အပိုင်း ၈၉၅
Viewers 52k

အခန်း ၈၉၅

အစေ့ကိုစိုက်ပျိုးမယ်


"မီးတောက်နှလုံးသားမုန်လာစေ့တွေတဲ့လား...."


စနစ်၏စကားများကပုဖန်ကို မှင်သက်သွားစေသည်။

မုန်လာစေ့လား... ဒါတွေကမုန်လာထုပ်တွေဖြစ်လာမှာလား....


ပုဖန် မျက်မှောင်ကြုတ်ရင်း မေးစေ့ပွတ်မိကာ မျက်မှောင်ကြုတ်မိသွားသည်။


ခဏအကြာတွင် ပုဖန် အကြံတစ်ခုရသွားသည်။ သူ့လက်ထဲတွင် အလင်းပျောက်လေးများတောက်ပလာကာ မီးသွေးနှင့်တူသောအစေ့လေးများထွက်ပေါ်လာသည်။


၎င်းသည် စနစ်ထဲမှဆုရထားသော မီးတောက်နှလုံးသားမုန်လာစေ့များဖြစ်သည်။


မီးတောက်နှလုံးသားမုန်လာစေ့များသည် မီးသွေးနှင့်တူနေပြီး အမှန်တကယ်တွင်လည်း တောက်လောင်နေသောမီးသွေးများကဲ့သို့ ပူပြင်းလှပေသည်။


သူ့လက်ထဲတွင် အစေ့များကိုကိုင်ထားပြီး အပူလှိုင်းများကိုခံစားနေရသည်။


ခဏတာကျေနပ်အားရနေပြီး စနစ်မှရသောအစေ့များကိုစိုက်ပျိုးရန် သူရွေးချယ်ပြင်ဆင်ထားသော လယ်ကွင်းထဲသို့ဝင်သွားသည်။


ပုဖန် ထိုအစေ့များမှ မည်ကဲ့သို့သော မုန်လာထုပ်မျိုးပေါက်လာမည်ဟုမသိပေ။


ရေပုံးတစ်ပုံးထုတ်လိုက်ကာ စမ်းချောင်းထဲမှရေအေးများကိုရေပုံးအပြည့်ဆွဲယူကာ လယ်ကွင်းထဲကိုပြန်သွား၍ စိုက်ပျိုးမည်ဟုသတ်မှတ်ထားသော အပိုင်းကိုရေလောင်းလိုက်သည်။


ရွဲ ရွဲ ရွဲ


ပူပြင်းလှသောမီးသွေးများအပေါ် ရေအေးလောင်းလိုက်သည့်အလား တရှဲရှဲမြည်သံများထွက်ပေါ်လာသည်။ ရုတ်တရက် အစေ့များမှ အပူငွေ့များထွက်ပေါ်လာသည်။


ပုဖန်ထိုမြင်ကွင်းကိုကြည့်၍ နောက်တစ်ကြိမ်မျက်မှောင်ကြုတ်မိပြန်သည်။


ဒီအရုပ်တွေကတကယ်ပဲအပင်ပေါက်ပြီး စားစရာဖြစ်လာမှာလား....


ပုဖန် အနည်းငယ် သံသယဝင်သွားသည်။


အဝေးတွင် ရှစ်လေးသည် မျက်လုံးသုံးလုံးခြင်္သေ့နှင့်ဆော့ကစားနေသည်။ ၎င်းက ၎င်း၏အတောင်ပံများကိုဖြန့်ကားကာ ပျော်ပျော်ရွှင်ရွှင်ပတ်ပြေးနေပြီး မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းသည် ပါးစပ်ဟ၍ ရှစ်လေးနောက်ကိုလိုက်ဖမ်းနေသည်။


ပုဖန် ထိုရယ်ရွှင်ဖွယ်မြင်ကွင်းကိုကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။


သူအကြံတစ်ခုရသွားကာ ယာကွင်းထဲမှထွက်ပြီး သူ၏စားသောက်ဆိုင်ထဲပြန်ဝင်သွားလိုက်သည်။


ပုဖန်ထိုင်ခုံပေါ်ထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုထိုင်ခုံပေါ်တွင်လှဲလျောင်းလိုက်သည်။


ဆန်းသစ်စလနှစ်စင်းက ကောင်းကင်ပေါ်တွင်တောက်ပနေသည်။ လရောင်သည် လေအေးများကိုပါအတူသယ်ဆောင်ကာ စားသောက်ဆိုင်ပြတင်းအဟကြားမှဝင်လာပြီး ပုဖန်ပေါ်သက်ဆင်းလာသည်။


နီယန်ကပုဖန်နှင့်အခန်းမျှသုံးနေဆဲဖြစ်၍ သူအချိန်ဖြုန်းလိုပါကထိုင်ခုံပေါ်တွင်ထိုင်လေ့ရှိသည်။ ခဏအကြာတွင် မီးဖိုချောင်ထဲသို့ဝင်သွားပြီး ချက်ပြုတ်နည်းအသစ်များကိုလေ့လာလိုက်သည်။ 


အပေါ်ထပ်မှရေကျသံများထွက်ပေါ်လာသည်။ ယန်မိန်ကျီနှင့် နီယန်တို့ရေချိုးနေကြခြင်းဖြစ်သည်။


ယန်မိန်ကျီသည် ဤစားသောက်ဆိုင်တွင်နေထိုင်တာကြာမြင့်ပြီဖြစ်၍ ထိုအလှည့်ကျလုပ်ရမည့်အရာများကို ကျင့်သားရနေပြီဖြစ်သည်။


သူတို့ တိမ်ခိုးစားသောက်ဆိုင်တွင်ရောက်နေပြီး နီယန်ကပုဖန်အခန်းထဲတွင်နေနေခြင်းဖြစ်သည်။ ထို့ကြောင့် သူရေချိုးရန်စိတ်ပြင်းပြမနေပေ။


ပုဖန် ထိုင်ခုံပေါ်တွင်ထိုင်ပြီး အတွေးနယ်လွန်နေသည်။ မသေမျိုးအချက်အပြုတ်နယ်မြေက သူ့ကိုဖိအားများယူဆောင်လာလေသည်။


စနစ်က သူ၏အချက်အပြုတ်နတ်ဘုရားဖြစ်လာရန်လမ်းကြောင်းမှာမချောမွေ့ဟုပြောခဲ့သည်။ သူရှေ့ဆက်တိုးလေ ပိုခက်ခဲလေဖြစ်ပြီး ပိုမိုအန္တရာယ်များလာမည်ဖြစ်သည်။


နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်း၏စိတ်ဝိဉာဉ်က ပုဖန်သည်အခြားသောပိုင်ရှင်များကဲ့သို့နောက်ဆုံးခြေလှမ်းကိုပြုလုပ်နိုင်မည်ဟုပြောခဲ့သည်။


မူလက ပုဖန်ထိုစကားလုံးများကိုစိတ်ထဲမထားသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်တိုးမြက့်လာလေလေ သူနှင့်ဆက်နွယ်သောလူများနှင့်ပစ္စည်းများက ပိုမိုသန်မာလာလေလေဖြစ်သည်။


ဆန်းကျယ်သော မသေမျိုးအချက်အပြုတ်နယ်မြေက ပုဖန်ကိုအလွန်အမင်းဖိအားပေးနေကာ ကြေးနန်းတော်ရှိ ဆန်းကျယ်သောစားဖိုမှူးကလည်း သူ့ကိုအန္တရာယ်ကိုခံစားမိစေခဲ့သည်။


သို့သော် ဖိအားပိုကြီးလာလေလေ ထိုဖိအားကိုကျော်လွှားနိုင်လျှင်သူရမည့်အကျိုးအမြတ်ကပိုမိုကြီးမားလာလေလေဖြစ်သည်။


ပုဖန်အစားကြူးတောင်ကြားတစ်ခုလုံးကိုနှိမ်နှင်းခဲ့ပြီးဖြစ်၍ ပျင်းရိငြီးငွေ့ကာအထီးကျန်လာခဲ့သည်။ သို့သော်ယခုတွင် သူ၏ပြိုင်ဘက်များကပိုမိုသန်မာလာသည်ကိုတွေ့လိုက်၍ ထိုခံစားချက်များပျောက်ကွယ်သွားခဲ့သည်။


ထို့ကြောင့် ပုဖန်သူ၏ချက်ပြုတ်ခြင်းနည်းလမ်းများကိုမြှင့်တင်ခြင်းဖြစ်သည်။ ထိုမှသာ သူမသေမျိုးအချက်အပြုတ်နယ်မြေကိုဝင်နိုင်ပြီး သုံးနှစ်အကြာတွင် ခိုင်မာသောအုတ်မြစ်တစ်ခုချနိုင်မည်ဖြစ်သည်။


အသက်ရှူထုတ်လိုက်ပြီး ပုဖန်၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ခိုင်မာမှုဖြင့်တောက်လောင်နေသည်။ 


ညရောက်လာ၍ တိတ်ဆိတ်သွားချိန်တွင် အတွေးလွန်ရန်လွယ်ကူပေသည်။ ပုဖန်သည်လည်း ခြွင်းချက်မဟုတ်ပေ။


ထိုင်ခုံနှင့်ကြမ်းပြင်တို့ပွတ်တိုက်သံများထွက်ပေါ်လာပြီး ပုဖန်ထိုင်ခုံပေါ်မှထကာ မီးဖိုချောင်သို့ဖြေးညှင်းစွာလျှောက်သွားခဲ့သည်။


သူလုံ့လစိုက်ရတော့မည်ဖြစ်၍ နားမနေသင့်တော့ပေ။ သူပို၍လေ့ကျင့်ရမည်ဖြစ်သည်။



နောက်တစ်နေ့ နေထွက်ချိန်တွင် နေရောင်တို့တောက်ပလာချိန်၌ ပုဖန်မီးဖိုချောင်ထဲမှထွက်လာခဲ့သည်။ တစ်ညလုံး အလုပ်လုပ်နေရ၍ ကိုက်ခဲနေသော သူ၏ပခုံးများကိုနှိပ်နှယ်လိုက်သည်။


သူ့ပခုံးများကိုက်ခဲညောင်းညာနေလေသည်။ တစ်ညလုံး ဟင်းချက်လေ့ကျင့်နေသဖြင့် ပုဖန်အလွန်ပင်ပန်းနွမ်းနယ်နေသည်။


သို့သော် သူ့တွင်ကြီးမားလှသော စိတ်ဝိဉာဉ်ပင်လယ်ရှိသဖြင့် ပုဖန်၏ပြန်လည်ကုသနိုင်စွမ်းသည် အလွန်လျင်မြန်လှကာ အချိန်ခဏသာကြာပေသည်။


စားသောက်ဆိုင်တံခါးဖွင့်လိုက်သည်နှင့် ပုဖန်ထိုင်ခုံတစ်ခုံဆွဲယူလိုက်ကာ တံခါးပေါက်တွင်ထိုင်နေလိုက်သည်။


မျက်မှောင်ကြုတ်၍ အပြင်ဘက်တွင်တိုက်ခတ်နေသော လေအေးများကိုခံစားနေသည်။


ထိုလေအေးများသည် ပုဖန်ကိုသက်တောင့်သက်သာရှိစေသောကြောင့် မျက်လုံးများကိုမှိတ်ပြီး အနားယူလိုက်သည်။


ယန်မိန်ကျီ သူ့ဆံပင်ကိုစီးနှောင်နေရင်းလှေကားပေါ်မှဆင်းလိုက်သည်။ သူမ၏ ကြီးမားလှသောကြွက်သားများကြောင့် ပိုမိုတောင့်တင်းနေဟန်ပေါ်နေသည်။ သူ တံမြက်စည်းကိုယူ၍ စားသောက်ဆိုင်တံခါးရှေ့သို့သွားလိုက်သည်ဟ


ပုဖန်ထိုနေရာတွင်အနားယူနေသည်ကိုမြင်သောအခါ သူမ သူ့ကိုမနှောင့်ယှက်ဝံ့ပေ။ သူမ စားသောက်ဆိုင်ရှေ့ရှိနှင်းများကိုသာ စတင်ရှင်းလင်းလိုက်သည်။


အိပ်နေစဉ်တွင် ပုဖန်၏စိတ်သည် လယ်ယာမြေထံသို့ရောက်သွားကာ ထိုနယ်မြေတွင်စတင်၍ အလုပ်ကြိုးစားတော့သည်။


ခဏအကြာတွင် စားသောက်ဆိုင်သည် ပျားပန်းခပ်အသက်ဝင်လာတော့သည်။


လူများစွာက စားသောက်ဆိုင်သို့ရောက်လာကြသည်။


ယန်မိန်ကျီနှင့် မှော်ကဝေအန်းရှန့်သည် မြင့်မားသောစိတ်ဝိဉာဉ်စွမ်းအားများကိုအသုံးပြု၍ စတင်ချက်ပြုတ်ကြတော့သည်။


ပုဖန်နိုးလာသည်။ သူ့စိတ်ဝိဉာဉ်သည် သူ၏လယ်ယာမြေထဲသို့ရောက်ရှိသွားပြီး ထယ်ထိုးပြီးသည့်နောက် သူနိုးထလာပြီးနောက်တွင် ပိုမိုလန်းဆန်းတက်ကြွလာသည်ဟုခံစားလိုက်ရသည်။


နောက်ထပ်ရက်ပေါင်းများစွာထိုသို့ အဖန်တလဲလဲဖြစ်နေခဲ့သည်။


ပုဖန်သည် မနက်ခင်းတွင် ဟင်းချက်လေ့ကျင့်သည်။ သူပင်ပန်းလာသောအခါ လယ်ယာမြေသို့သွားပြီး လယ်သမားလုပ်ကာ သူ့လယ်ယာမြေ၏ တာဝန်များကိုတိုးတက်လာအောင်လုပ်သည်။


သူ၏ တာဝန်များကိုတိုးတက်အောင်လုပ်ပြီးလျှင် စနစ်ထံမှဆုလဒ်အဖြစ် အစေ့တစ်ချို့ကိုရလိမ့်မည်ဖြစ်သည်။


ယခုအချိန်တွင် ပုဖန်သည် မြေဆီလွှာတူးဆွခြင်းကိုပြီးဆုံးသွားပြီဖြစ်၍ စနစ်ထံမှအစေ့များစွာကိုလက်ခံပြီးပြီဖြစ်သည်။


"မီးတောက်နှလုံးသားမုန်လာအစေ့၊ မိုးကြိုးအာလူးအစေ့၊ သိမြင်မှုလမ်းကြောင်း ကမဲလီးယားအစေ့...."


ပုဖန် သူရလာသောအစေ့များကိုရေတွက်လိုက်သည်။ ၎င်းတို့သည် ထူးဆန်းသောအစေ့များဖြစ်ကြကာ အရည်အသွေးမြင့် အချက်အပြုတ်ပါဝင်ပစ္စည်းများမပါကြပေ။


၎င်းက ပုဖန်ကိုအနည်းငယ်နောင်တရစေသည်။


ပုဖန် မုန်လာထုပ်များနှင့် အာလူးအစေ့များကို သူ၏လယ်ကွက်ထဲတွင်စိုက်ပျိုးလိုက်သည်။


၎င်းတို့သည် တွေ့မြင်နေကြအစေ့များဖြစ်ကြသော်လည်း ပုဖန်တစ်ယောက် သူဘယ်လိုအမျိုးအစားဟင်းသီးဟင်းရွက်ကိုရိပ်သိမ်းရမည်လဲဟူ၍ စိတ်လှုပ်ရှားနေပေသည်။


သူကိုယ်တိုင်စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေဆိုမှတော့ ပိုပြီးအရသာရှိသင့်တယ်လေ....


ဘာပဲဖြစ်ဖြစ် ပုဖန်မြေထွန်လိုက်ကာ စမ်းချောင်ထဲမှရေများကိုတစ်ပုံးပြီးတစ်ပုံးခပ်၍ လောင်းလိုက်သည်။


ပုဖန် သူ၏အချက်အပြုတ်ပါဝင်ပစ္စည်းများကိုစိုက်ပျိုးရာတွင် ကိုယ်တိုင်စိုက်ပျိုးထားခဲ့၍ ထိုအသီးအရွက်များက သူ၏လုံ့လနှင့်အားစိုက်ထုတ်မှုများကြောင့် ကြီးထွားလာကြမည်ဖြစ်သည်။


ပုဖန် လက်ပိုက်လိုက်ကာ ခပ်ဖြေးဖြေးလမ်းလျှောက်နေလိုက်သည်။ ရှစ်လေးက ၎င်း၏အတောင်ပံကိုဖြန့်၍ ပုဖန်နောက်လိုက်နေသည်။


ထိုအကောင်လေးသည် ခေါင်းမော့ရင်ကော့ကာ ၎င်းပိုင်ဆိုင်သောနယ်မြေတွင် ပတ္တရောင်လှည့်နယ်သည့်နှယ် ဝံ့ဝံ့ကြွားကြွားလမ်းလျှောက်နေသည်။


သူတို့နှင့်မနီးမဝေးတွင် ပုဖန်စိုက်ထားခဲ့သော မီးတောက်နှလုံးသား မုန်လာထုပ်များက အညှောင့်ပေါက်နေပြီဖြစ်သည်။ လှပသောအစိမ်းရောင်အပင်ပေါက်လေးများသည် လေအဝှေ့တွင်လူးလွန့်နေသော မီးတောက်ကလေးများနှင့်တူနေသည်။


ထိုအပင်ပေါက်များကို စစ်ဆေးပြီးနောက်တွင် ပုဖန်လယ်ယာမြေထဲမှထွက်လာလိုက်သည်။


ရှစ်လေးသည် ခြင်္သေ့ရိုင်းနောက်သို့လိုက်ကာ စမ်းချောင်းတစ်လျှောက်ပတ်ပြေးနေသည်။ သွေးကျောက်ပုစွန်များသည် မြစ်ထဲမှခေါင်းပြူထွက်နေကြကာ ရှစ်လေးကိုခြိမ်းခြောက်နေကြသည့်ဟန်ဖြင့် သူတို့၏ကြီးမားသောလက်မကြီးများကိုဝေ့ယမ်းပြနေကြသည်။


ရှစ်လေး ၎င်း၏မျက်လုံးများကိုလှိမ့်လိုက်ပြီး ခြင်္သေ့ရိုင်းက သူ့နောက်တွင်ဟိန်းဟောက်၍လိုက်နေပေသည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းဖြစ်သည့်အလျောက် ၎င်းသည်သွေးကျောက်ပုစွန်ထက်ပိုမိုသန်မာပေသည်။ ခြင်္သေ့ဟိန်းသံကိုကြားပြီးနောက်တွင် သွေးကျောက်ပုစွန်များကြောက်လန့်သွားကြကာ ရေထဲပြန်ဆင်းသွားကြလေသည်။


ရှစ်လေးက ထိုသည်ကိုမြင်၍ပျော်သွားပေသည်။ ၎င်း၏အတောင်ပံများကိုဖြန့်ကာ မြစ်ကမ်းပါးတစ်လျှောက် အဆက်မပြတ်အော်ဟစ်၍ ပြေးလွှားနေလိုက်သည်။



တိမ်ခိုးစားသောက်ဆိုင်တွင်နေတာကြာပြီဖြစ်၍ ပုဖန် နီယန်ကို အစားကြူးတောင်ကြားသို့ပြန်ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်။

 

ဘာတွေပဲဖြစ်နေပါစေ သူအချိန်အကြာကြီးတောင့်တနေခဲ့ရသော တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကိုလေ့လာရပေမည်။


နီယန်၏ဒဏ်ရာများပြန်လည်သက်သာလာပြီး ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုထိန်းချုပ်လာနိုင်ပြီဖြစ်၍ ကြယ်ပြောက်ဝိုင်ချက်နည်းကိုအသုံးပြုပြီး ပုဖန်ကိုဝိုင်ချက်ပေးနိုင်ပြီဖြစ်သည်။


နီယန် သူမ၏ရင်ဘတ်ကိုပုတ်ပြပြီး ကတိပေးခဲ့ခြင်းဖြစ်သည်။


ဝိုင်ချက်လုပ်ခြင်း... နီယန်ကဝိုင်ကောင်းများကိုနှစ်သက်ပေသည်။ ထို့ကြောင့် နီယန်သည် ဆိုင်ရှင်ပုကို ဝိုင်ချက်ရန်အကူအညီပေးရသဖြင့်ပျော်နေခြင်းဖြစ်သည်။


ယန်မိန်ကျီနှင့်အခြားသူများသည် ပုဖန်တိမ်ခိုးစားသောက်ဆိုင်မှထွက်ခွာတော့မည်ကိုကြားသောအခါ တွန့်ဆုတ်ဝမ်းနည်းမိကြသည်။


မှော်ကဝေအန်းရှန်ကတော့ စိတ်သက်သာရသလိုခံစားလိုက်ရသည်။ ပုဖန်ကသူမကို တင်းတင်းကြပ်ကြပ်လေ့ကျင့်စေသဖြင့်သူမတွင်နားချိန်တောင်မရှိခဲ့ပေ။ ယခုတွင် ပုဖန်ထွက်သွားတော့မည်ကိုသိလိုက်သောအခါ စိတ်သက်သာရာရပြီး သက်ပြင်းချမိတော့သည်။


နောက်ဆုံးတွင် သူမအနားယူနိုင်ခဲ့ပြီဖြစ်သည်။


ငရဲကမ္ဘာသင်္ဘော လေထဲသို့ပျံတက်သွားပြီး လမ်းတစ်လျှောက်တဒုန်းဒုန်းတဒိုင်းဒိုင်းမြည်ကာ ယန်မိန်ကျီနှင့်အခြားသူများကို နှုတ်ဆက်ခဲ့သည်။


နန်ကုန်းဝမ်၏မျက်လုံးများ ရှုပ်ထွေးသွားတော့သည်။ သူမ ပုဖန်ထွက်ခွာသွားသည်ကိုကြည့်ပြီး သက်ပြင်းအသာချလိုက်သည်။


ဒီတော့ မြူကောင်းကင်မြို့က ပုဖန်ကိုထိန်းသိမ်းထားဖို့သေးလွန်းနေတယ်ပေါ့လေ....



အစားကြူးတောင်ကြားတွင်


ငရဲကမ္ဘာသင်္ဘောက ထောင်တျဲစားသောက်ဆိုင်ထဲသို့တဖြေးဖြေးချင်းဆင်းသက်လာသည်။


ချူချန်းရှန်သည် စားသောက်ဆိုင်မှထွက်၍ ဇာမဏီစားသောက်ဆိုင်သို့တစ်ခုခုသွားစားရန်ထွက်လာခြင်းဖြစ်သည်။ မထင်မှတ်ပဲ သူ ပုဖန်နှင့်အခြားသူများပြန်လာသည်နှင့်ပက်ပင်းကြုံလိုက်ရသည်။


ပုဖန်သူ့ကို မျက်နှာသေဖြင့်ကြည့်နေလိုက်ပြီး ဘာမှမပြောလာသဖြင့် ချူချန်းရှန်ရှက်ရွံ့လာတော့သည်။


ချူချန်းရှန်ပြုံးပြလိုက်ကာ စားသောက်ဆိုင်ထဲဝင်သွားလိုက်သည်။


ရုတ်တရက် သူပုဖန်နောက်တွင်အသက်ဝင်ခုန်ပေါက်နေသောနီယန်ကိုမြင်လိုက်ပြီး သူ့မျက်လုံးများပြူးကျယ်သွားခဲ့သည်။


အာကာသနတ်သမီးက မသေသေးဘူးပေါ့လေ...


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..


လွန်ခဲ့တဲ့ရက်ပေါင်းများစွာကပဲ ပုန်းကွယ်နဂါးကောင်းကင်ဝင်ပေါက်ဖျက်ဆီးခံလိုက်ရပြီး ပုန်းကွယ်နဂါးတော်ဝင်ခုံရုံးရဲ့ သူတော်သင်ဂိုဏ်းချုပ်တွေအကုန်လုံး ဆိုးဆိုးဝါးဝါးဒဏ်ရာရရှိသွားကြသည်။ ထိုအချိန်တွင် ကျင့်ကြံသူတိုင်းက ၎င်းတို့၏သန့်စင်နယ်မြေများကိုစောင့်ရှောင့်ရန်ပြန်သွားခဲ့ကြသည်။ သန့်စင်နယ်မြေများ၏ သူတော်စင်ဂိုဏ်းချုပ်များသည် အစားကြူးတောင်ကြားတွင်စုဝေးနေကြပြီဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် မဟာနိယာမလမ်းကြောင်းစည်းမျည်းများကလုံလောက်မှုမရှိတော့ပဲ ပုန်းကွယ်နဂါးတိုက်ကြီးက ငရဲကမ္ဘာမှနတ်ဆိုးများကို မခုခံနိုင်တော့၍ဖြစ်သည်။


ထို့အပြင် အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်ပြန်ရောက်လာ၍ ယခုအချိန်တွင် အစားကြူးတောင်ကြားသည် တိုက်ကြီး၏အဓိကနေရာဖြစ်နေပြီဖြစ်သည်။


မဟာနိယာမလမ်းကြောင်း ပျက်ဆီးသွားပြီဖြစ်၍ အာကာသနတ်သမီးကဆုံးပါးသွားသင့်ပြီဖြစ်သည်။ 


ချူချန်းရှန်၏ မှင်သက်ကြောင်အနေသော မျက်နှာကိုကြည့်ပြီး နီယန် မျက်ဆန်လှန်လိုက်ကာ ဘာမှမပြောလိုက်ပေ။


ပုဖန်လည်း ဘာမှမပြောပဲ နီယန်ကိုစားသောက်ဆိုင်ထဲခေါ်သွားလိုက်သည်။


ဝုန်း ဝုန်း ဝုန်း


ငရဲကမ္ဘာသင်္ဘောသက်ဆင်းလာချိန်တွင် အစားကြူးတောင်ကြားတွင် ကြောက်မက်ဖွယ်စွမ်းအင်များမြင့်တက်လာသည်။


အရိပ်တစ်ခုကကြယ်ကြွေလာသည့်အလား ထောင်တျဲစားသောက်ဆိုင်ရှေ့သို့သက်ဆင်းလာသည်။


အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်ရောက်ရှိလာပြီး ပတ်ပတ်လည်ကိုစူးစမ်းကြည့်လိုက်သည်။ သူသည် ပုဖန်စားသောက်ဆိုင်ထဲကိုဝင်သွားသည်ကိုမြင်လိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။


"အဲ့ကောင်လေး.. ဒီကိုဘယ်လိုလုပ်ရောက်နေရတာလဲ...."


လူအိုကြီးရောက်လာပြီးသည်နှင့် သူ့နောက်တွင်အခြား ကြောက်မက်ဖွယ်အော်ရာများလိုက်လာလေသည်။


ပထမဆုံးရောက်ရှိလာသည့်သူသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ် မိုထျန်းကျီဖြစ်သည်။ သူသည် နီယန်၏အော်ရာကိုအာရုံခံမိ၍ရောက်လာခြင်းဖြစ်သည်။


၎င်းကသူ့ကို တုန်ရီသွားစေသည်။ မဟာနိယာမလမ်းကြောင်း ပြိုကွဲသွားသော်လည်း နီယန်ကမသေဆုံးသေးပေ။


ဘာဖြစ်သွားတာလဲ


စားသောက်ဆိုင်ထဲတွင် နီယန်နှင့်ပုဖန်တို့သည် အပြင်ဘက်တွင်ဖြစ်နေလဲမသိပေ။


ပုဖန် နီယန်ကိုတွဲကူကာ ထိုင်ခိုင်းလိုက်သည်။ သူ သူမ၏ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုသုံး၍ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ချက်လုပ်နိုင်တော့မည်ဖြစ်၍ နီယန်ကိုမျှော်လင့်တကြီးကြည့်လိုက်သည်။  


သူအချိန်အကြာကြီးစောင့်မျှော်ခဲ့ရသော တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကို နောက်ဆုံးတွင်ချက်လုပ်နိုင်တော့မည်ဖြစ်သည်။