Chapter 96
သူအနေဖြင့် သူ့ကိုယ်သူ သို့မဟုတ် သူ့အပေါ်ယုံကြည်ကာ လိုက်ပါလာပေးကြသောကြယ်အလင်းတန်းများကို အရှက်ရမိစေ၍ မရပေ။
ထို့ကြောင့် ဖုန်းကိုထုတ်ကာ ချီယွမ်ရှောင်၏နံပါတ်ကို နှိပ်လိုက်လေသည်။
တစ်နာရီအကြာတွင် တုန်ချန်တီဗွီမှ ထုတ်ပြန်ချက်တစ်စောင်ထွက်ပေါ်လာသည်။
တုန်ချန်တရားဝင်ဝေ့ပေါ် : ဩဂုတ်လနှောင်းပိုင်းမှာ အမည်မသိငွေအချို့က ကျွန်တော်တို့ရဲ့ဦးဆောင်ဒါရိုက်တာ၊ ပရောဂျက်မန်နေဂျာနဲ့ ခေါင်းဆောင်တည်းဖြတ်သူတို့ထံမှာ ပေါ်လာခဲ့ပါတယ်… စုံစမ်းစစ်ဆေးမှုများအပြီးမှာတော့ ၎င်းပိုက်ဆံတွေက အင်တာတိန်းမန့်သုံးခုမှ သူတို့ရဲ့သင်တန်းသားများအပေါ်ရွေးချယ်ရန် လာဘ်ငွေများဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါပြီ…
My time ပရိုဂရမ်ထုတ်လွှင့်ပြသခြင်း ရဲ့အစပိုင်းမှာတင် ဤကဲ့သို့လာဘ်စားမှုပြသနာမျိုးဖြစ်ပေါ်ခဲ့ရတဲ့အတွက် တုန်ချန်၏စီမံခန့်ခွဲမှုဌာနမှ နက်နက်ရှိုင်းရှိုင်းစုံစမ်းစစ်ဆေးပြီးနောက် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်လိုက်ပါတယ်…
၁. လာဘ်စားမှုတွင်ပါဝင်သောဝန်ထမ်းများအားလုံးကို ထုတ်ပယ်ပြီး လာဘ်ငွေများပြန်လွှဲပေးသွားပါမည်
၂. ဤကဲ့သို့အခြေအနေမျိုး ထပ်မံမဖြစ်ပွားရန်အတွက် ပရိုဂရမ်တစ်ခုလုံးကို အပြည့်အဝစစ်ဆေးစုံစမ်းမည်ဖြစ်သည်
၃. မျှတမှုရှိကြောင်းသေချာစေရေးအတွက် My time ၏မဲပေးမှုစာရင်းကို အစီအစဉ်အဆုံးထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကာ လူတိုင်းဝင်ရောက်စစ်ဆေးကြည့်ရှူနိုင်ပါသည်
၄. ပရိုဂရမ်၏မျှတမှုရှိရေးအတွက် ကြည့်ရှုသူများ၏မေးခွန်းများကိုဖြေဆိုပေးရန်နှင့် အကြံပေးချက်များကိုလက်ခံရန်အတွက် အထူးဝန်ဆောင်မှုလိုင်းကိုဖွင့်လှစ်ပေးသွားပါမည်
ကြည့်ရှုသူများအား ထပ်မံ၍တုန်ချန်မှ လေးလေးနက်နက်တောင်းပန်လိုက်ရပါတယ်…ကျွန်တော်တို့ဘက်မှ ဤကဲ့သို့အခြေအနေမျိုးကို ပြိုင်ပွဲမစခင်ကတည်းက စုံစစ်းထားပြီးဖြစ်သော်လည်း၊ ဤကိစ္စမှာပါဝင်ခဲ့တဲ့သင်တန်းသားက ကိုယ်ရေးကိုယ်တာအကြောင်းပြချက်များဖြင့် နှုတ်ထွက်ပြီးပြီဖြစ်သော်လည်း ယခုလိုကိစ္စမျိုးဖြစ်ပွားခဲ့ရတဲ့အတွက် ကျွန်တော်တို့ဘက်မှ တာဝန်မကျေပွန်ခဲ့သည်မှာ အမှန်ဖြစ်ပါတယ်…ဤနေရာတွင် လူထုရဲ့ခွင့်လွှတ်မှုကို တောင်းခံနေခြင်းမဟုတ်ပါ…လူထုမှ တုန်ချန်အပေါ် ဒုတိယအကြိမ်အခွင့်အရေးပေးပြီး ဆက်လက်၍ ပွင့်လင်းမြင်သာမှုများဖြင့် ပရိုဂရမ်ကိုကြည့်ရှုပေးရန်ကိုသာ မျှော်လင့်မိပါတယ်…
နောက်ဆုံးအနေဖြင့် ဆရာငါးယောက်တို့အပေါ် ကျွန်တော်တို့ဘက်မှ စိတ်ရင်းမှန်ဖြင့် လေးစားမိကြောင်းကို ဖော်ပြလိုပါတယ်… သင်တို့ရဲ့ပံ့ပိုးကူညီမှုများနှင့် တရားမျှတစွာအကဲဖြတ်ပေးမှုများအပေါ် ကျေးဇူးတင်ရင်းဖြင့် ထုတ်ပြန်ချက်ကို နိဂုံးချုပ်အပ်ပါတယ်…
၂၀၂၀.၉.၂၅
အင်တာနက်အသုံးပြုသူများမှ ထိုထုတ်ပြန်ချက်ကိုမြင်လိုက်ရချိန်၌ အားလုံးကြောင်အသွားရသည်။
လိုင်းပေါ်ရှိအရည်အချင်းပြရှိုးများစွာ ပေါ်လာစဉ်ကတည်းက စားပွဲခုံအောက်မှကစားဝိုင်းများရှိခဲ့ကြသော်လည်း ဤသည်မှာပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုကိုယ်ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
တုန်ချန်တီဗွီမှာ ဒေဝါလီခံချင်နေသည်လော…
မည်သို့ပင်ဆိုစေကာမူ ထုတ်ပြန်ချက်အားဂရုတစိုက်ဖတ်ရှုကြပြီးနောက် ထိုစားပွဲခုံအောက်မှလာဘ်စားမှုမှာ ပြိုင်ပွဲမစတင်ခင်ကပင် ရှာဖွေတွေ့ရှိသွားသည်ကို လူထုမှသိရှိလိုက်ရသည်။
တစ်နည်းအားဖြင့် ထိုလာဘ်ပေးလာဘ်ယူမှုမှာ မအောင်မြင်လိုက်သောကြောင့် ပြိုင်ပွဲ၏ပထမအကျော့အပေါ်သက်ရောက်မှု မရှိနိုင်လိုက်ပေ။
တုန်ချန်တီဗွီ၏ မိမိကိုယ်ကို အရှေ့တံခါးထဲတွင် ချိတ်ဆွဲကာ ဒေတာများကို ပွင့်လင်းမြင်သာစွာထုတ်ပြခြင်းမှာ သူတို့၏ရှိူးအပေါ်မည်မျှလေးနက်ကြောင်း သက်သေခံနေပြီး သူတို့၏စကားများမှာ အလွန်စစ်မှန်နေခဲ့သည်။
[ သောက်ကျိုးနည်း ငါတကယ်ကြီးတုန်ချန်ကို အကောင်းမြင်နေမိတာပဲ… ငါတော့တစ်ခုခုလွဲနေပြီ…]
ထုတ်ပြန်ချက်ထွက်ပေါ်လာသည်နှင့် လူထု၏ဆွေးနွေးမှုနှင့်ရှိုး၏ကျော်ကြားမှုအောက်တွင် တုန်ချန်၏ထုတ်ပြန်ချက် ဟူသောခေါင်းစီးမှာရေပန်းစားမှုစာရင်းထဲသို့ ဝင်ရောက်လာသည်။
သတင်းခေါင်းစဉ်ထွက်ပေါ်လာသည်နှင့် အချို့သောအင်တာနက်အသုံးပြုသူများမှာ တုန်ချန်၏ကိုင်တွယ်ပုံအပေါ် ကျေနပ်ကြောင်းထုတ်ပြလာကြပြီး သူတို့၏နှစ်သက်မှုများလည်း တိုးတက်လာခဲ့သည်။
အချို့မှာမူ အံ့ဩရလွန်းသဖြင့် မည်သို့ပြန်ပြောရမည်ကို မသိကြတော့ပေ။
ထုတ်ပြန်ချက်ထဲတွင်ပါသည့် ပြိုင်ပွဲမှထွက်သွားခဲ့သောသင်တန်းသားဆိုသည်မှာ ပြောရန်ပင်မလိုဘဲ လူတိုင်းမှာမည်သူဖြစ်ကြောင်း သိနေကြသည်။
ကယ်ဗင်၏ဖန်များနှင့် အသေအချာမစဉ်းစားဘဲ ချီရှင်းချန်ကိုကြိမ်းမောင်းခဲ့ကြသူများမှာ မျက်နှာတည့်တည့်သို့ ဖြတ်ရိုက်ခံလိုက်ကြရသည်။
သူတို့ချီရှင်းချန်အပေါ် ရက်အတော်ကြာ ပိုက်ဆံသုံး၍ ပြိုင်ပွဲထဲဝင်ခဲ့သည်ဟုကြိမ်းမောင်းခဲ့ကြသော်လည်း အမှန်တကယ်ပိုက်ဆံသုံး၍ဝင်ခဲ့သူမှာ ကယ်ဗင်ဖြစ်နေခဲ့သည်။
မင်းတို့ရဲ့မျက်နှာတွေနာမနေဘူးလား… နာတာပေါ့… သေချာပေါက်ကို သောက်ရမ်းနာကြမှာ…
ကယ်ဗင်၏ဖန်များမှာ My timeမှ ဗီဒီယိုမထွက်လာခင်အထိ ကြက်များကဲ့သို့ ငြိမ်သက်နေကြသည်။
ဗီဒီယိုထဲတွင် ကယ်ဗင်မှ Rap battle ကိုသုံးကာ ဒိုင်များအား လွတ်လွတ်လပ်လပ်မနေရမှုအတွက် တိုက်ခိုက်ခဲ့ပြီး ချီရှင်းချန်အပေါ် ပိုက်ဆံသုံး၍အနိုင်ရသူကို ဆုံးဖြတ်သည်ဟုကဲ့ရဲ့ခဲ့သည်။
ချီရှင်းချန်မှာမူ ခပ်မြန်မြန်ပင် ပြန်ဖြေပေးခဲ့သည်
" တရုတ်အိုင်ဒေါဖြစ်ချင်ရင် တရုတ်စာအရင်လေ့လာလိုက်…မရရင်တော့ မင်းရဲ့ A B C စီကိုပဲပြန်သွားလိုက်…" ဟုပင်။ စကားလုံးတိုင်းမှာ မာန်အပြည့်ဖြင့် ရိုက်ချက်ပြင်းလှသည်။
ချက်ခြင်းဆိုသလိုပင် ၎င်းမှာလူထု၏မျိုးချစ်စိတ်များကို တောက်လောင်သွားစေခဲ့သည်။
ကယ်ဗင်၏အကြီးဆုံးဖန်မှ ပထမဆုံးစပြောလာခဲ့သည် : [ ဒီရက်ပိုင်းအတွက် ချီရှင်းချန်လောင်ရှီးကို တိုက်ခိုက်မိတာတွေအတွက် တောင်းပန်ချင်ပါတယ်… ဒီနေ့ကစပြီး ဒီဝေ့ပေါ်ကိုပိတ်သိမ်းပြီး နာမည်ပျက်စာရင်းသွင်းလိုက်မှာပါ… ကယ်ဗင်လည်း သူ့ကိုယ်သူဂရုစိုက်နိုင်မယ်လို့မျှော်လင့်ပါတယ်…]
ထို့နောက် အစ်မကြီးများအုပ်စုလည်း ထွက်ခွာသွားခဲ့သည် : [ ဒီဝဘ်ဆိုဒ်က လူတွေအများကြီးရဲ့ သွေးချွေးတွေကိုသုံးပြီး အချိန်အတော်ကြာလည်ပတ်နေခဲ့တာ… နှမြောဖို့ကောင်းတာက ငါတို့ထိုက်တန်တဲ့အိုင်ဒေါကို မရွေးချယ်မိခဲ့တာပဲ…အခုအချိန်ကစပြီး ဒီဝဘ်ဆိုဒ်ကို ပိတ်သိမ်းသွားမှာဖြစ်ပြီးတော့ အဲဒီအမျိုးသားကြယ်ပွင့်နဲ့ပတ်သက်တာမှန်သမျှ ဘာကိုမှတင်ပေးတော့မှာမဟုတ်ပါဘူး…မင်းတို့အားလုံးရဲ့အဖော်ပြုပေးမှုအတွက် ကျေးဇူးတင်ပါတယ်… နောက်မှပြန်တွေ့ကြတာပေါ့…]
ကျန်သည့်ဖန်များမှာမူ ပြောရန်စကားများမကျန်တော့ပေ။ သူတို့ ထိပ်တန်းခေါင်းစီး၊ ချီရှင်းချန်နှင့် ကယ်ဗင်တို့၏ဝေ့ပေါ်များစီသို့သာ တစ်လှည့်စီသွားကြည့်နေမိသည်။
[ ငါကမကောင်းတဲ့သူပဲ… ငါဖန်အဖြစ်ကရပ်ဆိုင်းရုံမကဘူး အဲဒီလူကိုလည်း ဆဲပေးလိုက်ဦးမယ်… ဖာ့ခ်ပဲနော် သောက်ရူးကယ်ဗင်ရေ မကြိုက်ရင်လည်းမလာနဲ့ပေါ့… မြန်မြန်သာ နင့်နိုင်ငံစီပြန်လစ်လိုက်တော့…]
[ တောင်းပန်ပါတယ်… တကယ်ပဲတောင်းပန်တာပါ…ငါကယ်ဗင်ရဲ့ပုံစံအစစ်ကို သေသေချာချာမမြင်နိုင်ခဲ့ဘူး… နောက်ပြီး ချီလောင်ရှီးကိုလည်း ကျေးဇူးတင်ချင်ပါတယ်… ငါတို့ရဲ့ယဉ်ကျေးမှုကိုကာကွယ်ပေးခဲ့လို့ တကယ်ကျေးဇူးပါ… ငါမင်းကိုလေးစားမိပါတယ်…]
[ သောက်ချီးး ဒီRapက တကယ်ဟော့တာပဲ… ငါဘာလို့ချီရှောင်လောင်ရှီးရဲ့ ဖန်မဖြစ်မိတာလဲ…ဒီလောက် အရည်အချင်းလည်းရှိတယ် ရုပ်လည်းချောတာကို… အဲဒီအစား နိုင်ငံခြားသားအမှိုက်ကောင်ကိုမှ သွားရွေးမိတယ်… ငါကျိန်စာများမိသွားတာလားနော်…ငါလည်း ချီလောင်ရှီးရဲ့ဖန်ဖြစ်ချင်သွားပြီ…]
[ ငါလည်းချီလောင်ရှီးရဲ့ဖန်ဖြစ်ချင်တယ်…]
[ ကျဲမေ့တို့ ငါ့ကိုပါထည့်တွက်ကြနော်…ငါတို့အတူတူချီလောင်ရှီးရဲ့ဖန်လုပ်ကြတာပေါ့…]
ဤသို့ဖြင့် ဝေ့ပေါ်တစ်ခုလုံးတွင် Fandom တစ်ခုမှနှုတ်ထွက်ကာ နောက်တစ်ခုစီသို့ကူးပြောင်းသည့် မြင်ကွင်းများဖြစ်ပေါ်နေခဲ့သည်။
နိုင်ငံခြားအမှိုက်ကောင်အတွက်ကော ဘာဖြစ်နေပြီလဲ….
ကုမ္ပဏီရဲ့စာချုပ်ကို ရပ်ဆိုင်းခြင်းလက်မှတ်ထိုးရပြီး သူ့ရဲ့လွတ်လပ်တဲ့ABCစီကိုပဲ ပြန်သွားလိုက်ရပြီပေါ့…
ချီယွမ်ရှောင်၏ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိသောအခါ ချီရှင်းချန် တုန်ချန်၏ပုံရိပ်ကိုထိခိုက်မည်ကိုစိုးရိမ်သောကြောင့်ကြေငြာချက်ကိုမထုတ်ပြန်လိုခဲ့ပေ။
ထို့အပြင် "My Time" ကလည်း ထုတ်လွှင့်နေဆဲဖြစ်သည်။ ကြေငြာအပြီးမှာ ပရိသတ်က ပရိုဂရမ်၏တရားမျှတမှုကို မယုံကြည်သေးပါက မည်သို့လုပ်မည်နည်း။ရှိူးပျက်သွားပါက သူ၊ပိုင်ရဲ့နှင့် အခြားသော နည်းပြများက လှေတစ်စင်းတည်းတွင် ရှိနေသည်ဟု ဝေဖန်ခံရပြီး အလွယ်တကူ ဆက်စပ်မိသွားမည်ဖြစ်သည်။
သို့သော် တုန်ချန်က ဤမျှ ပွင့်လင်းမြင်သာပြီး ဤမျှ ကောင်းမွန်သော နည်းလမ်းဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ပလက်ဖောင်း၏ပုံရိပ်ကို မပျက်စီးစေရုံသာမက ၎င်းတို့ကိုပါ အထင်ကြီးစေခဲ့သည်။
ရလဒ်အနေဖြင့် "My Time" ကိုအာရုံစိုက်မှုတိုးလာသည်။စွမ်းရည်စစ်ရှိုးတွေနောက်ကို မလိုက်သလို idolတွေကို မပျိုးထောင်ချင်ကြသည့် အင်တာနက်သုံးစွဲသူတော်တော်များများက "My Time" ၏သင်တန်းသားတွေကို ပံ့ပိုးပေးရန် ရောက်လာကြ၏။
ပြည်မကြီးတွင် ပထမဆုံး ပွင့်လင်းမြင်သာမှုရှိသော စွမ်းရည်စစ်ပြိုင်ပွဲ "My Time" ဟုခေါ်ဆိုလာသော ဆယ်လီများပင် ရှိခဲ့သည်။ ပလက်ဖောင်းက မည်သည့်စီမံခန့်ခွဲမှုကုမ္ပဏီနှင့်မျှ ချိတ်ဆက်ထားခြင်း မရှိသည့်အပြင် ၎င်းနောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်မှုလည်း မရှိပေ။ဤသည်က လူထုဆန္ဒအစစ်အမှန်ဖြစ်ပြီး စစ်ဆေးမှုကလည်း သင်တန်းသားတွေ၏ ကိုယ်ပိုင်ခွန်အားကို စမ်းသပ်ရာကျသည်။
ထိုကဲ့သို့ လူထုအမြင်၏ လွှမ်းမိုးမှုအောက်တွင် သင်တန်းသား၊ တရားဝင် Weibo နှင့် နည်းပြများ အားလုံးသည် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့ကြသည်။
ချီရှင်းချန် သူ့အစ်ကိုအိမ်ပြန်ရောက်လာသည့်တိုင်အောင် တွေ့လိုက်ရသည့် အဖြစ်အပျက်၏ တိုးတက်မှုကြောင့် အံ့အားသင့်နေခဲ့သည်။
ချီယွမ်ရှောင်က ဆိုသည်။
"တုန်ချန်ရဲ့မူလရည်ရွယ်ချက်က မင်းကို ကာကွယ်ချင်တာ...ရှိုးကို မဟုတ်ဘူး"
"သိသာပါတယ်...မဟုတ်ရင် Kevin နဲ့ ကျွန်တော်ရဲ့ အပိုင်းပိုကို သူတို့ထုတ်မှာမဟုတ်ဘူး"
ချီရှင်းချန် သိချင်သွား၏။
"တုန်ချန်က 'My Time' ကို ဘာလို့ မကာကွယ်တာလဲ... 'My Time'က တုန်ချန်ရဲ့အထင်ကရရသစုံရှိူး မဟုတ်ဘူးလား"
"တုန်ချန်တီဗွီကို ငါ့သူငယ်ချင်း ကျိတုန်တုန်... အာ... ကျိယွီတုန်က သူ့ချစ်သူရဲ့ ဝဘ်ဒရာမာကို ထုတ်လွှင့်ဖို့အတွက် ဝယ်ခဲ့တာ... နောက်ပိုင်းမှာ သူ့ချစ်သူက အကောင်းဆုံးဇာတ်ဆောင်ဆုကို ရသွားတော့ ကျိယွီတုန်က ဒါကို သိပ်ဂရုမစိုက်တော့ဘူး...မဟုတ်ရင် ဝန်ထမ်းတွေက လက်ဆောင်တွေ လက်ခံပြီး အချင်းချင်း ရန်ဖြစ်မှာ မဟုတ်ဘူး"
ဒီလိုကိုး...ချီရှင်းချန် ရုတ်တရက် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
"ဒါ 'My Time'ကျွန်တော့်ဆီရောက်လာတာက ကောဘော့စ်ကျိကို ပြောပေးလို့ပေါ့"
"မဟုတ်ဘူး"
ချီယွမ်ရှောင်က ခေါင်းခါလိုက်သည်။သူက ဘယ်လိုလုပ် သူ့ညီလေးကို အလုပ်သွားလုပ်ခိုင်းပြီး အပင်ပန်းခံခိုင်းရက်မှာလဲ...
"တစ်စုံတစ်ယောက်က မင်းကို အကြံပြုခဲ့တာ"
ငါ့ကို ဘယ်သူက အကြံပြုပေးတာလဲ...
ချီရှင်းချန် စူးစမ်းချင်သွားသလို ပျော်လည်းပျော်သွားခဲ့သည်။
သူ့ခွန်အားကို အသိအမှတ်မပြုလျှင် သူ့ကို အကြံပြုသည့်လူက သူ့ကို စဥ်းစားမိမှာမဟုတ်သလို ရှိူးကလည်း သူ့ကို ရွေးမှာ မဟုတ်ပေ။ ထို့ကြောင့် သူ့မိသားစု၏ အရင်းအမြစ်များကြောင့် သူ My Time ကို ၀င်ရောက်ခွင့်ရခဲ့ခြင်းမဟုတ်ပေ။ သူ့ဘာသာသူ တိုက်ခိုက်ယူခဲ့ခြင်းဖြစ်၏။
၎င်းကိုတွေးပြီး ချီရှင်းချန် ဝမ်းသာအားရနှင့် အပေါ်ထပ်ကိုတက်သွားပြီး သူ့အခန်းကို ပြန်သွားလိုက်သည်။
ကုတင်ပေါ်လှဲချလိုက်ပြီး သူ့ခံစားချက်တွေ ပြေလျော့သွားအောင် စောင့်ပြီးမှ သူနာပြုကိုခေါ်လိုက်သည်။
"မင်္ဂလာပါ သခင်လေးချီ"
"ကျွန်တော် မေးစရာ ရှိတယ်"
သူက ပြောလိုက်သည်။
"ခင်ဗျား ထောင်ရွှမ်ကိုပြုစုဖို့တာဝန်ယူပြီးကတည်းက ထောင်ထောင် ဘယ်နှစ်ခါရောက်လာလဲ"
"စဉ်းစားကြည့်ရအောင်... ထောင်ရွှမ် ဆေးရုံတက်ခါစ နှစ်ရက် တစ်ကြိမ် လာခဲ့တာ... လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က တစ်ခေါက်ရောက်လာပြီးကတည်းက ဒီကို ရောက်မလာတော့ဘူး"
"သေချာလား"
"သေချာပါတယ်... ကျွန်မနဲ့ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူနာနဲ့ အတူ စားကြသောက်ကြတာ... ကျွန်မတို့လူစားလဲတာကလည်း အကြားအလပ်မရှိ ချောချောမွေ့မွေ့ပါပဲ... လုံးဝ အမှားအယွင်း မရှိပါဘူး"
ချီရှင်းချန် သူနာပြုတစ်ဦးကို ရှာဖွေနေချိန်တွင် ၎င်း၏တစ်ခုတည်းသောလိုအပ်ချက်မှာ သူနာပြုက လူနာအား အချိန်တိုင်း ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန်ဖြစ်သည်။ထောင်ရွှမ်၏ စိတ်အခြေအနေက ပိုအန္တရာယ်များသောကြောင့် ထောင်ရွှမ် မိမိကိုယ်မိမိ သတ်သေမည်ကို သူကြောက်ခဲ့သည်။
ထို့အပြင်၊ ထောင်ရွှမ်၏ VIP အခန်းတွင် သီးသန့်ရေချိုးခန်းပါရှိသောကြောင့် သူနာပြုအနေဖြင့် သန့်စင်ခန်းသွားရန် အပြင်ထွက်စရာ မလိုအပ်ပါချေ။
ထို့ကြောင့် ထောင်ထောင်က သူနေ့စဥ်တွေးထားသလိုမျိုး တစ်လတစ်ကြိမ် မလာပေ။
ရှန့်ယွီလျန်က ချီကျားကျစ်၏ ကျောင်းအကြမ်းဖက်မှုအကြောင်း Weibo တွင် ပို့စ်တင်ကတည်းက နှစ်လတစ်ကြိမ်ပဲ သူမရောက်လာခြင်းဖြစ်သည်။
အနုပညာရှင်တစ်ယောက်အနေဖြင့် ထောင်ထောင်၏ အသက်မွေးဝမ်းကြောင်းအလုပ်က တိုးတက်လာခဲ့၏။ သူမ အလုပ်ရှုပ်နေသည်က နားလည်နိုင်သည်။ သို့သော်လည်း ထောင်ရွှမ်က သူမ၏မောင်ဖြစ်သည်။ သူမ မည်မျှပင် အလုပ်များနေပါစေ သူ့ဆီ အလည်လာရန် အမြဲတမ်း အချိန်ရအောင်ရှာနေရမည်ဖြစ်သည်။
ထောင်ထောင်၏အပြုအမူက အလွန်ထူးဆန်း၏။
ချီရှင်းချန်သည် ထောင်ထောင့်ကို သူ့အစ်မလို သူ့သူငယ်ချင်းလို အမြဲမြင်ခဲ့ဖူးသည်။ယခုမူ အကြောင်းတစ်ခုခုကြောင့် သူမကို မကြိုက်တော့ပေ။
သို့သော် အရေးကြီးဆုံးမှာ သူမကိုကြိုက်မကြိုက်မဟုတ်ဘဲ လျန်ကျင်းကို အန္တရာယ်မှ လွတ်မြောက်အောင် ကူညီပေးရန်ဖြစ်သည်။ထောင်ထောင်က ထောင်ရွှမ်ကို ဂရုစိုက်ရန် စိတ်မ၀င်စားပေမဲ့ သူက မလုပ်နိုင်ပါချေ။
ထောင်ရွှမ်၏အခြေအနေပိုဆိုးလာသောအခါ လျန်ကျင်းက ပထမဆုံးခံရမည့်သူဖြစ်သည်။
ချီရှင်းချန် ခဏလောက်စဉ်းစားပြီး ချီကျားကျစ် ၏ WeChat ကို ရှာလိုက်သည်။
ရှင်းရှင်း: [မင်းအတန်းပြီးပြီလား]
ချီကျားကျစ်က ချက်ချင်းပြန်ဖြေလာသည်။
[ကိုယ်တိုင်လေ့လာနေတာ...သေလောက်အောင် ပျင်းတယ်]
ဘုရင်: [ကော ဟော့ပေါ့သွားစားရအောင်]
ရှင်းရှင်း: [အတန်းလစ်ဖို့ ဆင်ခြေမရှာနဲ့]
ဘုရင်: [… ငါ မင်းနဲ့ ဟော့ပေါ့ စားချင်တယ်]
ချီရှင်းချန်က သူ့ကို အတန်းလစ်ရန်အခွင့်အရေးမပေးပေ။ သူက ခေါင်းစဉ်ပြောင်းလိုက်၏။
[လျန်ကျင်းဆီကနေ မကြာသေးခင်က မင်း ထောင်ရွှမ်ကို သွားတွေ့တယ်လို့ ငါကြားတယ်]
ဘုရင် : [ဟုတ်တယ်... ငါ သူ့ကို ဗလာစာအုပ်တစ်အုပ် သွားပို့ပေးတာ]
ဘုရင် : [ငါ မင်းစကားကို နားထောင်တယ်...သူနဲ့စကားပြောတဲ့အခါ အရမ်းသတိထားရတယ်... ငါ သူ့ကို စိတ်ဆိုးအောင် မလုပ်ခဲ့ဘူး!]
ရှင်းရှင်း: [ကောင်းပြီ ငါမင်းကိုယုံတယ်]
ရှင်းရှင်း: [ကျားကျစ် ငါ့မှာ မင်းအတွက် အလုပ်တစ်ခု ရှိတယ်]
ဘုရင်: [ကော ပြောသာပြော]
ရှင်းရှင်း : [ထောင်ရွှမ်က ဆေးရုံမှာ အချိန်အကြာကြီး နေရဦးမှာ... ကောလိပ်ဝင်ခွင့်စာမေးပွဲက လာမဲ့နှစ် ဇွန်လမှာ... အတန်းလိုက်မတက်နိုင်တော့မှာ ငါကြောက်တယ်]
ဘုရင်ကြီး၏ ဦးရေပြား ထုံကျဉ်သွားသည်။
[… သူ့ကို ကျူရှင်ပြပေးဖို့ခိုင်းမှာတော့မဟုတ်ဘူးမလား]
ရှင်းရှင်း: [မင်းထင်တာမှန်တယ်]
ချီကျားကျစ်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
[ကော မင်း ငါ့အဆင့်တွေနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာ ဖြစ်မယ်...သူ့ကို ကျူရှင်ဆရာ ဒါမှဟုတ် စာကောင်းကောင်းလုပ်တဲ့အတန်းဖော် ရှာပေးသင့်တယ်]
ရှင်းရှင်း: [မဟုတ်ဘူး...မင်းတစ်ယောက်တည်းပဲ လုပ်နိုင်တယ်...ထောင်ရွှမ်ရဲ့ အခြေအနေကို မင်းမမြင်ဘူးလား...သူများကိုလုပ်ခိုင်းလို့ အဆင်ပြေမှာလား]
ချီရှင်းချန်၏ အလွန်နူးညံ့သိမ်မွေ့သော သဘောထားကိုပင် ထောင်ရွှမ်က လျစ်လျူရှုခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် ချီကျားကျစ်ကိုမြင်တိုင်း ခဏတာ အသက်ဝင်လာတတ်သည်။ထောင်ရွှမ်က ချီကျားကျစ်ကြောင့် စိတ်ရှုပ်ရသော်လည်း သူ သူ့ကိုလက်ခံထားပြီးသားဟု ဆိုလိုခြင်းဖြစ်သည်။
အခြားသူသာဆိုလျှင်၊ သူတို့သည် ထောင်ရွှမ်ကို ပို၍ပင် စိတ်ဓာတ်ကျစေမည်ဖြစ်သည်။
ထို့အပြင် ချီရှင်းချန်မှာ ဤအရာကိုလုပ်ဆောင်ရန်အတွက် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်အနည်းငယ်ရှိခဲ့သည်။ချီကျားကျစ်က ဆိုးရွားသော ကျောင်းသားတစ်ဦးဖြစ်သည်။ သူ့အား ကျူရှင်တာဝန်ပေးခြင်းဖြင့်၊ သူ၏ အသိပညာအခြေခံကို ကြွယ်ဝစေပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် သုညအကြီးကြမရအောင် တားဆီးနိုင်သည်။
ရှင်းရှင်း: [ဘယ်လိုလဲ...လုပ်နိုင်ပါ့မလား]
ငါလုပ်နိုင်ပါ့မလား...
ချီကျားကျစ် ဖုန်းစခရင်ကို ကြည့်ကာ စိတ်ထဲတွင် လွန်ဆွဲနေလေသည်။
စာလုပ်ရသည်ကို မကြိုက်သည်ကား အမှန်ပါပင်။
ထောင်ရွှမ်သည် မူလက ရှန့်ချင်မြောက်ပိုင်းရှိ ကျောင်းသားကောင်းတစ်ဦးဖြစ်သည်။ သူ့ရောဂါက သူ့ကို ဆွဲချထားသည့်က သနားစရာပါပင်။
ပြီးခဲ့သော စာသင်နှစ်တွင် သူတို့သည် အထက်တန်းသင်ရိုးအားလုံး ပြီးသွားခဲ့သည်။ ယခုစာသင်နှစ်ကို သူတို့ ပြန်လည်လေ့ကျင့်ခန်းလုပ်မှာဖြစ်၏။နေ့တိုင်း အတန်း၏ အကြောင်းအရာသည် မေးခွန်းများမေးခြင်း၊ မေးခွန်းများရှင်းပြခြင်းနှင့် အမျိုးအစားများကို အကျဉ်းချုပ်ခြင်းထက် ဘာမှမပိုပါချေ။
မှတ်စုများယူကာ မေးခွန်းများဖြေရှင်းနည်းကို နားလည်သရွေ့ ထောင်ရွှမ်ထံ လက်ဆင့်ကမ်း၍အဆင်ပြေမည်ဖြစ်ပါသည်။
ခက်ခဲပုံမပေါ်ပါချေ။
ချီကျားကျစ် အသက်ပြင်းပြင်းရှူလိုက်သည်။
[မဟုတ်ရင်လည်း… ငါကြိုးစားကြည့်ရင်ရော]
.......
ထောင်ရွှမ်ကို ကူကျူရှင်ပြပေးပြီး လျန်ကျင်းကို ဒုက္ခကနေ လွတ်မြောက်အောင် ကူညီပေးသည်က အရေးကြီးပါ၏။သို့တိုင် သူ့ညီ၏လုံခြုံရေးကလည်း အရေးကြီးပေသည်။ချီရှင်းချန် ထောင်ရွှမ်ကို ဘာမှ မလုပ်ရန် ချီကျားကျစ်ကို အကြိမ်ကြိမ် သတိပေးခဲ့သည်။
ထိုကိစ္စကိုဖြတ်ကျော်နိုင်သွားသော်လည်း "လူနာဆောင်တွင်း အကြမ်းဖက်မှု" နောက်တစ်ကြိမ် ထပ်မဖြစ်ဟု အာမခံရန် ခဲယဉ်းသည်။ ယခုလက်ရှိတွင် ဇာတ်ကြောင်းက အများကြီး လွဲသွားပေပြီ။ချီရှ
င်းချန် ခြေလှမ်းမှားကို မလှမ်းဝံ့ပါချေ။
ချီကျားကျစ် သူ့ကို လေးနက်စွာ ကတိပေးလိုက်၏။
နောက်နေ့မှစပြီး သူ သင်ခန်းစာတွေကို အလေးအနက်ထား နားထောင်ခဲ့သည်။ ညဘက်တွင် ညနေအတန်းပြီးနောက် ချီကျားကျစ် သူ၏ပထမဆုံးကျူရှင်အတန်းကို ပြပေးခဲ့သည်။