Chapter 94
ချီမိသားစုဝင်များမှာ အရက်သောက်တတ်ကြသူများမဟုတ်သော်လည်း ယနေ့တွင်မူ သူတို့အိမ်မှအငယ်ဆုံးလေးမှာ အိမ်သို့ပြန်ရောက်နေပြီး သူတို့မိသားစုလေးဦး၏လဝက်ကြာမှ ပြန်လည်ဆုံတွေ့ရခြင်းကြောင့် အဖေချီမှာ အလွန်ပင်ပျော်ရွှင်နေခဲ့သည်။ ထို့ကြောင့် အယ်ကိုဟောပါဝင်မှုနည်းသည့်ဝိုင်ဖြူပုလင်းကိုယူကာ သူ၏ကလေးများနှင့်နှစ်ခွက်မျှသောက်လိုက်မိသည်။
ထမင်းစားနေချိန်အတွင်း အဖေချီမှအလုပ်နှင့်သက်ဆိုင်သောမေးခွန်းများကိုသာမေးလာခဲ့ပြီး ချီရှင်းချန်လည်း မှန်မှန်ကန်ကန်ပြန်ဖြေပေးခဲ့ပြီး ထမင်းဝိုင်းမှာ အလွန်ပင်လိုက်ဖက်ညီကာ ပျော်ရွှင်ဖွယ်ကောင်းခဲ့သည်။ ထမင်းစားပြီးနောက် အန်တီကျန်းမှ စားပွဲကိုရှင်းကာ အသီးနှင့်မုန့်အချိုများဖြင့် အစားထိုးပေးလိုက်သည်။ ချီမိသားစုဝင်လေးဦးသားမှာ အသီးအချို့ကို ပျော်ရွှင်စွာစားနေကြစဉ် အပြင်မှဆူညံသံတစ်ခုထွက်ပေါ်လာသည်။
အသံမှာ ကုန်တင်ကားတစ်စီးဖြတ်သွားသည့်အသံနှင့်တူနေခဲ့သည်။
ချီမိသားစု၏ဗီလာမှာ တသီးတသန့်တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် အိမ်နီးခြင်းများ၏ကုန်တင်ကားဖြတ်သွားခြင်းမျိုး မရှိဖူးပေ။ ပုံမှန်အားဖြင့် ဥယျာဉ်မှုးမှ မြေကြီးနှင့်မြေဩဇာများကိုသယ်ရန် ကုန်တင်ကားအသေးစားလေးတစ်စီးကို သုံးလေ့ရှိသော်လည်း ၎င်းမှာအသံမမြည်တတ်သောအမျိုးအစားဖြစ်သည်။
လိုက်ဖက်ညီနေသောလေထုမှာ ပြိုကွဲသွားပြီး ချီယွမ်ရှောင်၏မျက်နှာမှာ ချက်ချင်းဆိုသလို မှောင်မိုက်လာသည်။ ချီရှင်းချန် အစ်ကိုဖြစ်သူဒေါသထွက်လာမည်စိုးသောကြောင့် အရင်ထပြောလိုက်ရသည်
" ကော ဒီမှာစောင့်နေဦး ကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်…"
" ရှင်းရှင်း ကျဲလည်းမင်းနဲ့လိုက်ခဲ့မယ်…" ချီယွီကျီးသည်လည်း ထရပ်လာသည်။
သူတို့နှစ်ဦး ဥယျာဉ်ခြံကိုဖြတ်ကာ ခြံစောင့်ကိုဂိတ်တံခါးဖွင့်ရန်ပြောလိုက်သည်။ အမှန်တကယ်ကိုပင် မလှမ်းမကမ်းတွင် ကုန်တင်ကားတစ်စီးရပ်ထားပြီး အနောက်ဘက်ဝန်စည်တင်သည့်နေရာကို လုံခြုံစွာထုတ်ပိုးလာသောကြောင့် အထဲတွင်မည့်သည့်အရာရှိသည်ကို မမြင်ရပေ။
ချီရှင်းချန် ပါးစပ်ကိုဖွင့်၍ ကုန်တင်ကားမောင်းသူအား စကားပြောရန်ပြင်လိုက်သည်။ သို့သော်လည်း သူမည်သည့်စကားမှမပြောရသေးခင် ကုန်တင်ကား၏မောင်းသူတံခါးမှာပွင့်လာပြီး ငွေရောင်ဆံပင်နှင့်ချီကျားကျစ်မှာ ခုန်ဆင်းလာသည်။ ထို့နောက် ချီရှင်းချန်ထံသို့ အပြေးသွားကာ ပြောလာခဲ့သည်
" ကော မင်းတကယ်ပြန်ရောက်ပြီပဲ…"
" အင်း ပြန်ရောက်နေပြီ…" ချီရှင်းချန် အနောက်သို့ခြေနှစ်လှမ်းဆုတ်ကာ ချီကျားကျစ်၏ပခုံးကိုပုတ်ပေးလိုက်ပြီး " မင်းဒီရက်ပိုင်းရန်ဖြစ်သေးလား…"
" ဟင့်အင်း ကောပဲ အတန်းဖော်တွေကိုအနိုင်မကျင့်ဖို့ မှာထားခဲ့တာမလား… ငါကအရမ်းနာခံတာနော်… တစ်ခါလေးတောင်ရန်မဖြစ်ထားဘူး…"
ချီကျားကျစ် ချီရှင်းချန်ကိုလွှတ်ပေးလိုက်ပြီးနောက် အထက်အောက်စုန်ဆန်ကြည့်ကာပြောလိုက်သည် " ချီးးး မင်းဘာလို့ဒီလောက်ပိန်လာတာလဲ… ပရိုဂရမ်အဖွဲ့က ကောင်းကောင်းဂရုမစိုက်ကြဘူးလား…"
" ပရိုဂရမ်အဖွဲ့ကလူတွေက အရမ်းကောင်းပါတယ်…" ချီရှင်းချန် လက်ကိုကမန်းကတန်းယမ်းလိုက်ရသည် " ငါဝိတ်မကျပါဘူး… ဒီအတိုင်းလေ့ကျင့်ရေးတွေကြောင့် ပိုပြီးသန်မာလာတာ… အဆီနည်းသွားတာပေါ့…"
ချီကျားကျစ်မှာ သံသယဝင်နေဆဲပင်။ ချီရှင်းချန်၏အာရုံမှာမူ အနောက်ဘက်မှကုန်တင်ကားပေါ်တွင်သာ ရှိနေသောကြောင့် သူသိချင်စိတ်များဖြင့် မေးလိုက်မိသည်
" ကျားကျစ် ဘာလို့ဒီကိုကုန်တင်ကားနဲ့လာတာလဲ… မင်းအဖေကားသိမ်းလိုက်လို့လား…"
" သောက်ကျိုးနည်း ကောကိုတွေ့ပြီးအပျော်လွန်နေတာနဲ့ လာရင်းကိစ္စကိုမေ့တော့မလို့…" ချီကျားကျစ်မှ ပြောလိုက်သည်။
ချီကျားကျစ် သူ၏ရှေ့ဆံပင်ကို ပွတ်လိုက်ပြီး " မဟုတ်ပါဘူး… မင်းကိုလက်ဆောင်ပေးမလို့လေ…"
ချီရှင်းချန်၏မျက်လုံးများမှာ လက်ဆောင်ဟူသောစကားကိုကြားလိုက်ရချိန်တွင် ကျုံသွားခဲ့ရသည်။ ချီမိသားစုဝင်များ၏လက်ဆောင်များမှာ ပို၍ဈေးကြီးလာကာ ကြောင်တောင်တောင်နိုင်လာသောကြောင့် ချီရှင်းချန်အနေဖြင့် သူလက်ဆောင်ရခြင်းကြောင့် စိတ်ပင်ပန်းသည့်ရောဂါရတော့မလိုပင် ခံစားသွားရပြီး ကပျာကယာငြင်းပယ်လိုက်သည် " အရင်တစ်ခါတုန်းက လက်ဆောင်မလိုချင်ဘူးလို့ ပြောထားသားပဲကို…"
ဘယ်လိုလက်ဆောင်မျိုးက ကုန်တင်ကားနဲ့သယ်လာရမှာလဲ… သေချာပေါက် ဈေးကြီးတာပဲဖြစ်မှာပေါ့…
" ကောက ဈေးကြီးတဲ့လက်ဆောင်မလိုချင်ဘူးလို့ ပြောထားတာလေ…" ချီကျားကျစ်မှာ ချီရှင်းချန်၏စိတ်ကို ဖတ်နိုင်နေသကဲ့သို့ပင်။ ချီကျားကျစ် ကုန်တင်ကားအနားသို့လျောက်သွားလိုက်ကာ လျှို့ဝှက်ဆန်းကြယ်စွာပြုံးနေခဲ့သည် " ငါ့ဟာက ဈေးမကြီးတာမလို့ စိတ်အေးလက်အေး လက်ခံလိုက်လို့ရပါတယ်…"
ထိုစကားကိုကြားလိုက်ရချိန်၌ ချီရှင်းချန် အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း သူအပြည့်အဝမယုံကြည်ရဲသေးပေ။ အဆုံး၌ ချီကျားကျစ်၏မျက်လုံးထဲမှ ဈေးကြီးသည်ဟူသောအရာများမှာ ဤလောကကြီး၏ဈေးကြီးသည်ဟူသောအရာများနှင့် ကွဲပြားနေနိုင်သည်လေ။
ချီယွီကျီးမှာမူ အနှီကောင်စုတ်ကလေးပေးလာမည့်အရာကို အလွန်သိချင်နေသောကြောင့် ချီရှင်းချန်နှင့်အတူ ကုန်တင်ကားစီသို့ လိုက်ကြည့်ခဲ့သည်။
ကုန်တင်ကား၏တံခါးပွင့်သွားသည်ကို မြင်လိုက်ရပြီးနောက် အဖြူရောင်မြင်းနှစ်ကောင်မှာ ခုန်ထွက်လာသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ပျံလွှားငှက်များကဲ့သို့ ပေါ့ပါးနေပြီး ခုန်လိုက်ချိန်၌ လေထဲတွင်လှပသောလေးကိုင်းသဏ္ဍာန်တစ်ခုပေါ်လာခဲ့သည်။
မြင်းနှစ်ကောင်မှာ ပျော့ပျောင်းသောမြက်ခင်းပေါ်တွင် ဆင်းလိုက်ကြပြီး သူတို့၏ခေါင်းများကို မော့ထားခဲ့ကြသည်။
ချီရှင်းချန် : "......"
သူ၏သက်တမ်းတလျောက် ခွေးများ၊ကြောင်များနှင့် ဟမ်းစတားများကို လက်ဆောင်အဖြစ်ပေးသည်အား မြင်ခဲ့ဖူးသော်လည်း မြင်းလက်ဆောင်ပေးသည်ကိုမူ တစ်ခါမှမမြင်ဖူးခဲ့ချေ။
ချီရှင်းချန် အနှီဝမ်းကွဲညီလေး၏လက်ဆောင်ကို မည်ကဲ့သို့လက်ခံနိုင်မည်နည်း…
ချီရှင်းချန်၏စိတ်များ ဗလာဖြစ်သွားရသည်။ ချီယွီကျီးမှာမူ ခဏမျှစူးစမ်းနေပြီးနောက် အယ် ဟုအသံပြု၍ မြင်းများ၏ဘေးဘက်သို့ ပြေးသွားခဲ့သည်။
ပတ်ဝန်းကျင်အသစ်စီသို့ ရောက်နေရခြင်းကြောင့် ဖြစ်နိုင်ပေမည် မြင်းများမှာ ၎င်းနှင့်အသားမကျသေးဘဲ ထိတ်လန့်စွာခုန်ပေါက်နေကြသည်။ သို့သော်လည်း ချီယွီကျီးမှာမူ ကြောက်ရွံ့ခြင်းအလျင်းမရှိချေ။ သူမမြင်းတစ်ကောင်ကို ထိကြည့်လိုက်ပြီး ပြောလာခဲ့သည် " ခေါင်းသေးပြီးတော့ လည်ပင်းမြင့်တယ်…အရေပြားကော အမွှေးတွေကောကပါးပြီး ချွေးထွက်ရင်သွေးတွေလိုပဲ… ကျားကျစ် ဒီရွှေရောင်ဖာဂနာမြင်းကို ဘယ်ကရလာတာလဲ…"
ဖာဂနာမြင်းတွေ… ဖာဂနာမြင်းဆိုတာ တီဗီထဲနဲ့ဝတ္ထုတွေထဲမှာပဲပါတဲ့ မြင်းတွေမဟုတ်ဘူးလား…
ဒါပေမယ့်ဖာဂနာမြင်းတွေက ဘာလို့ဖြူနေရတာလဲ…
ထိုစကားကိုကြားလိုက်ရချိန်၌ ချီရှင်းချန် မနေနိုင်ဘဲအနီးသို့ကပ်ကာ စူးစမ်းကြည့်မိသည်။ သူအနားသို့ကပ်သွားသည်နှင့် သဘောပေါက်လိုက်ရသည်မှာ ထိုမြင်းများ၏အမွှေးမှာအဖြူရောင်မဟုတ်ချေ။ ၎င်းတို့မှာ ရွှေရောင်ဖျော့ဖျော့ပင်။ မြင်းများ၏ကြွက်သားတည်ဆောင်ပုံများမှာ ဂရုတစိုက်ရေးထိုးထားသောအနုပညာတစ်ခုကဲ့သို့ ပြီးပြည့်စုံနေပြီး နူးညံ့သိမ်မွေ့နေသော်လည်း အရိုင်းဆန်လှသည်။
မည်သည့်ကောင်လေးကမှ ဤကဲ့သို့သွေးဆောင်မှုမျိုးကို တွန်းလှန်နိုင်ကြမည်မဟုတ်ချေ။ ချီရှင်းချန် လက်ကိုဆန့်ကာ အသာအယာတို့ထိကြည့်လိုက်သည်။ ချီကျားကျစ်မှာမူ သူ၏လှုပ်ရှားမှုကိုသာ ကြည့်နေခဲ့ပြီး ချီယွီကျီးထံ ဂုဏ်ယူစွာပြုံးပြလိုက်သည်
" ဒီမြင်းတွေကို တူရကီကနေမှာထားတာလေ… မြင်းခြံပိုင်ရှင်ကို ရောင်းပေးဖို့ တစ်လလောက်တောင်နားချလိုက်ရတာ…"
" ဘယ်လောက်ပေးခဲ့ရလဲ…" ချီယွီကျီးမှမေးလိုက်သည် " နှစ်ရာ သုံးရာအောက်တော့ မနည်းဘူး ဟုတ်တယ်မလား…"
" ကောသူတို့ကိုသဘောကျနေသရွေ့ ပိုက်ဆံကအရေးမကြီးမပါဘူး…" ချီကျားကျစ် ချီရှင်းချန်ဘက်သို့လှည့်ကာမေးလိုက်သည် " ကော သူတို့ကိုသဘောကျလား…"
" ငါသဘောကျပါတယ်…" ချီရှင်းချန် အခိုင်အမာပြောလိုက်သည် " ဒါပေမယ့် နောက်ကြရင်တော့ ဒီလိုမဖြုန်းတီးရဘူးနော်…"
ချီယွီကျီးပြောနေသည်မှာ သေချာပေါက်ပင် ဒေါ်လာနှစ်ရာသုံးရာမဟုတ်သည်ကို ချီရှင်းချန်သိနေခဲ့သည်။ ဤမျှကောင်းမွန်သောအခြေအနေနှင့်ဆိုပါက နှစ်သန်း သုံးသန်းပင် ဖြစ်နိုင်နေသေးသည်။
" အင်းပါ အင်းပါ…" ချီကျားကျစ် ဝတ်ကျေတမ်းကျေသာခေါင်းငြိမ့်လိုက်သည်။
ချီရှင်းချန် ဝမ်းကွဲညီငယ်ဖြစ်သူအား မည်ကဲ့သို့ပိုက်ဆံပြန်ပေးရမည်ကို စဉ်းစားနေမိသည်။ ချီကျားကျစ်မှာ အသက်မပြည့်သေးသူဖြစ်ကာ အလုပ်မလုပ်ရသေးပေ။ ထို့ကြောင့် သူ့မိဘပိုက်ဆံများကိုသုံး၍ မြင်းများဝယ်ယူခြင်းမှာ ကောင်းမွန်သောအရာတစ်ခု ဖြစ်မနေပါ။
ချီကျားကျစ်မှာမူ ချီရှင်းချန် တွေးနေသည့်အရာကို မသိနေသည့်အတွက် ဘယ်ဘက်အင်္ကျီလက်ကိုခေါက်တင်ကာ ညာလက်မှမြင်းတစ်ကောင်ပွတ်သပ်ပေးနေခဲ့သည်။ထို့နောက် မြင်းများဝယ်ယူရာတွင် ကြုံခဲ့ရသော စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာများကို ပြန်လည်ပြောပြရင်းဖြင့် ချီမိသားစုအိမ်တော်၏အနောက်ဘက်ခြံဝန်းသို့ လျှောက်လာခဲ့လိုက်ကြသည်။
ချီမိသားစု၏အနောက်ဘက်ခြံဝန်းတွင် တင်းကုပ်တစ်ခုရှိသော်လည်း မည်သည့်အချိန်ကမှ မသုံးခဲ့ဖူးပေ။ ချီကျားကျစ် မြင်းများကိုတင်းကုပ်တွင် ချည်နှောင်ပေးရင်းဖြင့် ပြောလာခဲ့သည် " ငါသားဖောက်တဲ့သူကို ဆက်သွယ်ပြီးပြီ… မနက်ဖြန်မနက်လောက်ကြရင် သူရောက်လာလိမ့်မယ်… ဒီနေ့ညတော့သူတို့ကိုဘာမှကျွေးဖို့လိုမှာမဟုတ်ဘူး…"
" ကောင်းပြီ ဒါဆိုရေအတွက်ကကော…"
" ရေကတော့ ဒီလိုမျိုး…"
ချီကျားကျစ် ချီရှင်းချန်ကို မြင်းများနှင့်ပတ်သက်၍ ဂရုစိုက်ရမည့်အချက်အလက်အနည်းငယ်နှင့် သူတို့၏အလေ့အထများကို ပြောပြနေခဲ့သည်။ ချီရှင်းချန်လည်း မှတ်စုစာအုပ်ကိုထုတ်ကာ ဂရုတစိုက်လိုက်မှတ်နေရင်းမှ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် ပြောလိုက်မိသည် " ကျားကျစ် ငါမြင်းဘယ်လိုစီးရမလဲဆိုတာ မသိဘူး…"
" ကောကို အစ်ကိုလျန်ကျင်းအချိန်ပိုင်းလောက်သင်ပေးဖူးတာ မှတ်မိနေပါသေးတယ်… ဒါပေမယ့် ရပါတယ်…" ချီကျားကျစ် ဖုန်းကိုထုတ်ကာ ပြောလိုက်သည် " ငါလည်း မြင်းစီးသင်တန်းကောင်းကောင်းမတက်ဖူးဘူးဆိုတော့ အစ်ကိုလျန်ကျင်းကိုပဲ ကောကိုသင်ပေးဖို့ ဘာလို့မပြောရမှာလဲ…"
ချီရှင်းချန် ထိုမြင်းနှစ်ကောင်ကို အမှန်တကယ်သဘောကျသောကြောင့် ပိုင်ရဲ့ထံသို့မပို့ပေးခင် မတူညီသောရှုထောင့်အစုံမှ ပုံအနည်းငယ်ရိုက်ယူလိုက်သည်။
သူပိုင်ရဲ့နှင့်မတွေ့ရသည်မှာ နေ့တစ်ဝက်ကြာနေပြီဖြစ်သည့်အတွက် အနည်းငယ်လွမ်းဆွတ်နေမိကာ ယခုအချိန်တွင် ပိုင်ရဲ့ ရိုက်ကူးရေးများလုပ်နေမည်လား… သင်တန်းသားများကိုပဲ လေ့ကျင့်ပေးနေမည်လား သို့မဟုတ် ထုတ်လုပ်ရေးအဖွဲ့နှင့်ပဲ သီချင်းကူရေးပေးနေမည်လားဟူ၍ စသည်ဖြင့် မည်သည့်အလုပ်လုပ်နေမည်နည်းကို တွေးမိနေသည်။
သီချင်းအကြောင်းဆိုမှ ရုတ်တရက်ဆိုသလို ထုတ်လုပ်ရေးအဖွဲ့မှ ပိုင်ရဲ့နှင့်ဝေချင်ကို ကိုယ်တိုင်ရေးသီချင်းတစ်ခုထုတ်ပေးရန် ပြောခဲ့ဖူးသည်ကို သတိရမိသွားသည်။ ယခုအချိန်တွင် ဝေချင်မှာ မည်သို့လုပ်ရမည်ကို မသိနေပေရာ…
သူနှင့်ပိုင်ရဲ့တို့များ လုပ်ရနိုင်မည်လား…
ချီရှင်းချန် စိုးရိမ်မှုကြောင့် သူ၏ခေါင်းကိုကုတ်လိုက်မိသည်။ ထိုအချိန်၌ သူ၏ဖုန်းမှာ နှစ်ခေါက်မျှတုန်ခါလာပြီး ပိုင်ရဲ့၏ပြန်စာရောက်လာခဲ့သည်။
ပိုင် : [ အရမ်းလှတဲ့မြင်းတွေပဲ…]
ရှင်းရှင်း : [ ညီလေးယူလာပေးတာလေ… ကျွန်တော်သူတို့ကိုအရမ်းသဘောကျတယ်…]
ပိုင် : [ မင်းမြင်းတွေကိုသဘောကျတာလား… ကိုယ့်စီမှာလည်း မြင်းပုလေးတွေနည်းနည်းရှိတယ်… သူတို့က ပိုလိမ္မာပြီးတော့ အပျော်တမ်းမွေးဖို့ပိုလွယ်တယ်လေ… ရိုက်ကူးရေးပြီးရင် ကိုယ့်စီလာပြီး နှစ်ကောင်လောင် လာရွေးချည်…]
ရှင်းရှင်း : [ မဟုတ်တာ မလိုပါဘူး… ကျွန်တော်က ကမ္ဘာပတ်ပြီးခရီးသွားနေရတာကို ဘယ်လိုလုပ်ပြီး မြင်းတွေအုပ်လိုက်မွေးဖို့ အချိန်ရှိမှာလဲ…နှစ်ကောင်ဆိုရင် စောင့်ရှောက်ပေးဖို့ လုံလောက်နေပါပြီ…]
ပိုင် : [ ကောင်းပါပြီ… သူတို့နဲ့လာကစားချင်ရင်တော့ အချိန်မရွေးကိုယ့်စီလာနော်…]
ချီရှင်းချန် ပိုင်ရဲ့ သူ့ကိုဆော့ကစားတတ်သူဟုထင်သွားမည်ဆိုသောကြောင့် ဆက်လက်ငြင်းဆိုလိုက်သည်။ သို့သော်လည်း အခြားဘက်မှလှည့်တွေးကြည့်ပါလျှင် ဤသည်မှာ သူပိုင်ရဲ့အိမ်သို့ သွားလည်နိုင်မည့်အခွင့်အရေးတစ်ခုလည်း ဖြစ်နေလေသည်။
ကြည့်ရတာ အဆင်ပြေမည့်ပုံပင်။ ချီရှင်းချန်တွေးလိုက်မိသည်။
ရှင်းရှင်း : [ အနီရောင်ပန်ဒါကလေးမှ ဒူးထောက်ကာ အရိုအသေပေးနေသည့် Gif ]
ရှင်းရှင်း : [ ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်…]
ပိုင်ရဲ့ ချီရှင်းချန်ပို့လာသည့် အနီရောင်ပန်ဒါကလေးမှ ဒူးထောက်ကာ အရိုအသေပေးနေသည့် Gifကို ခဏမျှဆက်တိုက်ကြည့်ကာ တိတ်တဆိတ်ရယ်မောလိုက်မိသည်။
နောက်အနာဂတ်တွင် သူပိုင်ရဲ့၏အိမ်သို့သွားလည်နိုင်မည်ကို သိလိုက်ရသည့်အတွက် ချီရှင်းချန်အနည်းငယ်ပို၍အခြေအနေကောင်းလာသလို ခံစားလိုက်ရသည်။ သို့သော်လည်း ပိုင်ရဲ့ ဝေချင်နှင့်ရှိနေသေးသည်လားဆိုသည်ကို သိချင်နေဆဲပင်။
ချီရှင်းချန် မြင်းစောင်းမှ အခန်းသို့ပြန်လာလိုက်ပြီး မီးမဖွင့်ဘဲနေလိုက်သည်။ သိပ္ပံနည်းပညာအရ အမှောင်ထဲတွင် လူများ၏သတ္တိကိုအနည်းငယ်တိုးစေလာနိုင်သည်လေ…
ချီရှင်းချန် ဖုန်းမျက်နှာပြင်ပေါ်မှ ဗီဒီယိုကောခလုတ်ကို နှိပ်လိုက်သည်။ သူ၏မှောင်မိုက်နေသောမျက်လုံးများနှင့်အတူ အားတင်းတင်းကြိတ်ကာ ပိုင်ရဲ့ထံဖုန်းခေါ်လိုက်လေသည်။
စက္ကန့်နှစ်ဆယ်ခန့်အကြာတွင် ဗီဒီယိုကောချင်းချိတ်ဆက်သွားခဲ့သည်။
ပိုင်ရဲ့မှာ ယခုမှရေချိုးပြီးခြင်းဖြစ်နိုင်ပေမည်။ သူ၏ရေချိုးခန်းဝတ်ရုံကို ကောင်းကောင်းဝတ်ချိန်မရလိုက်သည့်အတွက် ညှပ်ရိုးနားတဝိုက်တွင် ပွင့်ဟနေကာ ပခုံးသားအတော်များများကို လှစ်ဟာပြသနေခဲ့သည်။ ဆံပင်မှရေစက်များမှာ သူ၏စူးရှသောမေးရိုးတလျောက် ကျဆင်းလာကာ လည်ဇလုတ်စီသို့ ဆင်းသက်သွားခဲ့သည်။
ချီရှင်းချန် လည်ချောင်းထဲတွင် အနည်းငယ်ခြောက်သွေ့လာသကဲ့သို့ ခံစားလိုက်ရသည်။
" အစ်မအခန်းထဲမှာရှိလို့လား…" ပိုင်ရဲ့မှ ဦးစွာပြောလာကာ မျက်နှာပေါ်မှရေစက်များမှာ လည်ဇလုတ်၏တုန်ခါမှုနှင့်အတူ လှုပ်ခတ်သွားခဲ့သည် " ဘာလို့မီးမဖွင့်တာလဲ…"
ချီရှင်းချန် တံတွေးသာမြိုချလိုက်ရသည် " အလျင်စလိုဖြစ်သွားတာနဲ့ မဖွင့်လိုက်မိတာပါ…"
" အခုမှ ညစာစားပြီးတာရယ်…"
ချီရှင်းချန် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆက်ပြောလိုက်သည်
" အစ်မချက်ပေးထားတာလေ…သူ့ဟင်းချက်စကေးကတော့… တကယ်ပဲဝိတ်ကျစေနိုင်တယ်…"
ပိုင်ရဲ့ ပြုံးလျက်ပြောလိုက်သည် " ဝိတ်ကျနေဖို့်မလိုပါဘူး…အခုတိုင်းလေးလည်း ကင်မရာထဲမှာကြည့်ကောင်းပါတယ်…"
ဤသည်မှာ ပိုင်ရဲ့ သူ၏ရုပ်ရည်အပေါ် ဒုတိယအကြိမ်မြောက်ချီးမွန်းခြင်းဖြစ်လေရာ ချီရှင်းချန် မသိစိတ်မှမေးမိသွားခဲ့သည် " ကျွန်တော်က ဝေချင်ထက်ပိုပြီးကြည့်ကောင်းတာလား…"
ပိုင်ရဲ့ဆွံ့အသွားရသည်။
ဘာလို့ ဝေချင်က ရုတ်တရက်ကြီး ဒီနေရာမှာပါလာရတာလဲ…
ထို့နောက် သူမှတ်မိသွားသည်မှာ သူဝေချင်အတွက် အပြစ်ပေးခံရစဉ်က သူ၏ဖန်ကလေးမှမနာလိုဖြစ်ကာ အဘယ့်ကြောင့်အခြားသူ၏ကြောင်ပေါက်ကလေးဖြစ်ချင်ရသည်နည်းဟု ဒေါသတကြီးမေးခဲ့ဖူးလေသည်။
" သူဒီလောက်ကြာတဲ့အထိကို မနာလိုဖြစ်နေတာပဲ…" ပိုင်ရဲ့ မနေနိုင်ဘဲ ရေရွတ်မိသွားသည်။
" ဘာပြောလိုက်တာလဲဟင်…" ချီရှင်းချန်မှာ အသေအချာမကြားလိုက်ရသည့်အတွက် မျက်လုံးများဝိုင်းစက်သွားကာ မေးလိုက်ရသည်။
" ဘာမှမ
ဟုတ်ပါဘူး…" ပိုင်ရဲ့ ပြန်ဖြေလိုက်သည်။
ဘဝကြီးမှာ မလွယ်ကူလှပါ။ ပိုင်ရဲ့ သက်ပြင်းသာချလိုက်ရကာ ဆက်ပြောလိုက်သည် " မင်းလေးက ဘယ်သူ့ထက်ဖြစ်ဖြစ် ပိုပြီးကြည့်ကောင်းပါတယ်…"