အပိုင်း ၈၉၆
Viewers 53k

အခန်း ၈၉၆

သူတော်စင်ဂိုဏ်းချုပ်အဆင့်ရှိ စွမ်းအင်အတက်အကျ


နီယန် ပုဖန်ကိုကြည့်လိုက်သောအခါ သူကလည်းသူမကိုကြည့်နေသည်။


စားသောက်ဆိုင်ထဲကလေထုက ကိုးယိုးကားယားဖြစ်သွားခဲ့သည်။ ချူချန်ရှန်က ပုဖန်နှင့် နီယန်ထက်ပင်ပို၍ ကိုးယိုးကားယားဖြစ်နေသည်။


ခွေးဘုရင်က သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်တွက်လှဲလျောင်နေပြီး နယ်သာရီကသူမ၏ငရဲကမ္ဘာသင်္ဘောပေါ်တက်သွားသည်။


အဟွတ်


ချောင်းဆိုးဟန်ဆောင်လိုက်ပြီး ချူချန်းရှန်သူ၏ဆံနွယ်ဖြူဖြူများကိုခါရမ်း၍ အပေါ်ထက်တက်သွားခဲ့သည်။


နီယန်ကိုအချိန်အတော်အကြာစိုက်ကြည့်ပြီးနောက်မှ ပုဖန်ပါးစပ်ဖွင့်၍ပြောလိုက်သည်။


"ငါ့ကိုမင်းရဲ့ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ခဏလောက်ငှားပါလား...."


နီယန်ခဏလောက်တွေးလိုက်ပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီလေ...."


သူမလက်ကိုမြှောက်လိုက်သောအခါ ထောင်သောင်းချီသောကြယ်တာရာများအတူတကွစုဝေးကာလည်ပတ်နေသည့် ချပ်ပြားဝိုင်းတစ်ခုသူမလက်ဖဝါးပေါ်တွင်ပေါ်လာသည်။


နီယန်သည် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုလေ့လာရန်အချိန်များစွာသုံးခဲ့သည်။ ယခုတွင် သူမက၎င်းနှင့်အပြည့်အဝပေါင်းစပ်ပြီးဖြစ်ကာ ၎င်းကိုပိုမိုလွယ်ကူစွာထိန်းချုပ်နိုင်ပြီဖြစ်သည်။


ထိုသည်ကိုမြင်သောအခါ ပုဖန်၏မျက်လုံးများပိုမိုတောက်ပလာသည်။


သူ့အတွေးတစ်ချက်ဖြင့် သူ၏စနစ်သိုလှောင်အိတ်ထဲမှ အချက်အပြုတ်ပါဝင်ပစ္စည်းများကိုထုတ်ယူလိုက်သည်။


ပုဖန်၏စိတ်စွမ်းအားဖြင့်ထိန်းချုပ်မှုအောက်တွင် အချက်အပြုတ်ပါဝင်ပစ္စည်းများကလေပေါ်တွင်ပျံဝဲနေကြသည်။ ထိုပစ္စည်းများသည် အရွက်တစ်ရွက်ပါသော စမ်းချောင်းဝါမြက်၊ ကူရာမဲ့ပန်း နှင့် ကြယ်ပေါင်းစပ်ခြင်းသစ်သီးတို့ဖြစ်ကြသည်။


ပုဖန်သူ၏စိတ်စွမ်းအင်ကိုအသုံးပြုကာ ပါဝင်ပစ္စည်းများကိုထိန်းချုပ်လိုက်ပြီး နီယန်ကို ညွှန်ကြားလိုက်သည်။


"ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုထိန်းချုပ်လိုက်တော့... မင်းရဲ့စိတ်စွမ်းအင်ကိုသုံးပြီး ပါဝင်ပစ္စည်းတွေကိုအဆက်မပြတ်ရိုက်ပြီး အဆီအနှစ်တွေထွက်လာအောင်လုပ်လိုက်..."


စိတ်စွမ်းအင်ကိုအသုံးပြုပြီး ပါဝင်ပစ္စည်းများကိုထုနှက်ခြင်းသည် ပါဝင်ပစ္စည်းများမှအဆီအနှစ်များကိုပိုမိုထုတ်ယူနိုင်ပြီး ၎င်းတို့ထဲသို့ စိတ်စွမ်းအင်များကိုပိုမိုစိမ့်ဝင်ချင်သည်။ ဝိုင်ပြုလုပ်ရာတွင် ထိုသို့ပြုလုပ်ခြင်းသည် ဝိုင်၏အရသာကိုပိုမိုတိုးမြင့်စေသည်။


၎င်းသည် စနစ်မှပြောထားသည့် ကြယ်ပြောက်ဝိုင်ချက်နည်း၏အခြေခံအဆင့်ဖြစ်သည်။


ဝီး


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုကိုင်ထားပြီး နီယန်၏မျက်နှာတင်းမာနေသည်။


ခဏအကြာတွင် ပုဖန်၏စိတ်စွမ်းအင်များက ပါဝင်ပစ္စည်းများထဲသို့ဖြတ်သန်းသွားပြီး ကြယ်ဖမ်းကွန်ရက်ထဲသို့ဝင်ရောက်သွားကာ အတူတကွလည်ပတ်နေကြသည်။


စိတ်စွမ်းအင်များစိမ့်ဝင်ပြီး ကြယ်ရောင်များကကောင်းကင်မှအဆက်မပြတ်ကျဆင်းနေပြီး ကြယ်ဖမ်းကွန်ရက်ပေါ်ရှိပါဝင်ပစ္စည်းများကိုထုနှက်နေသည်။


ပုဖန်နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရသည်။ သိုသော် သူ့မျက်နှာကဘာမှမပြောင်းလဲပဲ သူ့မျက်လုံးအောက်ခြေတွင် လှိုင်းလုံးများထန်လာကာ ၎င်းကသူစိတ်လှုပ်ရှားနေသည်ကိုပြနေပေသည်။


ပါဝင်ပစ္စည်းများကို ထိုနည်းလမ်းအတိုင်းပြင့ဆင်ပြီးနောက်တွင် သူဝိုင်စတင်ပြုလုပ်တော့သည်။


ပုဖန် အသက်ဖွဖွရှူသွင်းလိုက်ကာ သူ့မျက်လုံးထဲတွင်အလင်းရောင်များရွေ့လျားနေသည်။



ထောင်တျဲစားသောက်ဆိုင်ရှေ့တွင် အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်မတ်တတ်ရပ်နေသည်။ သူမျက်မှောင်ကြုတ်ကာစားသောက်ဆိုင်ထဲသို့လှမ်းကြည့်လိုက်သည်။ သူပုဖန်ကိုစူးစိုက်ကြည့်နေပြီး ထိုစားဖိုမှူးငယ်သည်အစားကြူးတောင်ကြားမှစားဖိုမှူးတစ်ယောက်ဖြစ်သည်ဟု တစ်ခါမှမတွေးဖူးခဲ့ချေ။


သူ ထိုကြေးနန်းတော်တွင်နှစ်ပေါင်းများစွာ အခွင့်အရေးတစ်ခုရရန်စောင့်နေခဲ့ပြီး ထိုစားဖိုမှူးငယ်လေးက ထိုအရာကိုသူ့ဆီကဖြတ်ခုတ်သွားခဲ့၍ သူအလွန်အမင်းမကျေမနပ်ဖြစ်နေခဲ့သည်။


သူကဲ့သို့သော အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်က ထိုကောင်လေးနှင့် အချက်အပြုတ်စိန်ခေါ်ပွဲ၌ရှုံးခဲ့သည်။


သို့သော် အစားကြူးတောင်ကြားထဲတွင် ပုဖန်ကိုမြင်လိုက်ရ၍ လူအိုကြီးက ကြိတ်ပျော်နေခဲ့သည်။


ပုဖန်ကသူ့ကို အခွင့်အရေးကြီးကနောက်သုံးနှစ်ကြာလျှင်ပေါ်လာမည်ဟုပြောခဲ့သည်။ သို့သော် သုံးနှစ်ဟူသောအချိန်ကာလသည် တိုတောင်းသည်ဟုပြော၍မရသလို ရှည်လျားသည်ဟုလည်းပြော၍မရသဖြင့် ကိစ္စပေါင်းများစွာဖြစ်ပျက်သွားနိုင်သည်။


မူလက လူအိုကြီးသည် တိုက်ကြီးတစ်ခွင်ခရီးသွားချင်ခဲ့သော်လည်း ကမ္ဘာကြီးကလျှင်မြန်စွာပြောင်းလဲနေပြီး မဟာနိယာမလမ်းကြောင်းစည်းမျဉ်းများပြင် ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။


ပုန်းကွယ်နဂါးကောင်းကင်ပေါက်ဝသည် ကျူးကျော်ခံခဲ့ရပြီဖြစ်သည်။ ထို့ကြောင့်လူအိုကြီးက အစားကြူးတောင်ကြားကိုပြန်လာပြီးစောင့်ရှောက်ပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ပုန်းကွယ်နဂါးတိုက်ကြီးသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှနတ်ဆိုးများထံမှကျူးကျော်ခံရပြီး ဖျက်ဆီးခံနေရကာ သန့်စင်နယ်မြေများမှ သူတော်စင်ဂိုဏ်းချုပ်များပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး အစားကြူးတောင်ကြားသို့အပြေးလာ၍ဒဏ်ရာကုသနေရသည်။


လူအိုကြီး၏အလွန်အရသာရှိလှသောဟင်းပွဲများကိုစားသုံးပြီး ပြန်လည်ကုသနေကြခြင်းဖြစ်သည်။ သူ၏ဟင်းပွဲများသည် ဒဏ်ရာများကိုကုသရာတွင်အလွန်အမင်း အကျိုးရှိသောကြောင့် သူတော်စင်ဂိုဏ်းချုပ်များက သူတို့၏မျှော်လင့်ချက်များကို လူအိုကြီးပေါ်တွင်ပုံအောထားခဲ့ကြသည်။


လူအိုကြီး အစားကြူးတောင်ကြားသို့ပြန်လာသောအခါ အစားကြူးတောင်ကြားကကြီးကြီးမားမားပြောင်းလဲသွားကြောင်းသိရှိခဲ့ သည်။


အတိတ်တွင် အစားကြူးတောင်ကြားသည်အလွန်တန်ခိုးထွားကာချမ်းသာကြွယ်ဝခဲ့ကြသော်လည်း ယခုတွင် ထင်ရှားကျော်ကြားသောစားဖိုမှူးများမရှိကြတော့ကာ ပျက်ဆီးယိုယွင်းနေပြီဖြစ်သည်။ ထိုအရာများတင်မက အစားကြူးတောင်ကြား၏လက်ရှိတောင်ကြားသခင်သည် နို့နံ့မစင်သေးသောကလေးမလေးတစ်ယောက်ဖြစ်နေခဲ့သည်။


လူအိုကြီးသည် ကလေးမလေးထံမှ သန့်စင်သောသွေးစွမ်းအင်များကိုခံစားလိုက်ရ၍ သူ့ကို စိတ်သက်သာရာရစေခဲ့သည်။


ထိုကောင်မလေးက သူ့နေရာကိုဆက်ခံမည့်သူဖြစ်ကြောင်းအံ့ဩစရာမရှိပေ။


"ငါ အာကာသနတ်သမီးရဲ့အော်ရာကိုအာရုံခံလို့ရနေတယ် သူမ မသေဆုံးခဲ့ဘူးလား...."


မိုထျန်းကျီမိုးကြိုးပစ်ခံရသလိုခံစားလိုက်ရသည်။ စားသောက်ဆိုင်ကိုစိုက်ကြည့်ပြီး ရှေ့သို့ခြေလှမ်းလှမ်းလိုက်သည်။


သို့သော် စားသောက်ဆိုင်တံခါးများကပိတ်ထားပေသည်။


မိုထျန်းကျီ အထဲတွင်ဘာဖြစ်နေသလဲမမြင်နိုင်သလို ဆိုင်ထဲလည်းမဝင်နိုင်ပေ။ သို့သော် နီယန်အသက်ရှင်နေသေးသည်ဟု သူ၏အလိုလိုသိစိတ်ကပြောနေသည်။


ဘမ်း ဘမ်း ဘမ်း


မိုထျန်းကျီ တံခါးကိုရိုက်လိုက်သည်။ သူမစောင့်နိုင်တော့ပေ။ နီယန်သေသလား ရှင်သလားသိချင်နေပြီဖြစ်သည်။


မဟာနိယာမလမ်းကြောင်းစည်းမျည်းများ ပြိုပျက်သွားပြီဖြစ်သော်လည်း နီယန်အသက်ရှင်နေသေးသည်။

ဘာတွေဖြစ်ကုန်တာလဲ...


နီယန်က ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ ချိတ်ဆက်မှုပျက်သွားတာလား....


မဖြစ်နိုင်ဘူးနော်...


စားသောက်ဆိုင်တံခါးများကပိတ်ထားဆဲဖြစ်ကာ မိုထျန်းကျီကို အဆက်မပြတ်စိုးရိမ်ကြောင့်ကြနေစေသည်။ သူ့လက်ဖဝါးဖြင့် စားသောက်ဆိုင်တံခါးကိုလွင့်သွားအောင်ရိုက်ထုတ်မပစ်နိုင်၍ သူ့ကိုယ်သူမုန်းတီးနေလေသည်။


သို့သော် သူ့စိတ်သူ ကြိုးကြိုးစားစားထိန်းနေလိုက်သည်။


မည်သို့ပင်ဆိုစေ ၎င်းသည်သာမန်စားသောက်ဆိုင်ဟုတ်မနေပေ။ ၎င်းသည် ဆန်းကျယ်သောစွမ်းအင်များစွာရှိသည့် ပုဖန်၏စားသောက်ဆိုင်ဖြစ်နေသည်။


သူ သူ့ကိုရန်မစရဲပါချေ။


ထို့အပြင် မိုထျန်းကျီတွက်ချက်ထားသလိုပင် စားသောက်ဆိုင်တစ်ခုလုံးကို သူဖောက်ဝင်မသွားနိုင်သည့် ဆန်းကျယ်လှသောအလွှာတစ်ခူဖြင့်ဖုံးအုပ်သွားလေသည်။


ခဏအကြာတွင် လူအိုကြီးက မိုထျန်းကျီနားလမ်းလျှောက်လာသည်။ သူ့ခေါင်းတွင်ရှိသော ဆံပင်ဖြူလက်တစ်ဆုပ်ကလေနှင့်အတူလွင့်နေပြီး သူကလက်ပိုက်ထားလေသည်။


"ကောင်လေး... ငါကူညီဖို့လာပြီ..."


လူအိုကြီးပြောလိုက်ပြီး သူ့လက်ကိုမြှောက်လိုက်သည်။


သို့သော် သူ့လက်ဖဝါးမကျရောက်လာသေးမီတွင် တံခါးများပွင့်သွားခဲ့သည်။ ရှေးဟောင်းပုံစံဂိတ်တံခါးများပွင့်သွားကာ တကျွီကျွီမြည်သံနှင့်အတူ အရိပ်တစ်ခုထွက်ပေါ်လာသည်။


ပုဖန် သူ့တံခါးကိုထုနှက်ရန်ရွယ်နေသည့် လူနှစ်ယောက်ကိုမျက်နှာသေဖြင့်ကြည့်လိုက်သည်။


ထိုနှစ်ဦးက ချက်ချင်းပင်ရှက်ရွံ့သွားကြတော့သည်။


"ပိုင်ရှင်ပု..."


မိုထျန်းကျီ၏နှုတ်ခမ်းများတွန့်လိမ်သွားကာ သူ့လက်သူပြန်သိမ်းလိုက်သည်။


လူအိုကြီး ပုဖန်ကိုမျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီး ပြောလိုက်သည်။


"စားဖိုမှူးလေး... ထပ်တွေ့ကြပြန်ပြီနော်..."


"စားသောက်ဆိုင်ကဒီနေ့အတွက်ပိတ်ပါတယ်... စားသောက်ချင်ရင် ကျုပ်တို့ရဲ့ကြေငြာချက်ကိုစောင့်ပေးပါ..."


ပုဖန် ထိုနှစ်ဦးကိုကြည့်လိုက်ပြီး စားသောက်ဆိုင်တံခါးကို ဒုတ်ကနဲမြည်သံဖြင့်ပိတ်လိုက်သည်။


မိုထျန်းကျီနှင့်လူအိုကြီးတို့ ကိုးရိုးကားယားဖြစ်သွားခဲ့သည်။ ကိုယ့်ရဲ့မျက်နှာရှေ့တံခါးစောင့်ပိတ်လိုက်ခြင်း ဟူသောဆက်ဆံမှုသည် သူတို့ကိုဒေါသထွက်သွားစေခဲ့သည်။


လူအိုကြီး အလွန်သိချင်စိတ်ပြင်းပြလာကာအံ့ဩသွားခဲ့သည်။ ထိုစားဖိုမှူးလေးတွင် သူ၏ကိုယ်ပိုင်ပုံစံရှိနေသည်။


အမှန်တကယ်တွင် လူအိုကြီးကပုဖန်၏ဟင်းပွဲများကိုစားသောက်ရန်မျှော်လင့်နေခြင်းဖြစ်သည်။ ငယ်ရွယ်သည့်ကောင်လေးတစ်ယောက်ကသူ့ကိုနိုင်သွားသည်ဖြစ်၍ ထိုကောင်လေး၏ဟင်းပွဲများက သာမန်မဟုတ်နိုင်ပေ။


ကြေးနန်းတော်တွင် သွေးကျောက်ပုစွန်များသာရှိပြီး လူအိုကြီးသည်သွေးကျောက်ပုစွန်များကိုချက်ပြုတ်ရာတွင်မကျွမ်းကျင်ပေ။


ယခုတွင် သူတို့အစားကြူးတောင်ကြားကိုရောက်နေပြီဖြစ်ပြီး သူတို့တွင်မရေမတွက်နိုင်သောပါဝင်ပစ္စည်းများကိုရွေးချယ်နိုင်နေပြီဖြစ်သည်။ လူအိုကြီးသည် သူ၏ချက်ပြုတ်သည့်နည်းလမ်းအလွန်တိုးတက်လာသည်ဟုခံစားနေရသည်။


သူပုဖန်ကိုနောက်တစ်ကြိမ်စိမ်ခေါ်ပါက လုံးဝမရှုံးနိမ့်မည်ဖြစ်ကြောင်း ခိုင်ခိုင်မာမာယုံကြည်နေသည်။



စားသောက်ဆိုင်ထဲတွင်


ကြယ်စွမ်းအင်များစွာကာ ကောင်းကင်ပေါ်မှဖြာကျနေကာ ချပ်ပြားဝိုင်းပေါ်တွင်ဖြေးဖြေးချင်းလည်ပတ်နေသည်။ ချပ်ပြားဝိုင်းပေါ်တွင်ရှိနေသည်မှာ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ရှိနေသည်။


နီယန်၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြယ်အလင်းများဖြင့်ဖုံးလွှမ်းနေပြီး သူမလက်တစ်ခါမြှောက်လိုက်တိုင်း ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်လည်ပတ်သွားကာ ကြယ်အလင်းများပြင်းပြင်းထန်ထန်ရိုက်နှက်သွားမည်ဖြစ်သည်။


အလင်းစက်များ ကျဲပြန့်သွားကာ အရွက်တစ်ရွက်ပါစမ်းချောင်းဝါမြက်တွင် မျဉ်းကြောင်းများပေါ်ထွက်လာကာ မကြာခင်အခွံကွာသွားတော့မည့်ပုံနှင့်တူလာသည်။


ပုဖန်သည် အဝေးမှစောင့်ကြည့်နေပြီး စိတ်လှုပ်ရှား၍ မျှော်လင့်ချက်များပြည့်နှက်နေသည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်သည် အလွန်မှော်ဆန်လွန်းလှပေသည်။


ဘုန်း


ကြယ်အလင်းများကျဆင်းလာကာ ပါဝင်ပစ္စည်းများထဲမှတစ်ခုက လုံးလုံးလျားလျားကွဲကြေသွားကာ အရည်ပုံစံအဆီအနှစ်များထွက်ပေါ်လာသည်။ ထိုအဆီအနှစ်သည် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ပေါ်တွင် ဝဲပျံနေသည်။


ပုဖန်၏မျက်လုံးများတောက်ပလာသည်။ ပါဝင်ပစ္စည်းများထဲမှတစ်ခုကို အောင်အောင်မြင်မြင်ပြင်ဆင်ပြီးဖြစ်သည်။


နောက်ထပ် မြည်သံများဖြင့် ပါဝင်ပစ္စည်းများကွဲကြေသွားကာ လုံးဝအောင်မြင်သွားခဲ့ပြီဖြစ်သည်။


ပုဖန်ထိုင်ခုံတစ်ခုံဆွဲယူ၍ထိုင်လိုက်ပြီး နီယန်အသုံးပြုနေသော ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ပေါ်တွင်အပြည့်အဝအာရုံစိုက်လိုက်သည်။


အချိန်များ လျှင်မြန်စွာကုန်ဆုံးသွားပြီး ခဏချင်းပင်လဝင်သွားကာ နေပင်ထွက်လာတော့သည်။ နေသည် တဖြေးဖြေးမြင့်တက်လာကာ ဝင်သွားပြန်သည်။


တစ်ရက်နှင့်တစ်ညအပြီးတွင် ကြယ်အလင်းများ မှိန်ဖျော့လာပြီဖြစ်သည်။


နီယန်သည် အရည်များဖြင့်ပေပွနေသော ကြယ်ဖမ်းကွန်ရက်ကိုဆွဲယူလိုက်သည်။ ထိုအရည်များသည် ပါဝင်ပစ္စည်းများ၏ အဆီအနှစ်များဖြစ်ကြသည်ဟ


ခဏအကြာတွင် နီယန်မျက်လုံးဖွင့်လိုက်သည်။ သူမအသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ဆံပင်များကရေတံခွန်ငယ်လိုဝဲဖြာကျလာသည်။


ပုဖန် မတ်တတ်ရပ်ကာ နီယန်ဆီသွား၍ ပြောလိုက်သည်။


"မင်းရဲ့ကြိုးစားပေးမှုအတွက်ကျေးဇူးတင်ပါတယ်...."


နီယန်၏လှပသောမျက်နှာတွင် အပြုံဖျော့ဖျော့လေးတစ်ခုရှိနေသည်။ ထိုအပြုံးလေးကို ပန်းများနှင့်နှိုင်းယှဉ်သော် ပန်းများပင်မှိန်ဖျော့သွားမည်ဖြစ်သည်။


"ကျွန်မ တာဝန်ကိုမကျရှုံးသွားခဲ့လို့တော်သေးတာပေါ့... ဝိုင်ကောင်းကိုလုပ်လို့ပြီးရင် ကျွန်မအရင်ဆုံးမြည်ကြည့်မှာနော်..."


နီယန် လေးလေးနက်နက်ပြောလိုက်သည်။


ပုဖန်ခေါင်းငြိမ့်ပြလိုက်သည်။


ထို့နောက် သူ့စိတ်နှလုံးတုန်လှုပ်သွားကာ သူ၏စိတ်ဝိဉာဉ်ပင်လယ်မှ လှိုင်းလုံးများထလာတော့သည်။


သူ့လက်ကိုမြှောက်လိုက်ကာ နီယန်လက်ထဲရှိချပ်ပြားဝိုင်းပေါ်စိတ်စွမ်းအင်များပို့လွှတ်လိုက်ပြီး ရွေ့လျားနေသည့်ချပ်ပြားဝိုင်းပေါ်ရှိအရည်များကိုထောက်ပံ့နေသည်။


ကြယ်ဖမ်းကွန်ရက်ကိုဂရုတစိုက်ယူလိုက်ပြီး ပုဖန်မီးဖိုချောင်ထဲသို့ဝင်သွားသည်။


ခဏအကြာတွင် ပိန်ပါးပါးပုံရိပ်က နီယန်မြင်ကွင်းထဲမှပျောက်ကွယ်သွားသည်။


နီယန်သူမ၏ညောင်းညာနေသောနောက်ကျောကိုအကျောဆန့်လိုက်ကာ သန်းဝေလိုက်သည်။ နောက်ဆုံးတွင် ပိုင်ရှင်ပု၏တောင်းဆိုချက်ကိုဖြည့်ဆည်းပေးလိုက်ပြီဖြစ်သည်။ သူမပိုင်ရှင်ပုကိုဝိုင်ပြုလုပ်ရန်ကူညီလိုက်သည်မှာအခွင့်အရေးကောင်းတစ်ခုဖြစ်သည်။


သူမ စားသောက်ဆိုင်တံခါးကိုတွန်းဖွင့်လိုက်ပြီး အပြင်ဘက်မှတောက်ပသောအလင်းရောင်နှင့် ဆောင်းရာသီ၏အေးစက်စက်လေများက သူမ၏အရေပြားကိုလာရောက် ထိခတ်နေသည်ကိုခံစားနေလိုက်သည်။


ထိုအချိန်တွင် မိုထျန်းကျီသည် အပြင်ဘက်၌စောင့်ဆိုင်းနေဆဲဖြစ်သည်။


တံခါးဖွင့်သံကြားလိုက်ရသောအခါ သူတုန်ရီသွားခဲ့သည်။ ထို့နောက် သူလှည့်ကြည့်လိုက်သောအခါ နီယန်ကသူမခန္ဓာကိုယ်ကိုအကျောဆန့်နေပြီး လည်ဂုတ်ကိုနှိပ်နယ်နေကာ စားသောက်ဆိုင်ထဲမှထွက်လာခဲ့သည်။


"အာကာသနတ်သမီး... မင်းအသက်ရှင်သေးတယ်လား..."


မိုထျန်းကျီ နီယန်ကိုသူ၏ကိုယ်ပိုင်မျက်လုံးများဖြင့်မြင်လိုက်သောအခါ သူ့တစ်ကိုယ်လုံးတုန်လှုပ်သွားသည်။ သူမယုံနိုင်ဖြစ်နေလေသည်။


နီယန် ကြောင်အသွားသည်။

သူမအသက်ရှင်နေတာထူးဆန်းလို့လား...


ဘာလို့သူတော်စင်ဂိုဏ်းချုပ်က စိတ်ရှုပ်ထွေးနေတဲ့မျက်နှာကြီးဖြစ်နေရတာလဲ..


သူမ၏မှတ်ဉာဏ်များပြန် ရပြီဖြစ်၍ သူမအရာရာတိုင်းကိုမှတ်မိနေပြီဖြစ်သည်။ ထို့ကြောင့် မိုထျန်းကျီသည် သူမအတွက်သူစိမ်းတစ်ယောက်မဟုတ်ချေ။


မိုထျန်းကျီမှင်သက်နေကာ နီယန်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး သက်ပြင်းချလိုက်မိသည်။


ခဏအကြာတွင် သူ့မျက်လုံးများရှုပ်ထွေးလာပြီး ဘာပြောရမလဲမသိတော့ပေ။


နီယန် မသေတာ ကောင်းသလားဆိုးသလား သူမသိတော့ချေ။


နီယန်မသေခဲ့သော်လည်း မဟာနိယာမလမ်းကြောင်းစည်းမျဉ်းများပျက်ဆီးသွားပြီဖြစ်သည်။ မဟာနိယာမလမ်းကြောင်း၏ကာကွယ်မှုမရှိပါက ပုန်းကွယ်နဂါးတိုက်ကြီးသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏အကြီးအကျယ်ကျူးကျော်တိုက်ခိုက်မှုများကိုခံစားရတော့မည်ဖြစ်သည်။


ဒါပေမယ့် နီယမ်မသေရင် မဟာနိယာမလမ်းကြောင်းက ဘာကိစ္စပျက်ဆီးသွားရတာလဲ....

မိုထျန်းကျီ နီယန်၏ကိုယ်မှ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်၏အော်ရာကိုအာရုံခံမိလိုက်သည်။


သူ အံ့အားသင့်သွားတော့သည်။


နီယန်ကထိုသည်ကိုလုံးဝဂရုမစိုက်ပေ။ သူမမိုထျန်းကျီကို လက်ရမ်းပြလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကိုဆက်လက်အကျောလျော့နေသည်။ သူမလေ့ကျင့်ခန်းအနည်းငဉ်ဆက်လုပ်နေချင်သေးသည်။


ဖြေးညှင်းစွာအသက်ရှူထုတ်လိုက်ပြီး နီယန်သူမခြေထောက်ကိုမြှောက်ကာ ခြေချောင်းထိပ်ကိုမြေပြင်ပေါ်ထိလိုက်သည်။


စူးရှသောမြည်သံဖြင့် နီယန်၏ခန္ဓာကိုယ်ကောင်းကင်ပေါ်ထိုးတက်သွားကာ သူမခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာထွက်ပေါ်လာသည်။


မိုထျန်းကျီ မှင်သက်၍ တောင့်ခဲသွားသည်။


ဒီအလျှင်... ဒီအော်ရာ..


သူမ ဘယ်တုန်းကများ သူတော်စင်ဂိုဏ်းချုပ်အဆင့်ကိုတက်သွားရတာလဲ....


နီယန်ကောင်းကင်ပေါ် ပျံတက်သွားချိန်တွင် အစားကြူးတောင်ကြားတွင်အခြားသောကြောက်မက်ဖွယ်အော်ရာများထွက်ပေါ်လာပြီး ထိုအော်ရာများက နီယန်ထက်အားနည်းမနေပေ။


ထိုအရိပ်များစွာက ၎င်းတို့၏တံခါးပိတ်ကျင့်ကြံရာမှထွက်ပေါ်လာ၍ လေထုစုတ်ပြဲသံများထွက်ပေါ်လာသည်။


သူတော်စင်ဂိုဏ်းချုပ်အဆင့်ရှိအော်ရာတစ်ခုသည် အစားကြူးတောင်ကြားတွင်တံခါးပိတ်ကျင့်ကြံနေသည့် အခြားသောသန့်စင်နယ်မြေများမှသူတော်စင်ဂိုဏ်းချုပ်များအကြားတွင် ခလောက်ဆန်သွားလေသည်။


တစ်ချိန်တည်းတွင်


စားသောက်ဆိုင်ထဲတွင် ပုဖန်သည် ပါဝင်ပစ္စည်းများ၏အဆီအနှစ်များပြည့်နေသော ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကို ဂရုတစိုက်ကိုင်ကာ ထိုအဆီအနှစ်များကို စနစ်ကပေးထားသည့်အိုးထဲသို့ထည့်လိုက်သည်။ ၎င်းသည် လျှို့ဝှက်ငွေရောင်သတ္တုဖြင့်ပြုလုပ်ထားပြီး ဝိုင်၏အနံ့ကိုပိုမိုကောင်းမွန်စေအောင်ပြုလုပ်ပေးသည်။


သူ အိုးကို တင်းတင်းကြပ်ကြပ်ပိတ်လိုက်သည်။


ပုဖန်သူ့လက်ကိုအကျောဆန့်လိုက်ကာ အဖုံးကိုတွန်းလိုက်သည်။ ခဏအကြာတွင်သူ၏ဆံပင်များလွင့်ပျံလာပြီး သူ၏စိတ်ဝိဉာဉ်ပင်လယ်သည် နဂါးတစ်ကောင်နှယ်ဟိန်းဟောက်လာသည်။


ထို့နောက် သူ၏ ကြီးမားခက်ထန်သော စိတ်စွမ်းအားများကျယ်ပြန့်လာသည်။ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ပြုလုပ်ခြင်းနောက်တစ်ဆင့်သည် သူ၏စိတ်စွမ်းအားကိုအသုံးပြု၍ အရည်များကိုအချဉ်ဖောက်ခြင်းဖြစ်သည်။


ပုဖန်၏ စိတ်စွမ်းအားများပေါက်ကွဲထွက်လာသည်နှင့် ထောင်တျဲစားသောက်ဆိုင်မှ ကြီးမားသောအလင်းတန်းကြီးတစ်ခုကောင်းကင်ကိုထိုးတက်သွားသည်။



စားသောက်ဆိုင်အပြင်ဘက်ရှိ သူတော်စင်ဂိုဏ်းချုပ်များနှင့် အစားကြူးတောင်ကြားမှအခြားကျင့်ကြံသူများက ထိုအလင်းတန်းကိုမြင်လိုက်သည်နှင့် တုန်ရီမိသွားကြသည်။


သူတို့ မယုံနိုင်ဖြစ်နေကြသည်။


ဒီလိုစွမ်းအင်အတက်အကျမျိုးနဲ့ဆိုရင်... သူတော်စင်ဂိုဏ်းချုပ်အဆင့်ကျင့်ကြံသူတစ်ယောက်ဆိုတာသေချာတယ်...


အစားကြူးတောင်ကြားမှာ ဘယ်အချိန်ကစပြီး သူတော်စင်ဂိုဏ်းချုပ်အဆင့်ကျင့်ကြံသူတွေအများကြီးရှိနေရတာလဲ....