အပိုင်း ၉၀၃
Viewers 53k

အခန်း ၉၀၃

အတူတူ ဖွင့်ထုတ်ရအောင်


ပုဖန် သူအိပ်မက် မက်နေသလိုခံစားနေရသည်။ သူ၏အိပ်မက်ထဲတွင် သူတွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်အိုးများစွာကိုပြုလုပ်ခဲ့သည်။ အိုးအကြီးကြီးတစ်လုံးကိုဖက်ထားပြီး တစ်အိုးလုံးကိုမော့သော့ပြီး အပိုင်းအပိုင်းအစစရိုက်ခွဲလိုက်သည်။ သူလုပ်ချင်ရာ လုပ်ပစ်ခဲ့သည်။


သို့သော် သူဝိုင်ကိုမော့သောက်ခါနီးတွင် ရွှေရောင်ဝက်ပေါက်လေးတစ်ကောင် သူ့အနားမှဖြတ်ပြေးသွားသည်။ ထိုဝက်ပေါက်လေး၏ခြေထောက်လေးချောင်းသည် လျှင်မြန်စွာရွေ့လျားသွားပြီး ကောင်းကင်သို့ပျံတက်သွားခဲ့သည်။


ရလဒ်အနေဖြင့် ပုဖန်သူ့လက်ထဲရှိဝိုင်အိုးကိုလွင့်ပစ်လိုက်ပြီး ဝက်နောက်သို့လိုက်ဖမ်းလေတော့သည်။


သူ လိုက်ဖမ်းရင်း ဖမ်းရင်းနှင့်...


နောက်ဆုံးတွင် ပုဖန်ဖမ်း၍မိသွားခဲ့သည်။ သို့သော် သူဖမ်းမိသွားသည်နှင့် ဝက်ပေါက်လေးက သူ့အကြည့်အောက်တွင်ပင် ဝေဝါးသွားခဲ့သည်။ ၎င်းသည် မှုန်ဝါးဝါးစားဖိုမှူးဝတ်ရုံကိုဝတ်ဆင်ထားသော အခြားကမ္ဘာမှစားဖိုမှူးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။


ထိုသူက သူကြေးနန်းတော်တွင်တွေ့ခဲ့သော စားဖိုမှူးတစ်ယောက်ဖြစ်နေသည်။


သူက ပုဖန်ကို ရေခဲကဲ့သို့အေးစက်ကာ ဗလာဖြစ်နေသောမျက်ဝန်းများဖြင့်ကြည့်လိုက်ပြီး သူ့လက်ကိုမြှောက်လိုက်သည်။ အဖိုးတန်လှသော သတ္တုများဖြင့်ပြုလုပ်ထားသည့် မီးဖိုချောင်သုံးဓားတစ်ချောင်းကို အောက်သို့ခုတ်ချလိုက်သည်။


ဓားသွားအောက်တွင် ကောင်းကင်နှင့်မြေပြင်တို့ ပျက်ဆီးသွားကြသည်။


ခဏအကြာတွင် ပုဖန်နိုးလာခဲ့သည်။


သူ့မျက်လုံးများကိုဖွင့်လိုက်ပြီး သူ့စိတ်တွေ မိန်းမောနေသလိုခံစားနေရသည်။


ပုဖန် မတ်တတ်ရပ်လိုက်ကာ သက်ပြင်းခပ်ဖွဖွချလိုက်သည်။


သူ့မျက်လုံးထဲတွင် ဝေဝေဝါးဝါးမြင်ကွင်းတစ်ခုကိုပြန်လည်မြင်ယောင်လာပြီး ခေါင်းခါလိုက်ကာ ထိုမြင်ကွင်းများကို ရှင်းထုတ်လိုက်သည်။ နောက်ဆုံးတွင် ပုဖန်နိုးလာပြီဖြစ်သည်။


သို့သော် သူနောက်ထပ်မြင်လိုက်ရသောအရာတစ်ခုက သူ့ကို အပြည့်အဝနိုးသွားစေခဲ့သည်။


သူ့ရှေ့တွင် ခွေးဘုရင်၏လက်ဖဝါးတစ်ဖက်တွင် ဝိုင်ခွက်ကိုကိုင်ထားပြီး ငရဲဘုရင်အာဟ လက်ထဲတွင်လည်း ဝိုင်ခွက်ကို ကိုင်ထားသည်။


လူတစ်ယောက်နှင့်ခွေးတစ်ကောင် ပုဖန်ကိုပြိုင်တူကြည့်လိုက်ကြပြီး သူတို့မျက်နှာတွင် လေးတိလေးကန်အမူအယာများရှိနေကြသည်။


အလွန်အမင်းကြည်လင်ပြီး ကြယ်အလင်းများဖြင့်ပြည့်နေသော အရည်တစ်မျိုးက ဝိုင်ခွက်များထဲတွင်ပြည့်နေသည်။ အသေအချာပင် ထိုအရည်များက တွယ်တာရာမဲ့စမ်းချောင်းဝိုင်များဖြစ်ကြသည်။


"ခင်ဗျားတို့ဝိုင်မသောက်ခင် ကျုပ်ကိုမေးခဲ့ကြလား..."


ပုဖန် ထိုနှစ်ယောက်ကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။


ခွေးဘုရင်နှင့် ငရဲဘုရင်အာဟ တစ်ချိန်တည်းတွင်ခေါင်းရမ်းလိုက်ကြသည်။ ခဏအကြာတွက် သူတို့လက်ထဲရှိ ဝိုင်ခွက်များကိုချလိုက်ကြသည်။


"ဟေး ခွေးငပျင်း ...မင်း ဘယ်နှခွက်သောက်ပြီးပြီလဲ..."


"ရူးနေတဲ့လူပြက်ကောင်... ခွေးဘုရင်ကမင်းထက် တစ်ခွက်ပိုသောက်ထားတယ်ကွ... အော့"


"မဖြစ်နိုင်ဘူးနော်... ဒီဘုရင်ရဲ့ အရက်သောက်နိုင်စွမ်းက အနိုင်ယူလို့ရတဲ့ဟာမျိုးမဟုတ်ဘူးလေ..."


"မင်းက အမှိုက်ကောင်ပဲ..."



ပုဖန် ကြို့တထိုးထိုးနှင့်ဝိုင်သောက်နေကြသော ထိုလူနှင့်ခွေးအတွဲကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။ သူ့မျက်နှာမဲမှောင်သွားသည်မှာ ခဏအကြာတွင် မှင်ရည်များတောက်တောက်ကျလာတော့မည့်အလားဖြစ်နေသည်။


ငရဲဘုရင်အာဟ၏ နီရဲနေသောမျက်နှာတွင် မူးယစ်နေသောအမူအယာရှိနေသည်။ ၎င်းသည် ခုနကပုဖန်ဝိုင်သောက်ပြီးချိန်တွင်ဖြစ်လာသော အမူအယာနှင့်တူနေသည်။


အင်္ကျီတစ်ခြမ်းဟနေကာ သူ့မျက်လုံးထဲတွင် အရက်မူးနေသောအမူအယာဖြင့်ပြည့်ညပ်နေသည်။ 


သူတော်စင်သမီးတော်ဇီယွင် ငရဲဘုရင်အာဟကို စိုးရိမ်တကြီးကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးများကိုကြည့်လိုက်သည့်အချိန်တွင် သူမ၏နှလုံးသားလေးပျော့ပြောင်းသွားရသည်။


ဝိုင်သောက်ပြီးသောအခါတွင် ခွေးဘုရင်တစ်ပတ်ဂျွမ်းပစ်ကာ ထိုင်ခုံပေါ်မှခုန်ဆင်းလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ငါးသေတစ်ကောင်နှယ်လှဲလျောင်းလိုက်သည်။


"ကောင်လေးပုဖန်.. ဒီဝိုင်က တော်တော်လေးကောင်းတယ်.... အဲ့ဝိုင်က ဒီဘုရင်ရဲ့ မြင့်မြတ်တဲ့ လက္ခဏာရပ်နဲ့ ကိုက်ညီတယ်... သောက်ပြီးတာနဲ့ နည်းနည်းပူလာသလိုခံစားလိုက်ရတာပဲ..."


ငရဲဘုရင်အာဟ ပုဖန်ကို မျက်လုံးများမှေးကျဉ်းသွားအောင်စွဲမက်ဖွယ်အပြုံးလေးတစ်ခုကို ပြုံးပြပြီး ပြောလိုက်သည်။


ငရဲဘုရင်အာဟ မတ်တတ်ထရပ်လိုက်ကာ ကြို့တစ်ချက်ထိုးရင်း စားသောက်ဆိုင်ဝင်ပေါက်သို့ထွက်သွားလိုက်သည်။ သူ့ခြေလှမ်းများက မတည်မငြိမ်ဖြစ်နေကာ ဟိုယိုင်သည်ယိုင်နှင့် ကြောင်တစ်ကောင်လမ်းလျှောက်သလိုလျှောက်နေသည်။


သူ့အဝတ်များက တစ်ဝက်တစ်ပျက်ပွင့်ဟနေကာ လက်သီးလက်မောင်းတန်း၍ အော်ဟစ်လိုက်သည်။


"ပူလိုက်တာ ဒီဘုရင်လည်း အကုန်လုံးကို ဖွင့်ထုတ်ပစ်ချင်နေပြီ... ငါ့နဲ့အတူတူ ဖွင့်ချပစ်ချင်တဲ့သူရှိလား..."


သူတော်စင်ဂိုဏ်းချုပ်တစ်ဖွဲ့လုံး ငရဲဘုရင်အာဟအော်သံကိုကြားလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြသည်။ သူတို့မျက်နှာတွင် ထိတ်လန့်မှုအပြည့်နှင့် သူ့ကိုကြည့်လိုက်ကြသည်။


ခွေးဘုရင် မတ်တတ်ထရပ်လိုက်ကာ သူ၏ခွေးခေါင်းလေးကိုဝေ့ရမ်းနေပြီး အတွေးထဲတွင်နစ်မြုပ်သွားခဲ့သည်။


ခဏအကြာတွင် ပုဖန်၏ ပြင်းထန်လှသောအကြည့်များအောက်တွင် ကြောင်ကဲ့သို့ ကျက်သရေရှိလှသောခြေလှမ်းများကို လှမ်းနေဟန်ဆောင်လိုက်သည်။ သို့သော် ထိုခြေလှမ်းများကဆိုးဆိုးဝါးဝါးအကျည်းတန်နေကာ ခွေးဘုရင်၏ခြေထောက်လေးချောင်းလုံးက တုန်ရီနေပေသည်။


"နည်းနည်းလေး ရီဝေဝေဖြစ်သွားတာ..."


ခွေးဘုရင်၏ စွဲမက်ဖွယ်အသံက စားသောက်ဆိုင်ထဲတွင် ပျံ့လွင့်သွားသည်။ သူ့အသံပင် မတည်မငြိမ်ဖြစ်နေလေသည်။


ထိုလူနှင့်ခွေးအတွဲကိုကြည့်ပြီး ပုဖန် ဆွံ့အသွားခဲ့သည်။

ဝိုင်လေး တစ်ခွက်နှစ်ခွက်လောက်သောက်ပြီး ဘယ်လိုလုပ်ဒီလောက် ကွာခြားသွားရတာလဲ...


တစ်ခုခုများမှားနေတာလား...


ပုဖန်၏မျက်လုံးများ ဖြေးဖြေးချင်းပြူးကျယ်သွားကာ သူ့နှုတ်ခမ်းထောင့်စွန်းများက တဖြေးဖြေးတွန့်လိမ်သွားတော့သည်။

အခုလေးတင် ဒီလူပြက်နှစ်ကောင်ပြောသွားတာက....


ပုဖန်၏ နှလုံးသားထဲတွင် ကြိုတင်မှန်းဆထားသောခံစားချက်များ ထွက်ပေါ်လာပြီး ဝိုင်အိုးနားသို့ သွားကြည့်လိုက်သည်။


မူလကအိုးအပြည့်ရှိနေသော ဝိုင်များသည် ယခုတွင် သုံးပုံတစ်ပုံသာကျန်တော့သည်။


ငရဲဘုရင်အာဟနဲ့ ခွေးဘုရင်က သူ့ရဲ့တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်ကို တစ်ဝက်ကျော်ကျော်သောက်ပစ်ခဲ့တာပဲ...


ဒီနှစ်ကောင် သေချင်နေပြီနဲ့တူတယ်....


ထိုဝိုင်တစ်အိုးရရန် အလွန်တရာကြိုးစားအားထုတ်ခဲ့ရသော်လည်း ထိုနှစ်ကောင်က တစ်ဝက်ကျော်ကျော်သောက်ပစ်ခဲ့သည်။


ပုဖန် သူ့နှလုံးသားအစိတ်စိတ်အမွှာမွှာကွဲကြေသွားသံကို ကြားလိုက်ရသလိုခံစားလိုက်ရသည်။ သူ့ရင်ဘတ်ကိုဆုပ်ကိုင်ကာ ဖြေးဖြေးချင်း အသက်ရှူထုတ်လိုက်ရသည်။


ငရဲဘုရင်အာဟ အလွန်အမင်းစိတ်လှုပ်ရှားနေကာ သူ့ဆံပင်များက လေနှင့်အတူပျံ့လွင့်နေသည်။ ပါးစပ်ဟ၍ နားကန်းလုမတတ်ကျယ်လောင်သော ရယ်သံကြီးဖြင့် အော်ဟစ်ရယ်မောလိုက်သည်။


သူ ခွေးဘုရင်ထံမှ ကြောင်တစ်ကောင်လိုလမ်းလျှောက်နည်းကို သင်ကြားခဲ့ပြီး ထိုနည်းဖြင့် စားသောက်ဆိုင်ဝင်ပေါက်သို့ ကျက်သရေရှိစွာလျှောက်လှမ်းလာခဲ့သည်။ နောက်ဆုံးတွင် သူအပြင်ဘက်တွင် တိုက်ခိုက်နေကြသည့် ရန်ပွဲကိုတွေ့လိုက်ရသည်။


သူ့လက်ကိုမြှောက်လိုက်ကာ သူ၏ရဲရဲနီနေသောမျက်နှာတစ်ခြမ်းကိုအုပ်ကိုင်လိုက်သည်။ သူ့ဆံပင်များက ပြေကျလာကာ သူ့ပါးပြင်နှစ်ဖက်ပေါ်တွင် ကပ်ညိနေကြသည်။


"ဒီဘုရင် အရာအားလုံးကို ဖွင့်ထုတ်ပစ်ချင်နေတယ်..."


ငရဲဘုရင်အာဟ အော်ဟစ်လိုက်သည်။


ခဏအကြာတွင် သူခြေတစ်လှမ်းဆုတ်လိုက်ကာ ဘုန်းဟူသောအသံဖြင့် တံခါးမှဝတွင် ချော်လဲသွားခဲ့သည်။ 


သူသည် ပန်းပွင့်လေးတစ်ပွင့်နှယ် မြေပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။


သူတော်စင်ဂိုဏ်းချုပ်တိုင်း ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး ပြောစရာစကားပင်ရှာမတွေ့တော့ပေ။


သူတော်စင်သမီးတော် ဇီယွင်၏မျက်လုံးများက ကြယ်ပွင့်လေးများလို တောက်ပနေသည်။


အစ်ကိုဟက ချော်လဲတာတောင် အရမ်းချောတာပဲ... 


ငရဲဘုရင်အာဟ မြေပြင်ပေါ်တွင် အကြိမ်ရေအနည်းငယ်လူးလိမ့်လိုက်သည်။ သို့သော် သူကုန်းမထခဲ့ပေ။ သူ၏မျက်လုံးများသည်ရီဝေဝေဖြစ်နေကာ ထရန်မကြိုးစားတော့ပေ။ ယင်းအစား မြေပြင်ပေါ်ကိုလက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။


ခဏအကြာတွင် သူ၏ပုံရိပ်က ပျံတက်သွားလေသည်။


"ငါ့ရဲ့ပစ်မှတ်... ငါ့ရဲ့ပစ်မှတ်က အကုန်လုံးကိုဖွင့်ထုတ်ပစ်ဖို့ပဲ..."


ငရဲဘုရင်အာဟ လေပေါ်ပျံတက်သွားသောအခါ လေထုစုတ်ပြဲသံများနှင့် ပေါက်ကွဲသံများဆူညံနေတော့သည်။


အသန်မာဆုံးနတ်ဆိုးဘုရင် ကျယ်လောင်သောအော်သံတစ်ခုကိုထုတ်လွှတ်လိုက်ပြီး သူ၏ခွန်အားကရုတ်တရက် တိုးလာခဲ့သည်။ နီယန်၏ပုံရိပ်သည် နောက်သို့ပျံထွက်သွားပြီး မြေပြင်ပေါ် ယိုင်တိယိုင်တိုင်ပြုတ်ကျသွားခဲ့သည်။


နယ်သာရီ လေထုအလည်တွင် ဝဲပျံနေပြီး ငရဲတွန်းအားများကို အဆက်အပြတ်ထုတ်လွှတ်နေသည်။ သို့သော် အသန်မာဆုံးနတ်ဆိုးဘုရင်က အားလုံးကိုခုခံနိုင်ခဲ့သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က အသန်မာဆုံးဖြစ်နေဆဲဖြစ်ကာ သူ၏သန်မာမှုကို ယှဉ်ပြိုင်နိုင်မည့် အခြားသူမရှိပေ။


သူ၏ကြောက်မက်ဖွယ်ကြွက်သားများက စတင်တုန်ရီလာပြီး မြေပြင်ပေါ်ထိုးချလိုက်သောအခါ နက်ရှိုင်းလှသော တွင်းကြီးများကိုဖြစ်ပေါ်လာစေသည်။


"ဘယ်သူရှိသေးလဲ... ချီးလိုပဲ... ဘယ်သူထပ်ချချင်သေးလဲလို့ကွ..."


နီယန် တစ်ပတ်ဂျွမ်းပစ်လိုက်ကာ သူမ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ကြိုစားနေသည်။ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သောအခါ သူမမျက်နှာပေါ်ရှိ နီရဲနေသောအရောင်က အနည်းငယ်မှိန်ဖျော့သွားလေသည်။ သူမ ဒေါသတကြီးဖြစ်နေသော နတ်ဆိုးဘုရင်ကိုကြည့်လိုက်ပြီး လက်ခါပြကာ မြေပြင်ပေါ်ထိုင်ချလိုက်သည်။


"အိုင်းယား... ငါဆက်ချဖို့အရမ်းပင်ပန်းနေပြီ... ငါ့ကိုခဏလောက်နားခွင့်ပြုဦး..."


နီယန် မြေပြင်ပေါ်တွင်ထိုင်ချကာ ဟောဟဲစိုက်နေသည်။


နယ်သာရီ အရက်မူးနေသောခံစားချက်သည်လည်း ပြီးဆုံးသွားလေပြီ။ မြေပြင်ပေါ် ကျက်သရေရှိစွာဆင်းသက်လာပြီး သူမမျက်နှာတွင်ရှိသော ကျိန်စာအမှတ်များသည်လည်း တဖြေးဖြေးပျောက်ကွယ်သွားခဲ့သည်။


သူမ အသန်မာဆုံးနတ်ဆိုးဘုရင်ကိုကြည့်ပြီး မာနတကြီးဖြင့် 'ဟမ့်'ဟူ၍ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် နောက်လှည့်ကာ စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ ဟိန်းဟောက်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။


"အသန်မာဆုံးနတ်ဆိုးဘုရင်က မရှုံးနိမ့်နိုင်ဘူးကွ..."


လေထဲတွင် ဝဲပျံနေကြသော ပျက်သုဉ်းခြင်းအကျဉ်းထောင်မှကျင့်ကြံသူများစွာက စိတ်လှုပ်တရှား အော်ဟစ်လိုက်ကြသည်။ အထူးသဖြင့် ကြောက်လန့်ဖွယ်နွားသိုးဦးခေါင်းကြီးနှင့် ကျင့်ကြံသူဖြစ်သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေ၍ လေထဲတွင်ကနေသယောင်ပင်ဖြစ်နေသည်။ သူ့မျက်လုံးထဲတွင် စိတ်အားတက်ကြွနေသောအကြည့်များရှိနေပြီး အဆက်မပြတ်လင်းလက်နေပေသည်။


သို့သော် ခဏအကြာတွင်


သူတို့အားလုံး၏ ကြွေးကြော်သံများ ချုပ်ငြိမ်းသွားရသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ရှေ့တွင် ပုံရိပ်တစ်ခုထွက်ပေါ်လာသဖြင့် လေထုတစ်ခုလုံး ထူးဆန်းသွားရသည်။


ထိုလူ


သူ့ခန္ဓာကိုယ်တွင် ဝိုင်နံ့ထောင်းထောင်းထနေကာ သူ့မျက်နှာပေါ်တွင် ရီဝေနေသောအကြည့်များရှိနေသည်။ လေထဲတွင်ဝဲပျံနေပြီး သူ့မျက်နှာကိုအုပ်ကိုင်ထား၍ အသန်မာဆုံးနတ်ဆိုးဘုရင်ကို စွဲစွဲလမ်းလမ်းဖြစ်နေသောအကြည့်ဖြင့် ကြည့်နေသည်။


ဒီသောက်ရူးက ဘယ်သူလဲဟ....


လူတိုင်း ငရဲဘုရင်အာဟ အသန်မာဆုံးဘုရင်ကို စွဲလမ်းနေသောအကြည့်ဖြင့်ကြည့်နေသော မြင်ကွင်းကို ဆွံ့အလျက်ကြည့်နေကြသည်။ လူတိုင်း အသန်မာဆုံးနတ်ဆိုးဘုရင်အစား ဒေါသထွက်လာပြီး ငရဲဘုရင်အာဟကို အသေရိုက်သတ်ချင်လာကြသည်။


"မင်းပဲ..."


အသန်မာဆုံးနတ်ဆိုးဘုရင်၏ သူငယ်အိမ်များက အပ်တစ်ချောင်းအရွယ်အထိ ကျုံ့ဝင်သွားခဲ့သည်။ သူ ငရဲဘုရင်အာဟကို မှတ်မိသွားပုံပေါ်လေသည်။ ယခင်က ကြေးနန်းတော်ထဲတွင် ထိုလူကသူ့ကို မလှုပ်ရဲအောင် ကြောက်လန့်သွားစေခဲ့သည်ဟ


ထိုလူသာမက ခွေးတစ်ကောင်ပါရှိသေးသည်ဟ


သူ ထိုလူနှင့်ခွေးတို့၏ သန်မာမှုကိုဖောက်မမြင်နိုင်ခဲ့ပေ။


သူတို့နှစ်ယောက်လုံးကသူ့ကို ကမ္ဘာမြေအကျဉ်းထောင်မှ အရေးပါသောပုဂ္ဂိုလ်များနှင့်ဆင်တူသော ခံစားချက်ကိုပေးစွမ်းလေသည်။


ဒါပေမယ့် ကမ္ဘာမြေအကျဉ်းထောင်က အရေးပါတဲ့ပုဂ္ဂိုလ်တွေက ဒီနေရာမှာ ဘယ်လိုလုပ်ပေါ်လာနိုင်မှာလဲ....


ဤနေရာမှာ ကမ္ဘာမြေအကျဉ်းထောင်က အရေးပါတဲ့ပုဂ္ဂိုလ်တွေ ပေါ်လာဖို့မှမလိုတာ...


ကမ္ဘာမြေအကျဉ်းထောင်သည် ပျက်သုဉ်းခြင်းအကျဉ်းထောင်နှင့် ကွဲပြားပေသည်။ ကမ္ဘာမြေအကျဉ်းထောင်သည် ပိုမိုကျယ်ပြန့်ပြီး အရင်းအမြစ်များပိုမိုပေါများလေသည်။ ပုန်းကွယ်နဂါးဟူသောကုန်းမြေလေးတစ်ခုက ကမ္ဘာမြေအကျဉ်းထောင်မှ ကျင့်ကြံသူများ၏မျက်လုံးထဲမဝင်နိုင်ချေ။


ထို့ကြောင့်


အသန်မာဆုံးနတ်ဆိုးဘုရင် စိတ်တည်ငြိမ်နေချိန်တွင် ငရဲဘုရင်အာဟကိုရင်ဆိုင်ရမည်ဆိုပါက အရာအားလုံးထပ် နောက်ဆုတ်ဖို့ကိုသာရွေးချယ်မည်ဖြစ်သည်။


အဆုံးတွင် ဖောက်မမြင်နိုင်သောသူတစ်ဦးနှင့်ရင်ဆိုင်ရခြင်းသည် ထိုလူက သာမန်မဟုတ်သောသူဟုဆိုလိုခြင်းဖြစ်သည်။


ဝေါင်း


သို့သော် အသန်မာဆုံးနတ်ဆိုးဘုရင်သည် မူးနေသောနီယန်နှင့်နယ်သာရီတို့ကြောင့် အလွန်ဒေါသထွက်နေခဲ့ပြီးဖြစ်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသော ဆန္ဒများသာ ထူပြောနေခဲ့ပြီး သူ့ရှေ့ရှိအရာအားလုံးကို ဖျက်ဆီးပစ်ချင်နေပြီဖြစ်သည်။


"သေစမ်း..."


အသန်မာဆုံးနတ်ဆိုးဘုရင် အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကြွက်သားများပေါ်ရှိ မျဉ်းကြောင်းများက စတင်လှုပ်ရှားလာသည်။


သူ့ခန္ဓာကိုယ်ပေါ်တွင် ဆိုးယုတ်သော မျဉ်းကြောင်းများထွက်ပေါ်လာသည်။ ထိုမျဉ်းကြောင်းများအရ အသန်မာဆုံးနတ်ဆိုးဘုရင်သည် အမှတ်အသားရှစ်ခုရှိသော မဟာအာကာသအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းသိနိုင်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်ကို ပုန်းကွယ်နဂါးတိုက်ကြီး၏ကျင့်ကြံသူတစ်ယောက်အနေဖြင့်ပြောပါက သူသည် နတ်ဘုရားမီးတောက်ကိုးခုကိုထွန်းညှိပြီးသော တည်ရှိမှုတစ်ခုဖြစ်ပေလိမ့်မည်။


သို့သော် ပုန်းကွယ်နဂါးတိုက်ကြီး၏အသန်မာဆုံးကျင့်ကြံသူများသည် နတ်ဘုရားမီးတောက်ခြောက်ခုကိုထွန်းညှိပြီးသူများသာဖြစ်ကြသည်။ ထိုသူများသည် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်နှင့် အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြာသခင်တို့ဖြစ်ကြသည်။


သူတို့နှစ်ယောက်ပေါင်း၍တိုက်ခိုက်လျှင်ပင် သူတို့က အသန်မာဆုံးနတ်ဆိုးဘုရင်၏ပြိုင်ဘက်မဟုတ်သေးပေ။


ထောင်တျဲစားသောက်ဆိုင်ထဲရှိ သူတော်စင်ဂိုဏ်းချုပ်များတိတ်ဆိတ်နေကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ... 


မဟုတ်ဘူး.... ပျက်သုဉ်းခြင်းအကျဉ်းထောင်က အရမ်းသန်မာတယ်လို့ပြောသင့်တာ...


ပုန်းကွယ်နဂါးတိုက်ကြီးနှင့်ယှဉ်လျှင် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ သန်မာမှုသည် သူတို့ကို လုံးလုံးလျားလျားဖိနှိပ်ထားပေသည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးဘုရင်တစ်ယောက်သည် အမှန်တကယ်တွင် အမှတ်အသားရှစ်ခုရှိသော မဟာအာကာသအဆင့်ကျင့်ကြံသူဖြစ်နေသည်။


အခြားသော နတ်ဆိုးဘုရင်များက သူ့လောက်မသန်မာသော်လည်း သူတို့သည် ပုန်းကွယ်နဂါးတိုက်ကြီး၏ ကျင့်ကြံသူများကို အေးအေးဆေးဆေးဖိနှိပ်နိုင်လေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏အကြည့်များသည် မြေပြင်ပေါ်တွင်လဲလျောင်းနေသော ငရဲဘုရင်အာဟထံကိုသာ စူးစိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် ဒေါသမီးတောက်များတောက်လောင်လာပြီး နှာခေါင်းမှလေပူများကိုမှုတ်ထုတ်လိုက်သည်။


သူ၏အလွန်ကြီးမားလှသော ခြေထောက်ကိုမြှောက်၍ ငရဲဘုရင်အာဟကို ဆောင့်နင်းချလိုက်သည်။


ဒီခြေနင်းချက်သာတကယ်ထိသွားမယ်ဆိုရင် အဲ့ဈေးပေါတဲ့မျိုးမစစ်ကောင် လုံးဝပြားချပ်သွားလိမ့်မယ်... ဟုတ်တယ်မလား...


ဘုန်း


မြေပြင်စတင်လှုပ်ရမ်းသွားကာ အက်ကွဲကြောင်းများစတင်ဖြစ်ပေါ်လာသည်။ လူတိုင်း၏နှလုံးသားတုန်ခါသွားကြကာ နှုတ်ခမ်းများတုန်ရီသွားကြသည်။


....


မြေပြင်ပေါ်မှကုန်းထပြီးကာစဖြစ်သော ဝမ်ရန်ရှန်သည် ပြင်းပြင်းထန်ထန်လှုပ်ခါသွားမှုကြောင့် ပြန်လဲကျသွားပြန်သည်။


သူ့နှလုံးသားထဲတွင် ခါးသက်မှုကိုခံစားလိုက်ရသည်။

သူဝိုင်လေး သောက်ချင်ရုံပါကွာ...


သူ့ရဲ့ နှစ်ပေါင်းများစွာ ဝိုင်သောက်လာတဲ့ ကျွမ်းကျင်မှုအရ ဒီတစ်ကြိမ်ပိုင်ရှင်ပုပြင်ထားတဲ့ဝိုင်က ကမ္ဘာပေါ်မှာအကောင်းဆုံးဝိုင်ဆိုတာကို သူပြောနိုင်တယ်....


သူသာ ဒီဝိုင်ကိုမမြည်းစမ်းလိုက်ရရင် နောင်တရပြီးသေသွားလောက်တယ်...


.....


ဖုန်မှုန့်များ အနည်ထိုင်လာပြီးနောက်တွင်....


အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။


သူတော်စင်ဂိုဏ်းချုပ်များသည်လည်း မြေပြင်ပေါ်စိုက်ကြည့်ပြီး အသက်ရှူပင်ရပ်သွားကြသည်။


ရုတ်တရက် လေထဲရှိ ကျင့်ကြံသူများလည်း ပင့်သက်ရှိုက်မိသွားကြသည်။


အဘယ်ကြောင့်ဆိုသော် ထိုလူက ကြေမွမသွားသောကြောင့်ဖြစ်သည်။


လေပြင်းတစ်ချက်တိုက်သွားပြီး ဖုန်မှုန့်များပြန့်ကျဲသွားသည်။ မြေပြင်ပေါ်တွင် ဘာမှမရှိပေ။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခြေနင်းချက်သည် ငရဲဘုရင်အာဟ ဘေးသို့သာကျသွားခဲ့သည်။


သောက်လခွမ်း...


အသန်မာဆုံးနတ်ဆိုးဘုရင်က အဲ့လူကို တစ်ချက်တည်း နင်းသတ်မလို့မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး လွဲသွားရတာလဲ...


ကောင်းကင်ပေါ်ရှိ နွားသိုးဦးခေါင်းနှင့် ကျင့်ကြံသူ စတင်အော်ဟစ်လိုက်သည်။


"လေးစားရတဲ့ အသန်မာဆုံးနတ်ဆိုးဘုရင်... အရှင်အခုလို ရွံစရာမျိုးမစစ်ကောင်တွေနဲ့ရင်ဆိုင်ရရင် သူ့ကို ဂရုဏာထားပြီး ခြောက်လန့်ဖို့ပဲမလုပ်ပါနဲ့.. တစ်ချက်တည်းနင်းပြီး သတ်ပစ်လိုက်... အရှင့်ခြေထောက်ကို အားနည်းနည်းထပ်သုံးပြီး နင်းချပစ်လိုက်...."

နွားသိုးခေါင်းနှင့်ကျင့်ကြံသူက လည်ပင်းကြောများထောင်ထလာအောင် အော်ဟစ်လိုက်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင် သူ့နှလုံးသားထဲတွင် ဒေါသများမြင့်တက်လာသည်။


သူလည်း အဲ့ထိုလူကို နင်းသတ်ပစ်ချင်တာပဲလေ...သူလွဲသွားမယ်လို့ ဘယ်လိုလုပ်သိမှာလဲ...


ငရဲဘုရင်အာဟမျက်နှာတွင် မူးနေသောအမူအယာရှိနေပြီး ရူးရူးသွပ်သွပ်ရယ်မောလိုက်သည်။ အသန်မာဆုံးနတ်ဆိုး၏ မျက်လုံးထဲတွင် မြေပြင်ပေါ်ရှိကောင်မှာ သူ့ကိုလှောင်ပြောင်နေသည်ဟုသာ မြင်နေသည်။


သောက်ကျိုးနည်း


အသန်မာဆုံးနတ်ဆိုးဘုရင်၏ဒေါသများ အဆုံးအစွန်အထိရောက်သွားပြီဖြစ်သည်။ လေပေါ်ခုန်တက်ပြီး ခြေနှစ်ဖက်ကိုဆန့်ထုတ်၍ မရပ်မနားမြေပြင်ပေါ် ဆောင့်ချလိုက်သည်။


ဘုန်း ဘုန်း ဘုန်း


ဘေးမှလူများအားလုံး ဆွံ့အသွားကြသည်။


သူတော်စင်ဂိုဏ်းချုပ်များက အဆက်မပြတ်ခြေဆောင့်ချနေသော အသန်မာဆုံးနတ်ဆိုးဘုရင်ကိုကြည့်ပြီး နှုတ်ခမ်းများ တုန်ရီသွားကြသည်။


ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်၏မျက်နှာ အပျက်ယွင်းသွားဆုံးဖြစ်သည်။ 


"အရှင်နတ်ဆိုးဘုရင် သူ့ကိုသတ်ပစ်... သူ့ကိုနင်းသတ်ပစ်.. အရှင်ကအသန်မာဆုံးပဲ..."


နွာသိုးခေါင်းနှင့်ကျင့်ကြံသူက တိမ်များ၏အလယ်တွင်ရပ်နေပြီး အသန်မာဆုံးနတ်ဆိုးဘုရင်ကို အားပေးလိုက်သည်။


"ပါးစပ်ပိတ်လိုက်စမ်း..."


အသန်မာဆုံးနတ်ဆိုးဘုရင် အဆက်မပြတ်အော်နေသောသူကို ခေါင်းမော့၍အော်ပစ်လိုက်သည်။ နွားသိုးမျက်နှာနှင့် ကျင့်ကြံသူသည် အလွန်ထိတ်လန့်သွား၍ ကောင်းကင်ပေါ်မှ ပြုတ်ကျမလိုပင်ဖြစ်သွားသည်။


ဘုန်း


အသန်မာဆုံးနတ်ဆိုးဘုရင်၏မျက်လုံးများ ထက်ရှသွားကာ သူ့ခြေထောက်အောက်တွင် ငရဲစွမ်းအင်များကိုစုဝေးလိုက်သည်။ သူ၏ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်နင်းချလိုက်တော့သည်။


"အာဏာရှင်နွားသိုးနတ်ဆိုး... ဒီဘုရင်အတွက်အသေခံလိုက်စမ်း...."


ဘုန်း


သူ၏ခြေဆောင့်ချက်တစ်ခုဖြင့် လေဟာနယ်ပင် ကွဲအက်လုနီးနီးဖြစ်သွားသည်။


ထိုအချိန်တွင် ကျင့်ကြံသူများ၏ စိတ်နှလုံးတုန်လှုပ်သွားကြကာ အသန်မာဆုံးနတ်ဆိုးဘုရင်က အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားလိုက်ရသည်။


ရုတ်တရက်


ကြောက်မက်ဖွယ်အော်ရာ ပျောက်ကွယ်သွားသည်။


လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားကာ မြေပြင်ပေါ်ကို မယုံနိုင်သောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။


ထိုနေရာတွင်


ငရဲဘုရင်အာဟသည် မြေပြင်ပေါ်တွင် သက်တောင့်သက်သာလဲလျောင်းနေဆဲဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူခြေနင်းချက်များကိုလုံးဝမရှောင်ပေ။ ယင်းအစား သူ့လက်ကိုမြှောက်ကာ အလွယ်တကူတားဆီးလိုက်လေသည်။


အေ့


ငရဲဘုရင်အာဟ၏မျက်လုံးများက အလွန်တရာကျဉ်းမြောင်းနေကာ ကြို့တစ်ချက်ထိုးပြီး အသန်မာဆုံးနတ်ဆိုးဘုရင်ကို စနောက်လိုသောကျီစယ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ 


"ဒီဘုရင်မင်းတက်နင်းတာကိုမခံဘူးကွ.. ငါမင်းကြောင့်ကြို့တောင်ထိုးသွားပြီ.... အခု ဒီဘုရင် လွှတ်ချပစ်လိုက်တော့မယ်..."