အပိုင်း ၈၉၉
Viewers 53k

အခန်း ၈၉၉

ငါ ဝှိုက်တီ မိုးကြိုးတွေကိုစားမယ်


ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ ဝှိုက်တီအပြင်ထွက်လိုက်သည်နှင့် တောက်ပနေသောချပ်ဝတ်တစ်ခုက သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။


ချပ်ဝတ်သည် ထူးခြားသောသတ္တုများဖြင့်ပြုလုပ်ထားသည့်နှယ် လင်းလက်တောက်ပနေပြီး အလွန်မိမိုက်ကာစွဲမက်ဖွယ်ကောင်းနေသည်။


လူများစွာကအံ့အားသင့်သွားကြသည်။ ထိုစားဖိုမှူးလေးအော်ဟစ်လိုက်အခါတွင် သံရုပ်သေးရုပ်တစ်ခုထွက်လာမည်ဟု မထင်ခဲ့ကြပေ။


နတ်ဝိဉာဉ်အဆင့်များအတွက် ထိုရုပ်သေးရုပ်သည် ဆန်းကြယ်ကာမှော်ဆန်လှပေသည်။ ပုန်းကွယ်နဂါးတိုက်ကြီးပေါ်တွင် ထိုကဲ့သို့သောရုပ်သေးရုပ်မျိုးကို မည်သူမှပြုလုပ်နိုင်ခြင်းမရှပေ။


ဒီရုပ်သေးရုပ်ကြီးက ဘာလုပ်ဖို့ကြိုးစားနေတာလဲ....


ပုန်းကွယ်နဂါးတော်ဝင်ခုံရုံးတွင် သူတော်စင်ဂိုဏ်းချုပ်များစွာရှိပြီး သူတို့တွင် ဗဟုသုတကျယ်ကျယ်ပြန့်ပြန့်နှင့် နက်နဲလှသောကျင့်ကြံခြင်းအဆင့်များရှိကြသည်။ သို့သော် ထိုအချိန်တွင် ပုဖန်ဆင့်ခေါ်လိုက်သော ထိုရုပ်သေးရုပ်ဘာလုပ်မည်ကိုပင်မသိတော့ချေ။


ဘုန်း


ဝှိုက်တီက မြေပြင်ပေါ်ခြေဆောင့်ကာအားယူလိုက်ပြီး ကောင်းကင်ပေါ်သို့အမြှောက်ဆံတစ်ခုနှယ်ထိုးတက်သွားသည်။ ၎င်းသည် ဖိအားများပေးစွမ်းနေသော ကောင်းကင်သို့ဦးတည်နေခြင်းဖြစ်သည်။


အစားကြူးတောင်ကြားရှိလူများက ထိုမြင်ကွင်းကိုမျက်မြင်တွေ့လိုက်ရ၍ ကြောက်ရွံ့သွားကြသည်။


မိုးကြိုးပစ်ဒဏ်သည် သူတို့ကိုကြောက်ရွံ့မှုကြောင့် ခိုက်ခိုက်တုန်နေစေသည်။ သူတို့က ထိုကဲ့သို့သောကောင်းကင်နှင့်မြေပြင်၏ ဂုဏ်ဒြပ်များကိုအမှန်တကယ် ကြောက်ရွံ့ကြသည်။


ဝှိုက်တီက ၎င်း၏ ကျောပေါ်ရှိ သတ္တုအတောင်ပံများကိုဖြန့်ကားပြီး လျှပ်စီးတန်းများပြည့်နှက်နေသောကောင်းကင်ယံသို့ပျံသန်းသွားလိုက်သည်။


"ဒီသံရုပ်သေးရုပ်ကြီးက မိုးကြိုးပြစ်ဒဏ်ကို တိုက်ရိုက်ကြီး ရင်ဆိုင်မလို့လား..."


အယ်လ်ကိတ် သူတော်စင်ဂိုဏ်းချုပ်က အံ့အားတကြီးအော်ပြောလိုက်သည်။


အခြားသော သူတော်စင်ဂိုဏ်းချုပ်များလည်း အံ့ဩသွားကြကာ ခေါင်းခါလိုက်ကြသည်။


"မဖြစ်နိုင်တာ.... အဲ့ရုပ်သေးရုပ်ကို ထူးထူးခြားခြားဖန်တီးပြုလုပ်ထားပေမယ့် သူ့ရဲ့အော်ရာက မသေမျိုးဝိညာဉ်အဆင့်ပဲရှိတာလေ... ဘယ်လိုလုပ်ပြီး မိုးကြိုးပစ်ဒဏ်ကိုခုခံနိုင်မှာလဲ...."


"မိုးကြိုးပစ်ဒဏ်ထဲက မိုးကြိုးတစ်ချက်ကအဲ့ရုပ်သေးရုပ်ကို အဆိုးဆုံးအခြေအနေအထိဖြစ်သွားစေနိုင်တယ်...."


"ကောင်းကင်နဲ့မြေကြီးရဲ့ဂုဏ်ဒြပ်တွေကို... ရန်စကျူးကျော်လို့မရဘူး.."


သူတော်စင်ဂိုဏ်းချုပ်များက ဝှိုက်တီ၏ရည်ရွယ်ချက်အကြောင်း အကြိတ်အနယ်ဆွေးနွေးနေကြသည်။ သူတို့က ပုဖန်ကထိုရုပ်သေးကိုထိန်းချုပ်နေသော်လည်း သူ့စွမ်းအားသူမသိဟုထင်နေခဲ့ကြသည်။


ထိုစားဖိုမှူးက မိုးကြိုးပစ်ဒဏ်ကိုခံယူနိုင်စေသည့် တစ်စုံတစ်ကိုပြုလုပ်နိုင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် ထိုအရာကိုရင်ဆိုင်နိုင်ရန် လုံလောက်သောအင်အားရှိမနေပေ။


ထိုအရာက အကြီးမားဆုံးသော နောင်တရစရာဖြစ်ရပ်ပင်။


ဝှိုက်တီ၏ စက်ရုပ်ဆန်ဆန်မျက်လုံးများက ပိုမိုအေးစက်လာပြီး ၎င်း၏ငွေဖြူရောင်မျက်လုံးများတောက်ပလာသည်။


ဝမ်းဗိုက်ပူပူကပွင့်လစ်သွားပြီး အနက်ရောင်တွင်းပေါက်တစ်ခုဖြစ်ပေါ်လာသည။ ထို့နောက် ဝှိုက်တီထိုတွင်းထဲမှ နီရဲပူပြင်းနေသော သံတုတ်ကြီးကိုထုတ်ယူလိုက်သည်။


၎င်းသည် မြောက်မြားစွာသော ဆန်းကျယ်သည့် ပုံစံကွက်များဖြင့် နတ်ဘုရားသတ်တုတ်ဖြစ်ပေသည်။


ဝှိုက်တီ၏အတောင်ပံများတုန်ခါသွားသည်။ လက်တစ်ဖက်တွင် စစ်နတ်ဘုရားတုတ်ကိုကိုင်ထားပြီး ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် မိုးကြိုးများ ထစ်ချုန်းမြည်ဟီးနေသောကောင်းကင်သို့ပျံတက်သွားသည်။


ပုဖန်ခေါင်းမော့လိုက်ကာ သူ၏စိတ်စွမ်းအင်များမြင့်တက်လာသည်။ထို့ကြောင့် သူသည် ခေါင်မိုးကိုဖြတ်ကာ ကောင်းကင်ကိုမြင်ရပြီး အကြောက်အလန့်ကင်းမဲ့သော ဝှိုင်တီလျှပ်စီးများထံပျံသန်းသွားနေသည်ကိုမြင်နေရသည်။


"ဝှိုက်တီ... မင်း မိုးကြိုးနဲ့လျှပ်စီးတွေကိုစားပစ်လိုက်..."


ပုဖန် ပုံမှန်အတိုင်းသာပြောလိုက်သည်။


သူ၏ တိုးလျှသောလေသံသည် ပဲ့တင်ထပ်နေကာ ဝှိုက်တီ၏နားထဲတွင်ရစ်ဝဲနေသည်။


ပုဖန်ရှေ့ရှိ ဝိုင်အိုးသည် အနည်းငယ်လှုပ်ခါသွားသည်။ အတွင်းရှိအရည်များကဘောင်ဘင်ခတ်သွားပုံပေါ်ကာ ဝိုင်ရနံ့များကိုပိုမိုထူထပ်သိပ်သည်းလာစေသည်။


စကားပြောပြီးနောက်တွင် ပုဖန်သူ၏စိတ်စွမ်းအင်များကိုပြန်လည်ရုတ်သိမ်းလိုက်ကာ အေးစက်ကာ ခံစားချက်မဲ့သည့် ပုံစံဖြစ်သွားသည်။


သူသည် အခြားသူများကို မှင်သက်သွားစေအောင် တောက်ပလင်းလက်နေသည့် ဝိုင်ခွက်ကို ကိုင်လိုက်သည်။


အဲ့တာဘယ်လို ခွက်မျိုးလဲ..... သူတို့တစ်ခါမှလည်း မမြင်ဖူးပါလား.....


ပုဖန်သည် ဝိုင်ခွက်ကိုလက်နှစ်ချောင်းဖြင့်ကိုင်လိုက်ပြီး ဝိုင်အိုးနှင့်ခပ်ဖွဖွတိုက်လိုက်ရာ သာယာသော ဒင် ဒေါင် ဟူသောမြည်သံထွက်ပေါ်လာလေသည်။


ဝိုင်အိုးထဲမှ ဝိုင်များလှုပ်ခါသွားသောအခါ ရွှေရောင်အရက်များက နဂါးတစ်ကောင်လိုလှိုင်းထသွားကာ ဝိုင်ခွက်ထဲတွင် လည်ပတ်သွားကာ ပြန်လည်တည်ငြိမ်သွားပြန်သည်။


ဝုန်း


ဝိုင်များ ဝိုင်ခွက်ကိုထိခတ်နေသောအသံသည် အလွန်သာယာပေသည်။ ဝိုင်များကိုဝိုင်ခွက်ထဲသို့ထည့်လိုက်သောအခါ ၎င်း၏တောက်ပမှုများလွင့်စင်ပျောက်ကွယ်သွားသည်။


နောက်ဆုံးတွင် ၎င်းသည် ကြယ်ရောင်စုံကောင်းကင်ကြီးနှင့်တူသွားလေသည်။


အရက်များက အပြာနုရောင်အဖြစ်ပြောင်းလဲသွားပြီး များစွာသောအလင်းစက်များကရွေ့လျားနေသည်။ ထိုအလင်းစက်များက ညအမှောင်တွင်တောက်ပနေသော ကြယ်တာရာများနှင့်တူနေသည်။


သင်းပျံ့မွေးကြူလှသည့် ဝိုင်ရနံ့ကိုအနံ့ခံပြီး လူများ ယစ်မူးပျော်ဝင်သွားကြသည်။


သူတော်စင်ဂိုဏ်းချုပ်များ လေအေးများရှူရှိုက်မိလိုက်ကြသည်။ သူတို့တစ်သက်တွင် ထိုမျှမွှေးပျံ့လှသောဝိုင်နံ့ကိုမရဖူးပေ။


ပုဖန်ထိုင်ခုံကိုဆွဲယူလိုက်ကာ ခပ်ဖြေးဖြေးထိုင်ချလိုက်သည်။ ပုဖန်ခြေချိတ်ထိုင်လိုက်သောကြောင့် သူ၏အနီရောင်စားဖိုမှူးဝတ်ရုံက အောက်သို့ပုံကျနေသည်။


လက်တစ်ဖက်တွင်ဝိုင်ခွက်ကိုကိုင်ထားပြိး ခပ်ဖြေးဖြေးလှုပ်ရမ်းနေသည်။


ကြယ်ရောင်စုံညနှင့်တူသော တွယ်တာရာမဲ့စမ်းချောင်းဝိုင်ဝါကို ဝိုင်ခွက်ထဲတွင်လှုပ်ရမ်းနေသဖြင့် ၎င်း၏ ရနံ့က မွှေးပျံ့သည်ထက် မွှေးပျံ့လာသည်။


နီယန်နှင့်နယ်သာရီတို့၏မျက်လုံးများတောက်ပသွားကြသည်။ 

ပုဖန်ဝိုင်သောက်တဲ့ပုံက အရမ်းကို ကြော့ရှင်းတာပဲ...


လူအိုကြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ပုဖန်ကိုင်ထားသောဝိုင်ခွက်နှင့် ဝိုင်အိုးအကြောင်းအလွန်သိချင်နေသည်။


ထိုအချိန်တွင် စားသောက်ဆိုင်အပြင်ဘက်ရှိလူများသည် ဝှိုက်တီနှင့် ကောင်းကင်ရှိမိုးကြိုးများဖြင့်ဆွဲဆောင်ခံနေရသည်။


သူတို့ခေါင်းပေါ်ရှိ တိမ်တိုက်များ၏အလယ်တွင် မိုးကြိုးနဂါးများကို ရှင်းရှင်းလင်းလင်းမြင်နိုင်နေပြီး အလွန်ကြောက်ဖို့ကောင်းနေသည်။


ဝှိုက်တီသည် အကြောက်တရားကင်းမဲ့လျက်ရှိနေသည်။ ၎င်းသည် ကောင်းကင်သို့ပျံတက်သွားပြီး မိုးကြိုးနဂါးများကိုတိုက်ခိုက်တော့သည်။


ပုဖန်၏အသံက ဝှိုက်တီနားထဲတွင်ပဲ့တင်ထပ်လာသည်။ ၎င်း၏မျက်လုံးများတောက်ပလာကာ ငွေဖြူရောင်အလင်းတန်းများက ပိုမိုထင်ရှားလာသည်။


"ငါ ဝှိုက်တီ မိုးကြိုးနဲ့လျှပ်စီးတွေကိုစားပစ်မယ်..."


ဝှိုက်တီ၏စက်ရုပ်ဆန်သောအသံပဲ့တင်ထွက်လာသည်။ ထို့နောက် မိုးကြိုးနဂါးတို့ပျော်မြူးနေရာထဲသို့ဝင်ရောက်သွားသည်။


ဘုန်း ဘုန်း


တိမ်မဲများက ဖိအားများအဆက်မပြတ်ထုတ်လွှတ်နေကာ လူတိုင်း၏နှလုံးသားကိုဒုန်းစိုင်းနေစေသည်။ ထိုမြင်ကွင်းသည် ကမ္ဘာပျက်ကပ်နှင့်တူနေပြီး အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေသည်။


ရုပ်သေးရုပ်ဘယ်ပျောက်သွားတာလဲ..


လူများစွာ၏မျက်လုံးများပြူးကျယ်သွားသည်။ ထိုလူများထဲမှတစ်ယောက်က တံတွေးမြိုချကာတွေးမိလိုက်သည်။


"အဲ့ရုပ်သေးက.. မိုးကြိုးတွေကြားထဲအရည်ပျော်သွားမှာ ကြောက်မိတယ်.."


"ဒီမိုးကြိုးပြစ်ဒဏ်ကဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်လဲ.. သူတော်စင်ဂိုဏ်းချုပ်တစ်ယောက်ဆိုရင်တောင် မိုးကြိုးပြစ်ဒဏ်ကို အတော်လေးကိုကြိုးစားပြီး ခုခံရလိမ့်မယ်.. ဒါပေမဲ့ ဒီရုပ်သေးရုပ်ကတော့..."


"အလုပ်ဖြစ်မှာမဟုတ်ဘူး... မိုးကြိုးတစ်ချက်နဲ့တင် အဲ့ရုပ်သေးရုပ်ကိုအငွေ့ပျံသွားစေဖို့လုံလောက်တယ်..."


သူတော်စင်ဂိုဏ်းချုပ်များ၏ မျက်လုံးများတွင် စာနာသနားမှုများဖြင့်ပြည့်နှက်သွားသည်။


ထိုလူသားက မိုးကြိုးပစ်ဒဏ်ကိုမရပ်တန့်နိုင်ဘူး.... အဲ့အပြင်ကိုမှ ရုပ်သေးရုပ်ကမိုးကြိုးတွေကိုစားပစ်မယ်လို့ ကြုံးဝါးလိုက်သေးတယ်..


ဟာသများမှတ်နေလား.... မိုးကြိုးပြစ်ဒဏ်ဆိုတာ ကောင်းကင်ဘုံရဲ့ ဂုဏ်ဒြပ်လေ ပြီးတော့မဟာနိယာမလမ်းကြောင်းရဲ့တည်ရှိမှုကိုပြသတဲ့ အရာတစ်ခုလေ....


ပုန်းကွယ်နဂါးတိုက်ကြီး၏ အထွတ်အထိပ်အဆင့်ကျင့်ကြံသူများဖြစ်သော သူတော်စင်ဂိုဏ်းချုပ်များပင် မိုးကြိုးပြစ်ဒဏ်ကို မရပ်တန့်နိုင်ပါက ထိုသံရုပ်သေးက ပို၍ဆိုးပေလိမ့်မည်။


အစားကြူးတောင်ကြား၏ မဟာနိယာမလမ်းကြောင်းစည်းမျဉ်းများက မရှိတော့သော်လည်း ကောင်းကင်ဘုံဂုဏ်ဒြပ်ကတော့ အနည်းငယ်ပင်လျော့နည်းမည်မဟုတ်ချေ။


သံသယဝင်စရာကိုမလိုဘူး အဲ့ရုပ်သေးရုပ်က အဖျက်စီးခံရမှာသေချာတယ်...


လူတိုင်းထိုသို့တွေးကြကာ ရလဒ်ကအတိုင်းသားပင်ဖြစ်သည်။


သို့သော် လူများ၏မျှော်လင့်ချက်ကိုဆန့်ကျင်၍ ထိုသို့မဖြစ်ခဲ့ပေ။ သူတို့မြင်လိုက်ရသော အရာတစ်ခုသည် သူတို့ကိုအံ့ဩမှုကြောင့်အော်ဟစ်သွားစေသည်။


သူတို့၏မျက်လုံးများထဲတွင် မိုးကြိုးနဂါးများက အနက်ရောင်ကောင်းကင်ယံတွင်လွန့်လူးနေကြကာ ခရမ်းရောင်လျှပ်စီးများက ကြေးခွံများနှယ်ဖြစ်နေသည်။


ဘုန်း


အတောင်ပံခတ်သံများထွက်ပေါ်လာပြီး အဖြူရောင်ပုံရိပ်တစ်ခုက တိမ်မဲများထဲမှပြုတ်ကျလာသည်။


ဝှိုက်တီ၏အတောင်ပံများ လှုပ်ခတ်နေချိန်တွင်ဖိအားများကိုတည်ငြိမ်စေပြီး ကောင်းကင်ပေါ်တွင်ပျံသန်းနိုင်စေသည်။ နတ်ဘုရားသတ်တုတ်ကိုလက်တစ်ဖက်တွင်ကိုင်ထားပြီး ၎င်း၏ငွေဖြူရောင်မျက်လုံးများက အေးစက်ကာအကြင်နာမဲ့သယောင်ဖြစ်နေသည်။


ဘုန်း


နောက်ထပ်ကျယ်လောင်သောပေါက်ကွဲသံများထွက်ပေါ်လာသည်။ ကောင်းကင်ကြီးက ဒေါသထွက်နေသည့်နှယ် ကြမ်းတမ်းခက်ထန်နေသည်။


မိုးကြိုးနဂါးများက ခေါင်းပြူထွက်လာကာ ပါးစပ်ဟ၍ နားကန်းလုမတတ်ကျယ်လောင်စူးရှသော အော်သံတစ်ခုကိုပြုလုပ်လိုက်သည်။ ထိုအချိန်တွင် ၎င်း၏ကောင်းကင်ဂုဏ်ဒြပ် ပေါက်ကွဲထွက်လာသည်။


ဝှိုက်တီသည် စစ်နတ်ဘုရားတုတ်ကိုမြှောက်လိုက်ကာ ၎င်းပေါ်တွင်မီးတောက်များကခုန်နေသည့်ဟန်ဖြစ်ပေါ်နေသည်။


၎င်း၏စက်ရုပ်မျက်လုံးများက စူးရှလွန်းလှသည်။ ၎င်းသည် လေဟာနယ်ထဲတွင်မတ်တတ်ရပ်နေကာ အလင်းတန်းတစ်ခုနှယ်ကောင်းကင်ပေါ်ပျံတက်သွားသည်။


နတ်ဘုရားသတ်တုတ်က ကြီးသထက်ကြီးမားလာသည်။


စစ်နတ်ဘုရားတုတ်ကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး ကောင်းကင်တွင်ရှိသည့် မိုးကြိုးနဂါးများထံတည့်တည့်မတ်မတ်လွှဲရမ်းလိုက်သည်။


ဝှစ်


ကျယ်လောင်သောပေါက်ကွဲသံများထွက်ပေါ်လာသည်။ မိုးကြိုးနဂါးများက တိမ်မဲများထံမှထွက်လာကြကာ ဝှိုက်တီလက်ထဲတွင်ရှိသော စစ်နတ်ဘုရားတုတ်ကို တိုက်ခိုက်လိုက်ကြသည်။


ရွဲ ရွဲ


မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ပေါ်မှပေါက်ကွဲသံများဆူညံလာကာ ဝှိုက်တီကိုမိုးကြိုးတစ်ချက်ပစ်ချလာသည်။


ဝုန်း


ဝှိုက်တီ ကောင်းကင်ပေါ်မှမြေပြင်ပေါ်ပြုတ်ကျလာပြီး မြေပြင်တွင် နက်ရှိုင်းလှသောတွင်းပေါက်ကြီးတစ်ခုကိုဖြစ်ပေါ်လာစေသည်။ ခဏအကြာတွင် ထိခိုက်စွန်းထိမှုတစ်စက်ပင်မရှိပဲ ထိုတွင်းထဲမှထလာသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်တစ်စပင်ကပ်ညိမနေပေ။


ကောင်းကင်တွင် လျှပ်စီးနဂါးသည် ကြီးမားသည့်စစ်နတ်ဘုရားတုတ်ဖြင့် ရောထွေးနေသည်။ နောက်ဆုံးတွင် နှစ်ခုလုံးပြုတ်ကျလာသည်။


ဝှိုက်တီသည် အနက်ရောင်တွင်းပေါက်ကြီးတစ်ခုရှိသော သူ၏ဗိုက်သားကိုပြလိုက်သည်။


ပြုတ်ကျလာသောစစ်နတ်ဘုရားတုတ်သည် မိုးကြိုးနဂါးနှင့်ရောထွေးနေဆဲဖြစ်ကာ ဝှိုက်တီ၏အနက်ရောင်တွင်းပေါက်ထဲဝင်သွားခဲ့သည်။


ရွဲ ရွဲ ရွဲ


လျှပ်စီးများက ဝှိုက်တီ၏ခန္ဓာကိုယ်ပေါ်တွင် အဆက်မပြတ်လင်းလက်လာသည်။ ဝှိုက်တီသည် လျှပ်စစ်ရှော့ခ်ဖြစ်သွားကာ ၎င်း၏ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးငွေ့များထွက်ပေါ်လာသည်။


ပထမဆုံးမိုးကြိုးပြစ်ဒဏ်ကို ဖမ်းမိသွားပြီ....


မြေပြင်ပေါ်မှတွင်းက ပိုမိုကြီးမားလာသည်။


သို့သော် မိုးကြိုးပြစ်ဒဏ်က ပြီးဆုံးခြင်းမရှိသေးပေ။


သူတော်စင်ဂိုဏ်းချုပ်များ ပါးစပ်အဟောင်းသားဖြင့် အသိစိတ်ပင်လွတ်သွားလုမတတ်ဖြစ်နေသည်။


"မိုးကြိုးပြစ်ဒဏ်ကမပြီးသေးဘူးလား... ဒီဝိုင်က မိုးကြိုးပြစ်ဒဏ်နှစ်ခုတောင် ခံယူရမှာလား...."


အံ့ဩတုန်လှုပ်ပြီးနောက်တွင် သူတော်စင်ဂိုဏ်းချုပ်များ သက်ပြင်းရှိုက်မိကြသည်။


မိုးကြိုးပြစ်ဒဏ်ကို ကိုးကြိမ်ဒါမှမဟုတ် ကိုးခါအဖြစ် ခွဲခြမ်းထားသည်။


သူတော်စင်ဂိုဏ်းချုပ်များက နတ်ဘုရားမီးတောက်ငါးခုကိုထွန်းညှိပြီးဖြစ်၍ သူတို့ခြောက်ခုမြောက်နတ်ဘုရားမီးတောက်ကို ထွန်းညှိလိုက်ပါက ခံယူရမည့် မိုးကြိုးပြစ်ဒဏ်ကို ရင်ဆိုင်နိုင်ကြလေသည်။ သို့သော် သူတို့မိုးကြိုးတစ်ချက်က်ုသာ ခံယူနိုင်ကြသည်။


နတ်ဘုရားမီးတောက် ခုနစ်ခုသို့မဟုတ် ရှစ်ခုရှိသောကျင့်ကြံသူများကသာ မိုးကြိုးပြစ်ဒဏ်နှစ်ချက်ကိုခံယူနိုင်သည်။


နတ်ဘုရားမီးတောက်ကိုးခုဖြင့် သတ်ဖြတ်ခြင်းအရှင်သခင်အဆင့်ကျင့်ကြံသူများသာလျှင် မိုးကြိုးပြစ်ဒဏ်သုံးခုကိုခံယူနိုင်သည်။


မိုးကြိုးသုံးချက်သည် ကမ္ဘာကြီးအဆုံးသတ်တော့မည့်ပုံနှင့်တူကာ ပုန်းကွယ်နဂါးတိုက်ကြီးတွင် မိုးကြိုးပြစ်ဒဏ်သုံးချက်ကို တစ်ယောက်မှမခံယူနိုင်ပေ။


ထို့ကြောင့် ပုန်းကွယ်နဂါးတိုက်ကြီးတွင် သတ်ဖြတ်ခြင်းအရှင်သခင်အဆင့်ရှိကျင့်ကြံသူတစ်ယောက်မှ ထွက်ပေါ်လာခဲ့ခြင်းမရှိခြင်းဖြစ်သည်။


ရွဲ ရွဲ


ဝှိုက်တီသည် စစ်နတ်ဘုရားတုတ်ကိုဝါးမြိုလိုက်သည်။ ပထမဆုံးမိုးကြိုးပြစ်ဒဏ်သည်လည်း ဝါးမြိုခြင်းခံလိုက်ရသည်။


သို့သော် ဒုတိယမိုးကြိုးသည် စုဝေးနေပြီဖြစ်သည်။ ထိုအချိန်တွင် အတိဒုက္ခတိမ်တိုက်များတွင် နောက်ထပ်မိုးကြိုးနဂါးတစ်ကောင်ပေါ်မလာပေ။


လူတိုင်း မြင်းဟီသံကိုကြားလိုက်ရသည်။ ၎င်းသည် မိုးကြိုးတောင်ပံများဖြင့် နတ်မြင်းတစ်ကောင်ဖြစ်ပြီး တိမ်မဲများကြားတွင် ပျံသန်းနေသည်။


ရုတ်တရက် မြင်းခွာသံများကြားလိုက်ရပြီး နတ်မြင်းသည် လျှပ်စီးတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်မှကျယ်လောင်သောမြည်သံဖြင့် ခုန်ဆင်းလာသည်။


ဝှိုက်တီ၏အတောင်ပံများတက်လာကာ သူ၏ဗိုက်ကိုဆန့်ထုတ်၍ အနက်ရောင်တွင်းပေါက်ကြီးကိုပြသလိုက်သည်။


လူတိုင်းပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည်။ လျှပ်စီးကြောင်းများက ဝှိုက်တီကို လုံးဝဝါးမြိုသွားသည်။


ကြောက်မက်ဖွယ်အပူလှိုင်းကြီးက မိုးကြိုးနှင့်အတူထွက်ပေါ်လာပြီး လူတိုင်း၏စိတ်နှလုံးလှုပ်ခါသွားသည်။


"ဒါတကယ့် မိုးကြိုးပြစ်ဒဏ်ကြီးပဲ... အရမ်းစွမ်းအားကြီးတယ်..."


အယ်လ်ကိတ်သူတော်စင်ဂိုဏ်းချုပ်၏မျက်လုံးများသည် ပဲစေ့တစ်စေ့နှယ်မှေးကျဉ်းသွားသည်။ သူမအလွန်ကြောက်လန့်သွားသည်။ ၎င်းင်သည်ဝိုင်တစ်အိုးသာဖြစ်သော်လည်း ထိုမျှကြောက်မက်ဖွယ်ကောင်းသောမိုးကြိုးပြစ်ဒဏ်ကိုခံယူရလေသည်။


အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။


ဒီဝိုင်က... တကယ်ကြီးမှော်ဆန်တာပဲ...


ထို့အပြင် ၎င်းသည်မိုးကြိုးပြစ်ဒဏ်တစ်ခုတည်းကိုမခံယူရပေ။


လူတိုင်း တောင့်ခဲသွားကြသည်။ ထို့နောက် စူးစူးရဲရဲလင်းလက်နေသောအလင်းတန်းကြီးကို ဂရုတစိုက်ကြည့်လိုက်သော်လည်း မြင်မြင်ချင်းတွင်ပင် မျက်ရည်များစီးကျလာတော့သည်။


အရမ်းတောက်ပလွန်းတာပဲ...


ရုတ်တရက်


လျှပ်စီးတန်းများထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ၎င်းသည် ဝှိုက်တီဖြစ်လေသည်။


ဝှိုက်တီ၏အတောင်ပံများတွင် မိုးကြိုးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရပြီး အပေါက်များဖြစ်ပေါ်လာသည်။ မိုးကြိုးများထဲတွင် ၎င်း၏တောင့်တင်းလှသော ခန္ဓာကိုယ်ထွက်ပေါ်လာသည်။


သို့သော် ၎င်း၏ဗိုက်တွင်ရှိသော အနက်ရောင်တွင်းသည် လျှပ်စီးများကိုဝါးမြိုနေဆဲဖြစ်သည်။


ဘုန်း


နောက်ထပ်ပေါင်ကွဲသံများထွက်ပေါ်လာကာ လျှပ်စီးမြင်းသည် လုံးလုံးလျားလျားအစားခံလိုက်ရသည်။


ဝှိုက်တီ ၎င်း၏လက်သီးနှစ်ဖက်ကိုမြေပြင်ပေါ်ထိုးချလိုက်သည်။ ၎င်း၏မျက်လုံးများတွင် လျှပ်စီးများလင်းလက်နေသည်။ 


ပေါက်ကွဲသံများဆူညံလာပြန်သည်။


"ငါ ဝှိုက်တီ မိုးကြိုးနဲ့ လျှပ်စီးတွေကိုစားပစ်မယ်..."


စက်ရပ်ဆန်ဆန်အသံက လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။


သူတို့အားလုံး အံ့အားသင့်သွားကြသည်။


ထိုသံရုပ်သေးရုပ်က... မိုးကြိးတွေတကယ်ကြီးစားပစ်တာလား...


ထိုအချိန်တွင် စားသောက်ဆိုင်ထဲ၌ ပုဖန်သည်ခြေချိတ်၍ထိုင်နေဆဲဖြစ်သည်။ ခြေချိတ်ထိုင်နေကာ သူ့လက်ထဲရှိဝိုင်ခွက်ကို ဝေ့ရမ်းနေကာ ကြယ်ရောင်စုံညနှင့်တူသောဝိုင်ကို ဖြေးဖြေးချင်းလှည့်ပတ်နေသည်။


စားသောက်ဆိုင်တံခါးကိုဖြတ်၍ ဝှိုက်တီ၏ခန္ဓာကိုယ်တွင်လျှပ်စီးများတွားသွားနေသည်ကိုကြည့်၍ သူ့နှုတ်ခမ်းထောင့်များတွန့်ချိုးသွားသည်။


သူ့ခေါင်းထဲတွင် စနစ်၏လေးနက်သောအသံတစ်ခုထွက်ပေါ်လာသည်။ သို့သော် စနစ်၏စကားသံမဆုံးသေးမီ ပုဖန်၏မျက်လုံးများစူးရှသွားသည်။


သူဝိုင်ခွက်ကိုဝေ့ရမ်းနေသည်ကို ရပ်လိုက်ပြီး သူ့မျက်လုံးများက နီယန်ပေါ်ကျရောက်သွားသည်။


ခဏအကြာတွင် နီယန်သည် ပုဖန်ကိုအပြစ်ကင်းစင်သောမျက်နှာဖြင့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်မှ ကြယ်အလင်းများစတင်ထွက်ပေါ်လာသည်။


ကောင်းကင်ယံတွင် အနက်ရောင်တိမ်များတရွေ့ရွေ့ထွက်ပေါ်လာပြီး နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။


မိုးကြိုးတိမ်တိုက်များက တရွေ့ရွေ့မြင့်တက်လာသည်။


တတိယအကြိမ်မိုးကြိုးပြစ်ဒဏ်စတင်နေပြီဖြစ်သည်။