အပိုင်း ၈၉၈
Viewers 52k

အခန်း ၈၉၈

ဝိုင်ကောင်းက မိုးကြိုးပြစ်ဒဏ်ကိုခံယူရမယ်


ဆိုင်ရှင်ပု၏ဝိုင်ကိုဖွင့်ဖောက်တော့မယ်....


ထိုအချိန်တွင် နီယန်အလွန်စိတ်လှုပ်ရှားသွားသည်။ ၎င်းသည် သူမယခင်ကတစ်နေရာရာတွင်မြင်ဖူးခဲ့သောမြင်ကွင်းနှင့်တူနေသည်။


အရင်က ဆိုင်ရှင်ပု လေအလင်းအင်ပါယာတွင် သိမြင်မှုရေခဲမီးလျှံဝိုင်ကိုဖွင့်ဖောက်စဉ်က မြို့တစ်ဝက်ကိုမွှေးရနံ့များဖြင့် သင်းပျံ့မွှန်းထုံသွားခဲ့စေသည်။


သိမြင်မှုရေခဲမီးလျှံဝိုင်၏ချိုမြသောရနံ့သည် အင်ပါယာမြို့တော်တစ်ဝက်ကိုဖုံးလွှမ်းသွားခဲ့သည်ဖြစ်၍ နီယန်တစ်ယောက် ထိုမြင်ကွင်းနှင့်ရနံ့ကိုဒီတစ်သက်မေ့မည်မဟုတ်ပေ။


သိမြင်မှုရေခဲမီးလျှံဝိုင်တစ်အိုးသည် များစွသေကျင့်ကြံသူများကိုဆွဲဆောင်နိုင်ခဲ့သည်။ ထိုညှို့ယူဖမ်းစားနိုင်ဖွယ်မြင်ကွင်းကိုပြန်လည်သတိရလာရင်း သူမကိုပျော်ရွှင်စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲလုမတတ်ဖြစ်စေသည်။


ယခုတွင်ပိုင်ရှင်ပု နောက်ထပ်ဝိုင်ကောင်းတစ်အိုးကို ဖွင့်ဖောက်ချင်နေပြန်သည်။ ၎င်းက သိမြင်မှုရေခဲမီးလျှံဝိုင်မဟုတ်သော်လည်း ထိုဝိုင်၏ထူထဲလှသောရနံ့များကနေရာအနှံ့သို့သေချာပေါက် ပျံ့နှံ့သွားမည်ဖြစ်သည်။ ယခုတစ်ခေါက်ဝိုင်ဖွင့်ဖောက်ခြင်းသည်လည်း သိမြင်မှုရေခဲမီးလျှံဝိုင်ဖွင့်ဖောက်သည့်အချိန်နှင့်တူညီမည်ဖြစ်ကြောင်း သူမသိပေသည်။


လူအိုကြီး လက်ပိုက်ရင်းဆိုင်ထဲကိုလျှောက်ပတ်ကြည့်နေသည်။ သူစားသောက်ဆိုင်ထဲဝင်သည်နှင့် နွေထွေးနေသောလေထုက သူ့ကိုလာရောက်မိတ်ဆက်သဖြင့် အံ့ဩသွားခဲ့ရသည်။


သူ စားသောက်ဆိုင်တစ်ဆိုင်တွင်ထိုကဲ့သို့သော လေထုကိုခံစားရသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။ ဤစားသောက်ဆိုင်ထဲတွင်ထိုင်ရခြင်းသည် လူများကိုပျော်ရွှင်ဝမ်းမြောက်သောစိတ်ခံစားမှုကိုပေးစွမ်းမည့်ပုံနှင့်တူနေသည်။


ထို့နောက် လူအိုကြီးသည် လက်ထဲတွင်ဝိုင်အိုးကိုကိုင်ထားသော ပုဖန်ကိုတွေ့လိုက်ရသည်။


သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုအိုးထဲမှ ရှိန်လောက်ဖွယ်စွမ်းအင်ကိုခံစားမိချေသည်။ ထိုစွမ်းအင်သာပေါက်ကွဲထွက်လာပါက အလွန်ပင်စွမ်းအားကြီးမားမည်ဖြစ်သည်။


အဲ့အိုးထဲမှာရှိတာ ဘာဝိုင်လဲ....


သန့်စင်နယ်မြေမှသူတော်စင်ဂိုဏ်းချုပ်များက မျက်မှောင်ကြုတ်၍ ပုဖန်ကိုစိုက်ကြည့်နေကြသည်။


သူတို့ပုဖန်၏အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကိုမြင်နိုင်ကြလေသည်။ သို့သော် သူသည် မသေမျိုးဝိဉာဉ်အထွတ်အထိပ်အဆင့်တွင်သာရှိသေးပြီး နတ်ဘုရားမီးတောက်ကိုပင်မထွန်းညှိရသေးပေ။ ထို့ကြောင့် သူသည် စိတ်ဝိဉာဉ်သခင်အဆင့်ပင်မရောက်သေးသော ငတိလေးတစ်ကောင်သာဖြစ်လေသည်။


သူတို့အတွက် ပုဖန်သည် ဂိုဏ်းတည်ထောင်သူအဆင့်တွင်ပင်မရှိသေးချေ။ သူက သူတို့၏စိတ်ဝင်စားမှုနှင့် အာရုံစိုက်မှုများမရနိုင်ပေ။


သို့သော် ထိုအင်အားနည်းလှသည့်ပုရွက်ဆိတ်လေးကသူတို့ကိုတိတ်တိတ်နေရန်ပြောလာသည်။ ထို့ကြောင့်သူတို့အံ့အားသင့်ကာ ပြောစရာစကားပင်ရှာမတွေ့တော့ပေ။


သူတို့ကိုယ်သူတို့ထိန်းနေကြသော်လည်း သူတော်စင်ဂိုဏ်းချုပ်များက ဒေါသဖြစ်နေကြဆဲပင်ဖြစ်သည်။


မိုထျန်းကျီ ပုဖန်ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်လိုက်သည်။ ပုဖန်၏ကျင့်ကြံခြင်းအဆင့်ကသူ့ကိုအံ့ဩထိတ်လန့်သွားစေခဲ့သည်။


ဘယ်လောက်မှပင်မကြာသေးပဲ ပုဖန်၏ကျင့်ကြံရေးအဆင့်က မသေမျိုးဝိဉာဉ် အထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်သည်။


ဒီကောင်ဘယ်လိုတောင်ကျင့်ကြံလိုက်တာလဲ...


ပြီးတော့ ခုနကသူဘာပြောလိုက်တာ....


သူက သူတော်စင်ဂိုဏ်းချုပ်တွေကိုတိတ်တိတ်လေးနေခိုင်းတာလား...


သူတော်စင်ဂိုဏ်းချုပ်တွေဆိုတာ ဘယ်သူတွေမလို့လဲ....


သူတို့က ပုန်းကွယ်နဂါးတိုက်ကြီးကိုဦးဆောင်နေတဲ့ထိပ်တန်းအဆင့်ကျင့်ကြံသူတွေလေ... ပျက်သုဉ်းခြင်းအကျဉ်းထောင်ရဲ့ကျူးကျော်မှုတွေကို ရှေ့တန်းကကာကွယ်ပေးနေတာလဲသူတို့ပဲ....


သူတို့က ပုန်းကွယ်နဂါးတိုက်ကြီးရဲ့ ကာကွယ်စောင့်ရှောင့်သူတွေ အင်အားကြီးအုပ်စုတွေကိုအမိန့်ပေးစေခိုင်းသူတွေ...


ပုဖန်ကဖြင့် စားဖိုမှူးငယ်လေးတစ်ယောက်သာသာကို.. သူက သူတော်စင်ဂိုဏ်းချုပ်တွေကိုဒီလိုပြောရဲတယ်ပေါ့လေ....


သူတော်စင်ဂိုဏ်းချုပ်များ သူတို့ကိုယ်သူတို့မနည်းထိန်းထားရသည်။


အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်သည် အလွန်ဒေါသထွက်လာသည်။ သူ့မျက်လုံးများက ပုဖန်ကိုစူးစူးရဲရဲစိုက်ကြည့်ပြီး ဆံပင်များထောင်ထနေသည်မှာ အော်ဟစ်ပစ်ချင်နေသည့်ပုံနှင့်တူနေသည်။


သို့သော် လူအိုကြီးက ထိုလူစကားမပြောခင်မှာ လက်ကိုဝှေ့ယမ်း၍တားလိုက်ကာ ပြောလိုက်သည်။


"ဒီစားဖိုမှူးလေးကသာမန်မဟုတ်ဘူး.... မင်းတို့တွေစိတ်အေးအေးထားကြစမ်း..."


အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ် လူအိုကြီးကိုကြည့်လိုက်သည်။


အကယ်၍ ဤနေရာတွင် အသန်မာဆုံးလူမှာ လူအိုကြီးမဟုတ်ပါက အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်က အချိန်ဖြုန်းနေမည်ပင်မဟုတ်ပေ။


ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ် ခပ်ဖွဖွပြုံးလိုက်ကာ သူ့မျက်လုံးများက နက်နက်နဲနဲတွေးနေဟန်ပေါ်နေသည်။ သူပုဖန်ကို သတိပြုမိပုံပေါ်သည်။


လူအိုကြီးက အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်ကိုတားလိုက်သဖြင့် သူတော်စင်ဂိုဏ်းချုပ်များအားလုံး ထူးဆန်းသည်ဟုခံစားလိုက်ရသည်။


သူတို့ကအရူးများမဟုတ်ကြပေ။ ဘယ်သူမှပြဿနာထမရှာကြသဖြင့် ကိုယ့်ဘာသာထိုင်ဆုံဆွဲယူ၍ထိုင်လိုက်ကြသည်။


သူတို့အားလုံး၏မျက်လုံးများက ဝိုင်အိုးအဖုံးပေါ်လက်တင်ထားသည့်ပုဖန်ကိုသာစိုက်ကြည့်နေကြသည်။


ခဏမျှကြည့်ပြီးနောက်တွင် လေအေးတစ်ချက်တိုက်ခတ်သွားသည်ကိုအာရုံခံမိပြီး သူတော်စင်ဂိုဏ်းချုပ်များ၏မျက်လုံးများပြူးကျယ်သွားကြသည်။


"သိပြီ..... ဒီစားဖိုမှူးလေးကတကယ့်ကို သာမန်မဟုတ်ဘူးပဲ... အဲ့ဝိုင်အိုးကလေ ကျစ်...ကျစ်... ကျစ်..."


လူအိုကြီးက သူ့ခေါင်းပေါ်ရှိဆံပင်ဖြူများကိုပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်သည်။


"အဲ့ဒီ့....အဲ့ဒီ့ဝိုင်အိုးကို တောက်ပပန်းပွင့်ကျောက်တုံးနဲ့လုပ်ထားတာလား...."


သူတော်စင်ဂိုဏ်းချုပ်တစ်ယောက်က ခပ်တည်တည်မေးလိုက်သည်။


တောက်ပပန်းပွင့်ကျောက်တုံး... ထိုအရာက ပုန်းကွယ်နဂါးတိုက်ကြီးတွင် အလွန်အမင်းရှားပါးသော သဘာဝသယံဇာတဖြစ်သည်။


ယေဘူယျအားဖြင့် တောက်ပပန်းပွင့်ကျောက်တုံးကို နတ်ဘုရားလက်နက်များသွန်းလုပ်ရန်အသုံးပြုကြသည်။ သူတို့ကသူတော်စင်ဂိုဏ်းချုပ်များဖြစ်ကြသော်လည်း သူတို့၏လက်နက်များတွင် တောက်ပပန်းပွင့်ကျောက်တုံးအနည်းငယ်သာပါဝင်ပေသည်။


အဘယ့်ကြောင့်ဆိုသော် တောက်ပပန်းပွင့်ကျောက်တုံးသည် ရှာတွေ့ရန်အလွန်ခဲယဉ်းသောကြောင့်ဖြစ်သည်။


"လက်ဖွာလိုက်တာ.... သူက တောက်ပပန်းပွင့်ကျောက်တုံးကို ဝိုင်အိုးလုပ်ဖို့သုံးပစ်တယ်တဲ့..."


ကောင်းကင်ဗဟိုသူတော်စင်ဂိုဏ်းချုပ်သည် အသက်ရှစ်ဆယ်အရွယ်ရှိသောအဘိုးအိုတစ်ယောက်ဖြစ်သည်။ သူသည် သူ့ဆံပင်များထောင်ထလာအောင်ပင်ဒေါသထွက်နေသည်။


သူ့တွင် တောက်ပပန်းပွင့်ကျောက်တုံးထိုမျှပမာဏရှိပါကာ ပျက်သုဉ်းအကျဉ်းထောင်မှနတ်ဆိုးများကိုပိုသတ်နိုင်ရန် နတ်ဘုရားလက်နက် အမြောက်အမြားဖန်တီးပစ်မည်ဖြစ်သည်။


"အဲ့ဒာဆို ဒါကိုရုပ်ဆိုးတယ်လို့မပြောကြနဲ့... ဒီဝိုင်အိုးကတကယ့်ကို ထူးခြားတယ်..."


လူအိုကြီး သူ့ဆံပင်ဖြူများကိုပွတ်သပ်ပြီး ရယ်မောလိုက်သည်။


ပုဖန် ဝိုင်အိုးကိုထိထားပြီး အထဲမှစွမ်းအင်များမြင့်တက်လာမှုကိုအာရုံခံနေသည်။ သူ ပွစိပွစိပြောနေသောလူအိုကြီးများကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။


"တိတ်တိတ်နေကြ..."


လူအိုကြီး ရုတ်ချည်းပင်ရယ်သံရပ်သွားသည်။


သူ ရှက်ရှက်နှင့်ခေါင်းကိုပွတ်နေကာ ပုဖန်ကိုပြောလိုက်သည်။


"ကောင်းပြီလေ... ဆက်လုပ်ပါ...."


ပုဖန်အခြားသူများ၏အကြည့်များကို ဂရုပင်မစိုက်ချေ။ ထိုအချိန်တွင် သူ့စိတ်ထဲတွင်ရှိသည့်တစ်ခုတည်းသောအရာမှာ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်သာဖြစ်သည်။


ထိုတွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်သည် သူ၏အချိန်နှင့်အားစိုက်ထုတ်မှုများစွာကိုယူထားခဲ့သည်။ သူအရွက်တစ်ရွက်ပါသော စမ်းချောင်းဝါမြက်ကိုရရှိရန် ကမ္ဘာမြေအကျဉ်းထောင်ကိုသွားခဲ့ရသည်။ နီယန်၏မှတ်ဉာဏ်များပြန်ရရန်နှင့် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နှင့်အလုံးစုံပေါင်းစပ်နိုင်ရန် လေအလင်းအင်ပါယာသို့ပြန်သွား၍ ဖီးနစ်ဥထမင်းကြော်ကိုချက်ခဲ့ရသည်။ ထိုအရာအားလုံးသည် သူ၏အချိန်နှင့် အားစိုက်ထုတ်မှုများစွာကို ကုန်ဆုံးစေခဲ့သည်။


ထို့ကြောင့် ပုဖန် ထိုဝိုင်ပေါ်တွင် မျှော်လင့်ချက်ကြီးကြီးရှိနေခြင်းဖြစ်သည်။


သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်တွင် ခွေးဘုရင်နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးဖွင့်ကာ ပုဖန်ကိုကြည့်လိုက်သည်။


ပန်းပွင့်လေး၏ သုံးပန်လှမျက်လုံးများက သိချင်စိတ်အပြည့်ဖြင့် ပုဖန်ကိုကြည့်နေသည်။


နယ်သာရီသည် သူမ၏ နှင်းဆီဖူးရောင်နှုတ်ခမ်းပါးလေးများကိုကော့ညွတ်ကာ သူမ၏ဆံပင်ရှည်များကိုလွှဲရမ်းရင်း စောင့်ဆိုင်းနေသည်။


ပုဖန် ခပ်ဖွဖွအသက်ရှူထုတ်လိုက်သည်။ သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် နဂါးတစ်ကောင်ဟိန်းဟောက်နေသည်။


ထို့နောက် ပုဖန် စက္ကူစည်းတံဆိပ်ကိုဖိလိုက်ကာ အိုးကိုဖွင့်ဖောက်လိုက်သည်။


လူတိုင်း၏မျက်လုံးများက ပုဖန်ပေါ်တွင်သာ ကော်လိုကပ်နေပြီး သူ၏လှုပ်ရှားမှုများကိုစောင့်ကြည့်နေကြသည်။


"မွားဟားဟား... ဘော်ဒါပုရေ... ဒီဘုရင်ပြန်လာပြီကွ.."


သို့သော် လူတိုင်းပုဖန် အဖုံးကိုဖွင့်တော့မည်ဟုထင်လိုက်ချိန်တွင် အပြင်ဘက်မှကျယ်လောင်သောရယ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။


ငရဲဘုရင်အာဟသည် သူတော်စင်သမီးတော်ဇီယွင်နှင့်အတူလမ်းလျှောက်ဝင်လာခဲ့သည်။ သို့သော် သူ၏ရယ်သံကရုတ်တရက်ကြီးရပ်သွားခဲ့သည်။


လူတိုင်းဆွံ့အသွားကာ သူ့ကိုကြည့်လိုက်ကြသည်။


ပုဖန်က ခံစားချက်မဲ့သောမျက်နှာဖြစ်သွားခဲ့သည်။


နယ်သာရီ မျက်ဆံလှန်လိုက်သည်။


ခွေးဘုရင်လျှာထုတ်၍ လှောင်ပြောင်လိုက်သည်။


ဒီ လူရွှင်တော်ကောင်စုတ်ကတော့...


ငရဲဘုရင်အာဟခေါင်းကုတ်လိုက်ကာ သူ၏ရယ်စရာအမှားကိုသတိပြုမိသွားပုံပေါ်သည်။


"ကျေးဇူးပြုပြီးဆက်လုပ်ကြပါ... ကျုပ်ကိုစိတ်ထဲမထားပါနဲ့..... ကျုပ်ကဒီအတိုင်း ဟာသလေးလုပ်လိုက်တာပါ..."


ငရဲဘုရင်အာဟ ပြောလိုက်သည်။


ပုဖန် ငရဲဘုရင်အာဟထံမှအကြည့်ရွေ့လိုက်သည်။ ခဏအကြာတွင် သူ့လက်ကိုအလင်းတန်းများဖုံးလွှမ်းသွားပြီး အစစ်အမှန်စွမ်းအင်များရွေ့လျားသွားသည်။


ခွမ်း


လူတိုင်း၏အကြည့်အောက်တွင် စူးရှသောကွဲကြေသံလေးတစ်ခုထွက်လာသည်။ ဝိုင်အိုးကိုဖုံးထားသော ရွံ့ပိုင်းလေးတွင် အပေါက်လေးတစ်ခုဖြစ်ပေါ်လာသည်။


လူတိုင်း၏မျက်လုံးများပြူးကျယ်သွားကာ မျက်လုံးထဲတွင် ထောင်သောင်းချီသောအလင်းတန်းများ ထွက်ပေါ်လာသည်။


ထိုအလင်းတန်းများက လွန်စွာစူးရှတောက်ပနေသည်မှာ ကြယ်အလင်းများနှင့်ပင်တူနေသည်။


အဲ့တာက ကြယ်စွမ်းအင်တွေလား....


ဒီသောက်ကျိုးနည်းဝိုင်မှာ ကြယ်စွမ်းအင်တွေရှိနေတယ်တဲ့လေ...


လူတိုင်း အသက်ပြင်းပြင်းရှူလိုက်ကြသည်။


သူတော်စင်ဂိုဏ်းချုပ်များနှင့်လူအိုကြီးတို့ အလွန်အံ့ဩသွားပြီး မယုံနိုင်ဖြစ်နေကြသည်။


ကြယ်စွမ်းအင်တွေ... ကြယ်ဖမ်းကွန်ရက်တွင်သာထိုစွမ်းအင်မျိုးရှိပေသည်။ ၎င်းသည် အလွန်စွမ်းအားကြီးလှသည်။


နီယန် အိုးနှုတ်ခမ်းဝကိုကြည့်နေလိုက်သည်။ ထွက်ပေါ်လာသောအလင်းတန်းများတွင်ကြယ်စွမ်းအင်များပါထွက်ပေါ်လာသဖြင့် သူမ၏မျက်နှာပိုမိုတောက်ပသွားခဲ့သည်။


အသေအချာပဲ ဒီဝိုင်ထဲမှာသူမရဲ့ အရိပ်အယောင်တွေပါဝင်နေတယ်...


အဖုံးကပိုမိုကွဲအက်လာလေလေ အလင်းတန်းများကပိုမိုတောက်ပလာလေလေဖြစ်နေသည်။


အိုးထဲမှ မွှေးရနံ့များက ကြမ်းတမ်းစွာထွက်ပေါ်လာသည်။


ထိုဝိုင်၏မွှေးရနံ့သည် ထိန်းချုပ်မှုလွတ်သွားသော ရေလွှမ်းမိုးမှုတစ်ခုနှင့်တူနေကာ ရနံ့များက ဒလဟောထွက်လာ၍ အရာရာတိုင်းကို ဖျက်ဆီးပစ်နေသည်။


ထောင်တျဲစားသောက်ဆိုင်က မြို့လယ်တွင်ရှိနေသဖြင့် ရနံ့များကနေရာအနှံ့သို့စိမ့်ဝင်ပျံ့နှံ့သွားကြသည်။


အစားကြူးနတ်ဘုရားမြို့တော်၏ ဆယ်မိုင်ရှည်လျားသောလမ်းတစ်လျှောက်ရှိလူများ အံ့အားသင့်သွားကြသည်။ သူတို့ရောက်နေလက်စနေရာတွင်မတ်တတ်ရပ်၍ လေထုထဲမှဝိုင်ရနံ့များကိုရှူရှိုက်ကြည့်ကြကာ မှင်သက်သွားကြသည်။


ဆည်းဆာရေကန်ထဲတွင် ကောက်ရိုးအင်္ကျီဝတ်ဆင်ထားသောလူတစ်ဦးက လှေငယ်လေးတစ်စင်းပေါ်မှ ငါးမျှားနေသည်။ သူလေထုထဲမှ ဝိုင်ရနံ့ကိုအနံ့ခံလိုက်ပြီး သိချင်စိတ်များတောက်လောင်လာသည်။


သူ၏ဟောင်းနွမ်းနေသောစားသောက်ဆိုင်ထဲတွင် ဝမ်ရန်ရှန် ရင်ဘတ်ဗလာဖြင့်စားပွဲခုံပေါ်တွင် ပက်လက်လှန်နေသည်။ သူ့ရှေ့တွင် ဝါးဘူးများစွာရှိနေကာ ဝိုင်ရနံ့ကိုရလိုက်အခါတွင် သူတုန်ရီသွားတော့သည်။


မျက်တောင်တစ်ခတ်အတွင်း သူအမူးပြေသွားခဲ့သည်။


"ဒီဝိုင်နံ့က...."


အချိန်ခဏလေးအတွင်းတွင် အစားကြူးတောင်ကြားတစ်ခုလုံးကို ဝိုင်ရနံ့များဖြင့်ဖုံးလွှမ်းသွားလေသည်။ အသက်ရှူတစ်ရှိုက်စာအတွင်းတွင် ဝိုင်ရနံ့ကတောင်ကြားတစ်ခုလုံးကို နေရာလပ်ပင်မကျန်အောင်ပျံ့နှံ့သွားပြီဖြစ်သည်။


ထိုရနံ့ကိုတားဆီးမရေပ


အစားကြူးတောင်ကြားအပြင်ဘက်တွင် မြို့တံတိုင်းပေါ်တွင်တိမ်မဲများဖုံးလွှမ်းနေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်လက်ပိုက်ကာ လမ်းပတ်လျှောက်နေသည်။ ခဏချင်းပင် သူနှာခေါင်းရှုတ်လိုက်သည်။ သူမျက်လုံးဖွင့်လိုက်ပြီး သူ့စွမ်းအင်များက လေဟာနယ်ကိုပင်စုတ်ပြဲသွားလုလုဖြစ်နေစေသည်။


သူ့နှာခေါင်းကို ရှုံ့ချည်ပွချည်ဖြင့် အနံ့ခံနေရင်း အသန်မာဆုံးနတ်ဆိုးဘုရင် တုံ့ဆိုင်းသွားကာ ယစ်မူးသွားပုံပေါက်နေသည်။


"ဒီဝိုင်မှာ... ကမ္ဘာမြေအကျဉ်းထောင်ရဲ့ရနံ့ရနေတယ်..."


သူ့နှာခေါင်းမှ အငွေ့ဖြူဖြူများကိုမှုတ်ထုတ်လိုက်ပြီး မနေနိုင်မထိုင်နိုင်တံတွေးမြိုချကာ ပြောလိုက်သည်။


"အဲ့တာဘယ်သူလဲ... ကမ္ဘာမြေအကျဉ်းထောင်ရဲ့ရနံ့နဲ့ဟင်းပွဲကိုဘယ်သူချက်လုပ်နိုင်တာလဲ.. ပြီးတော့ ဒီဝိုင်အနံ့က သောက်ရမ်းကောင်းနေတယ်..."


သူ အဝေးမှ အစားကြူးတောင်ကြားကိုကြည့်ပြီး ပြုံးလိုက်သည်။


ဘယ်လိုတောင်တိုက်ဆိုင်တာလဲ... ဝိုင်ရနံ့ကသူ့ပစ်မှတ်ရှိတဲ့နေရာကလာနေတာပဲ...



ဘုန်း ဘုန်း


ထောင်တျဲစားသောက်ဆိုင်အပေါ်တွင် မီးခိုးရောင်တိမ်တစ်စု စုဝေးနေကာ အလွန် မူမမှန်သည့်ပုံပေါ်နေသည်။


အစားကြူးတောင်ကြားထဲတွင် လူတိုင်းဝိုင်၏ယစ်မူးဖွယ်ရနံ့ထဲတွင်ပျော်ဝင်နေကြသဖြင့် ထူးဆန်းသောဖြစ်အင်ကိုသတိမမူမိကြသေးပေ။


ရုတ်တရက်


မီးခိုးရောင်တိမ်များထဲမှ မိုးခြိမ်းသံထွက်ပေါ်လာသည်။


ခရမ်းရောင်လျှပ်စီးများများက ကောင်းကင်ယံကိုစုတ်ဖြဲပစ်တော့မည့်ပုံဖြင့်လင်းလက်နေကာ နားကန်းလုနီးနီးအသံကြီးဖြင့် ထစ်ချုန်းလာသည်။


ကြောက်မက်ဖွယ်မိုးကြိုးများက လူများကိုအသိဝင်လာစေသည်။


မိုးကြိုးပြစ်ဒဏ်လား...


နောက်ထပ်မိုးကြိုးပြစ်ဒဏ်လား...


မိုးခြိမ်းသံများကလူတိုင်းကို ပြန်လည်အသိဝင်လာစေသည်။ စားသောက်ဆိုင်ထဲတွင် သူတော်စင်ဂိုဏ်းချုပ်များက ကြောက်လန့်တကြားဖြစ်နေကြသည်။


ဒီမိုးကြိုးပြစ်ဒဏ်ကဘာကိုဆိုလိုတာလဲ... ဘာလို့ဖြစ်လာရတာလဲ..


ဒီဝိုင်က မိုးကြိုးပြစ်ဒဏ်ကိုရင်ဆိုင်ချင်နေတာလား...


သူတော်စင်ဂိုဏ်းချုပ်များ မှင်သက်ကြောင်အနေကြသည်။


သူတို့တွင် နတ်ဘုရားမီးတောက်ငါးခုရှိသော်လည်း မိုးကြိုးပြစ်ဒဏ်ကိုဆွဲငင်နိုင်သည့် မဟာနိယာမလမ်းကြောင်း၏ အာရုံစိုက်မှုကိုမနည်းကြိုးစားပြီးမှရခဲ့သည်။


ဒီသောက်ကျိုးနည်းတဲ့ဝိုင်က မိုးကြိုးပြစ်ဒဏ်ကိုခံယူမယ်တဲ့လား....


ဒီတော့ ဒီဝိုင်အိုးက သူတို့နှစ်ပေါင်းများစွာကြိုးကြိုးစားစားကျင့်ကြံခဲ့တဲ့နှစ်တွေနဲ့တူတယ်ပေါ့လေ....


လူအိုကြီးက ပို၍ပင်အံ့ဩသွားခဲ့သည်။


အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်ဖြစ်သည့်အလျောက် မည်သည့်အစားအသောက်အမျိုးအစားက မိုးကြိုးပြစ်ဒဏ်ကိုခံယူရသလဲဆိုတာကိုသိပေသည်။


ဒီစားဖိုမှူးလေးက အဲ့လောက်မြင့်တဲ့အဆင့်ကိုရောက်နေပြီလား...


ထိုကောင်လေးက မသေမျိုးအချက်အပြုတ်နယ်မြေမှစားဖိုမှူးများလောက်မတော်သော်လည်း သူ့ထက်အများကြီးသန်မာနေလေသည်။


မည်သို့ပင်ဆိုစေ လူအိုကြီးသည် မိုးကြိုးပစ်ဒဏ်ခံယူစေနိုင်သော ဟင်းပွဲကိုမချက်ပြုတ်နိုင်ပေ။


သူ ကြေးနန်းတော်မှာတုန်းကရှုံးခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး... 


သူရှုံးနိမ့်သွားသော်လည်း လုံးဝစိတ်ဓာတ်မကျချေ။


ဘမ်း ဘမ်း ဘမ်း


ပုဖန်၏မျက်လုံးများစူးရှသွားသည်။ သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် သန်မာ၍မြင့်မားသောလှိုင်းလုံးများ မြင့်တက်လာကာ ရွှေရောင်နဂါးကြီးကဟိန်းဟောက်နေသည်။


သူတစ်ချက်မှုတ်ထုတ်လိုက်သဖြင့် စည်းတံဆိပ်ကိုလုံးဝပျက်စီးသွားစေသည်။


ဝိုင်၏ရနံ့သည်ကောင်းကင်ထိတိုင်အောင် စိမ့်ဝင်ပျံ့နှံ့သွားခဲ့လေသည်။ စားသောက်ဆိုင်တစ်ခုလုံးက အံ့ဩဖွယ်ကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွားသည်။


ကောင်းကင်ယံတွင် လျှပ်စီးနဂါးများက ဟိန်းဟောက်နေကြသည်။


ပုဖန်ခေါင်းမော့လိုက်သည်။ ထိုပုံမှာ သူစားသောက်ဆိုင်အမိုးကိုဖြတ်၍ နတ်မိုးကြိုးနဂါးများကို ဖောက်ထွင်းမြင်နေရဟန်နှင့်တူနေသည်။


မကြာခင်မိုးကြိုးပစ်တော့မည်ဖြစ်သည်။


ဝီး


ပုဖန် အော်ဟစ်လိုက်သည်။


ခဏအကြာတွင် မီးဖိုထဲမှ ကြီးမားလှသောပုံရိပ်တစ်ခုထွက်ပေါ်လာသည်။


လေထုထဲတွင် ပေါက်ကွဲသံများအဆက်မပြတ်ထွက်ပေါ်လာသည်။


ဝှိုက်တီ၏ငွေဖြူရောင်မျက်လုံးများ ရွေ့လျားသွားကာ ၎င်း၏ခန္ဓာကိုယ်ကပိုမိုကြီးမား၍ သန်မာလာသည်။


လူတိုင်း၏အံ့ဩနေသော အကြည့်များအောက်တွင် ဝှိုက်တီစားသောက်ဆိုင်ထဲမှထွက်သွားသည်။ ၎င်း၏နှစ်မီတာခန့်ရှည်လျားသောသတ္တုအတောင်ပံများကိုဖြန့်ကာ ကောင်းကင်ယံသို့တက်သွားပြီး မိုးကြိုးပြစ်ဒဏ်ထံဦးတည်သွားလိုက်သည်။