အပိုင်း ၉၅
Viewers 29k

Chapter 95




" တ တကယ်လား…မလိမ်ရဘူးနော်…"


" ကိုယ်လိမ်နေတာမဟုတ်ဘူး… မင်းကကြည့်အကောင်းဆုံးနဲ့ အမှောင်ညထဲမှာအတောက်ပဆုံးကြယ်လေးတစ်ပွင့်ပါ…"


ထိုစကားကိုပြောချိန်၌ ပိုင်ရဲ့၏နှုတ်ခမ်းများမှာ အနည်းငယ်ကော့တက်သွားခဲ့သည်။ သူ့အသံထဲတွင် အပြုံးတစ်ပွင့်ရှိနေသော်လည်း အလွန်လေးနက်နေသည်။ ချီရှင်းချန် ရုတ်တရက်ဆိုသလို သူ၏သွေးများမှာ မျက်နှာအထိဆောင့်တက်လာသလို ခံစားလိုက်ရသည်။ ခြေလက်များထုံကျင်လာရကာ သူ၏ဦးနှောက်မှစဉ်းစား‌နေသည်များမှာလည်း ရပ်တန့်သွားရသည်။


သူကတကယ်ကြီး ပိုင်ရဲ့ရဲ့အမှောင်ညထဲက တောက်ပတဲ့ကြယ်လေးတစ်ပွင့်လား… ချီရှင်းချန် တွေးနေမိသည်။


မဖြစ်နိုင်တာ… ပိုင်ရဲ့ သူ့ကိုနှစ်သိမ့်ဖို့ ပြောပေးတာပဲဖြစ်မှာပဲလေ…


ချီရှင်းချန် ခေါင်းကိုယမ်းကာ သူ၏လှပသောစိတ်ကူးယဉ်မှုလေးမှ ရုန်းထွက်လိုက်ရသည်။ ထိုနောက် ရုတ်တရက်‌ဆိုသလို ဗီဒီယိုကောခေါ်ရခြင်း၏ မူလရည်ရွယ်ချက်ကို ပြန်လည်သတိရသွားသောကြောင့် နှုတ်ခမ်းကိုသပ်ကာ မေးလိုက်လေသည် " ဒါ‌ဆို.. အစ်ကိုအခန်းထဲမှာ တစ်ယောက်တည်းပေါ့…"


" ဒါပေါ့ ကိုယ်ကရေချိုးနေတာလေ… ဘယ်သူမဆို ဝင်ချင်ရင်တောင် ‌ဝင်လာလို့မရဘူး…"


" အာ… မဟုတ်သေးပါဘူး…" ချီရှင်းချန် ရုတ်တရက်တစ်စုံတစ်ခုကို တွေးမိသွားသောကြောင့် " ကျွန်တော်ဗီဒီယိုကောခေါ်တုန်းက ရေချိုးနေတုန်းကြီးလား …"


" အင်း ဟုတ်တယ်…"


" တန်းလန်းကြီးပေါ့…."


" အင်း…"


ပိုင်ရဲ့ သူ၏ဝတ်ရုံကိုအချိန်မီမဝတ်လိုက်နိုင်ခြင်းမှာ အံ့ဩဖွယ်ရာမရှိချေ။ ထို့ကြောင့် ချီရှင်းချန် ရှက်ရွံ့စွာပြောလိုက်မိသည် " အစ်ကိုရေချိုးနေတာကို အနှောင့်အယှက်ပေးမိသွားလို့ တောင်းပန်ပါတယ်နော်…နောက်တစ်ခါကြရင် ကျွန်တော့်ကိုအားမနာပါနဲ့… ရေအရင်ချိုးလိုက်ပါ ရပါတယ်…"


" ရပါတယ်… လက်သုတ်လိုက်ရုံပါပဲ…" ပိုင်ရဲ့ အရေးမကြီးသလိုပြောလိုက်သည်။


" မင်းကပိုပြီးအရေးကြီးပါတယ်…"


........


လျန်ကျင်းအကြောင်းပြောရင်ဖြင့် ချီရှင်းချန် ယခုတစ်ကြိမ်တွင် အမှန်တကယ်ကျင်းအန်ဆေးရုံသို့ သွားခဲ့လေသည်။


ပထမဆုံးအနေဖြင့် ထောင်ရွှမ်စီသို့သွားလည်ရန်ဖြစ်ပြီး ဒုတိယအနေဖြင့် လျန်ကျင်း၏အစီအစဉ်မှာ ပြီးနေပြီဖြစ်ရာ သူနှင့်ထောင်ထောင်တို့ယခုမည်သည့်အခြေအနေရောက်ရှိနေပြီလဲဆိုသည်ကို မေးရန်ဖြစ်သည်။


ချီရှန်းချန် သဘာဝအတိုင်းနိုးထလာကာ နောက်ဖေးခြံဝန်းထဲတွင် အကြောလျော့နေစဉ် ချီယွီကျီးမှာ သပ်ရပ်စွာဝတ်ဆင်ထားပြီး သူ့ထံလျှောက်လာခဲ့သည် " ရှင်းရှင်း ကျဲဒီနေ့သူငယ်ချင်းတွေနဲ့Spaသွားမှာမလို့ မနက်စာအတူမစားပေးနိုင်တော့ဘူးနော်…စားဖိုမှုးကတော့ ဆန်ပြုတ်ပြုတ်ထားတယ်တဲ့… နင်မြန်မြန်သွားစားလိုက်ဦး…အေးသွားရင် အစာအိမ်နာနေဦးမယ်…"


" သိပါပြီလို့…" ချီရှင်းချန်မှာ ပွစိပွစိ‌အပြောခံနေရသည်မှလွဲ၍ အလွန်ပျော်ရွှင်နေမိသောကြောင့် ပြောလိုက်လေသည် 


" ကျဲလည်း ကိုယ့်ကိုကိုယ်ဂရုစိုက်ဦးနော်…တစ်ခုခုလိုရင် ဖုန်းလှမ်းဆက်လိုက်ချည်.."


" မဆက်ပါဘူးနော်… အဲဒီကောင်မလေးတွေ ငါ့မောင်လေးရဲ့ မျက်နှာချောချောလေးကို မြင်သွားမှဖြင့်… သူတို့နင့်ကိုခိုးယူသွားမှာစိုးတယ်.." ချီယွီကျီးမှ ပြောလာသည်။


သူက အခြားမိန်းကလေးများရဲ့ခိုးယူခြင်းကို ခံရမှာတဲ့လား… ချီရှင်းချန် ငိုရမည်လော ရယ်ရမည်လောကိုပင် မသိနိုင်တော့ပေ။ ထို့ကြောင့် သူ တခြားအစ်မများ၏ခိုးယူခြင်းကို လုံးဝမဖြစ်စေရပါဘူးဟုသာ ပြောလိုက်ရကာ စကားလမ်းကြောင်းပြောင်းလိုက်ရသည် " မြင်းထိန်းရောက်ပြီလား…"


" အင်း သူကမနက်ငါးနာရီလောက်ထဲက ရောက်နေတာလေ…"


" ကောင်းတာပေါ့… ဒါက နှစ်သန်း သုံးသန်းလောက်တန်တဲ့မြင်းတွေဆိုတော့ သူတို့ကို ကောင်းကောင်းဂရုစိုက်ရမယ်လေ…" ချီရှင်းချန် ပြန်ပြောလိုက်သည်။


" ဟုတ်တယ်… အရမ်းတော့လည်း ဈေးမကြီးပါဘူး…" ချီယွီကျီးမှ " ဒေါ်လာနှစ်သန်း သုံးသန်းနဲ့ ဒီလောက်ကောင်းတဲ့ဖာဂနာမြင်းတွေရလာတာ ကျားကျစ်တကယ်ကို ရှုံးမလာဘူးပဲ…"


နှစ်သန်း သုံးသန်းက… အမေရိကန်ဒေါ်လာနဲ့လား…


ချီရှင်းချန် သွေးများအန်ထွက်လုမတတ်ပင်ဖြစ်သွားရသည်။ ယမန်နေ့ညတုန်းက သူ လှတယ်ဆိုတဲ့စကားအပြင် အခြားမတွေးမိခဲ့ဘူးပဲ…


သို့သော်လည်း ထိုလှသည်ဟူသောစကားလုံးနှင့်အတူ မြင်းများ၏ဈေးမှာ သူတွေးထားသည်ထက် ခုနစ်ဆမျှပိုမြင့်နေခဲ့လေသည်။


မူလတုန်းက ချီရှင်းချန် ချီကျားကျစ်ထံ ငွေပြန်လွှဲပေးမည်ဟု စဉ်းစားမိခဲ့သော်လည်း ယခုအချိန်၌ သူအချိန်အတော်ကြာမျှ ပြန်ပေးနိုင်တော့မည်မဟုတ်ချေ။


ဘဏ်အကောင့်ထဲတွင် မီလီယံအနည်းငယ်မျှသာရှိသော ရှောင်ရှင်းရှင်းလေးမှာ သူ၏ချို့တဲ့မှုကြောင့် မျက်ရည်ကျနေရလေပြီ…


......


ကျင်အန်းဆေးရုံမှာ ချီမိသားစုအိမ်တော်နှင့် များစွာကွာဝေးခြင်းမရှိသည့်အတွက် မနက်ဆယ်နာရီတွင် ချီရှင်းချန် သူ့ကိုယ်သူကောင်းမွန်စွာ ရုပ်ဖျက်ကာပြင်ဆင်ပြီး ဆေးရုံစီသို့ မောင်းလာလိုက်သည်။


သွားနေသည့်လမ်းတွင် ချီယွမ်ရှောင်မှ ဖုန်းခေါ်လာကာ တုန်းချန်တီဗွီ၏စားပွဲဝိုင်းအပြင်ဘက်မှ လွှဲပြောင်းခြင်းရလဒ်များအကြောင်း ပြောလာခဲ့သည်။ ချီရှင်းချန် ထိုအကြောင်းကိုကြားလိုက်ပြီးနောက် ချီယွမ်ရှောင်အား သူ၏ဖုန်းပြောခေါ်သည်ကိုသာစောင့်ရန် ပြောလိုက်လေသည်။


ချီရှင်းချန် ဆေးရုံ၏အနောက်ဘက်တံခါးမှ တိတ်တဆိတ်ဝင်လာလိုက်ကာ သူနာပြုများ၏အခြေအနေကို လေ့လာလိုက်ချိန်တွင် ထောင်ရွှမ်းကို အထူးကြပ်မတ်ကုသဆောင်မှ ပုံမှန်ဗီအိုင်ပီလူနာခန်းသို့ ပြောင်းလိုက်ပြီဖြစ်ကြောင်းကို သိလိုက်ရသည်။ ထို့ကြောင့် ချီရှင်းချန်လည်း အခန်းနံပါတ်ကိုစုံစမ်းကာ လိုက်လာချိန်၌ မမျှော်လင့်စွာဖြင့် လျန်ကျင်းနှင့်တံခါးဝတွင် ဝင်တိုးမိသွားသည်။


လျန်ကျင်းက ထောင်ရွှမ်းကိုစပြီးကုပေးနေပြီလား…


အမြောက်စာဇာတ်ကောင် လျန်ကျင်းကိုသတ်ပစ်တော့မဲ့ ည၏မက်မွန်ဇာတ်ကြောင်းက အသက်ဝင်နေပြီလား… ချီရှင်းချန် တွေးနေမိသည်။


လျန်ကျင်းမှာမူ သူ့ကိုကြည့်ကာ သိချင်စိတ်ဖြင့် မေးလာခဲ့သည် 


" ရှင်းရှင်း မင်းဘယ်လိုလုပ်ပြီး ဆေးရုံကိုရောက်နေတာလဲ…"


" ငါ့ကိုမှတ်မိတယ်လား…" ချီရှင်းချန် အနည်းငယ်အံအားသင့်သွားရသည်။


ပါပါရာဇီများရှာတွေ့သွားမိကို စိုးရွံ့သောကြောင့် ချီရှင်းချန် သူ့ကိုယ်သူ နှာခေါင်းစည်း၊ဦးထုပ်နှင့်နေကာမျက်မှန်များဖြင့် ရုပ်ဖျက်လာခြင်းဖြစ်သည်။


" မင်းကိုတော့ နောက်ကျောလေးမြင်ရင်တောင် မှတ်မိပါတယ်ကွာ…" လျန်ကျင်း၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အနည်းငယ်ပါဝင်နေပြီး မေးလိုက်မိသည်။


 " မင်းကလူနာလာတွေ့လား… ဒါမှမဟုတ် ငါ့စီလာလည်တာလား…"


" လူနာစီကော မင်းစီကောပေါ့…" ချီရှင်းချန် ရိုးရိုးသားသားပြန်ဖြေလာသည်။


လက်တလောစမ်းသပ်ထားခဲ့သည့်ဆေးဝါးများ၏ အကျိုးသက်ရောက်မှုမှာ တိုးတက်လာနေပြီး သူ၏ဆရာဖြစ်သူမှာမူ နေမကောင်းနေသည့်အတွက် သူ့ထံလူနာအချို့ကိုပေးထားခဲ့သောကြောင့် လျန်ကျင်း မနက်မှညအထိအလုပ်များနေခဲ့ရသည်။ ချီရှင်းချန် Hမြို့သို့ပြန်လာပြီဖြစ်ကြောင်း သိခဲ့ရသော်လည်း သူ့ထံတွင်သွားရောက်လည်ပတ်နိုင်မည့်အချိန် ရှိမနေခဲ့ပေ။


လျန်ကျင်း မမျှော်လင့်ထားခဲ့သည်မှာ ယနေ့တွင် ချီရှင်းချန်မှ သူ့ထံတကူးတကလာတွေ့မည်ကိုပင်။ သူ၏စုပြုံနေသောပင်ပန်းမှုများမှာ များစွာပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရကာ အရှေ့သို့တိုး၍ ချီရှင်းချန်၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြီး သူ၏အသံမှာ အလွန်နူးညံ့နေခဲ့သည် 


" မင်းဝိတ်ကျသွားတယ်နော်…"


" အရင်ဆုံး အထဲဝင်ကြတာပေါ့…" ချီရှင်းချန်မှ လက်ကိုကပျာကယာရုတ်သွားခဲ့သည်။


လျန်ကျင်း၏ခြေလှမ်းများ ရပ်တန့်သွားရသည်။ သူတို့နှစ်ဦးမှာ အမြဲလိုရင်းနှီးကြပြီး ကျောင်းတက်စဉ်အခါကလည်း တစ်ဦးနှင့်တစ်ဦး ပခုံးဖက်ပေါင်းခဲ့ကြသူများဖြစ်ကာ ချီရှင်းချန် သူ၏ထိတွေ့မှုနှင့်ပတ်သက်၍ မည်သည့်အချိန်ကမှ မငြင်းပယ်ခဲ့ဖူးပေ။


ရှင်းရှင်း တကယ်ကြီး သူ့ကိုသဘောမကျတော့တာလား…


အရှေ့သို့သွားနေသည့် တစ်ဖက်လူ၏နောက်ကျောကိုကြည့်ကာ လျန်ကျင်းမျက်မှောင်ကြုတ်လိုက်မိသည်။ ချီရှင်းချန်မှာမူ သူ့ကိုမစောင့်ဘဲ လူနာကုတင်ရှိရာသို့သာ တန်းတန်းမတ်မတ်လျှောက်သွားခဲ့လေသည်။


ထောင်ရွမ်မှာ ယခုမှနိုးခြင်းဖြစ်နိုင်ပေမည်။ သူ၏အမူအယာမှာ အိပ်ငိုက်နေပုံရကာ ယခင်တစ်ခါဆုံတွေ့ချိန်ကကဲ့သို့ ပြတင်းပေါက်ဘက်သို့သာ ကြည့်နေခဲ့သည်။ ချီရှင်းချန်လည်း ထောင်ရွှမ်ကို ထိတ်လန့်‌သွားစေမည်ဆိုးသောကြောင့် ငြင်သာစွာခေါ်လိုက်သည် " ထောင်ရွှမ်…"


ထောင်ရွှမ် စကားပြန်မပြောခဲ့ဘဲ ခေါင်းကိုသာစောင်းကြည့်လာသည်။


" အခုတလောဘယ်လိုနေလဲ… သက်သာရဲ့လား…" ချီရှင်းချန် မေးလိုက်မိသည်။


မေးခွန်းမမေးခင်က ချီရှင်းချန် ထောင်ရွှမ်ပြန်ဖြေလာမည်ကို မမျှော်လင့်ထားခဲ့သော်လည်း ထောင်ရွှမ်ဘက်မှ ပါးစပ်ကိုဖွင့်ကာ အသံတိုးတိုးဖြင့် ပြန်ဖြေလာသည်ကို မြင်လိုက်ရသည် 


" ဒီလိုပါပဲ…"


ဤသည်မှာ အပြင်လူများနှင့်ဆက်သွယ်ရာတွင် တိုးတက်လာမှုဖြစ်သည်။ ချီရှင်းချန် အချိန်ခဏမျှ ကြောင်အသွားရပြီးနောက် မေးခွန်းအနည်းငယ်ခန့် ဆက်မေးလိုက်သည်။ ဥပမာအားဖြင့် အပိုသင်တန်းများ တက်ဖို့လိုသလား…စားချင်တာများရှိလား… အပြင်ထွက်ပြီး လျောက်လည်ချင်လား… စသည်တို့ကို မေးကြည့်လိုက်သည်။


အကယ်၍သာ ထောင်ရွှမ်၏အခြေအနေတိုးတက်လာပါက လျန်ကျင်းသည်လည်း ကျောက်ကပ်လှုပေးရန် လိုတော့မည်မဟုတ်ချေ။


မည်သို့ပင်‌ဆိုစေကာမူ လက်တွေ့မှ ချီရှင်းချန်အား အတွေးလွန်နေခြင်းသာဖြစ်ကြောင်း ပြောပြလာခဲ့သည်။ မေးခွန်းတစ်ခုကို ပြန်ဖြေပေးပြီးနောက် ထောင်ရွှမ်ဘက်မှ စကားဆက်မပြောလာတော့ပေ။


ချီရှင်းချန် သက်ပြင်းတစ်ချက်ချကာ အခန်းထဲမှထွက်လာခဲ့ပြီး ဖြေရှင်းရန်နည်းလမ်းကိုသာ စဉ်းစားနေမိသည်။ လျန်ကျင်းမှာမူ ချီရှင်းချန်ထွက်လာသည်ကိုမြင်လိုက်သည်နှင့် သူ၏ဟိုဟိုဒီဒီပြန့်ကြဲနေသောအတွေးများကို ရုတ်သိမ်းကာ ပုံမှန်တာဝန်ကျဆရာဝန်ပုံစံအဖြစ်သို့ ပြန်ရောက်သွားခဲ့သည် " မင်းသူနဲ့ပုံမှန်အတိုင်းပြောဆိုဆက်ဆံနိုင်ပြီလား…"


" ဟင့်အင်း…"


" ကံမကောင်းတာပဲ…" လျန်ကျင်း၏အသံမှာတိုးနေခဲ့သည် " သူ့ရဲ့စိတ်အခြေအနေသာပြောင်းလဲသွားမယ်ဆိုရင် ရောဂါအတွက် နည်းနည်းဖြစ်ဖြစ်ပိုကောင်းလာနိုင်မှာ…"


" သူက ကုသမှုအပေါ် ပူးပေါင်းမှုမရှိဘူးလား…" ချီရှင်းချန် မေးလိုက်မိသည်။


" အတော်လေးကို မပူးပေါင်းတာ…" လျန်ကျင်း ခေါင်းကိုယမ်းကာ ပြောလိုက်ရသည် " တစ်နေ့နှစ်ကြိမ်ဆေးစစ်ရတဲ့အခါကြရင် ‌အရမ်းကိုခုခံနေတာ… သူ့အစ်မလာလည်ရင်တော့ နည်းနည်းတော်သေးတာပေါ့…"


အစ်မဟူသောစကားလုံးကို ကြားလိုက်ရချိန်၌ ချီရှင်းချန် သူ၏သတိထားနေမှုကို မြှင့်တင်ကာ မေးလိုက်မိသည် " မင်း… သူ့ရဲ့အစ်မနဲ့တွေ့ပြီးပြီလား…"


" အင်း…" လျန်ကျင်း ချီရှင်းချန် အဘယ့်ကြောင့်ဤသို့တုံ့ပြန်မှုကြီးကြီးပေးလာသည်ကို မသိနေခဲ့ပေ။


" သူ့အစ်မအပေါ် ဘယ်လိုမြင်မိလဲ…" ချီရှင်းချန်မှ မေးလာသည်။


လျန်ကျင်း ကြောင်အသွားရပြီး " ငါကြားတာတော့ သူ့အစ်မက နာမည်ကြီးတစ်ယောက်တဲ့…ဒါပေမယ့် သူ့စီမှာနာမည်ကြီးတွေရဲ့လေထုလိုမျိုးမရှိဘူးလို့ ခံစားရတာပဲ…အတော်လေးကြင်နာတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့မိန်းကလေးပါ…"


သူ၏စကားကို ထိုနေရာမှာတင် ခဏရပ်တန့်လိုက်ပြီးနောက် လျန်ကျင်းဆက်ပြောလိုက်သည် " ‌သူသာထောင်ရွှမ်စီကို မကြာခဏလာလည်ရင်တော့ ပိုကောင်းတာပေါ့ကွာ…"


သူတို့နှစ်ဦးတစ်ကြိမ်သာဆုံခဲ့ကြဖူးသော်လည်း လျန်ကျင်းထံတွင် ထောင်ထောင့်အပေါ် ဤကဲ့သို့သောအမြင်မျိုးရှိနေခဲ့ရာ ဇာတ်လိုက်မရောင်ဝါမှာ မည်မျှပင်ကြီးမားနေသည်ကို လုံလုံလောက်လောက် မြင်လိုက်ရလေပြီ။ ချီရှင်းချန် သူ၏လည်ပင်းကို စိတ်ညစ်လက်ညစ်ဖြင့် ကုတ်လိုက်မိပြီးနောက် သူလွတ်သွားသောအချက်တစ်ချက်ကို ရှာတွေ့သွားခဲ့သည်။


" သူ့အစ်မထောင်ထောင်က တစ်ခါတည်းလာလည်ခဲ့တာလား…" ချီရှင်းချန် မေးလိုက်မိသည်။


" ဟုတ်တယ်.."


လျန်ကျင်း ဤဆေးရုံတွင် ဆေးကုသပေးရန် လာရောက်ခဲ့သည်မှာ တစ်လပင်ကျော်နေပြီဖြစ်သည့်အတွက် ချီရှင်းချန် အံ့ဩသွားရသည် " မင်းမရှိတဲ့အချိန်လာသွားလို့များ သူနဲ့မဆုံလိုက်တာလား…"


" ထောင်ရွှမ်က အထူးကြပ်မတ်ကုသရတဲ့လူနာလေ… သူ့ရဲ့နေ့စဉ်ဘဝတွေကို မှတ်တမ်းတင်ထားပြီးသား… မှတ်တမ်းတွေအရဆိုရင် ထောင်ထောင်က တစ်ခေါက်ပဲလာခဲ့တာ… ကျားကျစ်လို ခဏခဏလာတာမဟုတ်ဘူး…"


" ????? " ချီရှင်းချန် ခေါင်းပင်ကိုက်သွားရသည် " ကျားကျစ်က ဒီကိုဘာလာလုပ်တာလဲ…"


" ဒီကိုဖတ်စာအုပ်တွေနဲ့ သင်ရိုးတွေပေးဖို့ဆိုပြီး သုံးခေါက်လောက်လာဖူးတယ်လေ… ထောင်ရွှမ်ကတော့ သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတာပေါ့…"


 လျန်ကျင်းမှ ပြုံးလျက် ပြောလာသည် " ဒါပေမယ့် ငါကတော့ကျားကျစ်ကို ခဏခဏလာလည်ဖို့ မျှော်လင့်မိတယ်… ထောင်ရွှမ်ကသူနဲ့ဆိုပိုပြီးအသက်ဝင်သလိုပုံပေါ်တယ်လေ…ဘယ်လိုရှင်းပြရမလဲ… ကျားကျစ်နဲ့ဆို ဒီအတိုင်းကြွေရုပ်လေးလိုမျိုးမဟုတ်ဘဲ အသက်ဝင်နေတဲ့လူလိုပဲ…"


ဤသည်ကိုကြားပြီးနောက် ချီရှင်းချန် အတွေးတချို့ယောင်ဝါးဝါးပေါ်လာခဲ့သော်လည်း အဖြေထွက်လာသည်အထိ ရှင်းလင်းမနေခဲ့ချေ။


ထို့ကြောင့် လျန်ကျင်းကိုသာ နှုတ်ဆက်စကားပြောလိုက်ရချိန်တွင် လျန်ကျင်းမှ တစ်စုံတစ်ရာကိုမှတ်မိသွားဟန်ဖြင့် ပြောလာသည် " ဒါနဲ့ ကျားကျစ်က မင်းကိုမြင်းစီးသင်ပေးဖို့ ပြောထားသေးတယ်… မင်းဘယ်တော့အားမလဲ…"


" ဒီတစ်ပတ်လုံးအားပါတယ်… မင်းအားတဲ့အချိန်ဆိုရပြီ…" ချီရှင်းချန် ပြန်ဖြေလိုက်သည်။


ဆေးရုံမှထွက်လာပြီးနောက် ချီဥက္ကဌလေးမှ သူ၏စီးပွားရေးလုပ်ငန်းများကို စစ်ဆေးရန်ဆုံးဖြတ်လိုက်သည်။


မနက်တစ်ခင်းကုန်ဆုံးသွားချိန်တွင် ချီရှင်းချန် ဝမ်းနည်းစွာဖြင့်သိလိုက်ရသည်မှာ သရုပ်ဆောင်စာချုပ်များမှလာသည့်ငွေရနိုင်ရန် ခက်ခဲသည်ကိုပင်။ သူ အဏ္ဏဝါရေအောက်ကမ္ဘာနှင့် စိန်တွင်းတို့ကိုသာ သူ၏ပြောင်ရှင်းနေသောအိတ်ကပ်လေးအတွက် အတင်းညှစ်ထုတ်လိုက်ရသည်။


ချီရှင်းချန် အကျယ်အကျယ်မဖြစ်ချင်သည့်အတွက် လက်မှတ်တစ်စောင်ကိုဝယ်ကာ အထဲသို့ဝင်လာခဲ့သည်။ သူ၏အစ်ကိုကြီးရှန်းရှန်းကို မြင်တွေ့ချင်ရုံသာမက ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်မှ အစ်ကိုကြီးငါးမန်းကိုလည်း တွေ့ချင်နေမိသည်။


ဟိုဟိုဒီဒီလျှောက်သွားက နေရာတကျဖြစ်နေသည်ကို ပတ်ကြည့်လိုက်ပြီးနောက် ချီရှင်းချန် ကျေနပ်အားရစွာဖြင့် ကမ်းခြေဘက်သို့ထွက်လာကာ ကမ်းကပ်ထားသော ရွက်လှေများကို စူးစမ်းနေမိသည်။


ဤလှေများကိုရောင်းချပါက မည်မျှရမည်ကို မသိနေခဲ့ပေ။ သန်းအနည်းငယ်တော့ အနည်းဆုံးရနိုင်ပေမည်။ သို့သော်လည်း ၎င်းတို့ကိုရောင်းချလိုက်ပါက သူ၏အစ်မဝမ်းနည်းသွားနိုင်မည်လားဆိုသည်ကိုလည်း ချီရှင်းချန် တွေးတောနေမိသည်။


အတွေးလွန်နေဆဲမှာပင် အန်းရန်ထံမှဖုန်းဝင်လာခဲ့သည် " ရှင်းရှင်း အခုကောဘယ်လိုစဉ်းစားထားလဲ… မင်းရဲ့မိုက်ကိုပိတ်ထားဦးမှာပဲလား.."


ချီရှင်းချန် စက္ကန့်အနည်းငယ်ယူလိုက်ရပြီးနောက်မှသာ ထိုစကားမှာကယ်ဗင်ကိုရည်ညွန်းနေမှန်း သိလိုက်ရသည်။


အချိန်ကိုတွက်ချက်ကြည့်ပါက ယနေ့တွင် လူထု၏အမြင်မှာထိပ်ဆုံးသို့ရောက်မည်ဖြစ်သည့်အတွက် အန်းရန်ပူပန်နေခြင်းဖြစ်ပေမည်။ ချီရှင်းချန် ခဏမျှတွေးလိုက်ပြီးနောက် ပြန်ဖြေပေးလိုက်သည်


 " တစ်နာရီအတွင်း တုန့်ပြန်ချက်ရှိလိမ့်မယ်…"


" ဘယ်လိုတုန့်ပြန်မှာလဲ.."


" တုန်ချန်ဘက်ကလုပ်မှာပေါ့… အသေးစိတ်တော့ပြောပြလို့မရဘူး… ဒါပေမယ့် စိတ်မပူပါနဲ့ အန်းရန်ကျဲ…"


ချီရှင်းချန်မှာ အသက်ငယ်သေးသော်လည်း အားထားရသူတစ်ဦးဖြစ်သည့်အတွက် သူ၏ယုံကြည်ချက်အပြည့်နှင့်အသံကိုကြားလိုက်ရချိန်မှသာ အန်းရန်စိတ်အေးသွားရသည်။ ထို့ကြောင့် သူမ ချီရှင်းချန်ကို ပါပါရာဇီအလိုက်မခံရစေရန်နှင့် လူများသောနေရာများသို့ မသွားရန်ကိုသာ မှာကြားလိုက်သည်။


ယခုမှ ရေသတ္တဝါပြတိုက်အတွင်း လျောက်သွားပြီးသောချီရှင်းချန်မှ သဘောတူလိုက်သည်။ ထို့နောက် ဖုန်းချလိုက်ပြီး ဝေ့ပေါ်ကိုဖွင့်ကာ My time ၏ထိပ်တန်းခေါင်းစီးများကို ကြည့်လိုက်သည်။


ထင်ထားသည့်အတိုင်းပင် Cအင်တာတိန်းမန့်၏ရေတပ်များ၊ ဦးနှောက်ဆေးခံထားရသောဖြတ်သွားဖြတ်လာများနှင့် ချမ်းသာသောနာမည်ကျော်များကိုမုန်းတီးသည့်အင်တာနက်အသုံးပြုသူများမှာ စုပေါင်းကာ သူ့ကိုရန်သူအဖြစ်သတ်မှတ်နေကြသည်။


[ ချီရှင်းချန်က အနိုင်ကျင့်တဲ့ကောင်ပဲ… သူကဆရာတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး…]


[ မင်းမှာပိုက်ဆံရှိတယ်ဆိုရင်လည်း အိမ်ပြန်ပြီး မိသားစုအမွေသာဆက်ဆံနေစမ်းပါ… ဖျော်ဖြေရေးနယ်ပယ်ထဲမှာ အဆိပ်လိုက်ခပ်မနေစမ်းပါနဲ့… အိုကေလား…]


[ အပေါ်ထပ်ကလူရေ မင်းရဲ့အိုင်ဒီကိုမလိုချင်တော့ဘူးလား…မြို့တော်က အာဏာရှိသူဌေးတွေကို ပစ်မှားဖို့မင်းမတတ်နိုင်လောက်ဘူးနော်… တော်ကြာ တစ်နေ့ကြရင် ချီဒုတိယသခင်လေးက မင်းကိုဒီကမ္ဘာပေါ်ကနေ အစဖျောက်ပေးလိုက်မှဖြင့်…]


[ ငါကတော့ ချီရှင်းချန် ပိုက်ဆံဘယ်လောက်သုံးပြီး My time ထဲဝင်လာလဲကိုပဲ တကယ်သိချင်နေတာ…သူတို့ကပရိုဂရမ်ထဲကို ဘယ်သူ့ကိုဖြစ်ဖြစ် ပစ်သွင်းနေတာလား… တုန်ချန်ကတော့ ပြီးသွားပါပြီကွာ…]


သေချာပေါက်ပင် ပရိသတ်များနှင့် သူ့ဘက်မှ ဝင်ပြောပေးသည့်ဖြတ်သွားဖြတ်လာများလည်း ရှိနေခဲ့သည်။


[ ချီရှင်းချန်ရဲ့အလုပ်နဲ့ပတ်သက်တဲ့အရည်အချင်းက အသိသာကြီးပါနော်… နင်တို့တွေမဟောင်ခင် အရင်သာလာကြည့်လိုက်ကြစမ်းပါ… ဟုတ်ပြီလား..]


[ သူကအတန်းFကကျောင်းသားတွေကို လေ့ကျင့်ပေးဖို့အတွက် ညလုံးပေါက်နေပေးခဲ့တာကို လျစ်လျူဖို့ရွေးချယ်လိုက်ကြတယ်ပေါ့…ဘာလို့များချီရှင်းချန်က အာဏာသုံးပြီး ဒီထဲဝင်လာတယ်လို့ အရမ်းသေချာနေရတာလဲဟင်…]


[ ငါကဖြတ်သွားဖြတ်လာတစ်ယောက်ပါ…ကယ်ဗင်အကြောင်းကိုတော့ ဂရုမစိုက်မိပေမယ့် ချီရှင်းချန်ရဲ့လေးနက်မှုကိုတော့ တကယ်လေးစားမိတယ်… သူရဲ့မှတ်စုကိုပဲကြည့်ကြစမ်းပါ အပြည့်ကိုမှတ်ထားတာနော်…]


[ ငါ့ရဲ့အကဆရာချီကတော့ တကယ်ကိုအကတော်တာပဲ…ငါကြားဖူးတာတော့ သူကတစ်နှစ်ခွဲပဲလေ့ကျင့်ခဲ့တာတဲ့…သူအရမ်းကိုကြိုးစားခဲ့တ

ာပဲဖြစ်ရမယ်…]


ထိုမန့်များကိုမြင်လိုက်ရချိန်‌၌ ချီရှင်းချန် ဝမ်းသာမိသွားသည်။ ဤသည်မှာ သူ့အပေါ်ချီးကျူးနေကြခြင်းကြောင့်မဟုတ်ပေ။ အဆုံး၌ သူ၏ကြိုးစားအားထုတ်မှုအပေါ် လူမြင်လာကြကာ အသိအမှတ်ပြုပေးကြခြင်းကြောင့်ပင်။