Chapter 90
ပရိသတ်များမှာ အစပိုင်းတွင် ဂရုတစိုက်နားထောင်နေကြသော်လည်း ခဏအကြာမှသာ လူတိုင်း၏မျက်လုံးများမှာ ပြူးကျယ်သွားရသည်။ သူတို့အားလုံးမှာ ထိုRapစာသား၏နောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုခုရှိနေသည်ဟု ခံစားမိလိုက်ကြသည်။
နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက် မပေါ်လာခင်အထိ လူတိုင်းမှာ ကယ်ဗင် ချီရှင်းချန်ကို dissခဲ့ခြင်းသတိမထားမိကြသေးပေ။
ထို့ထက်ပိုသည်မှာ ကယ်ဗင်သည်တရုတ်စကားကိုသုံး၍ ရွတ်ခဲ့ခြင်းကြောင့် ဤသည်မှာ ဗြောင်ကျကျစော်ကားခြင်းတစ်မျိုးပင်ဖြစ်သည်။
ထို အတောင်ကြီးကြီးဟူသောစကားမှာ ယမန်နေ့ကမှ ဖော်ထုတ်ခံလိုက်ရသော ချီဒုတိယသခင်လေးချီရှင်းချန်မှလွဲ၍ မည်သူဖြစ်နိုင်ပါမည်နည်း။
မည်သူကမှ ကယ်ဗင် ပြိုင်ပွဲအတွင်း ချီရှင်းချန်ကို လူရှေ့သူရှေ့မှာဗြောင်ကျကျလှောင်ပြောင်ရဲမည်ဟု မထင်မိခဲ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ ရက်ပါများ၏စစ်မှန်မှုဝိညာဉ်အတွက် မည်သူကမှ သူ့ကိုအပြစ်ပြောရဲမည်မဟုတ်ပေ။
ဤထက်ပိုသည်မှာ ယခုအချိန်သည်ပြိုင်ပွဲတစ်ခုဖြစ်နေသည့်အတွက် ဆရာတစ်ယောက် dissခံရလျှင်ပင် သူတို့၏ကိုယ်ပိုင်ရန်ငြိုးကြောင့် အမှတ်လျော့၍ မရနိုင်ပါ…
ထိုRapအပိုဒ်ကြောင့်ပင် ဖျော်ဖြေမှုလေထုတစ်ခုလုံးမှာ ယမ်းမှုန့်နံ့များပြည့်သွားခဲ့ရသည်။ ကြည့်ရှုနေသူများအားလုံးမှာ အဆိုအကများကို ကြည့်ရန်စိတ်မပါတော့ဘဲ ချီရှင်းချန်ကိုသာ ဝိုင်းကြည့်နေကြသည်။
သို့သော်လည်း ချီရှင်းချန်၏ အမူအယာမှာ ပြောင်းလဲခြင်းမရှိဘဲ လေးနက်နေမြဲသာဖြစ်သည်။
တစ်ဖက်တွင်မူ ပိုင်ရဲ့၏မျက်နှာမှာ ရေခဲကဲ့သို့အေးစက်နေကာ မျက်မှောင်ကြုတ်ထားခဲ့သည်။
ကျန်ရှိသောအပိုင်းများမှာ သိမ်မွေ့သောလေထုနှင့်သာ အဆုံးသတ်သွားခဲ့သည်။ ပြိုင်ပွဲဝင်ခြောက်ဦးမှာ အတန်းလိုက်ရပ်နေကြပြီး ဆရာများ၏စကားများနှင့် ပရိသတ်၏မဲပေးမှုကို စောင့်ဆိုင်နေကြသည်။
အခြားသောအဖွဲ့သားများမှာ ကယ်ဗင်၏စာသားကို ကြိုတင်မသိခဲ့ကြရသဖြင့် အနည်းငယ်ထိတ်လန့်နေကြသည်။ အခြေအနေကို ငြိမ်သက်စေရန်အတွက် ချန်ကျားရီမှ မိုက်ခရိုဖုန်းကိုယူကာ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီ၏ အကောင်းအဆိုးများကို စပြောလိုက်သည်။
ကယ်ဗင်၏အလှည့်သို့အရောက်တွင် ချန်ကျားရီ စကားအနည်းငယ်မျှသာပြောလိုက်ပြီးနောက် မေးလိုက်သည် " ယွီယန် ရှောင်ဝေ အခြားကော ဘာများပြောချင်တာရှိသေးလဲ… မရှိရင် ဒါကိုအဆုံးသတ်လိုက်ကြတာပေါ့…"
ဝေချင်မှ ခေါင်းသာငြိမ့်ပြလိုက်သည်။ ပြသနာရှာရာတွင်အတော်ဆုံးဖြစ်သော ကျန့်ယွီယန်သည်ပင် " ကောင်းပြီ နောက်တစ်ဖွဲ့ကို ခေါ်လိုက်ကြတာပေ့ါ.." ဟုသာပြောလာခဲ့သည်။
ထိုစဉ်…
" ခဏလေး…"
ပြိုင်ပွဲဝင်ခြောက်ဦးမှ နောက်သို့လှည့်ကာ စင်နောက်သို့ဝင်မည့်ဆဲဆဲတွင် ချီရှင်းချန်မှ လှမ်းခေါ်လိုက်သည်။
ပွဲသိမ်းသွားလေပြီ… လူတိုင်းမှာ သူတို့၏နှလုံးသားများ ပါးစပ်ထဲမှခုန်ထွက်လုမတတ်ပင် ဖြစ်ကုန်ကြသည်။ ဤသူနှစ်ဦး စကားများကြပေတော့မည် ..
အခြေအနေမှာ ယခုအဆင့်ထိရောက်လာခဲ့သောကြောင့် ပရိုဂရမ်အဖွဲ့မှ ကင်မရာများကို သူတို့နှစ်ဦးထံတွင်သာ အဓိကထိုးချိန်ထားလိုက်ကြသည်။ ချီရှင်းချန်၏ခွင့်မလွှတ်တော့မည့်အမူအယာကြောင့် ဒါရိုက်တာကြီးသည်လည်း လှောင်ပြောင်ခံရခြင်းကြောင့် ချီရှင်းချန်ဒေါသပေါက်ကွဲနေမှုဟု ခန့်မှန်းလိုက်မိသဖြင့် နောက်အပတ်တွင် ဤအပိုင်းကို အဓိက Highlightအဖြစ်သုံးရန် ပြင်ဆင်လိုက်သည်။
ချီရှင်းချန်မှာမူ ကင်မရာများကိုဖြစ်စေ နေရာပေါင်းစုံမှလာသည့်စိုးရိမ်နေသော သို့မဟုတ် ရန်ပြုလိုဟန်ရှိသောအကြည့်များကို ဂရုမစိုက်ခဲ့ချေ။
ချီရှင်းချန် ခေါင်းကိုမော့ကာ လက်မရှိခလုတ်ကို အသာအယာတွန်းလိုက်ပြီး တစ်စက္ကန့်အကြာတွင် စပီကာတွင်းမှ အေးစက်စက်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
" မင်းကိုယ်မင်းသိပ်တော်နေတယ်ထင်တယ်ပေါ့… ငါကမင်းကိုဒူးထောက်ရအောင်လုပ်ပြမှာ… ဒါကတရုတ်ပြည်ကစင်မြင့်ပဲ… မိုက်ခရိုဖုန်းကိုမဖွင့်ခင် မင်းမျက်လုံးတွေကို ပြောင်စင်အောင်သာ သုတ်ထားလိုက်…တရုတ်ကအိုင်ဒေါဖြစ်ချင်ရင် တရုတ်စာကိုအရင်လေ့လာထားလိုက်ဦး…တရုတ်ပြည်ကနေပိုက်ဆံရှာချင်ရင်… တရုတ်ရဲ့ယဉ်ကျေးမှုကိုလေးစားရမယ်…"
ချီရှင်းချန် ခဏရပ်လိုက်ပြီးနောက် ဆက်ရွတ်လိုက်သည် " မင်းလိုအမှိုက်မျိုးက အစိုနဲ့အခြောက်တော့ ခွဲထားသင့်တယ်နော်…အိုး ဆောရီး ငါတို့စီမှာက ပြန်သုံးတဲ့အမှိုက်တွေမရှိဘူးဆိုတာကိုမေ့သွားတာ … ဒါဆိုလည်း မင်းရဲ့အိုင်ကျူကိုဆေးပြီး လွတ်လပ်တဲ့မင်းရဲ့ A B C စီကိုပဲ ပြန်လစ်လိုက်တော့…."
အတွင်းကျကျနားလည်သူများမှာ ချီရှင်းချန်၏flowမှာ ကယ်ဗင်လောက်အဆင့်မမြင့်နေသည့်တိုင် အလွန်စည်းချက်မိကာ သူ၏ပြန်လည်တိုက်ခိုက်မှုမှာ အားမနည်းလှကြောင်းကို ပြောနိုင်ကြသည်။
ချီရှင်းချန်မှာ တွေးရဲ၊ပြောရဲ၊လုပ်ရဲသူဖြစ်သည်။ သူ၏ရက်ပါလမ်းကြောင်းတွင် ကျော်ကြားသူတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံရှိ မြေအောက်Rapပြိုင်ပွဲတွင်ပင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသူဖြစ်သူဖြစ်လေရာ သူ၏စာသားများမှာ ကယ်ဗင်၏စာသားများကဲ့သို့ သေချာပေါက်ယုတ်ညံ့နေခြင်းမရှိချေ။
ကယ်ဗင်မှာ သူ၏စာသားများကို ယခင်ကတည်းက ကြိုတင်ပြင်လာခဲ့သော်လည်း ချီရှင်းချန်မှာမူ လက်တန်းရွတ်ပြခဲ့ခြင်းဖြစ်သည်။ သူ၏ကျွမ်းကျင်မှုဖြင့် အဖွဲ့တွင်းရှိကျန်သောသင်တန်းသားများကို မထိခိုက်စေဘဲ ချက်ခြင်းတုံ့ပြန်နိုင်သောအရည်အချင်းမှာ ကြည့်ရှုနေသူများကို ကိုင်လှုပ်နိုင်ရန်လုံလောက်နေသည့်အတွက် အားလုံးမှ တပြိုက်နက်တည်းဟစ်အော်လာကြသည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း….
လက်ခုပ်သံများမှာ ဟိုတစ်စ ဒီတစ်စဖြင့် စတင်ထွက်ပေါ်လာကြပြီး တဖြည်းဖြည်းနှင့်ကျယ်ပြန့်လာခဲ့သည်။ ဆယ်စက္ကန့်မျှကုန်လွန်ပြီးနောက် ပြိုင်ပွဲနေရာတစ်ခုလုံးမှာ ချီရှင်းချန်ကြောင့် ပေါက်ကွဲထွက်သွားခဲ့ရသည်။
ဒါရိုက်တာနှင့်ကင်မရာအဖွဲ့သားများမှာမူ လုံးဝဆွံ့အသွားကြရသည်။ ဤပြိုင်ပွဲ၏စင်ပေါ်တွင် အကောင်းဆုံးအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သူမှာ သင်တန်းသားများမဟုတ်ဘဲ ဆရာဖြစ်သူချီရှင်းချန် ဖြစ်နေခဲ့သည်။
ဒီ ချီရှင်းချန်… ချမ်းသာတဲ့သူဌေးသားလေးကတော့ အနုပညာလောကထဲကို ဘဝအတွေ့အကြုံယူဖို့လာတာကောဟုတ်ရဲ့လား ဒါမှမဟုတ် မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့လာတာလားပဲ… အားလုံးမှာ တညီတည်းတွေးလိုက်မိကြသည်။
ဒါရိုက်တာမှ ကင်မရာမန်းကိုအရှေ့တိုး၍ အနီးကပ်ဆွဲယူရိုက်ရန် အချက်ပြလိုက်သဖြင့် ချီရှင်းချန်၏တည်ငြိမ်နေသောမျက်နှာနှင့် ကယ်ဗင်၏ရှက်ရွံ့နေသောမျက်နှာများမှာ ကင်မရာထဲတွင် လုံးဝပေါ်နေခဲ့သည်။
ကင်မရာမှ အဝါရောင်အလင်းမှာ ကယ်ဗင်၏မျက်လုံးစီသို့ အလင်းပြန်လာချိန်မှသာ အဆုံးတွင် သူ၏အမူအယာကို ထိန်းချုပ်ရန် သတိရသွားခဲ့သည်။ ကယ်ဗင်၏မျက်နှာပေါ်မှ အမူအယာမှာပျောက်ကွယ်သွားသည့်တိုင် သူ၏လက်မောင်းများမှာမူ ပို၍ပင်ခါယမ်းနေခဲ့သည်။
ကယ်ဗင် မိုက်ခရိုဖုန်းကိုပင် မကိုင်နိုင်တော့ပေ။
ထိုအမှိုက်ကောင်သူဌေးသားလေးမှ သူ့ကိုလူရှေ့တွင် ပြန်လည်တိုက်ခိုက်ရဲသည်မှာ ကယ်ဗင်အတွက် တွေးပင်မတွေးမိခဲ့သောအရာတစ်ခုဖြစ်သည်။
ထိုမျှသာမက သူ၏ပြန်လည်တိုက်ခိုက်မှုမှာ ကျွမ်းကျင်မှုအရတွင်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာအမြင်အရဖြစ်စေ လုံးဝအားမနည်းနေဘဲ သူ၏အားနည်းချက်ကို လုံးလုံးထိုးဖောက်သွားနိုင်ခဲ့သည်။
သူတရုတ်စာမသင်ချင်တော့ရော ဘာဖြစ်လို့လဲ… ကယ်ဗင်တွေးလိုက်မိသည်။
သူသည် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် တရုတ်တွင်ပွဲဦးထွက်ခဲ့ရလျှင်ပင် အနှေးနှင့်အမြန်ဆိုသလို သူ့နိုင်ငံသို့ပြန်ရမည်ဖြစ်သည်။
သူ့အတွက် ဤနေရာမှာ ကျော်ကြားမှုနှင့် ပိုက်ဆံတိုးလာရန်သာ ခဏလာသောနေရာဖြစ်လေရာ ပရိသတ်များထံ ချစ်တယ်နော်… မွ… မင်းကအရမ်းလှတာပဲ စသည့်ဖြင့် တစ်ခွန်းစနှစ်ခွန်းစပြောပေးရုံဖြင့်ပင် အလွန်ပရော်ဖက်ရှင်နယ်ဆန်နေပြီဖြစ်သည်။
ဘာလို့များ သူ့ခွန်အားတွေကို တရုတ်စာသင်ရင်း ဖြုန်းတီးပစ်ရမှာလဲ…
ဘာလို့ ဒီအမှိုက်ကောင်သူဌေးသားလေးက သူ့ကိုလွှတ်မပေးနိုင်ရတာလဲ…
တွေးလေလေ ဒေါသထွက်လာလေလေ ဖြစ်လာသောကြောင့် ကယ်ဗင် မိုက်ခရိုဖုန်းကိုကိုင်ကာ ချီရှင်းချန်နှင့် သူ၏တိုက်ပွဲကို ပြန်လည်စတင်ချင်ခဲ့သည်။ သို့သော်လည်း သူစကားမပြောမိခင်မှာပင် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
ရက်ပါများအကြားတွင်သာ ပြသနာတစ်ခုကိုဖြေရှင်းရန်အတွက် အချင်းချင်းdissရင်းဖြင့် တိုက်ခိုက်ကြခြင်းဖြစ်လေရာ သူ၏မသိစိတ်မှ ချီရှင်းချန်ကို ရက်ပါတစ်ယောက်အဖြစ် တွေးမိသွားလေပြီ။
အများသိသည့်အတိုင်းပင် ဤချမ်းသာသည့်မိသားစု၏ဒုတိယမျိုးဆက်အမှိုက်ကောင်မှာ သရုပ်ဆောင်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သော်လည်း ယခုအကြိမ်မှာ ပထမအဆုံးအဖြစ် လူထု၏အမြင်ကို ဂီတနှင့်ဖိချေသွားခြင်းပင်။
သူဘယ်လိုလုပ်ပြီး ချီရှင်းချန်ကို တူညီသည့်အဆင့်တွင် ထားမိသွားသည်နည်း။
တိုက်ပွဲများမှာ ဤအတိုင်းပင်။ သူတို့နှစ်ဦးကြား မည်မျှပင်အဆိပ်ပြင်းစွာဖြင့် ဆဲဆိုလှောင်ပြောင်နေကြပါစေ တစ်ဖက်ဖက်မှ အားအင်ကုန်ဆုံးသွားပြီး စာသားအသစ်မထွက်လာနိုင်တော့သည်နှင့် ဂိမ်းမှာပြီးဆုံးသွားပြီဖြစ်သည်။
ကယ်ဗင်၏စိတ်ထဲတွင် ဗလာဖြစ်သွားပြီး ရုတ်တရက်ဆိုသလို စာသားတစ်လုံးကိုမျှ စဉ်းစား၍မရတော့ပေ။
ကယ်ဗင်အတွေးလွန်နေစဉ်အတွင်း ဒါရိုက်တာ၏အသံမှာ ပိုင်ရဲ့၏ in-earအတွင်းသို့ ရောက်ရှိလာခဲ့သည်
" ရှောင်ချီကို နားချဖို့လုပ်ပါဦး… အနောက်မှာ အဖွဲ့တွေနည်းနည်းကျန်နေသေးတာ… ဒီအတိုင်းသာဆက်သွားရင် ပြိုင်ပွဲအပေါ်အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်…"
ပိုင်ရဲ့မှာမူ မကြားသလိုသာနေကာ သူ၏မျက်လုံးထောင့်မှ ချီရှင်းချန်ကို အကဲခတ်နေခဲ့သည်။ ချီရှင်းချန် သူ၏မိုက်ခရိုဖုန်းကိုပိတ်ကာ ဆက်မပြောမည့်ပုံရှိသည်ကို မြင်သည့်အခါမှ ပိုင်ရဲ့ တည်ငြိမ်စွာပြောလိုက်သည်။
" ကယ်ဗင်…"
ကယ်ဗင် ပိုင်ရဲ့ဘက်သို့ လှည့်ကြည့်လာသည်။
ဒါရိုက်တာကြီး : "...."
သောက်ကျိုးနည်းတွေဟေ့… ဒီနှစ်ယောက်က သီချင်းတစ်ပုဒ်တည်းဆိုနေကြတာပဲ [ Note - တစ်ကြိတ်တည်းတစ်ဉာဏ်တည်း ဖြစ်နေသည်ဟုဆိုပါသည် ]... သူတို့ကဒီကိစ္စကို ပေါက်ကွဲထွက်သွားတဲ့အထိ လုပ်ကြတော့မလို့လား..
မကြာခင် ခေါင်းကိုက်စရာကိစ္စများပေါ်လာတော့မည်ကို ခံစားလိုက်မိသဖြင့် ဒါရိုက်တာမှ ပိုင်ရဲ့ကို ဆက်မပြောရန် ကပျာကယာ တောင်းဆိုလိုက်ရသည်။ သို့သော်လည်း ပိုင်ရဲ့မှာမူ သူ၏လှည့်ကွက်အတွင်း ကျဆင်းသွားခြင်းမရှိချေ။ ကယ်ဗင် အသိပြန်ဝင်လာသည်ကို မြင်လိုက်ရပြီးနောက် အင်္ဂလိပ်ဘာသာဖြင့် မေးလိုက်သည် " တရုတ်မှာဆို အရင်တုန်းက ဆိုရိုးတစ်ခုရှိတယ်… ဒုတိယအကြိမ်ဆိုတာရှိပေမယ့် တတိယအကြိမ်ကတော့ မရှိနိုင်ဘူးတဲ့…မင်းကြားဖူးလား…"
ကယ်ဗင် သူ၏ခေါင်းကို ရှုပ်ထွေးနေဟန်ဖြင့် ယမ်းကာ " ဟင့်အင်း…" ဟုပြန်ဖြေလိုက်သည်။
" အဲဒီဆိုရိုးရဲ့အဓိပ္ပါယ်က…" ပိုင်ရဲ့ရှင်းပြလိုက်သည် " တချို့အမှားတွေက တစ်ခါ ဒါမှမဟုတ် နှစ်ခါဖြစ်ခဲ့ရင် မင်းရဲ့မသိနားမလည်မှုအတွက် ခွင့်လွှတ်ပေးလို့ရပေမယ့် တတိယ စတုတ္ထအကြိမ်သာဖြစ်လာပြီဆိုရင်တော့ မင်းကလုံးဝပြောင်းလဲပေးလို့မရဘူးဆိုတဲ့ အကျိုးသင့်အကြောင်းသင့်သံသယမျိုးရှိလာတော့မှာပဲ…"
ပိုင်ရဲ့ ခဏမျှရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်
" ပြိုင်ပွဲရဲ့အစောပိုင်းအဆင့်တွေတုန်းက ချီလောင်ရှီးက မင်းကိုတရုတ်ဘာသာစကားပြသနာအတွက် နှစ်ခေါက်သတိပေးခဲ့ဖူးတယ်…မင်းရဲ့ဂုဏ်သတင်းကို ကာကွယ်ပေးဖို့အတွက် အရမ်းကိုသိမ်သိမ်မွေ့မွေ့သတိပေးခဲ့တာ…"
ထိုစကားကို ကြားလိုက်ရချိန်တွင် ချီရှင်းချန် ကြောင်အသွားရသည်။
ကယ်ဗင်၏တရုတ်စာမလေ့လာခြင်းနှင့်ပတ်သက်၍ သူ့ထံတွင် မကျေနပ်ချက်များရှိနေသော်လည်း ပထမဆုံးအကဲခတ်မှုနှင့် ဇာတ်ဝင်သီချင်းကိုလက်ခံရချိန်၌ သူမည်သည့်အချိန်ကမှ ပြတ်ပြတ်သားသားမပြောခဲ့မိပေ။ ဤတစ်ခေါက်ပြိုင်ပွဲမစတင်ခင်အထိပင် ချီရှင်းချန်သည် ကယ်ဗင် ၎င်းကိုတွေးကာ ဘာသာစကားအတွက် ကောင်းကောင်းလုပ်လာမည်ဟု မျှော်လင့်နေမိသေးသည်။
ချီယွမ်ရှောင် ပြောထားသကဲ့သို့ပင် သူအနေဖြင့် မည်သည့်သင်တန်းသား၏အနာဂတ်ကိုမှ ဖျက်စီးပစ်မိ၍မရပေ။
ပိုင်ရဲ့မှာ ထိုအရာများအားလုံးကို မြင်သွားသည့်ပုံပင်။
ကယ်ဗင်၏စကားများကြောင့် နာကျင်နေရသော ချီရှင်းချန်၏စိတ်မှာ ချက်ချင်းဆိုသလို နာကျင်နေခြင်းများရပ်တန့်သွားပြီး ချီရှင်းချန် သူ၏လက်များကို ပျော်ပျော်ရွှင်ရွှင်ပွတ်လိုက်မိသည်။
ပိုင်ရဲ့မှာမူ ချီရှင်းချန် မည်မျှပျော်ရွှင်နေမိသည်ကို မသိသည့်အတွက် သူ၏အသံမှာ ပို၍ပင်အေးစက်လာသည်။
" ဒါပေမယ့် မင်းရဲ့ဒီနေ့ဖျော်ဖြေမှုကတော့ ငါ့ကိုစိတ်ပျက်သွားစေတယ်…မင်းက ချီလောင်ရှီးရဲ့မင်းအတွက် စေတနာနဲ့အားစိုက်ထုတ်ပေးထားတွေကို နားမလည်ရုံသာမက သူ့ကိုစော်ကားဖို့အတွက် စာသားတောင်ရေးခဲ့သေးတယ်…ဒီအပြုအမူက ငါ့ကို သေးသိမ်တဲ့စိတ်ထားမှာ စည်းမျဉ်းတွေမရှိဘူးဆိုတဲ့စကားကို နားလည်သွားစေတာပဲ…မင်းကိုးကွယ်တဲ့ဘာသာ နေထိုင်တဲ့နိုင်ငံက ဘယ်လောက်ပင် လွတ်လပ်နေပါစေဦး မင်းကအခုထိ တခြားနိုင်ငံတွေရဲ့ဓလေ့ကို တန်ဖိုးထားလေးစားပေးဖို့ မသိနေသေးတာပဲ…"
" ငါကတော့ လွတ်လပ်တယ်ဆိုတဲ့စကားအတွက်တောင် ရှက်မိပါသေးတယ်…မင်းရဲ့ကျဉ်းမြောင်းသေးသိမ်တဲ့စိတ်က ဘောင်ခတ်ထားတာကြောင့်မလို့ မင်းရဲ့စိတ်ဝိဉာဉ်ကလည်း လွတ်လပ်မနေဘူး…"
ဆရာတစ်ဦးအနေဖြင့် ချီရှင်းချန်မှာ သင်တန်းသားများ၏အနာဂတ်အတွက် ဂရုစိုက်နေခြင်းဖြစ်သည်။ ပိုင်ရဲ့မှာမူ ပြိုင်ပွဲတစ်ခုလုံး၏တာဝန်ရှိသူတစ်ဦးဖြစ်လေရာ ပြိုင်ပွဲ၏အလုံးစုံအပေါ် တရားမျှတမှုရှိရေးအတွက် သူအာရုံစိုက်ရပေမည်။
ပိုင်ရဲ့ ဆက်ပြောရန် အလွန်ပျင်းရိလာသည့်အတွက် နိဂုံးချုပ်ပေးလိုက်သည်
" ငါ့ခေတ်(My time)က တရုတ်ရဲ့အိုင်ဒေါကိုရွေးတဲ့ပရိုဂရမ်ပဲ…မင်းသာ ချီလောင်ရှီးကို ချက်ခြင်းတောင်းပန်ပြီး စင်ပေါ်ကဆင်းတာနဲ့ တရုတ်စာကိုစလေ့လာမယ်ဆိုရင်တော့ ငါတို့ကမင်းအတွက် မတူညီတဲ့ယဉ်ကျေးမှုတွေအကြား ညှိုနှိုင်းရင်းနဲ့ မင်းကိုလက်ကမ်းကြိုဆိုနေဦးမှာပါ… မဟုတ်ရင်တော့ အားနာပါတယ်…"
" မင်းရဲ့နာမည်က နောက်ဆုံးကြရင် ပွဲဦးထွက်မဲ့ခြောက်ယောက်ထဲမှာ သေချာပေါက်ပါမှာမဟုတ်ဘူး…"
ဝိုးးးးးး
နောက်ဆုံးစကားဆုံးသွားသည်နှင့် ကြည့်ရှူနေသူများမှာ ပေါက်ကွဲထွက်သွားကြရသည်။
ကြည့်ရှုနေသူများမှ ပရိုဂရမ်၏တည်းဖြတ်ထားသောအပိုင်းကိုသာ ကြည့်ခဲ့ကြရလေရာ အစောပိုင်းအဆင့်များတွင် မားကတ်တင်းကုမ္ပဏီမှ ကယ်ဗင်၏အားနည်းချက်များကိုမပေါ်စေရန် တိတ်တဆိတ်ဖုံးဖိပေးထားသည့်အတွက် လူတိုင်းထင်ကြသည်မှာ ကယ်ဗင်နှင့်ချီရှင်းချန်တို့၏အဓိကကတောက်ကဆမှာ သူတို့နှစ်ဦးစလုံး၏ဘီအဆင့်ကြောင့်သာ ဖြစ်သည်ဟုပင်။
ထို့ကြောင့် ကယ်ဗင်မှ ချီရှင်းချန်ကို dissလာချိန်တွင် လူတိုင်းမှာ ပွဲကြီးပွဲကောင်းတစ်ခုကြည့်ရသည်ဟုသာတွေး၍ မြိန်ရေယှက်ရေကြည့်ခဲ့ကြသည်။
ပိုင်ရဲ့နှင့်ချီရှင်းချန်တို့မှ သီးခြားစီတရုတ်ဘာသာဖြင့် မေးခွန်းများမေးလာသည့်အချိန်မှသာ သူတို့မှာသဲလွန်စတစ်ခုကို အနံ့ခံမိလိုက်ကြသည်။ သို့သော်လည်း လူထုမှ မည်သည့်အရာဖြစ်ကြောင်းကို မသိလိုက်ရသေးခင်မှာပင် ပိုင်ရဲ့မှာ ကယ်ဗင်ကိုရိုက်ချလိုက်လေပြီ။
ချီရှင်းချန်မှာကြမ်းတမ်းလှသော်လည်း ပိုင်ရဲ့မှာမူ ချီရှင်းချန်ထက်ပင် ပို၍ကြမ်းတမ်းလှသည်။
ကယ်ဗင်၏မောက်မာတတ်သောစိတ်ဓာတ်အရ သူမည်သို့များချီရှင်းချန်ကို တောင်းပန်နိုင်ပါမည်နည်း။
ကယ်ဗင် မိုက်ခရိုဖုန်းကို ပစ်ပေါက်ကာ သူ၏အဖွဲ့ကိုနောက်တွင်ထားခဲ့ပြီး နှုတ်ပင်မဆက်ဘဲ အဆောင်သို့ပြန်သွားခဲ့သည်။ နှစ်နာရီအကြာ ပိုင်ရဲ့နှင့်ချီရှင်းချန်တို့ရိုက်ကူးရေးအပြီးတွင် သတင်းများကို လက်ခံလိုက်ကြရသည်။
ကယ်ဗင် ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့သည်။
ဤသည်မှာ ကယ်ဗင်အတွက်အကောင်းဆုံးရွေးချယ်မှုပင်။ စင်ပေါ်တွင်ဆက်နေကာ သူ၏ပုံစံအမှန်ကို တဖြည်းဖြည်းထုတ်ဖော်မိမည့်အစား ပရိသတ်များ၏အတွေးထဲ သူရှိနေဆဲတွင်ထွက်ခွာသွားခြင်းက ပို၍ကောင်းသေးသည်ပင်။
ချီရှင်းချန် စင်ပေါ်မှဆင်းတော့မည်ပိုင်ရဲ့ကို လှမ်းတားလိုက်သည် " ခဏလေးနေပါဦး…"
ပိုင်ရဲ့ တစ်သုတ်ပြီးတစ်သုတ် ထွက်သွားနေသည့်ကြည့်ရှုသူများကိုကြည့်ကာ ပြောလိုက်သည် " စင်နောက်မှပြောတာပေါ့…"
" ရပါတယ်… ကျွန်တော့်အတွက်ကူပြောပေးလို့ အစ်ကို့ကိုကျေးဇူးတင်ချင်တာပါ…ဒါပေမယ့် နောက်တစ်ခေါက်ကြရင်တော့ ကျွန်တော့်ကို မကူပေးပါနဲ့တော့နော်… ကျွန်တော့်ကြောင့်အစ်ကို့စီ အမုန်းတွေပဲရောက်လာဦးမယ်ရယ်…"
သူတို့နှစ်ဦး သေချာပေါက်ကို သင်တန်းသားတစ်ယောက်ကို ပြိုင်ပွဲမှထွက်ခွာရန် ဖိအားပေးမိခဲ့ခြင်းအတွက် ဆူဆဲခံရဦးမည်ပင်။
" ကိုယ်မင်းကိုကူပေးနေတာမဟုတ်ပါဘူး… ပွဲရဲ့တာဝန်ရှိသူတစ်ဦးအနေနဲ့ ကိုယ်ရဲ့တာဝန်တွေက မင်းထက်တောင်လေးလံနေဦးမယ်…ပြီးတော့…" ပိုင်ရဲ့ နှာခေါင်းရှုံ့လိုက်ပြီး " ဒီလောက်ပိုးကောင်အသေးလေးအတွက် စိတ်ပူနေဖို့မလိုပါဘူး… ဘာမှစိတ်ထဲထားမနေနဲ့…"
သေချာပေါက်ပင် လက်ရှိပိုင်ရဲ့၏အနုပညာအတွင်းရှိလွှမ်းမိုးနိုင်မှုအရဆိုလျှင် ကယ်ဗင်မှာမည်သို့မျှစင်မြင့်ပေါ်သို့ ထပ်မရောက်လာအောင် လုပ်နိုင်စွမ်းရှိသည်ကို ချီရှင်းချန်သိနေခဲ့သည်။
သို့သော်လည်း သူ ပိုင်ရဲ့ လူထုထံမှ အပြစ်တင်ကြိမ်းမောင်းခံရမည်ကို မမြင်ချင်ပေ။ ဤသည်မှာ သူကိုယ်တိုင်ကြိမ်းမောင်းခံရသည်ထင်ပင် ပို၍ဆိုးသေးသည်။
" အင်းပါ… ကိုယ့်သာယုံလိုက်နော်
ဟုတ်ပြီလား…" ပိုင်ရဲ့ ချီရှင်းချန်၏ကိုယ့်ကိုကိုယ်အပြစ်တင်နေပုံရသောမျက်နှာငယ်လေးကိုကြည့်ကာ သူ၏လည်ဂုတ်ပေါ်သို့ နှစ်ကြိမ်မျှညှစ်၍ နှစ်သိမ့်ပေးလိုက်သည်။
" အိုး အိုး အိုး အိုး…"