Chapter 98
"ရှင်းရှင်း ဖြည်းဖြည်းစား...အကုန်လုံးက မင်းအတွက်ပဲ...မင်းနဲ့ ဘယ်သူကမှ လုစားမှာ မဟုတ်ဘူး"
မနက်ခင်း ထမင်းစားပွဲမှာ ချီယွီကျီးက ထမင်းတွေအငမ်းမရအောင်စားနေသည့် သူမမောင်ကို ကြည့်ပြီး ရင်နာနာနှင့် သတိပေးလိုက်သည်။
"ရပါတယ်"
ချီရှင်းချန်က ချီယွီကျီးပြုလုပ်ထားသော ပုဇွန်ဖက်ထုပ်နှစ်လုံးကို ပါးစပ်ထဲသို့ တစ်လုတ်ထဲထည့်ကာဆို၏။
"အရသာရှိလိုက်တာ"
ချီယွမ်ရှောင် သည်းမခံနိုင်တော့ပေ။ သူက မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"ရှင်းရှင်း... မင်းအတင်းကြီးလုပ်စားစရာမလိုဘူး...အဆင်ပြေတယ်"
"ကျွန်တော်မစားနိုင်ဘူးလို့ ဘယ်သူပြောလဲ... အများကြီးစားနိုင်တယ်"
ချီရှင်းချန်က တူဖြင့်တစ်လုတ်ပြီးတစ်လုတ်သွတ်ကာ ပျော်ပျော်ရွှင်ရွှင်စားနေသည်။မရမက အတင်းကြီးစားနေပုံမပေါ်ပေ။
ချီယွမ်ရှောင် နှင့် ချီရှောင်မင်တို့သည် တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးစွာ ကြည့်မိကြသည်။
နှစ်ရက်ဆက်တိုက် သူတို့၏ ရှင်းရှင်း အားအင်ပြည့်ဝနေပြီး သူစားသမျှကို နှစ်သက်၍နေသည်။ သူက ချီယွီကျီး၏ ဟင်းလျာများကိုပင် မြိန်ရေရှက်ရေ စားခဲ့သည်။
ရှင်းရှင်းလေးကို တစ်စုံတစ်ခုက အပိုင်စီးသွားခဲ့တာလား...
ဒါမှမဟုတ် သူ့ညီမဆီက အဆိပ်ခတ်ခံလိုက်ရလို့လား...
သို့ပေမဲ့ ထိုသည်ကလွဲလို့ ကျန်သည့်အရာအားလုံးကပုံမှန်ပါပင်။ တနေကုန် ပြုံးနေသောကြောင့် သူက ပိုချစ်ဖို့ကောင်းနေသည်။
တကယ့်ကို ထူးဆန်းပါ၏။
သူ့အစ်ကိုနှင့် အဖေက အကြောင်းရင်းကို မသိနိုင်ပေမဲ့ ချီရှင်းချန်ကမူ ၎င်းကို ကောင်းကောင်းသိလေသည်။
သူက ပိုင်ရဲ့၏ အထူးဂရုစိုက်မှုထဲမှာဖြစ်၏။
အထူးဂရုစိုက်မှုတွင် "အထူး" ဟူသော စကားလုံးရှိသည်။
၎င်းကို အချောသပ်လိုက်ပါက သူက...ပိုင်ရဲ့အတွက် ထူးခြားသည်ဟုဆိုလို၏။
သူ့စိတ်အခြေအနေကကောင်းလွန်း၍ ကောင်းကင်သို့ ပျံတက်ကာ နေနှင့် ဘေးချင်းကပ်ကာ လမ်းလျှောက်တော့မည့်နှယ်ပင်။ မနက်စာစားပြီးသည်နှင့် မိနစ် 20 လမ်းလျှောက်ပြီး နောက်ဆုံးမှာ တည်ငြိမ်သွား၏။လောင်ချင်က သူ့ကို နော်ရာအင်တာတိန်းမန့်သို့ မောင်းပို့ခဲ့သည်။
သူ နော်ရာကို ပထမဆုံးရောက်သည့်နေ့ကို သတိရသွား၏။ ဂုဏ်ပြုနံရံပေါ်ရှိ သူ့ကုမ္ပဏီ၏ အနုပညာရှင်များ၏ ဓာတ်ပုံများကို ကြည့်ကာ ဆန်းကြယ်သည်ဟု ခံစားခဲ့ရသည်။
ယခု သူ့ဓာတ်ပုံလည်းပါနေပြီဖြစ်သည်။
ချီရှင်းချန် သူ၏လက်ဖဝါးကိုဖြန့်ကာ သူနှင့် ပိုင်ရဲ့ အကြားအကွာအဝေးကို လက်ချောင်းများဖြင့် တိုင်းတာလိုက်သည်။
လက်တစ်ဖဝါး၊ လက်နှစ်ဖဝါး၊ လက်သုံးဖဝါး… သူက အောက်ခြေမှ စတုတ္ထမြောက်တန်းတွင်ရှိပြီး ပိုင်ရဲ့က ထိပ်ဆုံးတွင်ရှိသည်။
လက်သုံးဖဝါး ခြားထားသည်။
အထက်ကိုတက်နိုင်ရန် သူကြိုးကြိုးစားစားလုပ်သွားရမည်။
ပိုင်ရဲ့နှင့် သူ ပိုနီးကပ်ချင်၏။
"ရှင်းရှင်း"
အန်းရန်က စာရွက်စာတမ်းထူထူကို ကိုင်ဆောင်ပြီး စင်္ကြံအဆုံးတွင်ရပ်ကာ သူ့ကိုခေါ်လိုက်သည်။
"လာ အစည်းအဝေးခန်းထဲ သွားရအောင်"
"ကောင်းပြီ"
ချီရှင်းချန်က ပိုင်ရဲ့၏ ဓာတ်ပုံကို တစ်ချက်ထပ်ကြည့်လိုက်သည်။
အန်းရန်အပြင် အစည်းအဝေးခန်းထဲသို့ လှမ်းဝင်လာသော အခြားဝန်ထမ်းနှစ်ဦးလည်း ရှိသေးသည်။အန်းရန်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေး၏။
"ဒါက သတင်းပြန်ကြားရေး အေးဂျင့်... ဒါက လုပ်ငန်းမန်နေဂျာ"
သတင်းပြန်ကြားရေးအေးဂျင့်က အများပြည်သူဆက်ဆံရေးနှင့် လူသိရှင်ကြားဖြန့်ဝေရေး စီစဉ်မှုများအတွက် အဓိက တာဝန်ရှိလေသည်။လုပ်ငန်းအေးဂျင့်သည် စီးပွားဖြစ် ဖျော်ဖြေတင်ဆက်မှုများ၊ ဘရန်း၊ ထောက်ခံအားပေးမှုများ စသည်တို့အတွက် တာဝန်ရှိသည်။အန်းရန်က ချီရှင်းချန်၏ ကြေညာချက်များ၊ ရုပ်ရှင်၊ တီဗီစီးရီးနှင့်ရသစုံရှိုးဆိုင်ရာ အရင်းအမြစ်များအတွက် စေ့စပ်ညှိနှိုင်းမှုများကို ဦးဆောင်ရန် တာဝန်ရှိသော အမှုဆောင်အေးဂျင့်ဖြစ်သည်။
Buickမီနီဗင်ကားမှ ဇိမ်ခံ RV ၊အန်းရန်နှင့်လောင်ချင်မှ လက်ရှိလူငါးယောက်အဖွဲ့အထိ၊ ယခုအချိန်တွင် ချီရှင်းချန်၏အဖွဲ့သည် နောက်ဆုံးတွင် ပြီးမြောက်ပြည့်စုံသွားပြီဟု ဆိုနိုင်လေသည်။
အန်းရန်က ချီရှင်းချန်အတွက် ရေတစ်ခွက်ငှဲ့ထည့်လိုက်သည်။ ယခု သူမက အဖွဲ့၏ခေါင်းဆောင်ဖြစ်သော်လည်း ချီရှင်းချန်ကို ဂရုစိုက်သည့် အလေ့အထကရှိနေဆဲဖြစ်သည်။
တခြားသူတွေကို သူ့ကို ဂရုစိုက်ခိုင်းရန်အတွက် သူမ မယုံကြည်ပေ။
သူမက လွန်ခဲ့သည့် နှစ်ရက်က ဆွေးနွေးခဲ့သော အစီအစဉ်ကို ထုတ်နှုတ်ပြီး ထိုအကြောင်းကို အတိုချုံးပြောခဲ့သည်။ နားထောင်ပြီးနောက် ချီရှင်စချန်ကပြောလိုင်သည်။
"ကာရိုက်တာတစ်ခု သတ်မှတ်ဖို့ မလိုပါဘူး...ကျွန်တော်က ဖန်တွေကို ကျွန်တော့်မှာရှိသင့်တဲ့မျက်နှာမျိုးနဲ့ပဲ ရင်ဆိုင်ရမှာ"(ဟန်မဆောင်ပဲ အရှိအတိုင်း )
အန်းရန်: "ကောင်းပြီ... ငါ နင့်စကားကို နားထောင်မယ်...ပြီးရင် ဒီစာအုပ်နှစ်အုပ်ကို ယူလိုက်"
ဇာတ်ညွှန်းတွေလား...
ချီရှင်းချန် အန်းရန်တွန်းပို့သော ဖိုင်အိတ်ကို ယူလိုက်သည်။
ဖွင့်ကြည့်လိုက်သောအခါ အထဲမှာ ဇာတ်ညွှန်း နှစ်ခုရှိ၏။
"တစ်ခုက အိုင်ဒေါဒရာမာဇာတ်ကားမှာ ဒုတိယအမျိုးသားဇာတ်ဆောင်ဖြစ်ပြီး နောက်တစ်ခုကတော့ အွန်လိုင်းဒရာမာဇာတ်ကားမှာ ပထမအမျိုးသားဇာတ်ဆောင်ဖြစ်တယ်"
အန်းရန်က ခဏ ရပ်လိုက်သည်။
"ငါ ကမ်းလှမ်းမှုလေးခုထဲက ရွေးထားတာ... ဇာတ်လမ်းနဲ့ အဖွဲ့က ကောင်းတယ်...ပြန်သွားပြီးကြည့်လိုက်ပါ… နင် စိတ်အားထက်သန်နေရင်လည်းရတယ်... ဒရမ်မာနှစ်ခုက တစ်လခြားပြီး ရိုက်ကူးမှာ...သူတို့ကို တစ်ချိန်တည်းမှာ ပြင်ဆင်လို့ရတယ်
ဖျော်ဖြေရေးနယ်ပယ်သည် လူငယ်များ၏ နေရာတစ်ခုဖြစ်သည်။ အမြဲငယ်ရွယ်နုပျိုသော သရုပ်ဆောင် အနည်းငယ်မှလွဲ၍ ကျော်ကြားမှုကို မြန်မြန်ဆန်ဆန် ပေါ်ပြူလာဖြစ်အောင် အသုံးချသော သရုပ်ဆောင်များစွာလည်း ရှိသေးသည်။
ချီရှင်းချန်: "ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် မသိဘူး...ကျွန်တော့်မှာ အဲဒါလုပ်ဖို့ အတွေ့အကြုံမရှိဘူး...ပြီးရင် ကျဲကိုပြောမယ်လေ"
"အိုကေ"
.
ချီရှင်းချန် ဇာတ်ညွှန်းများနှင့်အတူ ကားထဲမှ ထွက်လာခဲ့သည်။ သူအိမ်ထဲသို့မ၀င်မီတွင်၊ နောက်ဆုံးတွင် လျန်ကျင်းက သူ့ကို လျန်မိသားစု၏ပြိုင်ကွင်းဆီသို့ တိုက်ရိုက်ဆွဲခေါ်သွားခဲ့သည်။
လျန်မိသားစု၏ပြိုင်ကွင်းသည် လျန်မိသားစု၏ဂေါက်ကွင်းနှင့်ကပ်လျက်ဖြစ်သည်။ သူတို့နှစ်ခုလုံးက H City ဆင်ခြေဖုံးမှာရှိပြီး မိနစ် ၅၀ လောက်ဝေး၏။ ကားထွက်ပြီး သိပ်မကြာခင်မှာပဲ ချီရှင်းချန် မသိလိုက်ဘဲ အိပ်ပျော်သွား၏။သူ့နားထဲမှာ တစ်စုံတစ်ယောက်၏ တီးတိုးပြောသံကိုကြားလိုက်ရသည်အထိပင်။
"ရှင်းရှင်း ထတော့လေ"
"… ဟမ်"
သူ သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး တည့်တည့်မတ်မတ်ထိုင်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်က တစ်ခုခု လျှောကျသွားသည်။
အောက်ကိုငုံ့ကြည့်လိုက်သောအခါ ကုတ်အကျီတစ်ထည်ကိုတွေ့လိုက်ရ၏။ သူကုန်းပြီး ကောက်ယူလိုက်သည်။
"တောင်းပန်ပါတယ်... ငါညစ်ပတ်အောင်လုပ်မိလိုက်ပြီ"
"ရပါတယ်"
လျန်ကျင်းကဆို၏။
"နဂိုကတည်းက မင်းအတွက် ငါပြင်ဆင်ထားတဲ့ဟာပဲလေ"
ထို့နောက် လျန်ကျင်းက ကားပေါ်မှ ဦးစွာ ဆင်းသွားခဲ့သည်။ချီရှင်းချန် လျန်ကျင်းက သူရှိရာခရီးသည်ထိုင်ခုံဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသောကြောင့် တံခါးကို အမြန်ဖွင့်ကာ ခုန်ထွက်လာခဲ့သည်။
သူ့အတွက် တံခါးဖွင့်ပေးရန် တခြားသူတွေကို စောင့်နေတတ်သည့် အလေ့အထ သူ့မှာ မရှိပါချေ။
လျန်ကျင်းက နှစ်စက္ကန့်လောက် မတ်တပ်ရပ်နေပြီး ၊ထို့နောက် နောက်လှည့်ကာ ကားနောက်ဖုံးကို ဖွင့်လိုက်သည်။ သူက အဝတ်နှစ်စုံ၊ ဘွတ်ဖိနပ်နှစ်စုံနှင့် ဦးထုပ်တစ်လုံးတို့ကို ထုတ်ယူခဲ့သည်။
"ဆေးရုံက ထွက်လာခါစတော့ စတိုင်လ်ကို သေသေချာချာ ရွေးဖို့ အချိန်မရှိဘူး... မင်းစိတ်ထဲမရှိဖို့ မျှော်လင့်ပါတယ်"
ချီရှင်းချန် မြင်းကို မည်သို့စီးရမည်ကို မသိခဲ့ပေ။လျန်ကျင်းသာ ထိုသို့ မပြောပါက သူ သူ့အဝတ်အစားတွေကိုပဲ ဝတ်ချင်နေဦးမှာဖြစ်၏။
"ဘာလို့စိတ်ထဲရှိရမှာလဲ... ကျေးဇူးပဲ"
သူလှည့်ပတ်ကြည့်လိုက်၏။
"အဝတ်အစားလဲဖို့နေရာရှိလား"
"ပြိုင်ကွင်းမှာ အဝတ်လဲခန်းရှိတယ်...ငါ့နောက်ကလိုက်ခဲ့"
လျန်မိသားစု၏ ပြိုင်ကွင်းတွင် အသင်းဝင်စနစ်ရှိပြီး လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာများအတွက်သာ အဓိက ဖွင့်လှစ်ထားသည်။ သို့သော် မြက်ခင်းပြင်ပေါ်တွင် လူတစ်ဦး သို့မဟုတ် မြင်းတစ်ကောင်မျှ မရှိပါချေ။ချီရှင်းချန် လျန်ကျင်းနှင့် ဘေးချင်းကပ်လျက်လျှောက်သွားရင်း လှမ်းမေးတော့မည်ပြုလိုက်၏။
ပြိုင်ကွင်းမန်နေဂျာက ကင်းလှည့်ကားကို မောင်းလာပြီး သူတို့ရှေ့မှာ ရပ်လိုက်သည်။
"သခင်လေး... ဒုတိယသခင်လေးချီ"
"အင်း"
လျန်ကျင်းက ခေါင်းညိတ်လိုက်သည်။
"ပိတ်ရက်သတိပေးချက်ကို ကြေငြာပြီးပြီလား"
"ညွှန်ကြားတဲ့အတိုင်း လုပ်ပြီးပါပြီ"
"ကောင်းပြီ...မြင်းထိန်းကို မြင်းကို ခေါ်လာခိုင်းလိုက်"
မြင်းက အနောက်ဘက်က မြင်းခြံထဲမှာရှိနေပြီး မန်နေဂျာက သူ့အမိန့်အတိုင်းလုပ်လေသည်။ချီရှင်းချန်က သိချင်စိတ်ဖြင့် မေးလိုကိသည်။
"ဒီနေ့ဘာလို့ပိတ်တာလဲ"
"... မင်းဒီမှာရှိနေလို့... မင်းက အများပြည်သူသိပုဂ္ဂိုလ်လေ... မင်းကို တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး ဖြန့်ရင် မင်းအတွက် မကောင်းဘူး"
လျန်ကျင်းက အကူအညီမဲ့စွာ ပြောလိုက်သည်။ "အရူး"
ချီရှင်းချန်: "ဪ..."
အဝတ်အစားလဲပြီးနောက် ချီရှင်းချန်က ထပ်ပြီး အူကြောင်ကြောင် ပြုမူလာပြန်သည်။
"ဟေ့ ဒီဝတ်စုံက ငါ့နဲ့ကိုက်တယ်ရော"
"ငါတို့ကအတူတူကြီးပြင်းလာကြတာလေ... မင်းရဲ့အဝတ်အစားနဲ့ ဖိနပ်ရဲ့ ဆိုဒ်တိုင်းကို ငါသိတယ်"
လျန်ကျင်းက သူ့ဦးထုပ်ကို ခေါက်လိုက်သည်။ "ကောင်းပြီ ပြန်နွှေးရအောင်"
ချီရှင်းချန် သူ့စကားကြောင့် စိတ်ရှုပ်ထွေးသွားသည်။လျန်ကျင်းပြောသည့် မှတ်သားစရာတွေ အကြောင်းတွေကို နားထောင်ရင်း သူ ပါးစပ်ကိုတင်းတင်းစေ့ထားလိုက်၏။ ဥပမာ-မြင်းကြောက်ပြီး ရုတ်တရက် ရူးသွားရင် ဘာလုပ်ရမလဲ၊ မြင်းကျောပေါ်ကနေ မတော်တဆပြုတ်ကျရင် ဘာလုပ်ရမလဲ၊ သူ့ကိုယ်သူ ကာကွယ်ရမဲ့အနေအထား စသည်ဖြင့်...
သူ ဂရုတစိုက် အလွတ်ကျက်ပြီး လက်တွေ့ အကောင်အထည်ဖော်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၊ ချီမိသားစု၏ မွေးမြူရေးသမားများသည် မြင်းကို ကုန်းနှီး၊ ဇက်ကြိုးများနှင့် ခြေနင်းအစုံအလင်ဖြင့် တပ်ဆင်ပေးခဲ့သည်။ မြင်းခွာတွေလည်း ပြန်လုပ်ထား၏။ချီကျားကျစ် ပထမဆုံး ယူလာတုန်းကထက် ပိုတောက်ပသည့် ဖာဂါနာမြင်းကို ကြည့်ပြီး ချီရှင်းချန် အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားနေခဲ့သည်။ သူက ခေါင်းကို လှည့်ပြီးပြောလိုက်၏။
"မြင်းပေါ်ဘယ်လိုတက်ရမလဲ မေ့သွားပြီ"
မြင်းပေါ်ဘယ်လိုတက်ရမှန်း မသိဟု သူပြော၍မရပါချေ။ထို့ကြောင့် မေ့သွားသည်ဟူသော အကြောင်းပြချက်ကိုသာ အသုံးချနိုင်ခဲ့၏။
"စိတ်မပူပါနဲ့"
လျန်ကျင်းက သူ၏ စိုးရိမ်သောကရောက်နေသော အမူအရာကိုကြည့်ပြီး ရယ်ရမလား ငိုရမှန်းမသိဖြစ်သွား၏။
"လာ...မင်းလက်ကို လည်ပင်းမှာတင်"
ချီရှင်းချန် လျန်ကျင်း၏ ညွှန်ကြားချက်ကို လိုက်နာပြီး သူ့လက်ကို မြင်းလည်ပင်းမှာ တင်လိုက်သည်။
"သူ့ရဲ့ အပူချိန်နဲ့ သွေးခုန်နှုန်းကို မင်းခံစားရလား"
ချီရှင်းချန်၏မျက်လုံးများကို အနည်းငယ် ပြူးကျယ်သွားသည်။
"ခံစားရတယ်"
"ဒါက သက်ရှိသတ္တဝါတစ်ခု... မင်းရဲ့သူငယ်ချင်းပဲ"
လျန်ကျင်းက သူ့လက်ကို ချီရှင်းချန်၏ပေါ် အုပ်မိုးလိုက်သည်။
"သူ့ရဲ့ခံစားချက်တွေကို သေသေချာချာခံစားကြည့်"
သူ့လက်ဖမိုးပေါ်ရှိ နွေးထွေးသည့်အထိအတွေ့ကို ခံစားလိုက်ရသည့်အခါ ချီရှင်းချန်၏လက်တွေ တောင့်တင်းသွားခဲ့၏။သူ သူ့လက်ကို တိတ်တိတ်လေး ပြန်ရုတ်လိုက်သည်။
လျန်ကျင်းက ခေတ္တရပ်သွားပြီးဆက်ပြော၏။ "စိတ်ဆိုးတဲ့ လက္ခဏာတွေ ပေါ်လာရင် သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေကို ချက်ချင်း စစ်ဆေးပြီး အစာကျွေးဖို့ လိုတယ်...ဖျားနေနိုင်သလို ပုံမှန် အစားအသောက်နဲ့ မကိုက်ညီတဲ့ အစားအစာတွေ စားထားတာ ဖြစ်နိုင်တယ်...အခုက အတော်လေး ပိုနူးညံ့တယ်...သူနဲ့ဆက်ဆံရေးတည်ဆောက်ဖို့ မင်းကြိုးစားနိုင်တယ်"
"ကောင်းပြီ... ငါဘယ်လိုလုပ်ရမလဲ"
"အရင်ဆုံး…"
လျန်ကျင်းက စိတ်ရှည်လက်ရှည် လမ်းညွှန်ခဲ့ပြီးချီရှင်းချန် အလေးအနက် လေ့လာခဲ့သည်။ မသိလိုက်ဘဲ တစ်နာရီကြာသွားပြီးနောက် မြင်းနှင့် ချီရှင်းချန် အချင်းချင်း ပိုရင်းနှီးလာခဲ့သည်။
"အဲဒီနောက်ဆို မင်းမြင်းပေါ်တက်ဖို့ ကြိုးစားလို့ရတယ်"
လျန်ကျင်းက ပြောသည်။
"မြင်းဘယ်ဘက်ပခုံးနားမှာရပ်...ဇက်ကြိုးနဲ့မြင်းရဲ့လည်ဆံကိုကိုင်လိုက်... ဟုတ်တယ်၊ မင်းရဲ့ညာလက်နဲ့ ခြေနင်းကွင်းကိုကိုင်ပြီး ဘယ်ခြေကိုမြှောက်လိုက်..."
ချီရှင်းချန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လျန်ကျင်း မသိစိတ်က သူ့ကိုကူညီပေးလို၍ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူတစ်ဖက်လူကိုထိခါနီးမှာ ချီရှင်းချန်က လှည့်ပြီး မြင်းပေါ်တက်သွား၏။သူ၏လှုပ်ရှားမှုများသည် သပ်ရပ်နေပြီး ခြေချော်လက်ချော်နည်းနည်းမှမရှိဘဲ သတ္တဝါဆိုး၊ကပ်ဆိုးကြီးကိုရှောင်နေသကဲ့သို့ပင်။
လျန်ကျင်း၏ မျက်လုံးများ ပို၍ နက်မှောင်လာသည်။
မြင်းပေါ်တက်နည်းကို လေ့လာခြင်းက စီးရသည်ကို ပိုလွယ်ကူစေ၏။လျန်ကျင်းက ဇက်ကြိုးကို ကိုင်ထားပြီး မြင်းကို ရှေ့သို့ ဖြည်းညှင်းစွာ လမ်းညွှန်လိုက်သည်။ သူက ချီရှင်းချန်ကို မြင်းပေါ်တွင်ရှိနေသည့်ခံစားချက်ကို အလေ့အကျင့်ပြုစေပြီး ဦးတည်ချက်နှင့်အမြန်နှုန်းကိုထိန်းချုပ်ရန် သူ့အား ဇက်ကြိုးများနှင့် ခန္ဓာကိုယ်ကိုအသုံးပြုနည်းကို သင်ကြားပေးခဲ့သည်။
ချီရှင်းချန်က တစ်ခုပြီးတစ်ခု ကြိုးစားခဲ့ပြီး ပြီးခါနီးချိန်မှာ စိတ်လှုပ်ရှားစွာ ပြောလိုက််၏။
"ငါဘာသာငါ စမ်းကြည့်မယ်"
လျန်ကျင်းက ဇက်ကြိုးကို လွှတ်ပေးလိုက်သည်။
ချီရှင်းချန်က မြင်းဝမ်းကို သူ့ခြေထောက်တွေနှင့် ညှပ်ထားလိုက်သည်။ မြင်းက ဟီလိုက်ပြီး ကဆုန်ပေါက် ပြေးသွား၏။
လျန်ကျင်း၏လက်များသည် ဗလာဖြစ်နေသည်။ သူ ဇက်ကြိုးကို လွှတ်လိုက်သောအခါ အရေးကြီးသောအရာတစ်ခုကို စွန့်လွှတ်လိုက်ရသလိုပင်။
.
ပထမဆုံးမြင်းစီးရသည်က အလွန်ကြီးမကြာသင့်ပါချေ။လျန်ကျင်းက သူ့ကိုယ်ပိုင်မြင်းပေါ်တက်ပြီး နောက်မှလိုက်သွားခဲ့သည်။ ထို့နောက် နှစ်ယောက်သား အရှိန်လျှော့ကာ နေရောင်အောက်တွင် အဝတ်လဲခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကြသည်။
"အဆင်ပြေလား... ဒီနေ့ မင်းပျော်ရဲလား"
လျန်ကျင်းက မေးသည်။
"ပျော်တယ်"
ချီရှင်းချန် ဤမျှလောက် စိတ်နှစ်ပြီးမဆော့ရသည်မှာ အချိန်အတော်ကြာပြီးဖြစ်၍ သူက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဒီရက်ပိုင်းအတွင်းမှာ ပြိုင်ကွင်းက ပိတ်ထားမှာ... အချိန်မရွေး လာလို့ရတယ်... မင်းမလာခင် ငါ့ကိုဖုန်းခေါ်လိုက်...ငါ အလုပ်ကိုစီမံပြီး မင်းနဲ့လိုက်ခဲ့ပေးမယ်"
"…ရတယ်...ရတယ်"
ချီရှင်းချန် သူ့ကို သိပ်ဒုက္ခမပေးချင်ပေ။သူက အမြန်ငြင်းလိုက်သည်။
"တစ်ခါလောက်က ငါ့အတွက် လုံလောက်ပြီ... မနက်ဖြန်ဆို ငါ အလုပ်ပြန်ဝင်ရမယ်"
လျန်ကျင်း အံ့အားသင့်သွားသည်။
"ဒီတစ်ခါ အားလပ်ရက် ဆယ်ရက်လောက်ရှိတယ်လို့ အစ်မယွီကျီးဆီက ငါကြားတယ်..
မင်းဘာလို့ အစောကြီးပြန်မှာလဲ"
ချီရှင်းချန် မူလက အားလပ်ရက်ပြီးမှ ပြန်သွားရန် စီစဉ်ထားပေမဲ့...
သူ ပိုင်ရဲ့ကို အနည်းငယ်ထက်ပိုပြီးလွမ်းနေ၍ဖြစ်၏။
"သူငယ်ချင်းက S City မှာ တစ်ယောက်တည်းဖြစ်နေတာ"
ချီရှင်းချန်က သူ့အသံကို လျှော့လိုက်သည်။
"သူပျင်းနေမှာစိုးလို့ ငါပြန်သွားမှာ"
ဘယ်လိုသူငယ်ချင်းကောင်းမလို့ ရှောင်ရှင်းရှင်းကို ဒီလောက် စိတ်ပူအောင် လုပ်နိုင်ရတာလဲ...
လျန်ကျင်းက ဘာမှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။
ခဏကြာသောအခါ အဝတ်လဲခန်းထဲရောက်လာပြီးေနာက် ချီရှင်းချန်က သူ့ဖုန်းကို ထုတ်ကာ ထောင့်ကို ချိန်ညှိ၍ တစ်ကိုယ်လုံးပုံ ဆယ်လ်ဖီရိုက်လိုက်သည်။
ထို့နောက် သူ့အဝတ်အစားတွေကို ပြန်လဲပြီး လျန်ကျင်းနှင့်အတူ အိမ်ပြန်လာခဲ့၏။အိမ်ပြန်ရောက်ပြီးနောက် ရေချိုးရန် ရေချိုးခန်းသို့ သွားခဲ့သည်။ ထွက်လာသောအခါ ဆံပင်ပင် မခြောက်သေးခင် ဖုန်းကိုထုတ်လိုက်ပြီး သူ့လက်ချောင်းတွေက အလျင်အမြန် ထောင့်ကိုချိန်ညှိကာ ကိုယ်တစ်ပိုင်းပုံဆယ်လ်ဖီဆွဲလိုက်၏။
ရှင်းရှင်း: [အိမ်ပြန်ရောက်ပြီ]
မူလက သူဝါကျအဆုံးမှာ "!"ထည့်ထားသည်။သို့ပေမယ့် သူက ပြန်ဖျက်လိုက်သည်။ထို့ကြောင့် သတိပေးသလိုနှင့်ပိုတူသွား၏။
တစ်စုံတစ်ဦးကို အပြေးအလွှားသတင်းပို့တဲ့ အစားပေါ့လေ...
ပိုင်: [ဟုတ်ပြီ...ကုမ္ပဏီက ဘာပြောတာလဲ]
ရှင်းရှင်း : [ကျွန်တော့်ရဲ့နောက်အလုပ်က သရုပ်ဆောင်ဖို့ပဲ အာရုံစိုက်ထားရမှာလို့ ပြောတယ်...လောလောဆယ်တော့ ရသစုံရှိုးတွေ မရိုက်တော့ဘူး]
ပိုင်: [ကုမ္ပဏီက လုပ်တာမှန်တယ်...မင်းရဲ့နာမည်ကျော်ကြားမှုကို တည်ငြိမ်အောင်လုပ်ဖို့ အခုလိုအပ်တဲ့အရာက ကောင်းမွန်တဲ့အလုပ်ပဲ]
အလုပ်မရှိပါက လူကြိုက်များမှုက အားနည်းလွန်းပြီး ဖန်တွေက လွယ်လွယ်နှင့် ထွက်ပြေးကြလိမ့်မည်။ချီရှင်းချန်လည်း ၎င်းကိုသိပြီး စာဆက်ရိုက်ခဲ့၏။
[ဒါကြောင့် အန်းရန်က ကျွန်တော့်ကို ဇာတ်ညွှန်းနှစ်ခု ပေးခဲ့တယ်]
ပိုင်:[ရုပ်ရှင်လား တီဗီစီးရီးလား]
ပိုင်: [ဘယ်အမျိုးအစားလဲ?]
ရှင်းရှင်း: [တီဗီစီးရီး...တစ်ခုက ပိုလက်တွေ့ကျတဲ့ အပြင်အဆင်ပါတဲ့ ဝဘ်စီးရီး၊ပထမအမျိုးသားဇာတ်ဆောင်... နောက်တစ်ခုက လုပ်ငန်းခွင်ဒရာမာဇာတ်ကား၊ ဒုတိယအမျိုးသားဇာတ်ဆောင်]
ပိုင်ရဲ့က တွေးနေပုံရသည်။ ခဏအကြာတွင်၊ [မင်းဘယ်ဟာကိုကြိုက်လဲ] ဟု ပြန်ဖြေလာသည်။
ချီရှင်းချန် သူ့အတွေးတွေကို ပြောပြချင်ပေမဲ့ သူ မပြောခင်မှာ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိ၏။
[အဲဒါကို ကျွန်တော် မစဉ်းစားရသေးဘူး... ဘာပဲဖြစ်ဖြစ် ပြန်ပြောဖို့က အလျင်လိုစရာမရှိပါဘူး... သဘက်ခါ ကျွန်တော်ပြန်လာတဲ့အခါ ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးနိုင်မလားဟင်]
ဤနည်းအားဖြင့် ပိုင်ရဲ့ကိုသွားရှာရန် အကြောင်းပြချက်တစ်ခုရှိလာပေလိမ့်မည်။ချီရှင်းချန် သူ့ကိုယ်သူ မချီးမွမ်းဘဲမနေနိုင်။
ချီရှင်းချန်ရေ...ချီရှင်းချန် ...မင်းက တကယ်ကို ဉာဏ်ကောင်းပါလားကွာ...
ပိုင်ရဲ့က သူ့အတွေးတွေကို တစ်ချက်ကြည့်ရုံနှင့် ထွင်းဖောက်မြင်ရလိမ့်မည်ဟုမည်သူထင်ပါမည်နည်း။
မည်သည့် ဇာတ်ညွှန်းကို ရွေးချယ်ရမည်ကို ခွဲခြမ်းစိတ်ဖြာရန် သူ၏အကူအညီ လိုအပ်ပါက၊ စီးပွားရေးရာအဖွဲ့ရှိခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း။
သို့ပေမဲ့ ပိုင်ရဲ့က သူ့ကို မဖော်လိုက်ပါချေ။ [ကောင်းပြီ...အတူတူကြည့်ကြည့်ကြရအောင်]
ရှင်းရှင်း: [ဟီးဟီး]
ရှင်းရှငိး : [ဒါဆို သဘောတူညီချက်ရပြီနော်!]
ပိုင်: [အင်း... ဒါက သဘောတူညီချက်တစ်ခုပဲ... သဘက်ခါ ဘယ်လိုပြန်လာမလဲ... ကားမောင်းပြန်လာမှာလား]
ရှင်းရှင်း: [လေယာဉ်နဲ့... ကားသမားက သူ့အိမ်မှာ တစ်ခုခုဖြစ်နေလို့... နှစ်ရက်နောက်ကျပြီးမှ သူက မီနီဗင်နဲ့ကျွန်တော့်ဆီလိုက်လာမှာ]
အမှန်တွင် သူက လောင်ချင်ကို ကိုးရက်လောက် အနားယူခိုင်းခဲ့သည်။ အဆုံးတွင် သူ လောင်ချင်၏ အားလပ်ရက်ကို အနှောင့်အယှက်ပေးရမည်အားရှက်သဖြင့် ၎င်းကို နောက်ဆုံးမိနစ်တွင်မှ စောစောထွက်ခွာရန် ပြောင်းလဲခဲ့သည်။
ပိုင်: [သတိထားဦး]
ရှင်းရှင်း: [စိတ်မပူပါနဲ့]
ချီရှင်းချန် ခဏလောက် ပြုံးပြီး စာရိုက်လိုက်သည်။
[ကောင်းပြီ...နေ့ခင်းဘက်က မြင်းစီးသင်ဖို့ သွားခဲ့တယ်ဗျ!]
ပိုင်: [တတ်သွားပြီလား?]
ရှင်းရှင်း: [နီးပါး]
ရှင်းရှငိး: [ကျွန်တော်ပြမယ်]
သူ အဝတ်လဲခန်းရှေ့က ဓာတ်ပုံကို ရွေးပြီး ပို့လိုက်သည်။
တစ်စက္ကန့်အကြာတွင် ကောင်ငယ်လေး၏ အပြုံးမျက်နှာသည် ပိုင်ရဲ့၏ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
ပိုင်ရဲ့ ၎င်းကို မသိစိတ်က နှိပ်ပြီး ချဲ့ကြည့်လိုက်မိသည်။ကောင်ငယ်လေးက အစိမ်းဖျော့ဖျော့လက်တိုအင်္ကျီ၊ အနက်ရောင်ဘောင်းဘီတိုတို့ကို၀တ်ဆင်ထားပြီး ရှည်လျားဖြောင့်စင်းသော ခြေတံရှည်များကအထင်းသားပင်။
အကာအကွယ်ဦးထုပ်ဆောင်းထားသောကြောင့် သူ၏မျက်နှာကို ပိုမိုသေးငယ်စေပြီး ပိုမိုသိမ်မွေ့စေသည်။ သူ့ခေါင်းက အနည်းငယ်စောင်းနေပြီး မျက်လုံးများ ကွေးညွတ်၍နေသည်။ အနီရောင် နေဝင်ချိန်အောက်မှာ သူ့အပြုံးက တောက်ပပြီး နွေးထွေးနေ၏။
ကောင်ငယ်လေးကို ကြည့်ရင်း ပိုင်ရဲ့၏မျက်လုံးတွေက တဖြည်းဖြည်း ပျော့ပျောင်းလာသည်။ ထို့နောက် ဖာဂါနာမြင်း၏ ခန္ဓာကိုယ် အခြေအနေကို စောင့်ကြည့်ရန် အောက်သို့ ငုံ့ကြည့်လိုက်သည်။
သို့သော် ဓာတ်ပုံ၏ ဘယ်ဘက်အောက်ခြေထောင့်တွင် လူတစ်ဦး၏မျက်နှာကို မရည်ရွယ်ဘဲ တွေ့လိုက်ရသည်။
ထိုလူက ချောမောပုံရပြီး အနားကွပ် ပါသော မျက်မှန်ပါးတစ်လက်ဝတ်ထားသည်။ပိုင်ရဲ့ ဤလူက ကောင်ငယ်လေး၏ ငယ်သူငယ်ချင်းဆိုသည်ကို ရုတ်တရက် သတိရသွား၏။
မကြာသေးမီက ထိုသူက ကောင်ငယ်လေးကို လာတွေ့ရန် S City သို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် ထိုသူက သူ့လက်မောင်
းကို ကောင်ငယ်လေး၏ပခုံးပေါ်တွင် တင်ထားသည်။ သူ့လုပ်ရပ်က အကြိမ်ပေါင်း ထောင်ချီပြီး လုပ်ဖူးသလိုမျိုး သဘာဝကျနေခဲ့၏။
ဖော်မပြနိုင်သော ခံစားချက်တစ်ခု သူ့နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာပြီး ပိုင်ရဲ့၏ နှုတ်ခမ်းပေါ်က အပြုံးက ချက်ချင်း မှိန်ဖျော့သွား၏။
ခဏအကြာတွင် သူပြောလိုက်သည်။
[သဘက်ခါ ဘယ်အချိန်လေယာဥ်ဆင်းမှာလဲ...ငါ မင်းကို လာကြိုမယ်]