အပိုင်း ၈၉၄
Viewers 53k

အခန်း ၈၉၄ 

လယ်ယာမြေကိုအဆင့်မြှင့်ပါ


နီယန်၏ကျင့်ကြံဆင့်က အခြားသူများမျှော်လင့်ထားသည်ထက် ကျော်လွန်ကာတိုးတက်ခဲ့သည်။


၎င်းမှာ ဥက္ကာပျံတစ်ခုကောင်းကင်သို့ဆန်တက်ဘိသကဲ့သို့ ဖြစ်ရာ လူတိုင်းအားကျမနာလိုခဲ့ရသည်။


ကျင့်ကြံဆင့်တစ်ခုချိုးဖျက်နိုင်ရန်နှစ်ပေါင်းများစွာကျင့်ကြံခဲ့ရသူများနှင့်နှိုင်းယှဉ်လျင် နီယန်၏ အသက်တစ်ရှိုက်စာမျှအတွင်း တိုးတက်သွားမှုကြီးက မတရားလွန်းရာကျပေသည်။


နီယန်ကမူ ဘာကိုမျှထူးထူးခြားခြားမခံစားရပေ။သူမ၏အံ့သြလောက်စရာကျင့်ကြံဆင့်တိုးတက်မှုကြီးအပေါ်လည်း ထုံထုံထိုင်းထိုင်းသာခံစားမိသည်။


သူမ၏ကျင့်ကြံဆင့်တိုးမြင့်လာသည်က သူမကိုချောင်းမြောင်းတိုက်ခိုက်ခဲ့သောအယုတ်မာကိုရင်ဆိုင်ဖြေရှင်းရန်ယုံကြည်ချက်တိုးစေသည်။


ပုဖန်ကအနည်းငယ်အံ့အားသင့်သွားခဲ့သည့်တိုင် အားကျခြင်းမရှိပေ။မည်သို့ပင်ဖြစ်စေ စနစ်၏အကူအညီဖြင့်သူ၏ကျင့်ကြံဆင့်မှာပုံမှန်တိုးတက်နေဦးမည်ဖြစ်သည်။


နီယန်တစ်ယောက် သူမကိုချုံခိုတိုက်ခိုက်သွားသည့်အကောင်အားပြုတ်သောက်ပစ်မည်ဟုကြုံးဝါးနေသော်လည်း အသန်မာဆုံးနတ်ဆိုးဘုရင်မည်သည့်နေရာသို့ရောက်ရှိနေမှန်းမသိသဖြင့်မလုပ်နိုင်ချေ။


စားသောက်ဆိုင်အတွင်း၌ နန်းကုန်းဝူချယ်နှင့်အခြားသူများက ပုဖန်၏အစားအသောက်များကိုစားသုံးပြီးနောက်စိတ်ကျေနပ်နေကြသည်။


ဆိုင်ရှင်ပု၏အစားအသောက်ကောင်းများကိုမစားသုံးရသည်မှာအချိန်အတော်အတန်ကြာမြင့်ခဲ့ပြီဖြစ်ကာ ယခုပြန်လည်အရသာခံခွင့်ရချေပြီ။ဤသည်ကဖော်ပြ၍မတတ်သောပျော်ရွှင်မှုဖြစ်ပါ၏။


ညမှောင်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ကတိတ်ဆိတ်လာသည်။


ပုဖန်ကစားသောက်ဆိုင်တံခါးမကြီးကို ပိတ်လိုက်ပြီး ခုံတစ်ခုံယူ၍စားပွဲဘေး၌ထိုင်ချလိုက်သည်။


ရှစ်လေးက စားသောက်ဆိုင်အတွင်း၌မရပ်မနားလှည့်ပတ်ပြေးလွှားနေပြီး သူ၏တောင်ပံတစ်စုံမှအမွှေးအတောင်များကလေထဲတွင်ဝဲခါနေသည်။


၎င်းက ပုဖန်ထံသို့ပြေးလာကာသူ၏ခေါင်းကိုမော့ကြည့်သည်။ထို့နောက် အကြိမ်ရည်အနည်းငယ်တွန်ကာ လှည့်ပြေးသွားလေသည်။


ပုဖန်ကအတွေးနက်နေကာ သူကအနည်းငယ်စိတ်လှုပ်ရှားနေ၏။


နောက်ဆုံးတွင်နီယန်က နိုးထလာပြီး ကြယ်တာရာဖမ်းကွန်ရက်အားထိန်းချုပ်နိုင်ပြီဖြစ်လေသည်။ထိုအချင်းအရာက နီယန်ကသူ့အား တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်ချက်လုပ်ရာတွင်ကူညီနိုင်မည့်သဘောပေလား။


အချိန်ကြာမြင့်စွာစောင့်မျှော်ခဲ့ရပြီးနောက်တွင်မှ ခိုကိုးခြင်းမဲ့စမ်းချောင်းဝါဝိုင်ကိုချက်ရန်လမ်းစငယ်လေးကိုမြင်တွေ့ခဲ့ရပြီဖြစ်၍ပုဖန်အလွန်ပျော်ရွှင်နေမိသည်။


သို့သော် သူကအလျင်မလိုပါချေ။


ပုဖန်ကနီယန်အား ပြန့်ကျဲကြယ်စင်ဝိုင်ချက်ပြုတ်နည်းကိုချက်ချင်းသင်ပေးရန်မတောင်းဆိုသေးပါချေ။ဤအမျိုးသမီးက သေလုမြောပါးအခြေအနေမှကံကောင်းထောက်မစွာလွတ်မြောက်လာခဲ့သည်မှာပင်မကြာသေးဖြစ်ရာ သူမ၏စွမ်းအားများကိုထိန်းချုပ်ရန်ခက်ခဲနေဦးမည်ဖြစ်သည်။


ထို့ကြောင့် ယခုအချိန်သူမထံမှအကူအညီတောင်းပါကလည်း ဖြစ်မြောက်စွာအကူအညီပေးနိုင်မည်မဟုတ်၍ သူမအခြေအနေတည်ငြိမ်သွားချိန်အထိအနားယူစေခြင်းကသင့်တော်သည်။


ပုဖန်ကထိုသို့တွေးဆလိုက်ပြီးနောက်သူ၏လယ်ယာမြေအပေါ်အာရုံစိုက်ရန်ဆုံးဖြတ်လိုက်၏။


ပုဖန်၏စိတ်တွင်းအလင်းတစ်ချက်ဖြတ်ပြေးသွားကာ စားသောက်ဆိုင်အနှံ့ခေါက်တုံ့လူးလာပြေးလွှားရင်းအလုပ်ရှုပ်နေသောရှစ်လေးကိုစိုက်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများကမှေးကျဉ်းသွားသည်။


ပုဖန်ကမတ်တပ်ထရပ်လိုက်သောအခါရှစ်လေးအေးခဲသွားသည်။သူကရှစ်လေးအနားသို့တဖြည်းဖြည်းတိုးကပ်လာခြင်းက ကြက်၏စိတ်နှလုံးကိုခြောက်ခြားသွားစေ၏။


ရှစ်လေးကအော်မြည်လိုက်ပြီး ချဉ်းကပ်လာသာအားကြည့်ရှုရန်ခေါင်းလှည့်လိုက်သည်။


ပုဖန်ကနေရာတွင်ရောက်ရှိနေနှင့်ပြီးဖြစ်ကာရှစ်လေးအားမြေပြင်ပေါ်မှကောက်ယူလိုက်ပေသည်။


" မကြောက်ပါနဲ့ ပိုပြီးဆော့လို့ကောင်းတဲ့နေရာတစ်ခုကိုခေါ်သွားပေးမလို့..."


ပုဖန်ကပုံမှန်ကဲ့သို့ ပြောလိုက်သည်။


ရှစ်လေးကဆွံ့အနေသည်။ သူငြင်းလို့ရမလားဟင်...


သို့သော် ရှစ်လေးမမြည်တွန်ရသေးခင်တွင်ပဲ သူ၏ပတ်ပတ်လည်ရှိမြင်ကွင်းများက ရုတ်ချည်း ပြောင်းလဲလို့သွားသည်။


စိမ်းစိုနေသောမြက်ခင်းပြင်ကျယ်ကြီးထက်ရှိ ကောင်းကင်ပြာကလတ်ဆတ်နေပြီး ထိုမြက်ခင်းပြင်ထဲ၌ ခြင်္သေ့ရိုင်းတစ်ကောင်ရှိနေပေသည်။


မျက်လုံးသုံးလုံးခြင်္သေ့က ကြိုးစားပမ်းစားလယ်ထွန်နေသည်။ သူကရက်စက်သောလူသား၏ ထိုးချက်များကိုအမှတ်ရနေဆဲဖြစ်၍ အချောင်ခိုရန်မဝံ့ရဲပါပေ။


အားနွဲ့သောလူသားက ရုတ်ချည်းသန်မာလာသည့်အပေါ် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းက နေသားမကျသေးချေ။


ရွံ့မြေကကောင်းမွန်စွာထွန်ယက်ခံထားရသည်။မြေတစ်ဆုပ်မျှကောက်ယူကိုင်တွယ်ကြည့်မည်ဆိုပါက ဤနုန်းမြေဆီလွှာ၏အနှစ်သာရမှာ မည်မျှအရည်အသွေးမြင့်မားကြောင်း သိရှိနိုင်မည်ဖြစ်သည်။


ဤလောကမှာသက်တောင့်သက်သာရှိလှသည်။ လေပြေညင်းများက မြက်ခင်းပြင်တို့ယိမ်းနွဲ့သွားသည်အထိတိုက်ခတ်နေ၏။


ဤနေရာရှိဝိဉာဉ်စွမ်းအင်တို့မှာ ပြောပသလောက်မသိပ်သည်းသည့်တိုင် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းအားစိတ်ကျေနပ်စေရန်လုံလောက်ပေသည်။


တစ်ခုတည်းသောစိတ်မကောင်းစရာကား ဤနေရာတွင်သတ္တဝါဟူ၍ တစ်ကောင်တစ်မြှီးသော်မျှ ရှာမတွေ့ကခြင်းပေ။မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းမှာ ကိုယ်တိုင်အစာမချက်လုပ်နိုင်ပါချေ။


သူ့ကိုအစာကျွေးမည့်လူသားလည်းရှိမနေ။


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းက လယ်ထွန်ပြီးသည့်နောက်တွင် ချိုမွှေးလတ်ဆတ်သောရနံရှိသည့်မြက်ခင်းပြင်ပေါ်သို့လှဲချလိုက်ကာ တစ်ရေးတစ်မောအိပ်မောကျသွားလေသည်။


သက်တောင့်သက်သာရှိသောပတ်ဝန်းကျင်က မျက်လုံးသုံးလုံးတောခြင်္သေ့အား ဇိမ်ကျနေစေ၏။


ရုတ်တရက်...


အော်မြည်သံတရှည်တလျားနှင့်အတူ အရိပ်တစ်ခုက မျက်လုံးသုံးလုံးခြင်္သေ့ရှေ့သို့ရောက်ရှိလာလေသည်။


ထိတ်လန့်သွားသော မျက်လုံးသုံးလုံးခြင်္သေ့က မော့ကြည့်လိုက်သည်။


သူ၏ရှေ့တွင် ငါးရောင်ခြယ်အမွှေးအတောင်များနှင့်ကြက်ဝတစ်ကောင်ကသူ၏တင်ပါးကိုလွှဲယမ်းလျက် လှည့်ပတ်ပြေးလွှားနေသည်။


မြက်ခင်းပြင်ပေါ်တွင် ပြေးလွှားနေသောကြက်တစ်ကောင်။


ပြေးလွှားနေသော အဆာပြေစာ။


ကြက်တစ်ကောင် ဆူဖြိုးသောကြက်တစ်ကောင်...


ရုတ်ချည်းဆိုသလို မျက်လုံးသုံးလုံးခြင်္သေ့ရိုင်း၏လည်ဆံမွှေးများထောင်တက်လာကာ သူ၏ပါးစပ်ကြီးထဲမှသွားရည်များစီးယိုကျလာလေသည်။


သူ၏မြင်ကွင်းထဲတွင် ထိုကြက်တစ်ကောင်သာရှိနေသည်။


အချိန်အတန်ကြာ ဆာလောင်နေခဲ့ပြီးနောက်တွင် အစားအစာဟုခေါ်ဆို၍ရနိုင်သောတစ်စုံတစ်ရာကိုတွေ့မြင်ခဲ့ရပြီပေ။


ထိုလူသားကဉာဏ်ကောင်းသည့်ဟန်ပင်။သူက ဤခြင်္သေ့အားနှစ်သိမ့်ရန်အစာယူလာပေးဖို့ရာသတိရသေးသည်။


ဒါပဲလေ ဒီလိုပဲဖြစ်နေသင့်တယ်...


ဒီခြင်္သေ့က အလကားအလုပ်လုပ်ပေးစရာလား တန်ရာတန်ကြေးပြန်ရသင့်တာပေါ့ ကြက်တစ်ကောင်ဆိုလည်း မဆိုးပါဘူး...


မျက်လုံးသုံးလုံးခြင်္သေ့က အလွန်ပျော်ရွှင်နေသည်။


၎င်းက သူ၏ပါးစပ်ကိုဟကာသွားစွယ်များဖော်ပြလျက် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ထို့နောက် သူ၏ခြေလေးချောင်းဖြင့် မြက်ခင်းပြင်ပေါ် ကဆုန်ပေါက်လျက် ရှစ်လေးနောက်မှပြေးလိုက်လေသည်။


ရွံမြေအားထွန်ယက်ထားသော မျက်လုံးသုံးလုံးခြင်္သေ့သည် နဂါးတစ်ကောင်ကဲ့သို့ဖြတ်လတ်နေ၏။


ပျော်ရွှင်စွာလှည့်ပတ်ပြေးလွှားနေသောရှစ်လေးက ဟိန်းသံကြောင့်ကြက်သီးမွေးညင်းများထောင်တက်သွားသည်။


ထူးဆန်းကာအမျိုးအမည်မသိသော အန္တရယ်အငွေ့အသက်များရှစ်လေး၏ခံစားချက်ကိုလွှမ်းခြုံလာသည်။


၎င်းကအထိတ်တလန့်ဖြင့် နောက်လှည့်ကြည့်လိုက်ချိန် တဟုန်ထိုးပြေးဝင်လာနေသော ခြင်္သေ့ကြီးအား တွေ့ရှိလိုက်ရသည်။


စူးရဲနေသောအကြည့်များဖြင့် ရှစ်လေးနောက်မှပြေးလိုက်နေသည့်မျက်လုံးသုံးလုံးခြင်္သေ့တစ်ကောင်ပါပေ။


" ကွက် ကွက် ကွက်..."


ရှစ်လေးကအူကြောင်ကြောင်မြည်တွန်လိုက်၏။


ထို့နောက် သူ၏တောင်ပံတစ်စုံကို ဖြန့်ကျက်၍ အရူးအမူးစတင်ပြေးလွှားတော့သည်။


ဝေါင်းး


မျက်လုံးသုံးလုံးခြင်္သေ့က ဖိအားများပါဝင်သော ဟိန်းသံကျယ်ကြီးတစ်ခုထုတ်လွှတ်လိုက်သည့်အတွက် ပြေးနေသောကြက်၏နှလုံးသားလေး ထွက်ကျလုမတတ်တုန်လှုပ်သွားရသည်။


ယခုအချိန် ၌မျက်လုံးသုံးလုံးခြင်္သေ့သားရဲ၏အာရုံတွင် ကြက်ကိုစားရန်မှအပအခြားရှိမနေ။


ကြက်သားစားရဖို့... ပြီးရင် ကြက်သားစားရဖို့ပဲ...


ဆူဖြိုးသောကြက်၏ပုံရိပ်ကသာ မျက်လုံးသုံးလုံးခြင်္သေ့၏ အမြင်အာရုံကို ကြီးစိုးနေပေသည်။


သို့သော် မျက်လုံးသုံးလုံးခြင်္သေ့ကရုတ်တရက်တုံ့ဆိုင်းသွားရသည်။ အဘယ့်ကြောင့်ဆိုသော် မလှမ်းမကမ်းတွင် ထိုကြက်ဝတုတ်သည် လူသား၏နောက်သို့ဝင်ရောက်ပုန်းကွယ်လိုက်သည့်အတွက်ဖြစ်သည်။


ထိုလူသား...


မျက်လုံးသုံးလုံးခြင်္သေ့ကမိမိကိုယ်ကိုယ်ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။


ပုဖန်ကထိုနေရာတွင် ဟင်္သာပြဒါးရောင်စားဖိုမှူးဝတ်ရုံကိုဝတ်လျက်ရပ်နေသည်။


ဒီတုံးအပြီး ရိုးစင်းတဲ့ခြင်္သေ့ကတော့...


ပုဖန်ကသက်ပြင်းအသာချလိုက်ပြီး အဖြူနှင့်အနက်အဝတ်စည်းများပါရှိသောသူ၏ လကါမောင်းကိုမြှောက်၍ ထိုပြေးလာနေသောအသားလုံးကြီးထံ ထိုးချက်တစ်ခုချိန်ရွယ်လိုက်သည်။


ဘုန်းးး


ထိုးချက်က မျက်လုံးသုံးလုံးခြင်္သေ့၏ နဖူးတည့်တည့်သို့ တိုက်ရိုက်ထိမှန်သွားလေသည်။မျက်လုံးသုံးလုံးခြင်္သေ့သည် မီတာပေါင်းများစွာအဝေးသို့ ပစ်ထုတ်ခံလိုက်ရကာ မြေပေါ်သို့ကြမ်းတမ်းစွာပြုတ်ကျသွားသည်။


မျက်လုံးသုံးလုံးခြင်္သေ့ကကြောင်အနေသည်။သူမတရားခံရသလိုခံစားလိုက်ရကာ မြေပြင်ပေါ်မှကုန်းရုန်းထလိုက်၏။


ကြက်ကသူ့ရဲ့ဆုလာဘ်လေ ...


" အခုကစပြီးဒီကြက်က မင်းရဲ့သူငယ်ချင်းသေးသေးလေးဖြစ်လာမှာ သူ့ကိုကာကွယ်ရမယ် မစားရဘူး..."


ပုဖန်ကမျက်လုံးသုံးလုံးခြင်္သေ့ကိုကြည့်၍ပြောလိုက်သည်။


မျက်လုံးသုံးလုံးခြင်္သေ့က မျက်ဖြူဆိုက်ချင်သွားသည်။


ဤသတ္တဝါက သူ၏အဖော်ဖြစ်လာမည်ဆိုပါကလား။


သူသည် မျက်လုံးသုံးလုံးခြင်္သေ့တစ်ကောင်ဖြစ်သည် သူ၏အဖော်ကသောက်ကျိုးနည်းကြက်တစ်ကောင်ပေလော...


ဤလူသား၏စကားက သူ့ကို ကြက်တစ်ကောင်နှင့် သူငယ်ချင်းလုပ်ရန် ဆိုလိုနေပါသည်လော။


မျက်လုံးသုံးလုံးခြင်္သေ့က ငြင်းဆန်လိုသောအမူအယာကိုပြသည်။


မည်သို့ပင်ဖြစ်စေ ပုဖန်၏အမူအယာကပြောင်းလဲမသွားချေ။သူက အဖြူအနက်အဝတ်များစည်းနှောင်ထားသည့်သူ၏လက်မောင်းတစ်ဖက်ကို မြှောက်လိုက်ရာ သားရဲဟိန်းသံများက နားစည်ကျိန်းလုမတတ် တုန်ဟီးထွက်ပေါ်လာသည်။


ကောင်းလေရော...


မျက်လုံးသုံးလုံးခြင်္သေ့ကငြင်သာစွာအညံ့ခံလိုက်သည်။


ပုဖန်နောက်တွင်ပုန်းခိုနေသော ရှစ်လေး၏ကြက်ခေါင်းက လှစ်ခနဲပြူထွက်လာကာ မျက်လုံးသုံးလုံးခြင်္သေ့၏အဖြစ်အား တကွက်ကွက်အော်လျက် လှောင်ရယ်လိုက်ပေသည်။


ပုဖန်ကကျေနပ်သွားသည်။ နံပါတ်သုံးလေးနှင့် ရှစ်လေးတို့ကဤနေရာတွင် ကောင်းစွာယှဉ်တွဲနေထိုင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပေသည်။


ထို့နောက်ပုဖန်က ပေါက်ပြားကိုထမ်းလျက် နံပါတ်သုံးလေး ထွန်ယက်ခဲ့သောမြေယာများဆီသို့ လျှောက်လှမ်းသွားသည်။


သူက ထွန်ယက်ပြီးသောမြေဆီလွှာများအား ပေါက်ပြားဖြင့်တစ်ဖန်တူးဆွပေးရန်လိုအပ်ပေသည်။


" စနစ် ဟင်းအမယ်တွေရဲ့မျိုးစေ့ကောင်းလေးတွေများရှိလား..."


ပုဖန်က မြေဆီလွှာအားတူးဆွနေရင်း စနစ်ကိုလှမ်း၍တီးခေါက်သည်။


စနစ်က ပြန်လည်ဖြေကြားမလာခင် ခေတ္တတိတ်ဆိတ်သွား၏။


ထို့နောက် သူ၏ရှေ့တွင်ပေါ်ပေါက်လာသော စာလုံးပေါင်းများစွာကြောင့် ပုဖန်အနည်းငယ် မူးနောက်သွားရလေသည်။


ခပ်လှမ်းလှမ်းတွင် မျက်လုံးသုံးလုံးခြင်္သေ့က စိတ်ပျက်အားလျော့စွာဖြင့် မြက်ခင်းပြင်ပေါ်၌လဲလျောင်းနေသည်။ သူ၏ရှေ့တွင် ရှစ်လေးက အမြှီးတယမ်းယမ်းဖြင့် ဟိာလျှောက်သည်လျှောက် လုပ်လျက်ရှိ၏။


မျက်လုံးသုံးလုံးခြင်္သေ့က ရှစ်လေးကိုကြည့်၍ တံတွေးမျိုချနေမိသည်။


သူ၏အဖော်က အလွန်အရသာရှိမည့်ပုံပင်...


"ပူစပ်စပ်ရုတ်မျိုးစေ့ ၊ မြေကမ္ဘာအကျဉ်းထောင်ရဲ့ စမ်းချောင်းဝါမြက်မျိုးစေ့ ၊ ကောင်းကင်တောင်တန်းကြာပန်းမျိုးစေ့ ..."


ပုဖန်က ရှည်လျားသောအမည်များဖြင့် စားရင်းကိုကြည့်၍ သူ၏ဦးခေါင်းလည်ပတ်နေသည်ကိုခံစားရသည်။


ထိုမျိုးစေ့များ ကောင်းမွန်စွာပေါက်ရောက်ကြီးပြင်းလာပါက ဟင်းအမယ်ကောင်းများမုချဖြစ်လာမည်ဖြစ်သည်။


ပုဖန်က ကျေနပ်ရောင့်ရဲသလိုခံစားမိကာ ထိုနေ့အတွက် မစောင့်နိုင်ဖြစ်လာရပေသည်။


" ပြသထားတဲ့မျိုးစေ့တွေကိုရယူချင်ရင် လယ်ယာမြေရဲ့အဆင့်တိုးတက်အောင်ဖြည့်ဆည်းပေးရပါမယ် အဆင့်တစ်ခုဖွံ့ဖြိုးတိုင်းမှာ စနစ်ထံမှ ကျပန်းဆုလာဘ်တစ်ခုရရှိပါမယ်..."


စနစ်၏ အတက်အကျမရှိသောစကားသံထွက်ပေါ်လာသည်။


ပုဖန်ကအံ့သြသွားကာ ခေါင်းညိတ်လိုက်သည်။


" လယ်ယာမြေပြင်ပက သီးနှံမျိုးစေ့တွေယူဆောင်လာပြီးတော့လည်း လယ်ယာမြေကိုဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ပါတယ်..."


စနစ်ကဆက်ပြောလာသည်။


တစ်နည်းအားဖြင့်ဆိုလျှင် စနစ်လယ်ယာမြေအတွင်း စိုက်ပျိုးနိုင်ရန်နည်းလမ်းအမျိုးမျိုး ရှိပေသည်။ စနစ်ပြင်ပမှမျိုးစေ့ကိုယူဆောင်လာ၍စိုက်ပျိုးနိုင်သကဲ့သို့ စနစ်မှပေးသောတာဝန်များကိုထမ်းဆောင်၍ ဆုလာဘ်မျိုးစေ့များကိုလည်းရယူနိုင်သည်။ မည်သည့်နည်းလမ်းကမျှ ပုဖန်အတွက် မခက်ခဲလှချေ။


ပုဖန်က မြေဆီလွှာတူးဆွနေခြင်းပြီးဆုံးလုပြီဖြစ်သည်။သူ၏လယ်ယာမြေ မွမ်းမံခြင်းပထမအဆင့်မှာ ပြီးဆုံးလုပြီဖြစ်သည်ဟု ပုဖန်ယူဆလိုက်သည်။


ပုဖန်ကသက်ပြင်းရှိုက်ထုတ်ကာ ပေါက်ပြားကိုချ၍ စမ်းချောင်းငယ်လေးဆီသို့ လျှောက်လှမ်းသွားသည်။


ဤစမ်းရေက ချို၍အေးမြသည်။ ဝိဉာဉ်စွမ်းအင်အမြောက်အမြားလည်းပါဝင်နေသဖြင့် လူတစ်ယောက်၏ ကိုယ်ကာယအားကိုသာမက စိတ်ပိုင်းဆိုင်ရာနွမ်းနယ်မှုကိုပါ ပြေလျော့စေသည်။


မျက်လုံးသုံးလုံးခြင်္သေ့က ဤလယ်ယာမြေမှမည်သည်ကိုမျှမစားသောက်ဘဲ စမ်းရေတစ်မျိုးတည်းကိုသာ သောက်သုံးသည့်တိုင် ၎င်းကပင်လုံလောက်နေပြီဖြစ်၏။


ပုဖန်၏စိတ်အတွင်း အကြံတစ်ခုဖြတ်ပြေးသွားသည်။


သူကစနစ် သိုလှောင်အိတ်အတွင်းမှ သွေးကျောက်ပုစွန် များကိုထုတ်ယူလိုက်သည်။ကြိုးဖြည်နှောင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်ပုစွန်များကစမ်းချောင်းအတွင်းသို့ ခုန်ဝင်သွားကြလေသည်။


သွေးကျောက်ပုစွန်များက စမ်းရေအတွင်းသို့ရောက်သည်နှင့် အရူးအမူးကူးခတ်ကြကာ မကြာမီစမ်းချောင်းအတွင်း တိုးဝင်ပျောက်ကွယ်သွားကြကုန်၏။


ပုဖန်က ကစမ်းစပ်တွင်ရပ်နေရင်း မှော်ဆန်ဆန်စမ်းချောင်း၏အောက်ခြေတွင် ကူးခတ်နေသောကျောက်ပုစွန်များကို မြင်တွေ့နေရသည်။


သွေးကျောက်ပုစွန်များအားရေထဲသို့လွှတ်လိုက်ပြီးနောက် ပုဖန်က သူ၏စနစ်သိူလှောင်အိတ်အတွင်းမှ နောက်ထပ်နောက်ထပ်ဟင်းအမယ်များကိုထုတ်ယူလိုက်သည်။


သူကငါးများကို စမ်းချောင်းအတွင်းသို့လွှတ်ပေးလိုက်ပြီး ၎င်းတို့ကကြည်လင်သောစမ်းရေတွင် ပျော်ရွှင်စွာကူးခတ်နေကြသည်။


စမ်းရေပြင်က ငြင်သာစွာလှိုင်းခတ်လို့သွား၏။


ပုဖန်ကခေတ္တမျှကြည့်ရှုနေပြီးနောက် သူ၏သိုလှောင်အိတ်ထဲမှ ဝိဉာဉ်ဆေးပင်များကိုထုတ်ယူလိုက်သည်။


သူက ထွန်ယက်ထားသောမြေကိုပိုင်းခြားကာ ဝိဉာဉ်ဆေးပင်များအတွက်သီးသန့်နယ်မြေတစ်ခုဖန်တီးလိုက်ပြီးနောက် ဆေးပင်များအား သပ်ရပ်စွာအစီအတန်းလိုက် စိုက်ပျိုးသည်။


ဝိဉာဉ်ဆေးပင်များက လေအဝှေ့တွင်ယိမ်းနွဲ့လျက် မြေဆီလွှာအတွင်းမှ အဆီအနှစ်များကို စုပ်ယူလျက်ကြီစထွားလာကြသည်။


ပုဖန်က သူ၏လယ်ယာမြေအားကြည့်ရှုအကဲခတ်လိုက်၏။


မျက်လုံးသုံးလုံးခြင်္သေ့သည် လယ်ယာမြေကိုအချိန်အတော်ကြာ ထွန်ယက်နေခဲ့သော်လည်း လယ်နှစ်ကွက်စာသာပြီးဆုံးသည်ပေ။


ပုဖန်ကတစ်ကွက်အား ဝိဉာဉ်ဆေးပင်များစိုက်ပျိုး၍ တစ်ကွက်အား ဟင်းအမယ်များစိုက်ပျိုးရန်ခွဲခြမ်းလိုက်သည်။ကျန်မြေများအား ဝိဉာဉ်သားရဲများမွေးမြူရန်နှင့် စားကျက်မြေအဖြစ် အသုံးချရမည်ဖြစ်သည်။


ယခုတွင် သားရဲအများအပြား မွေးမြူရန်မယူဆောင်လာမိသော်လည်း ပုဖန်ကအလျင်မလိုပါချေ။သူကလယ်ယာမြေမွမ်းမံခြင်း၏ ပထမအဆင့်ကိုအောင်မြင်သွားခဲ့ပြီဖြစ်သည်။


အမှန်ပါပေ... စနစ်၏အတက်အကျမရှိသောလေသံကသူ၏ဦးခေါင်းအတွင်းထွက်ပေါ်လာသည်။


"စနစ်လယ်ယာမြေမွမ်းမံခြင်းပထမအဆင့် အောင်မြင်ပါသည် ဆုလာဘ်အဖြစ် မီးတောက်နှလုံးသားဂေါ်ဖီထုပ်ကိုရယူပါ..."