အပိုင်း ၈၉
Viewers 29k

Chapter 89




ဘာကိုသူဌေးလေးလဲ…ယခုအချိန်၌ ပိုင်ရဲ့တွင် ကိုယ်ပိုင်စတူဒီယိုရှိနေပြီဖြစ်ရာ ‌အခြေခံအားဖြင့် အမှီခိုကင်းပြီဟုဆိုနိုင်ပြီး နော်ရာ၏ညွှန်ကြားချက်များကို လိုက်နာနေရန် မလိုတော့ပေ။


ချီရှင်းချန်၏ခြေထောက်များမှာ ဂျယ်လီကဲ့သို့ပျော့ခွေလာပြီး စိတ်ဆိုးမန်ဆိုးဖြင့် ပြောလိုက်မိသည်


 " နောက်အတန်းကိုသာသွားပါတော့…ကျွန်တော်တို့အတန်းကို လာမနှောင့်ယှက်ပါနဲ့…"


ဝူချန်မှ ပြောလာသည် " ဝိုးး ဒါက‌လောင်ရှီးရဲ့အလုပ်သမားတွေကို ဆက်ဆံတဲ့ပုံလားနော်…"


ချီရှင်းချန် ဆွံ့အသွားရသည်။


နောက်မှ မင်းကိုသေတဲ့အထိမောင်းပစ်ဦးမယ်…


" တော်ပြီ လျောက်နောက်နေတာရပ်‌ကြတော့…ကောင်းကောင်းသာလေ့ကျင့်ပါ…မနက်ဖြန်ကြရင် ရိုက်ကူးရေးရှိတယ်ဆိုတော့ ဒီနေ့စောစောအိပ်ချည်…"


ချီရှင်းချန် ကြမ်းကြားထဲတွင် ပုန်းနေမည်ကိုစိုးသည့်အတွက် ပိုင်ရဲ့ အဆုံး၌ဝူချန်ကို ရပ်ခိုင်းလိုက်ရသည်။ ထို့နောက် ချီရှင်းချန်ဘက်သို့လှည့်ကာ စနောက်လိုက်သည်


 " ကိုယ်သွားပြီနော် သူဌေးလေး…"


ချီရှင်းချန် ဆွံ့အသွားရပြန်သည်။


အားးးးးးးးးး


မည်သို့ပင်ဆိုစေကာမူ အတန်းFမှအတန်းသားများမှာ အသိစိတ်ရှိနေကြသေးသဖြင့် သူ့ကိုမရယ်ရဲကြချေ။ ချီရှင်းချန်မှ သူတို့ကို သေတဲ့အထိမောင်းပစ်မည်ဟုပြောခဲ့ပြီး လက်တွေ့တွင်လည်း ထိုလောက်နီးနီးကို လေ့ကျင့်ခဲ့ကြရသည်။ ၁၂နာရီခန့်တွင်မူ ချီရှင်းချန် သူတို့အားလုံးကို အဆောင်သို့ကားမောင်း၍ ပြန်ပို့ပေးခဲ့သည်။


နွားနို့ရှာတွေ့သွားပြီးနောက် ချီရှင်းချန် သူ၏အချိန်အတော်ကြာပျောက်ဆုံးနေသောအိပ်မောကျခြင်းကို ပြန်လည်ရရှိလိုက်သည်။


နောက်တစ်နေ့မနက်တွင် ချီရှင်းချန် နာနီကားထဲသို့ တက်ကြွမှုအပြည့်နှင့်ဝင်လာခဲ့သော်လည်း အန်းရန်၏စကားများကြောင့် သူ၏စိတ်အခြေအနေမှာ အောက်ခြေထိချက်ချင်းဆိုသလို ကျဆင်းသွားရသည်။


" ရှင်းရှင်း ဒီနေ့ဝေ့ပေါ်ထဲဝင်မကြည့်နဲ့နော်…" အန်းရန်မှ နူးညံ့စွာပြောလာသည် " ဒီနေ့ ဝေ့ပေါ်မှာနည်းနည်းမကောင်းတာလေးတွေရှိနေလို့ ငါ့စီပဲလွှဲထားလိုက်ချည်… မင်းကတော့ပရိုဂရမ်အပေါ်မှာပဲ အာရုံစိုက်ထားလိုက်နော်…"


" ဘာဖြစ်လို့လဲ… လူတွေက ကျွန်တော့်ကို မိသားစုအထောက်အပံ့ကိုမှီပြီး ဒီနေရာထိတက်လာတယ်လို့ ပြောနေကြတာမလား…"


အန်းရန် ကြောင်အသွားရသည် " မင်းမနက်က ဝေ့ပေါ်ပေါ်တက်ကြည့်ခဲ့တာလား…"


" ဟင့်အင်း…" ချီရှင်းချန် ခေါင်းကိုယမ်း၍ " ဒါပေမယ့် မှန်းကြည့်လိုက်လို့ရတယ်လေ…"


ချီရှင်းချန်လည်း သိနေပြီးပြီဖြစ်သောကြောင့် အန်းရန် မတားလိုက်တော့ပေ။ ချီရှင်းချန် ပြင်ဆင်နေစဉ်အတွင်း ငါ့ရဲ့‌ခေတ်(My time) ၏ ခေါင်းစီးစာရင်းများကိုသာ ကြည့်နေလိုက်သည်။


ထင်ထားသည့်အတိုင်းပင် ဈေးကွက်အကောင့်များနှင့် ဖြတ်သွားဖြတ်လာများမှ သူ့အား အရင်းအမြစ်များရယူရန် မိသားစုကိုမှီခိုနေသည်ဟု ပြောဆိုနေကြသည်။ အင်တာနက်ဆယ်လီအချို့မှလည်း သူ့ကို အခြားသူများအား အနိုင်ကျင့်၍ သူတို့၏ဇာတ်ကောင်များကို ခိုးယူသည်ဟုစွပ်စွဲနေကြပြီး သူတို့ကိုယ်တိုင် ခံစားခဲ့ရသယောင်ပင် ယောင်ဝါးဝါးပြောဆိုနေကြသည်။


သူ့မိသားစုအကြောင်း ပေါက်ကြားသွားသည့်အချိန်မှစ၍ ထိုအရာများဖြစ်လာမည်ကို ချီရှင်းချန် ကြိုတင်မှန်းဆထားခဲ့ပြီးဖြစ်သည်။ သို့တိုင်အောင် လူအများအပြားမှ သူ့ကိုမနာလိုဖြစ်ကြမည်ကိုမူ မထင်ထားမိခဲ့ပေ။ သူ့ကိုသဘောမကျသော ကယ်ဗင်၏ဖန်များမှ ထိုအရာကိုလုပ်ဆောင်နေကြသည်ဟု ချီရှင်းချန် တွေးမိခဲ့သည်။


ချီရှင်းချန် ဖြတ်သွားဖြတ်လာအချို့၏အဓိကစာမျက်နှာများကို ကြည့်ကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုသူများမှာ ကယ်ဗင်၏ဖန်များဖြစ်ကြပြီး သူတို့ထဲမှအများစုမှာ ဘဝအကြောင်းအလွန်အနည်းငယ်သာတင်ထားသော အကောင့်သေးများဖြစ်ကြသည်။ 


ရေတပ်ငှားရမ်းထားခြင်း၏ ခြေရာလက်ရာမှာ အလွန်ပင်သိသာလှသည်။


တစ်စုံတစ်ယောက်မှ သူ့ကိုနာမည်ဖျက်ရန်အတွက် ရေတပ်ကုမ္ပဏီကိုငှားရမ်းခဲ့ပုံပင်။


ချီရှင်းချန် ဝေ့ပေါ်မှပြန်ထွက်လာခဲ့သည်။ သူမည်မျှပင် သိချင်နေစေကာမူ ယခုအချိန်၌ ရိုက်ကူးရေးလုပ်နေသည်ဖြစ်ရာ သူ၏သိချင်စိတ်ကို ချုပ်ထိန်းထားရမည်ပင်။ ထို့ကြောင့် ချီရှင်းချန် ထိုကိစ္စအတွက် သေသေချာချာကိုယ်တွယ်နိုင်ရန် နည်းလမ်းတစ်ခုစဉ်းစားထားဖို့သာ မှာကြားလိုက်သည်။


တစ်ပတ်မျှ မအိပ်မနေလေ့ကျင့်ခဲ့ကြကာ မနက်နှစ်နာရီ သုံးနာရီမှအိပ်ရာဝင်ရပြီး ခြောက်နာရီ ခုနစ်နာရီပြန်ထခဲ့ကြရသည့်အတွက် အတန်းFမှလူတိုင်းမှာ ကိုယ်အလေးချိန်အတော်ကျဆင်းသွားခဲ့ရသည်။


ယခုအချိန်မှာမူ ရလဒ်များကို စစ်ဆေးရမည့်အချိန်ပင်။


မနက်ကိုးနာရီအချိန်၌ သင်တန်းသားရှစ်ဆယ့်ရှစ်ယောက်စလုံးမှာ မိတ်ကပ်ပြင်သည့်အခန်းတွင် စုဝေးနေကြပြီး အဝတ်အစားပြင်ဆင်သည့်အဖွဲ့မှာမူ သူတို့ပြန်ချွတ်ထားသည့်အဝတ်များနှင့် အလုပ်ရှုပ်နေကြရသည်။ နေ့လည်ခင်းအချိန်၌ အဝတ်အစားပြင်ဆင်ခြင်း၊ အလင်းအမှောင်၊ အကနှင့်အခြားသောအရာအားလုံးကို ပြင်ဆင်၍ပြီးလေပြီ။ သင်တန်းသားများမှာ သူတို့၏တတိယအကြိမ်မြောက် လေ့ကျင့်ခြင်းကို လုပ်ဆောင်နေကြသည်။ နေ့လည် တစ်နာရီခွဲအချိန်တွင် ရိုက်ကူးရေးအဖွဲ့မှ နိုင်ငံအတွင်းရှိ ကြည့်ရှုသူငါးရာခန့်ကို ပြိုင်ပွဲနေရာသို့ဝင်ရန် ရွေးချယ်ခဲ့ပြီး နေ့လည်နှစ်နာရီတွင်မူ ပထမဆုံးအသုတ်မှာ တရားဝင်စတင်ပြီဖြစ်သည်။


သင်တန်းသားရှစ်ဆယ့်ရှစ်ယောက်ထဲမှ အများစုမှာ ယခင်ကတကယ့်ကြည့်ရှုသူများကို အပြင်တွင်ကိုယ်တိုင်မမြင်ဖူးသည့်အတွက် တုန်လှုပ်ကာ သက်ပြင်းတချချဖြစ်နေကြရသည်။ ချီရှင်းချန် စောင့်ဆိုင်း‌ရမည့်နေရာတွင် ပြင်ဆင်နေရကာ သူတို့ကိုကိုယ်တိုင်စကားသွားမပြောနိုင်သည့်အတွက် ဖုန်းကိုထုတ်ကာ အတန်းF၏ အဖွဲ့လိုက်စကားဝိုင်းစီသို့ စာသာပို့လိုက်ရသည် : [ မကြောက်ကြနဲ့… မင်းတို့ရဲ့တကယ့်ခွန်အားကို ပြလိုက်ပါ… ငါမင်းတို့ရဲ့အောင်ပွဲခံပြီး ပြန်လာတာကို စောင့်နေမယ်…]


အတန်း F : [ ဟုတ်ကဲ့..]


ဝူချန် : [ တကယ်လို့ ကျွန်တော်တို့ရှစ်ယောက်လုံးပြုတ်သွားရင်ကော လောင်ရှီး ကျွန်တော်တို့ကိုချစ်ဦးမှာလား…]


ရှင်းရှင်း : [ ပထမဆုံးအနေနဲ့ မင်းတို့အားလုံးတော့ ပြုတ်လို့မရဘူး… ဒုတိယကတော့ ဒီမှာရှိနေရင် မင်းတို့ကငါ့ရဲ့ကျောင်းသားတွေဖြစ်ကြပြီးတော့ ထွက်သွားရရင်တောင် ငါ့ရဲ့သူငယ်ချင်းတွေဖြစ်နေကြမှာပါ… တတိယအနေနဲ့ကတော့ အချိန်မှာဘာမှကြိုတွေးပြီးဝမ်းနည်းမနေဘဲ အကောင်းဆုံးသာလုပ်လာကြချည်… ဟုတ်ပြီလား..]


ဝူချန် : [ လောင်ရှီးအတွက် ကျွန်တော်တို့အားလုံးအကောင်းဆုံးကြိုးစားလာခဲ့ပါမယ်…]


ရှင်းရှင်း : [ ငါအတွက်မဟုတ်ဘူး.. ကိုယ့်အတွက်ကိုလုပ်ရမှာ…အခြားသူအတွက်အကောင်းဆုံးမဟုတ်ဘူး ကိုယ့်ကိုကိုယ်ရဲ့အကောင်းဆုံးကို လုပ်လာခဲ့ကြ…]


အတန်း F : [ ကောင်းပါပြီ…]


ချီရှင်းချန် သူတို့၏အပြုအမူကြောင့် အလွန်ကျေနပ်သွားသည့်အတွက် ဖုန်းကိုပြန်ချထားလိုက်သည်။ ထို့နောက် ဒါရိုက်တာမှ ဆရာများကို နှုတ်ဆက်ရန် အချက်ပြလာခဲ့သည်။


အဆုံး၌ ဤသည်မှာ သင်တန်းသားများအတွက် အရည်အချင်းပြသသည့်ပွဲဖြစ်ပြီး ဆရာများအတွက်မဟုတ်သည့်အနေဖြင့် ဆရာများမှာ စင်ပေါ်သို့သွားကာ နှုတ်ဆက်ရန်သာလိုအပ်သည်။ ချီရှင်းချန် မည်သည့်ဖိအားကိုမှ ခံစားမနေရဘဲ ပိုင်ရဲ့၏ဦးဆောင်မှုဖြင့် အဖွဲ့နောက်မှလိုက်သွားလိုက်သည်။


အားးးးးးးးးးးးးးးးးးး


ပိုင်ရဲ့စင်ပေါ်တွင်ပေါ်လာသည်နှင့် ပရိသတ်များမှာ ဆူနာမီကဲ့သို့ အော်ဟစ်လာကြသည်။


ပိုင်ရဲ့ သူတို့လေးယောက်သားကို အလယ်တွင်ရပ်ရန် ခေါ်လာလိုက်သည်။ ထို့နောက် နှုတ်ခမ်းပေါ်လက်တင်၍ လူတိုင်းကို အသံတိတ်ရန် အချက်ပြလိုက်လေသည်။ 


ချီရှင်းချန်သည် ပိုင်ရဲ့နှင့်အခြားသင်တန်းသားများ၏ဆိုင်းဘုတ်များကြားတွင် သူ၏ကိုယ်ပိုင်ဆိုင်းဘုတ်ကို ရှာနေမိသည်။


အဆုံး၌ ၎င်းတို့ကိုရှာမတွေ့ခင် ချီရှင်းချန် လက်ဖြင့်ရေးဆွဲထားသော ကျိုရဲ့ရှင်းချန်း CPဆိုင်းဘုတ်ကို ဤဆိုင်းဘုတ်တပ်သားများကြားတွင် ရှာတွေ့သွားခဲ့သည်။


ဆိုင်းဘုတ်၏အောက်ခံမှာ နက်ပြာရောင်ဖြစ်ပြီး ငွေရောင်ကြယ်အစုအဝေးကို အပေါ်ဘယ်ဘက်ထောင့်တွင် ရေးဆွဲထားသည်။ အလယ်တွင်မူ ပိုင်ရဲ့နှင့်သူ၏ခေါင်းခြင်းတိုက်နေသည့်ပုံဖြစ်ကာ သူတို့၏မျက်လုံးများမှာ ကြီးမားဝိုင်းစက်နေပြီး ပန်းရောင်ပါးပြင်များရှိသည်။ ‌ဦးခေါင်းနှစ်ခုမှာ အချင်းချင်းမှီထားကြပြီး ပွေ့ဖက်ထားသကဲ့သို့ ခေါင်းခြင်းဆိုင်နေကြသည်။


ချီရှင်းချန်၏အကြည့်မှာ မည်သည့်အရာကိုမှမမြင်လိုက်သလို အခြားနေရာသို့ မရွေ့သွားခင်အထိ ထိုနေရာတွင် စက္ကန့်အနည်းငယ်ခန့် ရပ်တန့်သွားခဲ့သည်။


သို့သော်လည်း ဤစက္ကန့်အနည်းငယ်ကပင် ပရိသတ်များအတွက် ထိုစိတ်လှုပ်ရှားမှုအပြည့်ဖြင့်မိန်းကလေးနှစ်ယောက် မျက်ရည်များကျဆင်းနေသည်ကို သတိပြုမိရန်လုံလောက်နေသည်။


" ကလေးလေးက ငါတို့ကိုရှာတွေ့သွားတယ်… အားးးးး "


" ဝူးဝူးး ဒါပထမဆုံးအနေနဲ့ ငါရှင်းရှင်းကို အပြင်မှာမြင်ဖူးတာပဲ… သူကအရမ်းပိန်ပြီးတော့ကြည့်ကောင်းတယ်… အရမ်းချောတာပဲ…"


" ရဲ့ကောရဲ့ကုတ်အရှည်ကြီးကလည်း ဒီနေ့အရမ်းမိုက်တာ‌ပဲ…ငါတော့ အားဝေနဲ့အတူ လောင်ကျွမ်းသွားရပြီ…"


" သူတို့ကအရမ်းလိုက်ဖက်ညီတာပဲနော်… ဒီကမ္ဘာကြီးမှာ လူနှစ်ယောက်က ဘယ်လိုတောင်လိုက်ဖက်ညီနိုင်ရတာလဲ…ကလေးရေ ဒီမာမားက မင်းတို့နှစ်ယောက် မျက်လုံးခြင်းဆုံဖို့အလဲအလှယ်အနေနဲ့ တစ်လလုံးသက်သက်လွတ်စားပါ့မယ်ကွယ်…"

 

CP ဖန်နှစ်ယောက် အော်ပြီးချိန်၌ နောက်ဆုံးသောဆရာမှာ မိတ်ဆက်ပြီးပြီဖြစ်သည်။ ပိုင်ရဲ့ အနည်းငယ်ခေါင်းငုံ့နှုတ်ဆက်ကာ ချီရှင်းချန်ရှိရာ ဘေးဘက်သို့လှည့်၍ " ရှင်းရှင်း မင်းအလှည့်ရောက်ပြီနော်.."


ပြောပြီးသည်နှင့် ပိုင်ရဲ့ ပြုံးလျက် သူ၏ဘေးမှကောင်လေးကို သူ၏နက်ရှိုင်းသောမျက်လုံးများဖြင့် စေ့စေ့ကြည့်လိုက်သည်။


ချီရှင်းချန် ထိုစကားကိုကြားချိန်မှသာ အသိပြန်ဝင်လာခဲ့သည်။ သူ၏နှလုံးမှာ ရူးသွပ်စွာခုန်ပေါက်နေပြီး မိုက်ခရိုဖုန်းကိုကိုင်ထားသည့်လက်မှ မသိစိ‌တ်ကြောင့် နှစ်ခါမျှကုတ်ခြစ်လိုက်မိကာ နှုတ်ခမ်းကိုကိုက်၍ ပိုင်ရဲ့အား ခေါင်းငြိမ့်ပြလိုက်သည်။


CP ဖန်များ : "....."


CP ဖန်များ : " မယုံနိုင်စရာပဲ ဒီလိုမှန်းသိရင် မဆုတောင်းလိုက်ပါဘူး… ငါလည်းအသားစားချင်တယ်လေ ဝူး ဝူးးး…"


ချီရှင်းချန် နှုတ်ဆက်ပြီးနောက် ဆရာငါးဦးသားမှာ အသီးသီးသူတို့၏ခုံများစီသို့ ပြန်သွားလိုက်ကြသည်။ ထို့နောက် ပိုင်ရဲ့၏မိတ်ဆက်ပေးမှုအောက်၌ ပထမဆုံးသင်တန်းသားအဖွဲ့မှာ စင်ပေါ်သို့ တက်လာကြပြီဖြစ်သည်။


သူတို့၏ဖျော်ဖြေမှုနှင့် အားစိုက်ထုတ်ထားမှုမှာ ပုံမှန်မျှသာဖြစ်သည်။ ချီရှင်းချန် သူ၏အာရုံကို ပိုင်ရဲ့ထံမှရွှေ့ကာ လူတိုင်းကိုအလေးအနက်ကြည့်၍ သူ၏မှတ်စုစာအုပ်ဖြင့် အချိန်နှင့်အမျှ မှတ်စုတိုများ နည်းနည်းစီလိုက်မှတ်နေခဲ့သည်။


နောက်ဆုံးလှုပ်ရှားမှုပြီးဆုံးသွားချိန်၌ ချီရှင်းချန် သူ၏၁၇သန်းတန် မိုက်ခရိုဖုန်းကိုကိုင်ကာ ပြောလိုက်သည် " မင်းတို့ရဲ့ ဖျော်ဖြေမှုက ၇၀%လောက်တော့ ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်…တစ်မိနစ်နဲ့စက္ကန့်နှစ်ဆယ်မှာ ကျန်းရန်ရဲ့အသံက နည်းနည်းလေးချော်သွားခဲ့တယ်…နုတ်က မီဒိုဒိုရေဖြစ်ရမှာပေမယ့် မင်းရဲ့ကီးက အတော်လေးမြင့်သွားတဲ့ပုံပဲ… တစ်မိနစ်နဲ့စက္ကန့်လေးဆယ်မှာတော့ ချမ်ယွီရဲ့လှုပ်ရှား‌မှုက စည်းချက်နဲ့မကိုက်နေဘူး… သူ့လက်နှစ်ဖက်က မကြွလာဘူးလေ…"


ချီရှင်းချန် သရုပ်ပြရန် သူ၏လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး " ကျွန်တော်လည်း အရမ်းတော့ကောင်းကောင်းမလုပ်နိုင်ပေမယ့် ဖြစ်သင့်တာတော့ ဒီလိုပုံစံမျိုးဖြစ်လာရမှာ…"


တိုက်ရိုက်ကြည့်ရှုနေသူများမှာ ချီရှင်းချန်သံထံမှ ဝေဖန်သံထွက်လာမည်ကို မမျှော်လင့်ထားခဲ့ကြပေ။ သူ၏မိသားစုအကြောင်း ဖော်ထုတ်ခံရပြီးကတည်းက ဝေ့ပေါ်ရဲ့ဦးနှောက်ဆေးထားမှုကြောင့် လူတိုင်းနီးပါးမှာ ချီရှင်းချန် သူ၏နာမည်ကိုပေါ်လွင်စေရန်အတွက် င့ါရဲ့ခေတ်အစီအစဉ်သို့ ငွေနှင့်ပေါက်၍ဝင်လာသည်ဟုသာ တိတ်တဆိတ်မှတ်ယူထားမိခဲ့ကြသည်။


ဤကဲ့သို့ သေးငယ်သောအမှားလေးကိုပင် သတိပြုမိသည်အထိ ကျွမ်းကျင်နေမည်ကိုမူ လူတိုင်းမှာ မမျှော်လင့်ထားမိပေ။ ဤကဲ့သို့ လူအမြောက်အများနှင့် လှုပ်ရှားမှု၊ လိုက်ဖက်ညီမှုနှင့် နေရာယူခြင်းများပါသည့် ဖျော်ဖြေမှုမျိုးတွင် တစ်စုံတစ်ယောက်မှာ အကတွင် အလွန်ထူးချွန်မနေပါက သတိပြုမိရန် ခက်ခဲနိုင်ပေမည်။


ချီရှင်းချန်မှာ သတိပြုမိရုံသာမက ဖြစ်သင့်သည့်ပုံကိုပင် ပုံဖော်ပြသပေးနိုင်ခဲ့သည်။


ကြည့်ရှုသူများမှာ ချီရှင်းချန်ကို သံသယပါသည့်မျက်လုံးများဖြင့် ကြည့်လာခဲ့ကြသည်။


ထို့နောက် ချီရှင်းချန် အချို့သောချို့ယွင်းချက်များနှင့် ခွန်အားစိုက်ထုတ်ပုံများကို အနည်းငယ်ဆက်လက်ထောက်ပြလိုက်သည်။ သူ၏စကားအဆုံးတွင် ပိုင်ရဲ့မှ အခြားဆရာများကို မေးလိုက်လေသည် 


" ဘာများထပ်ပေါင်းစရာရှိဦးမလဲ.."


ကျန့်ယွီယန်မှ နှုတ်ခမ်းဆူလိုက်ပြီး " ရှောင်ရှင်းရှင်းက အကုန်ပြောပေးပြီပြီပဲဟာကို…"


" ကောင်းပါပြီ…" ပိုင်ရဲ့ခေါင်းငြိမ့်လိုက်ပြီး " မင်းတို့ရဲ့အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်… အဖွဲ့Aကအနားယူနေချိန်မှာ ကျေးဇူးပြု၍ အဖွဲ့Bက စင်ပေါ်မှာ နေရာယူလို့ရပါပြီ…"


နောက်တွင်လာသည့်အချို့သောအဖွဲ့များတွင်လည်း မညီမညာဖြစ်နေသည်များရှိခဲ့သည်။ သို့သော်လည်း ချီရှင်းချန် အလင်းရောင်ကိုခိုးယူခြင်းမျိုး မဖြစ်စေချင်သောကြောင့် ကျန်သည့်ဆရာများကိုသာ ပြောခွင့်ပေးထားပြီး သူ့ကိုမေးလာမှသာ ဖြေပေးလိုက်သည်။


ခဏအကြာ၌ ကယ်ဗင်၏အလှည့်ရောက်ရှိလာပြီး ကြည့်ရှုနေသူများမှာ ယခင်အဖွဲ့များထက်ပို၍ အနည်းငယ်ကျယ်လောင်စွာ အော်ဟစ်လာကြသည်။


ကယ်ဗင်၏အဖွဲ့တွင် လူခြောက်ယောက်ပါပြီး သူတို့ထဲမှ သုံးယောက်မှာ ထိပ်သီး၁၅ယောက်စာရင်းတွင် ပါဝင်သည်။ ထိုသူများမှာ ပရိုဂရမ်အဖွဲ့မှ အဖွဲ့ကောင်းတစ်ခုဟုအသိအမှတ်ပြုထားပြီး ပရိသတ်များစောင့်ကြည့်နေသည့်အဖွဲ့တစ်ခုလည်း ဖြစ်လေသည်။


ယခင်တစ်ကြိမ် ဇာတ်ဝင်သီချင်းကိုလက်ခံရရှိပြီးနောက်တွင် ကယ်ဗင်မှ အနည်းငယ်စိတ်လျော့သွားကာ သူ၏အဖွဲ့မှသင်တန်းသားများအဆိုအရ ထပ်မံ၍အလွန်စောနေခြင်း နောက်ကျနေခြင်းမျိုးလည်းမရှိတော့ပေ။


သို့တိုင်အောင် ကယ်ဗင်မှ မားကတ်ကင်းအကောင့်များနှင့် ရေတပ်များဝယ်ယူ၍ ဝေ့ပေါ်တွင် ဦးနှောက်ဆေးသည့်ပိုစ့်များ တင်ခိုင်းခဲ့သည်ဟု ချီရှင်းချန် သံသယရှိနေဆဲပင်။ အကယ်၍သာ ယခုတစ်ကြိမ်တွင် ကယ်ဗင်မှ သူ၏ရန်လိုမှုကို လွှတ်ချပြီး ပြိုင်ပွဲတွင်သာ အာရုံစိုက်‌ခဲ့မည်ဆိုပါက ချီရှင်းချန်လည်း သူနှင့်ဆက်လက်၍ အခြေအ‌တင်‌ဖြစ်နေမည်မဟုတ်ပေ။


ဆရာတစ်ယောက်အနေဖြင့် သင်တန်းသားနှင့် အခြေအ‌တင်ဖြစ်နေရခြင်းမှာ သိက္ခာကျခြင်းတစ်မျိုးပင်။


ကယ်ဗင်၏အဖွဲ့မှရွေးချယ်ထားသည့်သီချင်းမှာ ပို၍ခက်ခဲပြီး ကယ်ဗင်၏အဓိကအားသာမှုဖြစ်သော Rapကိုအသုံးပြုနိုင်ရန်အတွက် သီချင်းစီမံပေးသည့်ဆရာမှ ကယ်ဗင်ကို Freestyle rapရွတ်ရန် စက္ကန့်၂၀စာ ပေးထားခဲ့သည်။


အကပါသည့်သီချင်းမှာ လေးမိနစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ဦးဆောင်၍သံပြိုင်ဆိုရမည့် chorus အပိုဒ်ကိုသာ ထည့်တွက်လိုက်ပါက ကယ်ဗင်၏စာသားမှာ တစ်မိနစ်ခန့်ရှိသည်ဖြစ်ရာ ဤသည်မှာ သိသိသာသာပင် ပရိုဂရမ်အဖွဲ့နှင့် သူ၏အဖွဲ့သားများမှ ကယ်ဗင်၏အရည်အချင်းကို အသိအမှတ်ပြုထားခြင်းဖြစ်ပေသည်။


သီချင်းအစတွင် ပြင်းထန်သောကြွေးကြော်သံထွက်လာပြီးနောက် ပရိသတ်ကြီးမှာ ငြိမ်သက်သွားရသည်။ သင်တန်းသားခြောက်ယောက်မှာ စက်ဝိုင်းပုံဖော်ကာ မြေပြင်ပေါ်တွင်ထိုင်ချလိုက်ကြသည်။ ထို့နောက် မတူညီသောရှုထောင့်ခြောက်ခုစီသို့ အသီးသီးအနောက်ကျွမ်းထိုးလိုက်ကြလေသည်။


အဖွင့်မှာပင် ဖျော်ဖြေမှုမှာ ပေါက်ကွဲသွား‌ရသည်…


အတွေ့အကြုံပြည့်ဝသောသင်တန်းသားများမှ ပျော်ရွှင်စွာဖျော်ဖြေနေသည်ကိုမြင်လိုက်ရချိန်တွင် ချီရှင်းချန် မနေနိုင်ဘဲ ကျေနပ်သည့်အပြုံးပြုံးမိလိုက်သည်။


အဓိက သီချင်းနှစ်ပိုဒ်နှင့် Chorus နှစ်ခုအပြီးတွင် ချီရှင်းချန် ခေါင်းငုံ့၍ အမှားများကို စတင်ရေတွက်လိုက်သည်။ သီချင်းဆုံးခါနီး ဆယ်စက္ကန့်မှာ ဓားအက ကရမည့်အချိန်ဖြစ်ပြီး ၎င်းအပြီးတွင် ကယ်ဗင်အရှေ့သို့ထွက်လာခဲ့သည်။


ဤသည်မှာ သူ၏ Freestyle Rapရွတ်မည့်အချိန်ပင်။


ကယ်ဗင် သူ၏ဝှက်ဖဲကိုသုံးကာ တီးလုံးမပါဘဲ ၁၅စက္ကန့်ခန့် မနားတမ်းအင်္ဂလိပ်လိုဆိုပြလိုက်ချိန်တွင် ကြည့်နေသူများမှာ သူ၏ဖျော်ဖြေမှုကို သူတို့၏နှလုံးသားထဲမှပင် နားဆင်လိုက်ကြသည်။


ကြည့်နေသူများမှာ မနေနိုင်ဘဲ ထရပ်ကာ လက်ခုပ်လက်ဝါးတီးလိုက်ကြပြီး ထို့အတွက်ကြောင့်ပင် ဖျော်ဖြေမှုအရှိန်မှာ ထိပ်ဆုံးစီသို့ရောက်ရှိသွားရသည်။


ပရိသတ်၏တုံ့ပြန်မှုကို မြင်လိုက်ရချိန်တွင် ကယ်ဗင်မခိုးမခန့် ပြုံးလိုက်မိသည်။ နှစ်စက္ကန့်မျှအကြာတွင် သူ၏မျက်လုံးများမှာ ချီရှင်းချန်နှင့်လေထဲတွင် ဆုံတွေ့သွားရပြီး ဤသည်မှာ မရည်ရွယ်၍လား တမင်တကာလားတော့ မသိရပေ။


ကယ်ဗင် သူ၏အသံကိုနှိမ့်လိုက်သည်။


" Hey Bitches…"


ချီရှင်းချန် ရုတ်တရက် မကောင်းသော ခံစားမှုတစ်မျိုးကို ရရှိလာသည်။


" You can call me Kevin… I'm an American… ငါကနှစ်နှစ်ဆယ်ကျော် မချမ်းသာပေမယ့် နေ့တိုင်းကတော့ လွတ်လပ်တယ်…ငါကြားတာတော့ ဒီမှာကျော်ကြားချင်ရင် နောက်ခံနဲ့ငွေလိုတယ်တဲ့… But sorry မင်းတို့ငါ့ကိုဒီနေ့တွေ့ရလိမ့်မယ်… Haters မင်းတို့အညံ့မခံဘူးဆိုရင် ငါကမ

င်းတို့ကို နင်းချေသွားမှာ…ငါ Flowကိုသုံးပြီး အကောင်ကြီးတွေရဲ့ ပါးစပ်ကိုဘယ်လိုဆွဲဖြဲမလဲဆိုတာကိုပဲ စောင့်ကြည့်ကြစမ်း…"


ဤသည်မှာ ငါးစက္ကန့်မျှသာကြာလိုက်သည့်စာသားတစ်ကြောင်းပင်။