဆင့်ပြောင်းလဲမှုကိုသတိပြုမိဟန်ပင်မရချေ။သူမက ဥထမင်းကြော်ကိုသာပလုတ်ပလောင်းဝါးမြိုနေပြီး ရွှေရောင်ဆီစများကသူမနှုတ်ခမ်းထောင့်မှဆီးကျလာသည်။


နန်းကုန်းဝူချယ်နှင့်အခြားသူများမှာ ပို၍ပို၍သာအံ့အားသင့်လို့နေကြရသည်။


ဘာတွေလဲ...


လောကကြီးမှာဘာတွေဖြစ်ပျက်နေတာလဲ...


ဒီမိန်းမကအဆင့်တက်သွားပြီ ဒီလောက်ထိမြန်မြန်ဆန်ဆန်ကြီး...


သူမက စိတ်ဝိဉာဉ်လှေကားပထမအဆင့်မှသည်နတ်ဘုရားဝိဉာဉ်နယ်ပယ်၏အထွဋ်အထိပ်သို့မျက်စိတစ်မှိတ်အတွင်းအဆင့်မြင့်တက်သွားခဲ့သည်ပေ။


လူချင်းအတူတူကိုဘာလို့ဒီလောက်ဘဝခြားနေရတာလဲ...


နောက်ပြီး ပိုင်ရှင်ပုရဲ့ထမင်းကြော်ကလည်းအဲဒီလောက်တောင်အစွမ်းထက်တာပဲလား...


သို့သော်လည်း နောက်ဆက်တွဲဖြစ်ပေါ်လာသည့်အဖြစ်အပျက်ကလူတိုင်းအားပို၍ပို၍ပို၍ပင်အံ့အားသင့်စေခဲ့၏။


အလင်းတန်းများကွန့်မြူးနေခဲ့သော နတ်ဘုရားယဇ်ပလ္လင်သည် ခေတ္တအကြာတွင်အရှိန်ငြီးငြီးတောက်ပနေသော မီးလျှံတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်ပေ။


ကြယ်စင်အလင်းတန်းများကစုဝေးလာပြီး နတ်ဘုရားမီးတောက်ကတဟုန်ထိုးလင်းတောက်လောင်နေ၏။


နတ်ဘုရားမီးတောက်တစ်ခု နတ်ဘုရားမီးတောက်နှစ်ခု နတ်ဘုရားမီးတောက်သုံးခု...


နတ်ဘုရားမီးတောက်ငါးခုဖြစ်ပေါ်လာပြီးသည့်နောက်တွင်မှ လှိုင်းထန်နေသောစွမ်းအင်များကဖြည်းငြင်းစွာပြန်လည်ငြိမ်သက်သွားလေသည်။


တစ်ချိန်တည်းတွင် နီယန်သည်လည်းဥထမင်းကြော်အားလက်စသတ်လိုက်ပြီး ကြွေပန်းကန်ပြားအားသူမ၏လျှာဖြင့်ပြောင်စင်အောင်ယက်လိုက်လေသည်။


နီယန်က သက်ပြင်းတစ်ချက်ရှုထုတ်လိုက်ကာစိတ်ကျေနပ်သွားရသည်။


"နောက်ဆုံးတော့ဗိုက်ဝသွားပြီ..."


နီယန်က ကြွေပန်းကန်ပြားကိုစားပွဲထက်သို့ချလိုက်သည်။သူမ၏မျက်လုံးအစုံမှာကောင်းကင်ယံမှ ကြယ်စင်အစုအဝေးလေးများကဲ့သို့ တဖျတ်ဖျတ်တောက်ပနေ၏။


"ဒီအမျိုးသမီးကို ချောင်းရိုက်တဲ့ကောင်ဘယ်မှာလဲ နုတ်နုတ်စဉ်းပြီးဝိုင်နဲ့မြည်းပစ်မယ်..."


နီယန်ကခုန်ထလိုက်သည်။သူမ၏ကျင့်ကြံဆင့်ကြောင့် မယုံနိုင်ဖွယ်အားအင်ပြည့်ဝလို့နေလေသည်။


ကိစ္စအမြောက်အမြားအားရင်ဆိုင်ကြုံတွေ့ဖူးခဲ့ကြသော ခွေးဘုရင်နှင့် ငရဲဘုရင်အာဟတို့မှာဆွံ့အနေကြရ၏။


ဒီရင်သားကြီးပြီး ဦးနှောက်မရှိတဲ့မိန်းမ...


ဒီတစ်ကြိမ်တော့တကယ်ကံကောင်းမှုအပြုံလိုက်ကြီးနဲ့ဝင်တိုးမိသွားတာပဲ...