Chapter 91
ပွဲကြည့်စင်မှထွက်ခွာရန်ပြင်နေသည့်မိန်းကလေးနှစ်ယောက်မှ ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် အော်ဟစ်လာကြသည်
" အိုက်ယိုးးး ရဲ့ကောနဲ့ရှင်းရှင်း ညီမတို့ကိုလက်မှတ်လေးထိုးပေးလို့ရမလားဟင်…"
ပိုင်ရဲ့မှာ ဖန်များမှလက်မှတ်ထိုးပေးရန် တောင်းဆိုလာချိန်တွင် ငြင်းဆိုခဲလှသူဖြစ်သည်။ ထို့ကြောင့် ခေါင်းငြိမ့်ကာ ချီရှင်းချန်၏လည်ဂုတ်ကိုအနောက်မှကိုင်၍ အရှေ့သို့တွန်းပို့ပေးလိုက်သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ချီရှင်းချန် တစ်စုံတစ်ခုမှာ မှားယွင်းနေသည်ကို သဘောပေါက်သွားခဲ့သည်။
ဒီကောင်မလေးနှစ်ယောက်ကိုကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ…မဟုတ်မှလွဲရော… သူ သူတို့က…
သူတို့က သူစင်ပေါ်မှတွေ့ခဲ့တဲ့ ကျိုရဲ့ရှင်းချန်ဖန်တွေမဟုတ်ဘူးလား…
ချီရှင်းချန် ချက်ချင်းဆိုသလို ထိတ်လန့်သွားပြီး " ကျ ကျွန်တော်တို့ လက်မှတ်မထိုးတော့ဘူးလေ…"
" ဘာလို့လဲ…"
" ဒါရိုက်တာကြီးက အားချင်းခေါ်ခိုင်းလိုက်တာကို… အလုပ်ကိစ္စက ပိုအရေးကြီးတာပေါ့…"
" ဖန်တွေအတွက် လက်မှတ်ထိုးပေးတယ်ဆိုတာကလည်း အလုပ်ကိစ္စပဲလေ…ဘာပဲဖြစ်ဖြစ် မိနစ်နည်းနည်းပဲကြာမဲ့ကိစ္စကို…" ပိုင်ရဲ့မှာ နားလည်ပုံမရချေ " လာပါ…"
အခြားသောအကြောင်းပြချက်ရှာ၍မရတော့သောကြောင့် ချီရှင်းချန် ပိုင်ရဲ့၏အရှေ့သို့တွန်းပို့ခြင်းကိုသာခံလိုက်ရသည်။ စောင့်ဆိုင်းနေကြသည့်မိန်းကလေးနှစ်ဦးမှာမူ စိတ်လှုပ်ရှားမှုများဖြင့် ရှက်သွေးဖြာကြလေသည်။
" ဘယ်နားမှာ ထိုးပေးစေချင်လဲ…" ပိုင်ရဲ့ မေးလိုက်သည်။
မိန်းကလေးနှစ်ယောက်မှာ အချင်းချင်းတစ်ချက်ကြည့်ကာ သူတို့၏လက်မှတ်ဖြတ်ပိုင်းများနှင့်ဘောပင်ကို ထုတ်လိုက်ပြီး " ဒီမှာထိုးပေးပါနော်… ကျေးဇူးတင်ပါတယ် ရဲ့ကော…"
" လက်မှတ်ဖြတ်ပိုင်းတွေလား…" ပိုင်ရဲ့ မေးလိုက်မိသည် " မင်းတို့ရဲ့ဆိုင်းဘုတ်တွေကော…"
ထိုမိန်းကလေးများမှ လက်မှတ်ဖြတ်ပိုင်းများကိုသာ ထုတ်လာကြသည့်အတွက် ချီရှင်းချန် စိတ်အေးသွားရသည်။ သို့သော်လည်း ပိုင်ရဲ့မှ ထိရှနိုင်မည့်နေရာကို ထုတ်မေးလာခဲ့သည့်အတွက် ချီရှင်းချန် ထပ်မံ၍ မလွယ်ကူသလို ခံစားလိုက်ရလေသည်။
ကျော်ကြားမှုတိုးလာရန်အတွက် အတုအယောင်စီးပွားရေးဆန်ဆန်ပတ်သက်ခြင်းမှလွဲ၍ အနုပညာရှင်အများစုမှာ စုံတွဲအဖြစ်သတ်မှတ်ခံရခြင်းကို ဆန့်ကျင်လေ့ရှိကြသည်။ ပိုင်ရဲ့သည်လည်း ထိုကဲ့သို့တွဲပေးခြင်းမျိုးအား ကြိုက်သည်လား မကြိုက်သည်လားကို ချီရှင်းချန်မသေချာနေပါ။ သို့သော် မကြိုက်နိုင်မည့်ရာခိုင်နှုန်းမှာ ပို၍များနေပေလိမ့်မည်ပင်။
CP ဖန်များသည်လည်း ချီရှင်းချန်ကဲ့သို့ တွေးမိကြသည့်အတွက် သူတို့၏အိုင်ဒေါထံမှအမုန်းမခံချင်ကြသောကြောင့် ဆိုင်းဘုတ်များကို ထုတ်မပြရဲခဲ့ပေ။
ထို့ကြောင့် မိန်းကလေးတစ်ယောက်မှ ပြောလာခဲ့သည်
" ညီမတို့ရဲ့ ဆိုင်းဘုတ်တွေက… အရမ်းတော့မကောင်းဘူးရယ်…
" ဆိုင်းဘုတ်က ကျွန်တော်တို့ပုံတွေနဲ့ပဲမလား…ဘာပြသနာရှိလို့လဲ…" ပိုင်ရဲ့မှ တည်ငြိမ်စွာပြောလာသည်
" လက်မှတ်ဖြတ်ပိုင်းတွေက ရေရှည်သိမ်းထားလို့မှ မလွယ်တာပဲ ဆိုင်းဘုတ်ကိုပဲသုံးကြတာပေါ့…"
ချီရှင်းချန် : " !!!!!!! "
သူနားကြားများမှာတာလား… ပိုင်ရဲ့က ဒီမိန်းကလေးနှစ်ယောက်ကို CP ဖန်တွေမှန်းသိနေတယ်….
ဒါဆိုရင် ပိုင်ရဲ့က… သူနဲ့စုံတွဲအဖြစ် shipပေးတာမျိုးကို မငြင်းဘူးပေါ့..
ချီရှင်းချန် မနေနိုင်ဘဲ ပိုင်ရဲ့ကိုကြည့်လိုက်ချိန်တွင် ပိုင်ရဲ့မှ သူ့စိတ်ထဲရှိမေးခွန်းကို အပြုအမူဖြင့် သက်သေပြပေးလိုက်သည်။
ပိုင်ရဲ့ ဆိုင်းဘုတ်များကိုယူကာ တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏ပုံပေါ်တွင် လက်မှတ်ထိုးပေးလိုက်ပြီးနောက် ချီရှင်းချန်ဆီသို့ ပေးလိုက်ပြီး " မင်းအလှည့်ပဲ…" ဟုပြောလာခဲ့သည်။
ချီရှင်းချန် ရှုပ်ထွေးနေမိသည်။ သေချာပေါက်ပင် ထိုမိန်းကလေးနှစ်ဦးမှာမူ ချီရှင်းချန်ထက်ပင် ပို၍ရှုပ်ထွေးသွားကြကာ အဘယ့်ကြောင့် ပန်းများနီရဲနေရကြောင်းကို နားမလည်နိုင်ဖြစ်နေကြရသည်။
လက်မှတ်ထိုးပြီးနောက် ဖန်များထွက်သွားခဲ့သည်။ ချီရှင်းချန် တွေးထားသည့်အတိုင်းပင် အတန်း၏ဒါရိုက်တာလဲ့ဇီမှာ သူတို့နှစ်ဦးကို အစည်းအဝေးခန်းထဲတွင် စောင့်ဆိုင်းနေခဲ့သည်။
ဤအခြေအနေ၌ တစ်ဦးမှာကြည့်ရှုနှုန်းအတွက် အာမခံပေးနိုင်သူဖြစ်ပြီး ကျန်တစ်ဦးမှာမူ ဥက္ကဌသူငယ်ချင်း၏ညီငယ်လေးဖြစ်နေပေရာ ပရိုဂရမ်အဖွဲ့မှ သူတို့ကိုမည်သို့မျှအရေးယူ၍မရဘဲ နောက်လာမည့်အကျော့အကြောင်းကို သွေးအန်ရင်းဖြင့်သာ ရှင်းပြလိုက်ရသည်။
ကယ်ဗင်၏နှုတ်ထွက်သွားခြင်းမှာ နောက်လာမည့်ပြိုင်ပွဲအသုတ်အတွက် သက်ရောက်မှုမရှိခဲ့ပေ။ ယနေ့ပြိုင်ပွဲ၏ပထမဆုံး အတန်းအားလုံးစာအမှတ်စာရင်းကိုထုတ်ပြန်ပြီးနောက် ကယ်ဗင်အပါအဝင် ၂၂ယောက် ထုတ်ပယ်ခံရကာ ကျန်ရှိသည့် ၆၆ယောက်သောပြိုင်ပွဲဝင်များမှာ နောက်လာမည့်အသုတ်ဖြစ်သည့် အဖွဲ့လိုက်လွတ်လပ်စွာယှဉ်ပြိုင်ရမည့်အဆင့်သို့ တက်ရောက်သွားကြပြီဖြစ်သည်။
ပြိုင်ပွဲ၏ဒုတိယအကျော့တွင် ထိပ်တန်းပြိုင်ပွဲဝင်ဆယ်ဦးမှာ အသင်းခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်ကာ သူတို့၏အဆင့်အလိုက် သီချင်းများရွေးချယ်နိုင်ပြီး ကျန်ရှိသည့်ပြိုင်ပွဲများမှာမူ သူတို့၏အဆင့်အလိုက် အသင်းများကို ရွေးချယ်နိုင်သည်။
အဆင့်မြင့်လေလေ သူတို့သဘောကျသည့်သီချင်းနှင့်သန်မာသောအဖွဲ့သားများကို ရရှိလေလေဖြစ်ကာ အဆင့်နိမ့်လေလေ အန္တရာယ်များလေလေဖြစ်သည်။
ဤသည်မှာ အသက်ရှင်ကျန်ရေးအတွက် အကောင်းဆုံးတိုက်ပွဲဝင်ရမည့်စစ်ပွဲတစ်ခုပင်။ ပရိုဂရမ်အဖွဲ့မှ ဒုတိယအကျော့၏အတန်းအားလုံးစာအဆင့်များကို ထုတ်ပြန်ပြီးချိန်၌ ပထမအကျော့ကလိုပင် ၆၆ယောက်ထဲမှ ၄၅ယောက်မှာ ချက်ချင်းဆိုသလို ထုတ်ပယ်ခံလိုက်ရသည်။
ပြိုင်ပွဲမှာ တစ်ဆင့်ထက်တစ်ဆင့် ပို၍ရက်စက်လာခဲ့သည်။
ချီရှင်းချန် ပြိုင်ပွဲစည်းမျဉ်းများအကြောင်းကို ကြားလိုက်ရချိန်၌ မနေနိုင်ဘဲ အတန်းFအတွက် ချွေးပြန်သွားရသည်။ သို့သော်လည်း မမျှော်လင့်စွာဖြင့် အတန်းFမှာ ယခုအကျော့တွင် ကောင်းစွာလုပ်ဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ခုနစ်ဦးကျန်ရစ်ကာ မူလတွေးထားသည့်နှစ်ဦးထက်စာလျှင် များစွာရလဒ်ကောင်းနေခဲ့သည်။
အလုပ်ကြိုးစားပါက အောင်မြင်မှုရနိုင်ရန်မှာ မသေချာသေးသော်လည်း လုံးဝမကြိုးစားခဲ့ပါက သေချာပေါက်အောင်မြင်မှုမရရှိနိုင်ပါဟူသော စကားကို လက်တွေ့မြင်နေရခြင်းပင်။
အစည်းအဝေးအပြီးတွင် ချီရှင်းချန် သူ၏ပစ္စည်းများကိုသိမ်းကာ အခန်းထဲမှ အလျင်အမြန်ထွက်သွားခဲ့သည်။ ပရိုဂရမ်အဖွဲ့အနေဖြင့် ထုတ်ပယ်ခံရသောပြိုင်ပွဲဝင်များကို ဆက်မနေဘဲ အမြန်နိုင်ဆုံးထွက်ခွာပေးရန်လိုအပ်သောကြောင့် ချီရှင်းချန် သင်တန်းသားများ၏အဆောင်သို့ အပြေးသွားကာ အတန်း Fတွင် မကျန်ရစ်နိုင်ခဲ့သောသင်တန်းသားများကို နောက်ဆုံးအနေဖြင့် တစ်ကြိမ်မျှတွေ့လိုခဲ့သည်။
ထွက်လာသည်နှင့် ပိုင်ရဲ့သည်လည်း အဆောင်ဘက်သို့ ဦးတည်ထားသည်ကို မြင်လိုက်ရသည့်အတွက် ချီရှင်းချန်လှမ်းမေးလိုက်မိသည်
" အစ်ကို နောက်ထပ်ရိုက်ကူးရေးရှိသေးလို့လား…"
" ဟင့်အင်း ကိုယ့်ရိုက်ကူးရေးမှ နက်ဖြန်မှလေ မင်းနဲ့အတူတူပဲ…" ပိုင်ရဲ့ပြန်ဖြေလိုက်သည်
" ကယ်ဗင့်ရဲ့အသင်းသားတွေကို တစ်ချက်သွားကြည့်မလို့ပါ…"
ကယ်ဗင်၏အသင်းသားအားလုံးမှာ အမှတ်များသူများဖြစ်ကြသော်လည်း ဤကဲ့သို့သောဆိုးရွားသည့်အဖြစ်အပျက်နှင့် ဆုံတွေ့ရပြီးနောက် သူတို့စိတ်အခြေအနေကောင်းနေနိုင်လိမ့်မည်မဟုတ်ပေ။
" ကျွန်တော်လည်း အတန်းFကိုသွားတွေ့မလို့…" ချီရှင်းချန် ပြောလိုက်သည် " ဒါဆို အတူသွားကြတာပေါ့…"
သူတို့နှစ်ယောက်စကားပြောရင်းဖြင့် သင်တန်းသားအဆောင်စီသို့ လျှောက်လာခဲ့ကြသည်။ အတန်းF၏အဆောင်မှာ ဒုတိယထပ်တွင်ရှိနေသောကြောင့် ချီရှင်းချန် ပိုင်ရဲ့နှင့်အတူ အပေါ်ထပ်သို့လိုက်တက်လာခဲ့သည်။
ထောင့်သို့ချိုးကွေ့လိုက်သည်နှင့် ချီရှင်းချန် သူ၏ရှေ့မှမြင်ကွင်းကြောင့် ကြောင်အသွားရသည်။
စင်္ကြန်အသေးလေးထဲတွင် အဝတ်သေတ္တာသုံးဆယ်ကျော်မျှကို နံရံကပ်တွင်ကာစုထပ်ထားပြီး အတန်းFမှထုတ်ပယ်ခဲ့ရသောကျောင်းသားများမှာ သုံးတန်းစီ တန်းစီထားခဲ့သည်။
သူတို့၏အရှေ့တွင် လက်ထဲတွင်ကိတ်မုန့်ကြီးတစ်ခုကိုကိုင်လျက် ဝူချန်ရပ်နေခဲ့သည်။ ကိတ်မုန့်မှာရိုးရှင်းပြီး မျက်နှာပြင်ပေါ်တွင် စာလုံးရှစ်လုံးကိုသာ အနီရောင်ယိုဖြင့်ရေးထားခဲ့သည်။
[ ရှောင်ချီလောင်ရှီး ကျွန်တော်တို့ချစ်တယ် ]
ချီရှင်းချန်၏မျက်လုံးများ ရုတ်တရက်နီမြန်းသွားခဲ့သည်။
ပရိုဂရမ်အဖွဲ့မှ သူတို့ကိုလေဆိပ်ပြန်ပို့ရန် ကားစီစဉ်ပေးထားပြီးပြီဖြစ်သောကြောင့် သူတို့အတူထမင်းစားရန် အချိန်မရတော့သဖြင့် ချီရှင်းချန် မူလက သူတို့အထုပ်ပြင်ရာတွင်သွားရောက်ကူညီပေးမည်ဟု စီစဉ်ထားခြင်းဖြစ်သည်။
အဆုံးကြ… ဒီကောင်စုတ်လေးတွေကတော့လေ…
စင်္ကြန်ပေါ်တွင် ကင်မရာနှစ်လုံးရှိကာ အရှေ့တစ်လုံး အနောက်တစ်လုံးဆင်ထားပြီး ထွက်ခွာသွားသောသင်တန်းသားများကို ရိုက်ကူးနေခဲ့သည်။ ချီရှင်းချန် သက်ပြင်းတစ်ချက်ချကာ စိတ်တိုဟန်ဆောင်လိုက်ပြီး " ဘာလို့ကိတ်မုန့်လုပ်ကြတာလဲ… ငါ့မွေးနေ့မှမဟုတ်တာကို…"
ဝူချန် ယခင်သူ၏စစနောက်နောက်ပုံစံမှပြောင်းကာ တစ်ချက်ရှိုက်လိုက်ပြီးနောက် ဖြေလိုက်သည်
" ရှောင်ချီလောင်ရှီးကဘာကြိုက်မှန်းမသိတာနဲ့ ကျွန်တော်တို့လဲကိတ်မုန့်ပဲပြင်ထားလိုက်တာလေ…"
ထို့နောက် သူ၏အသံမှာဆို့နစ်နေခဲ့သည် " အတန်းFကမရှိတော့ဘူးလေ… ကျွန်တော်တို့လည်းသွားရတော့မယ်… ကျွန်တော်တို့လောင်ရှီးကို ကျန်းကျန်းမာမာနဲ့ ကိုယ့်ခန္ဓာကိုယ်ကိုဂရုစိုက်ပြီး ဒီလိုပဲဆက်ချောနေပါစေလို့ မျှော်လင့်ပါတယ်နော်… ပြီးတော့ ဒီကိတ်မုန့်အရသာလေးနဲ့ကျွန်တော်တို့အားလုံးကိုလည်း မှတ်မိနေပေးမယ်လို့ မျှော်လင့်မိပါတယ်…"
"...."
ချီရှင်းချန်၏နှလုံးသားမှာတင်းကြပ်သွားပြီး မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။ အချိန်အတော်ကြာမှသာ သူ၏ခံစားချက်များကိုဖိနှိပ်လိုက်ပြီး " ဘယ်လိုလုပ်ပြီးမေ့သွားမှာလဲ… ဒီနေ့စင်ပေါ်မတက်ခင်တုန်းက ပြောခဲ့တယ်မလား… ပြိုင်ပွဲအတွင်းမှာ ငါ့ရဲ့သင်တန်းသားတွေဖြစ်ပြီး ပြိုင်ပွဲအပြင်မှာဆို သူငယ်ချင်းတွေဖြစ်နေဦးမှာပါလို့…ငါတို့မှာအဆက်အသွယ်လုပ်ဖို့အချိန်တွေအများကြီးကျန်ပါသေးတယ်…."
သူငယ်ချင်းတွေလား…
ဝူချန် ခေါင်းယမ်းလိုက်မိသည်။
" ရှောင်ချီလောင်ရှီး လေ့ကျင့်ရေးခန်းမမှာတုန်းက လောင်ရှီးပြောတာမှန်တယ်…ကျွန်တော်တို့အားလုံးဒီကိုမလာခင်တုန်းက နာမည်ကြီးလာဖို့ကိုပဲ အိမ်မက်မက်နေမိကြတာ…တခြားပြိုင်ပွဲတွေ ဘယ်လောက်သန်မာတယ်ဆိုတာကို မြင်လိုက်ရတာနဲ့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အားလုံးကြောက်သွားခဲ့မိတယ်…"
" အဆုံးထိမြင်နိုင်ပါ့မလားဆိုတဲ့ခံစားချက်မျိုးကို လောင်ရှီးတွေ့ကြုံဖူးပါ့မလားတော့မသိပေမဲ့ ကျွန်တော်တို့ တကယ်ကြိုးစားခဲ့ကြပါတယ်… အပြုအမူတွေအရမ်းမကောင်းနေရင်ဖြစ်စေ အရမ်းနောက်ကျမှဒီနယ်ပယ်ထဲဝင်လာမိတာပဲဖြစ်စေ ဒါမှမဟုတ် တုံးအနေခဲ့ရင်ပဲဖြစ်စေ အတိုချုပ်ရရင် ကျွန်တော်တို့ဘယ်လောက်ပဲ ကြိုးစားခဲ့ကြပါစေ တစ်နှစ်လောက်တောင်မလေ့ကျင့်ရသေးတဲ့သူလောက်တောင်ကောင်းမနေခဲ့ဘူးလေ…"
" ဒီကိုစရောက်ချိန်တုန်းက ကျွန်တော်တို့ထက်သာတဲ့လူဆိုတာ အမြဲရှိနေမှန်းသိသွားတော့ အဖြုတ်ခံရမှာသေချာနေတာနဲ့ ကောင်းကောင်းမလေ့ကျင့်မိခဲ့ဘူး…"
" လောင်ရှီးနဲ့မတွေ့ရခင်အထိပေါ့…လောင်ရှီးပြောခဲ့တာလေ စင်မြင့်ဆိုတာအရမ်းတောက်ပပြီး ကြီးမားတဲ့အတွက် စင်ပေါ်မတက်ခင်ကောင်းကောင်းကြိုးစားဖို့နဲ့ အချိန်တွေရှိသေးကြောင်းပေါ့… အတူလေ့ကျင့်ပေးမယ်လို့လည်း ပြောခဲ့တယ်လေ…"
" ကျွန်တော်တို့လောင်ရှီးကြောင့် ထိရှသွားကြတာနဲ့ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ကြဖို့ စပြီးစဉ်းစားမိကြတာပါ…"
ဝူချန် အပေါ်သို့မော့ကာ ကြိုးကြိုးစားစားမျက်တောင်ခတ်ရင်းဖြင့် မျက်ရည်များကိုထိန်းချုပ်နေခဲ့သည်
" အခုကြည့်ရတာတော့ ရလဒ်တွေကကောင်းခဲ့ပုံပဲနော်…အဆုံးကြတော့ ခုနစ်ယောက်တောင် ကျန်ခဲ့တယ်လေ… ဒါကျွန်တော်တို့စဉ်းစားနိုင်တာထက်ပိုတဲ့ အကောင်းဆုံးရလဒ်ပါပဲ…"
" ဒီနေ့အဖြုတ်ခံရတဲ့ကျွန်တော်တို့တတွေလည်း စိတ်မကောင်းမဖြစ်ကြပါဘူး… ဒီနေ့စင်မြင့်ပေါ်မှာအရမ်းပျော်ခဲ့ကြပြီးတော့ လောင်ရှီးနဲ့အချိန်ကောင်းတွေကိုလည်း ပိုင်ဆိုင်ခဲ့ရတယ်လေ…"
" ရှောင်ချီလောင်ရှီး…" ဝူချန် သူ၏အနောက်မှ မျက်ရည်များကိုထိန်းချုပ်နေသည့်ကောင်လေးများကို လှည့်ကြည့်လိုက်ပြီး " ကျွန်တော်တို့ လောင်ရှီးကိုဖက်လို့ရမလားဟင်…."
ဖက်လို့ရနိုင်မလား….
ချီရှင်းချန် မည်သည့်စကားမှမဆိုဘဲ သူ၏လက်များကိုသာ ဆန့်ပေးလိုက်သည်။
လေ့ကျင့်ရင်းဖြင့်ကုန်ဆုံးခဲ့ရသောမှောင်မိုက်သောနေ့ရက်များနှင့် မည်သည့်နေရာကိုသွားကြရမည်အားမသိနေသော လမ်းပျောက်သည့်မနက်ဖြန်များဖြင့် အားလုံး၏ငိုကြွေးသံများထွက်ပေါ်လာခဲ့သည်။
အတိတ်တွင်ဖြစ်စေ အနာဂတ်တွင်ဖြစ်စေ ခံနိုင်ရည်ရှိပြီးခဲ့သောသူတို့အားလုံးမှာ ယနေ့အကြောင်းကိုတွေး၍ အမြဲတိုင်းခံနိုင်ရည်ရှိအောင် ကြိုးစားကြမည်ဖြစ်သည်။
" ရှောင်ချီလောင်ရှီး …" ချီရှင်းချန် ငိုကြွေးသံများကြားမှ စကားတစ်ခွန်းကိုကြားလိုက်ရသည် " လောင်ရှီးက သူငယ်ချင်းမဟုတ်ပါဘူး…"
" ထာဝရကျွန်တော်တို့ရဲ့ဆရာဖြစ်နေမှာပါ.."
ပိုင်ရဲ့ အတန်း Dနှင့် Fတို့ကို အစောပိုင်းအဆင့်ကပင် စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရိုက်ကူးရေးမှာ ဟိုတစ်ပိုင်း ဒီတစ်ပိုင်းစီဖြစ်နေသည့်အတွက်ကြောင့်သာ အတန်းနှစ်ခုစလုံးကို လိုက်မကြည့်တော့ခြင်းဖြစ်သည်။ ချီရှင်းချန် အတန်း Fကိုလေ့ကျင့်ပေးနေကြောင်း သူကြားခဲ့ရသော်လည်း မည်မျှအတိုင်းအတာထိသွားခဲ့မည်ကို ပိုင်ရဲ့သိမနေခဲ့ပေ။
သို့သော်လည်း ချီရှင်းချန်နှင့်အတန်းFတို့အကြားတွင် ထိုမျှသန်မာသောသံယောဇဉ်ရှိကြမည်ကိုမူ သူလုံးဝမတွေးမိခဲ့ချေ။ မည်သူမဆို ချီရှင်းချန် အတန်းFအပေါ်အလွန်အလေးအနက်ထားကြောင်း ခန့်မှန်းနိုင်နေသည့်အတွက် ပိုင်ရဲ့ ကျေနပ်မိခြင်းကော အနည်းငယ်စိတ်မကောင်းခြင်းကိုပါ ခံစားလိုက်ရပြီး အနောက်သို့အနည်းငယ်ဆုတ်ပေးလိုက်သည်။
ထုတ်ပယ်ခံရသောပြိုင်ပွဲဝင်များကို ပြန်လည်ပို့ဆောင်ရာတွင် တာဝန်ရှိသည့်ပွဲစီစဉ်သူတစ်ဦးအနေဖြင့် သူတို့အားလုံးမျက်ရည်နှင့်နှပ်များဖြင့် ပြည့်နေချိန်တွင် အလျင်စလိုမလုပ်သင့်သည့်အတွက် ပိုင်ရဲ့ သူတို့အားလုံးကိတ်မုန့်ကုန်အောင်စားပြီးသည်အထိ စောင့်ပေးနေခဲ့သည်။
အားလုံးမှာ ဉာဏ်ကောင်းသောကလေးများသာ ဖြစ်ကြသည်။ အဆုံး၌ ဝူချန်သည် အချိန်ကျပြီဖြစ်ကြောင်း ခံစားလိုက်ရပြီး ရိုက်ကူးရေးကို မနှောင့်နှေးစေလိုသဖြင့် သူ၏အိတ်ကိုဆွဲကာ လျှောက်လမ်းမှထွက်လာခဲ့လိုက်သည်။
ချီရှင်းချန်၏မျက်နှာမှာမူ ခရင်များအပြည့်ဖြင့်ဖြစ်နေသောကြောင့် သုတ်ပစ်လိုက်ကာ ပြောလိုက်သည် " ငါမင်းတို့ကိုလိုက်ပို့မယ်လေ…"
" မလိုပါဘူး…" ဝူချန် အားတင်းကာပြုံးလျက် " ရှောင်ချီလောင်ရှီး ကျွန်တော်တို့ရဲ့ခန့်ညားတဲ့နောက်ကျောတွေကို မှတ်ထားပေးရမယ်နော်…."
သူတို့သူ့ကိုလိုက်မပို့စေချင်သည့်အတွက် ချီရှင်းချန် အတင်းအကြပ်မလုပ်တော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
ချီရှင်းချန် အလွန်ဝမ်းနည်းနေသောကြောင့် စကားမပြောနိုင်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အတွက် ပိုင်ရဲ့သူ့ကိုယ်စားပြောပေးလိုက်သည်
" ပြန်ပြီး ခံစားချက်တွေကို ထိန်းညှိကြချည်… နောက်ကိုလည်း ဒီလိုပဲအလုပ်ကြိုးစားကြပါ…တစ်ကြိမ်တစ်ခါလောက် ထုတ်ပယ်ခံလိုက်ရတယ်ဆိုတာ မင်းတို့ရဲ့လမ်းကြောင်းအဖြတ်ခံလိုက်ရပြီလို့ ဆိုလိုနေတာမဟုတ်ဘူး… မင်းတို့အားလုံးနောင်ကြရင် စင်ပေါ်မှငါ့ကိုလာရှာတာကို စောင့်နေပါ့မယ်…"
ပိုင်ရဲ့၏အထောက်အထားအရ ထိုစကားမှာ အားပေးစကားပေါင်းများစွာနှင့် တူညီလှသည်။ ထို့ကြောင့် ထုတ်ပယ်ခံလိုက်ရသူများမှာ စိတ်အားတက်ကြွလာပြီး အော်ဟစ်လိုက်ကြသည်
" ပိုင်လောင်ရှီး ကျွန်တော်တို့ကိုစောင့်နေရမယ်နော်…"
ထို့နောက် တစ်ယောက်ချင်းစီ အသိုက်ထဲမှဘဲများကဲ့သို့ အသီးသီးထွက်ခွာသွားကြသည်။
အဆုံး၌ ချီရှင်းချန်၏အမူအယာမှာ ပြေလျော့သွားခဲ့သည်။
ချီရှင်းချန်၏လက်ရှိပုံမှာ စိတ်ဝင်စားဖွယ်ဖြစ်နေသောကြောင့် ဖြစ်နိုင်ပေမည် ကင်မရာမန်များထဲမှတစ်ဦးမှာ ထုတ်ပယ်ခံရသူများနောက်သိုမလိုက်ဘဲ အဆောင်တွေကျန်နေရစ်ခဲ့သည်။
ကင်မရာမန်းမှ ချီရှင်းချန်၏မျက်နှာကို ကင်မရာဖြင့်တည့်တည့်ချိန်ထားပြီး လက်ထောက်မှမေးလာခဲ့သည်
" ချီလောင်ရှီးက အတန်း Fကသူတွေနဲ့ဆက်ဆံရေးကောင်းတယ်ဆိုတော့ သူတို့ထွက်သွားတာကိုမြင်ရတာ ဝမ်းနည်းနေမလား…"
" အင်း သူတို့ကအရမ်းချစ်ဖို့ကောင်းတယ်လေ…" ချီရှင်းချန်၏အသံမှာအနည်းငယ်အက်ရှနေသည်။
" ဒါဆို သူတို့အတွက်ကော ပြောချင်တာများရှိနေနိုင်မလား…."
ချီရှင်းချန် လည်ချောင်းကိုရှင်းကာ စကားပြောမည်အပြုတွင် ပိုင်ရဲ့မှရုတ်တရက်ပြောလာခဲ့သည် " သူပြောချင်တဲ့အရာတွေကို ငါပြောပြီးပြီမလို့ သူ့မျက်နှာကိုဆေးကြောဖို့ အဖော်လုပ်ပေးလိုက်ဦးမယ်… ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ…"
ပြောပြီးသည်နှင့် ပိုင်ရဲ့ချီရှင်းချန်၏လက်မှဆွဲကာ ကင်မရာမန်းနှင့်လက်ထောက်တို့ကို အနောက်တွင်ချန်ထားခဲ့လိုက်သည်။
ချီရှင်းချန်၏စိတ်အခြေအနေမှာ များစွာတိုးတက်လာသည်။ ပိုင်ရဲ့ ဤအရာကိုလုပ်ခဲ့ခြင်းမှာလည်း ပရိုဂရမ်အဖွဲ့မှ ချီရှင်းချန်၏ဒဏ်ရာကို ဆက်တိုက်ထိုးဆွမပေးစေချင်သောကြောင့်သာဖြစ်သည်။
ကင်မရာမန်းမှာ ပိုင်ရဲ့အား မည်သည့်အရာမှမလုပ်ရဲသည့်အတွက် မတတ်နိုင်ဘဲသွားခွင့်ပေးလိုက်ရသည်။ ပိုင်ရဲ့ ချီရှင်းချန်ကို စင်္ကြန်အဆုံးရှိသန့်စင်ခန်းရှေ့သို့ ဆွဲခေါ်သွားကာ သူ့ကိုယ်ပေါ်တွင်နေရာအနှံ့ရှာဖွေလိုက်ပြီး " တောင်းပန်ပါတယ် ကိုယ့်မှာတစ်ရှူးမပါခဲ့ဘူး…"
ချီရှင်းချန်လည်း သူ့ကိုယ်သူရှာကြည့်လိုက်ပြီးနောက် ကိုးရိုးကားရားနိုင်စွာပြောလိုက်ရသည်
" ကျွန်တော့်မှာလည်း မပါခဲ့ဘူး… ရပါတယ် သူ့ဘာသာသဘာဝအတိုင်းခြောက်သွားလိမ့်မယ်…"
ပိုင်ရဲ့ ချီရှင်းချန်၏သဘာဝအတိုင်းခြောက်သွားမည်ဟူသောစကားကို နားမလည်နိုင်ခင်မှာပင် ချီရှင်းချန်၏ခေါင်းမှာ ရေဘုံပိုင်ခေါင်းအောက်သို့ရောက်နေကာ သူ၏မျက်နှာနှင့်ဆံပင်များကို ရွှဲနစ်သွားစေသည်။
ချီရှင်းချန်၏ဆံပင်နှင့်မျက်နှာကိုဆေးကြောနေသည့်နည်းလမ်းမှာ ရိုးရှင်းကြမ်းတမ်းလှကာ အဝတ်
လျှော်သည်နှင့်ပင် နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။ ဤနည်းဖြင့် သူ၏ပါးပြင်များမှာ နီသထက်နီမြန်းလာခဲ့သည်။
ပိုင်ရဲ့ နားမလည်နိုင်စွာဖြင့် သူ၏ဖန်ကလေးမှ သူ့ကိုမိတ်ကပ်ကူဖျက်ပေးသည့်အချိန်ကို ပြန်လည်သတိရမိသွားသည်။