အပိုင်း ၈၉၃
Viewers 53k

အခန်း ၈၉၃

ခွေးဘုရင်ကမနာလိုနေတယ်


နီယန်၏ကျင့်ကြံဆင့်က မည်သူမျှမမျှော်လင့်ထားခဲ့သောအရှိန်ဖြင့် အလွန်လျင်မြင်စွာတိုးတက်သွားခဲ့သည်။


ပုဖန်က အံ့သြမှင်သက်နေသောအမူအယာတစ်ခုကိုဆင်မြန်းထားသည်။


သူကသူ၏တိုးတက်မှုကသာ အလျင်မြန်ဆုံးဟုတွေးထင်ထားခဲ့မိသည်။မည်သို့ပင်ဖြစ်စေသူက စနစ်အတွင်းကြာမြင့်စွာသိုမှီးခဲ့ရပြီး မျက်စိတစ်မှိတ်အတွင်းအဆင့်အသစ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။


သူ၏အဆင့်ချိုးဖျက်မှုက ဥက္ကာပျံတစ်ခုကဲ့သို့အရှိန်ဖြင့် မြင့်မြတ်သောစိတ်ဝိဉာဉ်စဦးအဆင့်မှ နတ်ဘုရားဝိဉာဉ်အဆင့်သို့ရောက်ရှိခဲ့သည်။


သို့သော် နီယန်ကိုကြည့်၍ပုဖန်၏နှုတ်ခမ်းများအနည်းငယ်တုန်ယင်သွားရသည်။ဤအမျိုးသမီးက ပို၍ပက်ပက်စက်စက်ရှိလှချေသည်။သူမက မြင့်မြတ်သောစိတ်ဝိဉာဉ်စဦးအဆင့်မှ နတ်ဘုရားဝိဉာဉ်အဆင့်၏ ပဉ္စမမြောက်နတ်ဘုရားမီးတောင်အဆင့်သို့တိုက်ရိုက်အဆင့်ချိုးဖျက်သွားခဲ့သည်ပေ။


ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ...


ကျင့်ကြံဆင့် တိုးတက်မှုဆိုသည်ကလည်းအကန့်အသက်ရှိသင့်သည်။နီယန် ထိုသို့ဒုန်းဆိုင်းသွားပါက သူမ၏ခန္ဓာကိုယ်ကဒဏ်မခံနိုင်ပဲေ ပါက်ကွဲထွက်သွားနိုင်ချေရှိသည်။


အခြားသူများကလည်း ထိုနည်းတူစဉ်းစားကြသည်။နီယန်၏ကြီးမားသောချိုးဖျက်မှုကြီးက သူမခန္ဓာကိုယ်အားဝန်ပိစေလိမ့်မည် 


ငရဲဘုရင်အာဟကသူ၏မျက်နှာတစ်ခြမ်းကို ဖုန်းကွယ်လျက်ကျယ်လောင်စွာရယ်မောနေသည်။


" အဲဒါကြောင့်ငါပြောပါတယ် ရင်ကြီးကြီးနဲ့ဦးနှောက်မရှိတဲ့မိန်းမတွေက ကံကောင်းတယ်လို့..."


ကံကောင်းခြင်းတဲ့လား...


ငရဲဘုရင်အာဟ၏ စကားလုံးများကအခြားလူများကိုစိတ်ရှုပ်ထွေးသွားစေသည်။သူတို့ကထိုစကား၏ အဓိပ္ပာယ်ကိုနားမလည်သော်လည်း ငရဲဘုရင်အာဟကိုယ်တိုင်က ကံကောင်းခြင်းတစ်ခုဟုပြောဆိုလာသဖြင့် ထိုအရာက အမှန်တကယ်ထူးခြားမှုတစ်ခုဖြစ်မည်ဟု မှတ်ယူလိုက်ကြသည်။


"လောကတစ်ခုစီမှာ ကြယ်တာရာဖမ်းကွန်ရက်တစ်ခုစီရှိပြီး အဲဒီလောကကို သူ့ရဲ့ကိုယ်ပိုင်ကြီးမြတ်လမ်းစဉ်နိယာမနဲ့ လောကရဲ့အထက်ကကြယ်ပင်လယ်တွေနဲ့ ကြားခံအဖြစ်ဆက်သွယ်ပေးထားတယ်..."


ငရဲဘုရင်ကပြောသည်။


အခြားသူများကပို၍ပင် အံ့အားသင့်သွားကြရသည်။


ဘာလို့သူ့အသံက အဲ့လောက်လေးနက်နေရတာလဲဟ...


" ပုန်းကွယ်နဂါးတိုက်ရဲ့ ကြယ်တာရာဖမ်းကွန်ရက်ကပျက်စီးသွားပြီး ကြီးမြတ်သောလမ်းစဉ်နိယာမကယိုင်နဲ့လာတယ် အဲဒီအတွက်ဒီမိန်းမရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီးပြန်လည်စုစည်းဖို့ကြိုးစားနေတာ တစ်နည်းအားဖြင့်သူမက ကြယ်တာရာဖမ်းကွန်ရက် ကြယ်တာရာဖမ်းကွန်ရက်က သူမဖြစ်လာလိမ့်မယ် အပြန်အလှန်အနေနဲ့သူမရဲ့ကိုယ်ပိုင်ခံစားချက်တွေပျောက်ဆုံးသွားပြီး သူမကိုကြီးမြတ်သောလမ်းစဉ်နိယာမက ရုပ်သေးတစ်ရုပ်အနေနဲ့ခြယ်လှယ်မှာပဲ..."


ငရဲဘုရင်အာဟက လေးနက်သောလေသံဖြင့်ရှင်းပြသည်။


လူတိုင်းအသက်အောင့်လိုက်မိကြပြီး မျက်လုံးများပြူးကျယ်သွားကြသည်။


ပုဖန်လည်းအတွင်းစိတ်၌တုန်လှုပ်သွားမိသည်။


ဆိုတော့ဒီလိုမျိုးတွေဖြစ်လာမှာလား...


မဟာလမ်းစဉ်နိယာမဆိုသည်က ပါးနပ်ကာအန္တရယ်ရှိသောအရာပါပေ။


" အဆိုးထဲကအကောင်းရသွားတယ်ဆိုတာကရော ဘာကိုဆိုလိုတာလဲ..."


နန်းကုန်းဝူချယ်က သိချင်စိတ်ပြင်းနေသည်။သူကထိုကဲ့သို့ဝရုန်းသုန်းကားဆန်လှသော အဆင့်ချိုးဖြတ်မှုကြီးကြောင့်အံ့အားသင့်နေမိသည်။


ငရဲဘုရင်အာဟက နန်းကုန်းဝူချယ်အားခေတ္တမျှကြည့်ရှုလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများကွေးညွတ်သွားသည်။


သူကနန်းကုန်းဝူချယ်နှင့်ရင်းနှီးခဲ့ကြသည်။ထိုနှစ်များက သူနှင့်နန်းကုန်းဝူချယ်မှာဆေးနန်းတော်၏အာဏာရှင်နှစ်ဦးဖြစ်ခဲ့ကြကာ မည်သူကမျှသူတို့နှစ်ဦးအား ရန်စခြင်းမပြုဝံ့ခဲ့ကြပေ။


ထိုနေ့များက နေ့ရက်ကောင်းလေးများဖြစ်ခဲ့ပါသည်။


ငရဲဘုရင်အာဟက ပိုင်ရှင်ပု၏အစပ်ချောင်းကိုသူ၏နှုတ်ခမ်းထောင့်တွင်ကိုက်ခဲထားခဲ့ပြီး သူ၏အနက်ရောင်ဝတ်ရုံရှည်က လှုပ်ရှားလိုက်ချိန်တိုင်းတွင် လှုပ်ခပ်ယိမ်းနွဲ့နေခဲ့သည်။


ထိုစဉ်အချိန်ကာလများက သန့်စင်၍ဟန်ဆောင်မှုကင်းမဲ့ပေသည်။


"ဒီမိန်းမက မဟာလမ်းစဉ်နိယာမရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်တော့မလို့ပဲ သူမခေါင်းထဲမှာကြယ်တာရာဖမ်းကွန်ရက်ရှိနေပြီလေ သူမဆိုင်ရှင်ပုနဲ့ရှိနေခဲ့တဲ့အချိန်တွေအတွင်း သူမရဲ့ခန္ဓာကိုယ်ကကြယ်တာရာဖမ်းကွန်ရက်ကြောင့် တဖြည်းဖြည်းပြောင်းလဲနေခဲ့တယ် အခုသူမရဲ့ခန္ဓာကိုယ်ကမြင့်မြတ်ကြယ်စင်ခန္ဓာကိုယ်ပဲ အဲ့လိုနဲ့သူမမြွေလူသားမြို့တော်မှာကြယ်တာရာဖမ်းကွန်ရက်နဲ့အပြီးတိုင်ပေါင်းစည်းတော့မယ့်အချိန်မှာ အသန်မာဆုံးနတ်ဆိုးဘုရင်ကဝင်နှောင့်ယှက်လိုက်လို့ ပေါင်းစပ်တာကမအောင်မြင်တော့ဘဲ သူမရဲ့စိတ်ဝိဉာဉ်ပင်လယ်ပြန့်ကျဲသွားတယ် ..."


ငရဲဘုရင်အာဟက စားပွဲပေါ်တွင်ထိုင်နေရင်းသူ၏ပတ်ပတ်လည်ရှိ သိချင်စိတ်ပြင်းပြနေကြသူများအားရှင်းပြနေသည်။သူကခေတ္တရပ်ကာအပြုံးတစ်ခုဖြင့် ဇီးချဉ်ဖျော်ရည်ခွက်ကိုကိုင်မကာတစ်ငုံမျှသောက်လိုက်၏။


ထို့နောက် သူ၏နှုတ်ခမ်းကိုသပ်လိုက်ပြီး စကားဆက်သည်။


" အဲဒီအချိန်မှာ ဒီမိန်းမကသေမလိုဖြစ်နေပြီ သူမဒီဘုရင်နဲ့တွေ့လို့ကံကောင်းတာလေ ငါကသူမနဖူးကိုသုံးချက်ပဲတောက်ပြီးသူမရဲ့စိတ်ဝိဉာဉ်ပင်လယ်ကိုတည်ငြိမ်အောင်လုပ်ပေးခဲ့တာ ပြီးတော့ဆိုင်ရှင်ပုကနတ်ဘုရားသားရဲဥနဲ့သူမရဲ့ဒဏ်ရာတွေကိုကုသပေးလိုက်တယ် အဲဒီမှာအဓိကအချက်က..."


ငရဲဘုရင်အာဟက သူ၏အသံကိုနှိမ့်ချလိုက်ပြီး နားထောင်နေကြသူများအား မျက်လုံးအစုံကို မှေးကျဉ်းကာကြည့်လိုက်သည်။


နန်းကုန်းဝူချယ်နှင့်အခြားသူများက တောက်ပသောမျက်ဝန်းများဖြင့် အာဟကိုကြည့်ရှုနေကြသည်။၎င်းတို့သည် အာဟသူတို့အားဆက်ပြောပြလာရန် စိတ်အားထက်သန်စွာစောင့်မျှော်လျက်ရှိသည်။


ပုဖန်ကမျက်မှောင်ကျုံ့လျက်နားစွင့်နေ၏။


နီယန်သည်လည်း သိချင်စိတ်ပြင်းပြလျက်ရှိသည်။


ငရဲဘုရင်အာဟကအသက်ပြင်းပြင်းရှူလိုက်ကာ တစ်စုံတစ်ရာပြောမည့်ဟန်ဖြင့်သူ၏ပါးစပ်ကိုဖွင့် လိုက်သည်။


သို့သော်လည်း အဆုံးတွင်သူက နေရခက်သောအမူအယာဖြင့်သူ၏ခေါင်းအားပွတ်သပ်လိုက်ချေသည်။


" ငါလည်းဘယ်လိုရှင်းပြရမလဲမသိတော့ဘူး ဟေ့ ခွေးငပျင်း မင်းရှင်းပြလိုက်..."


လူတိုင်းဆွံ့အသွားခဲ့ရသည်။


နန်းကုန်းဝူချယ်မှာကြောင်အသွားပြီး ရယ်ရမည်လောငိုရမည်လောပင်မဝေခွဲနိုင်တော့ပေ။


ခွေးဘုရင်ကမျက်လုံးလှန်လိုက်ကာ တစ်စုံတစ်ရာကိုခပ်တိုးတိုးပွစိပွစိရေရွတ်နေသည်။


ဒီခွေးကတစ်နေ့တော့ဓားတစ်လက်နဲ့တစ်လောကလုံးကိုသုတ်သင်ပစ်လိုက်ဦးမယ်ကွ...


မည်သို့ဖြစ်စေ သူကအာဟကိုမငြင်းဆိုခဲ့ချေ။


အဘယ်ကြောင့်ဆိုသော် ငရဲဘုရငိအာဟတစ်ယောက်ဤကိစ္စကိုအမှန်တကယ်ရှင်းပြတတ်မည်မဟုတ်မှန်း သူသိသောကြောင့်ဖြစ်သည်။


ခွေးဘုရင်၏နူးညံကာသြဇာညောင်းသောအသံထွက်ပေါ်လာသည်။


"အဲဒါကအကုန်လုံးဆိုင်ရှင်ပုရဲ့ စားသောက်ဆိုင်ကြောင့်ပဲ ကြယ်အလင်းတန်းတွေသာစားသောက်ဆိုင်အပြင်ကိုထွက်သွားရင်တစ်မြို့လုံးကိုကြယ်တွေဖုံးလွှမ်းသွားတာနဲ့ ဒီရင်ကြီးခေါင်းသေးမိန်းမလည်း မဟာ နိယာမလမ်းစဉ် ရဲ့ရုပ်သေးတစ်ရုပ်ဖြစ်သွားပြီ..."


ခွေးဘုရင်ကစကားကိုခေတ္တရပ်လိုက်ပြီးနောက် ထပ်ပေါင်းပြောလာသည်။


" အဲဒီတော့ ဒီစားသောက်ဆိုင်ကကြယ်စွမ်းအင်တွေကိုချည်နှောင်လိုက်ပြီး အရေးအကြီးဆုံးအနေနဲ့... မဟာလမ်းစဉ်နိယာမနဲ့ကြယ်တာရာဖမ်းကွန်ရက်ကြားက ဆက်နွှယ်မှုကဖြတ်တောက်ခံလိုက်ရတယ်..."


အခြားသူများကနားထောင်နေကြရင်းဖြင့် နောက်ကွယ်ရှိအကြောင်းအရာများအားလုံးကို သဘောပေါက်နားလည်သွားကြသကဲ့သို့အံ့အားသင့်သောအမူအယာများပြသလာကြသည်။


ပုဖန်က သူ၏ဆိုင်ကြောင့်သာဤသို့ဖြစ်လာသည်ဆိုသောကြောင့် အံ့အားသင့်သွားမိသည်။


စနစ်ကြောင့်များလား...


"ခွေးဘုရင် အဲဒီတော့ဒီအမျိုးသမီးကံကောင်းသွားတာ ဆိုင်ရှင်ပုရဲ့ဆိုင်က မဟာလမ်းစဉ်နိယာမကိုပိတ်ဆို့ထားနိုင်တာကြောင့်ဆိုတဲ့သဘောလား..."


ခွေးဘုရင်ကပျင်းရိစွာခေါင်းငြိတ်ပြလိုက်၏။သူက နီယန်ကိုအနည်းငယ်မျှအားကျသွားမိသည်။


သူမကယခုအချိန်တွင် ကြယ်တာရာဖမ်းကွန်ရက်ကိုအပြည့်အဝထိန်းချုပ်သွားနိုင်ခဲ့ပြီဖြစ်သည့်အတွက် သူမ၏အနာဂါတ်မှာအကန့်အသတ်မရှိပေ...


၎င်းကလောကကြီးအတွင်းရှိအလွန်ထူးခြားဆန်းကြယ်ကာ သန်မာသောစွမ်းအင်တစ်ခုဖြစ်သည်။နောင်တွင် နီယန်က ကြယ်ခင်းလမ်းကိုလျှောက်ရမည်သာဖြစ်တော့သည်။လမ်းစဉ်နိယာမ၏ မျက်နှာသာပေးမှုကြောင့်သူမထံသို့မရေမတွက်နိုင်သော အခွင့်အလမ်းများရောက်ရှိလာမည်ဖြစ်၏။


ခွေးဘုရင်က မိမိကိုယ်ကိုယ်နီယန်နှင်းနှိုင်းယှဉ်မိသောအခါချဉ်စူးသွားမိသည်။


"အဲဒီခွေးဝဲစားက နှစ်ပေါင်းများစွာကျင့်ကြံပြီး မဟာလမ်းစဉ်နိယာမတစ်ခုရဲ့စွမ်းအင်နည်းနည်းခိုးခဲ့ဖူးတယ်လေ သူ့အဖြစ်ကဒီမိန်းမနဲ့ယှဉ်ရင်တော်တော်သနားဖို့ကောင်းနေပြီ ဒါတော့ဒါပေါ့သူခိုးခဲ့တဲ့တစ်ခုက ပုန်းကွယ်နဂါးတိုက်ကဟာထက်တော့ အဆင့်မြင့်ပါတယ်လေ..."


ငရဲဘုရင်အာဟကအစပ်ချောင်းတစ်ချောင်းကိုထုတ်ကာသူ၏နှုတ်ခမ်းထက်တွင်ကိုက်ခဲလိုက်ပြီး အလွန်တရာလေးလေးနက်နက် စိတ်မကောင်းဖြစ်မိသယောင်ဆောင်နေ၏။


ခွေးဘုရင်က မဟာလမ်းစဉ်နိယာမရဲ့စွမ်းအင်တစ်ချို့ကို ခိုးဖူးသည်ဆိုပါလား...


အားလုံးက ခွေးဘုရင်ကို အလန့်တကြားလှည့်ကြည့်လိုက်မိကြသည်။သူတို့ကခွေးဘုရင် အလွန်အစွမ်းထက်ကြောင်းသိသော်လည်း သူ၏အစစ်အမှန်ခွန်အားနှင့်ကျင့်ကြံဆင့်ကိုမူမသိရှိခဲ့ကြပေ။


ယခုခွေးဘုရင်မှာ အလွန်အမင်းခြိမ်းခြောက်မှုရှိသောဖြစ်တည်မှုတစ်ရပ်ဖြစ်ဟန်တူလေသည်။


" ခိုးတယ်... ဘာကိုခိုး... အဲဒါလုတယ်လို့ခေါ်တယ်... လူတိုင်းလုတာပဲ ခွေးဘုရင်လည်းလုချင်လုမှာပေါ့ ပြီးတော့ ဘာကြီးမြတ်လမ်းစဉ်နိယာမလည်း ဒီခွေးဘုရင်ကအတိတ်မေ့နေပြီမသိတော့ဘူး..."


ခွေးဘုရင်ကမျက်လုံးတစ်ချက်လှန်ပြကာသမ်းဝေလိုက်ပြီး ကြမ်းပြင်ထက်သို့ပြန်လှဲချကာဟောက်နေလေသည်။


ငရဲဘုရင်၏နှုတ်ခမ်းထောင့်ကလည်းတွန့်ချိုးသွားပြီးခပ်တိုးတိုးပွားလိုက်သည်။သူ၏အမူအယာမှာချဉ်စူးနေ၏။


သူလည်းမနာလိုပေ


နီယန်က လုံးလုံးလျားလျားကြောင်အနေဆဲဖြစ်သည်။သူမချောင်းမြောင်းတိုက်ခိုက်ခဲ့ခဲ့ရသည်ကိုသာမှတ်မိပြီး အသက်ရှင်နေသေးလိမ့်ဦးမည်ဟုမျှော်လင့်မထားခဲ့ချေ။ကောင်းကင်လောက်ကြီးသောလက်ညိုးကြီးကသူမဆီသို့တိုးကပ်လာချိန် သူမသေခြင်းတရားကိုရင်ဆိုင်ရပြီဟုသာတွေးထင်ခဲ့၏။


သို့သော်သူမမသေခဲ့။အကောင်းပတိခန္ဓာကိုယ်ဖြင့်ခုန်ပေါက်နိုင်နေဆဲဖြစ်ကာ သူမ၏ကျင့်ကြံဆင့်ကလည်းအရှိန်အဟုန်ဖြင့်တိုးမြင့်သွားသေးသည်။ပို၍ထူးခြားသည်က ယခုသူမသည်ကြယ်တာရာဖမ်းကွန်ရက်ကိုအပြည့်အဝထိန်းချုပ်နိုင်သွားပြီပင်။


သူမသတိလစ်နေစဉ်မည်သည့်အရာများဖြစ်ပျက်သွားခဲ့ပါသနည်း...


နီယန် မည်သည့်ကံကောင်းမှုမျိုးကိုတွေ့ကြုံခဲ့ခြင်းဖြစ်ပါစေ... ပုဖန်စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည်။


နီယန် နိုးထလာခဲ့ပြီဖြစ်၍ ြုပန့်ကျဲကြယ်စဉ်ဝိုင်အတွက်လမ်းစလေးကိုမြင်တွေ့နိုင်ခဲ့လေပြီ။နောက်ဆုံးတွင်သူအချိန်ကြာမြင့်စွာတောင့်တခဲ့ရသော တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်ကိုချက်ပြုတ်နိုင်တော့မည်ဖြစ်၏။


ပုဖန်စိတ်လှုပ်ရှားနေမိသည်။


နီယန်၏အသားရည်ကရေခဲလွှာပါးလေးတစ်ထပ်ဖုံးအုပ်ထားသကဲ့သို့ကြည်လင်နေပြီး သူမကပို၍ပင်လှပလာဟန်တူသည်။


နီယန်က ဒေါသတကြီးအံကြိတ်လိုက်ပြီး အသန်မာဆုံးနတ်ဆိုးဘုရင်အပေါ်ရှိသူမ၏ဒေါသရေချိန်ကအမြင့်ဆုံးသို့ရောက်ရှိလာသည်။


"ငါအဲ့ခွေးကောင်ကိုသတ်မှာ သတ်ပြီးဝိုင်နဲ့နှပ်ပစ်မယ်..."


...


ပုန်းကွယ်နဂါးတိုက်ကောင်းကင်ဂိတ်ဝ...


တိမ်လွှာများအကြား၌ခမ်းနားထည်ဝါသောမြို့တော်ကြီးတစ်ခုဖြစ်တည်နေသည်။


မြို့တော်တံတိုင်းကြီးကအလွန်တရာမြင့်မားကာ နှစ်ပေါင်းများစွာတည်ရှိခဲ့ဖူးသောအရိပ်အယောင်များထင်ဟပ်နေ၏။


မြို့တံတိုင်းရိုးပေါ်၌ပုံရိပ်ခြောက်ခုရှိနေသည်။၎င်းတို့ကတည်ငြိမ်စွာမတ်တပ်ရပ်နေခဲ့သည့်တိုင် ထုတ်လွှတ်နေသောရောင်ဝါများကအလွန်တရာသန်မာကာပြင်းထန်နေသည်။


ထိုခြောက်ဦးမှာ သန့်စင်နယ်မြေအသီးသီးမှသူတော်စင်ဂိုဏ်းချုပ်များဖြစ်ကြ၏။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏သူတော်စင်ဂိုဏ်းချုပ်ကသေဆုံးသွားခဲ့ပြီဖြစ်သည့်အတွက် ကျန်ခြောက်ဦး၏ဖိအားများကပိုမိုလေးလံလာခဲ့သည်။


ပုန်းကွယ်နဂါးတိုက်၏ကောင်းကင်ဘုံဂိတ်ဝရှေ့ရှိကောင်းကယ်ယံ၌ ငရဲကမ္ဘာစွမ်းအင်များသိပ်သည်းစွာဝေ့ဝဲနေပြီး အနက်ရောင်တွင်းပေါက်ကြီးတစ်ခုဆုတ်ပြဲဖြစ်ပေါ်နေသည်။


ထိုတွင်းပေါက်အတွင်း၌ မှိတ်တုတ်မှိတ်တုတ်မျက်လုံးများနှင့် အနက်ရောင်အရိပ်များကရှေ့နောက်လူးလွန့်လှုပ်ရှားလျက်ရှိ၏။


ငရဲကမ္ဘာစွမ်းအင်များပိုမိုသိပ်သည်းလာသည်နှင့်အမျှ လျှပ်စီးနှင့်မိုးကြိုးသွားများထစ်ချုန်းဖြစ်ပေါ်လာသည်။


ထိုအက်ကွဲကြောင်းသည် ငရဲကမ္ဘာအကျဉ်းထောင်သုံးခုအနက်မှ ပျက်သုဉ်းအကျဉ်းထောင်ဖြစ်သည်။


ရွေ့လျားနေကြသောအနက်ရောင်အရိပ်များက ငရဲကမ္ဘာမှကျင့်ကြံသူများနှင့်၎င်းတို့၏နတ်ဆိုးဘုရင်များဖြစ်သည်။


ရုတ်တရက်...


တည်ငြိမ်စွာရပ်နေသောသန့်စင်နယ်မြေများမှသူတော်စင်ဂိုက်းချုပ်များ၏မျက်ဝန်းများအတွင်းနတ်ဘုရားမီးတောက်များပွင့်ထွက်လာပြီး တိုက်ကြီးရှိရာသို့အာရုံစူးစိုက်ကာလှည့်ကြည့်လိုက်ကြသည်။


ပြင်းထန်သော ငရဲစွမ်းအင်စီးကြောင်းကြီးကဥက္ကာခဲတစ်ခုအလားအထက်သို့ဆန်တက်သွားကာကောင်းကင်ယံကိုထိုးဖောက်သွားသည်။


ပုန်းကွယ်နဂါးတိုက်မြို့ရိုးပေါ်ရှိကျင့်ကြံသူများနှင့်သူတော်စင်ဂိုဏ်းချုပ်များ၏အခြေအနေကတင်းမာလာသည်။


" ဘယ်သူလဲ..."


သူတော်စင်ခြောက်ဦးအနက်မှတစ်ဦးက သူ၏မျက်ဝန်းများအတွင်းရောင်ခြည်များဖြာထွက်လျက် တရားမျှတမှု၏သရုပ်ကိုဖော်ကြူးသော် အသံဖြင့်ဟစ်အော်လိုက်သည်။


ထိုအသံကကောင်းကင်ယံတစ်ခုလုံးပဲ့တင်ထပ်လို့သွားသည်။


သို့သော်ပျံသန်းနေသည့်အရိပ်မည်းကြီးကရပ်တန့်မသွားချေ။


ကြောက်ခမန်းလိလိစွမ်းအင်ကြီးပေါက်ကွဲထွက်လာပြီး ပတ်ပတ်လည်သို့လှိုင်းခတ်သွားသည်။


သူတော်စင်ကကျယ်လောင်စွာအော်ဟစ်လိုက်ပြီးသူ၏ဦးခေါင်းထက်တွင် နတ်ဘုရားမီးလျှံခြောက်ခုဖြစ်ပေိါလာ၏။


မီးတောက်များကာလေဟာနယ်ကြီးတုန်ခါနေသည်အထိအလျှံငြီးငြီးတောက်လောင်နေသည်ပေ။


သို့သော်လည်းအရိပ်မည်းကြီးက ရူးသွပ်စွာတဟားဟားရယ်မောလိုက်သည်။


ကောင်းကင်တမျှကြီးမားသောလက်ချောင်းကြီးကအေးခဲသောစွမ်းအင်လှိုင်းများဖုံးအုပ်လျက် သူတော်စင်ထံသို့တဟုန်ထိုးတိုးဝင်လာသည်။


ကြောက်ခမန်းလိလိ ထိခိုက်မှုကြီးဖြစ်ပွားကာပေါက်ကွဲထွက်သွားလေသည်။


သူတော်စင်ကရွှေရောင်တောက်ပနေသောသွေးတစ်လုပ်အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်ကတံတိုင်းဆီသို့ပြင်းထန်စွာရိုက်ထုတ်ခြင်းခံလိုက်ရသည်။


အခြားသောသူတော်စင်ဂိုဏ်းချုပ်များလည်းတုန်လှုပ်သွားကြသည်။


အနက်အရောင်အခိုးအငွေ့များလွင့်ပြယ်လာကာ တောင့်တင်းခိုင်မာသောပုံသဏ္ဍာန်ကြီးတစ်ခုပေါ်ထွက်လာ၏။ဤသည်မှာ နီယန်နှင့်ကြယ်တာရာဖမ်းကွန်ရက်၏ပေါင်းစည်းမှုအားလက်ညိုးတစ်ချောင်းတည်းဖြင့်နှောင့်ယှက်ဖျက်ဆီးခဲ့သောအသန်မာဆုံးနတ်ဆိုးဘုရင်ဖြစ်လေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က လှောင်ပြုံးလိုက်သည်။သူကရိုက်ထုတ်လိုက်သောသူတော်စင်ကိုအာရုံမထားတော့ဘဲ ကောင်းကင်ယံရှိအက်ကွဲကြောင်းကြီးကိုလှည့်ကြည့်လိုက်သည်။


"လေဟာနယ်အက်ကွဲကြောင်း... ပျက်သုဉ်းအကျဉ်းထောင်ကပုန်းကွယ်နဂါးတိုက်ကိုကျူးကျော်ချင်နေကြတာလား..."


အက်ကွဲကြောင်းအတွင်းရှိပျက်သုဉ်းအကျဉ်းထောင်မှကျင့်ကြံသူများကလည်း အသန်မာဆုံးနတ်ဆိုးဘုရင်ကိုတွေ့မြင်လိုက်ကြသောအခါ ၎င်းတို့၏ငရဲစွမ်းအင်များကကောင်းကင်ထိတိုင်တဟုန်ထိုးပေါက်ကွဲထွက်လာကြသည်။


အချို့ကဟစ်အော်ကြသည် အချို့ကငိုကြွေးကြသည်...


ခံစားချက်မျိုးစုံကိုထုတ်လွှတ်၍ အသန်မာဆုံးနတ်ဆိုးဘုရင်၏ပြန်လည်ပေါ်ထွက်လာမှုအားကြိုဆိုခြင်းကိုပျော်ရွှင်စွာပြသကြကုန်သည်။


" ငါ အသန်မာဆုံးနတ်ဆိုးဘုရင်ပြန်လာပြီကွ ပုန်းကွယ်နဂါးတိုက်ကိုဘေးဖယ်လိုက်တော့ ငါတို့ရဲ့ပစ်မှတ်အသစ်ကငရဲကမ္ဘာကိုအုပ်စိုးဖို့ပဲကွ... ငါရသင့်ရထိုက်တာကိုပြန်ယူရမယ်..."


အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်လုံးများကမီးဝင်းဝင်းတောက်လို့နေသည်။


ရုတ်ချည်းဆိုသလို သူ၏စိတ်တွင်းမှအချက်ပေးမှုတစ်ခုအား ခံစားလိုက်ရသည်။သူကအနည်းငယ်ကြောက်လန့်သွားခဲ့၏။


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ကြယ်တာရာဖမ်းကွန်ရက်ကအကောင်းတိုင်းရှိနေသေးရတာလဲ ဟိုမိန်းမအခုထိမသေသေးဘူးလား..."